23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အငယ်အနှောင်းလေးတို့ရွာ သို့မဟုတ် အငယ်အနှောင်းဈေးကွက်နှင့် အကျင့်ပျက်ခြစားမှု

ဘေကျင်းမြို့ လုပ်ငန်းညစာစားပွဲတစ်ခု။ စားပွဲပတ်လည်တွင် ထိုင်နေကြသည့် ပုရိသအားလုံးသည် အစိုးရကော်ပိုရေးရှင်းအသီးသီးမှ ထိပ်တန်း အရာရှိကြီးများဖြစ်ကြသည်။ ဟန်နက်ဆီ ကော့ညက်နှင့် တရုတ်အရက်ပြင်း ဘီဂျူးက ချောင်းစီးနေသည်။ လုပ်ငန်းကိစ္စ ပထဝီနိုင်ငံရေး စသည်တို့ကို ဆွေးနွေးငြင်းခုံကြသည် မှ နောက်ဆုံးပေါ်အိုင်ဖုန်း၏ ဈေးနှုန်းအကြောင်းသို့ ရောက်သွားသည်။ အရက်တန်ခိုးကြောင့် မျက်နှာနီရဲ အဆီပျံနေသော အရာရှိကြီး တစ်ယောက်က ''ကျုပ်ကောင်မလေးက နောက်ဆုံးပေါ် အိုင်ဖုန်းဝယ်ပေးဖို့ ပူဆာနေတယ်''ဟု ပြောရင်း သူ့လက်ထဲမှ တယ်လီဖုန်းကို ဝှေ့ယမ်းပြသည်။ သူနှင့်သူ့ကောင်မလေးသည် တယ်လီဖုန်းမက်ဆေ့ခ်ျ အပြန်အလှန် ပို့နေကြခြင်းဖြစ်သည်။

 ကောင်မလေးကို အလိုလိုက်ရကောင်းလားဟု စားပွဲတွင်ထိုင်နေသူများက သူ့အား ဝိုင်းနောက်ပြောင်ကြသည်။ ထိုမှတစ်ဆင့် သူတို့၏ ပထမဆုံး မယားငယ် (ernai) ၊ နံပါတ် ၂ (sannai) ၊ နံပါတ်-၃ (sanai) ၊ မယားငယ်များအကြောင်း ဆွေးနွေးငြင်းခုံ ကြသည်။ အချို့ဆိုလျှင် နံပါတ် ၄ ပင်မက ရှိကြသည်။ ထို အကြောင်းအရာသည် သူတို့ အပိုင်နိုင်ဆုံး ဆွေးနွေးနိုင်သော ဘာသာရပ်ဖြစ်သည်။

တရုတ်ပြည်တွင် စီးပွားရေးတိုးတက်လာသည့်အတွက် လူချမ်းသာ အရေအတွက်များပြားလာသည်နှင့်အမျှ အမြှောင်မယားအရေအတွက်လည်း တိုးပွားလာသည်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်မက တစ်ချိန်တည်းတွင် ယူထားကြသည်။ ယောက်ျားကောင်း မောင်းမတစ်ထောင်ဟူသည့် ဆိုရိုးကဲ့သို့ သူတို့သည် မယားငယ်များထားကြသည်။ မယားငယ်သည် တရုတ်အမျိုးသားများအဖို့ ဂုဏ်ဒြပ်တစ်ခုဖြစ်သည်။

ယောက်ျားသားတို့ အောင်မြင်မှုကို ပြသသည့်ညွှန်ကိန်း သို့မဟုတ် ဆုဖလား (Trophy Wife) အဖြစ် အသိအမှတ်ပြုသော ယဉ်ကျေးမှုတရုတ် ပြည်တွင်ထွန်းကားနေသည်။ ကြွယ်ဝ တတ်စွမ်းနိုင်ကြသူများသည် နေအိမ်၊ မော်တော်ယာဉ် စသည်တို့တစ်ခုမက ပိုင်ဆိုင်ကြသည်။ ထိုနည်းတူစွာ ဇနီးမယားသည်လည်း အခြားသော လူသုံးကုန်ပစ္စည်းများပမာ တစ်ယောက်မကတော့။

