24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ပြုံးယမ်းဒုံး လေလုံးထွားခြင်းလော

''အမေရိကန်ကို ပြာပုံဖြစ်အောင် လုပ်ပစ်မယ်''

''အမေရိကန် အင်ပါယာ ပျက်သုဉ်းသွားမယ်''

''ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားမယ်''

ထိုသို့သော စကားလုံးမျိုးဖြင့် အမေရိကန်ကို ပြောလာပြီဆိုလျှင် မြောက်ကိုရီးယားသာ ဖြစ်ရမည်ဟု ရှင်းပြရန်လိုမည်မထင်ပေ။

အချို့စကားများကို မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန် ကိုယ်တိုင်ထံမှ ကြားရတတ်ပြီး အချို့မှာမူ နိုင်ငံပိုင်သတင်းဌာနနှင့် ခေါင်းဆောင်ကင်ဂျုံအန်၏ အာဘော်များ တိုက်ရိုက်ဖော်ပြ လေ့ရှိသော သတင်းစာမှ ရေးသားဖော်ပြချက်များ ဖြစ်နေတတ်သည်။

 ဇူလိုင်လ ၄ ရက်တွင် မြောက်ကိုရီးယားက အမေရိကန်နိုင်ငံမှဟာဝိုင်အီနှင့် အလာစကာ ပြည်နယ်သာမက ပစိဖိတ်ကမ်းခြေ အနောက်မြောက်ပိုင်းရှိ ပြည်နယ်များအထိ ရောက်ရှိနိုင်သည်ဟု ယူဆရသော တိုက်ချင်းပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည့်အခါ  ကင်ဂျုံအန်အတွက် အလွန်နှစ်ထောင်းအားရဖွယ် ရလဒ်ဖြစ်လာခဲ့ပြီ။ ဒုံးကျည်စမ်းသပ်မှုများနှင့်ပတ်သက်၍ အစဉ် လေလုံးထွားလေ့ရှိသော မြောက်ကိုရီးယားခေါင်းဆောင်က ထိုနေ့က စမ်းသပ်မှုသည် အမေရိကန်တို့အတွက် လွတ်လပ်ရေးနေ့လက်ဆောင်ဟု ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကြေညာခဲ့သည်အထိ ဝမ်းမြောက်နေခဲ့၏။

 မြောက်ကိုရီးယားသည် အိုဘားမားလက်ထက်ကတည်းက အမေရိကန်အပေါ် ရာဇသံများ အကြိမ်ကြိမ်ညံစေခဲ့သလို အမေရိကန်နှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအများစု၏ အရေးယူ ပိတ်ဆို့မှုဒဏ်ကိုလည်း အကြိမ်ကြိမ်ခံခဲ့ရသည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မရပ်ဆိုင်းမီကတည်းက နျူပိုင်ဆိုင်နိုင်ရေးအပေါ် တစ်ကိုယ်တည်း လုံးထွေးစိုင်းပြင်းနေခဲ့သည်။ ဒုံးကျည်အမျိုးမျိုးစမ်းသပ် ပစ်လွှတ်နိုင်ရေးအတွက်လည်း အစဉ်ကြိုးပမ်းနေခဲ့သည်။

သို့သော် ကနဦးကာလများတွင် လွှတ်တင်သမျှဒုံးကျည်များ လေထဲတွင်ပေါက်ကွဲခြင်းဖြင့်သာ အဆုံးသတ် လေ့ရှိ၍ ကမ္ဘာသိလှောင်ပြောင်မှုများခံခဲ့ရသည်။ ဒုံးကျည်စမ်းသပ်မှု ကြီးကြီးမားမား တစ်စုံတရာ ပြုလုပ်မည်ကြံသည့် အချိန်တိုင်း ကမ္ဘာကိုကိုင်လှုပ်တော့မယောင် ကြွေးကြော်ပြီးမှ ရက်ရွှေ့ဆိုင်းခြင်းဖြင့် အဖျားရှူးသွားတတ်သည်ကလည်း  နိုင်ငံတကာမှ ခနဲ့စရာ ဖြစ်ခဲ့ရသည်။

သို့သော် ၂ဝ၁၇ ခုနှစ်သည် ပြုံယမ်းအပေါ် ခပ်ပေါ့ပေါ့သဘောထားရန် မဟုတ်တော့ဟု အခိုင်အမာ ရင်ကော့ပြနိုင်သောကာလသို့ ရောက်လာခဲ့လေပြီ။ တိုက်ချင်းပစ်ဒုံး အောင်မြင်စွာ စမ်းသပ်နိုင်ခြင်းက နိုင်ငံတော်အခမ်းအနားကျင်းပကာ အောင်ပွဲခံနိုင်သည့် အဆင့်သို့ ရောက်လာခဲ့၏။

