23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အရှေ့တောင်အာရှဒေသတစ်ခွင်မှ တရုတ်နည်းပညာကုမဏီများ၏ဈေးကွက် အခင်းအကျင်းနှင့် စိန်ခေါ်မှုများ

နိုင်ငံတစ်ခုစီးပွားဖွံ့ဖြိုး တိုးတက်ရန်အတွက် မိမိတို့၌ရှိနှင့်ပြီးဖြစ်သော နည်းပညာအဖုံဖုံဖြင့် တိုးတက်မှုရရန် အားထုတ်ကြရသည်။ ဤသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်စေ၊ ဖွံ့ဖြိုးဆဲကြိုးစားဆဲ နိုင်ငံ ဖြစ်စေ၊ ထိုသို့သောမူနှင့် ရှေ့တိုးလျှောက်လှမ်းကြရစမြဲဖြစ်သည်။ ထိုမှတစ်ဆင့်တက်၍ ဖွံ့ဖြိုးလာပြီဖြစ်သောနိုင်ငံများသည်လည်း မိမိတို့နိုင်ငံ၌ ဖွံ့ဖြိုးမှု ရာခိုင်နှုန်းအနေအထားကိုကြည့်ကာ မိမိနိုင်ငံနှင့် အနီးစပ်ဆုံးနိုင်ငံများ အထူးသဖြင့်  အိမ်နီးချင်းများနှင့် စီးပွားအတူ လုပ်ဆောင်ရန် ကြံဆကြသည်။ အကျိုးတူသော်လည်းကောင်း၊ မိမိကအနည်းငယ်လျှော့၍သော်လည်းကောင်း၊ မိမိက အနည်းငယ်အသာ ဖြင့်သော်လည်းကောင်း၊ ကုန်ပစ္စည်း၊ လုပ်ငန်းထွက်ကုန်များပေါ် မူတည်၍ ညှိနှိုင်းကြရသည်။ သဘောတူစာချုပ် ချုပ်ဆိုကြသည်။

နောင်တစ်ဆင့်တက်၍ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်မားလာပြီဆိုသည်နှင့် နိုင်ငံတကာရှိ ကုန်ပစ္စည်း ဈေးကွက်၊ ထုတ်ကုန် ဈေးကွက်ကို လှမ်းမျှော်၍ စုံစမ်းလေ့လာမှု အကြိမ်ကြိမ် ပြုလုပ်ပြီး ထိုနိုင်ငံ၌ သွားရောက် ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းများ တည်ထောင်ရန် ကြိုးစားကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပါ၏။                                                နိုင်ငံကြီးများသည် ထိုသို့သဘောတူမှ လုပ်ငန်းကိုလုပ်ကြလေ့ရှိပါ၏။           တချို့နိုင်ငံများကတော့ မိမိထက်နည်းပညာ လုပ်ငန်းအတွေ့အကြုံနည်းပါးသော နိုင်ငံများနှင့် ယှဉ်လိုက်သည့်အခါ မိမိက စီးပွား အင်အားကြီး အဆင့်တစ်ခုသို့ ရောက်နေသည်ဆိုလျှင် စီးပွားရေး ဈေးကွက်ခြေလှမ်းကို အနည်းငယ်ပြင်ကာ မိမိတို့ကမသိမသာ၊  အထက်စီးနှင့် ဆက်ဆံကြသည်မှာ နိုင်ငံတကာ အစဉ်အလာကဲ့သို့ ဖြစ် နေပေပြီ။

ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီနှင့် ဖြစ်ပြီးစကာလက ကမ္ဘာ့အင်အားကြီးနိုင်ငံဆို၍ အနောက်ဘက်ကမ္ဘာ၌ ဥရောပတိုက်မှာသာရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ရှုံးနိုင်ငံဟု သတ်မှတ်ခံရသော၊ အနုမြူဗုံးနှစ်လုံး အကြဲခံရသော ဂျပန်ကျွန်းနိုင်ငံလေးသည် ၁၉၆ဝ ခုနှစ်ဝန်းကျင်သို့ ရောက်လာသည့် အချိန်တွင် အာရှတစ်ဝန်း၌ အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခုအဖြစ် နေရာရလာသည်။ ဂျပန်နိုင်ငံ၏ စီးပွား ဖွံ့ဖြိုးမှုမှာ အထင်ကရဖြစ်လာပြီး အနောက်ဘက် နိုင်ငံများကပါ လေးလေးစားစား ဆက်ဆံရသည့် အခြေအနေသို့ ရောက်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့သည် ကမ္ဘာ့မြို့တော်ကြီးများစာရင်းဝင် ဖြစ်လာသည်။ ယိုကိုဟားမား၊ ကိုဘေးဆိပ်ကမ်းများသည် ကမ္ဘာ့ကုန်သွယ်မှု ဆိပ်ကမ်းများရှိလာသည်အထိ အဆင့်မြင့်လာသည်။ နောက်မကြာလှသော ကာလ၌ အမေရိကန်နိုင်ငံ၏ နယူးယောက်၊ ချီကာကို၊ ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယား၊ ဟောလီဝုဒ်တို့၌ ဂျပန်နိုင်ငံကအစုရှယ်ယာများ ဝယ်ယူသော အချို့ကုမ္ပဏီများဆိုလျှင် ဂျပန်နိုင်ငံအမည်နှင့် အစုရှယ်ယာအများဆုံးပိုင်သည့် လုပ်ငန်းများရှိလာခဲ့သည်။       

