16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အရွယ်ငယ်ပေမယ့် ရိက္ခာကြွယ်တဲ့နိုင်ငံ

နယ်သာလန်နိုင်ငံအတွင်း   ဘယ်လ်ဂျီယန် နယ်စပ်အနီး အာလူးတောင်သူဂျက်ကော့သည် စက်ခန်းအတွင်း အလုပ်လုပ်နေသည်။ စက်ခန်းသည် အာကာသယာဉ် ခေါင်းခန်းကဲ့သို့ ဒိုင် ခွက်များ၊ ညွှန်တံများ၊ ခလုတ်များဖြင့် ပြည့်နှက်နေသည်။

မြေပြင်အထက် ၁ဝ ပေတွင် ရှိနေသော ထိန်းသိမ်းရေးစက်ခန်းမှ ဂျက်ကော့က ဒရုန်းယာဉ် နှစ်စင်းနှင့် မောင်းသူမဲ့ ထွန်စက် ငယ်ကို ထိန်းကျောင်းမောင်းနှင်နေသည်။ ထိုယာဉ်များက မြေ သားအတွင်း ဓာတုပါဝင်မှု၊ စိုထိုင်းစ၊ ရေဓာတ်အချိုးအစား၊ အပင်အာဟာရ ပြည့်ဝမှု၊ တစ်ပင်ချင်းစီ၏ ကြီးထွားနှုန်း စသည်တို့ကို တိုင်းတာလျက် အချက်အလက်များ ပြန်လည်ပေးပို့နေသည်။ ထိုနည်းဖြင့် စိုက်ခင်းအတွင်း ဖြစ်ထွန်းနေသော အာလူးတစ်လုံးချင်း ဖွံ့ဖြိုးမှုကို စောင့်ကြည့်နေနိုင်သည်။ ထိုစိုက်ပျိုးနည်းကို 'စရွေးကိုက်စိုက်ပျိုးနည်း' (ဏမနခငျငသည်မောငညါ) ဟု အမည်ပေးထားသည်။ ကမ္ဘာပေါ်တွင် အာလူးတစ်ဧက ပျမ်း မျှထွက်နှုန်းမှာ ကိုးတန်ဖြစ်သော်လည်း ဂျက်ကော့၏ အာလူး စိုက်ခင်းမှ ထွက်နှုန်းမှာ တန် ၂ဝ ဖြစ်သည်။

နယ်သာလန် တစ်နိုင်ငံလုံးရှိ စိုက်ခင်းများသည် နေ့ညမဟူ ရာသီမရွေး လှုပ်ရှားလျက်ရှိသည်။ လေယာဉ် ပေါ်မှကြည့်လျှင် နယ်သာလန်နိုင်ငံသည် အခြားသော လယ်ယာစိုက်ပျိုး ရေးနိုင်ငံ များနှင့် မတူကွဲပြားသည်။ တစ်မျှော်တစ်ခေါ်စိုက်ခင်းကြီးများကိုမတွေ့ရ။ မြို့ရွာများအကြားတွင် စိုက်ခင်းများကို ပြောက်ကျားပြောက်ကျားသာတွေ့ရသည်။ သို့စဉ်တိုင် နိုင်ငံ၏ နယ် မြေတစ်ဝက်ကို လယ်ယာနှင့် ပန်းမာန် စိုက်ပျိုးရေးအတွက် အ သုံးချနေသည်။ ဖြန့်ခင်းထားသကဲ့သို့ တစ်နံတစ်လျား တည်ရှိနေ သော ဆိုလာပြားများ၏ ပဟေဠိဆန်သော  အလင်းပြန်မှုကို နေ့အခါမြင်တွေ့ရသလို ညအခါ ဖန်လုံအိမ်စိုက်ခင်းများအတွင်း ထွန်းညှိထားသော ပြာလဲ့လဲ့မီးရောင်ကို မျက်စိတဆုံးမြင် တွေ့ ရသည်။

အချို့သော ဖန်လုံအိမ် စိုက်ခင်းဆို လျှင် ၁၇၅ ဧက ကျယ်ဝန်းသည်။ ဖန်သားပြင်မြို့တော်ဟုပင် အမည်ပေးထားသည်။

