16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
မြေပုံနယ်နိမိတ်မှာ ထိုးထွက်လာသော ခြံစည်းရိုးများ-၂

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ဘင်္ဂါလီအကျပ်အတည်းနှင့်  အလားတူဒုက္ခမျိုး ရင်ဆိုင်ခဲ့၊ ရင်ဆိုင်နေရဆဲဖြစ်သော အိန္ဒိယနိုင်ငံ၏ လူ့ အခွင့်အရေးဆိုင်ရာမူဝါဒနှင့် နိုင်ငံတကာဥပဒေများအပေါ် တုံ့ပြန်ပုံက လည်း တစ်စွန်းတစ်စ လေ့လာစရာကောင်းလှပေ၏။ The Economic Times တွင် ရေးသားထားဖော်ပြထားသည့် Just as Bangladeshis, Rohingyas too are Illegal migrants and not Refugees ဆောင်းပါးကို အကျဉ်းချုံးဖော်ပြရလျှင် အိန္ဒိယနိုင်ငံအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် ဘင်္ဂါလီ (မူရင်းအရေးအသား၌ ရိုဟင်ဂျာ) မွတ်စလင်များသည် ဒုက္ခသည်များ မဟုတ်ကြဟု သုံးသပ်ပြ၏။

ဘင်္ဂါလီများသည် အိန္ဒိယနယ်စပ်မှတစ်ဆင့် နိုင်ငံအတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်လာခဲ့သူများသာဖြစ်၏။ သူတို့သည် အိန္ဒိယတွင် ခိုလှုံခွင့်တောင်းခံလွှာ လိုလိုလားလား လျှောက်ထားကြသူများမဟုတ်ဘဲ သည်အတိုင်း ဝင်နေရောက်နေထိုင်ကြခြင်းဖြစ်သည့်အတွက် ခိုလှုံရာ ဖွေရှာသူများလည်း မဟုတ်ကြပေ။

လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ဟိုက်ဒြာဘက်၊ မီဝက်၊ ဒေလီမြို့များတွင်လည်းကောင်း၊ ဘင်္ဂါလီများသည် ဂျန်မူနှင့် ဆမ်ဘာခရိုင်များတွင်လည်းကောင်း အခြေချဝင်ရောက် နေထိုင်ခဲ့ သည်မှာ စုစုပေါင်း လူဦးရေ ၁၃၇ဝဝ ကျော်ခန့်ရှိနေခဲ့သည်။ ဂျန်မူနှင့် ကက်ရှ်မီးယား အချက်အလက်များအရ ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း လူဦးရေ ၆ဝဝဝ ကျော်မျှ တိုးပွားလာခဲ့သည်ကိုလည်းတွေ့ရ၏။ ထိုသူများထဲတွင် အိန္ဒိယနိုင်ငံသား ကတ်ပြားကိုင်ဆောင်ခွင့် ရထားသူများနှင့် မဲပေးခွင့်ရှိသူများ  ပါဝင်နေသည်။

ယခုဘင်္ဂါလီများမှာမူ အိန္ဒိယနိုင်ငံအတွင်းသို့ လွယ်လွယ်ခိုးဝင်ကာ အခြေချနေထိုင်သူများသာဖြစ်၏။ သူတို့၏ မူလနေရာ ဘင်္ဂလားဒေရှ်သို့ ပြန်သွားရန်နှင်ထုတ်ခြင်းသည် ယင်းမွတ်စလင် အသိုက်အဝန်းကို ရက်စက်နှိပ်ကွပ်ခြင်း မဟုတ်သလို၊ ရန်သတ္တရုပြုခြင်းလည်း မမည်ပေ။ လက်ရှိအနေအထားသည် ဒုက္ခသည် တစ်ဦးအတွက် မူရင်းနိုင်ငံသို့ပြန်ရန် လုံခြုံရေးအတွက် စိုးရိမ်ရသော အခြေအနေမျိုးဖြစ်၍ အတင်းအကျပ် ပြန်မလွှတ်ရဟု တားမြစ်ထားသော ၁၉၅၁ ဒုက္ခသည် သဘော တူညီချက် အပုဒ်ခွဲ ၃၃ မှ Non-Refoulement မူနှင့်လည်း မကိုက်ညီလှပေ။

ယခုဖြစ်ရပ်၌ ဘင်္ဂါလီများတွင် ဆော်ဒီအာရေးဗျ၊ ပါကစ္စတန်တို့မှ အကြမ်းဖက်အဖွဲ့များနှင့် အချိတ်အဆက်ရှိသော Arakan Rohingya Salvation ဝင်များပါနေသည်ဟူသော ခိုင်မာသည့် အထောက်အထားများ ရှိနေ၏။ ၂ဝ၁၄ တွင် ရခိုင်သည် ဂျီဟက်လုပ်ရမည့် အချက်အချာဒေသတစ်ခုအဖြစ် ISIS မှ ခေါင်းဆောင် Abu Bakral-Baghdadi က ကြေညာခဲ့ဖူးသည်။ လက်တလောတွင်လည်း နိုင်ငံ၏ လုံခြုံရေးကို စိုးရိမ်ဖွယ်ခြိမ်းခြောက်လာနိုင်သော  ဘင်္ဂါလီမွတ်စလင်များနှင့် ပါကစ္စတန်မှ ISI နှင့် ISIS တို့အကြား ပါဝင်ပတ်သတ်မှုများအပေါ် ဗဟိုတရားရုံးမှ စုံစမ်းထောက်ထား ခွင့်ရရန် အသိပေးထားပြီးဖြစ်ပြီး ဒေလီ၊ ဟိုက်ဒြာဘက်၊ မီဝက်နှင့် ဂျန်မူ စသောမြို့နှင့်နယ်ပယ်များ အကြားတွင် စစ်သွေြး<ွကတို့၏ လှုပ်ရှားမှုများနှင့် ဘင်္ဂါလီအချိတ်အဆက်များကို အသိပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