နောက်ဆုံး ကမ္ဘာ့ရုပ်ရှင်လောက၏ ထိပ်ဆုံးနေရာ၌ရောက်နေသော ဟောလီဝုဒ်ရှိ ရုပ်ရှင်လုပ်ငန်းများကိုပင် ဂျပန်နိုင်ငံက အများဆုံးဝယ်ယူပြီး ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် အမေရိကန်နိုင်ငံသည် လူသုံးများသည့် နည်းပညာ အသေးအဖွဲနှင့် ပတ်သက်သည့် လုပ်ငန်းများကို သူ့နိုင်ငံက မထုတ်လုပ်တော့ဘဲ ဂျပန်နိုင်ငံလက်ဝယ်သို့ အပ်လိုက်သည့် ပမာဖြစ်သွား၏။

ရုပ်သံ အသံဖမ်းစက်၊ အသံသွင်းစက်၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်မှစ၍ မော်တော်ယာဉ်အားလုံး ဂျပန်နိုင်ငံထံမှသာ ဝယ်ယူအသုံး ပြုတော့သည်။

လေယာဉ်ပျံကြီးများ၊ ဒုံးလက်နက်များ၊ အနုမြူနှင့် ပတ်သက်သည့် ဘက်ထရီ များမှအစ အကြီးစား လုပ်ငန်းများ ကိုမူ ဂျပန်နိုင်ငံ လက်ဝယ်မအပ်ဘဲ အမေရိကန်နိုင်ငံက ကိုယ်တိုင်ပြု လုပ်သည်။

ဂျပန်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် ပတ်သက်သည့် ကုန်ထုတ်လုပ်ငန်းသည် ကမ္ဘာ့တစ်ဝန်းအဆင့် ဖြစ်သွားသည်။

နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးလာမှုသည် သူ့အချိန်အခါနှင့်သူ အခွင့်အရေးလည်းရ၊ နည်းပညာဆိုသည်မှာ ပြု လုပ်နေရင်းကပင် တိုးတက်သထက် တိုးတက်လာတော့၏။

ဤသို့ဖြင့် ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်၌ စီးပွားရေးအဆင့်အရ ဒုတိယ အဆင့်နိုင်ငံစာရင်းဝင်ဖြစ်သွားရတော့ သည်။

 

တရုတ်နိုင်ငံစီးပွားရေး ပြောင်းလဲမှုနှင့်

ဒုတိယအဆင့်ရောက်မှု

တရုတ်နိုင်ငံသည် စတင်တည်ထောင်သည့် ၁၉၄၉ ခုနှစ်ကတည်းကစ၍ ၁၉၇၈ နောက်ပိုင်းကာလ အထိ တစ်ချိန်က ဆိုဗီယက်နိုင်ငံ၏ စီးပွားရေးပုံသဏ္ဌာန်ဖြစ်သည့် ဗဟိုမှချုပ်ကိုင်သော စီးပွားရေး မူဝါဒနှင့် အညီ လျှောက်လှမ်းခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥက္ကဌကြီးမော်စီတုန်း ကွယ်လွန်ပြီးနောက် ယဉ်ကျေးမှုတော်လှန်ရေးကြီးကလည်း အလိုအလျောက် ရပ်တန့်သွားသည်။

ထိုအချိန်၌ တရုတ်နိုင်ငံ၏ ရှေးတစ်ချိန်ကတည်းက ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ တိန်ရှောက်ပင် (Deng Xiaopung) ဆိုသည့် နိုင်ငံခေါင်းဆောင်သစ်သည် နိုင်ငံစီးပွားရေးပုံသဏ္ဌာန်ကို တစ်ပါတီစနစ် ဘောင်ထဲမှာပင် ပြောင်းလဲပစ်ခဲ့သည်။