လက်ပေါက်ကတ်သော ပထဝီအနေအထားကို ကျော်လွှားရန် ဒတ်ခ်ျစိုက်ပျိုးသူများသည် ရာစုနှစ်များစွာကပင် အိမ်တွင်း၌ နေရောင်နှင့် မိုးရေကို အားကိုးလျက် သီးနှံပန်းမန် စိုက်ပျိုးခဲ့ကြသည်။  အိမ်တွင်း စိုက်ပျိုးရေးအိုးများအကြားတွင် ဂျာမန် နာဇီတို့ရန်မှ ပုန်းအောင်းခဲ့ကြရ သည်။ သူတို့သည် နေအိမ်နှင့် အဆောက်အအုံအတွင်း စိုက်ပျိုးခြင်းနှင့် များစွာအသားကျခဲ့ကြသူများ ဖြစ်သည်။ 

နယ်သာလန်နိုင်ငံသည် အာတိတ်ရေခဲပြင်မှ မိုင်တစ်ထောင်ခန့်သာ ဝေးကွာသော်လည်း အပူပိုင်းနှင့် သမပိုင်း သီးနှံများကို အလျှံအပယ် စိုက်ပျိုးထုတ်လုပ်နေသည်။  ကမ္ဘာပေါ်တွင် ကြက်သား စားသုံးမှု မြင့် တက်လာသည့်အတွက် ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နယ်သာလန်တွင် ခေတ်မီ ကြက်မွေးခြံများကို တည်ဆောက်သည်။ ၄င်းတို့ အနက် အချို့ခြံများသည် ကြက်အကောင် တစ်သိန်းခွဲအထိ မွေးမြူထားနိုင်သည်။

နယ်သာလန်နိုင်ငံ၏ နယ်မြေအကျယ်အဝန်းသည် ဧရိယာစတုရန်း ကီလိုမီတာ ၄၁၅၄၃ သာရှိသ ဖြင့် မကွေးတိုင်းထက်ငယ်ပြီး၊ မန္တလေးတိုင်းထက် အနည်းငယ်ပိုကျယ်သည်။ ကမ္ဘာ့တတိယ လူဦးရေ အသိပ်သည်းဆုံးနိုင်ငံလည်းဖြစ်သည်။ လူဦးရေ ၁၇ သန်းကျော်ရှိသော ဥရောပနိုင်ငံကလေးသည် ကမ္ဘာ့စားနပ်ရိက္ခာ တင်ပို့မှုတန်ဖိုး ဒုတိယအများဆုံးဖြစ်နေသည်မှာ  အံ့သြဖွယ်ရာဖြစ်သည်။ အမေရိကန်သည် ပထမရိက္ခာအများဆုံး တင်ပို့သူ  နေရာတွင်ရှိသည်။ နယ်သာလန် နိုင်ငံသည် အမေရိကန် နယ်မြေ၏ ၂၇ဝ  ပုံ တစ်ပုံသာ ရှိသည်။ နယ် သာလန်နိုင်ငံသားများသည် ဒတ်ခ်ျ လူမျိုးများ ဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် ခရမ်းချဉ်သီး အများဆုံး တင်ပို့ရောင်းချသော နိုင်ငံလည်း ဖြစ်သည်။ ခရမ်းချဉ်၊ ငရုတ် သီးနှင့် ငရုတ်စိမ်းအသီးသီးတို့၏ စိုက်ခင်းတစ်မိုင်ပတ်လည်ထွက်နှုန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည်။ ခရမ်းချဉ်များကို ဖန်လုံအိမ်အတွင်း စိုက်ပျိုးရာတွင် မြေသားပေါ်တွင် စိုက်ပျိုးခြင်း မဟုတ်ဘဲ မီးသင့်ဘဆော့ ကျောက်နက် (Basalt)  နှင့် မြေဖြူတို့ကို ရောစပ်ထုတ်လုပ် ထားသည့် ဖိုင်ဘာအမျှင်များပေါ်တွင် မျိုးကြဲစိုက်ပျိုးခြင်းဖြစ်သည်။ စိုက်ခင်းအတွင်း ခရမ်းချဉ်မျိုးကွဲ ၁၅ မျိုးခန့်အထိရောနှော စိုက်ပျိုးသည်။ ခရမ်းချဉ်များအတွက် ရေကို မိုးရေမှရယူသည်။ ဖန်လုံအိမ်အတွင်း စိုက်ပျိုးသည့်အတွက်  အပင်တစ်ပင်အတွက် ရေ ၄ ဂါလန်သာ လိုအပ် သည်။ ပြင်ပ စိုက်ခင်းတွင် အပင်တစ် ပင်အတွက် ရေ ၁၆ ဂါလန် လိုအပ်သည်။ ခရမ်းချဉ်ရာသီ ကုန်ဆုံးပြီး အသီးများကို ဆွတ်ပြီးသောအခါ အပင်အားလုံးကို နုတ်ယူရှင်းလင်းကာ ထုပ်ပိုးကာတွန်းပုံးများ ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ်အသုံးပြုသည်။ ခရမ်းချဉ်ရုံအတွင်းသို့ မျက်စိလည် လမ်းမှားရောက်ရှိလာသော နှံဖျက်ပိုးများကို ပိုးစား (Phytoseiulus Persimilis) များက ကိုက်ဖြတ်စားသောက်ပစ်သည်။ သဘာဝနည်းဖြင့် ပိုးမွှားချင်း တိုက်ဖျက်သောနည်းဖြင့်  ကာ ကွယ်ထားခြင်းဖြစ်သည်။ (Phytoseiulus persimilis)  တို့သည် ခရမ်းချဉ်ပင်ကို အန္တရာယ်မပေးပေ။ (Phytoseiulus Persimilis)  ဥများကို နယ်သာလန်က တင်ပို့ရောင်းချနေသည်။