ထိုစမ်းသပ်မှုသည် ယခင်ကပြုလုပ်ခဲ့သော စမ်းသပ်မှုများနည်းတူ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အရေးယူပိတ်ဆို့မှုများကို ပြောင်ပြောင်တင်းတင်း ထပ်မံဖီဆန်ပြ လိုက်ခြင်းလည်း ဖြစ်သည်။

 ထို့အတွက် ဇူလိုင် ၅ ရက်တွင် နိုင်ငံ ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီက တံခါးပိတ် အစည်းအဝေးတစ် ရပ် ကျင်းပခဲ့ရသည်။

 

အမေရိကန်

အမေရိကန်သည် မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံး စမ်းသပ်လိုက်သည်နှင့် နောင်တွင် ဖြစ်လာမည့် ခြိမ်းခြောက်မှုများကိုကာကွယ်ရန်အတွက် စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ပြင်ဆင်ထားကြောင်း ချက်ချင်းဖွင့်ဟခဲ့သည်။ အရှေ့အာရှတွင်ရှိ နေသော အတန်အသင့်ကြီးမားသည့် အမေရိကန်၏ စစ်အင်အားသည်လည်း အဆင်သင့်အနေအထားတွင် ရှိနေသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက အရေးပေါ်အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားသည်။

ထို့နောက် အမေရိကန်သည် ရက်ပိုင်းအတွင်း THAAD ဒုံးခွင်းစနစ်ကို ပစိဖိတ်သမုဒ္ဒရာ ဝေဟင် ထက်တွင် အောင်မြင်စွာ စမ်းသပ်ပြလိုက်၏။ တာလတ်ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ကာ ထိုဒုံးကျည်ကို THAAD ဒုံးခွင်းစနစ်မှ အောင်မြင်စွာ ကြားဖြတ်ပစ်ချလိုက်ခြင်းဖြစ်သည်။ အမေရိကန်က ယင်းဒုံးခွင်းစနစ်ကြောင့် အမေရိကန်သည် မြောက်ကိုရီးယား သာမက အခြား သော ပြည်ပရန်များမှ ပိုမိုကာကွယ်သွားနိုင်သွားပြီဟု ပြုံယမ်းမှ ကြားအောင်ဟန့်ခဲ့သည်။ ပူပူနွေးနွေး အောင်ပွဲကြီးခံထားသော မြောက်ကိုရီးယားကလည်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသာ နျူစီမံ ကိန်းကို အင်အားသုံးကာ ဟန့်တားလာခဲ့လျှင် အမေရိကန်ကို ပြာပုံဖြစ်အောင် လုပ်ပစ်မည်ဟု မဆိုင်းမတွ ပြန်လည်ခြိမ်းခြောက်လိုက်လေ၏။ စစ်ရေးအရ ကြားဝင်စွက်ဖက်လာပါက မိမိသေတွင်း မိမိတူးသလို ဖြစ်သွားမည်ဟု မြောက်ကိုရီးယား အစိုးရအာဘော်များ ဖော်ပြနေသည့် သတင်းစာတွင် အတိအလင်း ရေးသားထားလေသည်။

အမေရိကန်ကလည်း ယခင်က ထက် ပြောအားပိုကောင်းလာသော ပြုံယမ်းကို ချော့တစ်လှည့် ခြောက် တစ်လှည့်ဖြင့် ကိုင်တွယ်ရန် နည်း လမ်းစုံ သုံးလာရသည်။

ဇူလိုင်လလယ်တွင် အမေရိကန် စီအိုင်အေထောက်လှမ်းရေး ဌာနအကြီးအကဲ မိုက်ခ်ပွမ်ပီယိုက မြောက်ကိုရီးယား၏ ကြီးထွားလသော နျူလက်နက်ပိုင်ဆိုင်မှုကိုမှ ကင်ဂျုံအန်အား ခွဲထုတ်ရန် နည်းလမ်းရှာ အရေးယူနိုင်ဖွယ် ရှိသည်ဟု မြောက်ကိုရီးယား နိုင်ငံသားများကြား အောင် နှပ်ကြောင်းပေးကြည့်ခဲ့သည်။ သူက မြောက်ကိုရီးယားကို ကင် မိသားစုက အစဉ်အဆက် အုပ်ချုပ် နေခြင်းမှ ဖယ်ရှားနိုင်သည့် ဗျူဟာမျိုးဖြင့် ချဉ်းကပ်သင့်ကြောင်းနှင့် မြောက်ကိုရီးယား ပြည်သူများ အနေဖြင့်လည်း ကင်ကို ရာထူးမှဖယ်ရှားနိုင်ရန် လိုလားကြမည်ဟု ယုံကြည်ကြောင်း သွေးတိုးစမ်းလိုက်သည်။ သို့သော် အခြေမလှလိုက်ပေ။