ကျွန်တော်တို့၏ လူ့အခွင့်အရေးလှုပ်ရှားကြသူများ အနေဖြင့်  ဒုက္ခသည်ပြဿနာများနှင့် နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်နေရပြီး  ဒုက္ခသည်ဥပဒေများကို စံပြုပြဋ္ဌာန်းနေသော အနောက်ဘက်မှ ဒီမိုကရေစီထွန်းကားသည့် နိုင်ငံများ၏လုပ်ရပ်ကို လေ့လာကာ အိန္ဒိယ၏ နှိုင်းနှိုင်းဆဆ ထိန်းချုပ်ကိုင်တွယ်မှုအပေါ် မလျော့မတင်းသော ရပ်တည်ချက်မျိုး ဖြင့်သာ ရှိသင့်ပေသည်။ ဒုက္ခသည် များ အရေးအပေါ် အာဝဇ္ဇန်း ရွှင်ရွှင် နှင့် ဆန့်ကျင်နေမှုများ၊ မွတ်စလင်များအပေါ် ပြောင်ပြောင်တင်းတင်း ဖီလာ ကန့်လန့်တိုက်မှုများကို ကန့်ကွက်ခဲ့ဖူးသော ဟန်ဂေရီ၊ ပိုလန်၊ စလို ဗေးကီးယား၊ ချက်ခ်ကဲ့သို့  ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများကိုယ်တိုင် ဝေပုံကျဒုက္ခသည် လက်ခံရေးမူတွင်  ငြင်းခုံနေကြရလေပြီ။

ဟန်ဂေရီသည် ဒုက္ခသည်များဝင်ရောက်မှုကိုတားဆီးရန် ဆားဗီးယားနယ်စပ်အား ပိတ်လိုက်လေပြီ။ မာစီဒိုးနီးယားသည် နယ်စပ်စည်းရိုးကို တိုးဝင်သော ဒုက္ခသည်များ နောက်ဆုတ်သွားရန် ကျင်စက်ဖြင့် တို့ခြင်း၊ ပလပ်စတစ် ကျည်ဆန်များ ဖြင့် ပစ်ခတ်ခြင်း ပြုနေပေပြီ။ ယူ ကေသည်လည်း ဥရောပ ရွှေ့ပြောင်း နေထိုင်သူများရန်မှ ကာကွယ်ရန် ဘရက်စစ်ဟူသော ဥရောပသမဂ္ဂမှ ခွဲထွက်ရေးမူနှင့်  လုံးပန်းနေခဲ့သည်မှာ မူဝါဒအရ ပြန်လည် စဉ်းစားခွင့်ပေးထားသော ဆိုင်းငံ့နှစ်ကာလပင် ပြည့်မီတော့မည်ဖြစ်သည်။ နောက်ဆုံးတွင်  သမ္မတထရန့်၏ ဒုက္ခသည် တားမြစ်ရေးမူကို အကြိမ်ကြိမ်ဆိုင်း ငံ့ခဲ့သော အမေရိကန်အထက် တရားရုံးသည်လည်း ခွင့်ပြုချက် ပေးအပ်လိုက်လေပြီ။

ယင်းနိုင်ငံများကိုကြည့်လျှင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေး၌ ထွက်ပြေးဘင်္ဂါလီများအတွက် နှလုံးမသာယာ ရှိလှသည်ဟု ရင်တမမပြောနေသည့် နိုင်ငံအများစု ပါဝင်နေ၏။ ၂၁ရာစုအဝင်မှစကာ တဖြည်းဖြည်း ပြန်လည်တိုးပွားလာသော ရွှေ့ပြောင်း နေထိုင်သူများနှင့် ဒုက္ခသည်များ အရေးကိုကြည့်လျှင်  ဒီမိုကရေစီ စံပြနိုင်ငံကြီးများ၏ကိုင်တွယ်ပုံ အပြောင်းအလဲများကို အကဲခတ်မိနိုင်သည်။ ကနဦးကာလများတွင်  နိုင်ငံကြီးအများစုသည်လျော့ရဲသော စိစစ်မှုများဖြင့် ခိုလှုံလာသမျှကို တံခါးကျယ်ကျယ်ဖွင့်ကာ လူ့အခွင့်အရေး မှန်သမျှ ခုံမင်တိမ်းညွတ်သည့် စံပြနိုင်ငံများသဖွယ် ကမ္ဘာ့အလယ်တွင် အားကိုးခံနိုင်ငံကြီးများအဖြစ် ထင်ပေါ်ပြသနေခဲ့ကြသည်။ သို့သော် နိုင်ငံအတွင်းသို့ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဝင်ရောက်လာကြသောသူများသည် ကမ္ဘာစစ်ကြီးများအတွင်းက မလွှဲမရှောင်သာ၍ ခိုလှုံရာရှာသူများကဲ့သို့ ငြိမ်းအေးချိန်တွင် မွေးရပ်မြေသို့ ပြန်နေချင်သူကလည်း သိပ်မရှိ။ အာဏာရှင်စနစ်ကြောင့် အသက်လုကာ ထွက်ပြေး ပုန်းရှောင်လာကြသော်လည်း မိမိဇာတိတွင် ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးကာ ဘေးရန်ကင်းရှင်းသွားသည့်တိုင် အိမ်မပြန်ကြတော့ဘဲ နိုင်ငံသားအဖြစ် ခံယူခွင့်ရလိုက်သော နေရာသစ်တွင် သဘောခွေ့ကာ 'သည်သောင်က မောင်ကြီးမခွာနိုင်'ဖြစ်နေသော သူတို့ တဖြည်းဖြည်းများပြားလာ သည့်အခါ ထုတ်မပြောကြသော်လည်း သူစိမ်းတစ်ရံလက်ခံသည့်စနစ်၌ ကန့်သတ်ချက်များ တဖြည်း ဖြည်း တိုးလာခဲ့သည်။

