21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ဖော့ဆို့တစ်ခု၏ သမိုင်းကြောင်း

မော့ဝီစကီပုလင်းမှ ဖော့ဆို့ကို ဖွင့်လိုက်ခြင်းသည် စက္ကန့်ပိုင်းသာ ကြာမည်ဖြစ်သော်လည်း ပုလင်းအဖုံးအဖြစ်သို့ ရောက်လာရသည့် ဖော့ဆို့၏ ခရီးသည် နှစ်ပေါင်းများစွာ အချိန်ယူရသည်။ ဖော့ဝက် သစ်ချပင်၏ သက်တမ်းသည် မော့ဝီစကီ၏ သက်တမ်းထက်များစွာ ပိုလွန်သည်။

မြေထဲပင်လယ်ဒေသသည် ဖော့ဝက်သစ်ချပင်၏ ဇာတိရင်းဖြစ်သည်။ ပေါ်တူဂီနိုင်ငံ တောင်ပိုင်းတွင် ဖော့ဝက်သစ်ချပင်များ အထူထပ်ဆုံး ပေါက်ရောက်သည်။ မြေထဲပင်လယ်၏ ပူပြင်းသော နေရောင်ကိုကာကွယ်ရန် ဖော့ပင်သည် အရွက်ဖားဖြင့် အုပ်ဆိုင်းနေပြီး  အမြစ်သည်  မြေကြီးအောက်အတော်နက်သည့် နေရာအထိမြဲမြံစွာ ကုပ်စွဲ ထားသည်။ တစ်ခါတစ်ရံ အကိုင်းအခက်များကို ဖြတ်တောက်ညှိ သည်မှ လွဲ၍ ဖော့ဝက်သစ်ချကို ပြုစုစောင့်ရှောက်ရန် မလိုအပ်ပေ။ ဒေသတွင်းရှိ ဖော့ဝက်သစ်ချ  ဧက ၆ ဒသမ ၇ သန်းကို ကမ္ဘာ့ဝိုင်ထုတ်လုပ်သူများ အဓိက မှီခိုအားထားရသည်။ ထွက်ရှိလာသော ဖော့များကို ပုလင်းဖုံးအဖြစ် အသုံးပြုကြသည်။

သားစဉ်မြေးဆက်ကို လုပ်ငန်းတည်ထောင်ပေးခဲ့လိုလျှင် ဖော့ဝက်သစ်ချပင် စိုက်ပါဆိုသည့် ပေါ်တူဂီ ဆိုရိုးစကားပင်ရှိသည်။

အခေါက်ကို ခွာလျက်ရောင်းချနိုင်ရန် ၂၅ နှစ် စောင့်ရသည်။ ပထမဆုံးရရှိသော ဖော့အခေါက်မှာ မာလွန်းသဖြင့် ဖော့ဆို့အဖြစ် အသုံးမပြုနိုင်။ ကြမ်းခင်းနှင့် အသံလုံနံရံအကာအဖြစ်သာ အသုံးပြုရသည်။ အသားပြန်တက်လာရန် ကိုးနှစ်ခန့် စောင့်ဆိုင်းရသည်။ ဒုတိယအကြိမ် ခွာယူရရှိသော အခေါက်ကိုလည်း ကြမ်းခင်းနှင့် အသံ လုံနံရံပြားအဖြစ်သာ အသုံးပြုနိုင်သည်။ နောက်ထပ် ကိုးနှစ်စောင့် ဆိုင်းပြီးမှ ရရှိလာသော အခေါက်ကို ဖော့ဆို့အဖြစ် အသုံးပြုနိုင်သည်။ အပင်စိုက်ပြီး ၄၃ နှစ်ကြာသည်အထိ စောင့်ဆိုင်းရသည့် သဘောပင်ဖြစ်သည်။ ဖော့ပင်တစ်ပင်၏ သက်တမ်းသည် အနှစ် ၂၂ဝ မှ ၂၅ဝ အထိရှိသည်။ ဖော့ဝက်သစ်ချပင် တစ်ပင်မှ အခေါက်ကို ၁၅ ကြိမ်မှ ၁၇ အကြိမ်အထိ ခွာယူကာ ဖော့ဆို့ပြုလုပ်နိုင်သည်။

ဖော့ဝက်သစ်ချပင်သည် ပေ ၆ဝ ခန့် အထိမြင့်ပြီး လုံးပတ်မှာခြောက်ပေနှင့် ကိုးပေအကြားရှိသည်။

