25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
မီးခိုးမှိုင်းလုံးများကြားမှာ ဆေးလိပ်ဖြတ်ဖို့ Vape စွဲနေပြီလား

လက်ဖက်ရည်ဆိုင်တွင် ဝိုင်းဖွဲ့စကားပြောနေရင်းက ကိုယ့်နောက်ကျောဝိုင်းမှ မီးခိုးတအူအူ ထွက်လာသည့်အတွက် အလန့်တကြား လှည့်ကြည့်မိတတ်သည့် အကျင့်ရှိလာခဲ့သည်မှာ တစ်နှစ်ပင် ကျော်တော့မည်။ မကြည့်ဘဲလည်းမနေနိုင်။ အခိုးအငွေ့များ ချောင်းချောင်းထအောင် အူထွက်နေပုံက မီးဖိုကိုရေဖျန်းလိုက်သလိုပင်။ ပြာစလေးများ ကိုယ့်အနား လွင့်မလာသည်မှအပ အရောင်နှင့် အခိုးအငွေ့ထုထည်က မီးငြိမ်းစမှာထွက်လာသည့် ပုံစံအတိုင်းဆိုတော့ ကြည့်မိသည်ပေါ့။

အခိုးအငွေ့မှိုင်းတို့ လှိုင်လှိုင်ထုတ်နေသည့် ကာယကံရှင် ဝိုင်းကမူ ဣနြေ္ဒမပျက်။ စကားပြောမပျက်။ အသောက်အစားလည်းမပျက်။ အခိုးအငွေ့လှိုင်လှိုင်ကလည်း မပျက်ပေ။

သူတို့၏ လက်ထဲတွင် Ecigarettes ပေါ်ထွန်းပြီးနောက်ပိုင်း  ဒီဇိုင်းအသစ်ဖြင့် အသွင်ပြောင်းထွက်ပေါ်သော Vape တစ်မျိုးမျိုးကို ဆုပ်ကိုင်ထားတတ်ကြသည်။ ဤသို့ဖြင့် လူကြားသူကြား ဆေးလိပ်ဖြတ်ရန် ကြိုးစားသူများထံမှ ထွက်လာသော အခိုးအငွေ့နှင့်အတူ အချိုရည်အနံ့မျိုးစုံတူသော ချိုအီအီကလည်း လွင့်လွင့်လာတတ်သေး၏။ ၂ဝ၁၅ ခုနှစ် ကုန်ပိုင်းမှ စတင်ခဲ့သော အခိုးအငွေ့အူအူ ဆေးလိပ်အစားထိုး Vape သောက်သုံးမှုသည် စတိုင်တစ်ခုသဖွယ် ယဉ်ကျေးမှုတသွယ် ဖြစ်လောက်အောင် ထွန်းကားလာခဲ့သည်။

မြန်မာပြည်တွင် Vape အလွန်အမင်း ခေတ်စားခြင်းက ၂ဝ၁၆ ကုန်ပိုင်းတွင်ဖြစ်ပြီး ရှစ်လကျော်ခန့် အတွေ့ရများခဲ့သည်။ ယခုအချိန်တွင်မူ ဆေးလိပ်သမားတိုင်းကြိုက်သည့် ဖွာတော်ဆက်မဟုတ် တော့ပေ။ သုံးစွဲသူများ ဆက်လက်ရှိနေသော်လည်း အရင်ကလောက် မီးခိုးခေါင်းတိုင် ကိုယ့်အနားသို့ မကြာခဏရောက်လာသလောက် မတွေ့ရတော့။ အသစ်အဆန်း မဟုတ်တော့ပေ။ 

Vape တွင် ထည့်သွင်းသောက်သုံးရသည့် E-Juice အရည်လေးများက ဈေးကြီးမှ ခံတွင်းလိုက်သည်ကများသည့်အတွက် ရေရှည်တွင် စရိတ်မထောင်းတာတော့၍လည်း ဖြစ်နိုင်၏။ အခန့်မသင့်၍ RDA, RTA, RDTA အစရှိသောကွိုင်များက ဒုက္ခပေးနေ၍လည်း ဖြစ်နိုင်၏။ ကိုယ့်အကြိုက် အခိုးအငွေ့ထွက်သည့် ပမာဏနှင့် ဝယ်မိသည့် Tank အမျိုးအစားမကိုက်၍လည်း ဖြစ်နိုင်၏။ ဘက်ထရီကမကြာခဏ ဖောက်ပြန်နေ၍လည်း ဖြစ်နိုင်၏။ နောက်ဆုံး အာသာမပြေတော့၍လည်း ဖြစ်နိုင်သည်။ Vape ကိုချကာ စီးကရက်ပြန်ခဲကြသူများက ကိုယ့်အဝန်းအဝန်း လေးမှာပင်တွေ့နေရသည်။