ကမ္ဘာစစ်မဟုတ်သည့်တိုင် ဘာသာရေးကို အခြေပြုသော ISIS ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ ကျူးကျော်သိမ်းပိုက် နိုင်ငံပြုမှုနှင့် ဘာသာတူ-ဝါဒကွဲများအကြား ဖြစ်ပွားသည့် မပြီးဆုံးနိုင်တော့သော စစ်ပွဲများကြောင့် ထွက်ပြေးလာရသူများ တသီတတန်း ရောက်လာပြန်သောအခါ ဒေသတွင်းရှိ နိုင်ငံများ အကြားတွင် ဒုက္ခသည် ဝေပုံကျစနစ်ဖြင့်လက်ခံရန် ညှိနှိုင်းလာရပြန်သည်။ ဒုက္ခသည်ဥပဒေကို ကိုးကားရင်း လူ့အခွင့်အရေးစာမျက်နှာသစ်များ အတွင်တွင်ဖွင့်ကြရင်းကပင်  နိုင်ငံစည်းရိုးများ အလျှိုလျှိုကာပြီး  ဟန့်တား လာကြတော့သည်။

နောက်ဆုံး၌ ကမ္ဘာပေါ်ရှိ နိုင်ငံ့နယ်စပ်တစ်ခုတွင် ဒုက္ခသည် သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ပြဿနာတစ်ရပ် ပေါ်ထွက်လာသည်နှင့် ယင်းအကျပ်အတည်းကို တိုက်ရိုက်ရင်ဆိုင်နေရသည့် နိုင်ငံအား လက်ခံပေးရန်၊ ပြန်မောင်း မထုတ်ရန်၊ လူသားချင်း စာနာရန်မှအစ တက်ညီလက်ညီ တိုက်တွန်း လာကြပြီး သဘောမတွေ့လျှင် ကုလသမဂ္ဂကို ပုဏ္ဏားတိုင်လုပ်ပြီး အရေးယူ ပိတ်ဆို့မှုများချမှတ်ရန် အစည်းအဝေးကြီးများထိုင်ကာ အပြိုင်အ ဆိုင်တိုင်တောနေကြသည်အဆုံး လုပ်လာကြသည်မှာ သူ့ခြံစည်းကိုး နားက ဝင်ခွင့်မရသည့် လူစိမ်းတစ်သိုက် ကိုယ့်နယ်နိမိတ်အနား ရောက်မလာစေရန် တစ်ဖက်လှည့်နည်းဖြင့် ကာကွယ်နေသည့် အလားပင် ထင်မှတ် မှားလောက်ပေ၏။

တစ်ဖက်တွင်လည်း ဒုက္ခသည်များ မဝင်နိုင်ရန် ခြံစည်းရိုးများ ပိတ် ကာဟန့်တားခြင်းသည် အာဏာရှင်တို့ အကြိုက်တွေ့စရာ ဖြစ်သည့်အတွက် မအောင်မြင်သောနည်းဟု သုံးသပ်ပြသော ပညာရှင်များကလည်း များစွာရှိနေ၏။ ထိုသုံးသပ်သူများအလိုအရ အာဏာရှင် မနှစ်မြို့သည့် သူများ ချောင်ပိတ်ခံနေရသည်ကို စစ်အစိုးရများက သဘောတွေ့ပျော် ပိုက်စေသည့်အတွက် အနိုင်အထက် ပြုသူများကို တစ်ဖက် တစ်လမ်းက အားပေး ကူညီလိုက်သလို ဖြစ်နေသည်ဟု ထောက်ပြကြသည်။ သို့ဆိုလျှင် မူရင်းနိုင်ငံက အစိုးရနှင့် မသင့်မြတ်ဟုဆိုကာ ခွဲခြားဖိနှိပ်မှုမှ ထွက်ပြေးလာကြရသည်ဟုဆိုသူတိုင်းကို  တံတိုင်းမကာဘဲ အလွယ်တကူ လက်ခံခြင်းသည်လည်း ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ကာ အထီးကျန်နိုင်ငံအဖြစ် ရပ်တည်မှသာ ကိုယ်ကျိုး စီးပွားပို၍ ရှာဖွေနိုင်မည့်  အာဏာရှင်အစိုးရများအတွက် မိမိတို့ ကို ဖီလာဆန့်ကျင်မည့်သူများ အဝေးသို့ အလွယ်ရောက်သွားစေသော နည်းလမ်းဖြစ်၍ အဟန့်အကာ စည်းကိုမထားခဲ့ခြင်းက တံခါးပိတ် အာဏာရှင်တို့ အကြိုက်တွေ့ပြန်သည့် နည်းဟု မဆိုနိုင်ဘူးလားဟု  မေးခွန်းထုတ်စရာရှိနေပြန်သည်။ အလားတူပင် အထိန်းချုပ်ရခက်သော ဘာသာတူ-ဝါဒမတူသူတို့ ရှင်းသွားခြင်း ဖြစ်သည်ဟု နိုင်ငံပြု အစွန်းရောက် သမားတို့ကလည်း သဘောပိုက် မသွားနိုင်ဘူးလားဟု စဉ်းစားစရာ ဖြစ်ပြန်သည်။ ထိုထက်ပို၍ တံခါးမရှိဓားမရှိ ဝင်ထွက်စေခြင်းက မျိုးဆက် တစ်ဆက်ကြာ၍ အင်အားစုမိလျှင် ခွဲထွက်ခွင့် တွင်တွင်တောင်းဆိုတတ်သော ကျူးကျော်အသိုက်အဝန်းတစ်ခု၏ အကြိုက်မဟုတ်လောဟုလည်း ပြန်လည်မေးဆတ်ပြစရာ ကောင်းလှပေသည်။

အမှန်တရားသည် အဖြေတစ်ခု တည်းသာ ရှိသည်ဟု ဆိုနိုင်သော် လည်း ထိုအဖြေတွင် ရှုမြင်သူ၏ ရပ်တည်ချက်နှင့် စွဲကိုင်ထားသော မူဝါဒ၏ ခိုင်မာအောင်မြင်မှုပေါ်မူ တည်၍ မျက်နှာစာများစွာက တစ်ခုထက်မကပို၍ ရှိနေတတ်ပြန်သည်။ ကမ္ဘာ့ဇာတ်ခုံပေါ်မှ နိုင်ငံတကာရေး ရာများကို  ဆန်းစစ်ကြည့်လျှင် ထိုသ ဘောကို ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါလိမ့်မည်။ ထိုထက်ပို၍ နိုင်ငံတစ်ခုတည်း၌ပင်လျှင် ဆယ်စုနှစ် တစ်စုနှင့်တစ်စုအကြား ပြောင်းလဲသွားသော အမှန်တရားများက မျက်စိ လည်စရာကောင်းလောက်အောင် အရောင်ပြောင်းနေတတ်ကြသေးသည်။

