14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
မြေပုံနယ်နိမိတ်မှာ ထိုးထွက်လာသော ခြံစည်းရိုးများ-၁

 

ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း ယောက်မတို့လေ။

 

နှမထွေး မယ်တို့အိမ်ကို၊ သိလိုလျှင်မူ

နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်။

 

အိမ်တောင်ကမူ

ကြက်သွန်ခင်းနှင့်ရေတွင်းနှင့်      

 

အိမ်မြောက်ကမူ

စပါးလင်နှင့်၊ ဒန်းပင်နှင့်။

 

အိမ်နောက်ကမူ၊

မိဿလင်နှင့် ချင်းပင်နှင့်။

 

မိဿလင်နှင့်ချင်းကိုလိုလျှင်

ဝါဆိုငယ်မှ ဝါဆိုဦး

မြေနူးနူးကို တူးလှည့်ပါရှင့်။

 

မိဿလင်နှင့် ချင်းကိုမလို

နှမထွေး မယ့်ကိုလိုလျှင်

တပေါင်းငယ်မှ တန်ခူး

ရွှေဖီဦးကို ခူးလှည့်ပါရှင့်။

 

အလို အပျိုဖြူ သူနှင့်ဆုံသည်

ဂုံချိုကုံးငယ်နှင့် ဆောင်လုံးညီးလေး။

 

အိုင်ချင်း ရေးစပ်သီကုံးရာ၌ သူမတူအောင် ကျော်ကြားလှသော တောင်တွင်းရှင် ငြိမ်းမယ်၏ 'နှမထွေးမယ့်ကိုလိုလျှင်' ဆိုသည့်ကဗျာ။  ညောင်ရမ်းခေတ်က မြန်မာ့ကျေးလက်နေ မိန်းမပျိုလေး တစ်ဦးက သူဆုံတွေ့ခဲ့သော ချစ်ရသူကိုအချိန်ကျ၍ နှစ်သက်ခဲ့လျှင် လာရောက်တောင်းယူနိုင်ကြောင်း ရေလာမြောင်းပေးပြောထားသော ချစ်စဖွယ် ကဗျာလေးဖြစ်သည်။

မိန်းမပျိုက သူနှင့်ပေါင်းဖက်လိုလျှင် လာတောင်းရမည့်အချိန်ကို ညွှန်းဆိုထားရုံမက အိမ်မမှားရလေအောင် မည်သည့်အိမ်မျိုးဖြစ်သည်ကို ဟန်မူအပိုမပါဘဲ ပွင့်ပွင့်လင်းလင်း ပုံဖော် ပြောပြထား၏။ 

မိန်းမပျိုလေးက သူ၏အိမ်သည် နတ်ခရိုင်နှင့် ဈေးဆိုင်ရှိသောအိမ်ဟု စပြောပြလေသည်။ ထို့နောက် ပို၍တိကျစေရန်  အိမ်တောင်ဘက်တွင် ကြက်သွန်ခင်းနှင့် ရေတွင်းရှိ ကြောင်း၊ အိမ်မြောက်ဘက်တွင် စပါးလင်နှင့် ဒန်းပင်တို့ရံထားကြောင်း၊ အိမ် အနောက်ဘက်တွင် မိဿလင်နှင့် ချင်းပင်များရှိသောအိမ်ဟု သေသေချာချာ လမ်းညွှန်ပေးထားလေသည်။

သို့သော် ကဗျာထဲတွင် အခြားနည်းဖြင့် အရှာရလွယ်နိုင်သည့် ခြံစည်းရိုး အသွင်အပြင်ကိုမူ ဖော်ပြမထားခြင်းက ရှေးမြန်မာတို့တွင် အိမ်နီးချင်းများအကြား အဟန့်အတား အဖြစ်ထားရမည့် ခြံစည်းရိုးများ မလိုအပ်သော လူ့အဖွဲ့အစည်း၏ ယဉ် ကျေးမှုကိုတွေးကြည့်လျှင် သဘောကျစရာဖြစ်မည်မှာအမှန်ပင်။

ကြက်သွန်ခင်းက နယ်နိမိတ် အစွန်းတစ်ဖက်ဖြစ်သလို စပါးလင်တစ်အုံကလည်း အိမ်၏ အခြားနယ် နိမိတ် အစပင်ဖြစ်လေ၏။

သူ့မြေ၊ ကိုယ့်မြေအပေါ် ကျူးကျော် ခြင်းရန်နှင့် ကျော်နင်းစိုးမိုးခံရသည့် ဘေးတို့ ကင်းပနေသည့် အိမ်နီးချင်း တို့၏ မွန်မြတ်သောဓလေ့များအကြား  ခြံစည်းရိုးသည် မလိုတမာဟန်ဖြင့် ကိုယ်ထင်ပြနေရန် မလိုအပ်ခဲ့ကြပေ။

သူ့စည်း၊ ကိုယ့်စည်း မေတ္တာနှင့် ပိုင်းခြားထားသည့်စည်းသည် မြေပေါ်သို့ ထိုးထွက်လာသော ရုပ်ဝတ္တု စည်းရိုးများကဲ့သို့ အရုပ်မဆိုး။ အကျည်းမတန်ပေ။ ယနေ့ထက်တိုင် မြန်မာ့တိုင်းရင်းသားတို့၏ အိမ်အချို့ တွင် တံခါးဟူ၍ပင်မထား။ အိမ်နီး ချင်းများအကြား အပြန်အလှန် စောင့်ရှောက်နေခြင်းကသာ အလုံခြုံဆုံး အရံအတားဟု သတ်မှတ်ထားသည်မှာ ကြားရသူတိုင်း အားကျလောက်စရာပင်။

အိမ်ငယ်စုလျှင် ဇနပုဒ်၊ အိမ်ခြေများများစုမိလျှင် ရွာ၊ ရွာကြီးလျှင်မြို့၊ ထိုထိုသော မြို့များဖြင့်  သိုင်းဝန်းလိုက်လျှင် နိုင်ငံတစ်ခု ဖြစ်လာကြသည်။ စင်ကာပူကဲ့သို့ တစ်မြို့တည်းနှင့် တစ်နိုင်ငံဖြစ်သည်ကရှားလှ၏။  မင်းဧကရာဇ်များ အုပ်စိုးစဉ် အချိန်က မြို့ရိုးနှင့် မြို့အဝင်တံခါးများမှအပ နိုင်ငံစည်းရိုးများမှာ အသေပိတ် ကာရံထားရန် မလိုအပ်ခဲ့ကြပေ။