နယ်သာလန်၏ လယ်ယာတော် လှန်ရေးသည် လွန်ခဲ့သော အနှစ် ၂ဝ က စတင်ခဲ့သည်။ အမျိုးသားရေး တာဝန်အနေဖြင့် နှစ်ဆတိုးထွက်ရေး၊ သွင်းအားစုကို ထက်ဝက်လျှော့ချရေး ချမှတ်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ချမှတ်သည့်အတိုင်း လယ်သမား အများစုသည် လယ်ယာတွင် ရေအသုံးပြုမှုကို ၉ဝ ရာခိုင်နှုန်းလျှော့ချပြီး၊ ဖန်လုံအိမ်တွင်း စိုက်ပျိုးသော သီးနှံများအပေါ်တွင် ပိုးသတ်ဆေးလုံးဝ မသုံးစွဲကြတော့။ မွေးမြူရေးသမားများက တိရစ္ဆာန်များအပေါ်တွင် ပဋိဇီဝ ဆေးဝါးသုံးစွဲခြင်းကို ၆ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြသည်။

နယ်သာလန်၏ လယ်ယာထွက် ကုန်တစ်ဟုန်ထိုးတိုးတက်လာခြင်းကို အကြီးမားဆုံး အထောက်အကူပေး နေသည်မှာ Wageningent တက္ကသိုလ်နှင့် သုတေသနဌာနဖြစ်သည်။ အတို ကောက်အားဖြင့် WUR ဟု လူသိများသည်။ တက္ကသိုလ်မှ ဦးဆောင်ညွှန်ကြားရေးမှူး  Ernst van den Ende က ''ကျွန်တော်က အပင်ဆိုင်ရာ သိပ္ပံအတွက် တစ်ပိုင်းက လုပ်ပေးရသလို နောက်တစ်ပိုင်းက စီးပွားရေး ယူနစ် ၉ ခု ကိုလည်း ကြီးကြပ်ပေးရတယ်။ အဲဒီ စီးပွားရေး ယူနစ်တွေ က သီးခြားစီဆောင်ရွက်ရတဲ့ ကန် ထရိုက်လုပ်ငန်းတွေပဲ'' ဟု ပြောသည်။

WUR တက္ကသိုလ်မှ စိုက်ပျိုးကျောင်းသား ၄၅ ရာခိုင်နှုန်းမှာ နိုင်ငံခြားမှ လာရောက် ကျောင်းတက်ကြ သူများဖြစ်ကြသည်။ ကျောင်းမှ ဘွဲ့ရ ပြီးသူများသည် အာဖရိက၊ တောင်အမေရိကနှင့် အာရှတိုက် စိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်နေ ကြသည်။  တက္ကသိုလ်တွင် ကမ္ဘာအရပ်ရပ်မှ မြေသား နမူနာ ၁၂ဝဝ ကျော်ကို စုဆောင်းထားရှိသည်။ ထိုမြေသားနမူနာများသည် သုတေသီများနှင့် မြေအသုံးချမှုဆိုင်ရာ မန်နေဂျာများအတွက် ရတနာသိုက်ကြီးပင် ဖြစ်သည်။

