23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အငှားအိမ်ရာပမာ ခေတ္တနားခိုရာ အခန်းတွဲသုသာန်

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ ဝန်းကျင်နှင့် အနီးအနားမှ မြို့ငယ်များတွင် နွေရာသီတစ်ခွင်လုံး အိုက်စပ်အောင် ပူပြင်းခဲ့သော အပူဒဏ်သည် ဇူလိုင်လဆန်းသို့ ရောက်လာသည်နှင့် နေရထိုင်ရ သက်သာသော အနေအထားသို့ တဖြည်းဖြည်းလျော့ကျသွားခဲ့ သည်။ ထိုသို့သောနေ့များထဲမှ တစ်ရက်တွင် ဆူဆန်အိုင်ရီတစ်ယောက် မိခင်ဖြစ်သူ နားခိုအိပ်စက်နေသာ ပက်စေ  (Pasay) မြို့လူထုသုသာန်သို့ ရောက်လာခဲ့၏။ ဆူဆန်၏ မိခင်ဗီရ်ဂျီးနီးယား အသက် ၇၆ နှစ်သည် လွန်ခဲ့သော ရက်ပေါင်း ၄ဝ က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ဆူဆန်သည် ရိုးရာဓလေ့အတိုင်း ကွယ်လွန်သူအတွက် ရေနှင့် အစားအစာပေးလှူသော ဓလေ့ (atang) ပေးရန် ရောက်ရှိလာခြင်းဖြစ်၏။

ဆူဆန်ရောက်လာသည့် နေရာသည် အုတ်ဂူအမျိုးမျိုးနှင့် ငြိမ်သက် တိတ်ဆိတ်နေသည့် အများမြင်တွေ့နေကျ သုသာန်မျိုးမဟုတ်။ သုသာန်ထဲတွင် ပြေးလွှားကစားနေသည့် ကလေးငယ်များ၏ ဆူညံသံများ၊ အသံစူးစူးဖြင့် ကျယ်လောင်နေတတ်သော ခွေးဟောင် သံများနှင့် ပွက်လောရိုက်နေ၏။ ခပ်ဝေးဝေးမှ မြို့ပြ၏ဆူညံသံများကလည်း တစ်ချက်တစ်ချက်နားစည်ကို ဝင်နှက်လိုက်သေး၏။ သုသာန်တစ်ခွင်လုံးတွင် အမှိုက်ညှော်နံ့၊ လူနှင့်တိရစ္ဆာန်သေတို့၏ အနံ့များက ကိုယ်မှာစွဲပြီးပါလာနိုင် လောက်အောင်နံစော်နေ၏။

ဆူဆန်သည် သေးငယ်ပြီး နှစ်ဖက်ပိတ်သေတ္တာရှည်နှင့်တူ သောအခန်းတွဲဂူနေရာ၏ အစွန်း၌ ငေါထွက်နေသာ အဆင့်တစ်ခုပေါ်သို့ ကောက်ညှင်းအုန်းနို့ဆမ်းထုပ်ကို တင်လိုက်သည်။ မိခင်၏ရုပ်အလောင်း ထားရှိရာနေရာသည် အခန်းတွဲ ဂူသင်္ချိုင်း၏ အောက်အလွှာတွင် ရှိနေသည်။ ကောက်ညှင်းအုန်းနို့ဆမ်းသည် မိခင်အလွန်နှစ်သက် သော အစားအစာဖြစ်သည်ဟု ဆူဆန်က ရင်ဖွင့်လေ၏။

နေရေးထက် သေရေးခက်လှသည်ဟူသော စကားသည် ဖိလစ်ပိုင်မှ ဆင်းရဲသားများအတွက် ပို၍ပင်မှန်လွန်းနေ၏။  အကြောင်းမှာ သူတို့ကို အခက်တွေ့စေသော သေရေးဆိုသည်မှာ တရားဓမ္မနှင့်ယှဉ်သော သံဝေဂရဖွယ် တွေးရမည့် ဒဿနမျိုးအထိမသွား။ ဆင်းရဲသားတစ်ဦး သေဆုံးလျှင် ကျန်ရစ်ရုပ်အလောင်းအား တစ်သက်တာ နားခိုလဲလျောင်းစရာ  သတ်သတ်မှတ်မှတ် နေရာမပေးနိုင် လောက်အောင်ပင် အခက်တွေ့ရ တတ်သောကြောင့်ပင်ဖြစ်သည်။