နိုင်ငံများအကြား၊ လူမျိုးစုများအကြား အမုန်းနှင့်အကြောက်ဟူသော တရားနှစ်ပါးကြောင့် ကာရံလာသည့် စည်းရိုးများအနက် ပြည်တွင်း၌ ရင်ဆိုင်ရမည့် အကျပ်အတည်းကို မျှော်တွေးကာ  အကြောက်နှင့် ကာရံသည့် အမျိုးအစားက ပိုများလှ၏။

တစ်ခါတရံတွင် နိုင်ငံများအကြား ပိုင်းခြားလိုက်သည့် စည်းရိုးများကြောင့် လူမျိုးစုတစ်ခုအကြား အမုန်းလည်းမရှိ အကြောက်အလန့်လည်းမဖြစ်ဘဲ နယ်နိမိတ်စည်းမျဉ်း များအကြား လုံခြုံရေးစကား ရိုးမယ် ဖွဲ့ကာ ပိုင်းခြားလိုက်သောအခါ ဆွေး မျိုးရင်းချာများအကြား စည်းရိုးများက မလိုတမာ ပိတ်ကာခံရခြင်းကိုလည်း ဖြစ်တတ်သေးသည်။ ထိုသို့သော စည်းရိုးများသည် လူအမြောက်အများ အစုလိုက်အပြုံလိုက် တရားမဝင် ရောက်လာခြင်း၊ ခိုလှုံရာရှာသူတို့ အလုံးအရင်း ရောက်ရှိလာခြင်းနှင့် တစ်ခါတရံ အမျိုးမျိုးသော အကြမ်းဖက်အဖွဲ့အစည်း အကြီးအငယ်တို့ ၏ ရန်မီးတို့ စတင်ဖြစ်ပွားလိုက် လျှင် စည်းရိုးများအလျှိုလျှို ထွက်လာ တတ်သည်။ ကြားကအနေမှန်သော လူမျိုးစုမှာ အချင်းချင်းအကြား အ မုန်းမရှိဘဲလျက်နှင့် မတူညီသော နိုင်ငံတော်အလံ အသီးသီးအောက် တွင် ရှေ့အိမ်နှင့် နောက်အိမ်အကြား ဟင်းခွက်ချင်း ဖလှယ်ကာ စားသောက်ရန်ဓလေ့ပင် အခက်တွေ့ သွားစေတတ်ပြန်သည်။

ပမာအားဖြင့် မြန်မာနှင့် အိန္ဒိယနယ်စပ်တွင် ထွက်ပေါ်လာသော ခြံစည်းရိုးသည် နာဂတိုက်ခိုက် ရေးသမားတို့၏ရန်မှ ကာကွယ်ရန်ဟူသော ရည်ရွယ်ရင်းဖြစ်ကာ နှစ် နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာခဲ့စေ သော်လည်း နာဂလူမျိုးများအကြား ဆွေမျိုးများအကြား၊ မိရိုးဖလာ ကုန်သွယ်မှုများအကြားနှင့် နှစ်အိမ့်တစ်အိမ် ကူးလူးဆက်ဆံမှုများ အကြားတွင် အလိုမတူဘဲ ရင်ကွဲနာကျစရာ စည်းရိုးက ကန့်လန့်လာကာခြင်းကို ရင်ဆိုင်ခဲ့ရသည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသနှင့် ထိစပ်နေသော အိန္ဒိယနယ်စပ်တွင် ခြံစည်းရိုးကာရံခြင်းကို ၂ဝ၁၇ ဇန်နဝါရီ ၉ ရက်တွင်စတင် ကြေညာခဲ့သည်။  နာဂလူမျိုးသည် မြန်မာ့နယ်နိမိတ်တွင်း၌ ၁၅ဝဝဝဝ ဦးခန့်ရှိပြီး အိန္ဒိယအခြမ်းမှ နာဂလန်း၊ မဏိပူရ၊ အာသန်နှင့် အရုနာချယ်ပရာဒက်ရှ်တို့တွင် နေထိုင်သူ ၁၈၅ဝဝဝဝဦးခန့် နေထိုင်ကြသည်။

၂ဝ၁၅နှစ်တွင် နာဂလက်နက် ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးပြီးနောက်ပိုင်း အိန္ဒိယနှင့် နာဂအကြား တို့တိုက်ပွဲများ ဖြစ်ပွားလာခဲ့၏။  တစ် ဖက်တွင်လည်း မြန်မာနိုင်ငံသည် တရုတ်၏ သြဇာလွှမ်းမိုးမှုမှ ချိန်ခွင် လျှာတစ်ဖက်စောင်းနင်းမဖြစ်ရန် ဟန်ချက်ကို ထိန်းနိုင်သည့် အကောင်းဆုံးနည်းမှာ ကျန်နေသည့် အင်အားကြီးအိမ်နီးချင်းဖြစ်သော အိန္ဒိယနိုင်ငံနှင့် ချစ်ကြည်မပျက်နေ ထိုင်ရန်ကလည်း အရေးကြီးနေပေသည်။ တစ်ဖန်တိုက်ခိုက်နေသည့် နာဂလက်နက်ကိုင်များကလည်း မြန်မာဘက်မှ အိန္ဒိဘက်သို့ ပစ်ခတ် နေသည့်အတွက် တပ်မတော်က နာဂအဖွဲ့ကိုရှင်းလင်းလေတော့သည်။

