16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
သေမင်းခါးပတ်က လွတ်ထွက်လာသူများ

အဖြစ်အပျက်များက အလွန်မြန်ဆန်လွန်းလှသည်။          အသက် ၁၆ နှစ်အရွယ် နိုက်ဂျီးရီးယားသူလေး ဟာဒီဇာသည် ယခုနှစ်အတွင်း ဘိုကိုဟာရန် အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့၏ ပြန်ပေးဆွဲခြင်း ခံလိုက်ရပြီးနောက် ဓားစာခံအဖြစ် အထိန်းသိမ်းခံထားရသည့်စခန်း၌ ချစ်တင်းဆိုလာသော တိုက်ခိုက်ရေးသမားတစ်ဦးနှင့် ထိပ်တိုက်တွေ့ရတော့၏။ သူက  ဟာဒီဇာကို လက်ထပ်လိုသည်။ သို့သော် အငြင်းခံ လိုက်ရသည့်အခါ ''မင်း ဒီအတွက် နောင်တရလိမ့်မယ်''ဟု ကြိမ်းမောင်းတော့သည်။

ရက်အနည်းငယ်ကြာသောအခါ သူ့ကို လက်ထပ်ခွင့်ပန်ခဲ့သူက ဟာဒီဇာသည် အပျော်ရွှင်ဆုံးနေရာသို့ သွားရတော့မည်ဟု လာပြောလေ၏။ အိမ်ပြန်ရတော့မည်ဟု သူတွေးမိလိုက်သည်။ သို့သော် တိုက်ခိုက်ရေးသမားက ကောင်းကင် ဘုံအကြောင်းကိုသာ စာဖွဲ့နေတော့သည်။

ထိုညတွင် ဟာဒီဇာထံသို့ အသေခံဗုံး ခါးပတ်ကိုင်ထားသည့်  တိုက်ခိုက်ရေးသမားများ ရောက်လာကာ သူ့ခါးတွင် ပတ်ပေးလိုက်တော့သည်။ သူနှင့်အတူ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ထည့်လိုက်ပြီး  နိုက်ဂျီးရီးယားပြည် သူများရှိသော ဒုက္ခသည်စခန်းသို့သည်အတိုင်း လမ်းလျှောက်ဝင်သွားပြီး ဖောက်ခွဲပစ်ရမည်ဟု ခိုင်းကြလေ၏။ ထိုဒုက္ခသည်များမှာ ဘိုကိုဟာရန် အကြမ်းဖက်လုပ်ရပ်များရန်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသော ကိုယ့်ပြည်တွင်းမှ လူမျိုးတူ နိုင်ငံသား များသာ ဖြစ်သည်။

ဟာဒီဇာသည် သူလုပ်ရမည့် မစ်ရှင်အတွက် ဒုက္ခသည်စခန်းသို့ တရွေ့ရွေ့သွားနေသည့် တစ်လျှောက်လုံး တုန်လှုပ်ခြောက်ခြားနေခဲ့သည်။ သူ့ကိုယ်ပေါ်မှ သေမင်းခါးပတ်ကို မည်သို့ဖယ်ရမည်ကို မတွေးနိုင်လောက်အောင် ကြောက်ရွံ့ နေ၏။

ကြံရာမရသည့်အဆုံး သူ့နှင့်အတူလိုက်ပါလာသည့်  အလားတူ အသေခံဗုံးခါးပတ်နှင့် ၁၂ နှစ်သမီးလေးကို လွှတ်ခနဲမေးလိုက်မိသည်။

''နင် ဒီဟာတွေနဲ့ ဘာလုပ်မလဲ''

''ဒီအတိုင်း လျှောက်ဝင်သွားပြီး သမီးကိုယ်သမီး ဖောက်ခွဲပစ်ရမယ်'ဟု မျှော်လင့်ချက်မဲ့စွာ တုံ့ပြန်လိုက်၏။

 

''ကျွန်မလည်း သေမယ်။ လူတွေလည်း အသတ်ခံရမယ်ဆိုတာကျွန်မသိတယ်။ ဒါ မျိုးမဖြစ်ချင်ခဲ့ပါဘူး'' ဟု ဟာဒီဇာက သူ့ အဖြစ်ဆိုးကို ပြန်ပြောပြနေသည်။

ဘိုကိုဟာရန်တို့၏ ပြန်ပေးဆွဲခြင်းခံရပြီးနောက် အသေခံဗုံးခွဲသမားအဖြစ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် စေခိုင်းခံရသူများအနက် အသက်ရှင်လွတ်မြောက်ခဲ့သူ နိုက်ဂျီးရီးယား ဆယ်ကျော်သက် ၁၈ ဦးကို နယူးယောက်တိုင်းမ် သတင်းစာမှ တွေ့ဆုံ မေးမြန်းခဲ့သည်။ သေမင်းခါးပတ်မှ ပြန်လည်လွတ်မြောက်လာသူတိုင်းတွင် ဖြစ်ရပ်များ သည် ထိတ်လန့်ဖွယ် အတိချည်းသာဖြစ်သည်။

နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် ဘိုကိုဟာရန် စစ်သွေးကြွများနှင့် အစိုးရတပ်များ စစ်ပွဲဖြစ်ပွားနေခဲ့သည်မှာ ရှစ်နှစ်ပင်ကြာမြင့်ခဲ့ပြီ။ ယခုအခါ နိုက်ဂျီးရီးယား မိန်းမပျိုလေးများအတွက် ဘိုကိုဟာရန်သည် ခြောက်အိပ်မက်သဖွယ် အစဉ်ထိတ်လန့် စရာ ဖြစ်လာရသည်။ တကယ်ဆိုလျှင် ဘိုကိုဟာရန်နှင့် နိုက်ဂျီးရီးယားသည် နိုင်ငံနှင့်ပြည်သူသာဖြစ်ရမည်။ သို့သော် ယင်းဒေသမှ မိန်းကလေးများ ကိုယ်တိုင် ဘိုကိုဟာရန် အသံကြားလျှင် သွေးပျက်ကြောက် လန့်နေကြလေပြီ။

ဘိုကိုဟာရန်တို့သည် ယခု ၂ဝ၁၇ခုနှစ်အတွင်း အသေခံ ဗုံးခွဲမှု များဖြင့် များများစားစား တိုက်ခိုက်လာခဲ့ရာ ၂ဝ၁၆ ခုနှစ်နှင့် ယှဉ်လျှင် ကျူးလွန်မှုများမှာ နှစ်ဆကျော်မျှ မြင့်တက်လာသည်။ အခြားနည်းဖြင့် တိုက်ခိုက်မှုများကလည်း ပိုမိုပြင်းထန်လာသည်။

ယူနီဆက်၏ စာရင်းဇယားအရဆိုလျှင် ယခုနှစ်ဆန်းပိုင်းကတည်းက  အသေခံဗုံးခွဲသမားအဖြစ် အသုံးချခံရသည့် ကလေးသူငယ်နှင့် ဆယ်ကျော်သက်ပေါင်းမှာ ၁၁ဝ ဦး ကျော်ခန့်ပင် ရှိခဲ့သည်။ အများစုမှာ  အသက် ၁၅ နှစ်အောက်များဖြစ်၏။ မိန်းကလေး တစ်ဦးဆိုလျှင် သူ့နောက်ကျော၌ ကလေးငယ်တစ်ဦးကို ကျောပိုးထားလျက်က သူ့ကိုယ် သူ ဖောက်ခွဲပစ်ခဲ့သည်။

ဘိုကိုဟာရန် အစွန်းရောက်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့သော အသေခံဗုံးပေါက်ကွဲရာ နေရာများကိုကြည့်လျှင် ဗလီများ၊ လူစည်ကားရာဈေးများ၊ စစ်ဆေးရေးဂိတ်များနှင့် ခိုလှုံရာမဲ့ ပြည်သူတို့၏ ဒုက္ခသည်စခန်းများအထိ ပါဝင်နေ၏။ 

လူအနည်းငယ်စုကာ အတန်ငယ်စည်ကားစ ပြုလုပ်လိုက်သည်နှင့် ထိုနေရာသည် ဗုံးခွဲရမည့် ပစ်မှတ်သို့  ခပ်လွယ်လွယ် ပြောင်းသွားတော့ သည်။

ထို့အတွက် နိုင်ငံအရှေ့မြောက်ပိုင်းမှ ဘိုကိုဟာရန်တို့ ပေါက်ဖွားရာအရပ်  မိုက်ဒူဂူရီမြို့မှ တက္ကသိုလ်ဆိုလျှင် တိုက်ခိုက်မှု မကြာခဏခံရသည့်အတွက် ပတ်ပတ်လည်တွင် ကတုတ်ကျင်းများတူးကာ ကာကွယ်ထားရသည်မှာ တက္ကသိုလ်နှင့် လားလားမျှ မတူတော့။ စစ်စခန်းတစ်ခုကို ကြည့် ရသလိုပင် အကျည်းတန် အရုပ်ဆိုး နေတော့သည်။

မိုက်ဒူဂူရီမြို့ဝန်းကျင်သို့ ဘိုကိုဟာရန်တို့ ရောက်လာသည်နှင့် တွေ့ သည့်မိန်းကလေးများကို ဖမ်းဆီးသွားလေ့ရှိပြီး ကံဆိုးသူအများစုကို အသေခံဗုံးသမားဘဝသို့ ပြောင်းလိုက်ကြသည်ကများသည်။  ထိုအတွက် အစိုးရနှင့်ပြည်သူ ပူးပေါင်းကာ စစ်သွေးကြွဆန့်ကျင်ရေး ပိုစတာများ၊ ပန်းချီကားများ နေရာအနှံ့တွင် အလျှိုလျှိုထွက်လာရသည်။ မြို့တွင်းတစ်နေရာတွင်  မျက်လုံးပြူး မျက် ဆန်ပြူးနှင့် လက်တစ်ဖက်တွင် ဖောက်ခွဲရေး ခလုတ်ကို နှိပ်ဟန်ပြု ကာ  ရင်ခွင်တစ်ခုလုံး  အသေခံဗုံး များ ချည်ခံထားရသည့် မိန်းကလေး တစ်ဦးအသွင်ကို ပန်းချီရေးဆွဲထားပြီး 'အကြမ်းဖက်မှုရပ်' ဟူသော စာတန်းကို ရေးထိုးထားသည်။