အခန်းတွဲ သုသာန်များသည် ရေခဲသေတ္တာပျက်များကိုလှဲကာ တစ်ခုပေါ်တစ်ခု ဆင့်ထားသည်နှင့်တူလှသည်။ မိခင်ဗီရ်ဂျီးနီးယားအပေါ် အခြားဂူခန်းလေးလုံး အဆင့်ဆင့်ရှိနေ၏။ ဂူခန်းတွဲမှာ မီတာဆယ်ဂဏန်းနှင့်ချီကာ ရှည်လျားပြီး ဆန့် ကျင်ဘက်မှ ကြည့်လိုက်လျှင် တံတိုင်းထူထူကြီးတစ်ထပ် ကာဆီးထားသည်နှင့်ပင် တူတော့သည်။

သုသာန်၏ အတွင်းပိုင်း လူသွားလမ်းများသည် ဂူအကျိုးအကျေများ၊ ကွန်ကရစ် အကွဲအအက်များနှင့် ပြည့်နေသည်။ အချို့နေရာများတွင် အခင်းများမှာ တစ်စစီပဲ့ကျနေ၏။ သုသာန်သည် ဆင်းရဲသား အလောင်း များ ယာယီမြုပ်နှံရာ ဂူသင်္ချိုင်း သက်သက်မျှသာမဟုတ်။ ကျူးကျော်မိသားစု ၂ဝဝ ခန့်အပြင် အလေအလွင့် ခွေးနှင့်ကြောင်များ၏ စတည်းချရာ နေရာလည်းဖြစ်နေသည်။

လူတို့သည် မိမိ၏မိသားစုဝင်များ၏ ဂူသင်္ချိုင်းများ စောင့်ရှောက်ရန်အတွက် ကိုယ်စားဆောင်ရွက်ပေးမည့် သုသာန်စောင့်များကို ငှားရမ်းတတ်ကြသည်။ သုသာန်စောင့်များ ကလည်း ဂူဗိမာန်များကို သပ်ရပ် ကျော့ရှင်းနေအောင် ထိန်းသိမ်းပေး သည်မှာလည်း သဘာဝပင်ဖြစ်သည်။ သို့သော် ပက်စေသုသာန်တွင်မူ အ စောင့်အရှောက်ကင်းမဲ့ခြင်းက အပျက်အစီးမြန်စေသလို အပျောက်အရှလည်း များလှသည်။ အပျောက်အရှများကို စာရင်းသာရေးမှတ်ထားလိုက်လျှင် ဝတ်ပြုလှူဒါန်းထားသော ဖယောင်းတိုင်မှအစ ဂူပိတ်သံပန်း ဂိတ်တံခါးအထိ ရှိနေမည်။ သုသာန်မှ ဖယောင်းများခိုးယူသူများသည် တစ်ကီလိုဂရမ်ကို ပီဆိုအနည်းငယ်မျှ လောက်ဖြင့် ရောင်းစားတတ်ကြ သည်။

ပက်စေ သုသာန်သည် မြေမြုပ်သင်္ဂြိုလ်ရာ နေရာနှင့်မတူဘဲ တိုက်ခန်း အရောင်းအငှားချရာ နေရာသက်သက်နှင့်သာ တူနေလေသည်။  သေဆုံးသူတစ်ဦးအတွက် ဂူခန်း တစ်ခန်းကို ငါးနှစ်သတ်တမ်းဖြင့် အငှားချကြသည်။ သက်တမ်းပြည့် သည့်အခါ သေဆုံးသူ၏ အရိုးများကို ဥပဒေအရ ဖယ်ရှားစွန့်ပစ်ခွင့် အ ပြည့်ရထားသည်။ ထို့အတွက်လည်း သုသာန်၏ အချို့သော နေရာများတွင် အရိုးပုံများ ပြန့်ကျဲကာ တမင် လမ်းခင်းထားသလိုပင် အကျည်းတန် အရုပ်ဆိုးနေစေသည်။