အဆိုးတကာ့ အဆိုးဆုံးမှာ  Vape ကို ဆေးလိပ်အစားထိုးရန်၊ ဆေးလိပ်ဖြတ်ရန် နည်းလမ်းတစ် သွယ်အဖြစ် စန်းတင်ခဲ့သော်လည်း လူငယ်များအကြား စတိုင်လ်ဖြစ်လာ သည့်အခါ လက်တည့်စမ်းကာ မကြာခဏယူဖွာကြသူများအကြား နီကိုတင်းစွဲလာ သူကလည်းရှိလာ၏။ ဤနည်းဖြင့် ဆေးလိပ်မှနီကိုတင်းနှင့် နီးစပ်အောင် Vape က ကြားက အောင်သွယ်လုပ်ပေးသလို ဖြစ်လာသည့်အခါ စီးကရက်တံဆိပ်ပေါင်းစုံမှာ အရောင်းအဝယ်မပျက်သလို ဆေးလိပ်လက်ကြားညှပ်သူ ဦးရေမှာ လည်း တိုး၍ လျော့မသွားတော့ပေ။              ထို့အတွက် Vape သည် ကင်ဆာဖြစ်စရာ ကတ္တရာစေးမပါဟု မည်မျှပင်ဆွဲဆောင်သော်လည်း Vape တစ်လှည့် ရှူဆေးလိပ်တစ် လှည့်ဖွာသူတို့ ထပ်တိုးပေါ်လာခြင်း ဖြစ်သည်။

Vape ၏ မူလဇာတိကပင်လျှင် ဆေးလိပ်ကင်းစင်ရန်မဟုတ်ပေ။ ဈေးကွက်မြှင့်တင်ရန်ပင် ဖြစ်သည်ကို သူတို့၏ ထုတ်လုပ်မှု လုပ်ငန်းသဘောကိုကြည့်လျှင် ရိပ်မိနိုင်ပါလိမ့်မည်။

ဆိုခဲ့သလို  Vape စတင် ခေတ်စားလူသုံးများခဲ့သည့် အချိန်ကို ပြန်ငဲ့ကြည့်လိုက်လျှင် အဆုတ်ကင်ဆာ အန္တရာယ်ဖြစ်စေနိုင်သော ကတ္တရာ စေးမပါသည့်အကြောင်းကို နိဒါန်းချီကာ Vape ဋီကာချဲ့ချီးမွမ်းခန်းဖွင့်ကြသည်ကို ဆေးလိပ်သမားတိုင်းနီးပါး ကြားဖူးကြပါလိမ့်မည်။ အချို့ဆိုလျှင် ဘေးအန္တရာယ်လုံးဝ မရှိဟုပင် အမွှန်းတင်မိသည်အထိ မျက်စိလည်သွားကြသည်။ ထို့နောက် အွန်လိုင်း စာမျက်နှာများထက်တွင် Vape  ဗဟုသုတ၊ Vape အရောင်းအဝယ်၊ Vape ချစ်သူစသဖြင့် Group များ ပေါ်လာသည့်အထိ တွင်ကျယ်လာခဲ့သည်။

အမှန်က Vape ကို ထုတ်လုပ်သူများသည် ကျန်းမာရေးစောင့်ရှောက်သည့် လောကသားများထဲကမဟုတ်။ ကမ္ဘာကျော်ဆေးရွက်ကြီး ထုတ်ကုန်များဖြင့် စီးပွားဖြစ်နေသည့်  Reynolds American နှင့် Philip Morris တို့ကဲ့သို့သော ကုမ္ပဏီကြီးများက Ecigerettes နှင့် Vape ဦးဆောင်ထုတ် လုပ်ကြခြင်းဖြစ်သည်။ ဆေးလိပ်ဖြတ်ရန်၊ အစားထိုးရန်ဟု မည်မျှပင် ကြွေး ကြော်နေကြသော်လည်း ထိုကုမ္ပဏီများက ၂ဝ၂၁ခုနှစ်တွင် န-ခငါမေနအအန ဈေးကွက်ကို ဒေါ်လာ၃၄ဘီလျှံမျှ တိုးပွားရရှိရန် မျှော်လင့်လုပ်ကိုင်နေသည်ဆိုလျှင် သူတို့၏ အတွင်းသဘောကို ရိပ်မိမည်ထင်ပါ၏။