သီးနှံစိုက်ပျိုးထားသော ဖန်လုံအိမ်များကို မြေကြီးအောက်မှ ရရှိသော  ''ဘူမိတေဇော''  Geothermal ဖြင့် အပူပေးသည်။ အပူပေးစနစ်များကို နယ်သာလန်နိုင်ငံ မြေအောက် အနှံ့အပြားတွင် တည်ဆောက်ထားရာ အနည်းဆုံး နိုင်ငံအကျယ်အဝန်း၏ တစ်ဝက်မျှရှိသည်ဟု ဆိုသည်။

သီးနှံထုတ်လုပ်သော ကုမ္ပဏီများက မျိုးစေ့များကိုလည်း အပြည်ပြည်ဆိုင်ရာသို့ တင်ပို့ရောင်းချသည်။ ကမ္ဘာပေါ်တွင် ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက် သုံးပုံတစ်ပုံသည် နယ်သာလန်နိုင်ငံမှ ထွက်ရှိသည်။ ၂ဝ၁၆ ခုနှစ်တွင် တင်ပို့ရောင်းချ သော မျိုးစေ့တန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိသည်။ ထိုမျိုးစေ့များအနက် အများစုသည် ရောဂါပိုးမွှားကို ခုခံတွန်းလှန်နိုင်သော စွမ်း အားရှိရန် ပြုပြင်ထားသည်။ ဒတ်ခ်ျ နည်းပညာဖြင့် ထုတ်လုပ်ထားသော ခရမ်းချဉ်သီးမျိုးစေ့ တစ်အောင်စ တန်ဖိုးသည် ရွှေနှစ်အောင်စ တန်ဖိုးနှင့် ညီမျှသည်။ ရွှေထက် နှစ်ဆတန်ဖိုးရှိသော မျိုးစေ့ဖြစ်သည်။

ဆင်းရဲသောနိုင်ငံများ၏ လယ်ယာအထွက်တိုးစေရေး၊ ပတ်ဝန်းကျင်ကို မထိခိုက်စေရေးအတွက် ကူညီပံ့ပိုးမှုများ နယ်သာလန်အစိုးရက  ဆောင်ရွက်ပေးနေသည်။ မိုဇမ်ဘစ်၊ နစ်ကရာဂွာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ များသည် မကြာခဏ အငတ်ဘေးနှင့် ကြုံကြရသည်။ သို့သော် ထိုနိုင်ငံများ သည် နေ့ချင်းညချင်း နယ်သာလန်ကဲ့သို့ ဖြစ်မလာနိုင်သည်ကို နယ်သာ လန် အကူအညီပေးရေးအေဂျင်စီ များက ကောင်းစွာသဘောပေါက်ထားသည်။ အတန်အသင့် နည်းပညာဖြင့် အထွက်တိုးလာစေရန် ဆောင်ရွက်ရသည်။ ပလပ်စတစ် မိုးကာသားအကြည်ဖြင့် ဖန်လုံအိမ် တည်ဆောက် စိုက်ပျိုးစေခြင်းက မိုးခေါင်မှုနှင့် ပိုးမွှားကျရောက်ခြင်းမှ အကာအကွယ်ပေးနိုင်သည်။ ထိုနိုင်ငံ များတွင် ပလပ်စတစ်ပေါင်းမိုးများ တည်ဆောက်ပေးခြင်းဖြင့် အထွက် တိုးလာသည်။

တန်ဇန်းနီးယားနိုင်ငံ ကီလီမန် ဂျာရိုးတောင်ခြေရင်းတွင် ဧက ၅ဝ ရှိ စမ်းသပ်စိုက်ခင်းကို ဒတ်ခ်ျပညာ ရှင်များက အကောင်အထည်ဖော်ပေးသည်။ တန်ဇန်းနီးယား မျိုးရင်းမျိုးစေ့များကို နယ်သာလန်သို့ပေးပို့ပြီး မျိုးစေ့ အတန်းအစား၊ သန့်စင်မှုနှင့် ပိုးမွှားခုခံနိုင်စွမ်းရည်တို့ကို စစ်ဆေးပြီး အသင့်တော်ဆုံး မျိုးစေ့များကို ရွေးချယ် စိုက်ပျိုးစေသည်။