ဇူလိုင်၂၅ရက်တွင် မြောက်ကိုရီးယား အစိုးရပိုင် KCNA က တုံ့ပြန်ပုံက သင်းလှသည်။ ''အမေရိကန်က ကျွန်ုပ်တို့၏ခေါင်းဆောင်ကို ဖယ်ရှားဖို့လုပ်ဆောင်နေကြောင်း အရိပ်အယောင်ကလေးမျှ မြင်ရသည်နှင့် ကျွန်ုပ်တို့ဘက်မှ သနားညှာတာမှု လုံးဝမထားဘဲ အမေရိကန်ကို နျူကလီးယားနဲ့ လက်တုံ့ ပြန်မယ်'' ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦး၏စကားကို ကိုးကားကာကြေညာခဲ့သည်။ လက်စားချေရန် ဖိတ်ခေါ်သလိုဖြစ်နေမည်ဟုလည်း ပြန်လည် ခြိမ်းခြောက်ခဲ့၏။

ထိုမျှမက မြောက်ကိုရီးယား အစိုးရ၏ဖွဲ့စည်းပုံကို ပြင်ပနိုင်ငံတစ်ခုက စွက်ဖက်ပြောင်းလဲရန် ကြံစည်လာပါက နျူလက်နက်အပါအဝင်ဖြစ်နိုင်သည့် နည်းလမ်းအစုံသုံးကာ တိုက်ခိုက်ရန် လက်နှေးမည် မဟုတ်ကြောင်း တုံ့ပြန်ပြခဲ့သည်။

 အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်ကလိုအပ်လျှင် ပိုမိုပြင်းထန်သည့် နည်းလမ်းများသုံးကာ အရေးယူမည်ဟု ပြောသည်ကိုလည်း ခေါင်းဆောင်ကင်ဂျုံအန်၏ အာဘော်များ တိုက်ရိုက်နီးပါး ဖော်ပြလေ့ရှိသော ရိုဒွန်ဆင်မွန်သတင်းစာက မက်တစ်အား စစ်တိုက်ရန် အစဉ်စွဲလမ်းခုံမင်နေသူဖြစ်ကြောင်း အစချီကာ လှောင်ပြောင်ခဲ့သည်။ မြို့တော်ပြုံယမ်းကို နျူဖြင့် တိုက်ခိုက်မည်ဆိုပါက အမေရိကန်အင်ပါယာ ပျက်သုဉ်းသွားသည်အထိ လက်စားချေခံရမည်ဖြစ် ကြောင်းနှင့် စစ်ကိုလိုလားသည့် မက်တစ်ကဲ့သို့သော လူမျိုးထံမှ အမေရိကန်နှင့် မြောက်ကိုရီး ယားအကြား သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းရန်လိုလားသည်ဟု ကြားရသည်မှာ ရယ်စရာကောင်းလှသည် ဟုလည်း ထေ့ထားလိုက်သေးသည်။

 မြောက်ကိုရီးယားသို့ သွားရောက်သော အမေရိကန်နိုင်ငံသား များအနေဖြင့် ဖမ်းဆီးခံရပြီး နှစ်ရှည် ထောင်ဒဏ်ကျခံနိုင်ရဖွယ် အနေအထား အလွန်များပြားသည့်အတွက် မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ခြင်းနှင့် ထိုမှတစ်ဆင့် အခြားနိုင်ငံသို့ တစ်ဆင့်ခံ သွားရောက် ခြင်းများမပြုရန် ကန့်သတ်ချက်ထုတ်မည်ဟု ဇူလိုင် ၂၂ ရက် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ အမေရိကန်သည် မြောက်ကိုရီးယားနှင့် စစ်မက်ဖြစ်ပွားနိုင်ခြေ အမြင့်ဆုံးအချိန်တွင်  မိမိနိုင်ငံသားများ ပိတ်မမိစေရန် သမ္မတထရန့်က ကြံရွယ်သည်ဟု ယူဆနိုင်သော်လည်း မြောက်ကိုရီးယား အကျဉ်းထောင်တွင် ကာလကြာရှည်ထောင်ကျကာ ကိုးမားဖြစ်နေခဲ့ပြီး အမေရိကန်သို့ ပြန်ရောက် ချိန်တွင် ကွယ်လွန်သွားသည့် အမေရိကန်တက္ကသိုလ် ကျောင်းသား OttoWarmbier ကဲ့သို့သော အဖြစ်မျိုး မကြုံရစေရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ မြောက်ကိုရီးယားသို့ မ သွားကြရန် မေလ ၉ရက်ကတည်းက နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားခဲ့ဖူးသည်။ သို့သော်လည်း လူသားချင်းစာနာမှု အကူအညီများနှင့် မလွှဲမရှောင်သာသည့် ကိစ္စအချို့ ဖြင့် သွားရောက်မည်ဆိုပါက နိုင်ငံခြားရေးဌာနသို့ အထူးခွင့်ပြုချက် နိုင်ငံကူးလက်မှတ်လျှောက်ထားရမည်ဟုလည်း ကြေညာထား၏။

