25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ဘာသာဟောင်းမှာ မပျော်မွေ့ကြသူနှစ်ဦး-၁

၂ဝ၁၃ ခုနှစ်၊ သြဂုတ်လကုန်ပိုင်း၏ တစ်ခုသောညတစ်ညတွင် တာနီယာဂျိုယာသည် သူ့ကိုယ်သူ ဆီးရီးယားနယ်စပ်အနီးရောက်နေသည်ကို သတိပြုမိလိုက်သည်။ သူ၏ခင်ပွန်းနှင့် ကလေးသုံးယောက်သည်လည်း အတူပါလာခဲ့၏။ တည်းခိုရမည့် ဟိုတယ်တစ်ခုလုံး ဒုက္ခသည်များနှင့် ပြည့်ကျပ်နေသလို သူတို့ကိုယ်တိုင် ပြေးစရာမြေမရှိသည့် ဘဝမျိုးနှင့် ကြုံနေရသည်။

တာနီယာ၏ခင်ပွန်းက တက္ကဆက်ပြည်နယ်သား။ ပလန်နိုမြို့တွင်နေထိုင်ခဲ့ပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာသူဖြစ်၏။ မွတ်စလင်မလေးတာနီယာနှင့် အွန်လိုင်းမှတစ်ဆင့် နီးစပ်ခဲ့ကြပြီး ယခုဆိုလျှင် အကြင်လင်မယားအဖြစ် ပေါင်းဖက်လာကြသည်မှာ ဆယ်စုနှစ်တစ်စုပင်ရှိနေခဲ့ပြီ။

သူတို့၏ ဘဝရည်မှန်းချက်များအတိုင်း နေရာအနှံ့တွင် လှည့်လည်နေထိုင်ခဲ့ကြ၏။ မိသားစု နောက်ဆုံးနေခဲ့သည့် အီဂျစ်တွင်မူ မွတ်စလင်ညီနောင်များဦးစီးသည့် အစိုးရအဖွဲ့များ ပြုတ်ကျပြီးနောက် သူတို့လိုလူများအတွက် ဝရုန်းသုန်းကားဖြစ်စေသည့် အခြေအနေမှ ထွက်ပြေးလာခဲ့ရ၏။ သူတို့ ဦးတည်ခဲ့သည်က တူရကီအရှေ့ပိုင်းမှ ဂါဇီအန်တက် မြို့ဖြစ်ပြီး ဆီးရီးယားနယ်စပ်နှင့် မိုင် ၃ဝ မျှ သာကွာသည်။

ထိုမြို့ကို ရွေးချယ်ရခြင်းကလည်း အကြောင်းရှိသည်။ ထိုအရပ်တွင် လူအများစုက အာရပ်စကားပြောသည့်အတွက် ခင်ပွန်းသည်အ တွက် အလုပ်အကိုင်နှင့် အဆက်အသွယ် ပိုကောင်းစေလိမ့်မည်။

ဘာသာလည်းပြောင်း၊ အမည်သစ်လည်းခံယူကာ ဂျွန်ဂျော့လက်စ်အဖြစ်မှ ယာ့ဟ်ယာအဖြစ် ပြောင်းလဲခဲ့သော ခင်ပွန်းသည်မှာ ဂျီဟက်ဝါဒီ (ဘာသာရေးစစ်ပွဲဆင်နွဲသူ) တစ်ဦးဖြစ်၏။ အထူးသဖြင့် ISIS တို့၏ ရည်ရွယ် ချက်များဖြစ်သော ကမ္ဘာကြီးတစ်ခုလုံး အစ္စလာမ်မင်းမူရန်နှင့် ကာလီ ဖိတ်အဖြစ် အစ္စလာမ်နိုင်ငံသစ်ထူ ထောင်နိုင်ရေးတို့တွင် ပူးပေါင်းပါဝင်ခဲ့သော အနောက်တိုင်းသားများအနက် အစောဆုံးဝင်ရောက်လာသည့် သစ္စာတော်ခံတစ်ဦး ဖြစ်လေသည်။

ဆိုရလျှင် တာနီယာတို့သည် နှစ်ဦးသဘောတူ ချစ်ကြည်ဖြူခဲ့ကြခြင်းဖြစ်၏။ စိတ်ကူကိုယ်တူ ပေါင်း ဖက်ခဲ့ခြင်းလည်းမည်၏။ မွေးကတည်းက တာနီယာ ယုံကြည်ကိုးကွယ်သည့်ဘာသာကို ကူးပြောင်းခဲ့ပြီး တမန်တော်မိုဟာမက်၏လမ်းစဉ်ကို ဦးလည်မသုန် လိုက်နာကျင့် ကြံနေသော ခင်ပွန်းသည်လည်းဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းတွင်မူ ခင်ပွန်းသည်အပေါ် မကြည်ဖြူချင်တော့သည့် စိတ်က တစ်နေ့တခြား တိုး၍လာခဲ့လေပြီ။

နောက်တစ်ညတွင် ဖုန်ထူသောလမ်းမထက်၌ တာနီယာ ရပ်နေသည့်အချိန်တွင် သူတို့၏လေး ယောက်မြောက်ရင်သွေးကို လွယ်ထားရသည့် အချိန်လည်းဖြစ်သည်။ ကိုယ်ဝန်ငါးလဆိုသည်က တကယ့်ကို မပေါ့မပါး။ ရုန်းကန်လှုပ်ရှားရန်ခန္ဓာက ငြင်းဆန်လာသည့် အနေအထားမျိုးကြုံနေရသည်။ အိမ်ထောင် သက်တစ်လျှောက်လုံး နေစရာအ တည်တကျ မနေရသည့်အဖြစ်ကို ကြာလာတော့ စိတ်ပျက်မိသည်။ သူတို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း နားခိုအိပ်စက်နိုင်သည့် နေရာလိုအပ်နေပြီ။ ကလေးသုံးယောက်ကလည်း မတ်တတ်မရပ်ချင်တော့လောက်အောင် နွမ်းဟိုက်နေကြပြီ။

