25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ဘာသာဟောင်းမှာ မပျော်မွေ့ကြသူ နှစ်ဦး-၂

တာနီယာတို့ကဲ့သို့ တော်လှန်ဆန့်ကျင်လိုသော အတွေးမျိုးနှင့် ရှင်သန်နေထိုင်ကြသူများသည် အနည်းဆုံး အကြမ်းဖက်အားပေးဘဝသို့ တစ်နည်းနည်းဖြင့် တွန်းပို့ခံရတတ်၏။ အချို့ဆိုလျှင် အကြမ်းဖက်သမားဘဝသို့ လုံးလုံးလျားလျား ကျရောက်သွားကြသည်။ အထူးသဖြင့် လက်ရှိဘဝမှ မြေလှန်ပြောင်းလဲပစ်လိုစိတ်သည် ကမ္ဘာ့သမိုင်းကိုပင် ပြောင်းလဲပစ်နိုင်စွမ်းရှိသည်ဟူသောအချက်ဖြင့် (ဥရောပမှ သင်းကွဲအသိုက်အဝန်းကို) ဆွဲဆောင်နေပြန်သည်ဟု သြစတင်အခြေစိုက် စာနယ်ဇင်း ဆရာ လောရန့်ရိုက်က ဆိုသည်။

သူသည် အကြမ်းဖက်သမားများအကြောင်း အတွင်းကျကျ လေ့လာဖော်ထုတ်နေသူလည်းဖြစ်သည်။ သူ၏ The Terror Years: From A1-Qaeda to the Islamic State  တွင်လည်း ISIS ကဲ့သို့သောနေရာသည် လက်ရှိမိမိနေထိုင်နေသည့်အရပ်တွင် ရည်ရွယ်ချက်မရှိဟု ခံစားရသူများအတွက် မျက်စိကျစရာဖြစ်ခဲ့သည်ဟုဆို၏။ ဥရောပတစ်ခွင်မှ ဆင်ခြေဖုံးများတွင် မွတ်စလင်များစွာ ရှိနေသော်လည်း သူတို့ရောက်နေသည့်နိုင်ငံမှ ယဉ်ကျေးမှုနှင့် သဟဇာတမဖြစ်သူကများသည်။ ထိုအခါ ပညာရေးမှအစ အလုပ်အကိုင်အခွင့်အလမ်းအထိ ခက်ခဲလာစေသည်။

ထို့အတွက် သူစိမ်းဆန်ဆန် ဘေးဖယ်ပထုတ်ခြင်းကို ခံစားကြရသည်ဟု လောရင့်ရိုက်ကမြင်သည်။ ထိုသူတို့၏ ဒုတိယမျိုးဆက်များမှာလည်း မိဘနှစ်ပါး၏ မွေးရပ်မြေမဟုတ်သောနိုင်ငံတွင် နေထိုင်ကြရင်းက လက်ရှိဘဝကို မြေလှန်ပြောင်းလဲ လိုသူအချင်းချင်း ဆုံစည်းမိသည့်အခါ တာနီယာနှင့်ယာ့ဟ်ယာတို့၏ ဖူးစာရေး ကံကြမ္မာကဲ့သို့ပင် ဖြစ်လာတော့သည်။ သို့သော် ဖြောင့်ဖြူးသာယာသည့် ရေစက်ဆုံခြင်းမျိုးဟုတ်၊ မဟုတ်ကိုမူ မည်သူကမျှ ကြိုတင်မသိနိုင်ခဲ့ကြပေ။

တာနီယာတို့၏ မင်္ဂလာဦးနေရပ် တက္ကဆက်တွင် ကြာကြာမနေလိုက်ကြရ။ ကမ္ဘာတစ်ဝန်းတွင် အကြမ်းဖက်အရေးကြောင့် ပိုမိုရှုပ်ထွေးလာသည့်အတွက် သူတို့လည်း နေရာပြောင်းခဲ့ရသည်။ ပထမဆုံး လန်ဒန်သို့သွားကာ သူ့ဗိုက်ထဲတွင်ခုနှစ်ပေါင်ခွဲ မျှရှိနေသော အကြိတ်လုံးကို ခွဲထုတ်ဖယ်ရှားပစ်လိုက်သည်။

အရင်ကျောင်းသူဘဝကဆိုလျှင် ထိုအကျိတ်ဖုက သူ၏ကျောကို နာကျင်စေခဲ့သလို အရုပ်ဆိုးစေခဲ့သည်။ ယခု ဖယ်ရှားပစ်လိုက်နိုင်သည့်အခါ ဘုရားက သူ၏အပြစ်များမှ သက်သာခွင့်ပေးလိုက်ပြီဟုတာနီယာက တွေးမိသေးသည်။