ထို့နောက် အိန္ဒိယနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား နယ်ခြားအမှတ်၁၄၅ နှင့် ၁၄၆ ကြားရှိ နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးစည်းရိုးကာရန် ဆုံးဖြတ်လုပ်ကိုင် ခဲ့သည်။ အိန္ဒိယက မြန်မာတို့ကာမည့် စည်းရိုးအတွက် ငွေကြေး ထောက်ပံ့မှုပြုမည်မဟုတ်ကြောင်း တရားဝင်ငြင်းဆိုထား၏။ သို့သော် နာဂဒေသအပါအဝင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ယင်းတို့နှင့် ထိစပ်နေသော နယ်စပ် တစ်လျှောက်တွင် 'နယ်စပ်ဒေသဖွံ့ဖြိုးရေး' ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကို တစ်နှစ်လျှင် ဒေါ်လာငါးသန်းပေးရန် သဘောတူထားသည်။

နာဂတိုက်ခိုက်ရေးသမားတို့ကို အကြောင်းပြုကာ ထွက်ပေါ်လာသော စည်းရိုးသည် ဒေသခံလူမျိုးစု အကြားတွင် ကုန်သွယ်မှု၊ ကူးလူးဆက်ဆံမှုများ အစစအရာရာ အ တားအဆီးဖြစ်သွားစေသည်။ ယင်းနယ်စပ်တွင် ၂ဝ၁၃ ခုနှစ်က တည်ခဲ့သော Pamsau နှင့် Somra ဈေးနှစ်ဈေးသည် ဒေသခံများအား ထားစရာ ဖြစ်ခဲ့ရသည်။ ထိုဈေးများ မပေါ်ပေါက်မီက မြန်မာနိုင်ငံဘက်ခြမ်းမှ နာဂလူမျိုးများသည် အိန္ဒိယဖြစ် အ ခြေခံထုတ်ကုန်များကို မှောင်ခိုဈေးကွက်မှတစ်ဆင့် ဈေးကြီးကြီးပေးကာ ဝယ်ယူခဲ့ကြရသည်။ ဈေးကြီးနှစ်ဈေး ထွက်ပေါ်လာချိန်တွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမူအရ တရားဝင် ရောင်းဝယ်ဖောက်ကားခွင့်ရခဲ့သမျှသည် စည်းရိုးကာလိုက်သည့်အခါ အခက်အခဲများစွာဖြစ်သွားရသည်။

ဤသည်မှာ နိုင်ငံနှစ်ခုအကြား ပိုင်းခြားလိုက်သည့် စည်းရိုးကြောင့် ဘာသာစကားတူ၊ ယဉ်ကျေးမှုတူသည့် လူမျိုးစုတစ်ခုတည်း၌ စည်းဝိုင်း တားကာ ခွဲခြားသတ်မှတ်ခံရသော အဖြစ်ဆိုးမျိုးပင်ဖြစ်၏။ လူမျိုးစုဘက်ကကြည့်လျှင် ဘိုးစဉ်ဘောင်ဆက် ငြိမ်းအေးပျော်ရွှင်စွာနေထိုင် ခဲ့ရပါလျက်နှင့် မိမိတို့နေရပ်သည် နိုင်ငံနှစ်ခု၏ နယ်နိမိတ်ပေါ်တွင် ကျရောက်နေသည့်အတွက် ရှေ့အိမ်နှင့် နောက်အိမ် အဝင်ခက်၊ အထွက်ခက် ဖြစ်စေရသည်ဟု ဆိုကြမည်။ အစိုးရ များဘက်ကို မေးလျှင် လက်နက် ကိုင်တပ်ဖွဲ့ကြောင့်ဟု ခပ်မြန်မြန် ပြန်ပြောကြလိမ့်မည်။ ထို့အတွက် အရှေ့ပိုင်းတွင် အမှန်တရားသည် အဖြေတစ်ခုတည်းသာရှိသည်ဟု ဆိုနိုင်သော်လည်း ထိုအဖြေတွင် ရှုမြင်သူ၏ရပ်တည်ချက်နှင့်  စွဲကိုင်ထားသောမူဝါဒ၏ ခိုင်မာအောင်မြင်မှု ပေါ်မူတည်၍ မျက်နှာစာများစွာက တစ်ခုထက်မကပို၍ ရှိနေတတ်ပြန်သည်၏ ဆိုရခြင်းဖြစ်သည်။

ကမ္ဘာ့အရေးကို လေ့လာကြည့်လျှင် အကြောင်းပြချက်ကိုယ်စီနှင့် ပေါ်ပေါက်လာမည့် ခြံစည်းရိုးများ နှစ်စဉ် တိုးတိုးလာဖွယ်သာရှိသည်ကို တွေ့နေရမည်။

ဥရောပတိုင်းပြည်များက အိမ်နီးချင်းများရန်ကို ကြောက်သည့်အတွက် အရှေ့စွန်းပိုင်းရှိ နယ်စပ်များတွင် ခြံစည်းရိုးကာထားကြသည်။ တစ်ချိန် တည်းတွင် အာရှဘက်သို့ကြည့်လိုက်လျှင်လည်း တရုတ်သမ္မတ ရှီဂျင်းပင်က Xinjiang ဒေသတစ်ခွင်၌ သံတံတိုင်းခတ်ရန် လောဆော်နေ သံကိုကြားရမည်။ လက်တင်အမေ ရိကတွင် အီကွေဒေါသည် Peruvian  ပြည်နယ်စည်းရိုးအစပ်တွင် ကွန်ကရစ်ချပ်များကို ထိုးထွက်စေခဲ့ပြီ။

အာဖရိကမှ ဆိုမာလီယာနှင့် ကင်ညာတို့အကြား သံဆူးကြိုး၊ ကွန်ကရစ်များဖြင့် စီမံသော စည်းရိုးများက အလျှိုလျှို ထွက်ပေါ်နေသည်ကိုတွေ့ရမည်။