သူ့ကို မဝင်စေလို၍ ပိတ်ကာထားသည့် စည်းရိုးသည် တစ်ချိန်တွင် ကိုယ့်ကိုလည်း အထွက်ရခက်အောင် ဟန့်တားထားမည့်အရာ ဖြစ်လာနိုင် သည့်အတွက် မည်သူကမျှ စည်းရိုး၊ တံတိုင်းများဖြင့် ဟင်းလင်းပြင် ပသာဒပျက်အောင် လုပ်ချင်မည်မဟုတ်။ နှစ်အိမ်အကြား အာဃာတပြယုဂ်များဖြင့် ပိုင်းခြားချင်မည် မဟုတ်ပေ။

သို့သော် မျက်မှောက် ကမ္ဘာ့ရပ်ဝန်းတွင် နိုင်ငံများအကြား၌ ပကတိမျက်စိဖြင့် မမြင်နိုင်အောင် ပိုင်းခြားထားသော နားလည်မှုစည်းများက တဖြည်းဖြည်း ကွယ်ပျောက်စေသောအချိန် ရောက်မှန်းမသိ ရောက်လာခဲ့ ပြီ။ အရှေ့သို့လားသော် ဤမည်သော တောင်ကုန်း၊ အနောက်သို့လားသော် ဤမည်သော ပင်လယ်ဟူ၍ ခပ်လွယ်လွယ် လက်ညှိုးထိုး စည်းချရုံမျှဖြင့် ရန်အပေါင်းကို ကုံလုံစေသောခေတ် မဟုတ်တော့ပေ။

နိုင်ငံတိုင်းတွင်ရှိနေသော ပြည်တွင်းအကျပ်အတည်းများက တစ်ပါးသူ၏မြေပေါ်သို့ ခိုလှုံလိုစိတ်ကို ဆွပေးနေသလို မိမိကိုင်စွဲထားသောဝါဒ၏ အစွန်းရောက်တွန်းပို့မှုများ ကြောင့်လည်း သူစိမ်းတရံ နိုင်ငံကို ခြေချနိုင်ရန်လည်း ကြိုးပမ်းလာကြ သည်။

ထိုထိုသော အကြောင်းပြချက်မျိုးစုံကြောင့် ဖြစ်ပေါ်လာသော တံတိုင်းများ၊ စည်းရိုးများက ကမ္ဘာ့မြေပုံပေါ်တွင် ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။ တံတိုင်းများသည်  ငွေကြေးကုန်ကျရုံသာမက  ထိရောက်မှုမရှိသော ဖြေရှင်းနည်းအဖြစ် ပညာရှင်များစွာပြောလေ့ရှိသည်။  

၁၃ ရာစုက တရုတ်မှ မဟာရံတံတိုင်းသည် ဂျင်ဂျစ်ခန်နှင့် မွန်ဂိုစစ်သားတို့ကို အနည်းငယ်သာ ဟန့်တားနိုင်ခဲ့သည်ဟု ထောက်ပြကြသည်။  ဘီစီ ၅၃၉တွင် ဘေဘီလုံက အခိုင်အမာ တံတိုင်းများကို ပါ ရှားစစ်သားများက ချိုးဖျက်ခဲ့သည်ကိုလည်း နမူနာပြကြသည်။ တိုးထွက်ဖြစ်ပေါ်လာသော တံတိုင်းများသည် နောက်ဆုံးတွင် ဖြိုချဖျက် ဆီးခြင်းဖြင့်သာ အဆုံးသတ်လေ့ရှိသည်ကများသည်။ သို့သော် တံတိုင်း၊ ခြံစည်းရိုးတို့မှာ လျော့ကျမသွား။ နိုင်ငံများတွင် ကာ၍မဆုံးနိုင်လောက် အောင် ဖြစ်လာခဲ့သည်။

၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်တွင် ဂျာမဏီနိုင်ငံမှ ကမ္ဘာကျော် ဘာလင်တံတိုင်းကြီး ဖြိုချနိုင်ခဲ့သည်။ ဆိုဗီယက်ဦးဆောင်သော ကွန်မြူနစ် ဝါဒီများ ကြီးစိုးသည့် အရှေ့ပိုင်းနှင့် ဒီမိုကရေစီလိုလားသော အနောက်ပိုင်းတို့ကို ခွဲခြားထားသည့် ဘာလင် တံတိုင်းကြီးပြိုကျသွားခြင်းသည် စစ်အေးခေတ်၏ သံကန့်လန့်ကာကို အပြီးတိုင် ပျက်သုဉ်းသွားစေခြင်းဟု ယူဆကာ တစ်ကမ္ဘာလုံးက ဝမ်းမြောက်ကြိုဆိုခဲ့ကြသည်။ တံတိုင်းတို့ ၏ အကျိုးမရှိပုံများကိုလည်း ရှုထောင့် မျိုးစုံမှ သုံးသပ်တင်ပြကြသည်။

သို့သော် တံတိုင်းခေတ်သည် ကုန်ဆုံးခြင်းမရှိ။ ဘာလင်တံတိုင်းပြိုကျပြီးနောက် တံတိုင်း သို့မဟုတ် ခြံစည်းရိုးများ မဖြစ်မနေ တိုးချဲ့ကာရံသည့် နိုင်ငံပေါင်း ၄ဝ ကျော်ခန့်သည် အခြားသော နိုင်ငံ ၆၅ နိုင်ငံကို ဟန့် တားစေမည့် တံတိုင်း၊ စည်းရိုးများကို အပြိုင်အဆိုင် ကာရံလာကြသည်မှာ လည်း  မေ့ထားရမည့် အချက် မ ဟုတ်ပေ။

၂ဝ၁၇၊ စက်တင်ဘာလ ၁၈ ရက်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ချက် ၅/၂ဝ၁၇ တွင် ယခုအချိန်တွင် ပြည်သူအချို့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ် ခြံစည်းရိုးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေသဖြင့် ပြည်သူများ၏ စိုရိမ်မှုများ ပပျောက်စေရေးအတွက် နယ်စပ်ခြံစည်းရိုးကာ ရံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ အပေါ်တွင် သတင်းထုတ်ပြန်မှုပြုခဲ့ သည်။