၁၉၆ဝ ပြည့်လွန်နှစ်များက Big Tabacoo မှ E-Cigarette စတင် တီထွင်ထုတ်လုပ်ဖြန့်ချိခဲ့သည်။ စကတည်းက E-cigarette သည် ကလေးများနှစ်သက်သည့် သစ်ကြံပိုးခေါက်၊ မြေပဲထောပတ်အနံ့များကို ထည့်သွင်းခဲ့သည်။ ထိုသဘောသည် ဆေးရွက်ကြီးထုတ်ကုန်နှင့် ငွေရှာနေသည့် ကုမ္ပဏီများက ကလေးသူငယ်များနှင့် ဆေးလိပ်မသောက်သုံးသူများကို ပစ် မှတ်ထားမြှူဆွယ်ရန် ပြင်ဆင်ခဲ့သည်ကို တွေ့နိုင်သည်။ သကြားလုံးအနံ့နှင့် သစ်သီးအနံ့များ ထည့်သွင်းကာ ရှူရိုက်မှုဝါသနာ ထုံလာအောင် ဆွဲဆောင်ခဲ့ကြသည်။ 

E-cigarette ထုတ်လုပ်ရေး NJOY နှင့် ပို့ကုန်ပိုင်းတာဝန်ယူသူ Smoking Everywhere တို့က ဆေး ရွက်ကြီးနှင့်သက်ဆိုင်သော အမှုအခင်းများ လိုက်ပါဆောင်ရွက်ပေးလေ့ရှိသော ဥပဒေအဖွဲ့များ ငှားရမ်းကာ FDA ၏ ကန့်ကွက်ပိတ်ပင်မှုမခံရရန် အားသွန်ကြိုးပမ်းခဲ့သည်။ သူတို့ငှားရမ်းသည့် ဥပဒေအဖွဲ့များ မှာလည်း  ဆေးရွက်ကြီးကုမ္ပဏီများ အမှုရင်ဆိုင်ရသည့် အခါတိုင်း  အောင်မြင်အောင် လျှောက်လဲပေးနိုင်သော အဖွဲ့များသာဖြစ်သည်။ Redynolds Amercan, Philip Morris နှင့် အပေါင်းအပါ ဆေးရွက်ကြီးထုတ်ကုန်သမားများက  ကယ်လီဖိုးနီးယားတွင် E-cigarette တားမြစ်သည့်ကြေညာချက်ကို တိုက်ခိုက်ရန်နှင့် အခြားဆေးရွက်ကြီး ထုတ်ကုန်များကဲ့သို့ ကန့်သတ်စည်းကမ်းများဖြင့် ရောင်းဝယ်ဖောက်ကားခွင့်ရရန် ထောက်ခံစည်းရုံးပေးမည့်သူများအ ပေါ် ဒေါ်လာ ၁ ဒသမ ၂ သန်းမျှသုံးကာ ကြိုးပမ်းခဲ့ဖူးသည်။

၂ဝဝ၉ ခုနှစ်တွင်  FDA က အချိုမျိုးစုံ၏ အနံ့များထည့်သွင်းထားသည့် E-cigarette များကို Family Smoking Prevention and Tobacco Control Act အက်ဥပေဒဖြင့် တားမြစ်ရန်ကြိုးပမ်းသော်လည်း သိပ်အရာမထင်ခဲ့ပေ။ ၂ဝ၁၆ခုနှစ် သြဂုတ်လတွင်မူ E-cigrarette ကို ဆေးရွက်ကြီးအုပ်စုဝင် ထုတ်ကုန်များအဖြစ် ထည့်သွင်းနိုင်ခဲ့သည်။ E-cigrarette သည် ဆေးရွက်ကြီးဖြင့် မပြုလုပ်ထားသော်လည်း လူကိုဘေးဖြစ်စေတတ်သော အငွေ့ရှူရှိုက်သည့် ပစ္စည်းအဖြစ်မူ သတ်မှတ်နိုင်ခဲ့သည်။