အသက်နှစ်ဆယ်ကျော်  'မေ' သည် ရှန်ကျန်မြို့တွင် နေထိုင်သည်။ အလုပ်အကိုင်မရှိ။ သို့သော် သူသည် အထက်တန်းစားတိုက်ခန်းတွင် နေထိုင်သုံးဖြုန်းလျက်ရှိသည်။ သူ၏ ကျန်ကျင်းပြည်နယ်ရှိ ရွာတွင်ကျန်ခဲ့သော မိဘများ၏ တဲအိမ်နှင့် နှိုင်းစာလျှင် လက်ရှိ တိုက်ခန်းမှာ များစွာကွာခြားလွန်းသည်။ တန်ဖိုးကြီး ပရာဒါလက်ကိုင်အိတ်ကို ညွှန်ပြလျက် ''ဒါ သူပေးထားတာလေ။ သူပေးတာဆိုတော့ အတုမဖြစ်နိုင်ဘူး'' ဟု ဂုဏ် ယူဝံ့ကြွားစွာ ပြောသည်။ စီးပွားရေးပညာရှင်တစ်ဦး၏ ခန့်မှန်းချက်အရ တရုတ်ပြည်တွင် ရောင်းချနေသော အကောင်းစား ဇိမ်ခံပစ္စည်း သုံးပုံတစ်ပုံသည် မယားငယ်များအတွက် ဝယ်ယူသော သို့မဟုတ် မယားငယ်များက ဝယ်ယူသောပစ္စည်းများဖြစ် သည်ဟု ဆိုသည်။

သူအသက် ၁၈ နှစ်မပြည့်မီတွင် ရှန်ကျန်သို့ ရောက်လာပြီး ဆွေမျိုးတစ်ယောက်၏ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ အထက်တန်းအောင်ရုံသာ ကျောင်းတက်ခဲ့သောမေအဖို့ ရုံးလုပ်ငန်းသည် အသားမကျလှ။ ထို့ကြောင့် ကာရာအိုကေဘားတွင် အချိန်ပိုင်းဝင်လုပ်သည်။ ထိုသို့ လုပ်ကိုင်သည်ကို မိဘများကို အသိမပေး။ လအနည်းငယ် အကြာတွင် သူ့ထက် အသက်နှစ်ဆယ်ကျော်ကြီးသည့် လူတစ်ယောက်နှင့် ကာရာအိုကေတွင် တွေ့သည်။ ထိုလူသည် အစိုးရဌာနတစ်ခုတွင် လုပ်ကိုင်နေသူဖြစ်ပြီး ရှန်ကျန်သို့ရောက်လာတိုင်း နှစ်ဦးသားချိန်းတွေ့ဖြစ်ကြသည်။ ကြိမ်ဖန်များစွာ ချိန်းတွေ့ပြီးသောအခါ မေကို  တိုက်ခန်းတစ်ခန်းတွင် ထားပေးသည်။ တိုက်ခန်းမှာ ထိုလူ၏ အမည်ပေါက်ဝယ်ထားခြင်းဖြစ်သည်။ တစ်လလျှင် မေအား ဒေါ်လာ ၄ဝဝဝ ထောက်ပံ့ ကြေးပေးသည်။

အောင်မြင်ကြွယ်ဝသူများ မယားငယ်ထားခြင်းသည် ယနေ့ကမ္ဘာတွင် အထူးအဆန်းတော့မဟုတ်ပေ။ မယားငယ်ထားခြင်းကို လျှို့ဝှက်ထားကြသည်က များသည်။ သို့သော် တရုတ်ပြည်တွင်မူ မိမိ၏ ကြွယ်ဝမှုနှင့် ခန္ဓာဗေဒ စွမ်းဆောင်နိုင်မှု အဖြစ်ဂုဏ်ယူကြသည်။

ဘေဂျင်းမြို့ ရန်မင်းတက္ကသိုလ် (Renimin University)  က လေ့လာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၂ ခုနှစ် အကျင့်ပျက်လာဘ်စားမှုကြောင့် အရေးယူခံရသူ အစိုးရ အရာရှိ ၉၅ ရာခိုင်နှုန်းသည် မယားငယ်ယူထားသည်ကို တွေ့ရကြောင်း လေ့လာချက် တွင် ဖော်ပြထားသည်။

တရုတ်ပြည်တွင် လူဦးရေများပြားလွန်းသဖြင့် မိသားစုတစ်စုလျှင် ကလေးတစ်ဦးသာယူရန် ဥပဒေဖြင့် ကန့်သတ်ခဲ့ဖူးသည်။ သားယောက်ျား လေးကိုသာ တန်ဖိုးထားသည့် ယဉ် ကျေးမှုကြောင့် မိန်းကလေး သန္ဓေ တည်လျှင် နည်းအမျိုးမျိုးဖြင့် တားဆီးရန်၊ ဖျက်ချမှုများကြောင့် ယခုအခါ တရုတ်ပြည်တွင် အရွယ်ရောက်ပြီး အမျိုးသားနှင့် အမျိုးသမီး အချိုးအစားမှာ ၁ဝ အချိုး ၈ ဖြစ်နေသည်။ အမျိုးသမီးအရေအတွက်နည်းသဖြင့် ရှားပါးကုန် ဖြစ်လာသည်။ ထိုသို့ ရှားပါးကုန်ကို ကြွယ်ဝတတ်စွမ်းနိုင်သူတို့က ဝယ်ယူစုဆောင်းသည့် သဘောမျိုးဖြင့် မယားတစ်ယောက်မက ယူ ကြခြင်းဖြစ်သည်။