 

တောင်ကိုရီးယား

၁၉၅ဝ-၁၉၅၃ တွင် ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲသည် စစ်ဆိုင်းထားသည့် အဆင့်ဖြင့်သာ တစ်ခန်း ရပ်ခြင်းကြောင့် တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံသည် လက်ရှိအချိန်အထိ စစ်ပွဲကာလတွင်း၌သာရှိနေဆဲဟု မှတ်ယူနိုင်သေးသည့် အနေအထားရှိသည်။ ကိုရီးယားနှစ် နိုင်ငံသည် ၂ဝ၁၅ခုနှစ် ဒီဇင်ဘာကတည်းက စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများရပ်ဆိုင်းကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့သည်။ ယခုနှစ်တွင်လည်း ကင်ဂျုံအန်က တောင်ကိုရီးယားသို့ ရွှေ့ပြောင်းခိုလှုံသူများကို တားဆီးနိုင်ရန်အတွက် နယ်စပ်လုံခြုံရေးကို ပြင်းပြင်းထန်ထန် တင်း ကျပ်စေခဲ့၏။

 နိုင်ငံတကာမှ တားမြစ်ထားသည့်ကြားက ဒုံးကျည်များ အကြိမ်ကြိမ်စမ်းသပ်နေချိန်၌ တစ်ဖက်တွင်လည်း တောင်ကိုရီးယားသည် အမေရိကန်နှင့်ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှုများ မကြာခဏပြုလုပ်ခြင်းဖြင့် တတ်နိုင်သမျှ အရှိန်တန့်အောင် ဟန့်ခဲ့သော်လည်း အရာမရောက်ခဲ့ပေ။ နောက်ပိုင်းတွင် ယင်းမဟာမိတ် နှစ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများ ရပ်ဆိုင်းပေးလိုက်ချိန်တွင် တရုတ်နှင့် ရုရှားတို့ကလည်း သူတို့၏မိတ်ဆွေ ပြုံယမ်းကို လက်နက်စီမံကိန်းများ ရပ်ဆိုင်းထားရန် တိုက်တွန်းခဲ့ဖူးသည်။ မြောက်ကိုရီးယားက လက်မလျှော့ဘဲ ဇူလိုင် ၄ ရက်က တိုက်ချင်း ဒုံးပျံ စမ်းသပ်ပြသည့်အခါ အမေရိကန်နှင့် တောင်ကိုရီးယားတို့က ဂျပန်ပင်လယ်တွင် ပဲ့ထိန်းဒုံးကျည်ပစ် လွှတ်ကာ တုံ့ပြန်သတိပေးလိုက်ကြသည်။ ဇူလိုင်လ ၈ ရက်တွင် အမေရိကန်မှ B-IB Lancer ဗုံးကြဲလေယာဉ် နှစ်စင်းနှင့်အတူ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုများလည်း လုပ်ပြခဲ့သည်။

မိမိတို့၏ သည်းခံထိန်းသိမ်းမှုကြောင့်သာ စစ်ဆိုင်းထားခြင်း ဖြစ်ကြောင်းနှင့် အချိန်မရွေ့ပြောင်းလဲသွားနိုင်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား မဟာမိတ်နှစ်နိုင်ငံက ထုတ်ပြန်ပြောကြားလိုက်သေး၏။ မြောက်ကိုရီးယားအနေဖြင့် စိတ်ကူးလွဲခဲ့လျှင် အမှားကြီးမှား လိမ့်မည်ဟု လည်းကြုံးဝါးထားသည်။