လူအများစုနည်းတူ သူတို့သွားရမည့်ခရီးကို တန်းစီစောင့်ဆိုင်း နေခဲ့ရပြီးနောက် ခင်ပွန်းသည်က ကားဆရာနှင့် စကားပြောပြီး ပြန်လာသည့်အခါ ''ဒို့နေနိုင်မယ့်နေရာကိုသူသိတယ်''ဟု တာနီယာကိုပြော၏။ တာနီယာ စိတ်ပိုရှုပ်သွားသည်။ လမ်းတစ်လျှောက်လုံး  ဆရာပြောသည့်နေရာက ဘေးကင်းနိုင်ရဲ့လားဟု  တစ်ချိန်လုံးတွေးပူနေခဲ့သည်။ ကားကမူ အမှောင်ထုထဲ တိုးဝင်ပြီးရင်း တိုးဝင်နေသည်။ တဖြည်းဖြည်းနှင့် တာနီယာ သံသယဝင်လာ၏။ သူတို့သည် ဆီးရီးယားနယ်စပ်ကို ဦးတည်နေသလားဟု တွေးမိလာ၏။

လွန်ခဲ့သောရက်များကပင် ခင်ပွန်းသည်နှင့် အကြေအလည် ဆွေးနွေးခဲ့ရသေးသည်။ သူ့အနေဖြင့် ကလေးများကို စစ်မက်ဇုန်သို့ မခေါ်သွားချင်။ ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံးအရပ်။ ဆီးရီးယားတွင် သူပုန်အုပ်စုများစွာရှိ၏။ အကြမ်းဖက်သမားတွေ ထင်ရာစိုင်းတတ်ကြ၏။ အကြင်နာမဲ့သော အုပ်ချုပ်သူတို့ ကြီးစိုးနေသည်။

တာနီယာက သူ့သံသယကို ခင်ပွန်းသည်အား ဖွင့်မေးလိုက်သည်။ ယာ့ဟ်ယာက တစ်ညနှစ်ညခန့်သာ နေရန်ဟု အတည်ပြုပြောပြောလာတော့သည်။ တာနီယာအဖို့ ဘာမှမတတ်နိုင်တော့။ စီးလာသည့်ကားပင်လျှင် နယ်စပ်ကို ချဉ်းကပ်လုပြီ။

ကားပြတင်းမှ အပြင်သို့ လှမ်းကြည့်လိုက်သည့်အခါ  လမ်းဘေးရှိ တံတိုင်းတစ်ခုပေါ်မှ ဂရပ်ဖစ်တီ စာ သားကိုဖတ်မိလိုက်သည်။ ကဘောက် တိကဘောက်ချာ အင်္ဂလိပ်စာဖြင့် ရေးဆွဲထားသည်ကစာက  'ဆီးရီးယားတွင် ကြိုဆိုပါ၏' ဟူ၏။

၁၉၈၃ ခုနှစ်က မွေးဖွားလာခဲ့သော တာနီယာဂျိုယာကို အစက ဂျိုယာချောက်ဒူရီဟု အမည်ပေးထားခဲ့သော်လည်း နောက်ပိုင်းတွင် သူ့မိသားစုမှအစ သူငယ်ချင်းများနှင့် ဆရာများကအဆုံး တာနီယာဟုသာ ခေါ်ကြသည်။ ငယ်ဘဝက လန်ဒန်မြို့မြောက်ပိုင်း  ဟာရိုးမြို့လေးတွင် စက်ဘီးစီးလိုက်၊ ကခုန်လိုက်နှင့် ကုန်လွန်ခဲ့သည်။ တာနီယာအမည်ကိုမူ သူ့မိခင်က ပြောင်းလိုက်ခြင်းဖြစ်၏။

အမှန်တော့ သူ၏မိဘနှစ်ပါးသည် ဘင်္ဂလားဒေ့ရှ် ဇာတိဖွားများသာ။ ထုံးတမ်းစဉ်လာအရ သမီးမိန်းကလေးထက် သားယောက်ျားလေးကိုသာ မျှော်လင့်နေခဲ့သော မိဘနှစ်ပါးသည် လေးယောက်မြောက်ရင် သွေးတာနီယာအထိ သမီးချည်းသာ ထွန်းကားခဲ့သည်။ တာနီယာ ဖခင်ကိုယ်တိုင်က သမီးချည်းပဲလေး ယောက်ဟု မကြာခဏ ရေရွတ်ရင်း ခေါင်းတစ်ခါခါနှင့် ဝမ်းနည်းစကား ဆိုတတ်သေးသည်။

