27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
တရုတ်ဈေးကွက်နှင့် ဆင်မုဆိုးများကြောင့် ဆင်တွေ မျိုးတုံးပျောက်ကွယ်တော့မှာလား

ဒုရဲမှူးသန်းနိုင်က အမှုတွဲထဲမှ ပလပ်စတစ်လောင်းထားသည့် ဓာတ်ပုံများကို သတင်းထောက်အား ထုတ်ပြသည်။ မြင်မကောင်းအောင် သေဆုံးနေသည့်ဆင်များကို ဓာတ်ပုံများထဲတွင်တွေ့ရသည်။ ဒုရဲမှူးသန်းနိုင် တာဝန်ယူထားရသော ဥက္ကံမြို့နယ်သည် လက်ရဲဇက်ရဲ ဆင်မုဆိုးများ ကျက်စားရာ နယ်မြေဖြစ်သည်။

လွန်ခဲ့သောနှစ်အတွင်း ဆင်ရိုင်းသုံးကောင်ကို သတ်ဖြတ်ခဲ့သည်ဟုယူဆရသူ တရားခံ နောက်သို့ ဦးသန်းနိုင်က လိုက်နေသည်။ ဆင်မုဆိုးကို အကူအညီပေးသူ ၁၁ ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။

အရှေ့တောင်အာရှတစ်ခွင် တိုင်းရင်းဆေးများတွင် ဆင်၏ခန္ဓာကိုယ် အစိတ်အပိုင်းကို ထည့်သွင်းဖော်စပ်သုံးစွဲမှု များပြား လာခြင်းကြောင့် မြန်မာနိုင်ငံတွင် ဆင်များအတုံးအရုံး အသက် ဆုံးနေရသည်။ ၂ဝ၁ဝ ခုနှစ်မှစလျက် မြန်မာနိုင်ငံရှိ တောဆင်ရိုင်းများ သတ်ဖြတ်မှု မြင့်တက်လာနေသည်။ လွန်ခဲ့သောနှစ်များအတွင်း သတ်ဖြတ်ခံရသော ဆင်ရိုင်း ၁၁၂ ကောင် ရှိသည်ဟု မှတ်တမ်းများအရသိရသည်။ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ၂ဝ၁၅ ခုနှစ်အတွင်း ဆင်ရိုင်း ၃၆ ကောင် သတ်ဖြတ်ခံရ သည်ဟု ဖော်ပြထားသည်။ ၂ဝ၁၆ ခုနှစ်အတွက် စာရင်းဇယားများ ထွက်မလာသေးသော်လည်း  ပိုမိုများပြားလာမည်ဟု ခန့်မှန်းရသည်။

ဆင်သားရေ၊ လိင်အင်္ဂါ၊ ခြေဖဝါးနှင့် အစွယ်တို့ကို အိမ်နီးချင်း တရုတ်နိုင်ငံမှကုန်သည်များက ဈေးကောင်းပေး ဝယ် လျက်ရှိသည်။

ယခုနှစ်အစောပိုင်းတွင် တရုတ်အစိုးရက ဆင်စွယ်ရောင်းဝယ်မှုကို ပိတ်ပင်ခဲ့သည့်အတွက် ဆင်စွယ်ဈေးမှာ ပိုမို မြင့်တက်လာရသည်။

ဆင်အရေပြားသည် နှင်းခူကိုကုသရာတွင် အစွမ်းထက်သည်ဆို သည့် အယူအဆကြောင့် ဆင်သားရေ သို့မဟုတ် အရေပြားသည် ဈေးကွက်တွင် ရှာမရလောက်အောင် အဝယ်သွက်နေသည်။ ဆင်အရေ ပြားကိုပြာချပြီး အုန်းဆီဖြင့် ရောစပ်လိမ်းလျှင် နှင်းခူ ပျောက်သည်ဟု ယုံကြည်ကြသူများ ရှိသည်။