ဆူဆန်ကိုယ်တိုင်လည်း သူ့အနောက်ဘက်ရှိ အရိုးပုံကို သတိပြုမိသည်။ အခန်းတွဲဂူတစ်ခုရှေ့၌ သုသာန်စောင့်များက ဖယ်ရှားထားသော အရိုးများကို တွေ့နေရ သည်။ ငါးနှစ်သက်တမ်းပြည့်သွားသော ဂူအခန်းက နောက်ထပ်ရောက်လာ မည့်အလောင်းသစ်အတွက် ခပ်လွယ်လွယ် အသင့်စောင့်နေသည့် အလားပင်။

''အရိုးပုံသက်သက် ဖြစ်နေရင်တောင်မှ သူတို့အတွက် ကျွန်မစိတ်မကောင်းဖြစ်ရ ပါတယ်''ဟု ဆူဆန်က ညည်းတွားလိုက်သည်။ သူ့အနေဖြင့် နောင်ငါးနှစ် ပြည့်သည့်အခါ မိခင်၏အရိုးများ ကြုံတွေ့ရမည့် ကံကြမ္မာကိုတွေးဆပြီး ဝန်လေးနေပုံရ၏။ သူက အကယ်၍သာ မိသားစုတွင် ပိုက်ဆံများရှိလာလျှင် မိခင်၏ ကြွင်းကျန်ရစ်သော အရိုးကို ဘီကိုးသို့ ယူသွားမည်ဟုလည်းဆိုသည်။ ဘီကိုးသည် ဆူဆန့်မိခင်၏ မွေးရပ်မြေ ဖြစ်သည်။

တကယ်တမ်းတွင်လည်း ဆူဆန်တို့ မိသားစု ဝင်ငွေမကောင်းခဲ့လျှင် အခြားပိုင်ရှင်မဲ့ အရိုးများကဲ့သို့ ပြုမူမည်မှာလည်း သေချာလှသည်။ ငါးနှစ်ပြည့်သော ရုပ်အလောင်း၏ ကြွင်းကျန်အရိုးများသည် ပိုင်ရှင်မဲ့ဖြစ်လျှင် ဖြစ်သလိုအိတ်ထဲ စုပုံထည့်ခြင်း ခံရနိုင်သလို သုသာန်အနောက်ဘက်မှ အုတ်ဖြင့်ဆောက်ထားသော အရိုးကန်ထဲသို့ ရောက်သွားနိုင်သည်။ အဆင်မသင့်လျှင် သုသာန်လမ်းကြားများ၌ အရိုးချင်းထပ်ကာ အဆုံးသတ် ရမည်ဖြစ်သည်။

ပက်စေသုသာန်တွင် အခကြေးငွေဖြင့် ဂူအခန်း သက်တမ်းတိုးခွင့်သည် ၂ဝဝ၈ ခုနှစ်မတိုင်မီကသာ ရှိခဲ့သည်။ နောက်ပိုင်းတွင် ထားစရာ နေရာ ရှားပါလာသည့်အတွက် စီမံ ခန့်ခွဲမှု စနစ်သစ်အောက်တွင် သက်တမ်းတိုးခွင့်ကို ပိတ်ထားခဲ့သည်။ ဆူဆန်က အခြားသုသာန်များတွင် ပီဆို ၆ဝဝဝ အခငွေပေးလျှင် ခပ်သေးသေး မာဘယ်ကမ္ဗည်းတိုင်နှင့် ဂူအခန်း တစ်ခုရနိုင်သည်ဟုဆိုသည်။