ဒတ်ခ်ျ လယ်ယာနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော SoilCares သည် လက်ကိုင်ဖုန်းဖြင့် မြေသားစမ်း သပ်နည်းကို အာဖရိကတိုက်တွင် ပို့ချပေးလျက်ရှိသည်။ လက်ကိုင်ဖုန်းကို ကိရိယာတစ်ခုဖြင့် တွဲဖက်အသုံးပြုခြင်းဖြင့် မြေသား၏ အနေအထား၊ မြေအောက်ရေတွင် အက်ဆစ်ပါဝင်မှု အချိုးတို့ကို တိုင်းတာယူနိုင်သည်။ တိုင်းတာရရှိသောအချက်အလက်များကို နယ်သာလန်ရှိ အချက် အလက်ဘဏ် (Data Base) သို့ ပေးပို့ခြင်းဖြင့် အပင်အတွက် လိုအပ်သော စိုထိုင်းမှုနှင့် မြေသြဇာ အချက်အလက်တို့ ပြန်လည်ပေးပို့သည်။ ထိုလုပ်ငန်းစဉ်သည် ဆယ်မိနစ်ခန့်သာကြာမြင့်ပြီး ဒေါ်လာ အနည်းငယ်သာ ကုန်ကျသည်။

ဗီယက်နမ်နိုင်ငံသည် တိုင်ဖုန်းမုန်တိုင်း မကြာခဏကျရောက်ခြင်း၊ ဆားငန်ရေ မြစ်ဝကျွန်းပေါ် ဒေသ အတွင်း စိမ့်ဝင်လာခြင်းတို့ကြောင့် စိုက်ပျိုးရေးကဏ္ဍ အခက်ကြုံနေရသည်။ ထို့ကြောင့် စိုက်ပျိုးရေးနည်း ပညာတွင် ရှေ့တန်းရောက်နေသော ဂျပန်၊ နယ်သာလန်နှင့် အစ္စရေးတို့မှ နည်းပညာ အကူအညီများ ရယူလျက် စိုက်ပျိုးရေးဇုန် ၁ဝ ခုကို ၂ဝ၂ဝ တွင် အပြီးတည်ထောင်ရန် စိုင်းပြင်းလျက်ရှိသည်။ ၂ဝ၃ဝ ခုနှစ် ရောက်သည့်အခါ ၂၂ ဇုန်အထိ တိုးချဲ့သွားရန် ရည်မှန်းထားသည်။ ''ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေ ရင်ဆိုင်ရေး မဟာဗျူဟာနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး မိတ်ဘက်သဘောတူညီချက်'' (Stra-tegic Partnership Agreement on Climate Change Adaptation and Water Management) ကို ဗီယက်နမ်နှင့် နယ်သာလန်နိုင်ငံတို့သည် ၂ဝ၁ဝ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ သည်။

ဗီယက်နမ်ဆိုင်ရာ နယ်သာလန် သံအမတ်ကြီးက''အထွက်တိုးဖို့၊ သီးနှံ အရည်အသွေး ကောင်းဖို့ဆိုတာတွေက နည်းပညာအပေါ် တည်မှီနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် စဉ်ဆက်မပြတ်ရေရှည် စိုက်ပျိုးသွားနိုင်ဖို့ကို အာရုံစူးစိုက်ဆောင်ရွက်ဖို့ လိုပါတယ်'' ဟု ပြောဆိုသည်။