အစိုးရဝန်ထမ်းများ မယားငယ်ယူခြင်းကို ဥပဒေဖြင့် တားမြစ်ထားသော်လည်း ထိရောက်မှုမရှိပေ။ အထက်တွင် ဖော်ပြခဲ့သော 'မေ' နေထိုင်သည့် တိုက်ခန်းတည်ရှိရာ အဆောက်အအုံတွင် မယားငယ်အမြောက်အများ နေထိုင်လျက်ရှိသည်။ မြို့ကြီးများတွင် ရှိကြသော မယားငယ်များသည် အချင်းချင်းနီး စပ်ရာတွင်သာနေကြသည်။ သို့မှသာ ဘဝတူချင်း တိုင်ပင်ဆွေးနွေး အတင်းပြောနိုင်ကြသည်။ ထိုသို့ မယားငယ်များ စုဝေးနေထိုင်သောရပ်ကွက်ကို 'အငယ်လေးတို့ရွာ'  (Ernaicun) ဟု ခေါ်ဝေါ်ကြသည်။

အိမ်ခြံမြေသည် တရုတ်ပြည်တွင် အတက်အကျမြန်သော ဈေးကွက်ဖြစ်သည်။ ဈေးကျသွားသည့်အခါ တိုက်ခန်းများကို ဝယ်ယူသူမရှိတော့။ ထိုအခါ သူဌေးနှင့် အရာရှိ ကြီးများက ဝယ်ယူပြီး မယားငယ်များကိုနေစေသည်။ မယားငယ်တို့သည် ငွေကို အလွယ်တကူရနေသူများဖြစ်သဖြင့် လွယ်လွယ်သုံးပစ်နေသူများဖြစ်သည်။ သူတို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင် အလှပြင်ဆိုင်၊ အကြော ပြင်ဌာန၊ ဖက်ရှင်အရောင်းဆိုင်၊ ကော်ဖီဆိုင်တို့ဖြင့် အမြဲစည်ကားနေလေ့ရှိသည်။

ယောက်ျားသားများသည် မယားငယ်ကို အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ကြွားဝါလေ့ရှိသည်။ မယားငယ်များသည် သူတို့၏ စပွန်ဆာဂုဏ်သိမ်အခြေအနေကို လိုက်၍ ဂုဏ်အနိမ့်အမြင့်ရှိသည်။ 'မေ' ၏ စပွန်ဆာသည်  ကွမ်ချောင်မှ အစိုးရ အရာရှိကြီးဖြစ်သဖြင့် သူသည် မယားငယ်အုပ်စုတွင် ဝါစဉ်အမြင့်ဆုံးဖြစ် သည်။

အခြားမယားငယ်များသည် မေကဲ့သို့ပင် တရုတ်ပြည်အနှံ့ ကျေးလက်မှ မြို့တက်လာ ကြသူများဖြစ်သည်။ သူတို့၏ စပွန်ဆာများသည် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်မှ လုပ်ငန်းရှင်များနှင့် အရာရှိကြီးများ ဖြစ်ကြသည်။ အများစုသည် မေကဲ့သို့ပင် ကာရာအိုကေဘားနှင့် အနှိပ်ခန်းများတွင် ဘဝကိုစတင်ခဲ့ကြ သူများဖြစ်သည်။ တက္ကသိုလ်ကျောင်းသူအချို့တို့မှာ စပွန်ဆာများကို အွန်လိုင်းပေါ်တွင် ဆုံခဲ့ကြခြင်းဖြစ်သည်။ မိန်းကလေးများသည် သူတို့၏ လက်ရှိတတ်ကျွမ်းမှု၊ ပညာအရည်အချင်းအရ စပွန်များထံမှ ရနေသည့် ငွေ ကြေးပမာဏကို အခြားမည်သည့် နေရာမှာမျှ မရနိုင်သည်ကိုကောင်းစွာ သိထားကြသည်။ ''ကျွန်မတို့ ဘဝဟာ ယောက်ျားသားတွေရဲ့ အသုံးတော်ခံသက်သက်ပါပဲ'' ဟု မေက သတင်းထောက်ကို ပြောပြသည်။

လိင်ကိစ္စသည် စပွန်ဆာနှင့် ဆက်ဆံရေးတွင် အဓိကကျသော်လည်း စိတ်ခံစားမှုချင်း ရင်းနှီးမှုသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ မေနှင့်တကွသော အငယ်လေး များသည် သူတို့၏စပွန်ဆာများနှင့် နေ့စဉ်တယ်လီဖုန်းဖြင့် အဆက်အသွယ်ရှိကြသည်။ အချို့က စားကောင်းရုံ ပတ်ချွဲနပ်ချွဲ ဆက်သွယ်ပြောဆိုနေခြင်းဖြစ်သော်လည်း၊ အများစုမှာ ရင်တွင်းခံစားချက်ဖြင့် ဆက်သွယ်ပြောဆိုခြင်းဖြစ်သည်ဟု မေက ပြောသည်။ ငွေကြေးခက်ခဲမှုကြောင့် စပွန်ဆာနှင့် ပတ်သက်လာရသော်လည်း သံယောဇဉ်ရှိရှာကြသည်။