ဆင်သွားကို သွေးလိမ်းလျှင် အသားအရေ ညက်ညောလှပသည် ဟုလည်းဆိုသည်။ ဆင်အရေပြားကို မြန်မာ တိုင်းရင်းဆေးတွင် ထည့်သွင်းဖော်စပ်သည်ဟု  ယခင်က မှတ်တမ်း မှတ်ရာများ မရှိခဲ့။ အာဖရိကတိုက်တွင် ဘယဆေးဖော်စပ်ရာတွင် သုံးကြသည်တော့ရှိသည်။ အာဖရိက တိုက်တွင် သုံးစွဲကြောင်း တစ်ဆင့်စကား ကြားသိခြင်းမှ အစပြုလျက် မြန်မာပြည်တွင် သုံးစွဲလာသည်ဟု ကျွမ်းကျင်သူများကယူဆသည်။ ဈေးကွက်တစ်ခုအဖြစ် အကွက်မြင်သူ များက ဖော်ဆောင်လာခြင်းလည်း ဖြစ်နိုင်သည်။

 'ဆင်ဒေဝီ ' (Elephant Lady of Burma) ဟု အမည်ပေးထားသော ဒေါက်တာခိုင်ဦးမာက ''အခြောက်ခံထားတဲ့ ဆင်အရေပြားတွေ အစုအပုံလိုက် ဈေးကွက်မှာ တွေ့နေရတာက စိုးရိမ်စရာ တကယ်ကောင်းနေတယ်''ဟု ဆိုသည်။

ဆင်သားရေကို လက်ကောက်၊ နားဆွဲနှင့် လက်စွပ်လုပ်၍ ဝတ်ဆင်လျှင် လာဘ်ကောင်း သည်ဟု ယူဆသူအများအပြားလည်းရှိနေသည်။ ကျိုက်ထီးရိုးဘုရား အနီးတွင် ဆင်အရေပြား ရောင်းသောဆိုင်များကို အေအက်ဖ်ပီသတင်းထောက်က တွေ့ခဲ့ရသည်။

''အဓိကကျတဲ့နေရာဖြစ်တဲ့ ပဲခူးရိုးမနဲ့ မြစ်ဝကျွန်းပေါ်မှာ စနစ်တကျလေ့ကျင့်ပြီး လက်နက်ကိရိယာ တပ်ဆင်ထားတဲ့ သစ်တောဝန်ထမ်းတွေ ချထားဖို့လိုတယ်။ ဒါမှ ဆင် မုဆိုးတွေကို ထိန်းနိုင်မယ်။ တစ်ချိန်တည်းမှာပဲ တရားမဝင်ရောင်းဝယ်မှု တွေကို နှိမ်နင်းဖို့လိုမယ်။ ဒါတွေဟာ ရေရှည်ဆောင်ရွက်မှ အောင်မြင်နိုင် မယ်''ဟု  မစ္စတာဆင်းက ပြောသည်။ 

မစ္စတာဆင်း (Rohit Singh)  သည် တောရိုင်းတိရစ္ဆာန်ဥပဒေ မြှင့်တင်ရေးအဖွဲ့ ကျွမ်းကျင်သူဖြစ်သည်။ မြန်မာနိုင်ငံရှိ ဈေး ၁၄ ခုနှင့် တရုတ်၊ ထိုင်းနယ်စပ်များရှိ ဈေးသုံးခုတို့တွင် စစ်တမ်းကောက်ယူရာ ဆင်စွယ်အပိုင်းအစ ၉ဝဝဝ နှင့် ဆင်စွယ် ၁၆ ချောင်းကို တွေ့ခဲ့ရသည်။

 ရောင်းချနေသူများသည်  အနှောင့်အယှက်ကင်းစွာ ရောင်းဝယ်ဖောက်ကားနေကြသည်။ ဈေးဝယ် သူအဖြစ် အသွင်ယူထားသော သုတေသီများအား တွန့်ဆုတ်ခြင်း မရှိ၊ မည်သို့မည်ပုံ ဆင်ကို သတ်ဖြတ် သည်၊ သယ်ယူသည်စသည့် နည်း လမ်းများကို မကွယ်မဝှက် ပြောပြ သည်။

 မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများတွင် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ကွန်ဗင်းရှင်းပါ အချက်များကိုလိုက်နာရန် အားနည်းနေခြင်းကလည်း မှောင်ခိုဈေးကွက်ကို အခွင့်သာစေသည်။