လန်ဒန်မှ ဒမတ်စကတ်သို့ရောက်ချိန်တွင် ဆီးရီးယားပြည်တွင်း စစ်မီးသည် ငြိမ်းစပြုနေချိန်ပင်။ သို့သော် တော်လှန်ရေး၏ စရိုက် လက္ခဏာကြောင့် နေရာတိုင်းတွင် ပြောင်းလဲမှုများစွာနှင့် ရင်ဆိုင်နေရသည်။ တာနီယာတို့နှစ်ဦးသည် အခြားဂျီဟက်ဒ်ဝါဒီများနှင့်တွေ့ဆုံကာ ကာလီဖိတ်နိုင်ငံသစ်တစ်ရပ် ပေါ်ထွက်လာရန် ပြင်းပြင်းပြ မျှော်လင့်ခဲ့ကြသည်။ ''ကျွန်မက ငယ်လည်းငယ်သေး၊ အတွေ့အကြုံလည်းနုသေးတော့ ကျွန်မရင်ထဲမှာ စိတ်ကူး ယဉ်ကမ္ဘာလေး တည်ဆောက်နေမိခဲ့ ပါတယ်'ဟု တာနီယာက ရင်ဖွင့်လေ၏။

တဖြည်းဖြည်းနှင့် သူ၏ခင်ပွန်းသည်မှာ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်မွှေးထူလပျစ်နှင့်ဖြစ်လာသည်။ တင် ပါးအထိရောက်သော သင်တိုင်းအပွနှင့် အနားဖွာဘောင်းဘီဝတ်တတ်လာသည်။ တာနီယာအနေဖြင့် ခင်ပွန်းသည်ကို ထိုသို့မမြင်လို။ သူ့အ နေဖြင့် သပ်သပ်ရပ်ရပ်နေမှ အလုပ်ကောင်းကောင်းရမည်ဟု တွေးမိသည်။

ခွဲစိတ်ကုသသည့် ဒဏ်များမှထူထူထောင်ထောင် ပြန်ဖြစ်ခဲ့သော်လည်း ဒမတ်စကတ်တွင် အထီးကျန်ကာ နေထိုင်ရကျပ်လာသည်။ ယာ့ဟ်ယာ့၏ ခွင့်ပြုချက်မရဘဲ အိမ်အပြင်သို့ ထွက်ခွင့်ကလည်းမရှိ။ ဆာလောင်ခြင်းကိုလည်း အဖော်ပြုလာရ၏။      

ယာ့ဟ်ယာက  ဆင်းရဲသားများကဲ့သို့ နေထိုင်ကျင့်ကြံစေလိုသည်။ ခင်ပွန်းသည်အတွေးက ခြိုးခြံနေထိုင်ခြင်းက ဘုရားနှင့် ပိုနီးကပ်သည်ဟု ယူဆထား၏။ တမန်တော်ကလည်း ဆင်းရဲသားများက ကောင်းကင်ဘုံသို့ ဦးစွာဝင်ရောက်ခွင့်ရမည်ဟု ဆိုထား သည် မဟုတ်လား။

တာနီယာ တဖြည်းဖြည်း ပိန်လှီလာသည်ကို အိမ်နီးချင်းများက သတိထားမိလာသည့်အခါ အစားအစာများ ယူလာပေးတတ်ကြသည်။ ကိုယ်ဝန်ရှိလာသည့်အခါ အချိန်ပြည့်မျက်နှာကို လွှမ်းခြုံထားရသည်ကို သည်းမခံ နိုင်တော့သည့်အတွက် ဖယ်ပစ်မည်ဟု ခင်ပွန်းကိုပြောကြည့်သည်။ ခင်ပွန်းက သူ့ကို အခိုက်အတန့်အနေ ဖြင့် ခွင့်ပြုပေးခဲ့သည်။

ယာ့ဟ်ယာတစ်ယောက် အွန်လိုင်းမှတစ်ဆင့် ဘာသာရေးသင်ခန်းစာများ ပို့ချခြင်းအလုပ်ကိုရသောအခါ နှစ်ဦးသား  အင်္ဂလန်သို့ ပြန်လာခဲ့ကြသည်။ တာနီယာတို့သည် တစ်ချိန်က လက်ထပ်ခဲ့ပြီးဖြစ်သော်လည်း တိုးတိုးတိတ်တိတ်သာ ကျင်းပခြင်းဖြစ်သည်။ နိုင်ငံတကာ သွားလာရေးတွင် လွယ်ကူစေနိုင်သော တရားဝင်ထိမ်းမြားခြင်းမျိုးမဟုတ်ခဲ့။ ထိုနှစ် ၂ဝဝ၄ ခုနှစ် အောက်တိုဘာလ၌ အင်္ဂလန်တွင် တရားဝင်လက်ထပ်လိုက်ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ် တော်ရန့်စ်သို့ ပြောင်းကြပြန်သည်။

ဆီးရီးယားက သူငယ်ချင်းများက ဗလီတွင်အကြံပေးအနေဖြင့် လုပ်ကိုင်ရန် တိုက်တွန်းကြသော်လည်း ယာ့ဟ်ယာက စိတ်မပါ။ ဤသို့ဖြင့် တာနီယာ၏အသက် ၂၁ နှစ်အရွယ်တွင် သူတို့၏သားဦးရင်သွေးကို မွေးဖွားခဲ့သည်။ အတည်တကျ မနေထိုင်ရ ခြင်းကြောင့် စိတ်ပင်ပန်းလာရသည့်အထဲ ကလေးကလည်း လေနာအောင့်တတ်သဖြင့် တာနီယာ ပိုစိတ် ဒုက္ခရောက်လာသည်။