''ကျွန်မတို့ ဆက်ဆံရေးဆိုတာ အတူတူ အိပ်ရုံတင်မကပါဘူး။ တန်ဖိုးကြီး စားသောက်ဆိုင်တွေကို အတူတူ သွားစားသောက်ရင်း အတွေ့အကြုံနဲ့ ခံစားချက်တွေကို ပြောဆိုကြတယ်။ ဒီလိုနဲ့ပဲ အရမ်းရင်းနှီးကျွမ်း ဝင်လာတယ်။ စပွန်ဆာတွေ အနေနဲ့လည်း တခြားနေရာမှာ သူတို့ရင်ဖွင့်လို့ မရတာတွေကို အငယ်လေးတွေဆီမှာ ရင်ဖွင့်ကြတယ်။ အဲဒီလိုနဲ့ စိတ်ချင်းရင်းနှီးလာတယ်'' မေက ပြောပြသည်။

အငယ်အနှောင်းဘဝတွင် မည်သို့ နေထိုင်ဆက်ဆံရမည်ကို သူတို့၏ အတွေ့အကြုံရ သင်ကြားပေးသည်။ သင့်တင့်လျောက်ပတ်မှုရှိရမည်။ ဝင်ဆန့်ရမည်။ ပြင်ပြင်ဆင်ဆင် လှလှပပနေတတ်ရမည်။ နုပျိုမှုကို ထိန်းထားနိုင်ရမည်။ ပိုင်စိုးပိုင်နင်း အမူအယာကို ရှောင်ကြဉ်ရမည်။ သို့သော် သဝန်တိုတတ်ရမည်။ တုံးတုံးအအ မဖြစ်စေရ။

''ကျွန်မ အကြောက်ဆုံးကတော့ သူ့အိမ်က မယားကြီးသိသွားပြီး လိုက်လာမှာကို အကြောက်ဆုံးပဲ။ လူရှေ့သူရှေ့မှာ အရှက်ခွဲပြီး ရိုက်နှက်ခံရမှာကို ကြောက်တယ်။ ဒါကြောင့်လည်း သိုသိုသိပ်သိပ်နေတယ်။ ရနိုင်သမျှငွေစုတယ်။ တစ်နေ့ ကျွန်မကိုယ့်နေ ရပ် ကိုယ်ပြန်ရတဲ့အခါ တစ်အိုးတစ်အိမ်ထူထောင်မယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်ချစ်ကြပါတယ်၊ ဒါပေမယ့် တစ်နေ့ကျရင် ဒီဆက်ဆံရေးဟာ အဆုံးသတ်ရမှာပါ'' ဟု 'မေ' က သူ့ဘဝရည်မှန်းချက်ကို ရှင်းပြ သည်။

သူမ အနေဖြင့် လက်ရှိစပွန်ဆာနှင့် ခွဲခွာရပြီးနောက် သတိတရရှိနေဦးမည်လား ဟူသော သတင်းထောက်၏မေးခွန်းကို ''တစ်ခါတလေတော့ သတိရမှာပေါ့'' ဟု ဖြေသည်။

တရုတ်ပြည်တွင် အမြှောင်မယားထားခြင်းသည် ကြီးမားသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်နေသည်။ အမြှောင်မယားမရှိသော အရာရှိသည် ယောက်ျားမဟုတ်ဟု ပြောဆို တတ်ကြသည်။

စပွန်ဆာက 'ရှမ်းရှမ်း' အား လက်ဆောင်ပေးသည့် ဒေါ်လာ ၅၅ဝ တန် ဖိနပ်သည် နူးညံ့ပျော့ပျောင်းပြီး သက်သောင့်သက်သာ ရှိလွန်းလှသည်။ သို့သော် ရှမ်းရှမ်း၏ ခြေဖဝါးသည် သူမငယ်စဉ်ဘဝကအတိုင်း အသားမာတက်ပြီး ကြမ်းတမ်းမာ ကြောနေသည်။ ''ရွာမှာတုန်းက ကျွန်မတို့ကလေးဘဝမှာ အားလုံးဖိနပ်မပါဘဲ ဆော့ကြတာ။ အဲဒီတော့ ခြေဖဝါးတွေက အသားမာတက်နေ တာပေါ့။ ကာရာအိုကေမှာ အလုပ်လုပ်တဲ့ ကျွန်မသူငယ်ချင်းတွေ အားလုံးဟာ အဲဒီလိုပဲခြေဖဝါးတွေက ကြမ်းတမ်းအသားမာတက်နေတာ'' ဟု ရှမ်းရှမ်းကပြောသည်။