နှစ်စဉ် မေလမှသြဂုတ်လအထိ ကာလအတွင်း အခေါက်နှင့် ပင်စည်အကြားရှိ အရည်ရွှန်းလာသည်။ ထိုအချိန်သည် အခေါက်ခွာရန် အကောင်းဆုံး အချိန်ဖြစ်သည်။ ယင်း သို့ခွာယူရန် ကျွမ်းကျင်မှု လိုအပ်သည်။ ကျွမ်းကျင်သူက ခွာယူမှသာ အခေါက်ကို အပျက်အစီး အလေအလွင့် မရှိဘဲရရှိသည်။ စက်ကိရိယာဖြင့် အော်တိုမက်တစ်ခွာယူရန်  ကြိုး စားသော်လည်း ယနေ့အထိ မအောင်မြင်သေးပေ။ အခေါက်ခွာယူရာတွင် အပင်၏ မြေပြင်နှင့် အနီးဆုံးအကိုင်းမှစသော ပင်စည်အပေါ်ပိုင်းမှ ခွာယူကြသည်။ အပင်တစ်ပင်မှ အခေါက် ခွာယူမှု ပြီးစီးသောအခါ အခေါက် ခွာသော အလုပ်သမားသည် မြေပြင် ပေါ်သို့ ပြန်မဆင်းပဲ အခြားတစ်ပင်သို့ ခုန်ကူးသွားသည်။ ကုန်တင် ယာဉ်များက ခွာပြီးသော အခေါက် များကို အနီးဆုံး အမိုးအကာအောက် သို့ ယူဆောင်သွားသည်။ လက်ရှိ အခေါက်ခွာပုံ နည်းစနစ်မှာ ၁၈ ရာစုနှစ် ကတည်းက အသုံးချနေသော နည်း အတိုင်းပင်ဖြစ်သည်။ အခေါက်ခွာပြီးသော အပင်၏ပင်စည်တွင် ဂဏန်းဖြင့် မှတ်သားလိုက်သည်။ နောက် ကိုးနှစ်ကြာသည့်အခါတွင်မှ ထိုအပင်ကို နောက်တစ်ကြိမ် အခေါက်ခွာ ရမည် ဖြစ်သည်။

အခေါက်ခွာသူများသည် ကျွမ်းကျင်မှု လိုအပ်သည်။ ပုဆိန်ဖြင့် အခေါက်ခွာရာတွင် လက်ဆသည် အထူးအရေးကြီးသည်။ လက်ဆမမှန်ပါက နောက်တစ်ကြိမ်ရလာမည့် ဖော့အခေါက်သည် အရည်အသွေး ညံ့ဖျင်းမည်။ အချို့အပင်များသည်  နှစ်တစ်ရာမက သက်တမ်းရင့်နေပြီဖြစ်သဖြင့် အထိအခိုက်မခံနိုင်သော အနေအထားတွင်ရှိသည်။ ဖော့ခေါက် ခွာသူများသည် ဝင်ငွေကောင်းကြသဖြင့် လူတိုင်းလိုလို ဖော့ခေါက်ခွာ လိုကြသည်။ သို့သော် ကျေနပ်လောက်သည့် ကျွမ်းကျင်မှုရှိမှသာ အ ခေါက်ခွာသည့် အလုပ်ကို ရရှိကြ သည်။

ကျွမ်းကျင်သော အလုပ်သမားအုပ်စုသည် အလုပ်ချိန်တစ်ရက်လျှင် ဖော့အပင်ကြီး ၁ဝ ပင် သို့မဟုတ် အပင်ငယ် ၂ဝ မှ ၃ဝ အထိမှ အခေါက် ကိုခွာယူနိုင်ကြသည်။ တစ်နေ့အ တွက် လုပ်အားခဒေါ်လာ ၁၅ဝ ကျော်ရကြသည်။ ရာသီချိန်လေးလ (မေလမှ သြဂုတ်လ) အတွင်းတွင်သာ ထိုငွေပမာဏကို ရရှိကြခြင်းဖြစ်သည်။ ကျန်လများတွင် စက်ကိရိယာ ပြင်ဆင်ခြင်းနှင့် လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်အသက်ဆက်ကြရ သည်။

အခေါက်သည် ဆဲလ်သေများဖြစ်သည်။ အခေါက်ကို ခွာယူရာတွင် သီးသန့်ပြုလုပ်ထားသော ပုဆိန်ဖြင့် ဂရုတစိုက်ခွာယူရသည်။ ပင်စည်ကို ထိခိုက်မှုဖြစ်စေပါက နောက်တစ် ကြိမ်ခွာသည့်အခါ အရည်အသွေး မမီသော အခေါက်ကိုသာ ရရှိမည်ဖြစ်သည်။ တစ်ကြိမ်ခွာယူလျှင် တစ်ပင်လုံး၏ ၅ဝ ရာခိုင်နှုန်းသာလျှင် ခွာယူရသည်။ အခေါက်ခွာလိုက်သဖြင့် အပင်၏ဇီဝဖြစ်စဉ်အပေါ် ထိခိုက်မှုရှိသည်။ ၅ဝ ရာခိုင်နှုန်းကိုသာ ခွာယူခြင်းသည် နောက်တစ်ကြိမ် အသားတက်မြန်စေရန် ဖြစ်သည်။

