14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ခန္ဓာအဟောင်း ရောင်းရန်ရှိသည်

ကိုဒီဆောင်းဒါးစ်သည် လူ့လောကထဲသို့ ချူချူချာချာ ရောက်လာခဲ့သည်။ သူသည်မွေးကတည်းက ကျောက်ကပ်လည်းမကောင်း၊ နှလုံး၌လည်း မွေးရာပါ အပေါက်နှင့် လူဖြစ်လာခဲ့ရရှာသည်။  ၁၉၉၄ ခုနှစ်တွင် မွေးဖွားခဲ့သော ကိုဒီသည် ခေတ်ကာလသားတို့ ထုံးစံအတိုင်း အချို့သော နေ့ရက်များတွင် Facebook တင်ရန် Selfie ဆွဲလျက် ပျော်ရွှင်နေတတ်သော်လည်း အခြားနေ့ရက်များတွင်မူ ဆေးရုံကို အိမ်ဦးနှင့် ကြမ်းပြင်သဘောထားကာ အခေါက်ပေါင်း ထောင်ချီကာသွားခဲ့ရရှာ၏။ ထို့အတွက် ဝမ်းဗိုက်တွင် ပတ်တီးဗလပွနှင့် နာကျင်နေသည့် ပုံများကိုလည်း မကြာခဏ စိတ်ဖြေရာအဖြစ် တင်တတ်သေး၏။

ကိုဒီ၏ အိမ်ဆိုသည်ကလည်း အရှေ့တန်နက်စီပြည်နယ်ရှိ ရွှေ့ပြောင်းယာဉ်တန်းများ စခန်းချရာနေရာမှ တစ်ခုသော နောက်တွဲယာဉ်တစ်စီးသာဖြစ်သည်။ ကိုဒီအဖို့ အနည်းငယ်နေကောင်းသည်နှင့် သူ့ဖခင်၏ စိုက်ခင်းထဲလိုက်ကာ ကူညီလုပ်ကိုင်ပေးတတ်သည်။ ခိုင်းနွားများ အစာကျွေး၊ မြက်ခြောက်များစုပုံပေးခြင်းက သူသက် သာချိန်တွင် ထမ်းဆောင်သော မိသားစု တာဝန်များသဖွယ်ဖြစ်၏။

သူ၏ Facebook Profile တွင် သူနှင့်သူ့ခန္ဓာကို လက်သင့်ခံနိုင်မည့် မိန်းလေးတစ်ယောက် ရှာနေပါသည်ဟု ရေးသားကာ အွန်လိုင်းတစ်ခွင် လူပျိုလှည့် နေလိုက်သေးသည်။ သို့သော် သူ့အကြောင်း သူသိသည်ထင့်။ ၂ဝ၁၅ ခုနှစ်၊ ခရစ္စမတ်နေ့တွင်မူ သူ၏ပို့စ်၌ ''ဟုတ်ပါတယ်။ ကျွန်တော်ဟာ ရုပ်ဆိုးကြီးပါ''ဟု ဖွင့်ဟလိုက်ပြန်သည်။

မွေးဖွားချိန်မှ အသက်ရှင်နေထိုင်သည့် ကာလတစ်လျှောက်လုံး ခွဲစိတ်ကုသမှုပေါင်း ၆၆ ကြိမ်မျှ အံတုရင်ဆိုင်ခဲ့ရပြီး ကျောက်ကပ်ဆေးသည့် အကြိမ်ပေါင်း ၁၇ဝဝ ခန့်ကို ကြိတ်မှိတ်ခံစားခဲ့ရသော ကိုဒီသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂ ရက်တွင် ဆေးရုံသို့ ကျောက် ကပ်ဆေးရန်အသွားလမ်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားရှာသည်။ ထိုနေ့သည် မှတ်မှတ်ရရ ကိုဒီ၏ ၂၄ နှစ်ပြည့် မွေးနေ့လည်း ဖြစ်သည်။

အလွန်ဆင်းရဲသည့် ကိုဒီ၏မိဘနှစ်ပါးသည် တစ်ဦးတည်းသော သား၏အလောင်းကို မီးသဂြုင်္ိဟ်ရန်စရိတ်မရှိ။ ဂူသွင်းမြေမြှုပ်ရန်မှာ ပို၍ပင်ဝေးတော့၏။ ထို့အတွက် ကိုဒီအလောင်းကို ဒေသတွင်းက ဆင်းရဲသားတို့ ထုံးစံအတိုင်း Restore Life USA အဖွဲ့ထံသို့ လှူဒါန်းလိုက်တော့သည်။

ကိုဒီကွယ်လွန်ပြီး တစ်လအကြာတွင် Restore Life က လူငယ်တစ်ဦး၏ ကိုယ်ခန္ဓာအစိတ်ပိုင်းဟု အမှတ်အသားရေးထိုးထားသော ကိုဒီ၏ ကျောရိုးတစ်စိတ်တစ်ပိုင်းကို ဒေါ်လာ ၃ဝဝ ဖြင့်ရောင်းချလိုက်သည်။

အရောင်းအဝယ်အတွက် လိုအပ် သည့် အီးမေးလ်များ အပြန်အလှန် ပေးပို့ပြီးနောက် ပစ္စည်းပို့ခ အပါအဝင် စုစု ပေါင်း ဒေါ်လာ ၄၅ဝ ဖြင့် ရောင်းချ လိုက်သည်။ Restore Life သည် ဆင်းရဲနွမ်းပါးသဖြင့် နာရေးကို ကိုယ်တိုင်မချနိုင်သော မိသားစုများမှ လာရောက် လှူဒါန်းသည့်အလောင်းများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို  ပြန်လည်ရောင်းချပေးနေသော လုပ်ငန်းတစ်ခုပင်။ အထူးသဖြင့် သုတေသနသမားများ၊ တက္ကသိုလ်များနှင့် ဆေးပညာသင်ကျောင်းများက သူ၏ အဓိကဖောက်သည်များဖြစ်သည်။