တရုတ်ပြည်တောင်ပိုင်း အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်သော စီချွမ်ပြည်နယ်မှ ရှမ်းရှမ်းလာခဲ့ခြင်း ဖြစ်သည်။ ဘေဂျင်းသို့ သူရောက်လာ သည့်အချိန်မှာ အသက် ၂၆ နှစ် မပြည့်တတ်သေး။ သူ့စပွန်ဆာ၏ အမည်မှာ မစ္စတာဝူး ဖြစ်သည်။ အသက် ၄ဝ ကျော်ရှိပြီး နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်းမှ အရာရှိကြီးဖြစ်သည်။ ရှမ်းရှမ်းကို ဒေါ်လာလေးသိန်းကျော်တန် တိုက်ခန်းတွင်ထားသည်။ မယားကြီးထံမှ လစ်ထွက်၍ရသည့် အခါတိုင်း ရှမ်းရှမ်းထံသို့ ရောက်လာလေ့ရှိသည်။

သူ့စပွန်ဆာ မစ္စတာဝူးကို အချစ်တုံးကြီး၊ အဲဒီလူကြီး၊ အန်ကယ်ကြီးဟု ရှမ်းရှမ်းက ရည်ညွှန်းပြောဆို လေ့ရှိသည်။ ရည်းစားဟု မည်သည့်အခါမျှ မရည်ညွှန်း။ သူ့ရည်းစား သည် စီချွမ်တွင် ကျန်ရစ်ခဲ့ပြီး သူနှင့်သက်တူရွယ်တူဖြစ်သည်။ တစ်နှစ်လျှင် နှစ်ကြိမ် သူ့ရည်းစားနှင့် တွေ့ဆုံသည်။ နေ့စဉ်လည်း တယ်လီဖုန်းမက်ဆေ့ခ်ျပို့ကာ ဆက်သွယ်သည်။

သူ့ဘဝလမ်းကြောင်းသည် အခြားသော အမြှောင်မယားများကဲ့သို့ ကျေးလက်မှ မြို့သို့ အသက် ၁၇ နှစ်တွင် တက်လာခဲ့သည်။ စီချွမ်ပြည် နယ်မြို့တော် ချင်တူးမြို့သို့ရောက် သည်။ ဟိုတယ်တစ်ခုရှိ ကာရာအိုကေဘားတွင် ဧည့်ခံမယ် အလုပ်ရသည်။ ဧည့်သည်များကို ဧည့်ခံရသည်။ ငွေကြေးဖြင့် ညအိပ်လိုက်ရသည့် အခါမျိုးလည်းရှိသည်။ ယင်းသို့ လုပ်ကိုင်နေရင်းဖြင့် အန်ကယ်ကြီးနှင့် တွေ့ဆုံခြင်းဖြစ်သည်။ အန်ကယ် ကြီးက တစ်လလျှင် ထောက်ပံ့ကြေး ဒေါ်လာ ၃၂ဝဝ ကျော်ပေးသည်။ ပေဂျင်းမြို့၏ မယားငယ် ထောက်ပံ့ကြေးဈေးမှန်ပင် ဖြစ်သည်။ မြို့ငယ်များတွင် ဒေါ်လာ ၁၅ဝဝ နှင့် ၈ဝဝ အကြားတွင် ရှိသည်။

သတင်းထောက်က သူနေထိုင်သောတိုက်ခန်းကို လိုက်လံကြည့်ရှုလိုကြောင်း ပြောသည့်အခါ ရှမ်းရှမ်းက အကြောက်အကန်ငြင်းသည်။ သူ့တိုက်တွင် အခြားမယားငယ်များလည်း နေထိုင်ကြသဖြင့် နိုင်ငံခြား သားတစ်ယောက်နှင့်အတူ သူမအား တွေ့ပါက အတင်းပြော၍ ဆုံးတော့ မည် မဟုတ်ဟု ရှမ်းရှမ်းက ဆိုသည်။

နှစ်သစ်ကူး၊ မင်္ဂလာဆောင်၊ မွေးနေ့ပွဲစသည့် လူမှုရေးတွေ့ဆုံမှုများသည် မိန်ကလေးများအတွက် စပွန်စာရှာရန် စားကျက်ဖြစ်သည်။ ရှမ်းရှမ်း၏ သူငယ်ချင်း 'ရှောင်ဆူ'က ''အဲဒီလိုပွဲမျိုးမှာ ကိုယ်ကလှလှပပပြင်ထားရတယ်။ သိပ်လှလွန်းနေရင်လဲ ပွဲလာတဲ့ တခြားမိန်းမတွေက မနာလိုဖြစ်တတ်တယ်။ ဒါကြောင့် သင့်တင့်ရုံ အလှပြင်ဖို့လိုတယ်'' ဟု ပြောသည်။