အင်္ဂလိပ် ဆေးတိုက်ရန်ကိုလည်း ခင်ပွန်းသည်ကခွင့်မပြု။ သူက ဆေးကုမ္ပဏီများက လူတိုင်းကို ဆေးစွဲအောင် လုပ်နေကြသူများ အဖြစ်သာမြင်နေသည်။ သည်ကြားထဲ ကယ်လီဖိုးနီးယားတွင် တာနီယာဝတ်ဆင်ရသည့် ဝတ်ရုံနှင့်ခေါင်းစည်းကြောင့် အလုပ်အကိုင်မရသည့်အပြင် လမ်းထွက်လျှင် အော်ဟစ်နောက်ပြောင်သူများ၏ ဒဏ်ကိုလည်းခံရသေးသည်။ ထို့နောက် သားအမိ သားအဖသုံးယောက်သား ဒဲလက်စ် ပြည်နယ်သို့ ပြောင်းကြပြန်သည်။

နေရာသစ်တွင် ယာ့ဟ်ယာက Rackspace ဆိုသည့် ဆာဗာကုမ္ပဏီတွင် အချက်အလက်နည်း ပညာရှင်အဖြစ် အလုပ်ရသည်။ နေ့တွင် Rackspace တွင်လုပ်ပြီးညတွင် ဂျီဟတ်ဒ်ဝါဒအွန်လိုင်းဖိုရမ် တစ်ခုနှင့်အချိန်ပေးနေခဲ့သည်။ ၂ဝဝ၆ခုနှစ် ဧပြီလတွင် ယာ့ဟ်ယာသည် Rackspace မှ ဖောက်သည်တစ်ဦး၏ စကားဝှက်ကို ဝင်ယူသည့်အမှုအဖြင့် အဖမ်းခံရသည်။ သူဝင်ရန်ကြိုး ပမ်းခဲ့သည့်အရာမှာ အစ္စရေးတို့ကို ထောက်ခံအားပေးသည့် American Israel Public Affairs Committee မှ ဝက်ဘ်ဆိုက်ဖြစ်နေ၏။ သူ၏အကြံအစည်ကလည်း ထိုဝက်ဘ်ဆိုက်ကို အပိုင်စီးကာ အီရတ်ကို စစ်ဆင်နွှဲနေသည့် အမေရိကန်၏လုပ်ရပ်များ မှားယွင်းသည်ဟု အလွယ်တကူ ဝါဒဖြန့်နိုင်ရန်ဖြစ်သည်။ ခင်ပွန်းသည် ထောင်ဒဏ် ၃၄ လကျချိန်တွင် တာနီယာလည်း ကလေးလက်ဆွဲကာ ဆွေမျိုးများရှိရာ လန်ဒန်သို့ ခြေဦးပြန်လှည့်ရတော့သည်။

တာနီယာသည် လန်ဒန်တွင် ခေတ္တနေပြီးနောက် သူ့ကလေးကို ကျောင်းထားရန် ပလန်နိုမြို့သို့ ထပ်ပြောင်းရပြန်သည်။ သူတို့၏ အဝတ်အစားကြောင့် အိမ်နီးချင်းများ၏ ရန်လိုမှုများအကြောင်းကို ထောင်ဝင်စာတွေ့ချိန်တွင် ခင်ပွန်းကိုပြောပြခဲ့သည်။ ထို့အတွက်ဝတ်ရုံခြုံကာ  လမ်းမထွက်လိုဟုပြောသည့်အခါ ယာ့ဟ်ယာမှာ ယမ်းပုံမီးကျဖြစ်တော့သည်။ ထောင်ဝင်စာလာတွေ့သည့် အခါတိုင်း ဝတ်ရုံခြုံရမည်ဟု ဆို သည်။ ထောင်ထဲမှ သူ၏မိတ်ဆွေ များက တာနီယာကို ခေတ်သစ် မွတ်စလင်ဟုမြင်မှာကို သူအလွန်စိုးရိမ်နေသည်။ တာနီယာက ကွာရှင်းခွင့် တောင်းသည်ကိုလည်း သူလက်မခံ။ ကတိစကား အမျိုးမျိုးဖြင့် နှစ်သိမ့်ခဲ့သည်။

သို့သော် တာနီယာအဖို့ ယခုတစ်ခေါက် ပလန်နိုတွင်နေထိုင်ရသည်က သူ့ကိုလွတ်လပ်မှု၏ အရသာကိုပေးသည်ဟု ထင်သည်။ ရုပ်သံစက်တစ်လုံး ဝယ်လိုက်သည့်အခါ အရင်ကနှင့်မတူသော ရှုထောင့်များကို ကြားခွင့်ရလာသည်။ တွေးခေါ်စဉ်းစားခွင့်ရှိသော ဝါဒများကို သူပိုမိုစိတ်ဝင်စားလာသည်။ ခင်ပွန်းသည်နှင့် ကွေကွင်းနေလျှင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမည် မဟုတ်ဟု ထင်ခဲ့သည်မှာ တက်တက်စင်အောင်မှားနေလေပြီ။

ရောင်စုံခေါင်းစည်းလေးများ စည်းလာတတ်သည်။ လူ့အခွင့်အရေးနှင့် လူ့တန်ဖိုးကိုလည်း ပုံစံတစ်မျိုးဖြင့် နားလည်လာသည်။ ထိုအချက်များက  မွတ်စလင်ကောင်း တစ်ယောက်ဖြစ်ရန် စောင့်ထိမ်းနေသော၊ ခင်ပွန်းသည်ပြောသမျှ နာခံနေသော သူ့အတွက် စိတ်အတွင်း ပဋိပက္ခတိုက်ပွဲ အမြဲဆင်နေရတော့သည်။