နယ်သာလန် တောင်ပိုင်းရှိ Hoeve Rosa နွားခြံသို့အဝင် ဂိတ်ဝတွင် ''မောင်းသူမဲ့ ယန္တရားများ မောင်းနှင်လျက်ရှိသည်''ဟု သတိပေးဆိုင်းဘုတ် ဆွဲထားသည်။ စက်ရုပ်များက နွားခြံ၏ လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်။ နွားခြံထဲရှိ နွားမအကောင် ၁၈ဝ ၏ ကျန်းမာရေးနှင့် နွားခြံသန့်ရှင်းရေးတို့ကို စက်ရုပ်များက ဆောင်ရွက်ပေးသည်။ အချိန်ကျရောက်သည့်အခါ အော်တို မက်တစ်စက်များက နို့ညှစ်ပေးသည်။ နွားခြံပိုင်ရှင် ဖွန်ကာစတင် Fons Kersten သည် လက်ကိုင်ဖုန်းမျက်နှာပြင်ကို စောင့်ကြည့်နေရုံသာဖြစ်သည်။ လူကိုယ်တိုင် ဆောင်ရွက်ရန် လိုအပ်လာသည့်အခါ လက်ကိုင်ဖုန်း က သူ့ကို  အသိပေးမည်ဖြစ်သည်။

ကာစတင်သည် ၂ဝဝ၈ ခုနှစ်တွင် နွားခြံကို အမွေဆက်ခံခဲ့ကာ ဒေါ်လာ ခုနှစ်သိန်းကျော် အကုန် အကျခံလျက် စက်ကိရိယာများကို တပ်ဆင်သည်။ ယင်းသို့ ရင်းနှီးမြုပ်နှံ မှုကြောင့် နွားမအကောင်ရေ နှစ်ဆ တိုးလာပြီး နို့ထွက် ၁၅ ရာခိုင်နှုန်း တိုးသည်။ နွားစာလေလွင့်မှုကို လျှော့ချနိုင်ခဲ့သည်။

လယ်ယာစက်မှု တော်လှန်ရေးသည် ကမ္ဘာအဝန်း စတင်ခဲ့သည်မှာ ယခုအခါ အရှိန်ရနေပြီဖြစ်သည်။ အပြိုင်အဆိုင်ကြီးမားပြင်းထန်သော ဈေးကွက်တွင် အပြိုင်ကြဲနိုင်ရန် ဒတ်ခ်ျသိပ္ပံပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့သည် အထွက်တိုးရေးနှင့် တန်ဖိုးမြင့်သီးနှံများ ထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။

နယ်သာလန်နိုင်ငံ  တည်ရှိသည့် ဥရောပတွင် မြေဈေးနှင့် လုပ်အားခကြီးမြင့်သည်။ နည်းပညာသည်သာ နယ်သာလန်အဖို့ အားကိုးရာဖြစ်သည်။ စိုက်ပျိုးရေးနည်းပညာကို အဆင့်မြင့်လာစေရန်ကြိုးပမ်းမှုသည်များစွာ အောင်မြင်သည်။  နယ်သာလန် နွားမများ၏ ယနေ့ နို့ထွက်နှုန်း သည် ၁၉၆ဝ ပြည့်လွန်နှစ်များက ထွက်နှုန်းထက် နှစ်ဆပိုသည်။ အော်တိုမက်တစ်နွားခြံ တစ်ခြံလျှင် ဆုံလည်နည်း Rotary milking machine ကို အသုံးပြုလျက် လူတစ်ဦးတည်းက တစ်နာရီလျှင် နွားမအကောင် ၁၅ဝ ကို နို့ညှစ်နိုင်သည်။

နယ်သာလန်သည် ယခုအခါ တန်ဖိုးမြင့် ရိက္ခာများကို ရောင်းချရုံမျှမက နည်းပညာနှင့် သွင်းအားစု ချို့တဲ့သော နိုင်ငံများအား ရိက္ခာထုတ်လုပ်မှု နည်းပညာကို စတင်ရောင်းချနေသည်။ ကလေးနို့မုန့်များတွင် မယ်လမင်းဓာတ် ပါဝင်မှုကြောင့် ကလေးများ သေဆုံးခဲ့ရသော တရုတ် ကလေးအာဟာရကုမ္ပဏီယီလီ (Yili) သည် နယ်သာလန် WUR တက္ကသိုလ်မှ နည်းနာကိုခံယူပြီး အကူအညီရယူလျက်ရှိသည်။

