27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
စစ်မြေပြင် မိုဆိုးလ်မြို့နှင့် အိုင်အက်စ်တို့၏ ခြေရာများ

ဇူလိုင်လ ၁ဝရက် အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါအယ် အဘာဒီက မိုဆိုးလ်မြို့သည် ISIS တို့ လက်အောက်မှလွတ်မြောက် ပြီဖြစ်ကြောင်း မကြေညာနိုင်မီ တစ်လကျော်ခန့်ကဖြစ်သည်။

အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မိုဆိုးလ်မြို့သည် မြို့ပျက်ကြီးသဖွယ် တစ်စတစ်စ အသွင်ပြောင်းလာခဲ့သည်မှာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ။ ဒေးဗစ်ယူဘန့်နှင့် အခြား ကယ်ဆယ်ရေး အဖွဲ့သားများသည် ပျက်စီးနေသော ပက်စီစက်ရုံအနီးသို့ ရောက်ချိန်တွင် နေမင်းက တစ်နေ့တာအတွက် ချစ်ချစ်တောက်ပူလောင်စေရန် အစပျိုးနေလေ၏။ စက်ရုံပျက်အနီးမှ လမ်းမပေါ်တွင် လူသေအလောင်းအချို့ ကျဲပြန့်နေ၏။

 သေနတ်ဖြင့် အပစ်ခံထားရသောကလေးတစ်ဦး၊ မျက်နှာတစ်ခုလုံး ဒဏ်ရာအပြည့်ဖြင့် သေဆုံးနေသော အမျိုးသမီးတစ်ဦးနှင့် သူတို့အနားရှိ နောက်ထပ် သက်ကြီးပိုင်းနှစ်ဦးမှာလည်း ကျည်ဆန်ရာဗရပွဖြစ်နေသော အဆောက်အအုံပျက် အနီးတွင် အသက်ဆုံးလျက်ရှိနေသည်။

အီရတ်နှင့် ဆီးရီးယားနယ်ခြား နယ်နိမိတ်ကိုသိမ်းပိုက်ကာ ကိုယ်ပိုင်နိုင်ငံအဖြစ်ကြေညာ၊ ကြီးစိုးနေခဲ့သော ISIS အကြမ်းဖက်သမားတို့သည် မိုဆိုးလ်မြို့မှ သူတို့၏လက်ကျန်နယ်နိမိတ် ငယ်ကို ကာကွယ်နေရသည်ထက် အီရတ်တိုက်ခိုက်ရေး သမားတို့ကြောင့်ဖြစ်လာသော အရှုံးနှင့် ဒေါသကို အပြစ်မဲ့ပြည်သူများထံပုံချနေ၏။  စစ်တလင်းဖြစ်လာသောမြို့မှ ထွက်ပြေးမည် ကြံသည့် သူတိုင်းကို IS စနိုက်ပါ သမားများက အငြိုးနှင့်ပစ်သတ်နေ၏။

 ပက်စီ စက်ရုံပျက်အနီးမှ လှုပ်ရှားမှုတစ်ခုကို ယူဘန့်နှင့်အဖွဲ့သည် သတိထားမိလိုက်သည်။

ကလေးငယ်တစ်ဦးသည် ကျည်ဆန်ရာများဖြင့် ပြည့်နေသောနံရံကို လက်ထောက် အားယူကာ လျှောက်လှမ်းရင်းက သေဆုံးနေသည့်မိခင်ကို ငုံ့ကြည့်နေသည်။ အနားမှ ဒဏ်ရာရထားသူ တစ်ဦးကသူတို့အဖွဲ့ကို လက်ဖြင့် ဝှေ့ယမ်းပြရင်း အကူအညီပေးရန် အသနားခံနေ၏။

အသက်ရှင် ကျန်ရစ်နေသူများသည် ယူဘန့်တို့နှင့် ကိုက် ၁၅ဝ အကွာတွင်ရှိနေပြီး IS စနိုက်ပါသမားများကလည်း အဆက်မပြတ် ပစ်ခတ်နေဆဲပင်။ ယူဘန့်တို့သည် ကလေးမလေးကို အချိန်မီ ကယ်ဆယ်ရန် ချက်ချင်းအစီအစဉ် ဆွဲလိုက်ကြသည်။