ခွာယူထားသော အခေါက်များကို လေဟာပြင်တွင် စနစ်တကျပုံကာ လေးလမှ ခြောက်လအထိ လေဖြင့်ခြောက်သွေ့စေရသည်။ လေသလပ် ခြင်းဖြင့် အစေးခြောက်သွားသော အခေါက်များကို ရေဖြင့်ပြုတ်ခြင်းဖြင့် အသားထူလာစေသည့်အပြင် အညစ် အကြေး ကင်းစင်စေသည်။ စမ်း ချောင်းမှရသော သဘာဝရေဖြင့်သာ ပြုတ်ရသည်။ အိမ်သုံးရေတွင်ကလို ရင်းပါဝင်နေသည်။ ကလိုရင်းသည် အခေါက်တွင် မှီခိုနေသည့် အနုဇီဝပိုး များနှင့် တုံ့ပြန်မှုပြုသည့်အခါ အနံ့ ထွက်လာသည်။ ထိုအနံ့ကို ဖော့အနံ့ဟုခေါ်သည်။ ဖော့အနံ့သည် အဖျော် ယမကာ၏ မွှေးပျံ့သော ရနံ့ကို ထိ ခိုက်စေသည်။

ဖော့တွင် မြောက်မြားလှစွာသော သေးမွှားသည့် အကန့်ငယ် လေးများ (ဆဲလ်လေးများ)  ပါဝင်သည်။ ပူပေါင်းများသဖွယ် ထိုအကန့်ငယ်များတွင် လေခိုအောင်းနေသည်။ ပုလင်း၏အဝတွင် ဖော့ဆို့ကို ဖိသွင်းလိုက်သည့်အခါ ဖော့အတွင်းရှိ လေက နဂိုမူလအရွယ်အစားရှိနေစေရန် ပြန်လည်တွန်းကန်ထားသည်။ တွန်းကန်ထားသော ဖိအားကြောင့် လေလုံအဆို့ (Air Tight Seal)  အဖြစ် ပုလင်းအဝကို တင်းကျပ်စွာ ပိတ်ဆို့ထားသည်။ ဖော့၏တည်ဆောက်ပုံသည် ပျားအုံကဲ့သို့ပင် အကန့်လေးများ ပါဝင်သည်။ ကုဗတစ်လက်မအတွင်း အကန့်လေးပေါင်း သန်း ခြောက်ရာကျော်ပါဝင်သည်။ ထို့ကြောင့်ပင် ရေထက်လေးဆပိုပေါ့သည်။ လေပူပေါင်းလေးများ အထပ်ထပ်တည်ရှိနေခြင်းဖြစ်သည်။ လေပူပေါင်းလေးများက သန်မာသော တွန်းကန်သတ္တိကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အသက်ကယ်ဖောင်၊ အသက်ကယ်အကျီတို့တွင် ထည့်သွင်းအသုံးပြုခြင်းဖြစ်သည်။ လေပူပေါင်း လေးများက အသံနှင့်အပူရှိန်ကို တားဆီးပိတ်ဆို့ထားနိုင်သည်။ အသံသွင်း စတူဒီယိုများတွင် ဖော့ပြားကို အသံလုံနံရံအဖြစ် အသုံးပြုကြသည်။ ဖော့သည် တွန်းကန်အားသာမက ကျုံ့နိုင်ဆန့်နိုင် အားကောင်းသည်။ တစ်လက်မပတ်လည်ပေါ် ဖိအား ပေါင် ၁၄ဝဝဝ ပေးပြီးသည့်အခါ ဖော့သည် မူလအနေအထား၏ ၉ဝ ရာခိုင်နှုန်းအထိ ပြန်လည်ဖောင်းကား လာနိုင်သည်ကို တွေ့ရသည်။  ဖော့ကို အိမ်တွင်းနံရံများအဖြစ် အသုံးပြုကြသည်။ ဖော့ကို မီးလောင်လျှင်  ပြာကျသွားပြီး အဆိပ်ဓာတ်ငွေ့ ထုတ် လွှတ်ခြင်းမရှိပေ။ အစိုဓာတ်နှင့် ဖုန်မှုန့်တို့သည် ဖော့တွင်ကပ်ငြိရန် ခက်ခဲသည်။  ဖော့သားသည် တိုက်စားလျော့ပါးရန်လည်း ခက်ခဲသည့်အတွက် စိန်အရောင်တင်ရာတွင် ဖော့သားဖြင့် ပွတ်တိုက်သောနည်းကို သုံးကြသည်။