ဤသည်ကို ကြည့်လျှင် ဘာလင်တံတိုင်းပြိုကျပြီးနောက် ၁၉၉ဝ ပြည် လွန်နှစ်များတွင် ကမ္ဘာတစ်ဝန်းလုံးက လိုလားတောင့်တခဲ့သော 'နယ် စည်းမခြားသော မြေကမ္ဘာ' တစ်ရပ် ဖြစ်ပေါ်လာရေးမှာ စိတ်ကူးယဉ် သက်သက်သာ ဖြစ်သွားချေပြီ။ စစ်အေးခေတ်က တံတိုင်း ၁၅ ခုဖြင့်သာ နယ်ပယ်များကို ကန့်သတ်ပိုင်းခြားခဲ့သော်လည်း လက်ရှိအချိန်တွင် ကမ္ဘာ တစ်ခွင်၌ တံတိုင်း၊ စည်းရိုး ၇ဝ မျှ ရှိလာခဲ့လေပြီ။

မျက်မှောက်ခေတ်၌  တံတိုင်း၊ စည်းရိုးတို့သည် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် စံနှုန်းအသစ်တစ် မျိုးသဖွယ် မှတ်ယူရလောက်အောင် အပြိုင်ပေါ်လာကြသည်။ နိုင်ငံများ အကြား စိတ်ဝမ်းကွဲပြားမှုများ၏ သင်္ကေတသဖွယ် အရုပ်ဆိုး အကျည်းတန်စွာ ထွက်ပေါ်လာခဲ့ပြီ။

တစ်ဖန် ခြံစည်းရိုးဒုက္ခသည်လည်း ငွေကုန်ခံကာ ကာရံရုံမျှနင့် တစ်စခန်းသတ်မသွား။ နောက်ပိုင်းတွင် တစ်သက်တာလုံး လုံခြုံရေး အင်အားသုံးကာ နိုင်ငံတော်ဘတ် ဂျက်ဖြင့် အကုန်အကျခံပြီး စောင့်ကြည့်ရမည့် အလုပ်ကလည်းရာ သက်ပန်တာဝန်သစ် တစ်ရပ်လို  အစဉ်လိုအပ်နေတော့မည်။ လုံခြုံရေးတပ်ဖွဲ့ထား၊ ကင်မရာဆင်၊ အပူအာရုံခံကိရိယာ တပ်၊ လှုပ်ရှားမှု ထောက်လှန်းသည့် စနစ်ကိုထည့်၊ ဒရုန်းများအလှည့်ကျ ပျံသန်းစသော နောက်ဆက်တွဲများစွာက အဆင့်မြင့်လိုသည့် ဆန္ဒနောက်တွင် အတောမ သတ်နိုင်လောက်အောင် ထာဝရ ဖြည့်တင်းစရာများ အဖြစ်ရှိနေလိမ့်သည်။

မည်သည့်အကြောင်းပြချက်နှင့် ခတ်သည့်ခြံစည်းရိုးဖြစ်စေကာမူ ရေရှည် အောင်မြင်ရန်အတွက် အလွန်သတိထားပြီး ကိုင်တွယ်ရမည်မှာ အသေအချာပင်။ အကြောင်းမှာ နယ်စပ်တံတိုင်းနှင့် စည်းရိုးများသည် ဖြတ်ကျော်ဝင်ရောက်လိုသူတို့၏ အမူအကျင့်နှင့် ကုန်ပစ္စည်းတို့၏ တန်ဖိုးအပြောင်းအလဲတို့ကို အဆုံးအဖြတ်ပေးရာ ရောက်စေသောကြောင့် ကာထားရုံဖြင့် အပြီးတိုင် ဆုံးခန်းတိုင်မသွားတတ်ပေ။

တံတိုင်းများအဆင့်မြင့် လာသည်နှင့်မျှ တရားမဝင် ခိုးဝင်လိုသူများနှင့် မှောင်ခိုပစ္စည်းရောင်းဝယ်မှု မြေအောက်လောကမှ လုပ်နည်းလုပ် ဟန်များကလည်း ဥာဏ်နီဥာဏ်နက် ပိုထွက်တတ်သည်။ မူးယစ်ဆေးဝါးကို စည်းရိုးအထက်မှ ဒရုန်းများသုံးကာ သယ်ဆောင်ခြင်း၊ လူနှင့်ကားများ ကျော်ဝင်နိုင်ရန် ယာယီသုံး ဆင်ခြေ လျောသံတန်းများ အသုံးပြုခြင်း၊ တံတိုင်းအောက်မှ လိုဏ်ခေါင်းတူးကာ ခိုးဝင်ကြခြင်းများလည်း ပြုလုပ်လာ နိုင်သေးသည်။

တံတိုင်း၊ စည်းရိုးတို့သည် ထိုမျှ ကုန်ကျစရိတ်နှင့် ကရိကထများသော်လည်း မကာထားလျှင် ရင်ဆိုင်ရမည့်ဆိုးကျိုးက ပိုများသည့်အတွက် ဗျူဟာမြောက်သော နည်းလမ်းမ ဟုတ်သည့်တိုင် နိုင်ငံအများစုက မဖြစ်မနေ သုံးချင်လာကြသည်။

နိုင်ငံတစ်ခုတွင် စည်းရိုး၊ တံတိုင်း မရှိသဖြင့် ဝင်ရောက်နေထိုင်ခွင့်ရနိုင် သည်ဟူသော မျှော်လင့်ချက်ဖြင့်  ပင်လယ်ဖြတ်ကျော် လှေစီးကာ စွန့်စွန့်စားစားကူးလာကြသည့် ရွှေ့ပြောင်းနေထိုင်သူများ သေဆုံး၊ ဒုက္ခရောက်ခြင်းသည် ကမ္ဘာ့မီဒီယာ မျက်နှာဖုံး စာမျက်နှာထက်တွင် သတင်းထူး တစ်ရပ်ဖြစ်နိုင်သော်လည်း တံခါးပိတ်ထားသဖြင့် မည်သူမျှ မလာ ရောက်ခြင်းကိုတော့ စက်ရပ်သတင်းမှာပင် ဖော်ပြခြင်းမရှိခဲ့ပေ။