စုပေါင်း စိုက်ပျိုးရေးစနစ် ပုံသဏ္ဌာန်ကိုဖျက်ပစ်ပြီး လယ်လုပ်သူ လယ်ယာပိုင်လုပ်ပိုင်ခွင့်ရှိသော လယ်ယာစိုက်ပျိုးရေးစနစ်သို့ ပြောင်းခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာနှင့် ကုန်သွယ်မှုကို အဓိက ဦးစားပေးလုပ်ငန်းအဖြစ် ဦးတည်ခဲ့သည်။

အထူးစီးပွားရေးဇုန် (Special Economic Zone) များကိုလည်း ဖန်တီးပေးခဲ့သည်။

အရည်အသွေးမမီသောနိုင်ငံ ပိုင်လုပ်ငန်းများ (State Woned Enterpeises (SOEs) များကို ပြန် လည်ပြုပြင်တည်ဆောက်ပြီး အမြတ်အစွန်းမရှိသည့်လုပ်ငန်းများကို ဖျက်သိမ်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုလုပ်ငန်းများအားလုံး အရှုံးများစွာပေါ်နေ၍ဖြစ်သည်။

ယနေ့ ခေတ်သစ်တရုတ်နိုင်ငံ ၏ အဓိကအားထားသည့် စီးပွားရေးမူမှာ ဈေးကွက်ပုံသဏ္ဌာန် ဆောင်သော ဈေးကွက်စီးပွားရေးအခြေခံသည့် ပုဂ္ဂလိကပိုင်ဆိုင်သည့် စီးပွားရေးပုံသဏ္ဌာန်ဖြစ်လာသည်။ ထိုသို့သော ပုံသဏ္ဌာန်ကို အချို့သောတင်းသုတေသီများက သုံးသပ် သည့်အခါ နိုင်ငံအရင်းရှင်စနစ်ပုံစံ (State Capitalism) ဖြင့် ကြီးထွားလာပြီဟုဆိုကြသည်။

ထိုအခါ တရုတ်နိုင်ငံ၏ စီးပွားရေးကို ဒေါက်တိုင်အဖြစ် ထောက်ပံ့ခဲ့သည့်အရာမှာ ဈေးကွက်အခြေပြု သည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများဖြစ်သည်။ သို့သော် နိုင်ငံအနေနှင့် မဟာဗျူဟာကျသော စီးပွားရေး ဒေါက်တိုင်မှာ နိုင်ငံပိုင် စွမ်းအင်ထုတ်လုပ်မှုနှင့် အကြီးစားစက်မှုလုပ်ငန်းများဖြစ်၏။ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများ ကြီးထွားလာသည်မှာလည်း အံ့ဖွယ်ဖြစ်ခဲ့၏။ ၂ဝဝ၈ ခုနှစ်၌ ပုဂ္ဂလိကလုပ်ငန်း သန်း ၃ဝ အထိ ရှိလာခဲ့သည်။

တရုတ်နိုင်ငံက စီးပွားရေး ဖြေလျှော့ပေးခဲ့သည်မှာ ၁၉၇၈ ခုနှစ်မှ အစပြုသော်လည်း နိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးမှုသည် အမြန်ဆန်ဆုံး ဖြစ်ခဲ့သည်။ အဓိကအချက်မှာ ရင်းနှီးမြှုပ်နှံမှုများခြင်းနှင့် ကုန်တင်ပို့မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း အဆမတန် ဖွံ့ဖြိုးလာခြင်းကြောင့်ဖြစ်၏။

IMF အဖွဲ့ကြီး၏ နှစ်စဉ် နိုင်ငံများ ဖွံ့ဖြိုးမှုအပေါ် သုံးသပ်မှု အစီရင်ခံစာ၌ ၂ဝဝ၁ မှ ၂ဝ၁ဝ ခုနှစ် အထိ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုသည် ၁ဝ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂ဝဝ၇ နှင့် ၂ဝ၁၁ ကာလ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ဖွံ့ဖြိုးမှုအများဆုံး G7  နိုင်ငံများအားလုံးပေါင်းနှင့်ပင် တန်းတူဖြစ်သွားသည်ဟု ဆိုထားသည်။ ကမ္ဘာတစ်ခု လုံးဖွံ့ဖြိုးမှုလုပ်ငန်းများ Global Growth Generators GGG ၏ အိန္ဒိယမှ ထုတ်ပြန်ချက်ကို Citigroup က ၂ဝ၁၂ ဖေဖော်ဝါရီလ၌ထုတ် ပြန်ရာတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအဆင့်မှာ အမြင့်ဆုံးဖြစ်သည့် 3G အဆင့်ဖြစ်သည်ဟု သတ်မှတ်ခဲ့ သည်။ ထိုသို့ သတ်မှတ်ခြင်းမှာ ကုန်ထုတ်လုပ်မှု အမြင့်ဆုံးရှိခြင်း၊ အနိမ့် ဆုံး လုပ်သားခနည်းခြင်းနှင့် ယှဉ်တွဲဖော်ပြရန် ကမ္ဘာပေါ်၌ အကောင်းမွန်ဆုံး စီးပွားရေး အဆောက်အအုံများရှိခြင်းတို့ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ကုန်ထုတ်လုပ်ငန်း၌ ဦးဆောင်သူဟုပင် ခေါ်နိုင်သည်ဟု မှတ်တမ်းပြုစုပေးခဲ့၏။