ဆူဆန်နှင့်မိသားစုသည် မိခင်၏ဂူအခန်းကို ဝတ်ပြုနေသည်မှာသော ကမျက်နှာ ကိုယ်စီနှင့် ဖြစ်သော်လည်း တည်တည်ငြိမ်ငြိမ်ရှိလှသည်။ ဤနေရာတွင် မိခင်၏ ရုပ်အလောင်းသည် ယာယီခိုနားခွင့်သာ ဖြစ်သည် ဟူသောအဖြစ်ကို တမင်မေ့ထားသ လိုပင်။ မိခင်အတွက် လှူဒါန်းမှုများ ပြီးဆုံးသည့်အခါ ဆူဆန်တို့ မိသားစုသည် တည်တည်ငြိမ်ငြိမ်ပင် ပြန်သွားကြသည်။ သို့သော်လည်း သူတို့ရင်ထဲတွင် အတွေးကိုယ်စီနှင့် ရှိနေ မည်မှာ သေချာလှသည်။

တကယ်တမ်းတွင် ကတ်သလစ် ဘာသာဝင်အများစု လွှမ်းမိုးရာ ဖိလစ်ပိုင်၌ ယခုလို လူတစ်ဦး သေဆုံးသည့်အခါ ဓမ္မဆရာများ၏ အစီအမံဖြင့် နာရေးကိစ္စများကို သေသေ ချာချာကျင်းပကြရသည်မှာ ရိုးရာ ဓလေ့သဖွယ် အရေးပါလှသည်။

ကျန်ရစ်သူ မိသားစုသည် ကွယ်လွန်သူကို မြေချပြီး ကိုးရက်အကြာတွင် ဂူဗိမာန်သို့ လာရောက် လည်ပတ်သလို ရက် ၄ဝ ပြည့်သည့်အခါတွင်လည်း နောက်တစ်ကြိမ် ထပ်လာကြရသည်။  သေဆုံးသူ၏ မွေးနေ့နှင့်ကွယ်လွန်သည့် နှစ်ပတ်လည်နေ့များ တွင်လည်း လာရောက်ကြရ၏။ အထူးသဖြင့် တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် 'ပူဆွေးမှုများ အဆုံးသတ်ခြင်း Babang Luksa အနေဖြင့် ဆွေရင်းမျိုးချာများသည် ပျော် ရွှင်ဖွယ်အရောင်များ၊ တောက်ပ အ ဆင်များကို ပြန်လည်ဝတ်ဆင်ခွင့်ရ စေသည်။

ဖိလစ်ပိုင် ဘာသာပေါင်းစုံသုသာန်များ၌ ရုံးပိတ်ရက်များတွင် လာရောက် လည်ပတ်သူများ၊

ပန်းစည်းလာချသူများ၊ ဖယောင်းတိုင်ထွန်း အစားအစာလှူသော Atng ပေးသူများဖြင့် သက်ဝင်လှုပ်ရှားနေတတ်သည်။ ရုပ်အလောင်းများ မြေချချိန်နှင့် ရိုးရာနည်းအတိုင်း အသုဘချ ချိန်များသည် ဖိလစ်ပိုင်တွင် အလွန် အရေးကြီးသော ကိစ္စများဖြစ်သည်။

အယူသည်းကြသည်ဟု ဆိုနိုင်လောက်သော ဓလေ့ထုံးစံများဖြင့် ပြည့်နေချိန်တွင် တစ်ဖက်တွင်လည်း တစ်စုံတစ်ယောက်က ချစ်မြတ်နိုးစွာ ဂူသွင်းထားခဲ့သော ရုပ်အလောင်းများအား သက်တမ်းပြည့်၍ ပြန်ဖော်ကာ ဆွဲထုတ်ကြရသည်မှာ ရှက် ဖွယ်လုပ်ရပ် တစ်ခုသဖွယ်ပင်။ သို့သော်လည်း တိုးပွားလာသော လူဦးရေနှင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုနှုန်း မြင့်မားလာခြင်းတို့ကြောင့်  အခန်းတွဲ သုသာန်များသည် ငါးနှစ်ပြည့်တိုင်း အလောင်း ဟောင်းကိုဖယ်ရှားကာ အလောင်း သစ်အတွက် နေရာပြင်ပေးထားရ ခြင်းဖြစ်သည်။