ယာ့ဟ်ယာ ထောင်ကထွက်လာချိန်တွင် သူတို့သည် ရစ်ချက်ဆန်သို့ ထပ်ပြောင်းလိုက်ကြ၏။ သို့သော် လင်မယား နှစ်ယောက်သိပ်အစေးမကပ်။ ရန်ဖြစ်ချိန်က ပိုများလာသည်။ ယာ့ဟ်ယာက ထောင်ထဲတွင် လေ့လာခဲ့သော ရှေးဟောင်းအစ္စလာမ် သမိုင်းနှင့်ငြိမ်နေချိန်တွင် တာနီယာက ပါကစ္စတန်သူတစ်ဦးထံမှ အကနှင့် ယောဂကို သင်ယူလေ့ကျင့်နေ သည်။

တာနီယာ ဝတ်ဆင်ပုံကိုကြည့်ပြီး အမေရိကန် သိပ်ဆန်နေသည်ဟုဆိုလျှင် တာနီယာကလည်း အမေရိကန် ဖြစ်ချင်နေတယ်ဟု ပြန်ပက်တတ်လာသည်။

တာနီယာ့အနေဖြင့် ခင်ပွန်းသည်၏ အတွေးအခေါ်များအပေါ် မေးခွန်းထုတ်လာတတ်ပြီ။ ကာလီဖိတ်နိုင်ငံသစ် အိုင်ဒီယာက ရင်ထဲတွင် စွဲထင်နေသေးသော်လည်း သားသည်မိခင်ဘဝက သူ့အတွက် ပိုအရေးကြီးလာခဲ့ပြီ။ ခင်ပွန်းက သံသယကိုရပ်တန့်ပြီး လေးစားလိုက် နာဖို့သာပြောသည်။ တာနီယာက ဝတ်ရုံမခြုံချင်တော့ဟုပြောလျှင် ယာ့ဟ်ယာကလည်း သည်လိုဆိုလျှင် အိမ်ပြင်မထွက်နှင့်ဟု အမိန့်ချသည်။ ထို့အတွက် တာနီယာကို ကြည့်လိုက်လျှင် ပတ်ဝန်းကျင်က ခင်ပွန်းသည်၏အလိုကျ အိမ်ရှင်မအဖြစ် မြင်ကြသည်။ သို့သော် အိမ်တွင်းရေးတွင်မူ စကား စစ်ထိုးနေချိန်က ပိုများလာသည်။

တာနီယာအတွက် စိတ်နည်းနည်းသက်သာစရာမှာ ယာ့ဟ်ယာသည် သုံးနှစ်ခံဝန်ချုပ်ဖြင့် လွတ်လာခြင်းဖြစ်သည့်အတွက် မိသားစုမှာ အရွှေ့အပြောင်း သိပ်မလုပ်ရခြင်းပင်။ ထိုအချက်ကို တာနီယာသဘောကျသည်။ ရစ်ချက်ဆန်တွင် နေကြသည့်ကာလတွင် ယာ့ဟ်ယာမှာ အွန်လိုင်းစတိုးတစ်ခုတွင် အိုင်တီသမားအဖြစ် အလုပ်ရခဲ့သည်။ သူက အလုပ်သဘောအရ လန်ဒန်သို့လည်း မကြာခဏသွားရသည်။ ထိုအချိန်တွင် တာနီယာတွင်လည်း ဒုတိယမြောက် ရင်သွေးသားလေး ထပ်မံ ထွန်းကားခဲ့သည်။

သို့သော် ဘဝက မတည်ငြိမ်ချင်တော့။ ယာ့ဟ်ယာသည် လန်ဒန်တွင် ရှေးရိုးဆန်လွန်းပြီး ဘာသာရေး အယူသည်းသည့်ဆလာဖီ အမျိုးသမီးတစ်ဦးကို  ထပ်ယူလိုက်သေးသည်။ တာနီယာက အလွန်စိတ်ပျက်ပြီး သူတို့အိမ်အနောက်ဘက်ရှိ ရေကန်ထဲသို့ ခုန်ချကာ သေလိုက်ချင်သည်ဟု ယာ့ဟ်ယာကို ဖုန်းဖြင့်ပြောလိုက်သည်။ ယာ့ဟ်ယာကလည်း သူ့အနေဖြင့် တာနီယာကို ပျော်ရွှင် စေချင်ကြောင်း၊ ယခုဘဝသည် ပျော်ရွှင်ဖွယ်မကောင်း၊ နောင်ဘဝသည် သာ သုခဘုံဖြစ်သည်ဟု ပြန်ပြောတော့သည်။