၂ဝ၁၆ ခုနှစ် မေလ ၃ဝ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဌအဖြစ် တာဝန်ယူသော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြောင်းမှ အစချီကာ နယ်စပ်ခြံစည်း ရိုးအကြောင်း အကျဉ်းချုပ် ဖော်ပြထားသည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်တွင် ခြုံစည်းရိုး ကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ငွေကျပ် ခြောက်ဘီလီယံကျော်ကို ခွင့်ပြုပေးခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် ခြံစည်းရိုးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ငွေကျပ် ၂ဝ ဘီလီယံကို နိုင်ငံတော်အစိုးရက လက်ငင်းဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူများ၏ စိုးရိမ်မှုကို ပပျောက်စေရေးအတွက် ကာရံသည့် ခြံစည်းရိုးဖြစ်၏။ လက်ရှိအချိန်တွင် ဘင်္ဂါလီများ အစုလိုက်အပြုံလိုက် ထွက်နေကြခြင်းအပေါ် အဓိက ဇောင်းတင် ပြောဆိုနေသည့် နိုင်ငံတကာအသိုင်းအဝန်းသည် ခြံစည်းရိုးအကြောင်း ဝေဖန်ရန် အလှည့်မကျ သေးထင်၏။ သို့မဟုတ် အခြား အ ကြောင်းအရာများအပေါ်တွင် အာရုံ ပိုရောက်နေခြင်းလည်း ဖြစ်နိုင်သည်။

နယ်နိမိတ်ပေါ်တွင် တည်ဆောက်ကြသော ခြံစည်းရိုးများအပေါ်တွင် နိုင်ငံတကာ အသိုင်းအဝန်းနှင့် ကာယကံရှင်နိုင်ငံတို့အကြား ရှုမြင်သုံးသပ်ကြပုံများက အမျိုးမျိုး ကွဲပြားနေသည်။ အထူးသဖြင့် UN, EU, UNHCR  စသော အဖွဲ့အစည်းများက မူရင်းနိုင်ငံနှင့် ရှုမြင်ပုံချင်း ပို၍ပင်ကွဲပြားလှ၏။

ဒုက္ခသည်များအရေး၊  လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားသည့် အရေးများအပါ်  အလေးပေးဆောင်ရွက်နေကြသော အဖွဲ့အစည်းများက ခြံစည်းရိုး၏ မအောင် မြင်မှုများကို အထောက်အထား အစုံ အလင်ဖြင့်  သုံးသပ်ပြတတ်သည်။

ဟန်ဂေရီနိုင်ငံတွင် ကာသည့်စည်းရိုးနှင့်ပတ်သတ်၍ EU၏ အကြိုက်နှင့်အမြင်များကို 'ဒုက္ခသည်များနှင့် မြို့ပြများ' ပရောဂျက်အတွက် ပြုလုပ်သော ဒီဘိတ် ဆွေးနွေးခန်း ဖော်ပြချက်ကိုကြည့်လျှင် ရိပ်မိနိုင်သည်။ ယင်းအစီအစဉ်ကို “Europe for Citizen’s program အတွက် အီးယူ၏ ပူးပေါင်းရန်ပုံငွေဖြင့် တင်ဆက်ခဲ့သည်။

ဥရောပနိုင်ငံများက ဒုက္ခသည်များ မဝင်နိုင်ရန် ခြံစည်းရိုး ကာရံခြင်းများကို ယခုထက်ပို၍ လုပ်ဆောင်သင့်သလားဟူသော မေးခွန်းထုတ်ခြင်းမျိုးဖြစ်သည်။ ယခုနှစ် သြဂုတ် လကုန်ပိုင်းတွင် ထွက်ပေါ်လာသော ဒီဘိတ်ဖြစ်၏။

ဟန်ဂေရီသည် ၂ဝ၁၅ နွေရာသီ တွင် ခြံစည်းရိုးများကာရံခဲ့သည်။ လေးမီတာမြင့်သော ဘရိတ်ဓားသံဆူး ကြိုးကို ဆာဗီးယား-ဟန်ဂေရီ  နယ်စပ်တစ်လျှောက်တွင် ကာရံလိုက် သည်နှင့် နယ်စပ်ဖြတ်ကျော်ကာ ခိုလှုံရာနေရာရှာသူများ အရေအတွက်မှာ ချက်ချင်း လျော့ကျသွားခဲ့သည်။ ခိုလှုံရာရှာသူများက အခြားတိုင်းပြည်ဘက်သို့ ဦးတည်ချက် လှည့်သွား ကြသလို အချို့မှာလည်း အန္တရာယ်များလှသည့် ပင်လယ်ပြင်တွင် လှေစီး ရွှေ့ပြောင်းသူများအဖြစ် ထွက်သွားရရှာသည်ဟူသော အငြင်းပွားမှုများ ထွက်လာခဲ့သည်။

ဟန်ဂေရီသည် ချက်ခ်၊ စလိုဗက်ကီးယား၊ ပိုလန်နှင့် ဘူဂေးရီးယား အပါအဝင် အီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများသည် ဒုက္ခသည်များနှင့် နိုင်ငံဖြတ်ကျော် ခိုးဝင်သူ အပေါင်းရန်ကြောင့် ဟန်ဂေရီထက်စော၍ ခြံစည်းရိုး အရင်ကြိုကာခဲ့သော နိုင်ငံများ ဖြစ်သည်။

ကမ္ဘာပေါ်တွင် ရင်ဆိုင်ကြုံတွေ့ရသည့် အကျပ်အတည်းများကို ဖြေရှင်းရာ၌ ပြီးပြည့်စုံသော အပြစ်ကင်းစင်သည့် နည်းဟူ၍မရှိပါ။ အဆိုးအကောင်း ဒွန်တွဲ တတ်စမြဲဖြစ်ပြီး မိမိတို့အတွက် အဆိုးထက် ကောင်းကျိုးက ပိုများသည်ဟု ထင်သည့် အချိန်တွင် စီမံကိန်းဆွဲကာ ကာရံကြ ခြင်းဖြစ်သည်။

လှုပ်ရှားတက်ကြွသူများက ခြံစည်းရိုးများသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး တိရစ္ဆာန်များ၏ဖြတ်သန်းရာ လမ်းများကို ဟန့်တားသလိုဖြစ်သည်ဟု ကန့်ကွက်ကြသည်။ ဟန်ဂေရီက ထိုသို့ ကာလိုက်သည့်အခါ ဒုက္ခသည်များကို ဂရိနှင့် အီတလီဘက်သို့ သွားကြရန် ဦးတည်ချက် ပြောင်းလှည့်ပေးလိုက်သလို ဖြစ်သည်ဟု ဆိုကြသည်။ ဟန်ဂေရီတွင် ခြံစည်းရိုးကာလိုက်သော်လည်း အစုလိုက်အပြုံလိုက် ဖြတ်ကျော်သည့် အဖြစ်များသည် ဒေသအတွင်း၌ လျော့မသွားဟု  ထောက်ပြကာ ခြံစည်းရိုးများသည် အလုပ်ဖြစ်ပါ၏လောဟု အီးယူက ကမကထလုပ်သော ထိုဒီဘိတ်တွင် မေးခွန်းထုတ်ခဲ့သည်။