သမ္မတဒူတာတေး၏ မူးယစ်တိုက်ဖျက်ပွဲကြောင့် အသုတ်သင်ခံရသူ အရေအတွက် မှာလည်း များပြားလွန်းသဖြင့် ယခုနှစ်ပိုင်းများသည် သုသာန်မှူးနှင့်လုပ်သားများအဖို့ ဂူအခန်း စီမံရခြင်းဖြင့် အလွန်အလုပ်ရှုပ်ရသောနှစ်များ ဖြစ်လာခဲ့သည်။

ပက်စေသုသာန်မှ တာဝန်ရှိသူများသည် ငါးနှစ်ပြည့် အလောင်းပြန်ဖော်ခြင်းကို လက်လွတ်ခြေလွတ် လုပ်ကြသည်တော့ မဟုတ်ပေ။ သက်ဆိုင်ရာ မိသာစုများထံသို့ ငါးနှစ်မပြည့်မီ ရက်ပိုင်းအလိုကတည်းက သက်တမ်းပြည့်တော့မည်ဖြစ်ကြောင်း အကြောင်းကြားစာပေးပို့ကာ ကြိုတင်သတိပေးလေ့ရှိသည်။ သို့သော်လည်း နောက်ဆုံးတွင် စာအိတ်များသည်  'Return-to-Sender' အမှတ်အသားဖြင့် ပေးပို့သူလက်ထဲသို့သာ ပြန်ရောက်လာတတ်ခြင်းဖြင့် အဆုံး သတ်သွားတတ်ကြသည်။

မူလကတည်းက ငွေကြေးမတတ်နိုင်သဖြင့် အများသုံးဂူသင်္ချိုင်းတွင် နှစ်ပိုင်းနှင့် လာရောက်မြုပ်နှံရသူများအဖို့ သေဆုံးသူ၏ ကျန်ရှိရုပ်ကြွင်းကို ပြန်ဖော်ကာ နေရာပြောင်း မြှုပ်နှံရန်မှာလည်း လွယ်ကူသည်မဟုတ်ပေ။     သတိပေးစာများ သုသာန်သို့ ပြန်ရောက်လာသည်နှင့်  သက်ဆိုင်ရာအလောင်းနှင့် ပတ်သတ်သော ရိုးရာအစဉ်လာအရ လုပ်ကိုင်ရမည့် ဓလေ့ထုံးစံတို့သည် အလိုလိုတစ်စခန်း ရပ်သွားတော့သည်။ သက်တမ်းပြည့်ဂူအခန်းကို သုသာန်စောင့်များက ပြန်ဖော်လိုက်ရုံသာရှိသည်။

ယခုလည်း သုသာန်လုပ်သားထဲမှ တစ်ဦးဖြစ်သော ပီနွိုင်းစီစစ်တာက လွန်ခဲ့သော ၂ဝ၁၂ ဇူလိုင် ၄ ရက်တွင် လာရောက်မြှုပ်နှံခဲ့သော ရော်ဂျာတာမာရို အသက် ၃၃ နှစ်၏ ဂူ အခန်းကိုပြန်ဖွင့်ကာ ကြွင်းကျန်အရိုးများကို ဖယ်ရှားရတော့မည်။ ပီနွိုင်းက သက်တမ်းပြည့်အလောင်းအတွက်  မိသားစုဝင် တစ်ဦးမှရောက်မလာလျှင် သူကိုယ်တိုင် ဝမ်းနည်းမိသည်ဟုဆိုသည်။ သေဆုံးသူနေရာမှာ သူဆိုလျှင်လည်း ခံစားရမည် ဖြစ်ကြောင်းဆိုသည်။

ပီနွိုင်းတို့ မိသားစုသည် ပက်စေသုသာန်ထဲတွင် တဲထိုးကာ နေထိုင်ကြသည်။ ဂူအခန်း ၁၅ဝ အတွက်တာဝန်ယူပေးထားရသည်။ ထို့အတွက် အလောင်းရှင်များက သူ့ကို တစ်လ လျှင် ပီဆို ၅ဝ မျှပေးကြ၏။ အချို့က တစ်နှစ်စာတစ်ခါတည်း ပေါင်းပေးထားသလို၊ အချို့ကလည်း သူတော်စင်များနေ့ရောက်သည့်အချိန်မှ ရှင်းပေးကြလေ့ရှိသည်။ ပီနွိုင်း အလုပ်ကို သူ၏ဇနီးသည်က အချိန်ပြည့် ကူညီပေးရသည်။