ယူဘန့် အသက် ၅၆ နှစ်သည် တစ်ချိန်က အမေရိကန်အထူးတပ်ဖွဲ့ဝင် အရာရှိတစ်ဦးဖြစ်ပြီး Free Burma Gangers ဟု ထင်ရှားသည့် လူသားချင်းစားနာမှု ခရစ်ယာန်အဖွဲ့ကို ထူထောင်သူ ဖြစ်သည်။ အသက် ၁၈ နှစ်အရွယ်တွင် တပ်ထဲသို့ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် First Special Forces Group နှင့်အတူ လေထီးမဖွင့်ဘဲ လေထဲခုန်ချသည့် Free Fall အဖွဲ့ကို ဦးဆောင်နိုင်ခဲ့ သည်။

အမေရိကတောင်ပိုင်းနှင့် အလယ်ပိုင်းတွင် စစ်ရေးမစ်ရှင်အများစုကို ထမ်းဆောင်ခဲ့ပြီး ထိုင်း နိုင်ငံတွင်အများဆုံး အမှုထမ်းခဲ့သည်။ လုပ်သက် ၁ဝနှစ်နီးပါး ကြာမြင့်ချိန် ၁၉၉၂ ခုနှစ်တွင် တပ်မှ ထွက်ပြီးနောက် ပက်ဆာဒန်နာရှိ Fuller Theological Seminary ကျမ်းစာသင်ကျောင်းသို့ တက်ရောက် ခဲ့သည်။

ဘုရားသခင် ညွှန်ပြမည့်အရပ် အစဉ်မျှော်နေချင်သူဖြစ်လာသော ယူဘန့်သည် နောင်တစ်ချိန်တွင် ဇနီးသည်ဖြစ်လာမည့်ကာရန်နှင့် ဆုံတွေ့ခဲ့သည်။ ထို့နောက် စစ်အစိုးရ လက်အောက်ကျရောက်နေသာ မြန်မာနိုင်ငံမှ Burmese Bible အဖွဲ့က ယူဘန့်၏မိဘများကို အကူ အညီတောင်းခံလာသောအခါ သားဖြစ်သူနှင့် အသင့်တော်ဆုံး အလုပ်ဖြစ်သည်ဟု တစ်ထိုင်တည်း ဆုံးဖြတ် လိုက်ကြသည်။

ယူဘန့်၏မိဘများက ဆက်သွယ်လိုက်သည်နှင့် သူ့အနေဖြင့် မြန်မာများကို အကူအညီပေး လိုက်လျှင် နှစ်ဖက်စလုံး ပျော်ရွှင်လိမ့်မည်ဟု တထစ်ချတွေးမိလိုက်သည်။

ထို့နောက် သူ့အနား တကောက်ကောက်ကပ်နေသောကာရန်နှင့်အတူ မြန်မာနိုင်ငံသို့ ပုံမှန်သွားရောက်ခဲ့၏။ နောက်ပိုင်း အချိန်ပြည့်တာဝန်ယူရန် ရွှေ့ပြောင်းလာကာ Free Burma Rangers အမည်ရှိ ကူညီထောက်ပံ့ရေးအဖွဲ့ကိုဖွဲ့စည်းရန် ဖြစ်လာခဲ့သည်။

၁၉၉၇ ခုနှစ်တွင် မြန်မာတပ်မတော်မှ ထိုးစစ်ဆင်သည့် တိုက်ပွဲများကြောင့် ကျေးရွာများ ပျက်စီးကာ၊ ပြည်သူအများအပြားသေဆုံးပြီး လူပေါင်းတစ်သိန်းခန့် အိုးပစ်အိမ်ပစ် ထွက်ပြေးကြကြရသည်။ မြန်မာ့တပ်မတော်နှင့် ရင်ဆိုင်နေရချိန်တွင်  လူသားအချင်းချင်း မေတ္တာထားရင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရိုင်းပင်းကူညီနေသည်ကို မည်သူ တစ်ဦး တစ်ယောက်ကမှ တားဆီးနိုင်ခြင်း မရှိစေရဟူသည့် စိတ်ကူးဖြင့် Free Burma Rangers အဖွဲ့ဟူ၍ ဖြစ်လာခဲ့သည်။