ယာ့ဟ်ယာသည် ခံဝန်ချုပ်လွတ်သည်နှင့် အိမ်ပြောင်းချင်လာပြန်သည်။ အထူးသဖြင့် အမေရိကန်အစိုးရ၏ သတိထားစောင့် ကြည့်မှုကင်းရာ အရပ်တွင်နေလျှင် အလုပ်အကိုင်ပိုကောင်းပြီး သူတို့ ဘဝသာယာမည်ဟုဆိုသည်။ တာနီယာကိုလည်း အိမ်ကောင်းကောင်းနှင့် အိမ်အကူများဖြင့် ထားပေးမည်ဟု ကတိအထပ်ထပ်ပေးကာ စည်းရုံးသည်။ ၂ဝ၁၁ခုနှစ်အောက်တိုဘာ လတွင် မိသားစုတစ်ခုလုံး အီဂျစ်သို့ ပြောင်းသွားကြသည်။

ထိုအချိန်တွင် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နှင့် နေခဲ့သော တာနီယာထံတွင် တတိယမြောက် ကိုယ်ဝန် ဆောင်နေချိန်ဖြစ်သလို အာရပ်နွေဦးကလည်း တူနေးရှားနှင့် အီဂျစ်တို့တွင် လှုပ်ရှားလူးလွန့်ကာ ထွက်ပေါ်နေချိန်ဖြစ်သည်။ ယာ့ဟ်ယာကိုယ်တိုင် ဘာသာရေး သင်ခန်းစာများကို ကိုယ်တိုင်ပိုမို လေ့လာနေသလို ကာလီဖိတ်နိုင်ငံသစ်အတွက် ဟောပြောပွဲများကို အွန်လိုင်းမှ တစ်ဆင့်အာရပ်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်ဟောပြောနေခဲ့သည်။

၂ဝ၁၃ နှစ်ဆန်းပိုင်း ရောက်သည့်အခါ အီဂျစ်တွင် မွတ်စလင်ညီနောင်များလှုပ်ရှားမှုဖြင့်တက်လာခဲ့သော သမ္မတမိုဟာမက် မော်စီကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများမှာလည်း အကြမ်းဖက်အသွင်သို့ ကူးပြောင်းလာသည်။ ထိုနှစ်ဇူလိုင်လတွင် မော်စီကိုဖြုတ်ချနိုင်လိုက်သော်လည်း ကိုင်ရိုတွင် ညတိုင်းလိုလိုသေနတ်သံညံနေခဲ့၏။ တစ်ခါ ဆီးရီးယားတွင်လည်း ပြည်တွင်းစစ် စတင်နေသည့် အချိန်ဖြစ်ရာ ခင်ပွန်းသည် ယာ့ဟ်ယာမှာ မွတ်စလင်များကိုကူညီရန် သူတို့တွင်တာဝန်ရှိသည်ဟု တစ်ချိန်လုံး ရေရွတ်ကာ ဆီးရီးယားသွားရန် အထုပ်တပြင်ပြင်လုပ်နေသည့်အတွက် တာနီယာ ပိုမိုထိတ်လန့်နေရသည်။

လင်မယားနှစ်ယောက် အချိန်တိုအတွင်း ပြန်လည်စကားများကြပြီး နှစ်ဦးအနက် တစ်ယောက်မရှိမှ ကောင်းမည်ဟုပင် ပြောမိကြသည်။ တာနီယာက ခင်ပွန်းသည်ကို အိမ် ထောင်ရေးကာလတစ်လျှောက် မွန်း ကျပ်စွာခံစားရကြောင်းနှင့် သူ့အ ပေါ် မေတ္တာပျက်လာမိပြီဟု ပြောလိုက်သည်။ ယာ့ဟ်ယာက သူ့ကို လည်ပင်းညှစ်သတ်မည်ဟု ခြိမ်း ခြောက်ထားသည်။ တစ်ညတွင် တာနီယာက ခင်ပွန်းကို ခေါင်းအုံးဖြင့်ဖိသတ်ရန် ကြိုးစားအားထုတ်ခဲ့သည်။ ယာ့ဟ်ယာနိုးလာပြီး အတင်းရုန်းကာ ရန်ဆက်ဖြစ်ခဲ့သည်။ တာနီယာ ကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် နားမလည်အောင်ဖြစ်ကာ အော်ငိုမိတော့သည်။

၂ဝ၁၃ခုနှစ် သြဂုတ်လကုန်ပိုင်း၏ တစ်ခုသောညတစ်ညတွင် တာနီယာဂျိုယာတို့ မိသားစုသည် အီဂျစ်၊ တူရကီ၊ အစ္စတန်ဘူ၊ ဂါဇီယန်တက်တို့မှ အဆင့်ဆင့်ဖြတ်ကာ မျှော်လင့်ချက်မဲ့စရာ  ဆီးရီးယားနယ်စပ်သို့ မီနီဘက်စ်ကားဖြင့် ရောက်လာခဲ့ကြသည်။ 'ဆီးရီးယားတွင် ကြို ဆိုပါ၏' ဟူသည့် စာသား အကျိုးအပျက်က ရှေ့ရေးကို နိမိတ်ပြနေသည့် အလားပင်။