တစ်ချိန်က E-cigrarette မှ စီးကရက်သို့ တစ်ဆင့်တက်ခဲ့သော လူငယ်များရှိခဲ့ဖူးသလို ယခု အချိန်တွင် Vape မှ ဆေးလိပ်သို့ ကူးပြောင်းသွားသည့် အထောက်အထားများစွာ ရှိနေပြီဖြစ်သည်။ ဒါ့မွန့်ပညာရေးသိပ္ပံ ကျန်းမာရေးမူဝါဒနှင့် ဆေးဝါးကုသမှု ကျင့်ထုံးဌာနမှ ပါမောက္ခ  Samri Soneji က ယခုနှစ်မေလတွင် ပြုလုပ်သည့် အမေရိကန် E-cigrarette ဆွေးနွေးပွဲသို့ တက်ရောက်စဉ်က အ ငွေ့ရှူခြင်း၏ ဆိုးကျိုးနှင့်ပတ်သတ်၍ လူတော်တော်များများက သိပ်အလေးမထားကြသည်ကို သတိပြုမိခဲ့ သည်။ ဆွေးနွေးပွဲတွင် သူလိုကိုယ်လို E-cigrarette ၊ Vape တို့နှင့် ပတ်သတ်သော သိပ္ပံနှင့်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်း ကြားသိရန် လာကြသူကသာ ပိုများနေသည်။ 

သူနှင့် လုပ်ဖော်ကိုင်ဖက်များ၏ လေ့လာချက်များအရ လူငယ်များတွင် ဆေးလိပ်သောက်သုံးခြင်းထက် အငွေ့ရှူရှိုက်ခြင်း နှစ်ဆမျှ ပိုမိုမြင့်မားကြောင်းနှင့် E-cigrarette ကို စသောက်ပြီးနောက်ပိုင်းမှ ဆေးလိပ်သောက်တတ်သည့် အကျင့်စွဲသွားသည့် အ ထောက်အထားများကို ပြောပြခဲ့သည်။ လူငယ်များက E-cigrarette နှင့် Vape တို့သည် အရက်၊ မူးယစ် ဆေးဝါးကဲ့သို့ စိတ်ကျရောဂါလည်းမဖြစ်၊ စိတ်နောက်ခြင်းလည်း မရှိသည့်အတွက် အန္တရာယ်မရှိဟု ဆိုကြသည်။ သို့သော် ဓာတုအနံ့ ချိုချိုများရောစပ်ထားသော  E-Juice များကို အငွေ့ထွက်လာရန် အပူတိုက်ပေးရခြင်းနှင့် ယင်းတွင်ပါဝင်သော နီကိုတင်းပမာဏကို ရှင်းရှင်းလင်း လင်းမသိဘဲ အပျော်သဘောဖြင့် သောက်သုံးနေကြသည်ကို တွေ့ရသည်ဟု ပါမောက္ခ Soneji က ပြောပြခဲ့သည်။

အစည်းအဝေးနှင့် တစ်ဆက်တည်းပြုလုပ်သည့် အမေးအဖြေ ဆွေးနွေးခန်းတက်ရောက်ချိန်တွင် အမေရိကန်မှ E-cigrarette ဈေးကွက်တွင် ထိပ်ဆုံးရောက်နေသည့် VUSE ကို ထုတ်လုပ်သည့် Johns Honkins သုတေသနသမားတစ်ဦးက ကျန်းမာရေး စောင့်ရှောက်ရေးသမားများသည် Vaping အငွေ့ရှူရှိုက်ခြင်းက အန္တရာယ်နည်းပါးကြောင်း သတင်းစကားကောင်းများ မကြာခဏ ပါး လေ့ရှိကြောင်း တုံ့ပြန်သည်။ Vaping ကို အားပေးသူများက E-cigrarette  နှင့် Vape သုံးခြင်းသည် ဆေးထိုးအပ်အသစ် သုံးသလို၊ ကွန်ဒုံးသုံးသလို အန္တရာယ်ကင်းဝေးစေသည်ဟု ဆိုလာသည်အထိ တင်စား ပြောကြားခဲ့ကြသည်။

ပါမောက္ခ Soneji ကမူ E-cigrarette နှင့် Vape သုံးကာ ဆေးလိပ်ဖြတ်ရန် အကူအညီ ဖြစ်စေသည် ဟူသောစကားသည် ခိုင်မာသည့် သိပ္ပံနည်းကျအထောက်အထားများမပါသော စကားများဖြစ်သလို မရင့်ကျက်သလောက် အန္တရာယ်များသည့် ထောက်ခံချက်မျိုးဟု ပြန်လည်ချေပခဲ့သည်။