ဆင်ရိုင်း အများအပြားကျက် စားရာပုသိမ်နှင့် ငပုတောတို့တွင် ဆင်မုဆိုးတို့ ခြေချင်းလိမ်နေသည်။ ယခုနှစ်များအတွင်း ပဲခူးရိုးမ၏ တစ်ဖက်တစ်ချက်တွင်လည်း ဆင်များ အသတ်ခံရသည်ကို တွေ့လာရသည်။ မြန်မာပြည်အလယ်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် ဆင်မုဆိုးများ ခြေသွက်လာသည်ဟု အရပ်သတင်း များက ဆိုသည်။ အခြားနိုင်ငံများနှင့် မတူဘဲ ဆင်သားရေသည်  မြန်မာနိုင်ငံတွင် ခေတ်စားလာခြင်းသည် ဆင်ရိုင်းများမျိုးတုံးမည့် အရှိန်ကို မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်နေ သည်ဟု ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ ဒါရိုက်တာခရစ္စတီဝီလီယမ်  (Christy Willians) က ပြောသည်။

လွန်ခဲ့သော နိုဝင်ဘာလက အရေဆုတ်ပြီး အပိုင်းပိုင်းအတစ်တစ် ခုတ်ဖြတ်ထားသော ဆင်သေတစ် ကောင်ကို ဥက္ကံမြို့နယ်အတွင်း တွေ့ရသည်။

''ချောင်းစောက်ရွာ အစွန်ချောင်းထဲမှာ မျောနေတာကို တွေ့ရတာပဲ။ ကျွန်တော်တို့ သိထားတဲ့ အရေအတွက်ထက်များတဲ့ ဆင်တွေအသတ်ခံနေရတယ်လို့ ကျွန်တော်ထင်တယ်။ ဒီနေရာမှာ  အသတ်ခံရတာ ဆင်ဆယ်ကောင်မကတော့ဘူး'' ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းက ပြောသည်။

 အဆိပ်လူးမြားဖြင့် ပစ်ခတ်ခံရခြင်းကြောင့် အဆိပ်မိနေသော ဆင်ရိုင်းနောက်မှ မုဆိုးက တကောက် ကောက်လိုက်သည်။ ဆင်လဲကျပြီး အသက်မထွက်မီ အဆိပ်ဒဏ်ကို ပြင်းထန်စွာ ခံစားနေရချိန်တွင်ပင် အရေခွံကိုခွာခြင်း၊ အစွယ်ဖြတ်ခြင်းတို့ ကို တက်သုတ်ရိုက် လုပ်ဆောင်သည်။ အသက်ထွက်မသွားမီ ဆင်ကိုယ်ပေါ်မှ ရောင်းချရနိုင်သမျှတို့ကို လှီးဖြတ်ခုတ်ထစ် ယူငင်ပြီးဖြစ်သည်။ ဆင်မုဆိုးတို့သည် ကျေးရွာသားများကို ကူညီလုပ်ကိုင်ပေးရန် စည်းရုံးလေ့ ရှိသည်။

 စောထူးသာပိုးသည် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့ (Wildife Consercation Society) (WCS) မှ အကြီးတန်း နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးမှူး ဖြစ်သည်။ သူက ''ဆင်မုဆိုးဂိုဏ်းတွေက အထက်ဗမာပြည်က လာကြတာများတယ်။ တချို့ဂိုဏ်းတွေမှာ ဆိုရင် ချင်းလူမျိုးတွေတောင်ပါတယ်။ ချင်းတွေက သိပ်ကျွမ်းကျင်တဲ့ မုဆိုးတွေပဲ။ ဆင်တွေသွားလာ ကျက်စား တတ်တဲ့နေရာကို သိတဲ့ဒေသခံတွေကို စည်းရုံးတယ်။ တစ်ခါတလေ ခြိမ်း ခြောက်စေခိုင်းတယ်'' ဟု ပြောသည်။

ယခုနှစ်အတွင်း တောရိုင်းဆင်အကောင်နှစ်ဆယ်ကို အရေခွံဆုတ်သတ်ဖြတ်ထားသည်ကို တွေ့ရ ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့က အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။

 ''အရင်ကတော့ အစွယ်ယူဖို့အတွက် ဆင်အထီးတွေကိုပဲ သတ်တယ်။  ဆင်ထီးတွေ ရှားပါးလာတော့ ဆင်မတွေကိုသတ်ပြီး ရောင်းလို့ရသမျှ ခုတ်ထစ်ယူကုန်ကြတော့တာပဲ။ ဆင်အရေပြား၊ နှာမောင်း၊ ခြေဖဝါးနဲ့ လိင်အင်္ဂါတွေဟာ တရုတ်ပြည်မှာ ဈေးကောင်းရတယ်။ ဆင် ခြေဖဝါးအသားဟာ နူးညံ့တော့စားလို့ကောင်းတယ်လို့ ပြောကြတယ်။ ကျန်တဲ့ အစိတ်အပိုင်းတွေက တော့ တရုတ်ဆေးဖော်တဲ့ နေရာမှာ သုံးကြတယ်'' ဟု စောထူးသာပိုးက ပြောသည်။