သို့သော် ကိုဒီ၏ ကျောရိုးဆစ်ကို ရောင်းချရာတွင်မူ Restore Life သည် ပေါ့ပေါ့တန်တန် လုပ်ဆောင်မိသည်။ ဝယ်ယူရန် ကမ်းလှမ်းလာသူ၏ အီးမေးလ် အထောက်အထားများကို သေသေချာချာ စစ်ဆေးခြင်းမရှိဘဲ ခပ်လွယ်လွယ် ရောင်းပေးခဲ့သည်။  ထိုဝယ်လက်သို့ ကိုဒီ၏ ကျောရိုးဆစ် ကို ရောင်းချပြီး နောက်ပိုင်း လူ့ဦးခေါင်း နှစ်လုံးကိုလည်းတစ်ခေါင်းလျှင် ဒေါ်လာ ၃ဝဝ ဖြင့်ပင် ထပ်မံ ရောင်းချလိုက်သေးသည်။

အမှန်က ကိုဒီ၏ကျောရိုးဆစ်နှင့် ဦးခေါင်းနှစ်လုံးကိုဝယ်ယူသူမှာ ဆေးပညာ လောကသားမဟုတ်။ ရိုက်တာသတင်းဌာနမှ သတင်းထောက်တစ်ဦးသာဖြစ်သည်။ သတင်းအေဂျင်စီအနေဖြင့် ခန္ဓာ ဟောင်း အရောင်းအဝယ် ဈေးကွက် သည် မည်မျှအထိ အလွယ်လိုက်ကာ ပေါ့ပေါ့တန်တန် လုပ်ကိုင်နေသည်ကို ဖော်ထုတ်လို၍ ခန္ဓာဗေဒ ပညာရှင်တစ်ဦးနှင့် တိုင်ပင်ကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုမျှမက ရောင်းကုန်သ ဖွယ်ဖြစ်နေသော ခန္ဓာဟောင်း အစိတ်အပိုင်းများသည်လည်း ဆေးလောကအတွက် မည်မျှအထိ အကျိုးပြုသည်ကို သိလိုသည့်အတွက် ထိုသို့ဝယ်ယူခြင်းလည်း ဖြစ်သည်ကို Restore Life က အစတွင် မသိခဲ့ပေ။ အကယ်၍သာ စကတည်းက ဂရုစိုက်ခဲ့လျှင် ဝယ်လိုသူ၏ အမည်ဘရိန်းဂရိုးကို Google ၌ ရိုက်ထည့် ကြည့်လိုက်ရုံဖြင့် သတင်းထောက် တစ်ဦးဖြစ်နေသည်ကို အလွယ်တွေ့ ရမည်ဖြစ်၏။

အမေရိကန်ပြည်ထောင်စုတွင် သေဆုံးသူ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို သက်ရှိလူနာတစ်ဦးထံသို့ အစားထိုးကုသရန် ရောင်းဝယ်ဖောက်ကားခြင်း မပြုရဟု တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။  သို့သော် ခန္ဓာဟောင်းနှင့် အခြားအစိတ် အပိုင်းများ ရောင်းဝယ်ခြင်းမပြုရဟူသည့် ဥပဒေမျိုးမရှိပေ။ အထူးသဖြင့် အသင်းအဖွဲ့၊ လုပ်ငန်းတစ်ခုခုသို့ လိုရာသုံးအဖြစ် လာရောက်လှူဒါန်းသည့် အလောင်းကို စိတ်တိုင်းကျ ရောင်းချခြင်း၊ လက်လွှဲ ပိုင်ဆိုင်ကြ ခြင်းသည် ဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်မဟုတ်ပေ။ ယခု ကိုဒီ၏ ကျောရိုးဆစ်နှင့်ပတ်သက်၍ ဆွေး နွေးမေးမြန်းခဲ့ကြသော  ဥပဒေပြုသူများ၊ အစိုးရအရာရှိများ၊ ပါမောက္ခ များကိုယ်တိုင်က ဥပဒေမဲ့လုပ်ရပ်ဟူ၍ မဆိုကြပေ။

ထို့အတွက် အမေရိကန်တွင် အွန်လိုင်းမှတစ်ဆင့် ဝိုင်တစ်ပုလင်း ဝယ်ယူခြင်းအတွက် ထားရှိရမည့် အနိမ့်ဆုံး အသက်ကန့်သတ်ချက်အပေါ် ငြင်းခုံဆွေးနွေးလို့ မဆုံးနိုင် အောင် ဖြစ်နေကြသော်လည်း  အလောင်းနှင့် ခန္ဓာဟောင်း၏ ကိုယ် အင်္ဂါအစိတ်အပိုင်းများ ရောင်းဝယ်ခြင်းတွင်မူ အကန့်အသတ်မဲ့ကာ ပိုမို လွတ်လပ်လွယ်ကူသလို ဖြစ်နေသည်။ ကြိုက်ရောင်းကြိုက်ဝယ် သဘောမျိုး ရောင်းချနေကြသည်။ ထို့အတွက် Restore Life မှ ကိုဒီ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း ရောင်းချသည့် ဖြစ်ရပ်သည် ဥပေဒဘောင် အတွင်းကဖြစ်သလို မမှန်မကန် လုပ် ရပ်လည်း မည်တော့မမည်ပေ။

သို့သော် လူသေအလောင်းကို တစ်စစီဖြုတ်ပြီး ကောင်းနိုးရာရာ ကျန်အင်္ဂါများကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားကာ ဝယ်လိုအားရှိလျှင် လို သလိုထုတ်ရောင်းနေခြင်းက လူ့ကျင့်ဝတ်အရ သင့်တော်ပါ၏လောဟု မေး သင့်လှသည်။  သေဆုံးသူ၏ ဂုဏ်သိက္ခာနှင့် သူ့အပေါ်ထားရှိအပ်သော လေးစားမှုတို့ကို ထိခိုက်စော်ကားရာ မရောက်ဘူးလားဟုလည်း မေးစရာ ရှိပြန်လာသည်။