'ဒုက္ခသည်များနှင့် မြို့ပြများ' အစီအစဉ်တွင် နိုင်ငံသားများ၊ ခိုလှုံရာရှာသူများ၊ အင်ဂျီအိုများ၊ ဥရောပ ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများကို အလှည့်ကျ စကားရည်လု ဆွေးနွေးစေခဲ့သည်။

ထိုအထဲတွင် Maia ဆိုသည့် အမျိုးသမီးက အခြားနိုင်ငံများသည်လည်း ဟန်ဂေရီထုံးကို နှလုံးမူသင့်ကြောင်း တိုက်တွန်းခဲ့၏။ သို့သော်လည်း ခြံစည်းရိုးများသည် အမှန် တကယ် အောင်မြင်မှုရှိပါသလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။

ထိုအချက်ကို ဒုက္ခသည် ဥပဒေအထူးကျွမ်းကျင်သူလည်းဖြစ်  ဟန်ဂေရီနိုင်ငံ ဥရောပအလယ်ပိုင်း တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးမှ တွဲဘက်ပါမောက္ခ Boldizsar Nagy ကို မေးမြန်းခဲ့သည်။

သူက အောင်မြင်မှု ရှိမရှိသည် သုံးသပ်သူ၏ ရှုထောင့်အပေါ်၌ အမြဲ ဆုံးဖြတ်ပေးလေ့ရှိကြောင်းမှ စတင်ပြောသည်။ အစိုးရအနေဖြင့် အောင်မြင်သည်ဟု အခိုင်အမာဆိုနိုင်သလို ဒုက္ခသည်၏ ရှေ့နေဘက်ကမူ မအောင်မြင်ဟု ဆိုလိမ့်မည်။ Nagy အနေဖြင့်မူ မည်သည့်ဘက်မျှမကြည့်ဘဲ လုပ်ထုံးလုပ်နည်းနှင့် နိုင်ငံပိုင်နယ် နိမိတ်အရ အောင်မြင်မှုရှိမရှိကို ပို၍အလေးထားတင်ပြခဲ့သည်။ သူက  မည်သူမှ အာဖဂန် သို့မဟုတ် အီရီထရီးယားတို့တွင် နေချင်မည်မဟုတ်။ ထိုနိုင်ငံများတွင် ခြံစည်းရိုးများရှိနေ ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

အဖြေထုတ်ကြည့်လျှင် ဖြတ်ကျော် ဝင်ရောက်သူ အရေအတွက်သည် ခြံစည်းရိုးကြောင့် ရက်အနည်း ငယ်အတွင်းကျဆင်းသွားသော်လည်း နောက်ပိုင်းတွင် (ဒေသတွင်း တစ်နေရာတွင်) ပြန်လည် မြင့်တတ်လာစမြဲပင် ဖြစ်သည်ဟုဆိုသည်။ ၂ဝ၁၅ ခုနှစ်၌ ဟန်ဂေရီတွင် ခြံစည်းရိုးကာလိုက်သောအခါ လူများက ခရိုအေးရှားဘက်သို့ ဦးလှည့်သွားစေသည်။

တစ်ဖက်သို့ အစုလိုက် ရောက်သွားရန် တွန်းပို့သလိုဖြစ်၏။ အိမ်နီးချင်းနိုင်ငံအပေါ် စိမ်းကားသည့် အပြုအမူမျိုးဖြစ်သည့်အတွက် အစိုးရ၏ ရှုထောင့်မှ ကြည့်လျှင်လည်း မအောင်မြင်ဟု သူက ကောက်ချက်ဆွဲပြ သည်။

သူ၏အမြင်တွင် စည်းရိုးကာလိုက်သည့်အတွက် ဒုက္ခသည် အရေအတွက် မလျော့ဘဲ နေရာရွှေ့သွား သည်ကိုသာ ဆိုလိုရင်းဖြစ်ကြောင်း တွေ့ရမည်။ နိုင်ငံတစ်ခု ရင်ဆိုင်ရမည့် ပြဿနာများကို ဖြေရှင်းပြခြင်းမရှိ။ ထိုမျှမက မူလနိုင်ငံမှ ထွက်လာရသည့် အကြောင်းပြချက်ကို ရှာဖွေပြခြင်းထက် နေရာရွေ့သွားခြင်းကို ပို၍မီးမောင်း ထိုးလိုသည်ဟု ယူဆရ၏။

သို့သော် အဖွဲ့အစည်း အများစုက စစ်ဘေးနှင့် အာဏာရှင်လက်အောက်မှ  ထွက်ပြေးလာကြသော ဒုက္ခသည်များ၏ဇာစ်မြစ်ကို ထဲထဲဝင်ဝင် လှစ်ပြလေ့ရှိသော်လည်း  ထိုနှစ်ချက်နှင့်ကင်းသော အခြားအကြောင်းပြချက်များဖြင့် ရွှေ့ပြောင်း လာကြသူများအကြောင်းကိုမူ နက်နက်နဲနဲ ထောက်ပြဝေဖန်ခဲသည်။ လူဦးရေပေါက်ကွဲလွန်းသည့်အတွက်၊ ဆင်းရဲမွဲတေလွန်းသည့်အတွက် စသော အချက်များကြောင့် မိမိနိုင်ငံကို စွန့်ခွာလာကြသူဆိုလျှင် နိုင်ငံတိုင်းက အလွယ်တကူ တံခါးဖွင့်ပေး ချင်မည်မထင်ပေ။