ထို့ပြင် ၂ဝ၁ဝ ခုနှစ်၌ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စွမ်းအင်သုံးစွဲသူများရှိရာ အကြီးမားဆုံးသော ဒေသဟု သတ်မှတ်ခဲ့သည်။ ထိုပမာဏသည် ကမ္ဘာပေါ်တွင် စွမ်းအင်အများဆုံးသုံးသည့် အမေရိကန် နိုင်ငံကိုပင် ကျော်တက်သွားသည်။

တစ်ချိန်တစ်ခါက တရုတ်နိုင်ငံအပေါ် စောင့်ကြည့်လေ့လာခဲ့သူများက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှု၊ စီးပွားရေး ခိုင်မာမှုများကို အားကျခဲ့ကြသည်။

 

တရုတ်နယ်နိမိတ်ပြင်ပထိ ခြေဆန့်လာသည့် နည်းပညာကုမ္ပဏီများ

တရုတ်နိုင်ငံမှ နည်းပညာကုမ္ပဏီများသည် အရှေ့တောင်အာရှတစ်ခွင်၌ စစ်ပွဲတစ်ပွဲခင်းကျင်း နေသည့်အလား အလုံးအရင်းနှင့် စီစဉ်နေကြသည်ဟုဆို၏။

တရုတ်နိုင်ငံ၏ ဒီဒီချူကျင်း၊ Didi Ghuuing နှင့် ဂျပန်နိုင်ငံမှ ဆော့ဘဏ်အုပ်စု Soft Bank Group တို့သည် အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဘီလီယံထိ စံချိန်တင် တိုးတက်ခဲ့သည်ဟု  အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်သော Grab မှတ်တမ်းတွင်ဖော်ပြခဲ့သည်။ တရုတ်နည်းပညာကုမ္ပဏီ တစ်ခုအနေနှင့် အရှေ့တောင် အာရှ ဒေသ၌ ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံလိုက် ခြင်းသည် တရုတ်နိုင်ငံ၏ ပြင်ပသို့ဈေးကွက်ချဲ့ထွင်လိုက်သည့် အခိုင်မာဆုံး အမာခံလုပ်ငန်းလည်း ဖြစ်လာ သည်။

တရုတ်နိုင်ငံ၏ နည်းပညာလုပ်ငန်းများသည်  ၂ဝ၁၅ ခုနှစ်နောက်ပိုင်းမှစ၍ အရှေ့တောင်အာရှတစ်ခွင်၌ စတင်ခြေချခဲ့သည်ဟုဆိုရမည်ဖြစ်သည်။

တရုတ်တို့၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၇ ဘီလီယံဖြစ်သည်ဟု လည်း နယူးယောက်အခြေစိုက် CB  သုံးသပ်လေ့လာမှု အစီရင်ခံစာများက ဖော်ပြခဲ့ကြသည်။

ကမ္ဘာတစ်လွှား နည်းပညာရင်းနှီးမြှုပ်နှံမှုများတွင် ဦးဆောင်နေသည့် တရုတ်နိုင်ငံ Alibaba Group Holding မှ ဥက္ကဋ္ဌ Jack Ma Yun  ကလည်း သူတို့၏ အွန်လိုင်းဈေးကွက်ကို  ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာတစ်လွှား သုံးစွဲသူအနည်းဆုံး နှစ်ဘီလီယံရှိရမည်ဟု သန္နိဋ္ဌာန်ချထား၊ ယုံကြည်ထားသည်ဟု ဆို၏။

ဂျပန်နှင့် တရုတ်တို့သာမက Amazon လုပ်ငန်းသည်လည်း စင်ကာပူအခြေစိုက်ရာမှတစ်ဆင့် အ ရှေ့တောင်အာရှဒေသသို့ ယခုနှစ်အတွင်း ဝင်ရောက်လာပြီဟု သတင်းများ၌ ဖော်ပြခဲ့ကြသည်။