 

ကိုဒီဆောင်းဒါးစ်

ကိုဒီ၏ကိုယ်ဝန်ကို လွယ်ထားသည့်အချိန်က နှုန်းလွန်အသံလှိုင်း Ultrasound ရိုက်ခြင်း၊ မိခင်၏ ကျန်းမာရေးစစ်ဆေးခြင်းများ မှန်မှန်ပြု လုပ်ခဲ့သော်လည်း မည်သည့် လက္ခဏာ ဆိုးမျှမပြခဲ့ပေ။ သို့သော် ၁၉၉၂ ခုနှစ် သြဂုတ်လ ၂ ရက်တွင် ကိုဒီတစ် ယောက် လူ့လောကထဲသို့ စရောက်စကတည်း သေမင်းနှင့်တန်းပြီး စစ် ခင်းရတော့သည်ဟု ကိုဒီ၏ မိခင် အန်ဂီဆောင်းဒါးစ်က ဆိုသည်။

နှလုံး၌ အပေါက်ပါပြီး၊ ကျောက်ကပ်က ပျက်စီးနေသလို ကိုဒီတွင် စအိုလမ်းကြောင်းလည်းမပါရှိပေ။ မွေးဖွားရာ နယ်ဆေးရုံလေးမှ တန် နက်ဆီဆေးကုသရေး စင်တာသို့ ချက်ချင်းပြောင်းရွှေ့ကာ သုံးလမျှ အသက်လုခဲ့ရသည်။ အသက်နှစ်နှစ်အထိ အစာချေပြွန်နှင့်သာ နေရခဲ့၏။ နို့မသောက်ရ။ ချောကလက်မစားရ။ ဆားနှင့် လုံးဝမတည့်။ ခရမ်းချဉ်သီးရှောင်ရသည်။ ထောပတ်ချောင်းလေး နှစ်ကိုက်လောက်နှင့် အသီးဖျော်ရည် အနည်းငယ်ကသာ ကိုဒီအတွက် နေ့စာရော ညစာပါ ဖြစ်သည်။

တစ်ပတ်လျှင် သုံးကြိမ်မျှ ကျောက်ကပ်ဆေးရပြီး တစ်ကြိမ်ဆေးလျှင် လေးနာရီကြာမြင့်၏။ ထို့အတွက်လည်း ကိုဒီ၏အသက် တစ်ဝက်ခန့်သည် ဆေးရုံ၌ပင် အချိန်ကုန်သွားသည်က များခဲ့သည်။

ကိုးနှစ်အရွယ်တွင် ကျောက်ကပ် အစားထိုးကုသနိုင်သည့်အတွက် စာသင်ချိန်လည်း ပိုထွက်လာသလို ရေကူးလည်း သင်နိုင်ခဲ့သည်။ အကောင်းဆုံးက ကျောက်ကပ်ဆေးရန် မလိုတော့ခြင်းက ဝမ်းအသာဆုံး ဖြစ်ခဲ့သည်။ သို့သော် ကျောက်ကပ် အသစ်သည် ငါးနှစ်သာ အလုပ်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဖောက်သွားသဖြင့် ဆေးရုံသို့ အရေးပေါ် ရဟတ်ယာဉ်ဖြင့် တင်ပို့ခဲ့ရပြန်သည်။ ထိုအချိန်မှစကာ ကွယ်လွန်ချိန်အထိ ကျောက်ကပ်ဆေးခြင်း ဒုက္ခကို မဖြစ် မနေ ရင်ဆိုင်ခဲ့ရတော့သည်။

အသက် ၁၄ နှစ်တွင် ကိုဒီသည် ကလေးသူငယ်ပန်းချီ ပြိုင်ပွဲတွင် ဆုရခဲ့သည်။ ၁ဝ တန်းနှင့် ကျောင်းထွက်လိုက်ပြီး သူ၏ နောက်ဆုံးနှစ်များတွင် အထီးကျန် ဖြတ်သန်းခဲ့ရရှာသည်။

 

အလောင်းပွဲစား

Restore Life ကို တည်ထောင်သူ ဂျိမ်းစ်ဘရက်ဒ်သည် ခန္ဓာဟောင်း အစိတ်အပိုင်းများ ရောင်းချခြင်း လုပ်ငန်းတွင် နှစ်ပေါင်း ၂ဝ နှစ်မျှ ကျင်လည်နေသူဖြစ်သည်။ အရှေ့ တန်နက်စီနယ်ဖွား ဘရက်ဒ်သည် Restore Life ကို မတည်ထောင်မီက မန်ဖစ်အနီးတွင် တည်ရှိသော American Donoe Services တွင် စီမံညွှန်ကြားသူအဖြစ် အလုပ်လုပ် ခဲ့သည်။ လူတစ်ဦးသေဆုံးပြီးသည့် နောက်ပိုင်း လှူဒါန်းမှုရေးရာဝန် ဆောင်မှုတစ်ခုခုသို့ လိုသလိုသုံးရန် ပေးလှူခြင်းအပေါ် လက်ခံဆောင် ရွက်ပေးသော လုပ်ငန်းများကို “nonprofit tissue bank” များဟု ခေါ်ကြသည်။