လက်ခံလိုက်ပါ။ ပေးနေလိုက်ပါဟုကြားက တိုက်တွန်းရသည်မှာ လွယ်ကူလွန်းလှ၏။ အထူးသဖြင့် UN, EU, UNHCR  စသော နိုင်ငံနယ်နိမိတ်တစ်ခုတည်းအပေါ်၌ ဆိုး မွေကောင်းမွေ မှန်သမျှကို မဖြစ်မနေ ချက်ချင်းတာဝန်ယူဖြေရှင်းပေးရန် အရေးတကြီး မလိုအပ်သည့် အဖွဲ့အစည်းများအတွက် နှုတ်၏စောင်မခြင်းမျိုးဖြင့် အားထုတ်ကူညီရသည်မှာ သိပ်အပန်းမကြီးလှပေ။                        သို့သော်လည်း လူမှားကာ အလွယ်တကူ လက်သင့်ခံမိသော လက်ခံနိုင်ငံမှအစိုးရနှင့် မူရင်းနိုင်ငံ သားများအတွက်မူ မျိုးဆက်နှင့်ချီကာ ဖြေရှင်းရမည့် ဝန်ထုပ်ဝန်ပိုးပေါင်း များစွာကို ရုတ်တရက် တာဝန်ယူလိုက်ရသလို  ခက်သွားတတ်သည်။ အလွယ်တကူဆုံးဖြတ်ကာ လိုက် လျောမိသည့်အတွက် သမိုင်းတရားခံ ဖြစ်သွားမည့် အရေးကိုလည်း မည်သူကမျှ မလိုလားကြပေ။

ထိုထက်ပို၍ အစွန်းရောက် အကြမ်းဖက်မှုများ ပိုမိုများပြားလာသည့် မျက်မှောက်ခေတ်တွင် နယ်နိမိတ်စည်းများအကြား လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တို့အတွက် နံပါတ် (၁) ဦးစားပေးနေရသော အချိန်မျိုးတွင် ပို၍ပင် အခက်တွေ့ကြရ သည်။

ဒုက္ခသည် အစစ်အမှန်များသည် အစာရေစာပြတ်ကာ ခိုကိုးရာ မဲ့ရရှာသူများဖြစ်သလို လှေစီး၍ တရားမဝင်ရွှေ့ပြောင်း သူတို့မှာလည်း အလားတူဒုက္ခမျိုး ကြုံခဲ့ကြမည်မှာ မလွဲပေ။ ထိုနှစ်မျိုး၏  အသွင်သဏ္ဌာန်များကို  ဓာတ်ပုံရိုက်ပြလျှင် အလွန်ကရုဏာသက်ဖွယ်ချည်းသာ ဖြစ်နေလိမ့်မည်။ လူသားချင်းစာနာသည့် နှလုံးသားတစ်ခု တည်းဖြင့်ကြည့်လျှင် ဒုက္ခသည်များနှင့် ခိုးဝင်သူတို့၏ သောကသည် သနားဖွယ်ချည်းသာ မြင်ရလိမ့်မည်။ သို့သော် ထိုနှစ်ဦးကို  ကွဲကွဲပြားပြား ခွဲခြားပြရန်မှာ လွယ်ကူသည့် အလုပ် မဟုတ်ပေ။

ဒုက္ခသည် မဟုတ်ဘဲ မိမိမွေးရပ်မြေထက် ပိုသာမည်ဟုထင်၍ တရားမဝင်လာရောက်ကြသူများကို လက်မခံဘဲ ပြန်မောင်းထုတ်သော နိုင်ငံများအား  လူသားချင်း မစာနာသည့်လုပ်ရပ်အဖြစ် တန်းပြီးတံဆိပ်ကပ်ကာ အပြစ်မြင်နေကြ သည်မှာ သိပ်သမာသမတ် မကျလှ။ ခြေကောင်း၊ လက်ကောင်း၊ အရွယ် ကောင်းရှိပါလျက်နှင့် အလုပ်မလုပ်ဘဲ လာတောင်းစားနေသူအား ပြီး စလွယ်လက်ခါပြလိုက်သူအပေါ် စေတနာမဲ့သူ၊ တာဝန်မဲ့သူအဖြစ် အပြစ်တင် အတင်းပြောခံရသည်နှင့်သာ တူနေသည်။ နောက်ဆုံးတွင် နိုင်ငံများသည် ကိုယ့်စည်းကိုယ်လုံရန် ပြင်ဆင်ခြင်းက ခိုးဝင်သူရှိခဲ့လျှင်ပင် အထိုက်အလျောက် သက်သာသလို နယ်ခြားစောင့်များ အနေဖြင့်လည်း စည်းရိုးကျော်နင်းလိုသူကို ထင်ထင် ရှားရှား ရွေးချယ်ပြလိုက်သလို တားဆီးရလွယ်ကူမည် ဖြစ်သည်။ 

တံတိုင်း သို့မဟုတ် စည်းရိုးများ ကာရံလိုသည့်အကြောင်းကို Reece Jones   ရေးသားသည့် Border Walls: Security and the War on Terror in the United States, India, and Israel စာအုပ်ထဲမှ အခန်းကဏ္ဍတစ်ခုတွင် ဤသို့ ဖော်ပြထား၏။ သူက ဘာလင်တံတိုင်းပြိုကျပြီး နောက် ၂၃ နှစ် အကြာတွင် ထွက်ပေါ်လာသော  အမေရိကန်-မက္ကဆီ နယ်ခြားစည်းရိုးနှင့် အခြားနိုင်ငံ ၂၆ နိုင်ငံမှ ခြံစည်းရိုးနှင့် တံတိုင်းများကို ရည်ညွှန်းကာ လူတို့သည် တံတိုင်းကာနယ်နိမိတ်များ၏ ကမ္ဘာတွင် နေ ထိုင်နေကြသည်ဟု အစချီကာ ရေးသားထား၏။

တံတိုင်း၊ စည်းရိုးကာထားသော နိုင်ငံများထဲတွင် အာဏာရှင် အုပ်စိုးသည့် နိုင်ငံသာမက  ဒီမိုကရေးနိုင်ငံများအထိ ပါဝင်သည်။ အိန္ဒိယ၊ ထိုင်း၊ အစ္စရေး၊ တောင်အာဖရိမှ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအထိ ပါဝင်သည်။ စည်းရိုးများအကြောင်း မေးကြည့်လျှင် နိုင်ငံတိုင်းက စစ်သွေးကြွများ၊ မူးယစ်ဂိုဏ်းများ၊ အကြမ်းဖက်သမားများစသည့် ပြင်ပရန်မှ ကာကွယ်နိုင်ရန်ဟုသာ တညီတညွတ်တည်း ဖြေကြလိမ့်မည်။ လုံခြုံရေးအ တွက်ဖြစ်သည်ဟုသာ ဆိုကြလိမ့်မည်။