ထိုနှစ်မတိုင်မီက Mae Tha Ra Hta မှ Ethnic Nationalies Semainar နှင့် ညှိနှိုင်းဆောင်ရွက်မှုသာမက ထောက်ပံ့မှုများဖြင့်စတင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဒေးဗစ်ယူဘန့်နှင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် Free Burma Rangers ရုပ်လုံးပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ဒေသခံတိုင်းရင်းသား ခေါင်းဆောင်များနှင့် တောင်းဆိုမှုများကြောင့် FBR သည် ပိုမိုအင်အား တောင့်တင်းလာခဲ့သည်။

၂ဝဝ၁ ခုနှစ်တွင် ကနဦး အဖွဲ့အတွက် လေ့ကျင့်မှုများ စတင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်တွင် အမြဲတမ်း အဖွဲ့ အဖြစ် တိုးတက်ဖွဲ့စည်းကာ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှစတင်ကာ လူမျိုးနွယ်ပေါင်းဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ပေါင်း ၂၅ဝ နှင့် အမြဲတမ်းအဖွဲ့ပေါင်း ၇၁ ဖွဲ့ အထိရှိခဲ့သည်။

စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးဒဏ်သင့်ဒေသများတွင်  လူသားချင်းစာနာသည့် ကူညီကယ်ဆယ်မှုများကို တစ်လလျှင် မစ်ရှင်တစ်ခုမှနှစ်ခု အထိဆောင်ရွက်ခဲ့ရာ ပြည်တွင်း၌အဖွဲ့၏ လှုပ်ရှားမှုပေါင်း ၈ဝဝ ကျော်ခန့်ရှိခဲ့သည်။ မစ်ရှင်တစ်ခုလျှင် ပျမ်းမျှလူနာပေါင်း ၁ဝဝဝ ဝန်းကျင် ခန့်ကို ကုသမှုပေးရလေ့ရှိပြီး အခြား လူ၂ဝဝဝကျော်ခန့်ကိုလည်း ဆေးကုသခြင်းမဟုတ်သည့် အခြားသောကူညီမှုများ ထောက်ပံ့ပေးခဲ့ကြသည်။

ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ ကယန်း၊ လားဟူ၊ မွန်၊ နာဂ၊ ပအို့၊ တအောင်းနှင့် ရှမ်း စသောတိုင်းရင်း သားများဖြင့် ဖွဲ့စည်းထားသော Free Burma Rangers သည် ၂ဝ၁၅ ခုနှစ် တွင် အီရတ်အစိုးရ၏ ဖိတ်ကြားချက်ဖြင့် အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့အတွင် IS တို့၏ တိုက်ခိုက်မှုဒဏ် ခံရသူများအတွက် ကယ်ဆယ်ရေး၊ အစားအသောက်နှင့် ဆေးဝါးထောက်ပံ့ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ရန် သွားရောက်ခဲ့သည်။

 မြန်မာနိုင်ငံမှ တိုင်းရင်းသားများနှင့် အဓိကဖွဲ့စည်းထားသော FBR သည် စစ်ဘေးအန္တရာယ် အလွန်ကြီးမားသော ထိုအရပ်သို့ အသက်စွန့်သွားရောက် ကယ်တင်ကြခြင်းဖြစ်သည်။ တိုင်းရင်းသားနယ်မြေများတွင် ကူညီဆောင်ရွက်ပေးခဲ့သလို အခြားဒုက္ခရောက်နေသော  နေရာ များသို့လည်း အလားတူသွားရောက်ကူညီလိုစိတ် ရှိခဲ့ကြသည်ဟု ဒေးဗစ်ယူဘန့်ကဆို၏။