အကျိုးအမြတ်အတွက် မဟုတ်သော တစ်ရှူးဘဏ်ဟု ဆိုသော်လည်း လာရောက်လှူဒါန်းသည့် ကျန်ရစ်သူမိသားစုကို ငွေကြေးတစ်စုံတစ်ရာ ပြန် ပေးတတ်ကြသလို၊ အလောင်းကိုလည်း သက်ဆိုင်ရာ နေရာအသီးသီးသို့ ပုံစံအမျိုးမျိုးဖြင့် ရောင်းချကြသည်။ ထို့အတွက်လည်း သူတို့ကို ပွဲစားများဟုလည်း ခေါ်ကြ၏။ ခန္ဓာဟောင်း အရောင်းအဝယ်စင်တာ သဘောပင် ဖြစ်နေလေသည်။

American Donor ဆိုလျှင် အလောင်းအစိတ်အပိုင်းမှ လူသားတစ်ရှူးဖြင့် ကုသသော အရိုးဆက် ကုထုံးအတွက် လိုအပ်သော တစ်ရှူးကို နှစ်ပေါင်းများစွာ  ဖြည့်တင်းပေးရာ လုပ်ငန်းတစ်ခုဖြစ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်ရောက်သည့်အခါ American Donor သည် အမှုတစ်ခုနှင့် တရားရင်ဆိုင်ခဲ့ရပြီးနောက် အရိုးကုသသူ ဖောက်သည်သစ်တစ်ဦးထံသို့ လုပ် ငန်းကို လွှဲပြောင်းပေးလိုက်ရသည်။

ပိုင်ရှင်သစ်က ခန္ဓာဟောင်း လှူဒါန်းသူများကို ဒေါ်လာတစ်သောင်းအထိပေးခဲ့သည်။ ထို့နောက်  American Donor သည် အချိန်တိုအတွင်း သွေးကြောဆိုင်ရာ တစ်ရှူး ဘဏ်အဖြစ် ပြောင်းသွားသည့်အခါ ဘရက်ဒ်သည်အလုပ်မှ ထွက်လိုက် သည်။ ၂ဝဝ၈ ခုနှစ်တွင် Restore Life ကို စတင်တည်ထောင် လိုက်၏။

တန်နက်ဆီပြည်နယ် အဲလစ်စဘက်တန်တွင် အခြေစိုက်သော Restore Life သည် လိုအပ်သော ခန္ဓာဟောင်းများကို တန်နက်ဆီ၊ ဗာဂျီးနီးယား၊ မြောက်ကယ်လီဖိုးနီး ယားတို့မှ အဓိကရယူသည်။ Restore Life သည် အလောင်းကို အိမ်တိုင်ရာ ရောက်လာယူပြီးနောက်  ဈေးကွက်အတွက် အသုံးမပြုသည့် အစိတ်အပိုင်းများကို မီးသဂြုင်္ိဟ်ကာ အရိုးပြာကို ကျန်ရစ်သူမိသားစုထံသို့ ပြန်ပေးတတ်သည်။

၂ဝ၁၁ ခုနှစ်တွင် ဘရက်ဒ်သည် ဆူလီဗန် (Sullivan) ကျေးလက် ဒေသတွင် သူ၏ လုပ်ငန်းအတွက် လူထုမိတ်ဆက်ပွဲ လုပ်ခဲ့သည်။ ထိုစဉ်က မီးသင်္ဂြိုဟ်ရန် ပေးဆောင်ရသည့် များပြားလှသော အခွန်အခကို အကြောင်းပြုကာ လူမွဲများအတွက် ကိုယ်စားမီးသင်္ဂြိုဟ်ပေးသည့် လုပ်ငန်းတစ်ခုသဖွယ် မိတ်ဆက်ခဲ့သည်။ လက်ရှိအချိန်အထိလည်း ဆူလီဗန်မှ ဆင်းရဲသားများက နာရေးရှိလျှင် Restore Life ကို အားကိုးနေကြရသည်။ ကျန်ရစ်သူမိသားစု၊ ဥပဒေ သမားများနှင့် Restore Life တို့ သုံး ဘက်စလုံး ကျေနပ်ကြသည်ကများသည်။

Restore Life ၏ လုပ်ငန်းသည် မည်မျှအထိ အောင်မြင်သည်ကို သိလိုလျှင် နှစ်စဉ်ပေးဆောင်ရသည့် ဝင်ငွေခွန်ကို ကြည့်နိုင်သည်။ ၂ဝဝ၉ ခုနှစ်က ဝင်ငွေခွန် ၄၉၂၅၁ ဒေါ်လာ ပေးဆောင်ခဲ့ရာမှ ၂ဝ၁၆ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၁ သန်း ပေးဆောင် နိုင်သည်အထိ အလုပ်ဖြစ်လာခဲ့သည်။

 

ကျန်ရစ်သူများ

ကိုဒီ၏ မိဘနှစ်ပါးဖြစ်ကြသော ရစ်ချာ့ဒ်နှင့်အန်ဒီဆောင်းဒါးစ်တို့က ကိုဒီကို အနီးအနားရှိ သုသာန်မှ ဆွေ မျိုးများ၏ အုတ်ဂူအနားတွင် မြေမြှုပ်လိုကြသည်။ သို့သော် ရစ်ချာ့ဒ်၏ ဝင်ငွေမှာ တစ်လဒေါ်လာ ၉ဝဝ မျှသာရှိသည်။ ဇနီးဖြစ်သူမှာလည်း စိတ်လှုပ်ရှားကာ အားအင်ကုန်ခန်းသည့် ဝေဒနာကို နှစ်ရှည်ခံစားနေရသည့်အတွက်  ဘာအလုပ်မှ မလုပ် နိုင်။ သူတို့အရပ်တွင် မီးသင်္ဂြိုဟ်စရိတ်ချည်း သက်သက်ပင်လျှင် ဒေါ်လာ ၇ဝဝ ခန့် အနည်းဆုံး ကုန်ကျနိုင်သည်။  အရိုးပြာဂူသွင်းလျှင် ထပ်ကုန်ကျဦးမည်။