လယ်ယာထွက်ကုန် တိုးမြှင့်ထုတ်လုပ်ရာတွင် ဒတ်ခ်ျလယ်သမားများသည် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ယခင်က ဂရုမထားအားကြ။ တိုင်းပြည်၏ လေးပုံတစ်ပုံသည် ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်သဖြင့် စားကျက်မြေအတွက် ပင် လယ်ပြင်ကို တစ်ချိန်က မြေဖို့ အသုံးပြုရသည်။ ကျောက်သားအများစု ရှိနေသော မော်လ်တာနိုင်ငံကဲ့သို့ပင် နယ်သာလန်သည် ဇီဝမျိုးကွဲ များများစားစားမရှိပေ။ ၁၉၇ဝ ပြည့်လွန်နှစ်များတွင် အထွက်တိုးရေးကိုသာ လုံးပန်းနေသဖြင့် တင်းကျပ်သော သဘာဝပတ်ဝန်းကျင်စည်းမျဉ်းများ မချမှတ်နိုင်ခဲ့။ ထို့ကြောင့် မြေဆီ လွှာလျော့ပါးပြီး မြေသားအခြေအနေ ဆိုးဝါးလာသည်။ စိုက်ပျိုးမွေးမြူရေးမှ ထွက်လာသော တိရစ္ဆာန် အညစ် အကြေးနှင့် ဓာတ်မြေသြဇာတို့က မြေသားအရည်အသွေးကို ပျက်စီးစေသည်။ ယခုအခါ သဘာဝမြေသြဇာအဖြစ် တိရစ္ဆာန်များ၏ စွန့်ထုတ်ပစ္စည်းများကို အသုံးချနိုင်ရန် သုတေသနပြုသည်။ ငါးအညစ်အကြေးကို အသုံးပြုလျက် ခရမ်းချဉ်စိုက်ပျိုးခြင်းသည် အထွက်တိုးရုံမျှမက သဘာဝပတ်ဝန်းကျင်ကို အထောက် အကူပြုသည်ကို တွေ့ရှိရသည်။

နယ်သာလန် နိုင်ငံတစ်နံတစ်လျားတွင် လူသားနှင့် သဟဇာတဖြစ်သော လယ်ယာစနစ် ရုပ်လုံးဖော်နေသည်။ ဤဖြစ်ပေါ်တိုးတက်မှုကို ဦးစီးဦးရွက်ပြုနေသူမှာ ကော်ပိုရေး ရှင်းကြီးများမဟုတ်။ အလယ်အလတ်အဆင့် ဒတ်ခ်ျလယ်သမားများဖြစ်သည်။ သဘာဝ၏ ဖြစ်ထွန်းနိုင်စွမ်းနှင့် လူသားတို့၏ ဥာဏ်ရည်တို့ ပေါင်း စပ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်း စားသုံးသူများသည် ၄င်းတို့ ဝယ်ယူစားသုံးနေသော ရိက္ခာများ၏ အရည်အသွေးကို သာမက စိုက်ပျိုးထုတ်လုပ်သူများသည် သဘာဝပတ်ဝန်းကျင်အပေါ် ဂရုထားမှုရှိ၊ မရှိကိုလည်း စိတ်ဝင်စားလာကြသည်။ ဒတ်ခ်ျလယ်ယာများကလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်ရန် အရှိန်အဟုန်ဖြင့် ကြိုးစားခဲ့ရသည်။ မွေးမြူရေး အဆောက်အအုံ ကြမ်း ပြင်အောက်တွင် ရွေ့လျားစက်ခါးပတ်များ (Conveyor Belt) တပ်ဆင်လျက် တိရစ္ဆာန် အညစ်အကြေးများကို အချိန်မှန်မှန် သယ်ထုတ်စွန့်ပစ် သောနည်းကို ကျင့်သုံးခြင်းဖြင့် မြေဆီ လွှာ ညစ်ညမ်းမှု မရှိစေတော့ပေ။ ယခုအခါ နယ်သာလန် တိရစ္ဆာန်တစ်ကောင်၏ အညစ်အကြေးမှ အမိုးနီးယားထုတ်လွှတ်နှုန်း ပျမ်းမျှ မှာ ၂၁ ကီလိုဂရမ်သာရှိတော့သဖြင့် ဥရောပတိုက်တွင် တိရစ္ဆာန် အညစ် အကြေးမှ အမိုးနီးယား ထုတ်လွှတ်မှု ဒုတိယအနည်းဆုံး ဖြစ်လာသည်။ ပထမ အနည်းဆုံးမှာ ဒိန်းမတ်နိုင်ငံ ဖြစ်သည်။ ဥရောပ သမဂ္ဂ ပျမ်းမျှနှုန်း မှာ ၂၅ ကီလိုဂရမ်ဖြစ်သည်။