အီရတ်နိုင်ငံသည် အစ္စလာမ်စစ်သွေးကြွများဖြစ်သည့် IS တို့၏ရန်ကို ခံနေရချိန်ဖြစ် သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ရသည်မှာ မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရစဉ်ထက် ပို၍ပင်အန္တရာယ်များပြားခဲ့သည်။ သို့သော်လည်း မေတ္တာတရားကို အခြေခံကာ ဖွဲ့စည်းခဲ့သော Free Burma Rangers သည် လူ့အသက်တစ်ချောင်းအတွက် အသက်စွန့်ကယ်တင်ရန် ဝန်မလေးခဲ့ကြပေ။

ယူဘန့်သည် အီရတ်သို့ သွားရောက်ရသည့် နောက်တစ်ချက်မှာ အီရတ်အပေါ်တွင် အမေရိကန်တို့ ပြုမူခဲ့သောအချို့သောဆိုးရွားသည့် ကိစ္စများ၊ အမှားများအပေါ် ပြန်လည်ကုစားပေး သည့် သဘောလည်းပါ၏။ ယခုလည်း ယူဘန့်တို့ရှေ့မှ ကလေးမလေးတစ်ယောက်ကို သေနတ် သမားများလက် မကျရောက်မီ အမြန်ကယ်တင်ရန် လိုအပ်နေလေပြီ။

ယူဘန့်တို့သည် ခြောက်နှစ်အရွယ်ကလေးငယ်နှင့် ဒဏ်ရာရနေသော လူတစ်ယောက် အမြန်ကယ်တင်ရန် အကြံထုတ်ကြရသည်။ အမေရိကန်တပ်ဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် စစ်ဆင်ရေးဆင်နေသော အီရတ်တပ်ဖွဲ့ဝင်များက မီးခိုးဗုံးဖြင့်လက်ဖြှောင့်သေနတ်သမား၏မြင် ကွင်းကို အနှောင့်အယှက်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။

မီးခိုးဗုံးအလုပ်ဖြစ်သည်နှင့် ယူဘန့်နှင့် အခြားလက်နက်ကိုင်နှစ်ဦးက တင့်ကားအကာ အကွယ်ကိုယူကာ ဒဏ်ရာရနေသူထံသို့ တဖြည်းဖြည်းချင်း တိုးကပ်သွားကြ၏။ သူတို့အနားတွင် ကျည်ဆန်များက ဝဲပျံနေပြီး တိန်ခနဲ ဒေါင်ခနဲ ကျန်ဆန်ထိမှန်သံများ ကြောက်လန့်ဖွယ် အဆက် မပြတ်ကြားနေရသည်။

လက်ဖြောင့်သေနတ်သမား၏ မြင်ကွင်းကို မီးခိုးများက တံတိုင်းသဖွယ်အပြည့်အဝ ကာသွားချိန်တွင် ယူဘန့်သည့် ကလေးရှိရာသို့ ပြေးသွား၏။ ကျန်နှစ်ဦးကလည်း သူ့ကို ကာကွယ်ကာ ပစ်ခတ်ပေးနေခဲ့သည်။ ယူဘန့်သည် ကလေးငယ်ကို ဆတ်ခနဲပွေ့ပြီး အမြန်ပြန်လှည့်ပြေးနိုင်လိုက်၏။ ယင်းဖြစ်ရပ်ကို Free Burma Rangers အဖွဲ့ဝင် ကရင် လူမျိုးကပေါ်စေးက ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးနိုင်လိုက်သည်။

ယူဘန့်က သူနှင့်သူ၏ အဖွဲ့ဝင်များသည် ဘုရားသခင်စေလွှတ်ခြင်းကြောင့် ဤနေရာသို့ ရောက်လာခြင်းဟု ပြောလေ့ရှိသည်။ ကလေးငယ်သာမက အခြားအမျိုးသားတစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့သည်။ ယူဘန့်က ယခုလို အသက်စွန့်ကယ်တင်ရင်း သူသေဆုံးသွားလျှင် ဇနီးသည်နှင့် သားသမီးများက သူ့ကို နားလည်နိုင်လိမ့်မည်ဟု ဆိုခဲ့ သည်။