အာဏာပိုင်များက မိဘများအနေဖြင့် မိမိ၏ ရင်သွေးများကို အသေခံဗုံးခွဲသမားဖြစ်ရန် ဘိုကိုဟာရန် လက်ထဲသို့ပေးအပ်ခြင်း မပြုကြနှင့်ဟု ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားရသည်။ ထိုမျှမက ပညာပေးဗီဒီယို ရုပ်သံတစ်ခုတွင်လည်း ၁၁နှစ်အရွယ် သမီးငယ်လေး တစ်ဦးက ''ဖောက်ခွဲရေးပစ္စည်းတွေ သင့်ကိုယ်မှာ အကပ်မခံပါနဲ့။ ဒါဟာ အရမ်းကြောက်ဖို့ကောင်းတယ်'' ဆိုသော စကားပြောဖြင့် အသိပေးထား သည်။

ပြည်သူတို့အကြားတွင် ဘိုကိုဟာရန်ကို လိုလားသူအချို့လည်း ရှိနေပြန်သည့်အတွက် ယင်းသို့ အသိပေးကြော်ငြာခြင်းဖြင့် နည်းလမ်းအစုံ သုံးကာ အကြမ်းဖက်မှုကို ဟန့်တား နေရခြင်းဖြစ်သည်။ တိုက်ခိုက်ရေး သမားဘဝသို့ ပြောင်းလဲသွားသူများတွင် ဘာသာရေးအရ အစည်းရုံးခံရသူများ၊ အစွန်းရောက်အယူအဆများ ရိုက်သွင်းခံရသူများနှင့် မူးယစ်ဆေးကျွေးကာ ခိုင်းစေခံရသူများ အထိ ပါဝင်နေသည်။

နယူးယောက်တိုင်းမ်က  တွေ့ဆုံမေးမြန်းခွင့် ရခဲ့သူတိုင်းတွင် တစ်ဦးချင်းစီ၌ ကြေကွဲဖွယ် ဇာတ်လမ်း ကိုယ်စီရှိနေခဲ့ကြသည်။ ပြန်ပေးဆွဲခံ ရခြင်းနှင့် မိသားစုဝင်များ အသတ်ခံ ခြင်းက အများစုကြုံတွေ့ရင်ဆိုင်ခဲ့ ရသော အဖြစ်ဆိုးများ အဖြစ်ရှိနေသည်။ အချို့သော မိန်းကလေးများမှာမူ သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သည့်အတွက် မေးမြန်းမှုများ ဖြေကြားရန် တွန့်ဆုတ်နေကြသူလည်း မနည်းလှပေ။

တွေ့ဆုံမေးမြန်းခန်းများကလည်း တစ်ဆက်တည်းလွယ်လွယ် ဖြစ်သည်မဟုတ်။ ဘိုကိုဟာရန်၏ သားကောင်ဖြစ်ရရှာသူများကို တဖြည်းဖြည်း အချိန်ပေးကာ ဖြည်း ဖြည်းညင်သာ မေးမြန်းခဲ့ကြရသည်။  တချို့ဆိုလျှင် ကိုယ့်မိဘများကိုပင် ပြန်မပြောပြကြသူများလည်းရှိသည်။

အိုက်ရှာ အသက် ၁၅ နှစ်က ပြောပြသည့် ဖြစ်ရပ်များမှာလည်း အလွန်စိတ်မကောင်းဖွယ် အတိပင်။ အိုက်ရှာ၊ သူ၏ဖခင်နှင့် မောင်လေးတို့ သားအမိသားအဖသုံးယောက် အပြင်ထွက်လာချိန်တွင် ဘိုကိုဟာရန်တို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ တိုက်ခိုက်ရေးသမားများက အိုက်ရှာ၏ဖခင်ကို သတ်ပစ်လိုက်ကြ သည်။ နောက်မကြာမီ အသက် ၁ဝ နှစ်အရွယ် သူ၏ မောင်လေးကို ဗုံးနှင့်နှောင်ဖွဲ့နေသည်ကို အိုက်ရှာက သည်အတိုင်း ကြည့်နေရသည်။ ဗုံးများတပ်ပြီးသည့်အချိန်တွင် ဆိုင် ကယ်တစ်စီးပေါ်တွင် တိုက်ခိုက်ရေးသမားနှစ်ဦးညှပ်ကာ အဝေးသို့ ခေါ် သွားတော့သည်။

ပြန်ရောက်လာသော စစ်သွေးကြွနှစ်ဦး၏ မျက်နှာတွင် ပျော်ရွှင်မှုများဖြင့်ပြည့်နေပြီး အောင်ပွဲခံနေသည့် အသွင်ဆောင်နေသည်။ အိုက်ရှာက မောင်လေးအဖြစ်ကို စုံစမ်း ကြည့်သည်အခါ စစ်တန်းလျားကို အသေခံဗုံးခွဲပြီး အသက်ပေးသွားပြီဟု သိလိုက်ရသည်။

စစ်သွေးကြွများက သူ၏မောင်လေးသည် လူယုတ်မာများကို သတ်ပစ်လိုက်ခြင်း ဖြစ်သည့်တွက် ငိုစရာအကြောင်းမရှိဟုဆိုသည်။ နောက်တစ်ကြိမ်တွင် အိုက်ရှာကိုယ် ပေါ်တွင် ဗုံးအတပ်ဆင်ခံခဲ့ရပြီး သူ့မောင်လေးသေဆုံးခဲ့သည့် စစ်တန်းလျားကိုပင် အသေခံဖောက်ခွဲရန် ထပ်မံတာဝန်ပေးတော့သည်။