စစ်ဆေးရေးဂိတ် ရောက်သည့်အခါ သူတို့၏ကားကို လက်နက်ကိုင်များကတားကာ စစ်မေး၏။ ဆီးရီးယားထဲသို့ လမ်းလျှောက်ဝင်ရောက်ချိန်တွင် ဘယ်ကြည့်ကြည့် လက်နက်ကိုင်များ၊ ခြုံခိုကင်းစောင့်နေသူများသာ တွေ့ရသည်။ ယာ့ဟ်ယာက အီဂျစ်မှ ဘာသာရေးခေါင်းဆောင်တစ်ဦး၏ အမည်ကိုပြောကာ ဆွေးနွေးသည့်အခါ လက်နက်ကိုင်များက သူတို့ကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။ ထို့နောက် တာနီယာတို့ကို အဇက်မြို့အနီး စွန့်ပစ်ခံ အိမ်အိုတစ်လုံးသို့ ပို့ပေးကြသည်။

အိမ်က ပြတင်းပေါက်များမှာ အကောင်းဟူ၍မရှိ။ လျှပ်စစ်မီးမရှိ။ အရာရာညစ်ပတ်နေ၏။ တာနီယာ့အဖို့ နေရမည့်အိမ်ကို ကြည့်ရသည်မှာ သည်းထိတ်ရင်ဖိုဇာတ်ဝင်ခန်းကို  ကြည့်နေရသလို ခံစားလိုက်ရသည်။ ယာ့ဟ်ယာက နှစ်ပတ်လောက်ခိုရန် ဟုသာ ပြောပြောနေသည်။ အခုတော့ အန္တရာယ်တောထဲ ခြေချမိပြီ ဆိုသည်ကို သေချာသွားခဲ့ပြီ။

ခင်ပွန်းသည်နှင့်အတူ ပထမဆုံးလမ်းစထွက်သည့် အချိန်ကပင် လက်နက်ကိုင်များ၏ ခြိမ်းခြောက်မှုကို ချက်ချင်းခံရသည်။ တာနီယာမှာ ခေါင်းစည်းပဝါသာစည်းထားပြီး ဝတ်ရုံခြံခြင်းမရှိခဲ့ပေ။ ထို့အတွက် လက်နက်ကိုင်များက ''နင်မုဒိန်းကျင့် ခံချင်လို့လား''ဟု ရင့်ရင့်သီးသီး မေးတော့သည်။ နောက်ပိုင်းတွင် ယာ့ဟ်ယာတစ်ယောက် ဒေသခံအစ္စလာမ္မစ် လက်နက်ကိုင်များနှင့် ဆက်သွယ် လုပ်ကိုင်ချိန်တွင် သူက အိမ်တွင်သာ ချန်နေရစ်သည်။

ညတွင် ဖယောင်းတိုင်မီးကို အားကိုးရပြီး များသောအားဖြင့် ကြက်ဥကိုသာ ဟင်းကောင်းအဖြစ် စားရသည်။ ပြတင်းပေါက်မှ နည်း နည်းပြူထွက်ကာ လမ်းကိုကြည့်မိလျှင် လက်နက်ကိုင် တစ်ဦးဦးက အထဲဝင်နေဟု လှမ်းအော်မည်ကို လည်း သိလာသည်။ ခင်ပွန်းသည်မှာမူ နောင်မကြာတော့မည့် ကာလတွင် ISIS အဖြစ် ပေါ်ထွက်လာမည့် ကာလီဖိတ်လိုလားသူများနှင့် အချိန် ပြည့် လုံးထွေးရှင်သန်နေတော့သည်။

ရက်အနည်းငယ်ကြာသည့်အခါ တာနီယာတို့ထံသို့  အမျိုးသမီးတစ်ယောက် ထပ်ရောက်လာသည်။ သူ၏အစ်ကိုက တိုက်ခိုက်ရေးသမားဖြစ်ပြီး ယာ့ဟ်ယာ၏အပေါင်းအသင်းထဲကဖြစ်သည်။ ဆီးရီးယားထဲရောက်နေသည်မှာလည်း သုံးပတ်ရှိခဲ့ပြီ။

ကလေးသုံးယောက်နှင့် ဗိုက်တစ်လုံးလွယ်ကာ အနာဂတ်ကို မည်သို့ ဖြတ်သန်းရမည်ကို တာနီယာမသိတော့။

ခင်ပွန်းသည်က သူ၏အလုပ်အတွက် ဆဲလ်ဖုန်းတစ်လုံး ကိုင်ခွင့်ရသည်။ တာနီယာကဆွေမျိုးများထံ ဖုန်းခိုးဆက်ပြီး သူထွက်ပြေးချင်သည့်အကြောင်း ပြောရန်ကြိုးစားသော်လည်း အရာမထင်ခဲ့ပေ။ ယာ့ဟ်ယာကိုယ်တိုင်က သူမပြန်တော့ဟု ပြောသည့်အခါ ပထမတွင်တာနီယာက ခြေထောက်ဖက်ကာ တောင်းပန်ခဲ့သည်။ ညှိမရသည့်အဆုံး အပြန်အလှန် ဆဲရေးတိုင်းထွာကြသည်။ တာနီယာက သူ့ဘာသာသွားမည်ဟု ပြောသည့်အခါ ယာ့ဟ်ယာကလည်းသွားဟုသာ ခပ်ပေါ့ပေါ့ဆိုသည်။