 အစွယ်အတွက် ဆင်အထီးများကို မူလကရွေးချယ်သတ်ဖြတ်မှုကြောင့် ဆင်မျိုးပွားမှု နည်းပါးလာရ သည်။

 မြန်မာတောရိုင်း တိရစ္ဆာန် ဈေးကွက် အခြေအနေနှင့်ပတ်သက်ပြီး တိကျသော ကိန်းဂဏန်းများ မရရှိနိုင်ပေ။ သို့စဉ်တိုင် ရန်ကုန်မြို့၏အကြီးဆုံးဈေးဖြစ်သည့် ဗိုလ်ချုပ်အောင် ဆန်းဈေးကို သွားကြည့်လျှင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းဈေးကွက် အနေအထားကို တစွန်းတစ သိနိုင် သည်။ ဆိုင်ပေါ်တွင် တင်ရောင်းနေသည့် ဆင်စွယ်တု လက်ကောက်များကို တွေ့နိုင်သလို၊ လမ်းဘေးတွင် ဈေးခင်းထားသူများထံမှ ဆင်စွယ်အစစ် ဖြင့် လုပ်ထားသော ပစ္စည်းအတိုအစ နှင့် ဆင်သွားကို ဝယ်ယူရရှိနိုင်သည်။ ဆင်သွားတစ်ချောင်း ဒေါ်လာ ၁၄ဝ မှ ၂၅ဝ အကြားခေါ်ဈေးရှိသည်။ အရွယ်အကြီးအသေးပေါ် မူတည်လျက် ဈေးနှုန်းကွာခြားမှုရှိသည်။ တိုး ရစ်များအတွက် ခေါ်ဈေးဖြစ်သည့်အတိုင်း ဈေးမြင့်နေသော်လည်း ထိုခေါ်ဈေးပေါ်တွင် အလျော့တွက်ဖြင့် မူတည်တွက်ချက်ပါက ဆင်တစ်ကောင်မှ ရရှိသည့် အစိတ်အပိုင်းများ၏ ပေါက်ဈေးကို တွက်ချက်လျှင် သိန်းလေးငါးဆယ်  ရှိပေမည်။

ရန်ကုန် တက္ကသိုလ်က သုတေသနပြုချက်အရ ဆင်အရေပြား တစ်ကီလိုလျှင် ကျပ်တစ်သိန်းခွဲ၊ ဆင်သွား တစ်ကီလိုလျှင် ကျပ်နှစ်သိန်းပေါက် ဈေးရှိမည်ဟု ခန့်မှန်းရသည်။

 မြန်မာသစ်တောဌာနနှင့် WCS တို့ ပူးပေါင်းလျက် ဆင်ထိန်းသိမ်းကာကွယ်ရေး အစီအမံ တစ်ရပ် Myanmar Elephant Consercation Action Plan (MECAP) ကို အကောင်အထည်ဖော်လျက်ရှိသည်။ စီမံကိန်းကာလမှာ ဆယ်နှစ်ဖြစ်သည်။ သစ်ထုတ်လုပ်မှု လျှော့ချ လိုက်သည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသော ဆင်များအတွက် လျော်ညီသည့် လုပ်ငန်းကိုင်များ ဖော်ဆောင်ပေးရေးအပြင် မြန်မာနိုင်ငံတောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေများကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်ညီညွတ်စေရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ဥပဒေကို ပြင်ဆင်ပြီးပါက ရှားပါးမျိုးစိတ်များ ရောင်းဝယ်ဖောက်ကားမှုကွန်ဗင်းရှင်း (Convention on International Trade in Endangered Species) ပါ အနှစ်သာရများနှင့် တစ်ပြေးညီ ဖြစ်လာ မည်။ သို့သော် ဥပဒေပြင်ဆင် ရေး ဆွဲခြင်းနှင့် အတည်ပြုခြင်း လုပ်ငန်း စဉ်တို့ကို အချိန်ယူဆောင်ရွက်ရ သဖြင့် ထိုအချိန်အတွင်း ဆင်ရိုင်းသတ်ဖြတ်ခံရမှု တားမနိုင်ဆီးမရ တိုးပွားလာမည်ကို စိုးရိမ်မကင်းဖြစ်နေ ကြသည်။