တကယ်တမ်းတွင် အိုက်ရှာကဲ့သို့ ကြမ္မာဆိုးနှင့်ကြံရသည့် မိန်းကလေးတိုင်းသည် မည်သူ့ကိုမျှ အသက်ဆုံးစေချင်ကြသည်မဟုတ်။  မိမိအသက်သာမက လူအမြောက် အများ၏ဘဝကို နုတ်ယူရမည့် အဖြစ်ဆိုးမျိုးကို မလိုလားကြပေ။ ထို့အတွက် အများစုသည် အသေခံဗုံးဝတ်ပြီးသည်နှင့် တစ်ကိုယ်တည်း အထီးကျန်ဖြစ်ကာ ဆွံ့အသူတစ်ယောက်လို ဖြစ်သွားကြသည်။ လွတ်လမ်းမရှိနိုင်တော့ဟု ယူဆကာ စိတ် လျှော့သွားကြသည်။

ကိုယ်ပေါ်၌ ဆွဲချည်ခံထားရသည့် ဖောက်ခွဲရေးပစ္စည်းများ၏ အနှောင့်အယှက်နှင့် တစ်ချိန်လုံး စိုးမိုးထားသည့် ကြောက်လန့် တုန်လှုပ်မှု များက ဖောက်ခွဲရေး ခလုတ်ကို ခပ် မြန်မြန်နှိပ်လိုက်ရန်သာ တွန်းပို့နေသလို ဖြစ်နေတတ်သည်။ အချိန်တိုအတွင်း လက်ရှိဘဝကို ခပ်မြန်မြန် အဆုံးသတ်လိုက်လျှင် အေးပြီဟူသည့်အတွေးက အဆိုးဆုံးဖြစ်၏။

အိုက်ရှာသည် အခြားမိန်းကလေးအချို့လိုပင် လူသူကင်းရှင်း သည့် နေရာသို့သွားကာ မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ချင်သည်။ ဒါမှသာ လူအမြောက်အများ နာကျင် ခံစားပြီးသေဆုံးရသည့် ဘေးမှကင်းမည်ဖြစ်သည်။

သို့သော်သူမ စိတ်ပြောင်းသွားသည်။ ဖောက်ခွဲပစ်ရမည့် စား အစိုးရဘက်မှ စစ်သားများထံသို့ တိုးကပ်သွားပြီး တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်ထားကာ ပြောပြခဲ့သည်။

''ဒီနေရာမှာ ရှင်တို့ လူတွေနဲ့အတူ ကျွန်မမောင်လေးလည်း သေခဲ့ရတယ်။ မောင်လေးက သူဘာလုပ်မိတယ်ဆိုတာကိုတောင် သေသေချာချာ သိမှာမဟုတ်ဘူး၊ တကယ့် ကို ကလေးလေး သာသာပဲရှိသေးတယ်''ဟု အိုက်ရှာက ရင်ဖွင့်ခဲ့သည်။

ထို့နောက် စစ်သားများက သူ့ကိုယ်ပေါ်မှ ဖောက်ခွဲရေးပစ္စည်းများကို ဖယ်ရှားပေးလိုက် ကြသည်။

အသေခံဗုံးခွဲသမားဘဝ အတင်းအကျပ် ပြောင်းလဲခံရပြီးမှ အသက်ရှင်လျက်နှင့်  ထိခိုက်ဒဏ်ရာကင်းစွာ လွတ်မြောက်လာကြသော ဆယ်ကျော်သက်ကလေးများကို သေမင်းခံတွင်းဝက ပြန်လွတ်လာသူများဟုဆိုလျှင် ခပ်ပေါ့ပေါ့ မှတ်ချက်ချသလိုပင် ဖြစ်နေလိမ့်မည်။ ရင်ဘတ်တွင် ဗုံးများတပ်ကာ မပြန်လမ်းကို လျှောက်ရသူ များအတွက် သေမင်း၏ ခံတွင်းသာမက ဝမ်းဗိုက်ထဲအထိရောက်ပြီးမှ ထူးခြားသည့်ကံကြမ္မာ အလှည့်အ ပြောင်းကြောင့် လူ့လောကတွင် ဆက်လက် အသက်ရှူခွင့်ရသော အံ့ဖွယ် ဇာတာရှင်များ ဖြစ်သည်ဟုသာ အား ပေးရမည်ထင်သည်။

ကိုယ်တွင်ခပ်ကျပ်ကျပ် ဝတ်ထားသောဗုံးကို ကိုယ်တိုင်လည်း မဖြုတ်နိုင်၊ တတ်ကျွမ်းသူတို့အား မြန်မြန်ဖြုတ်ပေးစေလိုသည့် ဇောဖြင့် အပြေးအလွှား သွားမိလျှင်လည်း လုံခြုံရေးတပ်သားများက  အဝေးမှ လှမ်းပစ်ကာ ဟန့်တားလိုက်နိုင်သလို ကိုယ်တွင်ဗုံးပါနေမှန်း သိလိုက်သည်နှင့် တလောကလုံး၏ ဘုံရန်သူပမာ ဆက်ဆံကြတော့မည့်အဖြစ်က မပြန်လမ်းသို့သာ တွန်းပို့နေသည် မဟုတ် ပါလား။