ရန်ဖြစ်ပြီး နှစ်ရက်အကြာ အာရုံတက်ချိန်တွင် ယာ့ဟ်ယာက အထုပ်အပိုးများကို ဗင်ကားတစ်စီးပေါ်တင် ကာတာနီယာတို့ကို နယ်စပ်လိုက်ပို့သည်။ ကားပေါ်တွင်ထိုင်ခုံမရှိ။ ဆီးရီးယားသည်လည်း အဝင်ခက်သလို အထွက်လည်းမလွယ်ပေ။ နယ်စပ်တွင် လက်နက်ကိုင်အချင်းချင်းတိုက်ပွဲများ ဖြစ်ပွားနေ၏။

ဗင်ကားဆရာက သူတို့ကို နယ်စပ်အနီးသာခေါ်သွားသည်။ တစ်နာရီမျှ လမ်းလျှောက်သွားလျှင် တူရကီဘက်သို့ ဝင်ရောက်နိုင်သည့် သံဆူးကြိုး အပေါက်တစ်ပေါက် တွေ့မည်ဟုဆိုသည်။ တာနီယာနှင့် ခင်ပွန်းတို့မှာ အဝတ်ထုပ်တစ်ပိုက်၊ ကလေးတစ်သိုက်နှင့် ခပ်သုတ်သုတ်သွားကြရသည်။ အနားရှိသံလွင်ပင်များ၌လည်း မြေမြှုပ်မိုင်းသတိဆိုသည့် ဆိုင်းဘုတ်များဖြင့် လူတိုင်းကို လှန့်နေသည်။ တာနီယာသည် စိတ်ဖိစီးမှုသာမက ရေဓာတ်ခန်းခြောက်သည့် ဒဏ်ကိုပါ ခံလာရသည်။ အခြား ဒုက္ခသည်များက သူ့ကို ရေတိုက်ဖော်ရ၍သာ တော်တော့သည်။

တူရကီနယ်စပ်မှ ခြံစည်းရိုး အပေါက်များသို့ ကပ်မိချိန်တွင် ဒုက္ခသည်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စနိုက်ဘာဖြင့် ပစ်ခတ်ဟန့်တား နေသည်။ မည်သို့မျှမတတ်နိုင်။ အပေါက်ရှိရာ ဇွတ်ပြေးကြရင်း တစ်ဖက် တွင်ရပ်စောင့်နေသည့် ကုန်ကားပေါ် လုယက်တက်ကြရသည်။ ယာ့ဟ်ယာက တာနီယာနှင့်ကလေးများကို တူရကီဘတ်စ်ကားဂိတ်သို့ ပို့ပေးရန်ပြောသည်။ ကားဆရာမှာ လူကုန်ကူးပွဲစားဖြစ်၍ ယာ့ဟ်ယာက ငွေပေးရသေးသည်။

ထို့နောက် ယာ့ဟ်ယာသည် သေနတ်ကျည်ဆန်များကြားမှ နယ်စပ်စည်းရိုးပေါက်သို့ တစ်ဟုန်ထိုး ပြန်ပြေးသွားသည်။ တာနီယာနှင့်ကလေး များကိုပင် နှုတ်ဆက်စကားမပြောခဲ့ပေ။

ကုန်ကားသမားက သူတို့ကို ကားဂိတ်အထိခေါ်မသွား။ လမ်းဘေးတစ်နေရာတွင်သာ ချထားခဲ့သည်။ အနားတွင်လည်း တောင်များက ပတ်လည်ဝိုင်းနေ၏။ ကလေးများကလည်း မတ်တတ်ရပ်၍ လမ်းမှာငိုဆိုသလို ဖြစ်နေကြပြီ။ နောက်ဆုံးတွင် ကုန်ကားသမား ညွှန်ပြ သည့်ဘက်ရှိ တောင်ပေါ် လမ်းလျှောက် တက်ခဲ့ကြသည်။ တာနီယာက ယာ့ဟ်ယာ့ထံ ဖုန်းခေါ်ပြီးလှမ်း ဆဲလိုက်သေးသည်။ သို့သော်ဖုန်း လိုင်းကမကောင်း။ ကြားကြားမကြားကြားအော်ဆဲရမည့် အလုပ်က တာနီယာ့တာဝန်ဟု သဘောပိုက်ကာ ဆဲနေခဲ့သည်။

သူတို့ လမ်းလျှောက်နေစဉ် ဆိုင်ကယ်သမားတစ်ယောက် ရောက်လာပြီး မေးမြန်းသည်။ ဘာသာစကား မတူသည့်အတွက် လက်ဟန်ခြေဟန်ဖြင့် လိုရင်းရောက်အောင် တော်တော်ပြောယူရသည်။ နောက်ဆုံးတွင် ဆိုင်ကယ်သမားက တစ်ကြိမ်လျှင် ကလေးတစ်ယောက်ကိုတင်ခေါ်ပြီး ဘက်စ်ကားဂိတ်သို့ ပို့ပေးမည်ဟုဆိုသည်။

တာနီယာ ဗျာများသွားရ၏။ ထိုသူကို မည်သို့ယုံကြည်ရမည်နည်း။ ထိုသူက လူကုန်ကူးသူလည်း ဖြစ်နိုင်သလို ကိုယ်အင်္ဂါထုတ် ရောင်းစားသူလည်း ဖြစ်နေနိုင်သည်။ တစ်ကြိမ်လျှင် ကလေးတစ်ယောက်။ သူနှင့်ဆိုလျှင် လေးကြိမ်လေးခေါက်။ သို့သော် သူ့ထံတွင် ရွေးချယ်စရာ အခြား အခွင့်အလမ်းမရှိ။ စိတ်တထင့်ထင့်နှင့် သဘောတူလိုက်ရသည်။