Alibaba အဖွဲ့၏ ထပ်မံထုတ်ပြန်ချက်၌ အရှေ့တောင်အာရှဒေသတစ်ခုသို့ Online လက်လီ အရောင်း ဆိုင် Lazada Group မှတစ်ဆင့် ဇွန်လအတွင်း ၈၃ ရာခိုင်နှုန်း ဝင်ရောက်လာပြီဖြစ်သည်ဟု ဆိုထားသည်။ ဝင်ရောက်ထိုးဖောက်ပုံမှာ ဒေသတွင်း သူ့မဟာမိတ်များဖြင့် အွန်လိုင်းငွေ ကြေးဝန်ဆောင်မှု Fintech  နယ်ပယ်တွင် ထိုင်းနိုင်ငံ၏ အွန်လိုင်းငွေကြေးသုံးစွဲသူ ဈေးကွက်မှတစ်ဆင့်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ Myny အဖွဲ့မှတစ်ဆင့်၊ စင်ကာပူနိုင်ငံ M-Daq မှ တစ်ဆင့်လည်းကောင်း Ant Financial မှ စင်ကာပူဒေါ်လာ ဘီလီယံ ၆ဝ အထိ ဝင်လာခဲ့သည်။ ထိုသို့ဝင်ရောက်ခဲ့မှုများသည်  Alibaba  ကုမ္ပဏီအုပ်စု၏ အွန်လိုင်းငွေကြေး ဝန်ဆောင်မှု များဖြင့် ဝင်ခဲ့ကြသည်ဟု ဆိုသည်။

Wechat နှင့် ဝဘ်ဆိုက်ဝန်ဆောင်မှုလုပ်ငန်း QQ.com တို့၏ Mobile messenger ဖြစ်သော တရုတ်နိုင်ငံ Shenzhen အခြေစိုက် Tencent Holdings က ထုတ်ပြန်ချက်အရ ယခုနှစ်မေလက  အင်ဒိုနီးရှားနိုင်ငံ Go.Jet လုပ်ငန်းမှတစ်ဆင့် လှည့်ပတ်ဝင်လာသည့် ငွေကြေးပမာဏမှာ စင်ကာပူဒေါ်လာသန်း ၁ဝဝ အနည်းဆုံးရှိသည်ဟုဆိုသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ ပညာသင်ကြားရေးကုမ္ပဏီတစ်ခုဖြစ်သော ABC36  လုပ်ငန်းသာမက ထိုင်းနိုင်ငံ Ookabee U နှင့် Sanook လုပ်ငန်းများမှတစ်ဆင့်လည်း ၄င်းနိုင်ငံများ၏ အွန်လိုင်းနည်းပညာ ဈေးကွက်သို့ စတင်ခြေချခဲ့ပြီဖြစ်၏။

အထက်ပါကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများ၏ လစ်လပ်နေသော အွန်လိုင်းဈေးကွက်မှန်သမျှကို အမိအရ ချည်နှောင်ပြီး အပိုင်ဖမ်းကာ အခြေခံအဆောက်အအုံ ဟန်ပြတည်ဆောက်ခြင်းဖြင့် ဈေးကွက် လက်ဝါးကြီးအုပ်နိုင်ရန် မြေစမ်းခရမ်းပျိုးရင်း ဈေးကွက်စတင် ခြေချခဲ့ကြသည်။

တရုတ်နည်းပညာကုမ္ပဏီတို့သည် လစ်လပ်ဈေးကွက်မှန်သမျှကို ဖြည့်တင်းလုပ်ဆောင်ရန်  ရှန်ဟိုင်း အခြေ စိုက်အော်ပရေတာများနှင့်အတူ စင်ကာပူမှ  JustCo နှင့် ပူးပေါင်း၍ ဇူလိုင်လအတွင်းက စီစဉ်လုပ်ဆောင်ခဲ့ကြသည်။ အရှေ့တောင်အာရှတစ်ခွင်တွင် ထပ်တိုးဈေးကွက်နေရာ ကိုးခုကို ယခုနှစ်ကုန်၌အပြီး ဝင်ရောက်နေရာယူတော့မည့် အစီအစဉ်လည်းဖြစ်သည်။ အင်ဒိုနီးရှာနိုင်ငံ ဂျကာတာ၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ၊ ဖိလစ်ပိုင်နိုင်ငံ မနီလာနှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်း စသည့် မြို့များ၌ နေရာရယူကြတော့မည်ဖြစ်သည်။