လက်တလောကာလတွင် ဒုက္ခသည် အမည်ခံကာ မွေးရပ်မြေထက် ပိုမိုကောင်းမွန်သည့် နိုင်ငံတွင် နေထိုင်လိုသူအချို့ကလည်း  သူတို့၏ အတိတ်သမိုင်းကြောင်းကိုပြောလျှင် ပိုပိုသာသာ ဇာတ်နာအောင် ပြောသူများ ရှိနေသလို၊ လိမ်ညာကာ နိုင်ငံ တကာကရုဏာကို ချူယူသော သာဓကများကိုလည်း လေ့လာကြည့်လျှင် ထဲထဲဝင်ဝင် တွေ့မြင်ရပါလိမ့် မည်။ ကိုယ်ကျိုးရှာလိုသူ အချို့သည် တွေ့ဆုံမေးမြန်းခန်းတစ်ခုနှင့် ကြုံ ကြိုက်ခွင့်ရလိုက်သည်နှင့် မျက်ရည်လည်စရာ ဇာတ်လမ်းများက အလျှို လျှိုထွက်လာတတ်သည်။ 

မျက်မှောက်ကာလတွင် နိုင်ငံတကာ၌ ခိုးဝင်သူများနှင့် ဒုက္ခသည် အမည်ခံကာ အနေအစား ချောင်လည်ရန် ကြံစည်လုပ်ကိုင်သည့် သူများသည် အမှန်တကယ် ဒုက္ခရောက် နေသူများကို သေတွင်းသို့ ခပ်မြန်မြန်တွန်းပို့နေခြင်းသာဖြစ်သည်။ ထို သူတို့သည် ခြံစည်းရိုးများ ကျကျနနကာရံကာ ခိုးဝင်လာလျှင် လှမ်း၍ ပစ် ခတ်တတ်သောနိုင်ငံ သို့တည်းမဟုတ် နိုင်ငံသားတစ်ဦးချင်း၏ ဝင်ငွေ ကောင်းမွန်မှုနှင့် လွတ်လပ်မှုအခွင့်အလမ်း နည်းပါးသော  နိုင်ငံများသို့ ခြေဦးမျှပင်မလှည့်ကြ။ ထို့အတွက် အာဖဂန်သို့ ပြေးဝင်ကြသော၊ ပါကစ္စတန်သို့ အစုလိုက်အပြုံလိုက် ပြောင်း ရွှေ့ခိုလှုံလိုသော သူမှာ မရှိသလောက် ရှားလှသည်။

ထို့အတွက်လည်း အဆင့်မြင့်ခြံစည်းရိုးများ ပေါ်ထွက်ရေး မျှော်လင့်ချက်ဖြင့် တံတိုင်း၊ စည်းရိုးများက မြေပုံနယ်နိမိတ်များပေါ်တွင် ကိုးရိုးကားရား ထိုးထွက်လာခြင်းဖြစ်သည်။ အလားတူပင် ခြံစည်းရိုး အဆင့်မြင့်သွားသည်နှင့်အမျှ ခိုးဝင်လိုသူတို့နှင့် မှောင်ခိုကုန်ကူးတို့၏ လုပ်နည်းလုပ်ဟန်များကလည်း ပရိယာယ်ပိုမို ကြွယ်ဝ လာစမြဲဖြစ်သည်။

ခိုးဝင်သူများဘက်က မည်မျှပင် ပရိယာယ် ကြွယ်စေကာမူ၊ တားဆီးသူများဘက်က မည်မျှပင် အဆင့်မြင့် အရံအတား ရှိနေစေကာမူ လုံခြုံ ရေးနှင့်စည်းရိုးကို စောင့်ရှောက် ကာကွယ် သူတို့၏ စာရိတ္တသတ္တိသည်သာ အခရာဖြစ်ကြောင်း တွေ့မြင်ရ လိမ့်မည်။

မြန်မာပြည်မှ ခိုးဝင်ဘင်္ဂါလီများအရေးကို ကြည့်လျှင်လည်း ကာကွယ်ရေးဦးစီးချုပ် နှစ်ဦး၏ နှုတ်ထွက်စကားများက အဂတိလိုက်စားသည့် ဝန်ထမ်းများ၏ နိုင်ငံတော်မျက်နှာ မကြည့်သော ကိုယ်ကျိုးရှာသည့် လုပ်ရပ်များရှိခဲ့ကြောင်း ပြောကြားချက်များကို အထင်အရှား တွေ့နိုင်ပါသည်။ ထိုနှစ်ဦးအနက်တစ်ဦးမှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်ပြီး ကျန်တစ်ဦးမှာ လက်ရှိကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ သူရဦးတင်ဦးက ဗီအိုအေသတင်းဌာနမှ ဦးရော်နီညိမ်း စီစဉ်တင်ဆက်ခဲ့သော 'တပ်မှူးတပ်သား ပြောစကားကဏ္ဍ'တွင် လွတ်လပ်ရေး ရပြီးသည့်နောက် ၁၉၅၉ ခုနှစ် အမျိုးသားမှတ်ပုံတင် စတင်ကောက်ခံပုံနှင့် ဦးနေဝင်းလက်ထက်၌ ရခိုင်ပြည်နယ်တွင် တပ်ပေါင်းစုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က သူကြုံတွေ့ခဲ့ရသော အခြေအနေမှန်များကို ပြန်လည်ပြောကြားရာတွင် ၁၉၅၉ ခုနှစ်၌ ရခိုင်တွင် ခိုးဝင်သူပေါင်း ၁၃၈ဝဝ ဦးနီးပါးကို မိမိပိုင်နယ်မြေမှ နှင်ထုတ်သည့် (Eviction Order) အမိန့်ပေးပြီး နောက်ပိုင်း ရခိုင်တိုင်း အတွက် မှတ်ပုံတင်အရာရှိများ ရောက်လာကာ (မြန်မာနိုင်ငံ၏) အမျိုးသားမှတ်ပုံတင် စတင်သည့်အခါ ကူညီခဲ့ရကြောင်း ပြောပြခဲ့သည်။