သူ၏ ဖခင်သည် လေကြောင်းလိုင်းတစ်ခုတွင် အလုပ်ရပြီး မိခင်မှာ မုန့်ရောင်းသည့်အတွက် ငွေကြေးအနည်းငယ် ပြေလည်သည်ဟုပြောနိုင်၏။ သို့သော် သူတို့၏မိသားစုကို အိမ်နီးချင်းများက ပါကစ္စတန်ကလာသည်ဟု ထင်မှတ်ကြသည်။ တစ်ခါတရံ သူတို့၏ မှန်ပြတင်းကိုခဲနဲ့ထုတတ်၏။ ပါကစ်တွေ အိမ်ပြန်ကြဟုလည်း အော်တတ်၏။ နောက်ဆုံး သူတို့၏ ကားခေါင်မိုး၌ပင် မစင်လာစွန့်ထားကြသည်အထိ ကြုံခဲ့ဖူးသည်။ ထိုစဉ်က ငါးနှစ်သမီးလေး တာနီယာမှာ အိမ်ကထွက်ပြေးချင်လောက်သည်အထိ ဖြစ်ခဲ့ဖူးသည်။

သူ၏ငယ်ဘဝတွင် အမှတ်တရ အရှိဆုံးမှာ ဘင်္ဂလားဒေ့ရှ်သို့ အလည်သွားရသည့် အချိန်များပင် ဖြစ်သည်။ ထိုနိုင်ငံတွင် မည်သူကမှ သူတို့ကို ဒုတိယတန်းစားတွေလို မသတ်မှတ်ကြ။ ဘင်္ဂလားဒေ့ရှ်က လူများသည် သူတို့လိုလူများဟု တာနီယာထင်သည်။ သူတို့သည် မွတ်စလင်များဖြစ်ပါလျက် ဘင်္ဂလားဒေ့ရှ်တွင် ဘာကြောင့်မနေရလဲဟု စိတ်ထဲကအမြဲမေးနေမိသည်။ ထိုမျှမက ဖခင်ကိုလည်း တာနီယာက သူအတွက် စံပြတစ်ဦးဟုလည်း မမြင်မိပေ။

တာနီယာ ခုနစ်နှစ်အရွယ်တွင် ဖခင်မှာ အလုပ်ပြုတ်သွားပြီး အိမ်စီးပွားကျဆင်းလာသည်။ တာနီယာကိုယ်တိုင် စာကျက်ရခက်သော ရောဂါနှင့်နပန်းလုံးလာရသည်။ သူ၏အရိုးများမှာ ထူးထူးဆန်းဆန်း ကြီးထွားလာပြီး ခြေထောက်သည် လည်း အရိုးငေါထွက်လာ၏။ စားဝတ်နေရေး ကြပ်တည်းလာချိန်တွင် မိခင်မှာလည်း တစ်ချိန်လုံး စိတ်အလို မကျတော့။ တာနီယာနှင့် နည်းနည်းစကားများမိလိုက်လျှင် ''နင့်ကို ငါမမွေးထားဘူးလို့ ဆုတောင်းတယ်''ဟု ပြောသည်အထိ ပေါက်ကွဲနေတတ် သည်။

အထက်တန်းကျောင်းသူဘဝတွင် တာနီယာ၏ ဝမ်းဗိုက် အနည်းငယ် ငေါထွက်နေသည်ကို သတိပြုမိခဲ့သည်။ စာအုပ်များကို ဖတ်ရင်း သူ၏လက္ခဏာမှာ ကင်ဆာဟု ကိုယ့်ကိုယ်ကိုယ် စိုးရိမ်မိသည်။ လူအများကမူ သူ့ကို သံသယနာစွဲကပ်နေသည်ဟု ခပ်လွယ်လွယ် ပြောကြသည်။ ထိုအချိန်အထိ တာနီယာသည် မိဘနှစ်ပါးအလိုကျ ကုရ်အာန် ကျမ်းစာကို ဖတ်သော်လည်း ဘာသာအပေါ် သိပ်အလေးအနက် မထားခဲ့ပေ။ သို့သော် ဝမ်းဗိုက်တွင် အလုံးအဖုဖြစ်လာသည့်အခါ အလာဟ်ရှင်မြတ်က သူ့ကိုမုန်းတီးလေပြီဟု မှတ်ယူကာ ပုံမှန်ဝတ်ပြုခြင်းကို စတင်တော့သည်။ ဘာသာတရား ကိုင်းရှိုင်းသူတစ်ဦးသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

အိမ်စီးပွားအရ ဟာရိုးမြို့မှ လန်ဒန်အရှေ့ပိုင်း ဘာ့ခ်ကင်းမြို့သို့ ပြောင်းသည့်အခါ  တာနီယာလည်း ကျောင်းပြောင်းကာ သူငယ်ချင်းသစ်များ ထပ်ရှာရသည်။ ဘာသာတရား ကိုင်းရှိုင်းသည့်  မွတ်စလင်မလေးများနှင့် ပေါင်းမိပြီး ကုရ်ရမ်ကို ပိုဖတ်လာသည်။  လက်ဝှေ့ယမ်းကာ ငြင်းခုံတတ်လာသည်။ တာနီယာက မိသားစုဝင်များကိုပင် ဘာသာရေးနှင့် ပတ်သတ်လျှင် မူမမှန်သူများဟု ပြန်ခံပြောလာသည်။

အယ်ဂျီးရီးယားက  ပြောင်းလာသော သူငယ်ချင်းမလေးက သူ့လိုပင် တာနီယာကို အစ္စလာမ် ဝတ်ရုံဝတ်ဆင်ရန် တိုက်တွန်းသည့်အခါမငြင်းမိ။ မိဘနှင့်အစ်မများကမူ သူ့ကိုကြည့်ကာ ဒေါသထွက်ကြသော်လည်း အကြောင်းပြချက်မပေးကြ။