နောက်ပိုင်းတွင် လူတော်တော်များများက Soneji ကို E-cigrarette က မည်ကဲ့သို့ လူ့အသက်ကို ကယ်ဆယ်သည့်အကြောင်းများ သက်သေသာဓကများဖြင့် စာဖွဲ့ကာ ပြောလာကြသည်။ ဆေးလိပ်ပြတ်ကာ Vape ကိုပြောင်းသုံးပြီး Vape အရောင်းဆိုင်ပါ ဖွင့်ထားသူတစ်ဦးက သူရောင်း သည့်ထုတ်ကုန်တွင် အဆုတ်ကင်ဆာဖြစ်စေသည့် ကတ္တရာစေးမပါကြောင်း ဇာချဲ့ကာ ပြောပြနေသည်မှာ E-cigrarette ကိုယ်စားလှယ်က မဲဆွယ်နေသလိုပင် တူတော့သည်။ တကယ်တမ်းတွင် ဆေးလိပ်အစား Vape နှင့် E-cigrarette သို့ ပြောင်းသုံးသည့် အချက်တစ်ချက်တည်းကြောင့် ဆေးလိပ်ပြတ်သွားသူက ကိန်းဂဏန်းအရ နည်းပါလှသည်။

ဆေးလိပ်များသည့်ဒဏ်ကို လူ့ကိုယ်က မခံနိုင်သည့်အတွက် Vape ကို ပြောင်းသုံးရင်းက ကရိကထနှင့် ငွေကုန်ကြေးကျများကာ နောက်ဆုံးဆေးလိပ်ဘက်သို့လည်း ပြန်မသွားရဲ သည့်အတွက် ယတိပြတ် ဖြတ်ချလိုက်သည့်အတွက် ပြတ်သွားသူကပိုများသည်။ ဤသည်ကိုကြည့်လျှင် ဆေးလိပ်ဖြတ်သည့်နည်းထဲမှ အကောင်းဆုံးနည်းဖြစ်သည့် ယတိဖြတ် တုံးတိစိတ်ပိုင်းဖြတ်သည့်နည်းကသာ အခရာဖြစ်သည်ကို တွေ့ရမည်။

လူတိုင်းနီးပါးက ကတ္တရာစေးမပါ၍ ဘေးမရှိဟုဆိုသော အချက်တစ်ချက်တည်းကိုကြည့်ကာ ဆုံးဖြတ်ပြောဆိုနေကြ၏။ သို့သော် Vaping တွင် အငွေ့ရှူရှိုက်ခြင်းကြောင့် နှလုံးအ ပေါ်သက်ရောက်မှုများ၊ နီကိုတင်း၏ဆိုးကျိုးများ ဓာတုဆေးအရည်ဖြစ်သော E-Juice ကို ကွိုင်နှင့်အပူပေးကာ ထွက်လာသော အနံ့နှင့်အငွေ့ကို ရှူရှိုက်ခြင်းကြောင့် ဖြစ်ပေါ်လာစေသည့် နှလုံးရောဂါအကြောင်းကိုမူ ထည့်သွင်းပြောကြားသူမှာ မရှိသလောက်ပင် နည်းပါးလှသည်။ Vaping အပေါ် နှစ်သက်အားပေးနေသည့် Consumer Advocates for Smoke-free Alternatives Association ဆိုလျှင် 'အငွေ့ရှူရှိုက်ခြင်းက အသက်ပေါင်းများစွာကို ကယ်တင်စေသည်' ဟူသော စာတန်းပါ တီရှပ်များကိုပါ ရောင်းချသည်အထိ အားပေးခဲ့ကြသည်။

အမေရိကန် E-cigrarette အစည်းအဝေးအပြီးတွင် Vaping 360 ဟု ခေါ်မည့် မီဒီယာပြန်ကြားရေးက ပါမောက္ခ Soneji ကို Vaping ဆန့်ကျင်ရေး ဝါဒဖြန့်သူအဖြစ် ရည်ညွှန်း ကြသလို သူ့လိုအခြားပညာရှင်များကိုလည်း ဘယ်သူဘယ်ဝါမှန်းမသိနိုင်သော ကြောက်စရာ သုတေသန သမားများဟုပင် တိုက်ခိုက် ပြောဆိုလာကြသည်။