ဖယောင်းပုဆိုးများသည် ဖော့သားမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဖိနပ်အောက်ခြေ အတွင်းခံ၊ မျက်နှာကြက်ပြား၊ ဂတ်စကက်၊ဖော့ဆို့၊ ဒဏ်ခံဦးထုပ်လိုင်နင်၊ ဂေါက်ဘော်လုံးနှင့် ဘေ့စ်ဘောအတွင်းသား၊ ရုံးသုံးကြေညာဘုတ်ပြား စသည့်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ ဓာတုဗေဒနည်းဖြင့် ဖော့အစားထိုး အသုံးပြုမှုများ ရှိသော်လည်း ဖော့ကဲ့သို့ အမယ်စုံလင်စွာ အသုံးပြုနိုင်သော ဓာတုဗေဒထွက် ပစ္စည်းမျိုး မပေါ်ပေါက်သေးပေ။

ပုလင်းအဆို့အဖြစ် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီသောကာလက ဖော့ကို အသုံးပြုခဲ့ကြောင်း အီဂျစ်သချိုင်းဂူများတွင် တွေ့ရသည်။ ရှေးခေတ် ဂရိလူမျိုးများသည် ဖော့ကို ငါးဖမ်းပိုက်ကွန် အထိန်းအဖြစ်လည်းကောင်း၊ ခြေညှပ်ဖိနပ်အဖြစ်လည်း ကောင်း၊ ပုလင်းအဆို့အဖြစ်လည်းကောင်း အသုံးပြုခဲ့ကြသည်။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ဖော့ကို နည်းအမျိုးမျိုးဖြင့် အသုံးပြု ခဲ့ကြသည့်

အနက်တံငါများက အသက်ကယ်အကျီတွင် အသုံးပြုကြသည်။ ရာသီဥတုဒဏ် သက်သာစေရန် မြေထဲပင်လယ်ဒေသတွင် ဖော့ကို အိမ်အမိုး အကာနှင့် ကြမ်းခင်းအဖြစ် အသုံးပြု ခဲ့ကြသည်။

ဖန်ပုလင်းကို ၁၅ ရာစုတွင် တီထွင်ခဲ့သော်လည်း ကျယ်ပြန့်စွာ အသုံးမပြုနိုင်ခဲ့။ ၁၇ ရာစုတွင် ဖော့ဆို့ကို အသုံးပြုလာသည့်အခါတွင်မှ ဖန်ပုလင်းသည် အသုံးတွင်ကျယ်လာ သည်။ ၁၇၆ဝ ခုနှစ်တိုင်သည်အထိ ဖော့ဝက်သစ်ချကို ရည်ရွယ်စိုက်ပျိုးခြင်းမရှိခဲ့။ အလေ့ကျပေါက်နေသော ဖော့ပင်မှအခေါက်ကို ခွာယူအသုံးပြုကြသည်။ အတွင်းဖော့သား ခံထားသော သတ္တုပုလင်းဖုံးကို ၁၈၉၂ ခုနှစ်တွင် စတင်အသုံးပြု သည်။

ဖော့သား အခေါက်ကို နည်းပညာအသုံးပြုလျက် ပိုမိုခိုင်ခန့်လာစေရန် ဓာတုဓာတ်ပေါင်းများ ထည့်သွင်းလျက် စမ်းသပ်လာကြသည်။ ထိုနည်းဖြင့် ဖော့အသုံးပြုမှုများစွာ  တွင် ကျယ်လာသည်။

မြေထဲပင်လယ်ဒေသ အနောက်ပိုင်းဒေသနှင့်  ပေါ်တူဂီ၏ အိုင်ဘာရီယန် ကျွန်းဆွယ်တို့မှ ဖော့အထွက်ဆုံးဖြစ်သည်။ တစ်ကျော့ပြန်ခေတ်စမ်းကာလ (Renaissance) တွင် ဖော့ကို ပုလင်းအဖုံးအဖြစ် အသုံးပြုမှုသည် များစွာခေတ်စားတွင်ကျယ် လာသည်။

ဆေးခြောက်ပင်မှရသော လျှော် (oiled hemp) ကို ဝိုင်ပုလင်းအဆို့အဖြစ် သုံးစွဲကြသည်။ ၁၆၈၈ ခုနှစ်တွင် ရှမ်ပိန်ကို တီထွင်သောက်သုံး လာကြသည့်အခါ သုံးစွဲနေသော ပုလင်းအဆို့များသည် ရှမ်ပိန် ပုလင်း နှင့်မသင့်တော်သည်ကို တွေ့ရှိလာ သည်။ ရှမ်ပိန်မှထွက်သော ဓာတ်ငွေ့သည် အဖုံးကို တွန်းကန်ဖယ်ထုတ်ပစ်သည်။  ထို့ကြောင့် တွန်းကန် ဖိသိပ်အားကောင်းသော ဖော့ဆို့ကို ပြောင်းလဲသုံးစွဲကြသည်။

