23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
Facebook သို့မဟုတ် အန္တရာယ်တောအုပ် လူမှုမီဒီယာ

လွတ်လပ်ခြင်းကို လူသားတိုင်း နှစ်သက်ကြသည်။ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့်ကို ပို၍ပင် နှစ်သက်ကြ၏။ ထိုထက်ပို၍ မိမိအိပ်ခန်းထဲတွင် သက်သက်သာသာ လဲလျောင်းကာ နိုင်ငံကျော် ကမ္ဘာသိဖြစ်လောက်သည်အ ထိ မိမိ၏ အယူအဆ၊ ဆန္ဒ၊ အမြင်များကို ဖွင့်ထုတ်ခွင့်ရခြင်းကို ပို၍ ပို၍ပင် နှစ်သက်ကြမည်ထင်၏။

မျက်မှောက်ခေတ် လူသားတို့၏ထိုအာသာဆန္ဒကို ဖြည့်ဆည်းပေးနေသော အရာများကိုကြည့်လျှင် လူမှုကွန်ရက်လူမှုမီဒီယာသည် ရှေ့ဆုံးကရှိနေမည်မှာ အသေအချာဖြစ် သည်။

Facebook, Twitter, Youtube စသော လူမှုမီဒီယာများသည် သုံးစွဲသူ များကိုယ်တိုင် မိမိအာဘော်ကို အလွယ်တကူ ထုတ်လုပ်ကာ အွန်လိုင်းတင်ခွင့် ရခြင်းသည် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ဆောင်ကျဉ်းပေးသလို ဖြစ်လာခဲ့ပြီ။ လူမှုမီဒီယာဟုဆိုသည့်အတိုင်း ကမ္ဘာတစ်ဖက်စီ၌ နေထိုင်သူအချင်းချင်းပင်လျှင် တစ်ဦးနှင့်တစ်ဦးနှစ်ကိုယ်ကြား ပြောဆိုရင်ဖွင့်ခွင့်ရသော နည်းပညာသည် အစကောင်းခဲ့သော်လည်း အနှောင်း မသေချာတော့ပေ။

   နျူနည်းပညာသည် အစပိုင်းတွင် လူသားတို့အတွက် အားအထားရဆုံး စွမ်းအင်အဖြစ် ကန့်လန့်ကာ ဖွင့်ခဲ့သော်လည်း လူတို့၏အသုံးတွင် အန္တရာယ်အကြီးမားဆုံးဗုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။ အလားတူပင် လူအချင်းချင်း စာသား၊ ဓာတ်ပုံများကို အချိန်နှင့်တစ်ပြေးညီ ဝေငှနိုင်၊ ဆက်သွယ်နိုင်ကာ စရိုက်တူ၊ ဝါသနာတူသူစိမ်းများနှင့် အလွယ်မိတ်ဖွဲ့နိုင်ရန် ရည်ရွယ်ခဲ့သော Facebook သည်လည်း ဘေးထွက်အာနိသင်ဆိုးများဖြင့် ညစ်နွမ်းလာခဲ့လေ ပြီ။

လွတ်လပ်ခွင့်နှင့်အတူ လူတိုင်း စောင့်ထိန်းရမည့် ကျင့်ဝတ်များ ကျိုး ပေါက်သွားသည့်အခါ လူမှုမီဒီယာ သည် ပေါင်းတတ်လျှင်မိတ်ဆွေ၊ မပေါင်းတတ်လျှင် ရန်သူသဖွယ်ဖြစ်ကာ အသက်ဆုံးရှုံးသည်အထိ အန္တရာယ်များသော အွန်လိုင်းလောက သဖွယ်ဖြစ်လာခဲ့သည်။

ဇွန်လ ၁ဝ ရက်က ပါကစ္စတန်နိုင်ငံသား တိုင်မူရ်ရာဇာသည် Facebook တွင် ဘုရားသခင်ကို ရည်ညွှန်း စော်ကားသည့် မှတ်ချက်စာသားများ ရေးသားမှုဖြင့် သေဒဏ်ချမှတ်ခြင်း ခံလိုက်ရသည်။ ပါကစ္စတန်အနေဖြင့် လူမှုကွန်ရက်သုံးစွဲမှုအပေါ်တွင် အလွန်အမင်း ထိန်းချုပ်နှိပ်ကွပ်သည့် သဘောကို အထင်အရှား ပြသလိုက်ခြင်းဖြစ်၏။

Facebook ပေါ်တွင် အဓမ္မပြုကျင့်မှုများကို Live လွှင့်ခြင်း၊ သတ်ဖြတ်မှုများကို တိုက်ရိုက်ပြသခြင်းနှင့်ယှဉ်လိုက်လျှင် ရာဇာ၏လုပ်ရပ်မှာ မပြောပလောက်ပေ။ သို့သော် သေ ဒဏ်ချလောက်သော ပြစ်မှုအဖြစ်ဆုံးဖြတ်လိုက်သည့်အခါ လွတ်လပ်စွာ ရေးသားဖော်ထုတ် ခွင့်မှသည် လူ့အသက်ကို ဆုံးရှုံးစေတတ်သော လူမှုမီဒီယာ ပယောဂနာသဖွယ် ဆိုးဆိုးရွားရွား ပြောင်းလဲသွားတော့သည်။