''အကာအကွယ်ပေးထားတဲ့ ကြိုးဝိုင်းနယ်မြေကိုပဲ သစ်တောဌာနက ထိထိရောက်ရောက် စောင့် ရှောက်နိုင်တာ။ အဲဒီစောင့်ရှောက်ခံ နယ်မြေပြင်ပမှာ ဆင်မုဆိုးအများစုက လှုပ်ရှားနေတာ။ ပြင်ပနယ်မြေကို ထိန်းကွပ်ဖို့ ဝန်ထမ်းအင်အား အလုံအလောက်မရှိဘူး။  ရှိတဲ့အင်အားနဲ့ ဆင်မုဆိုးတွေကို ရင်မဆိုင်နိုင်ဘူး။ ဝန်ထမ်းအင်အား အလုံအ လောက်နဲ့ အားကိုးနိုင်လောက်တဲ့ ရဲ တပ်ဖွဲ့ လိုအပ်တယ်'' ဟု စောထူးသာပိုးက ပြောပြသည်။

ခုတ်ဖြတ်လှီးယူထားသည့် ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ပွဲစားအဆင့်ဆင့်ကို ဖြတ်သန်းလျက် နောက်ဆုံးတွင် တရုတ်ပြည်သို့ ရောက်သွားသည်။ သယ်ယူရာလမ်း ကြောင်းမှာ မန္တလေးမှတစ်ဆင့် လားရှိုး၊ မူဆယ်သို့ရောက်ပြီး ခရီးဆုံးမှာ တရုတ်ပြည်ဖြစ်သည်။ မြန်မာပြည် တောင်ပိုင်း ထိုင်းသို့ သယ်ယူရာတွင် နယ်စပ်ဖြတ်ကျော် မှောင်ခိုလမ်းကြောင်း လေးခုရှိသည်ဟု ဆိုသည်။ တရုတ်နယ်စပ်တွင် တိရစ္ဆာန် အစိတ်အပိုင်း ရောင်းဝယ်ရေးကို လူဆိုး ဂိုဏ်းကြီးများက ချုပ်ကိုင်ထားသည်။ သူတို့ကို မူးယစ်ဂိုဏ်းရာဇာများက နောက်ကွယ်မှ ထောက်ပံ့ထားသည်။

 ''မှောင်ခိုလမ်းကြောင်းတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့လို တယ်။ ရန်ကုန်နဲ့ မန္တလေး လေဆိပ် တွေကလည်း တိရစ္ဆာန် မှောင်ခိုသမားတွေ လွယ်လွယ်ကူကူ အသုံးပြု လို့ ရနေတယ်။ ဆင်စွယ် အပိုင်းအစလေးတွေကို လေယာဉ်နဲ့ သယ်လို့ရနေတယ်'' WCS  မှ နည်းပညာ အကြံပေး  De Alex Diment က ပြောသည်။

တရုတ်ပြည်သို့ တစ်ထောက်နားစခန်းဖြစ်သော နယ်စပ်မြို့ မိုင်းလားတွင် ဆင်စွယ်နှင့် သင်းခွေချပ် အရေခွံများကိုတွေ့နေရသည်။ ကြံ့ချိုကို မိုင်းလားတွင် လွတ်လွတ်လပ်လပ် ရောင်းဝယ် ဖောက်ကားနေသည်ကိုတွေ့ရသည်။ ကြံ့ချိုများ သည် အိန္ဒိယမှ တရုတ်ပြည်သို့ ပို့ရန် မိုင်းလားတွင် တစ်ထောက်ဝင်နား ခြင်းဖြစ်သည်ဟု  Dr Alex Diment  က ဆိုသည်။

ရန်ကုန်မှ ဟနွိုင်းသို့ ရောက်လာသော ဗီယက်နမ်နိုင်ငံသားတစ်ဦးထံမှ ကြံ့ချို သုံးကီလိုဂရမ်ကို မကြာသေးမီက ဖမ်းဆီးရမိခဲ့သည်။ ထိုကြံ့ချိုသည် အာဖရိကမှ မြန်မာပြည် သို့ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းသို့ဆိုလျင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း မှောင်ခို ကူးရာလမ်းကြောင်းတွင် မြန်မာနိုင်ငံသည် တစ်ထောက်နားစခန်းအဖြစ် ပါဝင်နေသည်ကို တွေ့လာရသည်။