၁၈၈၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ဝီလီယမ်ပိန်တာ ( William Painter) သည် ဖော့သားအတွင်းခံဖြင့် သတ္တုဖုံးကို တီထွင်သည်။ ထိုအဖုံးကို ပုလင်းတိုင်းတွင် အသုံးပြု လာသဖြင့်  ဝီလီယမ်သည် တခဏတွင်းချင်း ချမ်းသာကြွယ်ဝလာသည်။

ထိုသတ္တုအဖုံးများသည် နှစ်ပေါင်း ၈ဝ ကျော်မျှ ပုလင်းဖုံးအဖြစ် တွင်ကျယ်ခဲ့သည်။ ၁၉၅၅ ခုနှစ်သို့ရောက်သောအခါ ပလပ်စတစ်ပုလင်းဖုံးများကို စတင်အသုံးပြုလာသည်။ ထိုမှတစ်ဆင့် ၁၉၆ဝ ပြည့်လွန်နှစ်များတွင် ဝက်အူရစ်ပုလင်းဖုံးများကို ကိုကာကိုလာ ကုမ္ပဏီက ဈေးကွက်တင်သည်။ ကလေးအစားအစာ ပုလင်းများတွင် ဝက်အူရစ် သတ္တု ပုလင်းဖုံးများကို အသုံးများလာသည်။

ဖော့အသုံး တွင်ကျယ်မှုကို  ပလပ်စတစ်အဖုံးများက ခြိမ်းခြောက်လာသည်။ ဖော့သည် တစ်ခါတစ်ရံ ဝိုင်၏အနံ့ကို ပေါ့ပျက်စေသည်ဟုဆိုကာ ဈေးနည်းသော ဝိုင်ထုတ်လုပ် သူများက ပလပ်စတစ်အဖုံးကို ၂ဝဝဝ ပြည့်နှစ်မှစလျက် ပြောင်းလဲသုံးစွဲလာသည်။ ဝိုင်ကို ရိုးရာအစဉ်အလာဖြင့် စွဲလမ်းစွာသောက်သုံးသည့် ဥရောပနိုင်ငံများသည်ပင်လျှင် တန်ဖိုးနည်းဝိုင်ပုလင်းများတွင် သတ္တုဖုံးကို သုံးစွဲလာသည်။ သို့စဉ်တိုင် တန်ဖိုးကြီး ဝိုင်၊ ဝီစကီနှင့် ရှမ်ပိန်ပုလင်းများတွင် ဖော့ကို ဆက်လက် သုံးစွဲကြသည်။ သြစတေးလျားမှ 'အမ်ကော'ကုမ္ပဏီ  (Amcoe Co.) က ထုတ်လုပ်သော အလူမီနီယမ် ပုလင်းဖုံးများသည် အမေရိကန် ဈေးကွက်၏ ၅ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်သည့် အနေအထားသို့ ရောက်သွားသည်။ တောင်အာဖရိကနှင့် ချီလီမှထုတ်လုပ်သော သတ္တုဖုံး များသည်လည်း ဈေးကွက်ဝေစု အတော်အတန်ရလာသည်။ ဖော့ပုလင်းဖုံး ကမ္ဘာ့ဈေးကွက်သည် တစ်နှစ်လျှင် ဒေါ်လာ နှစ်ဘီလျံကျော် ရှိသည်။

တရုတ်လူမျိုး လူလတ်တန်းစား သန်းတစ်ရာသည် ဝင်ငွေကောင်းလာသည်နှင့်အမျှ ဝိုင်သောက်သုံးလာကြသည်။ တရုတ်ဝိုင် ထုတ်လုပ်သူများဈေးကွက်ကို ဖော့နှင့် သတ္တုဖုံးများက အပြိုင်အဆိုင် ဈေးကွက်လုကြသည်။ တရုတ်ပြည်တွင် ဝိုင်သောက်သုံးခြင်း သည် အရသာခံရုံ သက်သက်သာ မဟုတ် ဂုဏ်ဒြပ်နှင့် ဆက်စပ်နေ သည်။ ထို့ကြောင့် ဖော့ဆို့များက အသာစီးရသော်လည်း ဈေးနည်းသော ဝိုင်ကို သောက်သုံးကြသည့် လူငယ်များသည် ပုလင်းဖုံးကို ဂရုမထားကြပေ။ သို့သော် ဝိုင်အကောင်းစားကို သောက်သုံးကြသည့် တရုတ်များက ဖော့ဆို့ဖြင့် ဝိုင်ပုလင်းကို တန်ဖိုးထားကြသည်။ ဈေးကြီးပေးလျက် ဝယ်သောက်ကြသည်။