ရာသီအလိုက် လှည့်လည်သွားလာ အခြေချတတ်သော ယာဉ်တန်းအုပ်စုမှ ဘဝတူများက သူတို့၏ နာရေးအကူငွေများကို လက်ခံစု ဆောင်းကာ ကိုဒီ၏ အသုဘကို ဝိုင်းဝန်းကူညီကြမည်ဟု  ပြောလာသော်လည်း ရစ်ချက်ဒ်က မယူရက်။ လူတိုင်း ငွေခက်နေသည်ကို သူသိသည်။ နောက်ဆုံးတွင် ရစ်ချက်ဒ်သည် Restore Life ၏ ကတိစကားများ အတိုင်း အခမဲ့ သင်္ဂြိုဟ်ရန်သာ ဆုံးဖြတ်ခဲ့သည်။

ကိုဒီ့အလောင်းကို မလွှဲပြောင်းမီ သဘောတူညီချက်ကို Restore Life ဘက်မှ ခပ်ကျယ်ကျယ် ဖတ်ပြခဲ့သေးသည်။

စာတစ်ပုဒ်တွင်-

'ကျွန်ုပ်အနေဖြင့် သုတေသနနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် လိုအပ်သောတစ်ရှူးနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းမှန်သမျှကို ရယူနိုင်ကြောင်း Restore Life USA သို့ တရားဝင်အတည်ပြု ပေးအပ်လိုက်သည်။ ယခု လက်ဆောင်သည် သိပ္ပံပညာသုတေသနနှင့် သင်ကြားမှုများအတွက်သော်လည်းကောင်း၊ ယင်းရည်ရွယ်ချက်နှင့် ကိုက်ညီသော အခြားသုတေသနများအတွက်လည်း ကောင်း၊ အကျိုးအမြတ်နှင့် အကျိုးအမြတ်မဟုတ်သော ပညာရပ်နယ်ပယ်များအတွက် သော်လည်းကောင်း Restore Life USA အနေဖြင့် ယခုလက်ဆောင်ကို ကြီးကြပ်ပံ့ပိုးသည့်အခါ လိုအပ်သလို ရောင်းချနိုင်ခွင့် ရှိသည်ကို သိနားလည်ပါသည်'' ဟူ သော အချက်လည်း ပါဝင်သည်။

ဆောင်းဒါးစ်မောင်နှံက ထိုအဓိပ္ပာယ်သည် Restore Life USA အနေဖြင့် ဆေးဝါးသုတေသနအတွက် လိုအပ်သော အရေပြားနှင့် တစ်ရှူးနမူနာအနည်းငယ် ကိုယူကာ ကျန်သည့် အလောင်းကို မီးသဂြိုဟ်ပြီး အရိုးပြာကို ပြန်ပေးလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ Restore Life ၏ စာချုပ်တွင် လှူဒါန်းထားသည့် အလောင်းကို အခြားပွဲစားများ လုပ်သလို တစ်စစီဖျက်ပစ်မည်ဟူ၍ မပါပေ။ ရက်သတ္တပတ်အနည်းငယ် အကြာတွင် Restore Life မှ ကိုဒီ၏ အရိုးပြာဟုဆိုကာ ယူလာပေးသည့်အတွက် သူ တို့ယုံကြည်သည့်အတိုင်း လုပ်ကိုင်ကြသည်ဟုသာ မှတ်ယူခဲ့ကြသည်။

 

ကျောရိုးဆစ်ကို မှာယူပြီ

၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၆ ရက် တွင် ရိုက်တာမှ သတင်းထောက်ဘရိန်းဂရိုးက Restore Life မှ ဘရက်ဒ်ထံသို့ အီးမေးလ် တစ်စောင်ပို့ကာ သုတေသနအစီအစဉ်အတွက် အစားထိုးရန်မဟုတ်သော တစ်ရှူး (Non-Transplant Tissue) ဝယ်ယူလိုကြောင်း အမှာစာပေးလိုက်၏။

အစားထိုးရန်မဟုတ်သော တစ်ရှူးဆိုသည့် စကားရပ်မှာ သက်ရှိလူသားတစ်ဦးထံ၌ အစားထိုးကုသရန် မဖြစ်နိုင်သော ဦးခေါင်းနှင့် ကျောရိုးကဲ့သို့သော ကိုယ်ခန္ဓာ အ စိတ်အပိုင်းများကို ဆိုလိုသည်။ ထိုစဉ်က ဂရိုးသည် ကိုဒီ၏ အဖြစ်အပျက်များကို ကြိုတင်သိရှိထားခြင်း မရှိခဲ့ပေ။

သတင်းထောက်သည် ဘရက်ဒ်ထံသို့ ဆက်သွယ်ရာတွင် သူ၏အမည်ရင်း ဘရိန်းဂရိုးသာမက သွမ်ဆန်ရိုက်တာမှ အီးမေးလ် လိပ်စာကိုပါ အတိအကျပေးခဲ့သည်။ ကျောရိုး ဆစ်ပေးပို့ရမည့်လိပ်စာကိုမူ မင်နက်ဆိုတာ တက္ကသိုလ် ခန္ဓာဗေဒဓာတ်ခွဲ ခန်းနှင့် မိုင်အနည်းငယ်သာ ဝေးသောနေရာကို တမင်ပေးခဲ့သည်။