 မြောက်ကိုရီးယားကမူ ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို ထိအောင်ပစ်နိုင်သည့် အင်အားအပြင်းဆုံး တိုက်ချင်းပစ်ဒုံးကျည်ကိုပိုင်ဆိုင်ထားသည့် အင်အားပြည့် နျူကလီး ယားလက်နက်ပိုင် အင်အားကြီး နိုင်ငံတစ်ခုဖြစ်လာပြီဟု  အဆက်မပြတ် ထုတ်ပြန်ကြေညာ နေခဲ့သည်။ သုံးသပ်သူများကလည်း  ဇူလိုင် ၄ ရက်က စမ်းသပ်ခဲ့သည့် ဒုံးကျည်သည် ကီလိုမီတီတာ ၇ဝဝဝ မှ ၈ဝဝဝ အထိ ပျံသန်းနိုင်သည်ဟု မှတ်ချက်ပေးထားကြသော်လည်း နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ မသေချာသေးဟုလည်း ရှုမြင်ကြသည်။  မြောက်ကိုရီးယားက လက်နက်ကြီးထိပ်ဖူး သယ်ဆောင်နိုင်သည်ဟု အခိုင်အမာဆို ထားသော်လည်း ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်ချိန်တွင် အပူဒဏ်ကိုခံနိုင်လိမ့်မည်ဟု ယုံကြည်နိုင်သော သက်သေ အထောက်အထား တစ်စုံတရာမရှိသေးဟု တောင်ကိုရီးယားက သုံးသပ်ထားသည်။

တိုက်ချင်းပစ်တွင် တပ်ဆင်နိုင်သော အလွန်သေးငယ်သည့် နျူထိပ်ဖူးကို တီထွင်နိုင်စွမ်းနှင့် ကမ္ဘာ့လေထု ထဲသို့ မပေါက်မကွဲဘဲ ပြန်ဝင်လာနိုင်စွမ်းရှိအောင် လုပ်နိုင်ရန်မှာ ၂ဝ၂ဝ ခုနှစ်မှသာ ဖြစ်နိုင်သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က ခန့်မှန်းထားခဲ့သည်။

သို့သော် ဇူလိုင် ၂၇ ရက်နေ့၌မူ မြောက်ကိုရီးယားသည် နျူထိပ်ဖူးတပ်ဆင်ပစ်လွှတ်နိုင်မည့် တိုက်ချင်း ပစ်ဒုံးကျည်ကို လာမည့်နှစ်ဆန်းပိုင်းလောက်တွင် ထုတ်လုပ်လာနိုင်တော့မည်ဟု အမေရိကန် စစ်ထောက် လှမ်းရေးမှ အရာရှိများက စီဘီအက် သတင်းဌာနသို့ ပြောကြားလိုက်သည်။

ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ၊ စစ်ပွဲကြောင့် ကွဲကွာနေသော နှစ်ဖက် မိသားစုပြန်လည် တွေ့ဆုံနိုင်ရေးနှင့် နျူအစီအစဉ်များ အဆုံးသတ်နိုင်ရန်အတွက် တောင်နှင့်မြောက် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ပြန်စတင်ရန် ဇူလိုင် ၁၇ ရက်က တောင်ကိုရီးယားဘက်က စတင်ကမ်းလှမ်းခဲ့သည်။ လုံခြုံရေးတင်းကျပ်ထားသည့် နှစ်နိုင်ငံနယ်စပ်ရှိ ဏညောကညသြာ စစ်မဲ့ဇုန်တွင် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ကနဦးကမ်းလှမ်းရသည်မှာ လွယ်ကူသည် မဟုတ်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဆွေးနွေးမှု များပြန်လည်စတင်နိုင်ရန် အလွန်အရေးကြီးကြောင်း တိုက်တွန်း ပြော ကြားခဲ့သော်လည်း မြောက်ကိုရီးယားဘက်ကမူ တုပ်တုပ်မျှ မလှုပ်ခဲ့ပေ။

တစ်ချိန်တည်းတွင် တောင်ကိုရီးယား ယွန်ပက်သတင်းဌာနက ဂျပန်ပင်လယ်အတွင်း၌ တန်ချိန် ၁၈ဝဝ ရှိ မြောက်ကိုရီးယားရေငုပ် သင်္ဘောတစ်စီးသည် ပဲ့ထိန်းဒုံးစမ်း သပ်နိုင်ရန် ကြိုတင်ပြင်ဆင်ကာ အချက်အလက်များ စုဆောင်းနေနိုင်ကြောင်းနှင့် ပြီးခဲ့သောသြဂုတ်လ အတွင်းကလည်း ရေငုပ်သင်္ဘောမှတစ်ဆင့် ပဲ့ထိန်းဒုံးစမ်းသပ် ပစ်လွှတ်အောင်မြင်ခဲ့ဖူးကြောင်း ကြေညာထားသည်။

 