''အစ်ကိုကြီးက ချောတယ်နော်၊ အသက် ၅၅ နှစ်လို့တောင် မထင်ရဘူး။ သန်တုန်းမာတုန်းပဲနော်လို့လည်း ပြောတတ်ရတယ်''ဟု ရှောင်ဆူက ပြောပြသည်။

သူကပင်ဆက်၍ ''ကျွန်မက ဒီလိုနည်းနဲ့ပဲ ဘေဂျင်းကို ရောက်လာတယ်။ စစ်ဆေးရေး အဖွဲ့ 'နေကြောင်' (စီချွမ်ပြည်နယ်) ကိုရောက်လာတယ်။ အဲဒီမှာပါလာတဲ့ အရာ ရှိတစ်ယောက်က ကျွန်မကို သဘောကျပြီး ချဉ်းကပ်တယ်။ အဲဒါနဲ့ပဲ သူ 'နေကြောင်' မှာ  ရှိနေတဲ့ရက်တွေမှာ သူနဲ့ ကျွန်မအိပ်ရတယ်။ နောက်ပြီး သူက ကျွန်မကို ဘေဂျင်းကို ခေါ်လာခဲ့တာပဲ''

''အရာရှိတစ်ယောက်ဖြစ်နေပြီဆိုရင် မယားငယ်တော့ မဖြစ်မနေရှိရမယ်။ အနည်းဆုံး တွဲနေတဲ့ မိန်းကလေး တစ်ယောက်တော့ရှိရမယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် ဒီကောင် ပုံမှန်မဟုတ်ဘူး။ တစ်ခုခုတော့ မှားနေပြီဆိုပြီး စူးစမ်းလာမယ်။ စပ်စုလာကြမယ်။ လူမသိသူမသိ မိန်းမလျာဖြစ်နေတဲ့ လူတွေတောင် ဟန်ပြမိန်းကလေးနဲ့ တွဲပြနေရတယ်။ အဲဒီလိုလူမျိုးနဲ့ ကျွန်မတို့ဟန်ဆောင် တွဲပေးရတာမျိုးလည်းရှိတယ်''ဟု ရှောင်ဆူက ဆိုသည်။

စပွန်ဆာနှင့် မယားငယ်ဆက်ဆံရေးတွင် လိင်ကိစ္စသည် အဓိကဖြစ်သော်လည်း ယောက်ျားသားများက မိန်းကလေးသည် သူတို့ကို အမှန်တကယ် မေတ္တာသက်ဝင်နေသည်ဟု ယုံကြည်ချင်ကြသည်။ ငွေကြေးမထောက်ပံ့လျှင်လည်း သူတို့ကို ဆက်လက်ချစ်ခင်နေမည်ဟု ယုံကြည်ချင်ကြသည်။  ဤသည်မှာ ယောက်ျား သားတို့၏ အတ္တမာနဖြစ်သည်။

''အဲဒီတော့ သူတို့အပေါ် အရမ်းကောင်းလွန်းနေရင် ဒါဟာ  အမှန်မဟုတ်ဘူးလို့ စပွန်ဆာက ယူဆသွားနိုင်တယ်။ တစ်ခါတလေတော့လည်း ဂရုမစိုက်သလိုနေရတယ်။ တခြားမိန်းကလေး တစ်ယောက်ယောက်နဲ့ စကားပြောရင်မနာလိုတဲ့ အမူအယာမျိုး လုပ်တတ်ရမယ်။ အဲဒီလိုလုပ်မှ သူတို့က ငါ့ကိုတကယ်ချစ်ရှာပါလားလို့ အထင်ရောက်သွားစေ မယ်''ဟု ရှောင်ဆူက ပြောသည်။

တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးလျက် နှစ်ရှည်လများ ဆက်ဆံလာသည့်အခါ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ် တွယ်လာတတ်သည်မှာ သဘာဝပင် ဖြစ်သည်။

ရှမ်းရှမ်း၏ စပွန်ဆာအန်ကယ်ကြီးသည် ရေနံတွင်းကိစ္စဖြင့် အာဖရိကသို့ ခြောက်လခန့်သွားရောက်ရာ နေထိုင်မကောင်း ဖြစ်နေလေမည် လားဟု စိုးရိမ်မိကြောင်း  ရှမ်းရှမ်းက ဝန်ခံသည်။