ဂူအခန်းပြန်ဖော်ခြင်းသည် ပီနွိုင်းတို့အတွက် ကြိုးကြား လုပ်ဆောင်ရသော တာဝန်ဖြစ်သည်။ ဂူအခန်းချိတ်ပိတ်ထားသော သံတံခါးလေးကို ချိုးလိုက်ရသည်။ ထို့နောက် အရိုးများကို ဆွဲထုတ်ရန်သာရှိသည်။ များသောအားဖြင့် အလောင်းများတွင် ဖိနပ်မပါကြပေ။

ဖိလစ်ပိုင်တွင် သေဆုံးသူများကို ဖိနပ်စီးပေးခြင်းမရှိဘဲ မြုပ်နှံကြသည်။ အကယ်၍ ဖိနပ်ပါနေလျှင် တမလွန်တွင် သူတို့၏ ခြေသံများက သက်ရှိများအပေါ် ခြောက်လှန့်နေ လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့အတွက် ဖိနပ်စီးထားသည့် အလောင်းမှာ အနည်းငယ်သာ ရှိသည်။

တစ်ခါက သုသာန်လုပ်သားတစ်ဦးသည် Highlander  ဘွတ်ဖိနပ်စီးထားသော အလောင်းကို ပြန်လည်ဖော်ချိန်တွင် အရိုးများနှင့် ဖိနပ်ကို သပ်သပ်စီထားမိလိုက်သည်။ နောက်ပိုင်းတွင် မတော်တဆ ပြုတ်ကျခြင်း၊ ခွေးကိုက်ခံရခြင်းများ ဖြစ်လာသဖြင့် ဖိနပ်ကို နေရာတကျ ပြန်ထားလိုက်မှ ကံကြမ္မာဆိုးများ ပြန်ပျောက်သွားတော့သည်။  သုသာန်လုပ်သားများကြားတွင် ယင်းသို့သော ဓလေ့များကို ယုံကြည်ကာ ဂရုတစိုက် စောင့်ထိန်း ကြသည်။

ပီနွိုင်းတို့က တာမာရို၏ အရိုးများကို ဖယ်ရှားသည့် တစ်နေ့တည်း၌ပင် ပက်စေသုသာန်မြောက်ပိုင်းမှ နာဗိုတက်စ်သုသာန်တွင် ဆန်တို့စ် ၃၉ နှစ်၏ အလောင်းကို မြေချရန် စီမံနေကြသည်။ တန်တို့စ်တို့ မိသားစုသည် သမ္မတဒူတာတေး၏ မူးယစ်ဆေးသုံးသူများကို သုတ်သင်သတ်ဖြတ်ရာ အဂိုရာဈေးကြီးအနီးတွင် နေထိုင်ကြ သူများဖြစ်သည်။ သို့သော် ဆန်တို့စ်သည် ဘိန်းမှုဖြင့် အသတ်ခံရသည်မဟုတ်။ အသက် ၂၃ နှစ် အရွယ်တူဖြစ်သူက ဓားဖြင့်ထိုးလိုက်သောကြောင့် ဖြစ်သည်။

လေပူများတိုက်နေသည့် ရာသီတွင် ဆန်တို့စ်မိသားစုသည် နာရေးအိမ်မှ ၅ကီလိုမီတာအကွာရှိ ဘုရားရှိခိုးကျောင်းသို့ ခြေလျင်သွားခဲ့ပြီးမှ နာဗိုတက်စ်သုသာန်သို့ အသုဘပို့ ထွက်လာခဲ့ကြသည်။ ဤသို့ ခြေလျင် အသုဘ ပို့ကြခြင်းမှာ ဓလေ့ထုံးစံဖြစ်ပြီး အချို့သူများဆိုလျှင် ဖိနပ်ပင်မစီးနိုင်လောက်အောင် လေးလေးစားစား လုပ်ကိုင် ကြသည်။