ထိုသို့ ပူးပေါင်းဆောင်ရွက် ဈေးကွက်ချဲ့ထွင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ယင်းနိုင်ငံများမှ ဒေသခံ သတင်းမီဒီယာများက တစ်ဆင့်ဖော်ပြကြရန် စီစဉ်ထားကြသည်။ မကြာလှသောကာလ၌ တစ်ခုပြီးတစ်ခု၊ တွဲယှက်ဖြစ်ပေါ်မှုကြီးကို ဘဏ္ဍာရေး ဝင်ရောက်မှုပုံစံဖြင့် သြဂုတ်လ စော စောပိုင်းမှစ၍ တွေ့ကြရမည်။ စတင်သည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ဖြင့် နည်းပညာလုပ်ငန်းများကို အဓိက ရင်းနှီးမြှုပ်နှံကြမည်။ ရင်းနှီးမြှုပ်နှံမည့်ဘဏ်မှာလည်း China Renaissance ဟူသည့် တရုတ်ရင်းနှီးမြှုပ်နှံမည့် ဘဏ်ဖြစ်ပါ၏။

Nikkei Asiam Review သတင်းဌာနသို့ CB Insights (Jank Mc အဖွဲ့) မှ အကြီးတန်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူ မက်သယူးဝမ် (Matthew Wong) ကပြောရာ၌-

''အမှန်မှာတော့ တရုတ်နိုင်ငံရဲ့ Internet နယ်မှာ ဦးဆောင်နေတဲ့ ဘီလူးသဘက်လို ကုမ္ပဏီကြီးတွေကနေ ဘာမှမတို့မထိရသေးတဲ့ အဲဒီအရှေ့တောင်အာရှနယ်မြေကို ဒီ အတိုင်းလွှတ်ထားလို့ မဖြစ်တော့ဘူး၊ သူတို့ဝင်ပြီး နေရာယူထားမှဖြစ်မယ်။ လက်ဦးမှုရယူပြီး အပိုင်သိမ်းထားဖို့ လိုအပ်ပြီဆိုတာသိလို့ ဒီလိုဈေးကွက် ထိုးဖောက်မှုတွေလုပ်လာကြတာပဲဖြစ် မယ်''ဟု သုံးသပ်ပြောဆိုပါသည်။

မက်သယူးဝမ်၏ အဆိုပါ သုံးသပ်ဖော်ပြချက်အရ တရုတ်နိုင်ငံ၏ တတိယအကြီးစား Mobile လုပ်ငန်း တစ်ခုဖြစ်သော Tencents လုပ်ငန်းက  We Chat ကို တာဝန်ယူမှာဖြစ်ပြီး ယင်း Tencents လုပ်ငန်းသည် တရုတ်နိုင်ငံ၌ တယ်လီဖုန်းသုံးစွဲမှု၌ တတိယအင်အားအကြီးဆုံးလုပ်ငန်း တစ်ခုဖြစ်ကြောင်းလည်းသိရသည်။

တရုတ်နိုင်ငံ၏ ဖြားယောင်းသွေးဆောင်မှု  ဒေသခံလုပ်ငန်းရှင်များ အံ့အားသင့်

တရုတ်နိုင်ငံ၏နည်းပညာ ကျောထောက်နောက်ခံပြု လုပ်ငန်းရှင်များ၏ ကြွယ်ဝသော ဓနဥစ္စာများ ကြောင့် ဒေသခံလုပ်ငန်းရှင်များအကြား၌ သူတို့၏ ဦးတည်ချက် စီမံကိန်းများအပေါ် စတင်ရန်ပင် စိတ်ပျက် အားလျော့ ဖြစ်ခဲ့ကြရသည်။ အဘယ်ကြောင့်ဆိုသော် ဒေသခံတို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏ သည် ဒေသတစ်ခုလုံးနှင့်ယှဉ်လျှင် အလွန်သေးငယ်လွန်း၍ဖြစ်၏။

''လွန်ခဲ့တဲ့ တစ်နှစ်နှစ်နှစ် လောက်တုန်းက ဒီတရုတ်လုပ်ငန်းရှင်တွေအပေါ် ကြင်နာသနားမိခဲ့ပါ တယ်။ သူတို့ဟာ တရုတ်နိုင်ငံတွင်းမှာ လုပ်ငန်းတွေ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ပေမယ့် ဝေဖန်လည်း ခံခဲ့ရတယ်လေ''ဟု စင်ကာပူအခြေစိုက် Founding Societies ကို တည်ထောင်သူ၊ ကယ်ဗင်တာအို (Kelvin Teo) က သတင်းသမားကို ပြောပြသည်။