တကယ်တမ်း ကံဆိုးခဲ့လျှင်လည်း ယူဘန့်၏မိသားစုဝင်များမှာ အခြားသူများကဲ့သို့ တစ်သက်လုံး သောကဖြင့်နေကြရမည်မှာ သေချာလှ၏။ အကြောင်းမှာ ယူဘန့်သည် အီရတ်သို့ တစ်ကိုယ်တည်း  စွန့်စားခန်း လာဖွင့်နေခြင်းမဟုတ်။ ယူဘန့် လက်ရှိကယ်ဆယ်ရေးလုပ်နေသော နေရာနှင့် တစ်မိုင်ခန့်သာအကွာရှိ ဆေးကုသစင်တာငယ် တစ်ခု၏အပေါ်ထပ်တွင် ဇနီးသည် ကာရန်ယူဘန့်နှင့် ကလေးသုံးဦးရှိနေကြပြီး ကုသရေးအပိုင်းတွင် ဝိုင်းဝန်းကူညီ နေကြခြင်းကြောင့် ပင်ဖြစ်သည်။

ကာရန်ယူဘန့်က မိမိရင်သွေးများကို IS များရှိသည့် စစ်ပွဲသို့ ခေါ်လာရခြင်းအကြောင်းကို မေးသည့်အခါတွင် မြန်မာပြည်တွင်ရှိစဉ်က တိုင်းရင်းသားများက သူတို့၏ကလေးများကို မိဘနှစ်ပါးပေးနိုင် သည်ထက်ပိုသော မေတ္တာများဖြင့် ဆက်ဆံခဲ့သည့် ဖြစ်ရပ်များကို ပြောပြကာ စစ်ပွဲရှိရာသို့ မိသားစုလိုက် သွားရောက် ကူညီလေ့ရှိတတ်ပုံများကို ပြောပြလေ့ရှိသည်။

မိုဆိုးလ်မြို့သည် IS လက်မှ လွတ်မြောက်သည်မှာ မှန်သော်လည်း ပြည်သူတို့မှာ မိမိအိမ်ကိုပြန်ကာ  ကိုယ့်ဘဝကိုယ် အလွယ်တကူ ပြန်လည်တည်ဆောက်နိုင်သော အခြေအနေတွင်မရှိပေ။ အထူးသဖြင့် မိုဆိုးလ်သည် မြို့ပျက်ကြီးတစ်ခု အဖြစ်သာကျန်ခဲ့သဖြင့် သောက်သုံးရေပင်လျှင် အခက်အခဲရှိနေ၏။ လူပေါင်း ကိုးသိန်းခန့်မှာ အိမ်ခြေရာမဲ့ ဘဝသို့ ရောက်သွားလေခဲ့သည်။

 မြို့၏ အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ရန်မှာ အနည်းဆုံး ဒေါ်လာ တစ်မီလျှံကျော်ခန့်ရှိမည်ဟု အီရတ်အစိုးရက ခန့်မှန်းထားသည်။  Free Burmes Rangers အပါအဝင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးသမားများစွာဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင် နေကြ၏။

လတ်တလောတွင် ဗြိတိန်သည် မိုဆိုးလ်ကိုအကူညီအပေးဆုံး နိုင်ငံဖြစ်လာသည်။ မိုဆိုးလ်မြို့ ကို ပြန်လည်သိမ်းပိုက်ပြီး သုံးရက်အတွင်း စစ်ဘေးဒဏ်ခံလူပေါင်း ၇၄ဝဝဝ ဦးအတွက် အိမ်ဆောက်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများပေး ထောက်ပံ့ပေးခြင်း၊ လူနာပေါင်း ၁၁၅ဝဝဝ ဦးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ လူတစ်သိန်းခွဲကျော်အတွက် သောက်သုံးရေဖြန့်ဝေခြင်း၊ လူတစ်သိန်းခန့် အသုံးပြုနိုင်မည့် မိလ္လာနှင့် ရေဆိုးစနစ်များကို ဗြိတိန်ကဦးဆောင်ကာ အကူအညီပေး လျက်ရှိသည်။