တစ်နာရီခန့်အကြာတွင် ဘရက်ဒ်က အီးမေးလ်အတွက် ကျေးဇူးတင်ကြောင်း၊ အရင်က အတူတွဲကာ အလုပ်မလုပ်ခဲ့ဖူးကြဟု ယုံကြည် ကြောင်းနှင့် သူ့လုပ်ငန်းကို မည်သို့ သိသနည်းဟု မေးခဲ့သည်။ သတင်း ထောက်ဂရိုးက လုပ်ငန်းအဆက် သွယ်တစ်ခုက ညွှန်းလိုက်သည်ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် လိုအပ်သောအစိတ်အပိုင်းကို အတိအကျသိသည့်အခါ ဘရက်ဒ်က ကျောရိုးဆစ်အတွက် ဒေါ်လာ ၃ဝဝ နှင့် ပိုခ ဒေါ်လာ ၁၅ဝ ကျမည်ဟု အ ကြောင်းပြန်လိုက်သည်။ ထိုမျှမက အီးမေးလ်တွင် အသက် ၂၄ နှစ် အရွယ် အမျိုးသားတစ်ဦး၏ အစိတ်အပိုင်းဟု ဖော်ပြထားသော အိတ်စ် ရေးပုံကိုပါပူးတွဲကာ ပြန်ပို့ခဲ့သည်။

နောက်သုံးရက်အကြာတွင် သတင်းထောက် ဂရိုး၏ မှာယူထားသောပစ္စည်းမှာ ရောက်လာတော့သည်။ ပစ္စည်းလက်ခံရရှိကြောင်း အီးမေးလ်အပြန်အလှန် ပို့ကြပြန် သည်။ ထိုအခါ ဘရက်ဒ်က သင့်အဖွဲ့အစည်းနှင့် အလုပ်လုပ်ခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကာ မေးခွန်းသုံးခု မေးခဲ့သည်။

ပထမတစ်ခုမှာ ကျသင့်ငွေ တောင်းခံသည့် ကိစ္စဖြစ်ပြီး ဒုတိယတစ်ခုမှာ ကျောရိုးဆစ်သည် လွှဲပြောင်းချိန်တွင် အေးခဲနေခြင်း ရှိမရှိမေးသည်။ နောက်ဆုံး မေးခွန်းတွင် ဆေးဝါသုတေသန အတွက်လား သင်ကြားရေးအတွက်လားဟုသာ မေးခဲ့သည်။

အမှန်က ဝယ်သူသည် ဆေးပညာလောကမှ ဟုတ်မဟုတ် စစ်ဆေးရမည်။ မည်သည့်အတွက် အသုံးပြုမည်ကို ကြိုမေးရမည်။ သေဆုံးသူ မည်သူမည်ဝါ၏ အစိတ်အပိုင်း ဖြစ်သည်ကို ရှင်းပြရမည်။ ဆေးကုသ မှု မှတ်တမ်း အပြည့်အစုံထည့်သွင်း ပေးရမည်။ သို့သော် ဘရက်ဒ်၏ လုပ်ရပ်သည် အွန်လိုင်းစတိုးဆိုင်မှ ဆံပင်ပေါက် ဆေးရောင်းသလောက်သာ အလေးထားခဲ့သည်။

၂ဝ၁၇ ဇန်နဝါရီလတွင် ဂရိုးက နောက်ထပ် ဦးခေါင်း ၂ နှစ်ခေါင်းကို ဘရက်ဒ်ထံမှ ထပ်ဝယ်ဖြစ်ခဲ့သေးသည်။ ရိုက်တာမှ သတင်းထောက် သည် ဝယ်ယူခဲ့သော လူ့အစိတ် အပိုင်းမှန်သမျှကို မင်နက်ဆိုတာ ဆေးဝါတက္ကသိုလ် လက်အောက်ရှိ ခန္ဓာဗေဒ ဓာတ်ခွဲခန်းသို့ ပို့ခဲ့သည်။ ထိုဓာတ်ခွဲခန်းမှ ကြီးကြပ်သူ ခန္ဓာဗေဒပညာရှင် အိန်ဂျယ်လာမက်စ် အာသာသည် သတင်းထောက်ဂရိုးကို စကတည်းက အကြံဥာဏ်များ ပေးခဲ့သူဖြစ်သည်။ မက်စ်အာသာက ရောက်လာသည့် ကျောရိုးနှင့် ဦးခေါင်းများကို စုံစမ်းစစ်ဆေးပြုခဲ့သည်။ အရောင်းအဝယ် လုပ်နည်းလုပ်ဟန်နှင့် လွှဲပြောင်းပေးပို့မှု ပုံစံများကိုလည်း စမ်းစစ်ဝေဖန်ပေးခဲ့သည်။

 

ခန္ဓာဗေဒ ပညာရှင်

မက်စ်အာသာသည် ပစ္စည်းပို့သည့်ဘူးကိုကြည့်ကာ အလောင်းရှင်၏အမည် မပါလာကတည်းကိုက ပြဿနာဟု သိလိုက်သည်။ ဘူးထဲကို ကြည့်ုလိုက်သည့်အခါတွင်လည်း စာရွက်နှစ်ရွက်သာပါသည်။ တစ်ရွက်မှာ ခန္ဓာကိုယ် လှူဒါန်းသူသည် ကူးစက် ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးချက် ဖြစ်သည်။ ကျန်တစ်ရွက်မှာ လှူဒါန်းသူ၏ ဆေးကုသမှုရာဇဝင်ကို  လူပြိန်းစကားလုံးများသုံးကာ လက်ရေးဖြင့် ပြီးလွယ် စီးလွယ် ရေးထားသည်။

တကယ်တမ်းတွင် မက်စ်အာသာ မျှော်လင့်ခဲ့သည်က အချက်အလက်ခိုင်မာသော ဆေးမှတ်တမ်းနှင့် တိကျကာအသေးစိတ် ဖော်ပြထားသည့် ဆေးကုသမှု ရာဇဝင်တို့ဖြစ် သည်။ ခန္ဓာဟောင်း ပွဲစားမှန်သမျှ ဤအချက်သည် ဆေးလောကအတွက် မည်မျှအရေးကြီးသည်ကို သိ ကြသည်။ ယခုမူ ဆေးမှတ်တမ်းမှာ လုပ်ငန်းအမည်နှင့် လိပ်စာဖော်ပြ တတ်သော စာခေါင်းလည်းမပါ။ ဖုန်း နံပါတ်ပင် မတွေ့ရပေ။ ထိုမျှမက ကျောရိုးကို ထုတ်ထားသော ပလပ်စတစ်တွင် ကပ်ထားသည့် စာရင်းနှင့် စာဝင်စာထွက်မှ လာသောအထောက်အထား အချက်အလက်များမှာလည်း ကွဲလွဲနေသည်ကို  သတိပြုမိခဲ့သည်။