ကျေးလက်မှ မိန်းကလေးများသည် စပွန်ဆာနှင့် ဆက်ဆံရေးကို အရောင်းအဝယ် ကိစ္စအဖြစ် မှတ်ယူလုပ်ကိုင်သဖြင့် ပညာတတ်မြို့သူများထက် ငွေကြေးအကျိုးအမြတ်ပိုမို ရရှိကြသည်။ စုမိဆောင်းမိရှိကြသည်။ ပညာတတ်မြို့သူများသည် အန်ကယ်ကြီးများနှင့် များသောအားဖြင့်လုပ်ငန်းခွင် သို့မဟုတ် လုပ်ငန်းအသိုင်းအဝိုင်းတွင် တွေ့ဆုံပြီး အိုးချင်းထား အိုးချင်းထိကာ ဇာတ်လမ်းစကြ ခြင်းဖြစ်သည်။ သူတို့၏ ဆက်ဆံရေးသည် သံယောဇဉ်လေးနက်သည်။ ပညာတတ် မိန်းကလေးများသည် ပွဲလည်တင့်သူများဖြစ်သည့်အပြင်  လိင်လုပ်ငန်းတွင် မပတ်သက်ခဲ့သဖြင့် သူတို့သည် တန်ဖိုးမြင့်သူများ ဖြစ်သည်။

မြို့သူများသည် ရည်မှန်းချက် ကြီးတတ်ကြသည်။ အမြှောင်ဘဝနှင့် မကျေနပ်နိုင်ကြ။ လက်ရှိ မယားကြီးကို ကွာရှင်းပေးရန် ကြိုးစားကြသည်။ အစပိုင်းတွင် မသိမသာ တွန်းအား ပေးသော်လည်း နောက်ပိုင်းတွင် မယားကြီးကို ကွာရှင်းပေးရန် အတိအလင်း စိန်ခေါ်တောင်းဆိုလာတတ်သည်။ ကျေးလက်မိန်းကလေးများ သည် ထိုမျှလောက်အထိ မမှန်းရဲကြပေ။ စပွန်ဆာ၏ ထောက်ပံ့မှုဖြင့် အိပ်မက်ပင် မမက်နိုင်သော ဘဝတွင် နေထိုင်နေရသည်ကို ကျေနပ်ကြသည်။

သူတို့၏ အချစ်၊ သူတို့၏ ပျိုမြစ်သောဘဝကို မြုပ်နှံစတေးခဲ့ရသဖြင့် မြို့သူ အမြှောင်များသည် ဒုတိယအဆင့်မှ ပထမအဆင့်သို့တက်လှမ်း ရန် လောဘတက် တတ်ကြသည်။ လက်ရှိအနေအထားကို မကျေနပ် နိုင်ကြ။ သို့စဉ်တိုင်မြို့သူ အမြှောင် တိုင်းတော့ ဤသို့မဟုတ်ပေ။ သူတို့ သည် အချစ်ကို ကိုးကွယ်ကြသူများ ရှိသည်။ မြို့သူ အမြှောင် တစ်ဦးဖြစ်သည့် 'ယု' က ''ကျွန်မမှာ ငွေရှိတယ်။ ကျွန်မမိဘတွေက တင့်တောင်းတင့်တယ်ပဲ။ ကျွန်မကိုယ်ပိုင်တိုက်ခန်းမှာနေတယ်။ သူက နောက်ထပ်ချစ်သူ မရှာတော့ရင် ကျွန်မကျေနပ်တယ်။ လက်ရှိ မယားကြီးကတော့ရှိစေတော့။ သူတို့ အိမ်ထောင်ကို မဖြိုခွဲလိုပါဘူး'' ဟု ဆိုသည်။

တရုတ်ပုရိသနွယ်ဝင်တို့ အမြှောင်မယားထားကြသော စရိုက်သည် ရှေးရိုးအလေ့အထတွင် မြစ်ဖျားခံသည်။ ယောက်ျားသားတို့သည် ဇနီးမယားအပေါ် သစ္စာရှိရမည်ဟု ရှေးရိုး အစဉ်အလာက ကန့်သတ်ထားသည်လုံးဝမရှိ။  လေသံမျှပင် မဟပေ။  ဤဓလေ့စရိုက်သည် တရုတ်ပြည်ကို နောက်ပြန်ဆွဲနေသည်ဟု ပြုပြင် ပြောင်းလဲရေးသမားများကဆိုသည်။ မည်သို့ပင် ကန့်ကွက်သည်ဖြစ်စေ၊ မယားငယ်ထားသော အလေ့အကျင့်သည် တရုတ်ပြည်တွင် ယခုထက်တိုင် ထွန်းကားနေသည်။ နွားအိုမြက်နုကြိုက်သည် (Old oxen chew young grass)  ဆိုသော တရုတ်ဆိုရိုးစကားက အခိုင်အမာရှိနေသည်။ တရုတ်ပြည်၏ ပထမဆုံးသမ္မတ ဆွန်ယက်ဆင်နှင့် ပထမဆုံး ကွန်မြူနစ်ပါတီဥက္ကဌ မော်စီတုန်းတို့သည် ဆယ် ကျော်သက်လေးများကို ခြေတော်တင်ခဲ့ကြသည်။ မျက်နှာကို မကြာခဏ ပေါင်းတင်သော ဝန်ကြီးချုပ်ဟောင်း ဟူဂျင်တောင်သည် မယားငယ်များရှိသည်ဟု ကောလာဟလ ထွက်ခဲ့ဖူးသည်။