တာနီယာအမြင်တွင်မူ သူ့ဆွေမျိုး များသည်  အနောက်တိုင်းဆန်လွန်းနေ၏။ ဤသို့ဖြင့် တာနီယာ အသက် ၁၇ နှစ်အရွယ်တွင် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြီးကို ရုပ်မြင်သံကြားမှ တစ်ဆင့်မြင်လိုက်ရတော့သည်။

အစက ကျောင်းတွင် တာနီယာက ၉/၁၁ အကြောင်းကို မဆိုးရွားလွန်းဘူးလားဟု သူငယ်ချင်းများကို မေးပြောပြောခဲ့သည်။ သူငယ်ချင်းအချို့က ခေတ်ကာလတစ်လျှောက်လုံးစာအတွက် မွတ်စလင်တို့၏ လက်တုံ့ပြန်မှုဟု ဆိုကြသည်။ ထိုသူငယ်ချင်းများကြောင့်ပင် တာနီယာသည် ကျောင်းမှလူမှုဗေဒသင်ခန်း စာများသာမက အစ္စလာမ်သမိုင်းနှင့် အစ္စလာမ်နိုင်ငံရေးစာအုပ်များကို ရှာဖတ်ဖြစ်လာ၏။ နှစ်သက်သဘောကျ သည်နှင့်အမျှ ဂျီဟက်ဒ်အကြောင်းများကိုပါ ဆက်ပြီးလေ့လာခဲ့သည်။ ထိုအခါ ဂျီဟက်ဒ်ကို မတူညီသော အဓိပ္ပာယ်ဖွဲ့ဆိုမှုများ ရှိလာသည်ကို တွေ့လိုက်ရသည်။

သဘောကျသမျှကို မှတ်စုထုတ်ကာ စုဆောင်းလာမိသည်။ ထိုအထဲတွင် မယုံကြည်သူများနှင့် မိစ္ဆာဒိဋ္ဌိများကို တစ်ဦးချင်းသာမက ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ရန် ရုန်းကန်ပြင်ဆင်သင့်သည်ဟူသော အချက်များလည်း ပါဝင်လာသည်။ မွတ်စလင်ဆန့်ကျင်သူများကို စစ်ဆင်နွှဲရမည်ဟု ယုံကြည်ခဲ့ကြောင်း တာနီယာက ပြန်ပြောပြခဲ့သည်။

တစ်စစနှင့် တာနီယာသည် ဘာသာရေးပြင်းထန်သူအဖြစ် သက်သေပြရန် ခေါင်းမြီးခြုံကာ လမ်းထွက်ရန် အကြံဖြစ်လာ၏။ တစ်ရက်တွင်မျက်လုံးသာ နေရာလွတ်ချန်ပြီး ဂျီလ်ဘတ်ဝတ်ရုံကာ ကျောင်းသို့လာခဲ့သည်။ သူငယ်ချင်းသစ်များက သူ့ကိုချီးမွမ်းကြသော်လည်း ကျောင်းအုပ်ကြီးက ဂိတ်ပေါက်ဝကို ဖြတ်လာသည်နှင့် ဝတ်ရုံကိုဖယ်ပစ်ရန် ခေါ် ပြောတော့သည်။

ကျောင်းအုပ်ကြီးက ''မင်းက မိန်းမလှလေးတစ်ဦးပဲ။ ဘာကြောင့်ဒါတွေဝတ်မှာလဲ''ဟုမေး၏။ တာနီ ယာ ''ကျွန်မရဲ့အသွင်အပြင်ထက် ကျွန်မရဲ့ဘာသာက ပိုအရေးကြီး တယ်''ဟု ပြန်ပက်ခဲ့သည်။ 

ဆန်းစစ်ကြည့်လျှင် ကမ္ဘာပေါ်တွင် အကြမ်းဖက်ဝါဒကို  မနှစ်သက်ကြဟု ဆိုသူကပိုများမည်။ အထူးသဖြင့် မျက်မှောက် ကမ္ဘာတွင်ဘာသာရေး အစွန်းရောက်မှုများဖြင့်  တိုက်ခိုက်မိသောအဖြစ်မျိုး မကျူးလွန်ကြသော အသိုက်အဝန်းက အကြမ်းဖက်မှုကို ပို၍ပင် ရွံမုန်းကြမည်။ ထိုသို့ ရွံမုန်းရာတွင်လည်း ကိုယ်မနှစ် သက်သည့်ဘာသာ ဖြစ်ရုံမျှဖြင့် ဝါးလုံးရှည်ဖြင့်ယမ်းသလို အပြစ်ဖို့၊ ဖယ်ကြဉ်ခြင်းကလည်း အနုနည်းဖြင့် အသွင်ပြောင်းကာ တန်ပြန်အကြမ်း ဖက်ခြင်းသာ ဖြစ်နေလိမ့်မည်။ ဥရောပတစ်ခွင်မှ အကြမ်းဖက်သမား  အသွင်ပြောင်း သွားကြသော လူငယ်များကိုကြည့်လျှင် တာနီယာ၏ အဖြစ်မျိုးနှင့်မကင်း။ အသိုက်အဝန်း နှစ်ဖက်အကြား အမုန်းတရားကိုသာ လက်သည်ရှာရန်ရှိသည်။