၂ဝ၁၆ ခုနှစ်တွင် တရုတ်ပြည်က ဖော့ဆို့တင်ပို့သွင်းမှုသည် ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဖော့ကြောင့် ယမကာ၏ နံ့အရသာကို ပျက်စေသည့် ကပ်ပါးမှိုနှင့် ဓာတုဓာတ်ပေါင်းကို စိစစ်ဖော်ထုတ်နိုင် သည့် လေဆာစက်ရုပ်များကို ဖော့ ထုတ်လုပ်သူများက တပ်ဆင်အသုံးပြုလာသည်။ ဖော့အခေါက်ကို အပြားအဖြစ် ပုံသွင်းသည်။ ရေနွေးငွေ့ဖြင့်ပေါင်းတင်သည်။ ထို့နောက် ဖော့ဆို့ အရွယ်အစားအမျိုးကို စက်ဖြင့်ဖြတ် သည်။ အရွယ်အစားခွဲခြားခြင်းနှင့် အရောင်တင်ခြင်းကို လေဆာရောင် ခြည်ဖြင့်ပြုလုပ်သည်။ ဖော့ဆို့အကောင်းစားများကို ယနေ့ထက်တိုင် လူကိုယ်တိုင်ဖြတ်တောက်နေဆဲဖြစ်သည်။ ခေတ်မီနည်းပညာဖြင့် ထုတ် လုပ်လာမှုကြောင့် ဖော့၏ အရည်အသွေးသည် ကောင်းမွန်တိုးတက်လာသည်။

ပေါ်တူဂီ ကုမ္ပဏီဖြစ်သော NDTech သည် ဒေါ်လာသန်း ၈ဝဝ ခန့်တန်စက်ကိရိယာများ တပ်ဆင်လျက် ဖော့ဆို့များကို  ထုတ်လုပ်နေသည်။ ဖော့သား အလေအလွင့်များမှ အရည်အသွေးနိမ့်ဖော့များကို လေဆာဖြင့်စစ်ဆေးပြီး ဈေးနည်းသော ဝိုင်ပုလင်းများအတွက် ထုတ်လုပ်ပေးသည်။ ဖော့ဆို့ ထုတ်လုပ်သူများက 'ဖော့အရည်အသွေးထိန်းသိမ်းရေးကောင်စီ' ( Cork Quality Council) ကို ဖွဲ့စည်းပြီး ဖော့အရည်အသွေးထိန်းသိမ်းရေး ကြိုးပမ်းလာသည်။ ကောင်စီက သုတေသနပြု လုပ်ပြီး ဖော့ဆို့ထုတ်လုပ်သူများနှင့် ဝိုင်ပုလင်းထုတ်လုပ်သူများကို နည်း ပညာဖြန့်ဖြူးပေးသည်။ ဖော့ဆို့ကို သုံးစွဲခြင်းဖြင့် သဘာဝပတ်ဝန်းကျင်၊ နည်းပညာပိုင်းနှင့် လူမှုရေးအရ အား သာချက်များကို စားသုံးသူများအား အသိပေးသည်။

မြေထဲပင်လယ်ဒေသ တောအုပ်များအတွင်းရှိ ဖော့ဝက်သစ်ချပင်များသည် ကြီးမားကြသဖြင့် တောအုပ်၏ ရိုးလ်ရိုက်စ် (The Rolls Royce of Forestry) ဟု အမည်ပေးထားသည်။ ရေသောက်မြစ်များသည် မြေသားအတွင်းရှိ ရေဓာတ်ကို ကောင်းစွာ ထိန်းသိမ်းပေးသည်။ မြေဆီလွှာကို သိပ်သည်းစေပြီး ဇီဝမျိုးကွဲများ နေထိုင်ရှင်သန်ရန် အရိပ်အာဝါသပေးသည်။ ပေါ်တူဂီရှိ ဖော့ဝက်သစ်ချဟက်တာ တစ်သိန်းရှစ်ထောင်သည် ဒေသကို လွင်တီးခေါင် ဖြစ်မသွားစေရန် အကာအကွယ်ပေး လျက်ရှိသည်။

လင့်တောကြောင် (lynx) နှင့် ရှားပါးသော လင်းယုန် (Shord-Toed eagle)  တို့၏ ဘူမိနက်သန်လည်းဖြစ်သည်။ ထို့ပြင် ဖော့ဝက်သစ်ချ တစ်ပင်တွင် ဇီဝမျိုးကွဲ တစ်ရာခန့် မှီတင်း အသက်ရှင်လျက်ရှိသည်။