တွေ့ဆုံမေးမြန်းခန်းတွင် ရင်ဖွင့်ခဲ့သော မိန်းကလေးအများစုသည် သူတို့ကိုယ်တိုင်နှင့် မိသားစု၏ လုံခြုံ ရေးအတွက် နာမည်အရင်းကို အပြည့်အဝ ပြောပြချင်သူက အလွန်ပင် ရှားလှသည်။ သို့သော်လည်း မိမိရင်ထဲတွင် လူမသိသူမသိ ကြိတ်ခံစားခဲ့ရသော အတိတ်ဆိုးကို လူသိရှင် ကြား ဖွင့်ချလိုက်ခြင်းက စိတ်ဒဏ်ရာများ အထိုက်အလျောက်  သက်သာရာ နည်းလမ်းတစ်မျိုးလို ဖြစ်နေပြန်သည့်အတွက် တစ်ခွန်းစနှစ်ခွန်းစ ရင်ဖွင့်ကြသူများလှသည်။

ဖာတီမာ၊ အသက် ၁၇ နှစ်ကို စစ်သွေးကြွများက ဖောက်ခွဲရေး ခလုတ်ကိုမနှိပ်မီ ကိုယ်ကိုမှောက်ချလိုက်ပြီး မျက်နှာကိုမြေပြင်နှင့် ကပ်ထားရန် ပြောခဲ့သည်။ သို့သော် သူမက စစ်သားများထံသို့ ချဉ်းကပ်ပြီး လက်နှစ်ဘက်ကိုစုံမြှောက်ကာ အသံပြာပြာနှင့် ကြောက်လန့်တကြား အော်ပြောခဲ့သည်။

''ဒီမှာ၊ ကျွန်မက အပြစ်မရှိဘူး။  သူတို့ဘက်ကလူလည်း မဟုတ်ဘူး။ သူတို့က ကျွန်မကို အတင်းအကျပ်လုပ်ခိုင်းခဲ့ကြတာ ''ဖာတီမာအဖို့ လက်ကျန်သတ္တိလေးမွေးကာ စစ်သားများကို အော်ပြောရန် ဆုံးဖြတ်လိုက်ခြင်းက သူ့အသက်ကို ကယ်လိုက်ခြင်းပင်။

၁၆နှစ် သမီးလေး အမီနာကမူ ဗလီမှဝတ်ပြုသူများကို ဖောက်ခွဲ ပစ်ရန် အခိုင်းခံခဲ့ရသူ။ သို့သော် သူမက ဗလီသို့မသွား။ လူတွေကြားထဲ လျှောက်သွားရင်းက သူ့ဦးလေးကို တွေ့လိုက်ရသည်။ ဦးလေး၏ အကူ အညီဖြင့် သေမင်းခါးပတ်က လွတ်ထွက်ခဲ့သည်။

''မင်းက လူအုပ်ကြီးရှိတဲ့ နေရာကိုရှာ၊ ခလုတ်မနှိပ်ခင်မှာ စစ်သား တစ်ယောက်နှစ်ယောက်ရှိတဲ့ နေရာကို အရင်ရွေးရမယ်''ဟု ဟာဂျာ အသက် ၁၇ နှစ်ကို အစွန်းရောက် သမားများက ညွှန်ကြားခဲ့၏။ ဟာဂျာ ကမူ စစ်သားတစ်ယောက်ဆီသို့ တန်းသွားပြီး သူ့ကိုယ်ပေါ်မှ ဗုံးများကို ပြလိုက်သည်။ စစ်သားက လူသူ ကင်းရှင်းသည့် နေရာကျယ်ကျယ် မြေကွက်တစ်နေရာသို့ ခေါ်သွားပြီး သူ့ကိုယ်ပေါ်မှ ဗုံးများကို ညင်ညင် သာသာ ဖယ်ရှားပေးခဲ့သည်။

ဖာတီ၊ အသက် ၁၄ နှစ်က အကြမ်းဖက်သမားတို့ ပေးလိုက်သော ဗုံးပါသည့်အိတ်ကို ကိုင်ကာ ရဲစခန်းထဲသို့ဝင်သွားသည့်အခါ အရာရှိများသည် အထိတ်တလန့် အော်ဟစ်ပြီး သူနှင့် ဝေးနိုင်သမျှဝေးအောင် အပြင်သို့ အလုအယက် ခုန်ထွက်ကြသည်။ ဖာတီသည် အခြားမိန်းကလေး ကိုးဦးနှင့်အတူ သီးခြားပစ်မှတ်တစ်ခုစီ ရွေးချယ်ကာ တာဝန်ပေးခံခဲ့ရ၏။ အခြား မိန်းကလေးများကတော့ မည်သို့ဖြစ်သည်မသိ။ သူကတော့ ရဲစခန်းသို့သာ တန်းဝင်လာခဲ့သည်။ ခဏအကြာတွင် ထွက်ပြေးသွားသည့် ရဲများ တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြန်ဝင်လာပြီး အိတ်ကို ရဲစခန်းအနားက ကွင်းထဲတွင်ချကာ ခပ်ဝေးဝေးသို့သွား ရန်ပြောကြတော့သည်။

ထိုမိန်းကလေးများအဖို့ အာဏာပိုင်များထံသို့ သွားရောက်ကာ အကူ အညီတောင်းခံကြခြင်းသည် အလွန် စွန့်စားရသော လုပ်ရပ်ဖြစ်၏။ အရပ်သားများနှင့် စစ်သားတိုင်းက စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး တင်းကျပ်စွာချထားပြီး တစ်ဦးနှင့်တစ်ဦး သံသယမျက်လုံးဖြင့်သာ အစဉ်စောင့် ကြည့်နေကြသည်။ များသောအား ဖြင့် ခေါင်းစည်းပုဝါရှည်ပတ်ထားသော မိန်းကလေးနှင့် ကိုယ်အထက် ပိုင်းတွင် အဝတ်ရှည်ဖုံးအုပ်ထားသော အမျိုးသမီးများကို ပို၍မယုံသင်္ကာဖြစ် တတ်ကြသည်။