ထို့ပြင် ဗြိတိန်သည် ကုလသမဂ္ဂမှ ဦးဆောင်ပြုလုပ်မည့် ပြန်လည် ထူထောင်ရေးနှင့် အခြေချနေ ထိုင်နိုင်ရေးတွင်လည်း ထောက်ပံ့ကူညီမှုများ ထပ်မံပြုလုပ်ပေးထားသည်။ ထိုအစီအစဉ်တွင် မိုဆိုးလ်မှ စစ်ပြေးဒုက္ခသည် နှစ်သိန်းခန့် နေရပ်သို့ ပြန်လာနိုင်ရန် အတွက်လည်း ပါဝင်သည်။

အီရတ်နှင့် ဆီးရီးယားမှ နယ်မြေအများစုကို ပြန်လည်ရယူနိုင်ခြင်းသည် ISISတို့၏ အရှုံးဟု ဆိုနိုင် သော်လည်း တကယ်တမ်းတွင် ဆုံးရှုံးမှုအစစ်နှင့် ကျန်ရစ်ခဲ့သည်မှာ မူရင်းနိုင်ငံများနှင့် ဒေသခံများသာဖြစ်သည်။ ISIS တို့သည် စကတည်းက ကိုယ်ပိုင်နိုင်ငံမရှိ။ အကြမ်းဖက်မှုများဖြင့် နယ်မြေလုကာ နိုင်ငံထူထောင်ခဲ့ခြင်းဖြစ်သည့်အတွက် သူတို့အရှုံးသည် အိမ်ရှင်လက်မခံ၍ နောက် ထပ်အိမ်သစ်ရှာရသည့် သဘောလောက်သာရှိပေလိမ့်မည်။

အီရတ်နိုင်ငံ မိုဆိုးလ်မြို့တွင် ISIS များအား အီရတ်လုံခြုံရေးတပ်ဖွဲ့က ဆင်နွှဲခဲ့သည့် ကိုးလကြာ တိုက်ပွဲများအပြီး ဇူလိုင် ၁ဝရက်တွင် စစ်သွေးကြွများလက်မှ မြို့ကို အပြီးတိုင် ပြန်လည်သိမ်းယူနိုင်ပြီဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ်က ကြေ ညာ နိုင်ခဲ့သလို လွန်ခဲ့သောလက ဆီးရီးယားမှ ကိုဘန်နီမြို့နှင့် ရက်ကာမြို့မှ ISIS များကိုလည်း ကာဒစ်ရှ်တိုက်ခိုက်ရေးသမားများနှင့် အမေရိကန် ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများဖြင့် ရက်ပေါင်းတစ်ရာကျော် တိုက်ခိုက်ကာ အောင်မြင် ခဲ့သည်။

 မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း၊ IS တို့၏ ငွေပင်ငွေရင်းသဖွယ်ဖြစ်သော ရေနံတွင်းများကို လေကြောင်းတိုက်ခိုက်မှုဖြင့် ဖျက်ဆီးနိုင်ခြင်းတို့ကြောင့် အစွန်းရောက်သမား တို့ကို ပြန်လည်စုစည်းရန်၊ လက်တလော ဗျာများစေရန် တွန်းပို့နိုင်ခဲ့သည်မှာအမှန်ပင်။ သို့သော်လည်း မျက်မှောက်ခေတ် အကြမ်းဖက်သမားတို့တွင် အကြံအစည်ဆိုးများစွာရှိနေပြီး ဖြစ်သည်။