မက်စ်အာသာက 'ကျွန်မ မြင်ခဲ့ ရတာတွေက  ဥပဒေနဲ့ညီတယ်၊ ခွင့် ပြုပေးသင့်တယ်လို့ ဘယ်လိုမှ မယုံကြည်နိုင်ဘူး'ဟု ဆိုသည်။ ယခု လုပ်ရပ်သည် ဥပဒေမဲ့ အရိုင်းဆန်သော လုပ်ရပ်သဖွယ် ဖြစ်နေသည်။ မက်စ်အာသာသည် အမေရိကန်တစ်ရှူး ဘဏ်အသင်းအတွက် ဥပဒေမူကြမ်းများ ကူညီရေးဆွဲမှုတွင် ပါဝင်သူပီပီ Restore Life ၏ လုပ်ရပ်များကို အမျိုးသားလုံခြုံရေးအမြင်၊ ကျင့်ဝတ် နှင့် လုပ်ထုံးလုပ်နည်း ရှုထောင့်များကို အခြေခံကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ကိုဒီ၏ ကျောရိုးဆစ်ကိစ္စတွင် အခြားဆေးပညာရှင်များကလည်း မက်စ်အာသာ နည်းတူ Restore Life ကို အပြစ်တင်ပြောဆိုခဲ့ ကြသည်။

ထပ်မံစမ်းသပ် ဝယ်ယူခဲ့သည့် ဦးခေါင်းနှစ်လုံး ဖြစ်ရပ်တွင်လည်း ထိုနည်းတူစွာပင်။ ပစ္စည်းသယ်ယူ လွှဲပြောင်းပေးသူအတွက် ကူးစက်ရောဂါ မရနိုင်စေရန် ဘူးခွံတွင် လုပ်ပေးထားရမည့် အရံအတား အကာအကွယ်များပါ ကင်းမဲ့နေသည်ကို တွေ့ခဲ့ရသည်။ လအနည်းငယ်အကြာတွင် Restore Life  ပိုင်ရှင် ဘရက်ဒ်ထံသို့ ရိုက်တာမှတွေ့ဆုံမေးမြန်းမှုများ ဖြေ ကြားရန် ပြောကြည့်သော်လည်းမရ။ နှုတ်နှင့်လည်း မဖြေ စာနှင့်လည်း မရှင်းနိုင်ဟု အကြောင်းပြန်ခဲ့သည်။ သို့သော် ဘရက်ဒ်သည် ရိုက်တာ သတင်းဌာနသို့ အီးမေးလ်ပို့ကာ သူ့ထံမှ ပစ္စည်းဝယ်ယူခြင်းအပေါ် ဝေဖန်မှုများ ရေးသားပေးပို့ခဲ့သည်။

ဘရက်ဒ်က ရိုက်တာအဖွဲ့သည် သူ၏လုပ်ငန်းကို အကူအညီရရန် အားထုတ်နေခြင်းမဟုတ်ဘဲ၊ အကူအညီ အမှန်တကယ် လိုအပ်နေသူများ (နာရေးအတွက် ငွေကြေးမတတ်နိုင်သူများ)ကို ခက်ခဲစေရန်၊ နာကျင်ခံစားရစေရန်အတွက်သာ ဖြစ်နေသည်ဟု သူ့စာထဲတွင် ရေးထား၏။ ထို့ပြင် ဘရက်ဒ်က Restore Life သည် ကင်ဆာတိုက်ဖျက်ရေး အပါအဝင် အခြားရောဂါများအတွက် သုတေသန လုပ်ငန်းများတွင်များစွာ အကျိုးပြုခဲ့သည်ဟုလည်း ထည့်ရေးလိုက်သေးသည်။

ခန္ဓာဗေဒပညာရှင် မက်စ်အာသာက ရိုက်တာမှ လုပ်နည်းလုပ်ဟန်များနှင့် ဝယ်ယူရန် ကမ်းလှမ်းချက်များသည် ဥပဒေဘောင်အတွင်းက ဖြစ်သည်ဟု Restore Life ဘက်ကမူ သေသူကိုလည်း မလေးစား၊ လုပ်ကိုင်ပုံများကလည်း ပေါ့ပျက်ပျက်နှင့် ဟာကွက်ချည်းသာ ဖြစ်သည်ဟု ဝေဖန်သည်။

မက်စ်အာသာက ''ဒီလိုပုံစံမျိုးနဲ့ဆိုရင် ကိုယ်ခန္ဓာလှူဒါန်းမှုအပေါ် လူထုရဲ့ ယုံကြည်မှုနဲ့ လှူဒါန်းမှုရဲ့ အနာဂတ်ပါ အလွန်စိုးရိမ်စရာကောင်းတယ်''ဟု ညည်းတွားပြောဆိုခဲ့သည်။

သေကံပါမကောင်းသော သားလေး၏ ကံကြမ္မာ

၂ဝ၁၇ခုနှစ် သြဂုတ်လ ကုန်ပိုင်း။

သတင်းထောက် ဘရိန်းဂရိုးသည် ရစ်ချက်ဒ်နှင့် အန်ဂီဆောင်းဒါးစ်တို့ ဇနီးမောင်နှံထံသွားကာ ဖြစ်ကြောင်းကုန်စင် ပြောပြနေ၏။ ကိုဒီ၏အကြောင်း၊ ရိုက်တာမှ စုံစမ်းဖော်ထုတ်သည့် ကိစ္စများနှင့် Restore Life က ကိုဒီကိုယ်ခန္ဓာအစိတ်အပိုင်း ကို မည်သို့ ရောင်းချပုံကိုများ ရှင်းပြနေသည်။