ဖော့သည် ပုလင်းဖုံးဈေးကွက်တွင် ပြန်လည်ဦးမော့လာသော်လည်း အကဲပါလွန်းသော ဝိုင်ပညာရှင်များကဖော့၏ အရည်အသွေးနှင့် ပတ်သက်ပြီး ထောက်ပြနေဆဲပင်ဖြစ် သည်။ ထုတ်လုပ်လိုက်သော ဝိုင်ပုလင်းများ၏ ၁ ဒသမ ၂ ရာခိုင် နှုန်းသော ပုလင်းများသည် ဖော့အရည်အသွေးကြောင့် ပျက်စီးရသည်ဟု ဖော့ထုတ်လုပ်သူများ အသင်းကဆိုသည်။ သို့သော် အမှန်တကယ် ပျက်စီးသောအရေအတွက်သည် ထို မျှမကဟု အထောက်အထားများအရ သိရသည်။ ဝိုင်ပညာရှင် တစ်ဦးဖြစ် သူ ရောဘတ်ပါကာ (Robert Parker)  က ကာလီဖိုးနီးယားတွင် ထုတ်လုပ်သော ဝိုင်ပုလင်းများ၏ ရှစ်ရာခိုင်နှုန်းသည် ဖော့အရည်အသွေး ညံ့ဖျင်းမှုကြောင့် ပျက်စီးရသည်ဟု ဆိုသည်။

သတ္တုဖုံးများ အသုံးလျော့သွားသည်ဆိုသော်လည်း ပျောက်ကွယ်သွားရန် အခြေအနေမရှိဟု လေ့လာသူများကဆိုသည်။ အမေရိကန်တွင် ဝိုင်သောက်သုံးသူ အများဆုံးရှိသည်။ အမေရိကန် သောက်သုံးသူများက ဖော့ဆို့ဖြင့်ပိတ်ထားသော ဝိုင်သာလျှင် အရည်အသွေးရှိသည်ဟု ယူဆထားကြသဖြင့် ဖော့ဆို့ထုတ်လုပ်သူ များအဖို့ ခံသာနေခြင်းဖြစ်သည်။

ဖော့သည် ပလပ်စတစ်ကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းမရှိ။ သဘာဝထွက် ပစ္စည်းဖြစ်သဖြင့် ကျေလွယ်ပျက်လွယ် ပျော်ဝင်လွယ်သည်။ ကာဘွန်ထုတ်လွှတ်မှု ၁ဝ ဘီလျံတန်ကို မြေထဲပင်လယ်ရှိ ဖော့ဝက်သစ်ချပင်များက နှစ်စဉ် စုပ်ယူလျက်ရှိသည်။ ၂ဝဝ၆ ခုနှစ် သဘာဝတောရိုင်းရန်ပုံငွေအဖွဲ့ (World Wildlife Fund) ၏ အစီရင်ခံစာတွင် ဖော့ဝက်သစ်ချပင်များ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုမှုကို ဖော်ပြခဲ့သည်။ ဖော့ဝက်သစ်ချ တောအုပ်များသည် မျိုးတုံးလုသတ္တဝါ များနှင့် ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်သောငှက်များ ခိုလှုံရာဖြစ်သဖြင့် များစွာအရေးကြီးကြောင်း အလေးပေး ဖော်ပြခဲ့သည်။

ဖော့ဝက်သစ်ချတောအုပ်ကြီးများသည် နေ့ချင်းညချင်း ပျောက်ကွယ်သွားမည့် အန္တရာယ်မရှိသေးသော်လည်း ဖော့သုံးစွဲမှုကျဆင်းလာပါက ထုတ်လုပ်ရေးလုပ်ငန်းငယ်များ အရှုံးနှင့်ရင်ဆိုင်ရပြီး လုပ်ငန်းကို စွန့်လွှတ် ထွက်ခွာရပါလျှင် ဖော့ဝက်သစ်ချပင်များကို  ပြုစုစောင့်ရှောက်မှု မရှိတော့ပဲ ပျက်သုဉ်းမည့် အလားအလာရှိနေသည်။ ထို့ကြောင့် ရှိနေဆဲပင်အိုများကို ဂရုပြု စောင့်ရှောက်ထားရန် လိုအပ်နေသည်ဟု သဘာဝတောရိုင်းရန်ပုံငွေအဖွဲ့က သတိပေး ထားသည်။ ဥရောပသမဂ္ဂက ပေါ်တူဂီဖော့လုပ်ငန်းများ ဖွံ့ဖြိုးလာရေး အတွက် ယူရို ၂၁ သန်း ထောက်ပံ့ပေးထားသည်။

ဖော့ဆို့များသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည်ဟု ဆိုငြားသော်လည်း ဖော့ဆို့ကို ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများသည် အခြားသောစက်မှု လုပ်ငန်းများကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်ဟု ထောက် ပြသူများလည်း ရှိနေသည်။ သတ္တုနှင့် ပလပ်စတစ်ပုလင်းဖုံးများ ထုတ်လုပ်ရာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် ဖော့ဆို့ထုတ်လုပ်သည် ထက် အဆ ၂ဝ မှ ၂၄ ဆ အထိပိုမိုများပြားသည်။ သတ္တုနှင့် ပလပ်စတစ် ပုလင်းဖုံးများထုတ်လုပ်ရာတွင် တွင်းထွက်လောင်စာသုံးစွဲမှုသည် ဖော့ဆို့ထုတ်လုပ်သည်ထက် ငါးဆ ပိုများသည်။