၂ဝ၁၄ခုနှစ် ဇွန်လက မိုဆိုးလ် မြို့ကို အီရတ်တပ်ဖွဲ့ဝင်များက စတင်ပြန်လည် တိုက်ခိုက်စဉ်က တည်းက IS တို့သည် မြို့ကို အခိုင်အမာပြုကာ ခံစစ်ကို ပြင်ခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာလည်း အီရတ်မှ ဆွန်နီမွတ်စလင်များ၏ မြေအောက်လှုပ်ရှားမှု အဖွဲ့အစည်း များမှ သတင်းပေးခဲ့ကြ ခြင်းကြောင့်ဖြစ်သည်။ ယခုအချိန်တွင်လည်း အီရတ်တွင် ကျန်ရှိနေမည့် ISIS လိုလားသူ အများအပြားသည် သာမန်ပြည်သူများအကြား ရောထွေး နေနိုင်သဖြင့် တိုက်ခိုက်ရန် ခက်ခဲသည့် ကိုယ်ပျောက်စစ်သွေးကြွများသဖွယ် လှုပ်ရှားလာမည်မှာ စိုးရိမ် စရာကောင်းလှသည်။

 လွန်ခဲ့သောနှစ်က ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော ISIS မှ  ပြောရေးဆိုခွင့်ရှိသူ အဘူမိုဟာ မက်အယ်အက်ဒါနီက တစ်ချိန်တွင် မိုဆိုးလ်နှင့် ရက်ကာတို့သည် ပြန် လည် လက်လွှတ် ဆုံးရှုံးသွားသည့်တိုင် သူတို့အုပ်စုသည် ပြိုကွဲမည်မဟုတ်ကြောင်း၊ တိုက်ခိုက်လိုသော ဆန္ဒနှင့် စိတ်ဓာတ်သည် မည်သည့်အခါမှ ပျောက်ဆုံးမည် မဟုတ်ကြောင်း ကြိုတင်နိမတ်ဖတ်ခဲ့ဖူးသည်။

အမှန်တွင်လည်း အကြမ်းဖက်သမားတို့၏ ညာဉ်တွင်အုပ်စုပိုင်နယ်နိမိတ်များ ကျဉ်းမြောင်းလာ သည့်တိုင်၊ ဗျူရိုကရေစီ၏ မဏ္ဍိုင်ပြိုကျသွားသည့်တိုင်အောင် အစွန်းရောက်တို့၏ အတွေးအမြင်များ၊ သဘောတရားများမှာ ဆက်လက်တည်တံ့နေဦးမည်ဖြစ်သည်။ ISIS တို့လက်အောက်တွင် နေခဲ့ရစဉ်က ကြုံတွေ့ခဲ့ရသော ကြမ်းတမ်းခက်ထန်သည့် ဘဝနှင့်အသည်းနာဖွယ် အကြမ်းဖက်မှုတို့ အပေါ် ရွံမုန်းနာကြည်းနေသူ အများအပြားရှိနေသော်လည်း စကတည်းက ရှီအိုက်များကို မုန်းမာန်ပွားနေသည့် အီရတ်နှင့် ဆီးရီးယားတို့မှ ဆွန်နီများက အခွင့်သင့်တိုင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဦးမည်မှာလည်း သေချာလှသည်။

ထို့အတွက် မိုဆိုးလ်မြို့စွန်မှ တိုက်ဂရစ်မြစ်ထဲအထိ မောင်းထုတ် နိုင်လိုက်သော ISIS တို့သည် ခြေရာလည်းပျောက် ရေလည်းနောက်၊ အဆုံးတိုင်ပျောက်ကွယ်သွားမည်ဟုဆိုလျှင် ယုံတမ်းစကားသာ ဖြစ်ပေလိမ့်မည်။

ISIS တို့သည် သူတို့ခေတ်ကောင်းကာ နယ်မြေအများအပြားကို ကြီးစိုးမင်းမူနိုင်စဉ်ကတည်းက အနာဂတ် မျိုးဆက်အတွက် အသက်ရှင်ကျန်ရစ်ရန်၊ ထပ်မံပြန့်ပွားစေရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်ကိုလည်း မေ့ထား၍မဖြစ်ပေ။ ကမ္ဘာ့လုံးဆိုင်ရာ ဘုံရန်သူသဖွယ် ဖြစ်နေသော ISIS မှ ခေါင်းဆောင်များသည် သိမ်းပိုက်ထားသော နယ်မြေများစွန့်ခွာရသည့်တိုင် နိုင်ငံမဲ့ ISIS ဖြစ်ပေါ်လာရေးကို အသင့်ပြင်ထားစေခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက ISIS သည် ဝင်ငွေ တိုးပွားစေသောနည်း၊ လက်နက်များ ရှာဖွေစု ဆောင်းနည်းနှင့် လျှို့ဝှက်ဆောင် ရွက်နည်းလမ်းများ ကွန်ရက်အတွင်း ဖွံ့ဖြိုးစေခဲ့ပြီး ဖြစ်၏။ ထို့အတွက် နိုင်ငံမရှိသောဘဝသို့ ပြန်လည်ရောက်သည့်တိုင် မူလကကျင့်သုံးခဲ့သော နည်းလမ်းဟောင်းများဆီသို့သာ တစ်ဖန် ပြန်လည်ရောက်သွားခြင်းသာရှိသည်။ ကမ္ဘာမြေမှ ပျောက် ကွယ်သွားခြင်း မဟုတ်သည်ကို အထူးသတိပြုရပေမည်။