 အာရှ တစ်လွှားတွင် ၂ဝရာစု အစောပိုင်းက ဆင်အကောင်ရေ တစ် သိန်းကျော်ရှိခဲ့သော်လည်း  ၂ဝဝ၃ ခုနှစ်တွင် ကောင်ရေ လေးသောင်းမှ ငါးသောင်းအကြားတွင်သာ  ရှိတော့သည်။ အာရှဆင် အများဆုံးသည် အိန္ဒိယတွင်ရှိသည်။  မြန်မာနိုင်ငံသည် ဒုတိယလိုက်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဆင်ရိုင်းအကောင် ၁၄ဝဝ နှင့် သစ်ထုတ်လုပ်ရေး ဆင်အကောင်ရေ ၆ဝဝဝ ရှိသည်ဟု ဆို သည်။ စစ်တမ်းများအရလွန်ခဲ့သော ဆယ်နှစ်အတွင်း ဒေသအတွင်းရှိ တောဆင်ရိုင်း အကောင်ရေ သုံးပုံ နှစ်ပုံ လျော့ကျသွားသည်။

သစ်တောပြုန်းတီးမှု တားဆီးရန်အတွက် မြန်မာအစိုးရသည် ၂ဝ၁၄ တွင် သစ်ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့သည်။ အလုပ်လက်မဲ့ ဖြစ်သွားသော ဆင်များသည် မုဆိုးများ၏ သားကောင်ဖြစ်သွားရန် ပိုမိုလွယ်ကူလာသည်။

 တောရိုင်းဆင်များ ထိန်းသိမ်းကာကွယ်ရေး အသင်းပေါင်း ကမ္ဘာ ပေါ်တွင် ၅ဝ ကျော် ရှိနေပြီ ဖြစ် သည်။ ထိုအသင်းများသည် နည်းလမ်းများစွာ အသုံးပြုလျက် တော ဆင်ရိုင်း မျိုးမတုံးရေးကို ဆောင်ရွက် လျက် ရှိကြသည်။

 ဗြိတိန်တွင် ပြည်သူတစ်သိန်းထံမှ လက်မှတ်စုဆောင်းလျက် လွှတ်တော်သို့ တင်ပြကာ ဆင်စွယ် တား ဆီးပိတ်ပင်ရေး ဆွေးနွေးနိုင်စေခဲ့သည်။

နိုင်ငံရေးသမားများသည် အလွယ်တကူ လက်ခံယုံကြည်လေ့မရှိကြသူ များဖြစ်သည်။ သူတို့ သဘော ပေါက်လာစေရန် စည်းရုံးရသည်မှာ မလွယ်ကူသော်လည်း မဲဆန္ဒရှင်များ၏ လိုလားချက်များကို စိတ်ရှည်စွာ နားထောင်ကြသည်။ ကနေဒါတွင် Canada Elephanatics အသင်းသည် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းလျက် ဆင်စွယ်နှင့် ကြံ့ချို ပိတ်ပင်တားဆီးရေး ဥပဒေ ကြမ်းတစ်ရပ်ကို ရေးဆွဲနေသည်။

ထိုအသင်းအပင်းများသည် နည်းလမ်းအသွယ်သွယ်ဖြင့် ဆင်မျိုးမတုံးရေးအတွက် ဆောင်ရွက်နေကြသည်။ သို့စဉ်တိုင် အချို့အသင်းများ သည် ထောက်ပံ့ငွေ မလုံလောက်မှု ကြောင့် အခက်ကြုံနေရသည်။

အများပြည်သူ၏ လက်မှတ်ကိုစုဆောင်းလျက် ကန့်ကွက်ခြင်း၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် ခြင်း၊ နိုင်ငံရေးသမားများကို စည်းရုံးခြင်းနှင့် လူထုအသိပညာပေး လှုံ့ဆော်ပွဲများ ကျင်းပခြင်းဖြင့် ဆင်မျိုး မတုံးစေရေး ဆောင်ရွက်လျက်ရှိကြ သည်။