ကလေးတစ်ယောက်ပြီးတစ်ယောက် ဆိုင်ကယ်သမားနောက်ပါသွားသည်။ နောက်ဆုံး သူ့အလှည့် အဖြစ် လိုက်လာသောအခါ ကလေးသုံးယောက်မှာ သူ့ကို စောင့်မျှော်နေသည်ကို ဝမ်းသာစွာတွေ့ရသဖြင့် မျက်ရည်များပင် လည်သွားရသည်။

ကားဂိတ်တွင် ခင်ပွန်း၏အဆက်အသွယ်ဖြင့် လူတစ်ယောက်နှင့် တွေ့ရသည်။ ထိုသူက ဒုက္ခသည်များကို ကူညီနေသူဖြစ်သည်။ သူက လေဆိပ်သို့ခေါ်သွားသည်။

တူရကီမှ အစ္စတန်ဘူ။ ထိုမှလန်ဒန်။ လန်ဒန်မှတစ်ဆင့် တက္က ဆက်သို့ ခရီးဆက်ခဲ့သည်။ သူ့ကိုယ်မှာ ခြောက်လကိုယ်ဝန်ကို လွယ်ထားရသော်လည်း ကိုယ်အလေးချိန်မှာ ၉၆ပေါင်သာ ရှိတော့သည်။ လူကလည်းမြော့မြော့။ နည်းနည်း အနား ယူရဦးမည်။ ကလေးများအတွက်တော့ အမေရိကန်ကသာ သူတို့ အနာဂတ်ကို ကောင်းစားစေလိမ့်မည်ဟု ယုံကြည်ထားသည်။

ထိုအကြောင်းများကို ပြောပြနေသော တာနီယာဂျိုယာသည် သူလက်ရှိနေထိုင်နေသော ပလန်နိုမြို့တိုက်ခန်းအနီးမှ ဝိုင်ချို ဘားတစ်ခုတွင် ထိုင်နေသည်။ ဒီနင်းစကတ်၊ အင်္ကျီချိုင်းပြတ်၊ ဒေါက်မြင့်ဖိနပ်နှင့်။ သူ့ဆံနွယ်များကိုလည်း ခပ်ဖွဖွနှင့် အလှဆင်ထားသေးသည်။

လက်ရှိအချိန်တွင် ချစ်သူသစ်ခရစ်ဂ်ျနှင့် ဘုရားကျောင်းတက်ကာ အမျိုးသမီးတို့၏ အခွင့်အရေးကို အပြည့်အဝ ရယူနိုင်သူတစ်ဦး ဖြစ်လာခဲ့ပြီ။ ချစ်သူသစ်နှင့် စတင်တွေ့ဆုံစကားပြောချိန်က သူသည် ကလေးလေးယောက်မိခင် ဖြစ်ကြောင်းပြောခဲ့သလို သူ၏ ခင်ပွန်းကလည်း ဘင်လာဒင် လက်သစ်ဖြစ် ရန် လုံးပန်းနေသည်ဟု အရွှန်းဖောက် ပြောပြခဲ့သည်ဟုဆိုသည်။

ချစ်သူခရစ်က တာနီယာ၏ဘဝနှင့် သူ့ထံတွင်ရှိသော စိတ်ခွန်အားကို နှစ်သက်ခဲ့သည်။ တာနီယာက ပုံနှိပ်ရေးလုပ်ငန်းမှ ဒါရိုက်တာဖြစ်သူ ခရစ်ဂ်ျကို ချစ်သူအဖြစ် ခေါင်းညိတ်ခဲ့ရုံမျှမက ခရစ်ယာန်ဘာသာကိုပါ လက်ခံလိုက်သည်။ တစ်ချိန်က စိတ်ဓာတ်ပြင်းထန်ခဲ့သော မွတ်စလင်မလေးမှာ ယခုအခါ ခရစ်ယာန်အမျိုးသမီးကြီး ဖြစ်လာခဲ့ပြီ။

မွေးဖွားစဉ်က ခရစ်ယာန်ဖြစ်ခဲ့သော ယာ့ဟ်ယာခေါ် ဂျွန်ဂျော့စ်လက်မှာမူ အစ္စလာမ်ဘာသာဝင် အဖြစ်ဖြင့် ISIS တို့မှ ထုတ်လွှင့်သည့် အစီအစဉ်တွင် အင်္ဂလိပ်ဘာသာပိုင်းဆိုင်ရာ ဦးဆောင်ထုတ်လုပ်သူအဖြစ် လှုပ်ရှားနေသည်။ တစ်ချိန်တည်းတွင် တာနီယာကလည်း ခင်ပွန်းဟောင်း၏  အစွန်းရောက်လမ်းစဉ်မျိုးလိုက်မည့် သူနှင့်တွေ့တိုင်း သူမဘဝအကြောင်း ပြောပြရင်းက ဖျောင်းဖျနားချလျက်သာ  ရှိနေတော့သည်။

Ref: The Convert by Abigail Pesta

ကျော်စည်သူ(သုနန္ဒခေတ်)

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.