ဆန်တို့စ် မိသားစုဝင်များက နာရေးစရိတ်အတွက် ပီဆို ၄၅ဝဝ ခန့်မျှရရန် အတော်ပင် ရုန်းကန်ကြိုးပမ်းခဲ့ရသည်။ ဖိလစ်ပိုင်မှ နာရေးသည် ရက်ရှည်တတ်၏။ အလောင်းကို ဖန်တံခါးတပ်အခေါင်းထဲ အနည်းဆုံး ၁ဝရက်ထည့်ထားကြသည်။ မိတ်ဆွေနှင့် ဆွေမျိုးများ အသုဘရှုကြွလာသည့်အခါ အကူငွေများရတတ်သည်။ ''အကူငွေထည့်ခြင်း abuloy'' ကို တိုက်ရိုက်လှူဒါန်းသည့် သဘောမျိုးအပြင်၊ အသုဘအိမ်တွင် ဖဲဝိုင်း ထောင်ခြင်းဖြင့်လည်း ရှာဖွေတတ်ကြသည်မှာ မြန်မာလူမျိုးတို့ အတိုင်းပင် ဖြစ်နေသည်။

ဤနည်းဖြင့် ဆန်တို့စ်၏ အလောင်းကို ၁ဝရက်ကျော်ကျော်ထားသော်လည်း ငွေက အလုံအလောက် မရခဲ့ဟု ညီမဖြစ်သူကပြောသည်။

နာရေးတွင်ပါလာသည့် မာလူးဆိုသည့် သူကတော့ ဆန်တို့စ်ကဲ့သို့ အစိမ်းသေများ၏ နာရေးတွင် အကူငွေ အလုံအလောက်ရရန် ခက်ခဲလေ့ရှိသည်ဟုဆိုသည်။ သက်တမ်းပြည့်သည့်ခါ မည်သို့ဆက်လုပ်ရမည်ကိုလည်း မသိနိုင်ဟု သူကဝင်ညည်း လိုက်သေးသည်။

မူလက နာဗိုတက်စ်မြို့ သုသာန်မှ ဂူခန်းတွဲများသည် မြို့ပြအဆောက်အအုံများသဖွယ် စနစ်တကျရှိခဲ့ပြီး တိုက်အမှတ်များ အက္ခရာစဉ်အလိုက် တပ်ထားသည်။ အချို့နေရာများတွင် ရောင်စုံခြယ်ထားသော မျက်နှာများအပြင် ''ပြန် လည်မွေးဖွားခြင်းမြို့'' ဟူသော စာတန်းများပင် ရှိနေသည်။ ပက်စေသုသာန်နှင့် မတူသည်က နာဗိုတက်စ်တွင် ငါးနှစ်ပြည့်လျှင် ပီဆို ၅၅ဝ ပေးကာ သက်တမ်းတိုးခွင့်ရသည်။ အကယ်၍ နေရာသစ်သို့ ရွှေ့ပြောင်းမြုပ်နှံလျှင် အလုပ်သမားခ အပါအဝင် အခြားကုန်ကျစရိတ်ပေါင်း ၁၈ဝဝ ပီဆိုခန့် အပိုဆောင်း ကုန်ကျခံရသည်။            

ဆန်တို့စ်၏ အဒေါ်ဖြစ်သူ ခရစ်တယ်လီတာခရုဇ် ၅၁ နှစ်က ကြီးမားသည့် ဂူဖြင့်ထားရန်မှာ မလွယ်ကူကြောင်း၊ ဂူသွင်းရန် သုံးမီတာ ပတ်လည်ကို ပီဆိုတစ်သန်းမျှ ပေးဝယ်ရမည်ဖြစ်ကြောင်း ဆိုပြန်သည်။ ငွေကြေး တတ်နိုင်သူများအတွက် မြေဝယ်ကာ တခမ်းတနား မြေချကြသည်မှာ မဆန်းလှပေ။