မျိုးတုံးလု တိရစ္ဆာန်များနှင့် ဇီဝမျိုးစိတ်များ ကွန်ဗင်းရှင်းကို နိုင်ငံ ၁၇၉ နိုင်ငံက လက်မှတ်ရေးထိုးထားသော်လည်း တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ရောင်းဝယ်ဖောက် ကားမှုသည် ပန်းပန်လျက်ပင် ရှိသေးသည်။ တစ်နှစ်လျှင် ဒေါ်လာ ၂ဝ ဘီလျံဖိုး  မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ရှိ ရွာသိမ်လေးသို့ စုံစမ်းရေးသမားများက ဝယ်သူအသွင်ယူလျက် ရောက်သွားသည်။ ဆင်သားရေစိမ်းများကို ပြုပြင်ထုပ်ပိုးနေသူက ''တစ် ဖက်ကမ်း တရုတ်ပြည်က ကျွန်တော် အော်ဒါတွေရထားတယ်။ အရင်လက ဆင်သားရေ ကီလို ၃ဝ ကျော်ပို့ ပေးလိုက်ရတယ်။ လိုသလောက် မရတော့ ကျွန်တော် ထပ်မှာထားရတယ်''

ဒုစရိုက်မြို့တော်ဟု အမည်ပေးထားသည့် တရုတ်-မြန်မာ နယ်စပ်ရှိ မိုင်းလားတွင် လောင်းကစား၊ ပြည့်တန်ဆာ၊ မူးယစ်ဆေးနှင့် ငွေကြေး ခဝါချမှုတို့ဖြင့် ပြည့်နှက်နေသည်။ မျိုးတုံးတော့မည့် တိရစ္ဆာန်နှင့် တိရစ္ဆာန် အင်္ဂါအစိတ်အပိုင်းများ အကြီးအကျယ်ရောင်းဝယ် ဖောက်ကားသော မြို့လည်းဖြစ်သည်။ အစိုးရ အာဏာသက်ရောက်မှု ကင်းလွတ်သဖြင့် တရားမဲ့ ဖြစ်ချင်တိုင်းဖြစ်နေ သော နေရာဖြစ်သည်။

စုံစမ်းထောက်လှမ်းသူများ အဖို့ လည်း အန္တရာယ်များလှသည်။ ၄င်းတို့အနက်မှ တစ်ဦးက ဒေးလီးမေ သတင်းစာအား ''ကျွန်တော်တို့က ခိုးပြီးရုပ်ရှင်ရိုက်ရတယ်။ ရောင်းနေတဲ့လူတွေက သူတို့လုပ်နေတဲ့ အလုပ်ဟာ တရားမဝင်ဘူးဆိုတာသိတယ်။ ကျွန်တော်တို့ခိုးပြီး ရုပ်ရှင် ရိုက်နေတာ မိသွားရင် မလွယ်ဘူး'' ဟု ပြောပြသည်။

ထိုသူကပင် ဆက်လက်၍ ''ကျားအရိုးစိမ်ထားတဲ့ အရက်၊ ကျား ရေ၊ မျောက်အရှင်တွေ ရောင်းနေတာတွေ့ရတယ်။ အာဖရိက ဆင်စွယ် တွေအပြင် ဆင်သားရေ တစ်ကီလို ကို  ဒေါ်လာ ၅ဝ လောက်နဲ့ ရောင်းနေကြတယ်။  ဆင်စွယ် ရောင်းချမှုပိတ်ပင်တာ တင်းကြပ်လာတော့ သူတို့က ဆင်သားရေဘက်ကို လှည့်လာ ကြတယ်''ဟု ပြောသည်။

ဆင်သားရေကို အတုံးကလေးများအဖြစ် လှီးဖြတ်ကာ ပုတီးလုံးလေးများအဖြစ် သွေးယူသည်။ ချယ်ရီရောင် ဆင်သားရေပုတီးလုံးသည် ဈေးအမြင့်ဆုံးဖြစ်သည်။ အဝါရောင် နှင့် လိမ္မော်ရောင်တို့မှာ ဈေးသိပ် မရ။ ဆင်သားရေ ပုတီးလုံး ၁၂ လုံး မှ ၁၅ လုံး အထိပါသော ပုတီး တစ် ကုံးကို ဒေါ်လာ ၁ဝဝ မှ ၁၅ဝ အ တွင်း ရောင်းချသည်။

 

အေးထွန်းမင်း

 [email protected]

Ref: Demand for elephant skin. Trunk and penis drices rapid rise in poaching in Myanmar.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.