သို့သော်လည်း ပြင်ပရန်အတွက် စည်းရိုးကာရန် အရေးတကြီး လိုအပ်လာသည့် အခါတိုင်း ထိုနိုင်ငံ၏ ပြည်တွင်းရေးကို အကဲခတ်ကြည့်လျှင် အကြောက်တရား သုံးမျိုးကို ထပ်တွေ့ နိုင်သည်။

ပထမအချက်တွင် တရားဥပဒေ စိုးမိုးရန် ခက်ခဲသည့်ဒေသများတွင် အချုပ်အခြာအာဏာ ပိုမို ခိုင်မြဲလာစေရေးအတွက် ရည်ရွယ်ရင်းဖြစ်သည်။ ဒုတိယအချက်မှာနိုင်ငံ၏ ကြွယ်ဝမှုနှင့် လူဦးရေသိပ်သည်းမှုကို ထိန်းချုပ်ရန်ဖြစ်ပြီး တတိယအချက်မှာ ရွှေ့ပြောင်း ဝင်ရောက်လာသူများနှင့်အတူ ပူးကပ်ပါလာမည့် ယဉ်ကျေးမှုမှအစ ကဏ္ဍအသီးသီးမှ ကျင့်ထုံး၊ စနစ်များ ကူးစက်ရောယှက်သည့် ဒဏ်ကို မခံလိုခြင်းဟူသော ပြည်တွင်းရေး ရာများကြောင့်လည်း ဖြစ်နိုင်သည်။

ဤသည်ကိုကြည့်လျှင် တံတိုင်း၊ စည်းရိုးတို့သည် ပြင်ပရန်သာမက ပြည်တွင်း အခက်အခဲများအတွက် တစ်နိုင်ငံချင်းက ဆုံးဖြတ်ဆောင်ရွက်ရမည့် တာဝန်သဖွယ် ဖြစ်လာကြသည်။ ငွေကုန်သလောက် အနာဂတ်တွင် ရေရာသေချာသော အစီအမံ မဟုတ်သည့်တိုင်အောင် ကိုယ့်ပြည်တွင်းရေးနှင့် အချုပ်အခြာကို အားဖြည့်ကူညီနိုင် သည့် အချက်ကို မူတည်ကာ စည်းရိုးကာရန် ဆုံးဖြတ်ကြသည်ကများ၏။

ပထမအချက်အရ စည်းရိုးကာ၍ ထိန်းချုပ်လိုက်ခြင်းသည် တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့် ပြုပြီးမှ တစ်ချိန်တွင် နှစ်ရှည်ခံစားရမည့် 'အကျပ်အတည်း' နှင့် နောင်တွင် ဖြစ်ပေါ် ကြုံတွေ့လာမည့် နိုင်ငံတကာ ဖိအားများကို အထိုက်အလျောက် သက်သာစေသည်။ လူ့အခွင့်ရေး၌ စံပြသဖွယ် ကမ္ဘာ့အလယ်တွင် ရပ်တည်နေကြသော နိုင်ငံကြီးများကိုယ်တိုင်က နောက်ဆုံးတွင် စည်းရိုးတစ်ခုတော့ ပေါ်လာမြဲဖြစ်သည်ကို တွေ့ရမည်။

ထို့အတွက်လည်း ၆၆၄ မိုင် ရှည်လျားသည့် အမေရိကန်-မက္ကဆီကို စည်းရိုးသည် မူးယစ်နှင့် သက်ဆိုင်သော ရက်စက်မှုများနှင့် အကြမ်းဖက်သမားများရန်ဟူသော အ ကြောင်းပြချက်များထက် တစ်ချိန်တွင် ပြည်တွင်း၌ကိုင်တွယ်ရ ခက်စေမည့် အကြောက်တရား အသစ်များရန်မှ ကြိုတင်ကာကွယ်ရန်အတွက် ဖြစ်သည် ဟုဆိုနိုင်သည်။

ဒုတိယအချက်၌ အခြားတစ်ဖက်တွင် ဆင်းရဲသောနိုင်ငံနှင့် နီးကပ်လွန်းနေသည့် အတွက် ကာရံကြသည်။ ဆင်းရဲသောနိုင်ငံဟု ဆိုရာတွင် ယင်းနိုင်ငံ၏ အစိုးရမှထုတ်ပြ သော GDP သည် စည်းရိုးကာလို သော နိုင်ငံထက်ပို၍ မြင့်မားကောင်း မြင့်မားနေမည်။

သို့သော် ထိုနိုင်ငံတွင် လူဦးရေပေါက်ကွဲနှုန်း အလွန်မြင့်မားလွန်းနေပြီး ပြည်သူများ၏ ပုံရိပ်ကို ကြည့်လိုက်လျှင်လည်း ကလေးတပြုံတမနှင့် အထက်ကိုယ်ဗလာဖြစ်ကာ ကျေးလက်နှင့် နယ်စပ်ဒေသများတွင် အလုပ်အကိုင်ရှားပါးပြီး သဘာဝပတ် ဝန်းကျင်နှင့် ရာသီဥတု၏ ဆိုးရွားမှုများ မကြာခဏ ကြုံတွေ့နေရသော နိုင်ငံမျိုးဖြစ်ခဲ့လျှင် အစိုးရက ထုတ်ပြသော GDP အစရှိသော စာရင်းများနှင့် မြေပြင်မှ အခြေအနေမှန်တို့မှာ စေ့စေ့ကြည့်လျှင် ကွာဟနေမည်ဖြစ်သည်။ ထိုသို့သော နိုင်ငံသည် စည်းရိုးကာလိုသူ၏ နိုင်ငံထက် GDP မြင့်သည်ဟု အစိုးရပိုင်းက ပြောသည့်တိုင် ဆင်းရဲမွဲတေမှုများသော နိုင်ငံများမှပေးလာသော ဆိုးကျိုးများကို အိမ်နီးချင်းများ ခံရတတ်သည်။

ထို့အတွက် GDP တစ်ခု၊ စာရင်းဇယားတစ်ကွက်ချပြရုံဖြင့် စကားရည်လု အနိုင်ပေးရမည့်အချက် မဟုတ်ဟု ဆိုချင်ပါ၏။ အစိုးရအနေဖြင့် ကိန်းဂဏန်းများပြကာ မကြွယ်ဝသော်လည်း မဆင်းရဲကြောင်းပြသနေချိန်တွင် ပြည်သူများမှာ စားဝတ်နေရေး အနည်းငယ် ပိုမိုကောင်းမွန်သည့် တစ်ဖက်နိုင်ငံသို့သာ မျက်စိကျနေမည်ဖြစ်သည်။