ခရမ်းချဉ်ပင်များ၏ ပိုးသတ်ဆေး လိုအပ်မှုကို စောင့်ကြည့်ပေးသည့် အထူးပြုကင်မရာ တီထွင် တပ်ဆင်ထားခြင်းဖြင့် ပိုးသတ်ဆေး အသုံးပြုမှုကို အနည်းဆုံး ၈၅ ရာခိုင် နှုန်း လျှော့ချနိုင်ခဲ့သည်။ ဖန်လုံအိမ် အများအပြားတွင် ဆိုလာပြားများ တပ်ဆင်ထားခြင်းဖြင့် ယခင်က စွမ်း အင်ကို သုံးစွဲသည့် ယာခင်းများမှ စွမ်းအင်ထုတ်လုပ်သူများ ဖြစ်လာသည်။ ဖန်လုံအိမ်များကို အပူကာ စနစ်ဖြင့်တည်ဆောက်ထားသဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချနိုင်သည့်အပြင် ပိုလျှံသော အပူစွမ်းအင်ကို သိုမှီးထားပြီး ဆောင်းရာသီတွင် နေအိမ်နှင့် မြေအောက်ရေကို  ပူနွေးစေသည်။ နေအိမ်များကိုပါ စွမ်းအင်ပေးနိုင်သည့် အနေအထားသို့ ရောက်လာသည်။ နယ်သာလန်နိုင်ငံ၏ အိမ်သုံး လျှပ် စစ်ဓာတ်အားကို ဆိုလာစွမ်းအင်ဖြင့် ပေးနိုင်နေပြီဖြစ်သည်။

၂ဝ၅ဝ ပြည့်နှစ်ရောက်သောအခါ သမားရိုးကျ လယ်ယာလုပ်ငန်းမှ ကာဘွန်ဒိုင် အောက်ဆိုက် ထုတ် လွှတ်မှုသည် ၃ဝ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာအဖွဲ့က ခန့်မှန်းထားသည်။ သမားရိုးကျ လယ်ယာလုပ်ငန်းသည် စရိတ်ကုန်ကျမှုများပြားပြီး ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေသည်။ နယ်သာလန်တွင် ကျင့်သုံး နေသော လယ်ယာစနစ်သည် ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းသည့် အပြင် ရေရှည်အကျိုးရှိမည့် စနစ်ဖြစ်သည်။ ထိုစနစ်သည် တစ်ကမ္ဘာ လုံးက ကျင့်သုံးအပ်သော စနစ်ဖြစ် သည်ဟု ဆိုသည်။

ယနေ့ ကမ္ဘာ့လူဦးရေသည် သန်း ၇၅ဝဝ ရှိသည်။ ၂ဝ၅ဝ ပြည့်နှစ် ရောက်သည့်အခါ ကမ္ဘာ့လူဦးရေ သည် သန်းတစ်သောင်းရှိလာမည်ဟု တွက်ချက်ထားကြသည်။ ရိက္ခာအလုံးအရင်းနှင့် မထုတ်လုပ်နိုင်လျင် လူသန်းတစ်ထောင်သည် အငတ်ဘေးနှင့် ကြုံဖွယ်ရာရှိသည်။

ရိက္ခာဖူလုံရေးအတွက် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမည်။ ချမ်းသာသော နိုင်ငံများက စိုက်စရာမလို ဝယ်စားရင်ပြီးတာပဲ ဟူသော သဘောထားမျိုးသည် အန္တရာယ်မကင်းပေ။

ယခုအခါ ကာတာကဲ့သို့ ရေနံသူဌေးနိုင်ငံသည်ပင်လျင် နယ်သာလန်မှ ပညာရှင်များ ခေါ်ယူလျက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးသည်။ ကာတာလုပ်ငန်းရှင်များ စိုက်ပျိုးရေးဘက်တွင် စိတ်ဝင်စားလာ စေရန်၊ ရင်းနှီးမြုပ်နှံလာစေရန် ရည် ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ 

အေးထွန်းမင်း

[email protected]

Ref:     Stunning images reveal the hi-tech future of farming..

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.