ပြည်သူလူထုအကြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ မြင့်တက်လာသည့်အတွက်လည်း ဖော့ဆို့ကို အလေးထားသုံးစွဲလာကြသည်။ ကာလီဖိုးနီးယား နာပါတောင်ကြားတွင် အော်ဂဲနစ်ဝိုင်ထုတ် လုပ်သော ကုမ္ပဏီများသည် ဖော့ဆို့ကို စည်းကမ်းချက် တစ်ခုအနေဖြင့် ရာခိုင်နှုန်းပြည့် အသုံးပြုသည်။ ယခုအခါ အမေရိကန်တွင် ထုတ်လုပ်လျက်ရှိသော ဝိုင်ပုလင်းများ၏ ၆ဝ ရာခိုင်နှုန်းသည် ဖော့ဆို့ အသုံးပြုနေသည်ဟု သိရသည်။

ပေါ်တူဂီသည် ဖော့ဆို့ အများဆုံး ထုတ်လုပ်သောနိုင်ငံဖြစ်သည်။ ဖော့ထွက်ကုန် အမျိုးမျိုးကို ထုတ်လုပ်နေသော်လည်း ပေါ်တူဂီထွက် ဖော့ထွက်ကုန်ပစ္စည်း ၇ဝ ရာခိုင် နှုန်းသည် ဖော့ဆို့များသာဖြစ်သည်။ ဖော့ဆို့တစ်မျိုးတည်းကိုသာ အားမထားဘဲ အခြားသော အမယ်များကို ကြိုးစားထုတ်လုပ်သော်လည်း ထင် တိုင်းမပေါက်ဖြစ်နေရသည်။

တစ်ကမ္ဘာလုံး ဖော့ဆို့ ထုတ်လုပ်မှု၏ ၇ဝ ရာခိုင်နှုန်းကို ထုတ်လုပ်နေသော ပေါ်တူဂီ နိုင်ငံတွင် ဖော့လုပ်ငန်းလုပ်သား ၆ဝဝဝဝ ကို အလုပ်ပေးထားသည်။ နှစ်စဉ် ဖော့ပို့ ကုန်မှ ဒေါ်လာတစ်ဘီလျံ ရရှိနေသည်။ တစ်ကမ္ဘာလုံး ဖော့ဆို့ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ နှစ်ဘီလျံ ဖြစ်သည်။

စားသုံးသူ၏ နှစ်သက်မှုအသိနှင့်ယှဉ်သော စားသုံးမှုတို့ တိုးပွားထွန်းကားလာသည့် ခေတ်ကာလတွင် ဖော့လုပ်ငန်းရှင်များကလည်း ဖော့ဆို့ထုတ်လုပ်ခြင်း တစ်ခုတည်း ဖြင့် ရပ်တည်နေခြင်းသည် မရေရာလှသည်ကို ကောင်းစွာသိရှိထားကြသည်။ ထို့ကြောင့် ဆောက်လုပ်ရေး ပရိဘောဂအိမ်သုံးပစ္စည်းနှင့် ဖက်ရှင်အသုံးအဆောင်များကို တီထွင်ထုတ်လုပ်ကာ ထုတ်ကုန်အမယ်စုံလာစေ ရန် ကြိုးစားကြသည်။ ဖော့ဆို့ လုပ် ငန်း မှေးမှိန်လာပါက အခြားသော ထုတ်ကုန်အမယ်များဖြင့် အသက်ဆက်ရန် စဉ်းစားနေကြသည်။

ဖော့ဆို့၏ အနာဂတ်သည် မသေချာသေးပေ။ ပလပ်စတစ်နှင့် သတ္တုဖုံးများ၏ အရည်အသွေးသည် တိုးတက်ကောင်းမွန်လာနေသည့်အပြင် စားသုံးသူ အကြိုက်လည်း ပြောင်း လဲသွားနိုင်သည်။ တစ်ချိန်တွင် ဖော့ဆို့အသုံးပြုမှု ကွယ်ပျောက်သွားနိုင်သည်။ ထို့ကြောင့် ဖော့လုပ်ငန်းရှင်များက သုတေသနလုပ်ငန်းများတွင် မြောက်များစွာ ရင်းနှီးမြုပ်နှံလျက် ဖော့ဆို့လုပ်ငန်း ဆက်လက်ရှင်သန်ရန် ကြိုးပမ်းနေကြသည်။

 

အေးထွန်းမင်း

 [email protected]

Ref: SPECIAL REPORT: Cork closures.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.