ထိုအခိုက်တွင် ကိုဒီ၏ မိဘများသည်  အသံတိတ်လျက် ဆွံ့အငြိမ်သက်စွာ ထိုင်နေကြ၏။

အန်ဂီက အဝေးတစ်နေရာကို ငေးရီနေသည်။ ရစ်ချက်ဒ်ကမူ မြေပြင်ကို အကြောင်းမဲ့  စိုက်ကြည့်နေသည်။

ရိုက်တာသတင်းဌာနသည် ဦးခေါင်းနှစ်လုံး၏ ပိုင်ရှင်သည် မည်သူ မည်ဝါဖြစ်ကြသည်ကို အတည်မပြု နိုင်ခဲ့ပေ။ သို့သော် အသက် ၂၄ နှစ် အရွယ် ကိုဒီဆောင်းဒါးစ်မှာမူ ငယ် ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့သူဖြစ်သည့်အတွက် ခြေရာကောက်ရလွယ်ခဲ့သည်။ အမေရိကန်တောင်ပိုင်းပြည်နယ်များမှ နာရေးကြော်ငြာများကို ရှာကြည့်ရင်းက တွေ့ခဲ့ကြသည်။

ဆောင်းဒါးစ် ဇနီးမောင်နှံ၏ ခွင့်ပြုချက်နှင့် ပူးပေါင်းကူညီမှုကြောင့် ရိုက်တာသည် မှုခင်းဆေးပညာ ဓာတ်ခွဲခန်းတစ်ခုကိုတွင်DNA စမ်းသပ်မှုကို ပြုလုပ်ခဲ့ကြသည်။ ထိုအခါ ကျောရိုးဆစ်သည် ကိုဒီ၏ကိုယ်ခန္ဓာ မှဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

''သူတို့က အရေပြား နမူနာလောက်ပဲ ယူမယ်လို့ ကျွန်မထင်ခဲ့တာပါ''ဟု အန်ဂီက ပြောရင်း မျက်ရည်များ ဖြိုင်ဖြိုင်ကျလာသည်။ ''အချစ်ရယ် အားလုံးပြီးသွားခဲ့ပါပြီကွယ်'' ရစ်ချက်ဒ်က သူ့ဇနီးကို ဖျောင်းဖျရန် ကြိုးစားကြည့်ုနေသည်။

ဆောင်းဒါးစ် ဇနီးမောင်နှံသည် ခေတ္တမျှ ပြန်ပြီး ဆွံ့အသွားပြန်သည်။

အတန်ကြာမှ ရစ်ချက်ဒ်က သူ၏သားကို တစ်စစီလုပ်ကာ ရောင်းစားမည်မှန်း သိခဲ့လျှင် အခုလို လှူဒါန်းဖြစ်မည်မဟုတ်။ ကိုဒီသည် အသက်ရှင်စဉ်ကတည်းက ခွဲစိတ်မှု အ ကြိမ်ပေါင်းများစွာ ခံခဲ့ရသည့်အတွက် သေဆုံးသွားသည့် အခါတွင် သူ၏ကိုယ်ကို ထပ်မံဖြတ်တောက်သည်ကို မလိုလားဟု ရင်ဖွင့်လာသည်။

ထိုအချိန် ကိုဒီသေဆုံးစဉ်က သူတို့တွင် ဘာမှမလုပ်နိုင်သဖြင့် ပေးလာသည့် အခွင့်အလမ်းကို အကောင်းဆုံး ရွေးစရာလမ်းအဖြစ် ယုံမှတ်ခဲ့ကြသည်။

ရစ်ချက်ဒ်တို့က သား၏ ကျန်အစိတ်အပိုင်းများကို Restore Life က မည်သို့လုပ်လိုက်ကြသည်ကို ထပ်သိချင်သော်လည်း သတင်းထောက် ဂရိုးမှာ ပြောပြစရာမရှိ ဖြစ်သွားရ၏။

ရစ်ချက်ဒ်က ''သူတို့ကိုလည်း အပြစ်မတင်တော့ပါဘူး။ ဒီလိုဖြစ်တတ် တယ်ဆိုတာ ကျွန်တော်တို့မှ ကောင်းကောင်းမသိခဲ့တာ''ဟုပြောရင်း ကိုဒီ၏ ကျန်ကိုယ်အင်္ဂါများ မည်သို့ဖြစ် သွားသည်ကို သိချင်နေခဲ့သည်ဟု ဝမ်း နည်းစွာ ပြောနေ၏။

အန်ဂီကတော့ နောက်ထပ် ဘယ်ခွဲစိတ်မှုမျိုးနဲ့မှ မမြင်၊ မကြား လိုတော့ဟုဆိုကာ ငိုနေတော့သည်။  

 

၂ဝ၁၇ခုနှစ် အောက်တိုဘာ လဆန်းပိုင်းတွင် ကိုဒီ၏ မိဘများ၏ ဆန္ဒအရ ရိုက်တာမှ ကုန်ကျစရိတ်ကျခံကာ ကိုဒီ၏ ကျောရိုးဆစ်ကို မင်နက်ဆိုတာတွင် မီးသင်္ဂြိုဟ်ပေး လိုက်ကြသည်။

ထို့နောက် သတင်းထောက် ဘရိန်းဂရိုးသည် ကိုဒီ၏ အရိုးပြာကို တန်နက်ဆီပြည်နယ်မှ ဆောင်းဒါးစ် မိသားစုထံသို့ လှမ်းပို့ပေးလိုက်တော့ သည်။

ကျော်စည်သူ (သုနန္ဒခေတ်)

Ref: The Body Trade By Brain Grow and John Shiffman

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.