ထို့အတွက်လည်း နိုင်ငံများက စည်းရိုးများသည် တင့်ကား၊ လေယာဉ်ပျံတို့ကို မဟန့်တားနိုင်သလို လူဆိုးတစ်သိုက် အလုံးအရင်းဖြင့် ပြေးဝင်တိုက်ချမည့် ဒဏ်ကိုလည်း မခံနိုင်ကြောင်း မသိမဟုတ် သိထားကြ၏။ သို့သော် ပြည်တွင်းရေးကို ငဲ့ကာ စည်းရိုးများကိုတိုး၍သာ ကာလာကြသည်။

တတိယအချက်မှာ သူစိမ်းများကြောင့် ဖြစ်ပေါ်လာသော လူဦးရေ ထူထပ်ပေါက်ကွဲမှုတွင် မူရင်းပြည်သူများအကြား ရှိနေသည့် နေထိုင်မှုများ ရုတ်တရက်ပြောင်းလဲသွားမည်ကို ကြောက်ကြခြင်းကြောင့်ဖြစ်သည်။ နိုင်ငံတိုင်း နေရာတိုင်းတွင် ပြောင်းလဲမှုသည် အချိန်နှင့်အမျှ အတိုးအဆုတ်ရှိနေမည်ကို လူတိုင်းသိသည်။ သို့သော် တရားမဝင် ရွှေ့ပြောင်းနေ ထိုင်သူများကြောင့် နိုင်ငံအတွင်း မတည်မငြိမ်မှုများနှင့် အစဉ်ဗျာများ ရမည်ကိုလည်း အစိုးရတိုင်းက ကြောက်ကြသည်။

ထို့အတွက် စည်းရိုးများသည် အပြင်မှရောက်လာမည့်ရန်ကို အထိုက်အလျောက် ဟန့်တားနိုင်ရေး နှင့် ပြည်တွင်းမှ လူနေမှုဘဝများ တည်ငြိမ်ရေးတို့အတွက် ဖြစ်သည်။

တရားမဝင် ခိုးဝင်လာသူများကို ထိထိရောက် မဟန့်တားခဲ့သောနိုင်ငံသည် လက်လွန်ချိန်မှထပြီး ကိုင်တွယ်မိလျှင် မှိုလိုပေါက်လာမည့် နိုင်ငံတကာ ဖိအားများကြောင့်လည်း စိတ်ရှုပ်အကျပ်ရိုက်ရသော  သာဓကများစွာ ရှိနေပြီး ဖြစ်သည်။

နိုင်ငံအတွင်းသို့ လူတစ်ယောက် တရားမဝင်ခိုးဝင်လျှင် အာဖဂန်လိုနိုင်ငံက ပစ်သတ်လိမ့်မည်။ မြောက်ကိုရီးယားလိုနိုင်ငံကဖမ်းပြီး နှစ်ရှည်ထောင်ချလိမ့်မည်။ သက်ညှာသော နိုင်ငံက ဖမ်းဆီးထိန်းသိမ်းပြီး မူရင်း နိုင်ငံသို့ ပြန်ပို့ပေးကြသည်။   

လူအမြောက်အမြား တရားမဝင် ဝင်ရောက်လာလျှင်မူ ဝင်ရောက်ခံရသည့် နိုင်ငံမှာ သူ၏ ကိုယ်ပိုင်အချုပ်အခြာ အာဏာကို မျက်ကွယ်ပြုပြီး  လူသားချင်းစာနာပေးကာ လက်ခံရုံမှ အပ အခြားရွေးချယ်စရာမရှိဟူသော သဘောမျိုးနှင့် နိုင်ငံတကာမှ အလွယ်တကူ ဆုံးဖြတ်၊ တိုက်တွန်း၊ ဖိအားပေးနေကြခြင်းမှာ အမြဲမှန်ကန် သည့် ဖြေရှင်းနည်းဖြစ်မည် မထင်ပေ။

အလားတူပင် နိုင်ငံအတွင်းသို့ ခိုးဝင်လာသူကို အချို့နိုင်ငံများက ကြမ်းတမ်းသည့်  တုံ့ပြန်မှုများပြုလျှင် အဖွဲ့အစည်းများနှင့် မီဒီယာအချို့က စာနာမှုအရ  မနှစ်သက်သော်လည်း မသိမသာ လက်ခံပေးနေရစမြဲ ဖြစ်သည်။ အပြစ်ပေးပုံ ပြင်းထန်လွန်းလျှင် ကြေငြာချက်တစ်စောင် ထုတ်ကာ ရှုတ်ချလိုက်ပြီး ရက်အနည်းငယ် ကြာလျှင် အကြောင်းအရာသစ်သို့ အလွယ်တကူ အာရုံပြောင်းသွားလ တတ်ကြသည်။

လူအမြောက်အများ ခိုးဝင်လာ၍ တားဆီးလျှင်မူ ယင်းနိုင်ငံကို လနှင့်ချီကာ ဝိုင်းဝန်းအပြစ်တင်ကြလိမ့်မည်။ စင်မြင့်ထက်မှ အလွန့်အလွန် စိုးရိမ်နေရကြောင်း တွင်တွင်ပြောကာ ဖိအားပေးရန် တောင်းဆိုကြတော့ သည်။

ဤအဖြစ်များကို ထုတ်ပြောသူအပေါ် စိတ်ကွက်ကြလေ့ရှိသည်။ သို့သော် ၂ဝရာစုကုန် ပိုင်းမှစ၍ ကမ္ဘာ့အနှံ့အပြားတွင် ပေါ်ထွက်လာသော ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူ များကို အလွယ်တကူ လက်သင့်ခံ နေရာပေးခဲ့သော  အနောက်နှင့် ဥရောပမှ ထိပ်တန်း နိုင်ငံအချို့တွင် ယခုနှစ်များအတွင်း အပြန်အလှန် လက်ညှိုးထိုးစရာ၊ စကားအခြေတင် ပြောစရာ အရေးကိစ္စများ ဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် နယ်စပ်မှ ဖြတ်ကျော်လာသူများကို နောက်ပိုင်းတွင် သေသေချာချာ စစ်ဆေးပြီးမှ လက်ခံရန် သင့်မသင့် ဆုံးဖြတ်လာကြသည်။

သမဂ္ဂအဖွဲ့အစည်းနှင့် သဘောတူညီချက်များမှ ခွဲထွက်ကာ မိမိနိုင်ငံအရေးကို ပထမဦးစားပေးရန် ဆုံးဖြတ်သော ခေါင်းဆောင်များ  ပိုမိုများပြားလာခဲ့သည်။