ယင်းလုပ်ငန်းသည် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများ၌ စတုတ္တ မြောက်ဈေးကွက်အဖြစ် ဝင်ရောက်ခဲ့သည်။ ယခုအခါ၌ သူတို့က Online ရောင်းဝယ်ရေးလုပ်ငန်း၌ အကြီးမားဆုံး လုပ်ငန်းစုအနေနှင့် စီးပွားရေးလုပ်ကိုင်နိုင်ရန် ငွေချေးလုပ်ငန်း စီမံကိန်းတစ်ခုကို အရှေ့တောင်အာရှ တွင် ခြေကုပ်ယူနေပြီဟုဆိုသည်။ သူတို့ချေးမည့်ငွေကလည်း စင်ကာပူဒေါ်လာသန်း ၇ဝ ကျော် ဖြစ်သည်ဟုဆို၏။ 

တာအိုက ဆက်ပြောသည်မှာ ''ကျုပ်တို့လည်း တရုတ်ပြည်ကို သွားကြရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် လိုက် မိတ်ဆက်ပြီး ကျုပ်တို့ဘာလုပ်မယ်ဆို တာပြောပြီး အစုဝင်တွေဖိတ်ခေါ်၊ တရုတ်နိုင်ငံအတွက် ကျုပ်တို့လုပ်မယ့် လုပ်ငန်းတွေမှာ အစုစပ်တွေရှာ ပြီးလုပ်ကြတာပေါ့။ ဒါနဲ့ပဲ တရုတ် မိတ်ဆွေ အစုစပ်တွေလည်း ရလာကြမယ်။  နည်းပညာအတွက် တရုတ်နိုင်ငံသား အစုရှယ်ယာတွေရှာဖွေပြီး တိုးချဲ့ဆောင်ရွက်ရင်း နိုင်ငံတကာအထိ လုပ်ငန်းချဲ့ထွင်နိုင်ရေးက အဓိကဖြစ်တယ်'' ဟုပြောသည်။ သူပြောသည့်စကား၌ ဈေးကွက်ထဲ ရှေးဦးစွာဝင်ရေးက အဓိက ဖြစ်၏။

ပြီးခဲ့သည့်နှစ်က ထိုလုပ်ငန်းကုမ္ပဏီသည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ သန်းအထိ တိုးပွားလာ သည်။ အဓိကမှာ ဘဏ္ဍာရေးလုပ်ငန်းနှင့် နောက်ထပ်ပစ်မှတ်ထားသည့် လုပ်ငန်းကမူ နောက်နှစ်၌ ငွေချေး လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရေးဖြစ်သည်။ လာမည့်နှစ်၌လည်း ငွေကြေးချေးယူထပ်မံချေးငှားမည့် တရုတ်နိုင်ငံသား မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များ၊ ဘဏ်တည်ထောင်လိုသူ၊ ငွေကြေး အမြောက်အမြားနှင့် လုပ်ငန်းလုပ်လိုသူများ ရရှိစေရန်မျှော်မှန်းကြောင်းနှင့် ထိုသို့ရရှိအောင်လည်း ဆောင်ရွက်ကြရမည်ဟုဆိုသည်။

တာအို၏ ပြောစကားများသည် တရုတ်နိုင်ငံမှ နည်းပညာလုပ်ငန်းရှင်ကြီးများ အရှေ့တောင်အာရှသို့ ရောက်ပြီး လုပ်ငန်းများတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်၏။

 

စိန်ခေါ်မှုများ

စင်္ကာပူနိုင်ငံရှိ မတ်ကင်ဆီ Me Kinsey ဘဏ်လုပ်ငန်းသာမက အာရှနှင့်ပစိဖိတ်တွင်း၌ ဘဏ်လုပ် ငန်းလုပ်နေသူ ဗီနာယအိတ်ဗွန် Vinayak H.V က ''အရှေ့တောင် အာရှဒေသမှာ နည်းပညာလုပ်ငန်း တွေအနေနဲ့ တိုးချဲ့ဆောင်ရွက်တဲ့သူ တရုတ်နည်းပညာလုပ်ငန်းရှင်တွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြရလိမ့်မယ်။ သူတို့မှာ ရှိပြီးဖြစ်တဲ့ အတတ်ပညာ၊ နည်းပညာပိုင်ဆိုင်မှုတွေကို ခွဲဝေမျှဝေရတော့မယ်။ ဒါမှမဟုတ် အစုစပ်ပုံစံအဖြစ် ပြောင်းပေးရတော့မယ်။ ဒါမှမဟုတ်ရင် လုပ်ငန်းဖွံ့ဖြိုးလာဖို့ တိုးတက်လာဖို့ဆိုတာက ခက်ခဲမယ်။ ဒါတွေ အားလုံးကို အဲဒီဒေသမှာ သုံးဖို့ ပိုင်ဆိုင်ခွင့်ပေးရတော့မယ်။ အဲဒီနည်းတွေကို မကျင့်သုံးဘူး ဆိုရင်တော့ တရုတ်လုပ်ငန်းရှင်တွေဟာ လုပ်ငန်းအပြည့်အဝ လည်ပတ်နိုင်ဖို့ အခက်အခဲတွေလည်းကြုံကြရလိမ့်မယ်''ဟု ပြောပြသည်။