ယခုအချိန်သည် ကြားနေဝါဒီများအတွက်လည်း တစ်ဖက်ကို လုံးလုံးလျားလျား အပြစ်ပုံချရန်  ခက်ခဲလာသော ခေတ်ဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင် ဘာသာရေးစစ်ပွဲများ မရှိမဟုတ်ရှိခဲ့သည်။ မပြင်းထန်မဟုတ် အတော်ပင် ပြင်းထန်ခဲ့သည်။ သို့သော် ဖက်ဆစ်၊ ကိုလိုနီ၊ အရင်းရှင်၊ မာ့ခ်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်စသော နိုင်ငံရေးမူဝါဒများလောက်  ကမ္ဘာစစ်ကြီးများကို လက်ယက်မခေါ်ခဲ့ပေ။ အများစုသည် ပြည်တွင်းရေးရာနှင့် ဒေသတွင်းဖြေရှင်းရမည့်  ပြဿနာအဖြစ် ရှုမြင်ခဲ့ကြသည်။

ထို့အတွက် ၉/၁၁ မတိုင်မီက အကြမ်းဖက်မှုများသည် ဘာသာရေး အစွန်းရောက်များ၏ ပြည်ပနိုင်ငံများသို့ ထိုးနှက်ချက်ဟု လက်ညှိုးထိုးစရာ သိပ်မရှိခဲ့။ ကမ္ဘာကို ခြိမ်းခြောက်သော ပြည်ပနေအစွန်းရောက်သမား တို့ရန်ဟုလည်း သိပ်မထင်ရှားခဲ့ပေ။     သို့သော် ၉/ ၁၁ ဖြစ်ပွားပြီးနောက်တွင်မူ အသေခံဗုံးခွဲမှုများ၊ အကြမ်း ဖက်မှုများသည် ဘာသာရေးအသွင် ပို့ဆောင်ကာ  ကမ္ဘာပြန့်အောင် ဖြစ်ပွားလာကြသည်။

ယခုအချိန်အထိ လူဖြူလူမည်း ခွဲခြားမှု မကင်းသည့် အမေရိကန်မှာ ဖာကူဆန်နယ်တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှု၊ အုံကြွမှုများရှိနေသော်လည်း ပြည်တွင်းအရေးဟု မှတ်ချက်ပြုကြသည်။ လူမျိုးရေးအဖြစ်သာ သတ်မှတ်သည်။ ဘာသာရေးအစွန်းရောက်မှုမျိုး မဟုတ်သည့်အတွက် အမေရိကန်ပြည်တွင်းကပြဿနာ အမေရိကန်ကသာ ရှင်းလိမ့်မည်ဟူသော သဘောမျိုးထားကြသည်။  သို့သော် အယ်ကေဒါ၊ ဘိုကိုဟာရန်၊ အိုင်အက်စ်တို့ကမူ ကမ္ဘာကို ရန်ပြု ကြသူများဟု မြင်ကြသည်။ ဘာသာခြားမဆိုထားနှင့် မွတ်စလင် တိုင်းပြည် များကိုပင် သက်သာရာ မပေးသည့် အကြမ်းဖက်မှုများမှာ အသေခုံ ဗုံးဖောက်ခွဲမှုများက သက်သေခံနေသည်။

တစ်ချိန်က အီရန်-အီရတ် စစ်ပွဲများ။ ယနေ့ ဆော်ဒီအာရေးဗျ အုပ်စုနှင့် အီရန်အုပ်စု ရန်လိုမှုများ။ တစ် နိုင်ငံတည်း၌ပင် ဆွန်နီနှင့် ရှီအိုက်တို့အကြား အစေးမကပ်ကာ တိုက်ခိုက်မှုများကိုကြည့်လျှင် အစ္စလာမ် မဟုတ်သည့် ဘာသာများက မွတ်စလင်များကို တစ်မျိုးမြင်လာတတ်သည်ကလည်း ရှင်းပြရခက်လှသည်။ ထို့အတွက် တစ်ကမ္ဘာလုံးက လူသားချင်းစာနာမှုများ၊ လူတိုင်းတွင် အခွင့်အရေးကိုယ်စီရှိသည်ဟူသော လှုပ်ရှားမှုများဖြင့် ကာကွယ်ပေးနေရသလို ဖြစ်လာခဲ့သည်။

ထိုအချိန်မျိုးတွင် ဥရောပတစ်ခွင်၌ အရပ်သားအများစုက ပြည်ပမှ နိုင်ငံအတွင်းသို့ ရေကြည်ရာ မြက်နုရာ လာရှာသည့် မွတ်စလင် အသိုက်အဝန်းနှင့် အကြမ်းဖက်မှုကို ခွဲမမြင်တော့သည်မှာ ဖျောင်းဖျရခက်လှအောင်ပင် ဖြစ်လာသည်။ ထို့အတွက် တာနီယာလို မိန်းကလေးမျိုးကို လှောင်ပြောင်သရော်ခြင်းက ပျက်ရယ်ပြုခံရသူ၏ရင်ထဲ၌ အစွန်းရောက် အတွေးအခေါ်များ ပြည့် သိပ်လာရန် တွန်းပို့သလို ဖြစ်လာတော့သည်။

မဲပေးပိုင်ခွင့်ရုပ်သိမ်းခံခြင်း၊ သူစိမ်းတရံဆန်ဆန် ဆက်ဆံခြင်းနှင့် အနောက်တိုင်းလူမှုအဖွဲ့ အစည်းများအကြား မဝင်ဆန့်နိုင်ခြင်းများကလည်း အစွန်းရောက် ဝါဒဘက်သို့ တွန်းပို့လိုက်သလို ဖြစ်တတ်သေးသည်။ Zainab Salbi အမည်ရှိ လူသားချင်းစာနာရေး လှုပ်ရှားတက်ကြွသူ သူတစ်ဦး၏ HuffPost ဗီဒီယိုစီးရီးတွင် ပဲရစ်မြို့ ဆင်ခြေဖုံးတစ်ခုမှ မွတ်စလင် မိသားစုတစ်စုနှင့် တွေ့ဆုံမေးမြန်းခန်းကို ပြသခဲ့ဖူးသည်။ ထိုမိသားစုမှ သားဖြစ်သူသည် ISIS နှင့် သွားပေါင်းခဲ့သည်။