တရုတ်

 မြောက်ကိုရီးယားအရေးတွင် တရုတ်သည် အခြားနိုင်ငံများနည်းတူ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်ဟု ပစ်တင်ဝေဖန်ခဲ့သော်လည်း အရေးယူ ဒဏ်ခတ်မှုများအတွက်မူ မည်သို့မှခိုင်ခိုင်မာမာပြောကြားခြင်းမရှိဘဲ နှောင့်နှေးနေ စေခြင်းသည် မဟာမိတ်ကုန်သွယ်ဖက်နိုင်ငံကို ကာကွယ်ပေးခြင်းလော မိမိနိုင်ငံ၏ စီးပွာရေးကို အဓိက ရှေ့တန်းတင်ကာ နှာစေးနေခြင်း လောဟု မေးခွန်း ထုတ်ဖွယ်ကောင်းလှသည်။

အမေရိကန်က တရုတ်အနေ ဖြင့် ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု နည်းလမ်းများအတိုင်း ထိထိရောက် ရောက် လုပ်ဆောင်ပေးရန် တွန်းအား ပေးနေချိန်လည်း ဖြစ်သည်။ တစ်ချိန်တည်းတွင် အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးကလည်း ပင်တဂွန်၏ ထောက်လှမ်းမှုများအရ မြောက်ကိုရီးယားသည် နောက်ထပ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ရန် ပြင်ဆင်နေသည့် အရိပ်အယောင်များ တွေ့နေရသည်ဟု ဇူလိုင် ၂၆ ရက် တွင် ပြောကြားလိုက် ပြန်သည်။

တရုတ်သည် မြောက်ကိုရီးယားတွင် ဖြစ်လာနိုင်သည့် အကြပ်အတည်းများအတွက် ကြိုတင်ပြင် ဆင်သည့်အနေဖြင့် နိုင်ငံနယ်စပ်တွင် ကာကွယ်ရေးအစီအစဉ်များကို ရက်ပိုင်းအတွင်း တိုးမြှင့်လိုက်သည်။ နယ်ခြားစောင့် တပ်မဟာသစ်တစ်ခုကို ထပ်မံချထားခြင်း၊ နျူကလီးယား သို့မဟုတ် ဓာတုလက်နက် တိုက်ခိုက်မှုဖြစ်လာလျှင် ကာကွယ်ရန် အရပ်သားများအတွက် မြေအောက် ကတုတ်ကျင်းများ တည်ဆောက်ခြင်းကို အစော တလျင် ပြုလုပ်လျက်ရှိသည်။

တရုတ်သည် မြောက်ကိုရီးယားအပေါ်တွင် တစ်စုံတရာအရေးယူမှု ပြုလုပ်မည်ဟု အသံထွက်လာသည့် အခါတိုင်းသူ၏ မဟာမိတ်ကို ကျောထောက်နောက်ခံ ကောင်းကောင်း ပေးထားသော်လည်း တကယ်တမ်း စစ်မက်ဖြစ်ပွားလာခဲ့လျှင် သူ၏နိုင်ငံအတွင်းသို့ လူအမြောက်အများ ဝင်ရောက်လာမည့် အရေးကိုလည်းအ စဉ် စိုးရိမ်နေခဲ့သည်။

တရုတ်သည် ရုရှားနည်းတူ အမေရိကန်ကို ဆန့်ကျင်သည့် နိုင်ငံများဘက်က အမြဲရပ်တည်ကာ လိုအပ်လျှင် သူ၏ပါဝါကို အပြည့်အဝထုတ်သုံးပြီး အကာကွယ်ပေးလေ့ရှိသော်လည်း ယခုနှစ်ပိုင်းတွင် မြောက်ကိုရီးယားအပေါ်၌မူ မလျော့မတင်း နည်းလမ်းများသုံးကာ နိုင်ငံတကာ ပိတ်ဆို့မှုများတွင် နည်းနည်းဝင်ကူလိုက် ပြန်လည်ဖြေလျော့လိုက်နှင့် ကစားကွက် ရွှေ့နေခဲ့သည်။

 မြောက်ကိုရီးယားမှ ပထမဆုံးအကြိမ် နျူကလီးယား စမ်းသပ်မှုများ စတင်ခဲ့သည့် ၂ဝဝ၆ခုနှစ် ကတည်းက နှစ်နိုင်ငံနယ်စပ်တွင် ခြံစည်းရိုးများတည်ဆောက်ခြင်း၊ လှည့်ကင်းများ တိုးချဲ့ချထားခြင်းများပြုလုပ်ကာ သူ၏ခံစစ်ကြောင်းကို အင်အားတောင့်တင်းအောင် လုပ် ဆောင်ခဲ့သည်။

 