ဒုက္ခသည်များနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအကြားက ခွဲခြားရခက်သော အရောအထွေး၊ ဒုက္ခသည်များအကြား ပုန်းခိုဝင်ရောက်လာတတ်သော အကြမ်းဖက် သမားများ၏ အန္တရာယ်များသည် လက်ခံနိုင်ငံ၏ အနာဂတ် လုံခြုံရေးအပေါ် ဆိုးရွားသည့် ဖြစ်ရပ်များ လက် ယက်ခေါ်သလို ဖြစ်တတ်ပြန်၏။

လက်တလောတွင် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ မြို့နယ်အနက် မြို့နယ်သုံးခုတွင် အဓိက ဖြစ်ပွားခဲ့သော အစွန်းရောက် တိုက်ခိုက်မှုများကိုကြည့်လျှင် ARSA အကြမ်းဖက် အဖွဲ့ဝင်အချို့သည် နိုင်ငံအတွင်းသို့ တစ်နည်းနည်းဖြင့် ရောက်နှင့်ပြီးသော သူများဟု ယူဆဖွယ်ရာတွေ့ရလိမ့်မည်။ အချို့သော နိုင်ငံတကာ စာမျက်နှာများတွင်လည်း ARSA ၏ နောက်ကွယ်တွင် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းအချို့ ကြိုးကိုင်မှုများ ရှိနိုင်သလို  တိုက်ခိုက်မှုများတွင် ဘင်္ဂလီများအပြင် အခြားနိုင်ငံသားများ ပူးပေါင်းခဲ့သည်ဆိုသော သတင်းဆောင်းပါးများလည်း အနည်းအကျဉ်း ထွက်ပေါ်လျက်ရှိ သည်။

မည်သို့ဆိုစေ၊ ရခိုင်မှ မြို့နယ်သုံးမြို့နယ်အရေးတွင် အစုလိုက် အပြုံလိုက် ထွက်သွားကြသည်မှာလည်း မေးခွန်းထုတ်ဖွယ် စဉ်းစားဖွယ်ဖြစ်လာရသည်။

သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီး ဦးသာအောင်ညွန့်နှင့် SBA Radio မြန်မာပိုင်းအစီအစဉ်မှ တွေ့ဆုံမေးမြန်ခန်းတွင်  သံအမတ်ကြီးက '' ... ထွက်ပြေး တယ်ဆိုတာ ဒေသခံပြည်သူတွေ အနေနဲ့ကတော့  တရားဥပဒေစိုးမိုးရေး မရှိတဲ့အတွက်၊ အကြမ်းဖက်မှုတွေ များလာတဲ့အတွက် စိုးရိမ်ကြောင့်ကြပြီး ထွက်ပြေးနေရတယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာရှိတဲ့ အသိုက်အဝန်းက ဟိုဘက်တစ်ဖက်နိုင်ငံမှာရှိတဲ့ လူဦးရေတွေ အဆမတန် တိုးပွားလာလို့ Spill Over ဖြစ်လာပြီး မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့လူတွေ အနေနဲ့ကတော့ ထွက်ပြေးရတယ်လို့ ကျွန်တော့်အနေနဲ့ မမြင်ပါဘူး။ ကျွန်တော့်အနေနဲ့ သူတို့နိုင်ငံကို ပြန် သွားတယ်လို့ပဲမြင်ပါတယ် ...'' ဟု ဖြေကြားခဲ့သည်။  ထိုအဖြစ်သည် မြန်မာ့အရေးအတွက် အနောက်ဘက်တွင် ခြံစည်းရိုး အမှန်တကယ် လိုအပ်သည့် အကြောင်းများစွာ အနက်က တစ်ချက်ဟု ဆိုနိုင်ကောင်း ၏။

ကမ္ဘာပေါ်တွင် ယခုအချိန်အထိ နိုင်ငံနယ်နိမိတ်အပေါ် ထိုးထွက်လာသော တံတိုင်း သို့မဟုတ် စည်းရိုးများ ကိုကြည့်လျှင် သွေးသားရင်းချာတို့ အကြား အမုန်းနှင့် ကာရံသော စည်းရိုးနှင့် နိုင်ငံနယ်နိမိတ်အကြား အကြောက်တရားအမျိုးမျိုးဖြင့် ဟန့် တားကြသည့် စည်းရိုးဟူ၍ နှစ်မျိုး ခွဲကြည့်လျှင် ရနိုင်မည်ပါလိမ့်မည်။

တောင်တွင်း ရှင်ငြိမ်းမယ်၏ နောက်ထပ် အိုင်ချင်း တစ်ပုဒ်၌  ...

ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း

ယောက်မတို့လေ။

 

င့ါကိုလွယ်၊ အမယ်ကြီးနှင့်၊ ဘကြီး ဖျက်လို့၊ အိမ်လေးထောင့်မှာ၊ ဆူးတွေ ချလျက်၊ မျက်နှာငယ်မှ စေ့စုံ၊  လှေ ကားခုံမှာ ဂဠုန်မောင့်ကြောင့်

စောင့်တော့တယ်။

.......

.......

အစရှိတဲ့ 'ကြုံရ မယ့်ဗျာပါ'တွင် လာမည့်ဘေးနှင့် ပက်ပင်းမတိုးမီကပင် မောင့်ကို မလာစေလိုသူတွေက 'အိမ်လေးထောင့်မှာ၊ ဆူးတွေချလျက်' ဟု ငိုရခက် ရယ်ရခက်အောင် ဖွဲ့ဖွဲ့လေးညည်းပြလေ၏။

ယခုမူ မြန်မာပြည်အတွက်မယ့် ချစ်သူလည်းမမည်၊ မောင်ဟုလည်း မခေါ်နိုင်သော  'ဘင်္ဂါလီ အကျပ်အတည်း' အတွက် အနောက်ဘက်တွင် ဆူးများ ဆက်လက်ချရန် အရေးတကြီး စီစဉ်ရခြင်းမှာ သွေးရင်းသားရင်းများအကြား အမုန်းနှင့်ကာရံသည့် အမျိုးအစား မဟုတ်ဟု ဆိုရမည်ပင်ဖြစ်သည်။

 

ဆက်လက်ဖော်ပြပါမည်။

ကျော်စည်သူ (သုနန္ဒခေတ်)

Ref: Should More Europeam Countries build Fences to Keep out refugees.

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.