ဆန့်တို့စ်၏ အသုဘချနေချိန်တွင် ပက်စေသုသာန်သို့လည်း မိသားစုတစ်စု ထပ်ရောက် လာပြန်သည်။ ထိုသူတို့သည် ဆူဆန်၏မိခင် ဗီရ်ဂျီးရီးယား နားခိုလဲလျောင်းနေသည့် နေရာနှင့် မနီးမဝေးရှိ အဘွားအိုဂျူလီအန်နားပါဒန်၏ ဂူခန်းသို့လာကြခြင်းဖြစ်သည်။ ပါဒန်မိသားစုလက်ထဲတွင် Atang ပေးရန်လာကြခြင်းဖြစ်ပြီး လှူဖွယ်များတွင် Red Horse  ဘီယာလည်း ပါလိုက်သေးသည်။ အဘွားအိုပါဒန်သည် အသက် ၁ဝ၁ နှစ် ရောက်မှ ကွယ်လွန်ခဲ့သည့်အတွက် အစိုးရက ရာစုနှစ်တစ်စုပြည့်အောင် အသက်ရှင်သန် နိုင်သောသူအဖြစ် ပီဆိုတစ်သိန်းဆုပေးအပ်ခြင်း ခံထားရသည်။

ဆူဆန်၏ မိခင်ကဲ့သို့ပင် ပါဒန်၏ အခန်းမှာလည်း ၂ဝ၂၂ တွင် သက်တမ်းကုန်လိမ့်မည်။ ပါဒန်၏သမီးက ငါးနှစ်ပြည့်သည့်အခါတွင်လည်း သက်တမ်းတိုးမည်ဟုဆိုသည်။ တစ်စုံတစ်ဦးက ပက်စေသုသာန်တွင် သက်တမ်းတိုးခွင့် မရှိကြောင်း ပြောမိလိုက်သည်နှင့် ပါဒန့်သမီးက ''နင်သေမှ နင့်သြဇာဘယ်လောက်ရှိတယ်ဆိုတာ သိလိမ့်မယ်'' ဟု အစချီပြီး ကျယ်လောင်ကျယ်လောင်နှင့် ပြန်ပြောနေလိမ့်မည်။ သူက သက်တမ်းတိုးခွင့်ရကိုရမည်။ သူတို့သည် လူကြီးပိုင်းနှင့် ရင်းနှီးသည်ဟုဆိုသည်။

သုသာန်သည် သေဆုံးသူနှင့်ပတ်သက်ပြီး ကျန်ရစ်သူတို့၏ လူတစ်ကိုယ် စိတ်တမျိုးနှင့် ဘဝအဖုံဖုံ ခံယူချက်အစုံစုံကို တွေ့ရတတ်သည်။ ဆူဆန်တို့လို့ တိတ်တဆိတ် ကြေကွဲနေသူများ၊ ဆန်တို့စ်မိသားစုလိုနာရေးတွင် မသာစရိတ်ကိုပါ ထည့်ပြီးပူပန်နေကြရသူများ၊   ပါဒန့်သမီးလို ကျယ်ကျယ်လောင်လောင် ဝမ်းနည်းပြတတ်သူများ အစုံရှိသည်။

နာဗိုတက်စ်ပြည်သူ့သုသာန်မှ မြေတူးသမား အီမွန်ရာမို့စ် အသက် ၄၉ နှစ်ကတော့ သူ့အသက် ဆယ်နှစ်ကတည်းက သုသာန်မှာ နေလာသူမို့ နာရေးရှင်များ၏ စရိုက်အစုံကို သိထားပြီးဖြစ်သည်။ သူကြုံတွေ့ခဲသော မိသားစုတစ်ခု၏ ဒဿနမျိုးကတော့ တွေ့ရကြားရခဲသည်။

ထိုမိသားစုက ''သေတဲ့သူက သေကုန်ပြီ။ ကျန်တာတွေက ပိုက်ဆံအပိုကုန်တဲ့ အလုပ်ပိုတွေပဲ'' ဟု ဆိုလေသည်။

 

ကျော်စည်သူ(သုနန္ဒခေတ်)

Ref: Manila’s ‘apartment tombs’, where the poor bury their dead – until the contract ends.

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.