တစ်နေရာတွင် (အရှေ့ပါကစ္စတန်-ယခုဘင်္ဂလားဒေ့ရှ်)မှ စာရင်းမရှိအင်းမရှိ ထပ်ရောက်လာသည့် သူများအပေါ် သူ (သူရဦးတင်ဦး)နှင့် ခင်မင်နေသော (ရခိုင်တွင် လက်ရှိနေထိုင်နေကြသည့်) ရခိုင်မွတ်စလင်နှင့် ဘင်္ဂါလီမွတ်စလင်များက 'ဒို့တော့ဒုက္ခရောက်တော့မယ်။ လူတွေများလာတဲ့အတွက် ပြဿနာဖြစ်တော့မယ်'ဟု သူ့ကို ပြောဆိုကြသည် ဟူ၏။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ဟောင်းသူရ ဦးတင်ဦးက ''..... သူတို့နဲ့ တွေ့ကြပြုကြ ပြောနေကျဆိုတော့ သူတို့ကိုယ်တိုင်က အဲဒီလို များများ စားစားနဲ့ ဟိုဘက်က ထပ်ဝင်လာကြတဲ့သူတွေက  သူတို့ကို  ဒုက္ခပေး တော့မှာပဲဆိုပြီးတော့ အဲဒီကလူတွေက မကြိုက်ကြဘူးခင်ဗျ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့။ ဘာဖြစ်သလဲ ဆိုတော့ ကျွန်တော်တို့ရဲ့ အစိုးရဝန်ထမ်းတွေကလည်း သိပ်ပြီး Bribery and Corruption ပေါ့။ သိပ်ပြီး လာဘ်စားတယ်ခင်ဗျ။ အဲဒီ ဘူးသီး တောင်မောင်တောရောက်တဲ့ အစိုးရဝန်ထမ်းဟာ သူဌေးဖြစ်တော့တာပဲ'' ဟု သူ၏ ကိုယ်တွေ့ကို သမိုင်းနှင့် ယှဉ်ကာ ပြောပြခဲ့ဖူးသည်။

ဤသည်ကိုကြည့်လျှင် 'မြန်မာ့အမျိုးသားမှတ်ပုံတင်အစ ဘင်္ဂါလီအရှုပ်အထွေးက'ဟု စတန့်ထွင်ကာ ပြောရမလိုပင်။

ထိုစဉ်ကတည်းက အကျင့်ပျက်ဝန်ထမ်းများ၏ လုပ်ရပ်မှသည် ခေတ် အဆက်ဆက်သို့တိုင်အောင် ခိုးဝင်သူများနှင့် မကင်းပြတ်နိုင်ဖြစ်ရသည်ကို နိုင်ငံအနှံ့အပြားတွင် ပေါ်ထွက်ခဲ့လာသော မိုးကျရွှေကိုယ် မြန်မာနိုင်ငံသားသစ်များ ကြီးစိုးရာအရပ်များကို ကြည့်လျှင် အသေအချာ သိနိုင်ပါလိမ့်သည်။ မြန်မာ့တို့၏ နောက်ဆုံး မင်းနေပြည်တော်၌ပင်လျှင် မြန်မာ စကားမတတ်သည့် တိုင်းရင်းသား မဟုတ်သော တရုတ်လူမျိုးအချို့အကြောင်းကို ယခုထိထိုင် မန္တလာသားစစ်စစ်တို့ အကြား ပြောမဆုံးနိုင်အောက်လောင် ရင်နာနေကြသည်ကို အကဲခတ်ကြည့်လျှင် လာဘ်ပေး လာဘ်ယူမှုများ၏ ပြည်ဖျက်အန္တရာယ်ကို ထင်ထင်ရှားတွေ့နိုင်ပါ လိမ့်သည်။

လတ်တလော ဖြစ်ပွားနေသည့် ရခိုင်မှ မြို့နယ်နယ် (၃) မြိုနယ် အရေးတွင်လည်း လက်ရှိ တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည် တွင်းသို့ခိုးဝင်ရန် ကြိုးပမ်းသည့် ဘင်္ဂါလီများအား ဖမ်းဆီးရမိသည့်ဖြစ်စဉ်များ စစ်ဆေးရာတွင် တာဝန်ရှိသူ အချို့ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပေဒဖြင့် သစ္စာရှိစွာ ဆောင်ရွက်ရ မည့်အကြောင်း ၂ဝ၁၇ခုနှစ် စက်တင် ဘာ ၂ဝ ရက်တွင် အတိအလင်း ထုတ်ဖော် ပြောကြား သတိပေးထားလေသည်။

'မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မည်' ဟူသော စာတန်းကို သက်ဆိုင်ရာ လူကြီးမင်းများ၏ နောက်ကျောတွင်ရှိသော နံရံပေါ်၌ ထင်ထင်ရှားရှား ချိတ်ဆွဲပြထားရုံမျှ  နှင့် ထိုဌာနတစ်ခုလုံး အဂတိရှင်းလင်းသွားလေပြီဟုမဆိုနိုင်။ မြန်မာ့အတိတ်သမိုင်းနှင့် မျက်မှောက်ရေးရာ သာဓကများကို ကြည့်လျှင် သိနိုင်သည်။ လာဘ်ပေး လာဘ်ယူခြင်းကို ခုံမင်နေသော နိုင်ငံ့ဝန်ထမ်းများ၏ ကိုယ်ကျိုးရှာလိုစိတ်ကို အမြစ်ပါ မကျန်အောင် မပယ်သတ်နိုင်၊ အရေးမယူနိုင်သ၍ နယ်စပ်စည်းရိုးသည် သိကြားမင်းကိုယ်တိုင် မြန်မာပြည်သို့ ဆင်းကာ လာရောက်ကာရံပေးသည့်တိုင် လုံသော တံတိုင်းမျိုးဖြစ်လာမည် မဟုတ်ဟု ယုံကြည်မိပါတော့သည်။

 

ကျော်စည်သူ (သုနန္ဒခေတ်)

Ref:

(1) Just as Bangladeshis, Rohingyas too are illegal migrants and not refugees

(2) A wall goes up in Myanmar

(3) Why a Wall?  by Pratheepan Gulasekaram

(4)Border walls are ineffective, costly and fatal — but we keep building them.

(၅) ပြည်သူချစ်သောကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး/ ပြုစုသူ - ဖိုးစိုင်း(ဂျာနယ်လစ်)။

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.