Vaping အလေ့အထအပေါ်တွင် မည်မျှပင် ကောင်းကွက်များရှာကာ ကာကွယ်စေကာမူ ဆေးလိပ် အစားထိုးနိုင်သည့် အကောင်းဆုံးသော အခြားပစ္စည်းတစ်မျိုးမျိုးမှာ မထွက်ပေါ်သေးပါဟု ပညာရှင်များကဆို၏။ သိပ္ပံပညာရှင်များက အငွေ့ရှူရှိုက်ခြင်းကြောင့် အဆုတ် ထိခိုက်မှုများအကြောင်းကို သုတေသနပြုမှုများ စတင်နေပါပြီ။ ရှေ့ပိုင်းက သုံးသပ်ချက်တစ်စောင်တွင် E-cigrarette သည် အဆုတ်ကို အဆိပ်အတောက် သိသိသာသာ ဖြစ်စေနိုင်ခြင်းရှိမရှိ စမ်းသပ်နေပြီး ရည်ရှည်သုတေသန လုပ်ရမည်ဟုဆိုသည်။ လက်တလောတွင်မူ Vaping ကြောင့် ဖြစ်လာမည့် ဆိုးကျိုးများသာမက Vape စွဲလမ်းမှု ပျောက်စေသည့် နည်းများအထိ ထွက်ပေါ်လျက်ရှိသည်။

E-cigrarette နှင့် Vape အတွက် သုတေသနများတွင် ဆေးရွက်ကြီးကုမ္ပဏီများနှင့် ပူပေါင်းလုပ်ဆောင်သည့်အဖွဲ့နှင့် သီးခြားသုတေသန အဖွဲ့များအကြားရလဒ်များ ကွဲပြား နေသည်ကလည်း စဉ်းစားစရာရှိသည်။ ယခုနှစ် ဧပြီလက ဗြိတိန်-အမေရိကန် ဆေးရွက်ကြီး (BAT) က Vaping တွင်အသုံးပြုသည့် ဓာတုဗေဒဓာတ်များသည် သာမန် စီးကရက်တွင်ရှိသော အဆိပ်အတောက် အန္တရာယ်ထက် ၉၅ ရာခိုင်နှုန်းမျှ လျော့နည်းသည်ဟု ကြေညာခဲ့သည်။ သို့သော် သူတို့နှင့် ပူးပေါင်းထားသည့် သုတေသနသမားတို့၏ ထုတ်ပြန် ချက်သာဖြစ်သည့်အတွက် ချင့်ချိန်ယုံ ကြည်ရန်သာ ရှိသည်။ ထိုမျှမက သီအိုရီအရ ထွက်လာသည့် အဖြေသည် လက်တွေ့နှင့် တစ်ထပ်တည်း ကျမကျဆိုသည်ကို မည်သူကမှ အာမခံနိုင်မည် မဟုတ်ပေ။

ဆေးရွက်ကြီးကုမ္ပဏီများ၏ ထောက်ပံ့မှုမပါဘဲ သီးခြားစစ်ဆေးသည့် သုတေသနရလဒ်များမှာမူ တစ်မျိုးတစ်ဘာသာ ဖြစ်နေသည်။

ရလဒ်မှာ ဆန့်ကျင်ဘက်သဘော ဆောင်နေလေသည်။ မြောက်ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနသမားများ၏ အသစ်တွေ့ရှိချက်များအရ Vape သုံးစွဲသူများတွင် အနီပိမ့်များထသည့် အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားသည်ကို တွေ့ရသည်ဟု ဆိုသည်။ ထို့ပြင် ရင်ကျပ်ပန်းနာ၊ နာတာရှည် ရောဂါများကိုလည်း အားပေးသည်ဟု ဆိုကြသည်။

လေ့လာမှုကို ဦးဆောင်ခဲ့သူ Dr Mehmet Kesimer က စီးကရက်ထက် E-cigrarette များက ပို၍ စိတ်ချရသည်ဟုပြောရန်မှာ အချိန်စောလွန်းနေကြောင်း၊ ကနဦးလေ့လာမှုများ၌ပင် ဆေးလိပ်သောက်သုံးသလောက် ဆိုးရွားစေသော အချက် များ တွေ့နေရသည်ဟုဆိုသည်။ သူက ပန်းသီးနဲ့ လိမ္မော်သီးကို နှိုင်းယှဉ်ပြီးပြောရသလို ဖြစ်နေကြောင်းလည်း ဆိုသည်။