လက်ရှိအချိန်တွင် နယ်မြေမဲ့၊ အဖွဲ့ပျက်ဖြစ်သွားသော အစွန်းရောက်သမားများသည် အခြားသော အကြမ်းဖက်အဖွဲ့များထံ သွားရောက်ပူးပေါင်းမည်မှာလည်း မြေကြီး လက်ခတ်မလွဲပေ။ သို့သော်လည်း ISIS တို့သည် သူတို့ခေတ်ကောင်းစဉ်က ကာလများက အခြားသောပြိုင်ဘက် အစွန်းရောက်အဖွဲ့များနှင့် မသင့်မြတ်ခဲ့ခြင်းသည် အခြားနိုင်ငံများအဖို့ အားထားရမည့်  အချက်လည်း ဖြစ်သည်။

သို့သော်လည်း အကြံတူ၍ရန် သူများဖြစ်ခဲ့သူများသည် တစ်ချိန်တွင် အသွင်တူ၍ အိမ်သူသဖွယ် ပေါင်းဖက်မိသွားလျှင် ယခုကျရှုံးခဲ့သော အမုန်းနှင့် အငြိုးအတေးများက One Man Army များစွာကို ဖြစ်လာမည့်အရေးကလည်း ကမ္ဘာတစ်ဝန်းလုံးကို ခြိမ်းခြောက်နေတော့မည်။     

အီရတ်နှင့် ဆီးရီးယားမှ ISIS တို့အရှုံးတွင် ပိတ်မိနေမည့် နိုင်ငံရပ်ခြားမှ တိုက်ခိုက်ရေးသမားတို့သည်လည်း အထီးကျန် မြေခွေးသဖွယ် တစ်ကိုယ်ရေတိုက်ခိုက်ရေးသမား အသွင်ပြောင်းလဲသွားနိုင်သေးသည်။

အချုပ်ဆိုရလျှင် အကြမ်းဖက်များ လက်အောက်ကျရောက်ခဲ့သော သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် အောင်လံများတလူလူလွှင့်ထူနိုင်လောက်အောင် ISIS တို့၏ အလံများကို အသီးသီးဖြုတ်ချနိုင်ခဲ့သော်လည်း အကြမ်းဖက်အတွေးအခေါ် အခိုင်အမာလွှမ်းမိုးထားသော မျက် မှောက်ကမ္ဘာကြီးတွင် ISIS တို့ နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာမည့်နေရာသစ် သို့မဟုတ် အမည်သစ်ဖြင့် ထွက်လာနိုင်သော အကြမ်းဖက်အုပ်စုသစ်တို့မှ ခြောက်လှန့်လာဦးမည့် အနာဂတ် အစွန်းရောက် တစ္ဆေ၏ ရန်ကိုမူ မလွဲမသွေ ကြုံတွေ့ ရလိမ့်ဦးမည်ဟု ယူဆမိတော့သည်။

 

ကျော်စည်သူ (သုနန္ဒခေတ်)

1.Where does ISIS go after Mosul?

2.Iraqi Prime Minister Arrives in Mosul to Declare Victory Over ISIS

3.Aid Worker Braves ISIS Gunfire to Rescue Little Girl.

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.