တကယ်တမ်းတွင်လည်း ထိုသို့ သောအမျိုးသမီး ကြီးငယ်များ၏ ကိုယ်တွင် သေမင်းခါးပတ်က ခိုးချောင်ခိုးဝှက် ကပ်ပါတတ်သည်။ ထို့အတွက် မှားယွင်းပစ်ခတ်မိသည့် သတင်းဆိုးများကလည်း မကြားချင်အဆုံး။ ကုလသမဂ္ဂက ၂ဝ၁၆ခုနှစ် နောက်ဆုံးသုံးလအတွင်း၌ အသက် ၁၁ နှစ်မှ ၁၇ အရွယ် ဆယ်ကျော် သက် ၁၃ ဦး အသေခံဗုံးခွဲသမားဟု အထင်မှားခံရကာ ပစ်သတ်ခြင်းခံခဲ့ ရသည်ဟု ဆိုသည်။

ဘိုကိုဟာရန်တို့သည် လွန်ခဲ့သော ခြောက်နှစ်ကတည်းက နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှ ဗုံးခွင်းမှုများနှင့် နိုက်ဂါ၊ ကန်မရွန်း၊ ချက်ခ်နိုင်ငံတို့တွင် ကျူးလွန်သည့် တိုက်ခိုက်မှုများအတွက် အမျိုးသမီးများကို ပိုမိုအသုံးချကြသည်။ ယခုနှစ် သြဂုတ်လအတွင်း ထွက်ရှိလာသည့် ဝက်စ်ပွိုင့်မှ အကြမ်းဖက်ဝါဒ တန်ပြန် တိုက်ခိုက်ရေး စင်တာ၏ ထုတ်ပြန် ချက်တွင် ဘိုကိုဟာရန်သည် အခြား အကြမ်းဖက်အဖွဲ့များထက်ပို၍ မိန်းကလေးအသေခံဗုံးခွဲသမားများကို သုံးကြသည်ဟု ဖော်ပြခဲ့သည်။

ကလေးများကို ဗုံးတပ်ပေးကာ ခိုင်းစေသည့်အခါတွင်လည်း ယောက်ျားလေးများထက် မိန်းကလေးများကို လေးဆမျှပို၍ အသုံးချသည်ကို တွေ့ရသည်။ ထို့အတွက်လည်း လူစုမိလျှင် မိန်းကလေးများကို ပို၍ သတိထား အကဲခတ်နေကြခြင်းဖြစ်သည်။

အချို့အမျိုးသမီးများက လူအများအမြင်တွင် သံသယမရှိစေ ရန်အတွက် ဂရုတစိုက် ရေချိုးသန့်စင်ပြီး အဝတ်အစားကိုလည်း သေသေချာချာ သန့်စင်သပ်ရပ်အောင် လျှော်ဖွပ်ဝတ်ဆင်မှုများပြုကြသည်။ အကြောင်းမှာ အတင်းအကြပ် ပြန် ပေးဆွဲခံရပြီးနောက် အသေခံဗုံးကို သယ်လာကြသော မိန်းကလေးအများ စုသည် အဝတ်အစား မသေမသပ်နှင့် ညစ်ပတ်နေသည့်အသွင်ကို အမြဲ ဆောင်တတ်သောကြောင့် ဖြစ်သည်။

မိုက်ဒူဂူရိမြို့သူ ဖာတီမာရှိုက်ဒူ ၄၅ နှစ်က သူသည် လမ်းတွင်သူစိမ်း မိန်းကလေးများကိုတွေ့လျှင် တစ်ဖက် လမ်းသို့ကူးကာ အမြဲရှောင်သွားတတ် သည်ဟု ပြောသည်။ သူကိုယ်တိုင်က ဗုံးခွဲခံရမည်ကို ကြောက်ရွံ့သလို သူ့ကိုလည်း ဗုံးခွဲမည့်သူဟု အထင်မခံ စေလိုသည့်အတွက် မိန်းမချင်းဆိုလျှင် တတ်နိုင်သမျှ ခပ်ကင်းကင်းနေ လိုက်ခြင်းဖြစ်သည်။ ဖာတီမာအဖို့ ဤမျှအထိ အကဲဆတ်ရခြင်းမှာ အပြစ်မဆိုသာ။ သူ၏ခင်ပွန်းသည် ဘိုကိုဟာရန်တို့၏ သတ်ဖြတ်ခြင်းခံခဲ့ ရသည်က သူ့နောက်ကို အရိပ်ဆိုးလို အမြဲလိုက်နေသည် မဟုတ်ပါလား။

ဒေသခံ ပြည်သူ့စစ်တပ်အဖွဲ့ဝင် ဟာရှန်ကတော့  စစ်ဆေးရေး ဂိတ်သို့ကပ်လာ သည့်အမျိုးသမီး မှန်သမျှကို သူတို့တွင်သယ်လာသမျှ ကို ချထားရန် အမြဲအော်ပြောခဲ့ သည်။ တစ်ကြိမ်တွင် မိန်းမကြီး တစ်ဦးက သူလှမ်းပြောသည်ကို နားမထောင်ဘဲ လက်တစ်ဖက်ကိုမြှောက်ကာ အသေခံဗုံးခလုတ်ကို နှိပ်လိုက် သည်ဟုဆို၏။ ဟာရှန်က ''အဲဒီ မိန်းမကို မြင်တဲ့အခါမှာ ကျွန်တော် အရမ်းထိတ်လန့်သွားတယ်''ဟု ဆိုသည်။