လန်ဒန်မြို့ အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးသိပ္ပံမှ ဒုတိယညွှန်ကြားရေးမှူး ကျေ့ယုလျူက ''ငွေရှိမှ မယားငယ်ထားနိုင်တာဆိုတော့ တရုတ်ပြည်မှာ ယောက်ျားတိုင်း မယားငယ်မထားနိုင်ပါဘူး။ ငွေရှိလာပြီ၊ အာဏာလည်းရှိလာပြီဆိုရင် မယားငယ်ဆိုတာ ဂုဏ်သိက္ခာရဲ့ သင်္ကေတ ဖြစ်လာတော့တာပဲ''

အကျင့်ပျက်လာဘ်စားမှုကြောင့် အရေးယူခံရသူ တရုတ်အရာရှိ ၆ဝ ရာခိုင်နှုန်းသည် သူတို့၏ အမြှောင်မယားအတွက် ပြဿနာဖြစ်ရသည်။ တရုတ်အရာရှိများသည် အမြှောင်မယားတစ်ယောက်အတွက် ဒေါ်လာသန်းချီ အကုန်အကျခံကြသည်။ တရုတ်အရာရှိတစ်ယောက်၏ လစာသည် မယားငယ် ဖိနပ်ဖိုးပင်မရှိ။ တရုတ်သမ္မတ ရှီကျင့်ပင်၏  တရားဝင်တစ်နှစ်လစာမှာ ဒေါ်လာ နှစ်သောင်းကျော်သာရှိသည်။

သမ္မတ ရှီကျင့်ပင်၏ လာဘ်စားမှု တိုက်ဖျက်ရေးကြောင့် တရုတ်အရာရှိ သောင်းဂဏန်း ထောင်ထဲ ရောက်ကုန်သည်။ မယားငယ်များ၏ အသုံးအဖြုန်းကြောင့် အရာရှိများ စာရိတ္တပျက်ရသည်ဟု ကွန်မြူနစ်ပါတီကဆိုသည်။ တရုတ်သမိုင်းတွင် ဘုရင်မများသည် အပြစ်တင်အခံရဆုံး ဖြစ်သည်။ ယောက်ျားသားများ ရေးသားသော တရုတ်သမိုင်းတွင် မိန်းမကြောင့် ပြည်ပျက်ရသည်ဟု အမြဲလိုအပြစ်တင်ခြင်းမှာ ဆန်းလှသည်တော့ မဟုတ်ပေ။

အရာရှိများ လာဘ်စားရသည်မှာ အခြေအနေကြောင့်လည်းဖြစ်သည်ဟု လေ့လာသူ အချို့ကဆိုသည်။ အစိုးရဌာန၏ အရေးကြီးသော ဆုံးဖြတ်ချက်ကိုဌာနအစည်း အဝေးခန်းတွင် ဆုံးဖြတ်သည်မဟုတ်ဘဲ ကာရာအိုကေဘားနှင့် အနှိပ်ခန်းများတွင် ဆုံးဖြတ်လုပ်ကိုင်နေကြ သည့်အတွက် လမ်းမှားရောက်ကုန် ကြခြင်းဖြစ်သည်။

ဟူဘေးပြည်နယ်ပါတီ ဥက္ကဌ 'ကျောင်အားကျန်'သည် ၂ဝဝ၂ ခုနှစ်တွင် ထောင်ဒဏ် ၁၈ နှစ်အပြစ်ပေးခံရသည်။ အစိုးရသတင်းစာအဆိုရ သူ့တွင် မယားငယ် ၁ဝ၇ ယောက် ရှိသည်ဟုဆိုသည်။ မီးရထားဝန်ကြီး ဟောင်း 'လျူခကျိန်' ၏ အမြှောင် မယား ၁၈ ယောက်တွင် ရုပ်ရှင်မင်းသမီး၊ သူနာပြုနှင့် မီးရထားဝန်ထမ်းတို့ ပါဝင်သည်ဟုဆိုသည်။ ယာအန်မြို့ပါတီ အကြီးအကဲဆူမင်းဂျီက မယားငယ်အယောက် ၃ဝ ရှိပြီး၊ ရှန်ဟိုင်းမီးရထား ဗျူရိုညွှန်ကြားရေးမှူးက မယားငယ် ၄၇ ယောက်ထားသည်။ သူတို့အားလုံး ထောင်ဒဏ် နှစ်ရှည် အပြစ်ပေးခံရသည်။

 

အေးထွန်းမင်း

[email protected]

Ref: China’s Concubine Culture Lives On in Mistress Villages.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.