ကမ္ဘာပေါ်တွင် E-cigrarette သို့မဟုတ် Vape တစ်မျိုးတည်းသာ သောက်သုံးသူဟူ၍လည်း ရှာရခက်နေသည်က သုတေသနကို နှောင့်နှေးစေသည့် အချက်လည်းဖြစ်သည်။ ထို့အတွက် ဆေးလိပ်မသောက်သူ၊ သောက်သုံးသူနှင့် Vape သမားတို့၏ သလိပ်ကိုယူကာ စစ်ဆေးသည့် အခါ တွင်လည်း Vape သမားများသည် တစ်ချိန်ကဆေးလိပ်သမား ဖြစ်ခဲ့ဖူးသည့်အတွက် ဆုံးဖြတ်ရခက်သွားတတ်သေးသည်။

ထို့အပြင် အငွေ့ရှူရှိုက်သည့် Vaping တွင် ရေ၊ ဓာတုဆေးရည်၊ နီကိုတင်း၊ ဆေးခြောက် အစရှိသော အမျိုးအစားအနက် တစ်မျိုးမျိုးသော် လည်းကောင်း၊ ပေါင်းစပ်၍လည်း ကောင်းသောက်သုံးကြသဖြင့် ရေငွေ့ချည်းသက်သက် သုံးစွဲသူနှင့် နီကိုတင်းပမာဏများများပါသည့် အရည်ကို ထည့်သွင်းသောက်သုံးသူများအကြား ကွာခြားချက် ရှိနေသည်မှာ လည်းအသေအချာပင်ဖြစ်သည်။

ဟားဗတ်မှ သုတေသနသမားများက Vape အများစုတွင် တွေ့ရ သည့် အနံ့များသည် အဆုတ်တွင် ယာယီ သို့မဟုတ် တစ်သက်တာ အမာရွတ်ကလေးများဖြစ်စေသည်ကို တွေ့ရသည်ဟု ရေးသားကြ၏။ အနံ့များတွင် အသုံးပြုသည့်  ဓာတုဆေးများက အဆုတ်မှသေးငယ်သည့် လေပြွန်လမ်းကြောင်းများကို စနစ်တကျဖျက်စီးပစ်ပြီး လေပြွန်ငယ်များ ပိတ်သွားစေသည်ဟု အဖြေထုတ်ထားသည်။

Vape များ E-cigrarette များသည် ဘက်ထရီစနစ်ဖြင့် အလုပ် လုပ်သည့်အတွက် လစ်သီယမ်အိုင်း ရွန်း အမျိုးအစားသုံးထားသော Device များတွင် အပူလွန်ခြင်းကြောင့် ထပေါက်သည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။

နယူးယောက်မှ Kenneth Barbero ဆိုသူသည်လည်း ထိုသို့ သောပေါက်ကွဲမှုဖြင့် ကြုံခဲ့သဖြင့် CNN က တွေ့ဆုံးမေးမြန်းကာ ထုတ်လွှင့်ပြသခဲ့ဖူးသည်။ ပေါက်ကွဲမှုကြောင့် Kenneth Barbero ၏ လျှာပေါက်သွားပြီး လက်လည်းလောင် ကျွမ်းသွားသည်။ သွားအချို့လည်း ပြန်ကုသလိုက်ရသေးသည်ဟု ရင်ဖွင့်ခဲ့ဖူးသည်။

ဓာတုဆေးရည်တွင်လည်း Vape တွင် စီးကရက်နည်းတူ လူသေလောင်းများ မပုပ်မသိုးအောင်သုံး သည့် ဖော်မယ်ဒီဟိုက်ဒ်နှင့် အမ်ဘလင်းဓာတ်ငွေ့များသည် သူ၏အရည်တွင် ပါဝင်နေသည်။ အော်ရီကန်မှ ပိုလန်တက္ကသိုလ်၊ ဓာတုဗေဒနှင့် စက်မှုအတတ်ပညာရှင် ပါမောက္ခ James F. Pankow ၏ တွေ့ရှိချက်အရ Vape တွင် အသုံးပြုသည့်အရည် ဖော်မဒီဟိုက် ၁၄ မီလီဂရမ်အထိ ပါဝင်နေသည်ဟုဆို၏။ သာမန်စီးကရက်တစ်လိပ်တွင် ဝ ဒသမ ၁၅ မီလီဂရမ် ပါဝင်နေသည်။ တစ်ဘူးလုံးဆိုလျှင် ၃ မီလီ ဂရမ်သာပါသည်။ ထို့အတွက်  Vape သမားက စီးကရက်သမားထက်ပင် ဖော်မဒီဟိုက်ဒ်ကို ပိုမိုသုံးစွဲနေသည်ကို သတိပြုမိစေချင်သည်။ ယင်းဓာတ်ငွေ့သည့် ကတ္တရာစေးမဟုတ်သည့်တိုင် အဆုတ်ကင်ဆာ အားပေးသည့် ဓာတ်ပင်မဟုတ်ပါလား။