ဟာရှန်၏ ဇနီးဖာတီမာဂျီ အသက် ၁၉ နှစ်သည်လည်း လွန်ခဲ့သော ခြောက်လက ဘိုကိုဟာရန်တို့ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် တိုက်ခိုက်ရေးသမားတစ်ဦးက သူ့ကို အတင်းအကြပ် လက်ထပ်ပေါင်းသင်းခဲ့သည်။ တစ်ရက်တွင် အကြမ်းဖက် သမားတစ်ဦးက သူ့ကို ဆိုင်ကယ်နှင့်တင်ခေါ်သွားပြီး မိုက်ဒူဂူရီမြို့ပြင်သို့ မောင်းထွက်သွားသည်။  လမ်းတွင် သူ့ကို အသေခံမစ်ရှင်လုပ်ရတော့မည်ဟု ပြောပြ၏။ သို့သော်လည်း အစိုးရတပ်နှင့်တွေ့ကာ ပစ်ကြခတ်ကြရင်းက ဖာတီမာဂျီမှာ လွတ် မြောက်လာခဲ့သည်။

သူကိုယ်တိုင် အသေခံဗုံးခွဲသူ ဖြစ်လုနီနီးအနေအထားမှ လွတ်လာခဲ့ ရသဖြင့် မည်သည့် မိန်းကလေးကိုမျှမယုံ။ ဗုံးတပ်ထားသူတွင် မည်သည့်ထူးခြားသည့် အမှတ်အသားမှ မရှိ သည့်အတွက် သာမန်လူများအကြားတွင် မည်သူ့ကို မည်သူကမျှ မယုံရဲအောင် ဖြစ်နေရသည်ဟု ဆိုသည်။

ရှစ်နှစ် ကြာဖြစ်ပွားနေသည့် အစိုးရနှင့် ဘိုကိုဟာရန်တို့အကြား စစ်ပွဲကာလများအတွင်း အစွန်းရောက် သမားများ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသော အရပ်သား မိန်းကလေး အပေါ်တွင် အတင်းအကြပ် လက်ထပ်ကြခြင်း၊ အဓမ္မပြု ကြခြင်းတို့ကြောင့် ကိုယ်ဝန်သည် ဘဝကျရောက်ကာ ဘဝဆုံးရသော မိန်းကလေးများစွာလည်း ရှိနေသည်။

ဟာဒီဇာကဲ့သို့ပင် တွေ့ဆုံ မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည့် မိန်း ကလေးအများစုသည် အစတွင်  လက်ထပ်ခွင့်တောင်းခံခဲ့ရပြီး နောက်ပိုင်း အတူနေပေးရန် ငြင်းလိုက်သည့် အခါ အသေခံဗုံးခွဲသမားဘဝသို့ ရုတ်ခြည်းပြောင်းလဲခံရသည့်အဖြစ်မျိုး ဖြစ်သွားကြသည်ကများသည်။ တိုက်ခိုက်ရေးသမားများက အနီရောင်ဗုံးခွဲ ခလုတ်ကိုနှိပ်လိုက်သည်နှင့် ဘုရားသခင်၏ ကောင်းကင်ဘုံ သို့ ရောက်သွားလိမ့်ဟု တွင်တွင်ပြော ပြကြသည်။ 

ယခင်နှစ်ကဆိုလျှင် ယင်းသို့ အသေခံဗုံးခွဲခိုင်းသည့် သူများကို ပစ်မှတ်သို့ အမှန်တကယ် သွားမသွား စောင့်ကြည့်ခြင်းခံခဲ့ရသည်။ ယခုနှစ်ပိုင်းတွင်မူ အစိုးရတပ်များက ဘိုကိုဟာရန်တို့ သိမ်းပိုက်ထားသော နေရာများကို ပြန်လည်ရယူခြင်း၊ ပြင်း ပြင်းထန်ထန် ခြေမှုန်းခြင်းများ ပြု လာသည့်အတွက် မိန်းကလေးများ နောက် အရိပ်လို လိုက်မကြည့်တော့ ခြင်းက ကံမျက်နှာသာပေးသည်ဟု ဆိုရမည်လားမသိပေ။ သို့သော် ဗုံးခွင်းမှုများ ပိုမိုလုပ်လာသလို အခြားနည်းဖြင့် တိုက်ခိုက်ခြင်းများကလည်း ခပ်စိပ်စိပ်ဖြစ်လာသည်။

ဇွန်လကပင် စစ်သည်နှင့် ရဲအရာရှိများပါသော ယာဉ်တန်းတစ်ခု ကို တိုက်ခိုက်ကာ ရဲမေများကို ပြန်ပေးဆွဲသွားသည်။ နောက်တစ်လတွင် စစ်သည်ယာဉ်တန်းလိုက်ပါ စောင့်ရှောက်နေသည့်ကြားက ရေနံလုပ်သားယာဉ်တန်းကို တိုက်ခိုက်ကြ၍ လူပေါင်း ၂၅ဦးကျော်သေဆုံးခဲ့သည်။ မိုက်ဒူဂူရီ တက္ကသိုလ်က ဘူမိဗေဒကျောင်းသားများကိုလည်း ပြန်ပေးဆွဲသွားခဲ့သေးသည်။ စစ်ပွဲကြောင့် ကျောင်းများပိတ်ကာ ကလေးသူငယ်အများစုမှာ ပညာတစ်ပိုင်းတစ်စနှင့် ဟိုမရောက်သည် မရောက်ဖြစ်နေရသည်။