ရုရှား

ဇူလိုင်လ ၅ ရက်တွင် ပြုလုပ်ခဲ့သော လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရုရှားက မြောက်ကိုရီးယားအပေါ် အရေးယူသည့်အခါတွင် စစ်ရေးနည်းအား မစဉ်းစားသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှား ဒုတိယသံအမတ်ကြီးက ပြောကြားခဲ့သည်။ ထိုမျှမက တောင်ကိုရီးယား တွင် အမေရိကန်မှ  ဒုံခွင်းဒုံးစနစ်ချထားမည့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားရန် တိုက်တွန်းထား၏။

 မြောက်ကိုရီးယားကို စီးပွားရေးအရ အကျပ်ကိုင်ရန်ကြီးစားမှုမှန်သမျှ လက်ခံနိုင်ဖွယ် မရှိသလို အရေးယူဒဏ်ခတ်မှုများသည်လည်း ပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ရုရှားသံအမတ်က အတိ အလင်းပြောဆိုခဲ့သည်။ ဇူလိုင် ၉ရက် တွင် ရုရှားက မြောက်ကိုရီးယားတို့ နောက်ဆုံး စမ်းသပ်ခဲ့သော ဒုံးသည် အမေရိကန်ထင်သကဲ့သို့ တိုက်ကြီးများအချင်းချင်း ပစ်ခတ်နိုင်သည့် အမျိုးအစားမဟုတ်ဘဲ တာလတ်အဆင့်သာရှိသည့်ဒုံးဖြစ်ကြောင်း အထောက်အထားကို ကုလသမဂ္ဂသို့ တင်ပြကာ ပြုံယမ်းအပေါ် အပြစ်ပေါ့ စေရန် ကြိုးပမ်းခဲ့သေးသည်။

 

သုံးသပ်ချက်

ပြုံယမ်း၏ နောက်ဆုံးတိုက်ချင်း ပစ်ဒုံးစမ်းသပ်မှုသည် အနာဂတ်ကမ္ဘာအတွက် ရလဒ်ဆိုးများနှင့် ရင်ဆိုင်လာရဖွယ်ဖြစ်သည်ဟု အများကရှုမြင်ကြသည်။ အမေရိကန်က မြောက် ကိုရီယား၏ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်များအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးယူလှုပ်ရှားမှုများ ပြုလုပ်ရမည့် အချိန်ဟုပင် တပ်လှန့်လာခဲ့ပြီ။

သို့သော်လည်း တောင်ကိုရီးယားသည် အမေရိကန်တို့က ပြုံယမ်း ကို တိုက်ခိုက်လာခဲ့လျှင် ကျွန်းဆွယ် ဒေသတစ်ခွင်၌ စစ်မီးတောက် လောင်သွားမည်ကို အထူးစိုးရိမ် လျက်ရှိ၏။ အထူးသဖြင့် ကျွန်းဆွယ် ပြဿနာများအတွက် သွေးထိုးပေးလိုက်သလို ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိ၏။ အမေရိကန်တို့က မြောက်ကိုရီးယားကို တိုက်ခိုက်ခဲ့လျှင် ပြုံယမ်းဘက်ကလည်း သူ၏တာတို ဒုံးများဖြင့် တောင်ကိုရီးယား နှလုံးသားဆိုးလ်မြို့ကို အလွယ်တကူ တန်ပြန်လက်စားချေပြလာမည့် အရေးကို ပို၍ စိုးရိမ်နေ၏။ ထို့အတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ငြိမ်းချမ်းရေး ဆွေးနွေးရန်သာ ထပ်ကာ ထပ်ကာ တိုက်တွန်းနေတော့သည်။

အလားတူပင် တရုတ်သည်လည်း တိုက်ခိုက်မှုတစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင် မြောက်ကိုရီးယား ကို တည်တည်ငြိမ်ငြိမ်ထိန်းထားရန် မလွယ်ကူတော့သည့်အပြင် ကျွန်းဆွယ်စစ်ပွဲများဖြစ်လာရန် လက်ယပ်ခေါ်လိုက်သလို ဖြစ်လာနိုင် သောကြောင့် မည်သည့်ထိုးစစ်ကိုမျှ ထောက်ခံလိုစိတ်ရှိမည် မဟုတ်ပေ။ အကယ်၍ မြောက်ကိုရီးယားက ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်လာသည်နှင့် ဒေသအတွင်း စစ်ပွဲများ ချက်ချင်းဖြစ်လာမည်မှာမလွဲပေ။