Vape နှင့် E-cigrarette တို့က အရက်လို၊ မူးယစ်ဆေးဝါးလို မဟုတ်သည့်အတွက် စိတ်ကျရောဂါနှင့် ပတ်သက်မှုမရှိဟု စန်းတင်ခဲ့သမျှသည်လည်း ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဆန်ဒီယာရိုဆေးကျောင်းက သုတေသနများ၏ တွေ့ရှိချက်အောက်တွင် မှေးမှိန်သွားခဲ့သည်။ သူတို့ လေ့လာမှုအရ ဆေးလိပ်ကဲ့သို့ပင် အထီးကျန် သင်းကွဲနှင့် စိတ်ကျရောဂါဖြစ်သူများ ထဲတွင် ဠစေန သမားတို့ ပါဝင်နေပြီး သာမန်စိတ်ကျသူများထက် သုံးဆမျှပိုမိုများပြားသည်ဟု ဆိုသည်။ သို့ သော် Vape  နှင့် တိုက်ရိုက်ပတ်သတ်သည့် အထောက်အထားထက် အငွေ့ရှုရှိုက်မှုဝါသနာပါသူများ စိတ်ကု ခန်းတွင် လာစုသလိုဖြစ်သည့် အချက်ကိုပို၍ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။

ဆေးလိပ်နှင့် ကျန်းမာရေး လှုပ်ရှားမှုများကို ကြည့်လိုက်လျှင် လူအများစုသည် အဆုတ်ကင်ဆာကို ကြောက်ကာ နောက်တွန့်သွားသူများရှိသဖြင့် ဆေးလိပ်ကင်းစင်ရေးတွင် ကင်ဆာကိုသာ ရှေ့တန်းတင်ကာ ခြောက်လှန့်သတိပေးတတ်ကြသည်။ အမှန်တွင် တစ်ကမ္ဘာလုံးနှင့် ယှဉ်ကြည့်လျှင် ဆေးလိပ်ကြောင့် သေဆုံးမှုများထဲတွင် အဆုတ်ကင်ဆာထက် နှလုံးရောဂါနှင့် ဇီဝကမ္မ ပြောင်းလဲခြင်းကြောင့် ရောဂါဖြစ်ခြင်းများက နှစ်ဆမျှပိုများ နေသည်ကိုမူ သိသူနည်းသလို ထည့်ပြောသူလည်း နည်းလှသည်။

ကတ္တရာစေးက ကင်ဆာကို ဖြစ်စေပြီး နီကိုတင်းများစွာ သုံးစွဲခြင်းနှင့် ဓာတုဆေးရည်ကို မီးတိုက်ကာ ရှူရှိုက်ခြင်းက နှလုံးနှင့် ဇီဝကမ္မဆိုးကျိုးများကို ပိုမိုဖြစ်စေသည်။ ထို့အတွက် E-cigrarette နှင့် Vape တို့ သည် ကတ္တရာစေး မပါရှိရုံမျှနှင့် ဘေးမရှိတော့ဟု မျက်စိမှိတ် ယုံကြည်ရန် မသင့်ပေ။

ထို့အတွက် မိမိယုံကြည်သုံးစွဲနေသည့် အရှူအရှိုက်ကိရိယာက ကမ္ဘာပေါ်တွင် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ် လာစေရန်နှင့် အလေ့အကျင့်ဆိုးတစ်ခုနှင့် ယဉ်ပါးစေရန်အတွက် အစဉ်သွေးတိုးစမ်း မြှူဆွယ်နေသည်ကို အထူးသတိပြုမိစေချင်ပါတော့သည်။

ကျော်စည်သူ (သုနန္ဒခေတ်)

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.