အများစုမှာ ဘိုကိုဟာရန် လက်ထဲရောက်ကာ သေဆုံးရမည်ကို ကြောက်လန့်နေကြသည်။ စစ်သွေးကြွများကလည်း မိန်းကလေးများကို နည်းလမ်းအစုံသုံးကာ သိမ်းသွင်းကြသည်။ တိုက်ခိုက်မှုကြောင့် နာကျင်မှု မရှိဟု ယုံကြည်လာအောင် ပြောနေ တတ်ကြသည်။

 

မသိနားမလည်သော မိန်းကလေးများကို ဘာသာရေးနှင့် ခြောက်လိုက်၊ ပြန်မြှောက်လိုက်လုပ်ကာ ပြောသည်ကို ယုံစားမိသူများစွာရှိသည်။ ယခုလည်း ဟာဒီဇာက သူနှင့်အတူပါလာသည့် ၁၂အရွယ် မိန်းကလေးကို မေးသည့်အခါ ''ဒီအတိုင်း လျှောက်ဝင်သွားပြီး သမီးကိုယ်သမီး ဖောက်ခွဲပစ်ရမယ်'ဟု ပြောနေလေပြီ။

စစ်ဆေးရေးဂိတ်သို့ ရောက်သည့်အခါ စစ်သားများက သူတို့ကို မည်သို့ပြုမူမည်ကို ဟာဒီဇာတွေးပူမိသည်။ ထို့အတွက် သူက ကလေးမလေးကို ခပ်လှမ်းလှမ်းက သစ်ပင်တွင် ဘာမှမလုပ်ဘဲ သွားစောင့်နေရန် ပြောလိုက်သည်။ ကလေးမလေးက သူပြောသမျှကို နာခံရန်အတန်ကြာမျှ တွန့်ဆုတ်နေလိုက်သေးသည်။ မိဘများမပါဘဲ  တစ်ကိုယ်တည်း ခြုံပုတ်များကြားဖြတ်ကာ ခပ်လှမ်းလှမ်းက သစ်ပင်အထိ တစ်ယောက်တည်း သွားရမည်ကို ဝေခွဲမရဖြစ်နေသည်ဟု ဟာဒီဇာထင်သည်။ သူ့ကိုယ်တွင် သူနားမလည်သည့် လူအမြောက်အမြားကို သေစေနိုင်သောဗုံးများ တပ်ဆင်ထားသော်လည်း နားလည်လက်ခံနိုင်ရန်မှာ ငယ်လွန်းနေသေးသည်။ ဟာဒီဇာက ''တကယ့်ကို  မိန်းမငယ်လေးသာသာပဲရယ်'' ဟု ပြန်ပြောပြနေလေသည်။

နောက်ပိုင်းတွင် ဟာဒီဇာသည် စစ်သားများထံသို့ သွားကာ အကျိုးအကြောင်းပြောပြပြီး အကူအညီ တောင်းခံခဲ့သည့်အတွက် သူသာမက ၁၂ နှစ်သမီးလေးပါ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။

ထိုနေ့မှစ၍ ဟာဒီဇာသည် ခိုလှုံရာမဲ့သူများ နေထိုင်ရာစခန်းတွင် နေ့စဉ်ဘဝကို ဖြတ်သန်းနေရသည်။ သူ့မိခင်သည်လည်း ဘယ်အရပ်သို့ ရောက်နေသည်ကိုမသိ။ ခံစားရခဲ့ရသော ဒုက္ခများကြောင့် တစ်ခါတစ်ခါ သူ့ကိုယ်သူ တကယ်ပင် အသက်ရှင် နေသလားဟုပင် မကြာခဏ သံသယဝင်နေတတ်သည်။

သို့သော်ဝမ်းနည်းမှုများအဆုံး၌ ဝမ်းသာစရာဖြစ်ရပ်လေးတစ်ခုက ဘွားခနဲ ပေါ်လာသည်။ သေမင်းခါး ပတ်မှ လွတ်ထွက်ပြီး  ရက်သတ္တပတ် အနည်းငယ်အကြာတွင် ခိုလှုံရာစခန်း၌ သူ့ဖခင်၏ မျက်နှာကို မြင်ခွင့်ရလိုက်ခြင်းဖြစ်သည်။

ဟာဒီဇာက သူ့ဖြစ်အင်ကို တစ်ခုမကျန် အကုန်ပြောပြနေချိန်တွင် ဖခင်၏ မျက်ဝန်းတွင်လည်း မျက်ရည်များရစ်ဝိုင်းနေတော့သည်။ ဖခင်က သူကိုယ်တိုင် ရင်ဆိုင်ခဲ့ရသော ဒုက္ခများကို သမီးလေးသိအောင် ပြန်မပြောပြသေးသော်လည်း သူတို့နှစ်ဦးစလုံးသည် အသက်ဘေး နှင့်ကြုံခဲ့ကြရပြီးမှ ပြန်လွတ်လာကြသူချည်းသာ ဖြစ်ကြမည်မှာ သေချာလှသည်။

 

ကျော်စည်သူ (သုနန္ဒခေတ်)

 

Ref: Boko Haram teenage girls. The New York Time.

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.