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို စတိုက်ခဲ့လျှင် နျူ သို့မဟုတ် ဒုံးကျည်ထုတ်လုပ် သည့် နေရာများသည် ပထမဆုံးပစ်မှတ်များ ဖြစ်လာနိုင်ပြီး ပြုံယမ်းကို အမေရိကန် စစ်တပ်လွှတ်နိုင်ရန် ကြိုးပမ်းလာနိုင်သည်။ ထိုးစစ်တစ်ကြိမ် စတင်လိုက်သည်နှင့်  ကမူးရှူးတိုးလုပ်တတ်သော ကင်ဂျုံအန်ဘက်ကလည်း ချက်ချင်းခံစစ်ဖြင့် ပြန်တိုက်မည်မှာ သေချာလှ သည်။ အထူးသဖြင့် အမေရိကန်တပ်များ မြောက်ကိုရီးယားသို့ ခြေမချနိုင်မီ ပြုံယမ်းက တောင်ကိုရီးယားကို မြားဦးအရင် လှည့်သွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ တရုတ်သည်များတွင် အမေရိကန်တို့ ခြေရှုပ်လာမည်ကို နှစ်သက်မည်မဟုတ်။ နောက်ဆုံး မြောက်ကိုရီးယား သက် တမ်း ပိုကြာနိုင်သမျှ ကြာစေရန် သူ၏ မဟာမိတ်အတွက် ရေဒါမှ အချက်အလက်များ ထောက်ပံ့ခြင်း၊ စုံစမ်းစစ်ဆေးမှု ရလာဒ်များခွဲဝေပေးခြင်း၊ ဂြိဟ်တုမှ သတင်းအချက်အလက်များ ပံ့ပိုးခြင်းများ လုပ်ဆောင်လာနိုင်သည်။

 မြောက်ကိုရီးယားသည်လည်း လက်တုံ့ပြန်ရန်ဝန်လေးမည် မဟုတ်ကြောင်း အမေရိကန်တို့လည်း သိနားလည်ပြီးဖြစ်သည်။ ထို့အတွက် အထွေထွေစစ်ပွဲများဘက်သို့ လှည့်သွား နိုင်သည့် လုပ်ရပ်များဖြင့် တန်ပြန်ထိုးစစ်ဆင်လာနိုင်၏။ ထို့အတွက် ထရန့်အစိုးရအနေဖြင့် ဝရုန်းသုန်း ကားဖြစ်လာမည့် အနေအထားကို ဖိတ်ခေါ်ချင်မည်မဟုတ်ဟု အများကထင်ထားသည်။

သို့သော်လည်း ဇူလိုင် ၂၇ ရက်က သမ္မတထရန့်က လိင်ပြောင်းထားသူများကို စစ်တပ်မှ ဖယ်ရှားရန် ပန်တဂွန်မှအရာရှိများနှင့် ဆွေးနွေးသည့်အခါ မြောက်ကိုရီးယားအပေါ် ထိုးစစ်ဆင်ခဲ့လျှင် ဖြစ်လာမည့် အလားအလာများကိုပါ အချိန်တော်တော်ကြာကြာ မေးမြန်းနေခဲ့သဖြင့် တစ်ချိန်တွင် ထရန့်သည် ပြုံယမ်းကို တိုက်ရန်အမိန့်ပေးလာမည်ကို စစ်ဘက် အရာရှိများက စိုးရိမ်လျက်ရှိသည်။

 တရုတ်နှင့် ရုရှားတို့အနေဖြင့်လည်း စစ်ကိုရှောင်နိုင်ရန်မှာ မြောက်ကိုရီးယားကို ပိတ်ပင်ထား သည့် အရေးယူမှုအပေါ် အပြည့်အဝ ပူးပေါင်းခြင်းဖြင့်သာ ကာကွယ် နိုင်မည့် အနေအထားတွင် ရှိသည်ဟု ထင်မြင်ကြသော်လည်း လက်ရှိအချိန်အထိ ၄င်းနှစ်နိုင်ငံက လက်ရှောင်နေခြင်းက နောင်တစ်ချိန်တွင် ရင်ဆိုင်ရမည့် ကျွန်းဆွယ်အရေးတွင် စစ်မီးတောက်လောင်စေရန် အတွက် သာ တွန်းပို့သလို ဖြစ်နေသည်။

 နောက်ဆုံး တစ်နေ့တွင် ပြုံယမ်းမှ ဒုံးနှင့်ပတ်သက်သော စကားလုံးများသည် ကြွားလုံး သက်သက်မဟုတ်တော့ဘဲ အာဏာရှင်တို့၏ မိုက်ရူးရဲဆန်သော ဆုံးဖြတ်ချက်အောက်မှ လူသားမျိုးကို ပျက်သုဉ်းစေမည့် စွမ်းအားထက် ဒုံးများဖြစ်လာခဲ့လျှင် . . .။

ကျော်စည်သူ(သုနန္ဒခေတ်)

Ref:

  1. Russia objects to calls for UN action on North Korea
  2. Trump, Asian allies seek counter to North Korean ‘menace”
  3. North Korea Warns US, South Korea of Nuclear War.
ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.