ပြင်သစ်မှ မွတ်စလင်များက Salbi ကို မီဒီယာများသည် သူတို့အား လူဆိုးအဖြစ် သတ်မှတ်ကာ ဝိုင်းကြဉ်ကြသည်ဟု ဆိုသည်။ သူတို့ ဘာပဲလုပ်လုပ် ရှေးရိုးစွဲများ၊ ခေတ်နောက်ကျန်သူများ၊ သူခိုးဂျပိုး၊ အကြမ်းဖက်သမားအဖြစ်သာ မြင်ကြသည်ဟုဆိုသည်။ Salbi က ထိုသို့ဖြစ်ရခြင်းမှာ အကြမ်းဖက်မှုများအတွက် ဘာသာတစ်ခုအပေါ် အလွယ် တကူ အပြစ်ပုံချခြင်းမျိုးဖြစ်သော်လည်း ပြဿနာအရင်းအမြစ်ကို ဖြေရှင်းသည့်နည်းလမ်းမဟုတ်ဟု သူ့ဗီဒီယိုတွင် ဆိုထားသည်။ ဘာသာရေးလမ်းစဉ်အရ လိုက်နာကျင့်သုံးသူကို မိသားစုအတွင်း၌ပင် စုန်းပြူးသဖွယ် ရှုမြင်ခြင်းများကလည်း အစွန်းရောက် အတွေးအခေါ်များဘက်သို့ ပိုမိုယိမ်းသွားတတ်သေးသည်။

ယခုလည်း တာနီယာ၏ ဝတ်စားဆင်ယဉ်ပုံများက သူ့မိဘများအတွက် ဒေါသထွက်စရာဖြစ်နေသလို သူ့အဖေ၏ အမုန်းကိုလည်းခံခဲ့ရသည်။ တာနီယာအတွက်မူ သူယုံကြည်သည့် ဘာသာအတွက် လူတကာရှေ့တွင် ထိုသို့ပြုမူရသည်လောက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိခြင်း အတိတ်က မဖြစ်ဖူးခဲ့ပေ။ ၉/၁၁ ကိစ္စများကလည်း ရှိနေသဖြင့် သူလမ်း ထွက်လိုက်လျှင် ''ဘင်လာဒင်ကို လင်တော်လိုက်ပါလား''၊ ''အဲဒီအောက်မှာ ဗုံးပါလား''ဟု ပြောင်ချော်ချော် သရော်သူများရန်မှလည်း မလွတ်ခဲ့ပေ။

မိသားစုအတွင်း အထီးကျန်သူ တစ်ဦးဖြစ်လောက်သည်အထိ ဝတ်ရုံ သို့မဟုတ် ခေါင်းစည်းပဝါကို စည်း ခြုံရင်း ဖြတ်သန်းနေချိန်တွင် သူဗိုက်ထဲတွင်လည်း အလုံးအဖုက ပိုပိုကြီးလာသည်။ အသက်ကလည်း ၁၉ နှစ်ဖြစ်လာပြီး ဆရာဝန်က MRI ရိုက်ရန် ပြောလာပြီ။ သူမကမူ အားလုံးနှင့်ဝေးရာသို့ ထွက်ပြေးချင်စိတ်သာ ဖိစီးလာတော့သည်။ ထိုနှစ် ၂ဝဝ၃ ခုနှစ်တွင် မွတ်စလင်အိမ်ထောင်ရေးဆိုင်ရာ ဝက်ဆိုက်ဒ်တစ်ခုထဲ ဝင်မိချိန်တွင် အစ္စလာမ်သို့ ကူးပြောင်း လာသည့် အမေရိကန်သားဂျွန်က အွန်လိုင်းက တစ်ဆင့်သူ့ကို လူပျို လှည့်လာတော့သည်။

တက္ကဆက်ပြည်နယ်သား ဂျွန် ဂျော့လက်စ်သည် အမေရိကန်လေ တပ်မှ ဆရာဝန်ဟောင်းတင်မိုသီ ဂျော့လက်စ်၏ သားဖြစ်သည်။ ကျောထောက်နောက်ခံ အစ္စလာမ်မျိုးရိုးလည်း မရှိပေ။ တာနီယာနှင့် မတွေ့စဉ်က သူသည် ဆီးရီးယားနိုင်ငံ ဒမက်စကတ်မြို့တွင် အာရပ်ဘာသာစကားသင်ယူနေချိန်ဖြစ်သည်။

ဂျွန်၏ဘဝကို ရေးသားသည့် Graeme Wood ၏ The Way of the Strangers: Economics With the Islamic State စာအုပ်တွင် ဂျွန်၏ငယ်ဘဝသည် ဖခင်၏ အလုပ်အကိုင်အရ နေရာများစွာ ပြောင်းရွှေ့နေထိုင်ခဲ့ရသလို တာနီယာကဲ့သို့ပင် ငယ်ငယ်က ကျန်းမာရေးချူချာသူလည်း ဖြစ်သည်ဟု ရေးသားထား၏။ အကြိတ်နှင့်အရိုး ဒုက္ခပေးပုံမှာလည်း တာနီယာနှင့်ဆင်တူသည်။ သို့သော် တာနီယာလောက်တော့ ဝေဒနာမခံစားခဲ့ရ။ ဆယ်ကျော်သက်အရွယ်တွင် မူးယစ်ဆေးစွဲပြီးနောက်ပိုင်း အစိုးရ နှင့် သူ၏ဖခင်ကို မူးယစ်တိုက်ဖျက် မှုများအတွက် ဒေါသထွက်ခဲ့သူဖြစ် သည်။ အထူးသဖြင့် သူ၏စိတ်ကျရောဂါကို ကုစားပေးနေသည့်  ဆေးခြောက်နှင့်ပတ်သတ်လျှင် ဆတ် ဆတ်ထိ မခံလောက်အောင် ရန်ရှာတတ်သူ ဖြစ်သည်။