အဆိုပါအချက်များကို  တရုတ်ရင်းနှီးမြှုပ်နှံသူများက မကျင့်သုံးဘူးဆိုပါက အိမ်ရှင်နိုင်ငံများတွင် ပြဋ္ဌာန်းထားသော ရင်းနှီးမြှုပ်နှံမှု ဥပဒေများအောက်တွင် ထပ်မံဖြည့်စွက်လာနိုင်မည့် ဥပဒေတင်းကျပ်မှုများအကြား  တရုတ်နိုင်ငံပြင်ပ ရင်းနှီးမြှုပ်နှံသူတို့ အခက်အခဲ ဖြစ်သွားနိုင်သည်။

အာရှတိုက်၌ ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းလိုသည့် Samson Lo  နှင့် ပိုင်ဆိုင်မှုထိန်းချုပ်ထားသည့် UBS ရင်းနှီးမြှုပ်နှံမှုဘဏ်က အကြံပေးရာတွင် တိုင်းတပါး၌ သွားရောက်ရင်းနှီးလုပ်ကိုင်မည့်သူ တရုတ်ကုမ္ပဏီလုပ်ငန်းရှင်များ အနေနှင့် လုပ်ရိုးလုပ်စဉ်နှင့်မတူသည့် သီးသန့်လုပ်ငန်းပုံစံများ ချမှတ်ထားသင့်သည်ဟုဆိုသည်။ ပုံမှန်အားဖြင့် ယင်းကဲ့သို့ အပြောင်းအလဲကာလတွင် တရုတ်ကုမ္ပဏီများသည် မိမိတို့ ပစ်မှတ်ထား ပူးပေါင်းမည့်ကုမ္ပဏီများ၏ အနာဂတ်ရှယ်ယာများအ တွက် ရင်းနှီးမြှုပ်နှံမှုပမာဏကို မြင့်မားနေအောင်  မြှင့်တင်သတ်မှတ်ရမည်။ သီးခြားလုပ်ငန်းပုံစံအတွက် ဖြည့်တင်းရမည့် ရင်းနှီးမြှုပ်နှံမှု ထပ်ဆောင်းပမာဏကို ဒေါ်လာသန်း ၁ဝဝ နှင့် ၂ဝဝ ကြား အနည်းဆုံးထားပြီး သတ်မှတ်သင့်သည်ဟု Samson Lo  က အကြံပြုထားသည်။

ထိုနည်းများအတိုင်း တရုတ် ရင်းနှီးမြှုပ်နှံသူများ ကျင့်သုံးပါက ဈေး ကွက်အောင်မြင်နိုင်မည်ဖြစ်သကဲ့သို့ အရှေ့တောင်အာရှ နည်းပညာ ဈေးကွက်အတွင်းတွင်လည်း နည်းပညာ ရင်းနှီးမြှုပ်နှံသူများနှင့် ကျပ်ခဲလာတော့မည်ဖြစ်သည်။

စင်္ကာပူမှလုပ်ငန်းရှင် ကယ်ဗင် Kelvin Teio ပြောသည့် စကားတစ်ခွန်းက တွေးတောဖွယ်ရာ ဖြစ်ပါ၏။

''ခင်ဗျားတို့ အနေနဲ့ ဈေးကွက်မှာ လူတွေကျပ်ခဲနေတာကို ကြိုက်မှာမဟုတ်ပေမယ့် ကျုပ်အတွက်ကတော့ ဒီအခြေအနေဟာ ကောင်းတယ်လို့ မြင်ပါတယ်''

(Jocey Ho, Nikkei Staff writer  ရေးသားသော  Chines tech companies take the led in battle for surtheos Awa ကို မှီငြမ်း တင ပြရေးဖြစ်ပါသည်။

စိုးမင်းဦး

စိုးမင်းဦး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.