ဘရိုင်ရန်ကောလိပ်တွင် ဂျွန်သည် ကမ္ဘာ့ဘာသာများကို သင်ကြားလေ့လာနေရင်းက အစ္စလာမ် အကြောင်းကို ပိုစိတ်ဝင်စားခဲ့သည်။ နောက်ပိုင်းတွင် အစ္စလာမ် အပေါင်းအသင်းများကို ရှာပေါင်းပြီး ၉/၁၁ ဖြစ်ပွားပြီး နှစ်လအကြာတွင် ဘာသာပြောင်းလိုက်သည်။ ထိုမျှမက အမည်ကိုလည်း အာရဘီအမည် ယာ့ဟ်ယာအယ်ဘာရူမီဟု ပြောင်းလဲလိုက်သည်။

မွတ်စလင်အိမ်ထောင်ရေး ဝက်ဘ်ဆိုက်တွင် တာနီယာနှင့် စာတိုအပြန်အလှန်ပို့ကာ နီးစပ်ခွင့်ရရန် ကြံခဲ့သည်။ တာနီယာက သူ့ကို ထိန်းကျောင်းပေးနိုင်မည့်သူ၊ သူ့ထက်အသက်ကြီးသူကို အမှီပြုချင်သည်။ ယာဟ်ယာက သူ့ထက် ၁၅ ရက်ခန့်ငယ်နေသည်။ သို့သော် တာနီယာ၏အပေါင်းအသင်းများက ဂျွန်၏ရုပ်ရည်ကိုကြည့်ကာ သဘောတူ နေကြသည်။ ဂျွန်ကလည်း တာနီယာထံ ကဗျာများ ရေးပို့ရုံမျှမက ချစ်သူကြားချင်သည့် စကားမှန်သမျှ သူ့ဘက်က ပြောပြနိုင်သည်ချည်းသာ ဖြစ်သည်။ မိသားစုသိုက်သိုက်ဝန်းဝန်းနှင့် ခရီး တွေထွက်ကာ လှည့်လည်ရင်း တည် ငြိမ်သောဘဝတစ်ခု ဆောင်ကြဉ်းပေး မည်ဟု အကြိမ်ကြိမ်ကတိပြုခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် လန်ဒန်မှ တာနီယာ၏ ဦးလေးအိမ်တွင် ပထမဆုံးတွေ့ဆုံချိန်တွင် ဂျွန်၏ အမွေးအမျှင်ပွပွ၊ ညှဉ်းသိုးသိုးနှင့် ကပိုကရို အဝတ်အစားတို့မှာ အလယ်ခေတ်က ပရောဖတ်တစ်ပါး အသွင်မျိုး ဆောင်နေသည်ဟု တာနီယာ ထင်မိသည်။ ဂျွန်ပြောပြသော အာရပ်များနှင့် အစ္စလာမ်အကြောင်းများက တာနီယာ၏ရင်ကို ဆွဲလှုပ်စေသလို ကမ္ဘာ့အနှံ့လျှောက်သွားပြီး အရှေ့ အလယ်ပိုင်းတွင် နေထိုင်ကြမည် ဆိုသည်ကိုလည်း သဘောကျခဲ့သည်။ နောက်ဆုံးတာနီယာ၏ မိသားစုကပင် အစ္စလာမ်သာဘာ ဝင်ထားသည့် အမေရိကန်သားလေးကို သဘောတွေ့ခဲ့သည်။ သူတို့၏သမီးတစ်ချိန်လုံး မျှော်လင့်နေသော သူမျိုးနှင့် တကယ်တွေ့ပြီဟု ဝမ်းသာကြသည်။  ၂ဝဝ၄ ခုနှစ် မတ်လ ၁၈ ရက်တွင် ဘာသာရေးဆိုင်ရာ လက်ထပ်ပွဲကို လျှို့ဝှက်ကျင်းပကာ ပေါင်းဖက်ခဲ့ကြ သည်။ တာနီယာ၏ဖခင်က ကျွေးစရာ ပါးစပ်တစ်ပေါက် လျော့သွားပြီ ဟု ကောင်းချီးပေး လိုက်သေး၏။

တာနီယာတို့ နှစ်ဦးသည် တက္က ဆက်ပြည်နယ်၌ သူတို့ကို အားပေးကြသူများနှင့်အတူနေကြသည်။ ယင်းနေရာတွင် ဂျွန်ဘာသာပြောင်း ခြင်းကို ကူညီခဲ့ကြသော၊ သူတို့၏ လက်ထပ်ခြင်းကို အားပေးခဲ့သော  သူငယ်ချင်းများနှင့် စိတ်ကူကိုယ်တူ နေထိုင်ကြသည်။ ထိုအဝန်းအဝိုင်းလေးမှ ဘာသာရေးတက်ကြွသူများက နေ့စဉ် အစ္စလာမ်အကြောင်း လေ့လာဆွေးနွေးရင်း အချိန်ကုန်စေကြသည်။ ချမ်းသာသောအာရပ်များက သူတို့ လေ့လာမှုများအတွက် ငွေကြေးအလုံအလောက် ထောက်ပံ့ပေးထားသည်။

အိမ်ထောင်ဦးတွင် တာနီယာအတွက် ယာဟ်ယာသည် သူ၏ လမ်းပြဖြစ်လာသည်။ ခင်ပွန်း၏ ဗဟုသုတများကလည်း သူ့အတွက် ကြည်နူးစရာချည်းသာဖြစ်ခဲ့သည်။ ယာဟ်ယာ၏ သူငယ်ချင်းများကလည်း ဖော်ရွေကြသလို ကမ္ဘာအနှံ့မှ လူများသူတို့ထံ လာရောက်ဆွေးနွေးကြခြင်းကလည်း မိမိကိုယ်ကိုယ် အရေးပါသူတစ်ဦးဟု ယုံကြည်မှုပိုစေခဲ့သည်။

သို့သော် အချိန်တိုအတွင်း အပြောင်းအလဲများက ဖြစ်လာသည်။ ယာ့ဟ်ယာက တာနီယာကို မွတ်စ လင်သဘာဝအတိုင်း လင်ကိုဘုရားလို ကိုးကွယ်စေလိုသည့်မူများ တဖြည်းဖြည်းချလာသည်။ လွတ်လပ်သော အတွေးအခေါ်နှင့် ကိုယ့်အယူအဆကို ရဲရဲတင်းတင်းချပြဝံ့ခဲ့သော တာနီယာလိုလူမျိုးအတွက် အစစအရာရာ ခယဝပ်တွားရသည်မှာ အခက်ဆုံး အချိန်လည်းဖြစ်နေသည်။

ယာဟ်ယာက လွတ်လပ်ပြီး အထိန်းအကွပ်မဲ့သော မိန်းမများသည် တကယ့်ပြဿနာပဲဟု စပြောလာကတည်းက သူ့ယောက်ျားသည်  မဟာပုရိသဝါဒကို အိမ်ထောင်အတွင်း၌ အကောင်အထည် ဖော်ချင်နေပြီဟု  သတိထားမိလိုက်သည်။ တာနီယာက မနှစ်သက်သော်လည်း ခွန်းတုံ့ မပြန်ခဲ့။ ကိုယ့်စိတ်ကိုယ်ဆုံးမရင်း ခင်ပွန်းသည် စကားနာခံရန်သာ ဆုံးဖြတ်ခဲ့သည်။

ဘုရားက သူ့အတွက် ခင်ပွန်းသည်ကို တာဝန်ပေးအပ်ထားသည်ဟု တာနီယာထင်၏။ ထို့အတွက် အိမ်ဦးနတ်ကို ကိုးကွယ်ကာ မွတ်စလင်အမျိုးသမီးကောင်း ဖြစ်လာရန်ကြိုးစားချင်သည်။  အောက်ကျို့လေးစားရန်၊ ကျိုးနွံ့နာခံစေရန် အချိန်ပြည့်သိမ်းသွင်းပြောဆိုနေသည့် ခင်ပွန်းသည်၏ အလိုကိုလိုက်ခြင်းက ဘုရားကို ကျိုးနွံနာခံရာ ရောက်သည်ဟု တာနီယာထင်မိသည်။ ထိုမျှမက အစ္စလာမ်ဘာသာတွင် အမျိုးသားများသည် အမျိုးသမီးများ၏ အာဏာပိုင်များအဖြစ်  သတ်မှတ်ထားသည် မဟုတ်ပါလား။

ခင်ပွန်းသည်၏ အလိုကိုလိုက်ရင်းက တာနီယာတစ်ယောက် သူ့စိတ်နှင့်သူ စစ်ပွဲဆင်နေရသည်။အ ရည်ပျော်လောက်အောင် ပူလောင်အိုက်စက်သော တက္ကဆက်နေမင်း၏အောက်တွင်  အစ္စလာမ်ဝတ်ရုံများ၊ ခေါင်းစည်းများ စည်းနှောင်ထားရ သည်မှာ အလွန်ပင်ပန်းလှသည်။ တာနီယာက အလွန်ပူသည်ဟု ညည်းပြလျှင် ခင်ပွန်းသည်က ဆင်ခြေမပေးနဲ့၊ ဘုရားကိုပဲကြောက်ဟု ခပ်ပြတ် ပြတ် အမိန့်ပေးတတ်လာသည်။

တစ်ခါတစ်ရံ မှန်ထဲတွင် သူ့ကိုယ်သူကြည့်ကာ မေးခွန်းထုတ်ခဲ့သည်။ 'ဘုရားသခင်အတွက် ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ပုန်းဝှက်ထားရသလဲ' ဟု တွေးလာမိသည်။ တစ်ချိန်က သူ့ဆံနွယ်များအကြား တိုးဝှေ့ဆော့ကစား လာတတ်သော လေပြေလေညှင်းလေးများကိုပင် လွမ်းတသသဖြစ်လာခဲ့သည်။ ယခုမူဝတ်ရုံနှင့် ခေါင်းစီးတို့ အောက်တွင် သူ၏နက်မှောင်သော ဆံပင်များက ပိပြား အိုက်စက်နေခဲ့လေပြီ။

Ref: The Convert by Abigail Pesta

ကျော်စည်သူ(သုနန္ဒခေတ်)

(ရှေ့တစ်ပတ် ဆက်ရန်)

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.