ထိုနေ့က ပန်ဂျပ်ပြည်နယ် ဗဟာဝါပါမြို့မှ  အကြမ်းဖက် တိုက် ဖျက်ရေးခုံရုံးက အသက် ၃ဝ အရွယ် ရာဇာကို တမန်တော်မိုဟာမက်၊ သူ၏ဇနီးများနှင့် အခြားဆွေမျိုးများအပေါ် စော်ကားသည်ကို တွေ့ရှိရ သဖြင့် သေဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သောနှစ်က ရာဇာသည် Facebook တွင် မဟာမတ်အူစ်မန် ဆိုသူတင်ထားသည့် အစ္စလာမ်ရေး ရာ စကားရည်လုပွဲတွင် သူ၏အယူ အဆကို ဖွင့်ဟမိရာက အဖမ်းခံခဲ့ရ ခြင်းဖြစ်သည်။  နောက်ဆုံးတွင် စကားရည်လုပွဲကို စတင်ဖန်တီးသူ မဟာမတ်အူစ်မန်သည် အကြမ်း ဖက်မှုတန်ပြန်တိုက်ခိုက်ရေး အေးဂျင့် တစ်ဦးအဖြစ် ပေါ်ထွက်လာတော့သည်။ ထို့အတွက်ရာဇာ၏ အဖြစ် သည် အပြစ်ဒဏ်ကျစေရန် တမင် ထောင်ဖမ်းခံလိုက်သလိုပင်။ ထိုစဉ်က ပါကစ္စတန်မှ အကြမ်းဖက်မှု တန် ပြန်တိုက်ခိုက်ရေးဌာနက ရာဇာ အပါအဝင် ၁၅ ဦးခန့်ကို ဖမ်ဆီးခဲ့သည်။

ပါကစ္စတန်သည် ယဉ်ကျေးမှုနှင့် ဘာသာရေးတင်းမာမှုများ ပိုမိုများပြားလာသလို လူမှုမီဒီယာအပေါ် တွင်လည်း ယခင်ကထက် ပို၍တင်းတင်းကျပ်ကျပ် ကိုင်တွယ်အရေးယူ လျက်ရှိသည်။ ၂ဝ၁၆ ခုနှစ်က  အတည်ပြုပြဋ္ဌာန်းခဲ့သော အီလက်ထရောနစ် ရာဇဝတ်မှုကာကွယ်တား ဆီးရေး အက်ဥပဒေကို ကိုင်တွယ်ကာ ဘာသာရေး၊ နိုင်ငံရေးရာများတွင် အမြင်မတူသူများကို သံသယရှိလျှင် ရှိသလို အလွယ်တကူ ဖမ်းဆီးခွင့် ရှာဖွေခွင့်ရနေသည်။

 မေ ၂၃ တွင် ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ချောက်ဒရီနီဆာအလီခန်းက လူမှုကွန်ရက်ပေါ်တွင် ဘုရား သခင်၏ အမည်နာမတော်ကို စော်ကားသည့် Post များကို ပိတ်ပစ်မည် ဟု ကြိမ်းဝါးခဲ့သည်။ မတ်လအတွင်းကလည်း Facebook နှင့် Twitter ကို နိုင်ငံ၏ အချုပ်အချာအာဏာကို ထိ ခိုက်စေမည့်ပို့စ်များအပေါ် ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။

        Facebook သည် လူကြိုက်များသော်လည်း နိုင်ငံအသီးသီးမှ အာဏာပိုင်တို့၏ မျက်မုန်းကျိုးခြင်းကို အကြိမ်ကြိမ်ခံနေရ၏။ ဆီးရီးယား၊ တရုတ်၊ အီရန်ကဲ့သို့သော နိုင်ငံများတွင် Facebook ကို တားမြစ်ပိတ်ပင် သည်အထိ အမုန်းခံခဲ့ရသည်။ ထိုသို့ ဖြစ်ရခြင်းကို  Facebook ၏ အား နည်းချက်များကြောင့်လော၊ သုံးစွဲသူတို့၏ စရိုက်လက္ခဏာဆိုးများကြောင့်လောဟု ဆန်းစစ်ကြည့်လျှင် မုန့်လုံးစက္ကူကပ်သလို လုံးချာလည်လိုက်ကာ ဖြစ်နေတော့မည်။

Facebook သုံးစွဲသူများအကြား စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများမှ အွန်လိုင်းစွဲရောဂါအထိ ဖြစ်လာရ ခြင်း၏ အကြောင်းအရင်းခံမှာ သုံးစွဲသူများနှင့်သာ သက်ဆိုင်သည်ဆိုလျှင် သက်ဆိုင်ရာ နိုင်ငံအသီးသီးက တောင်းဆိုချက်များကို မလိုက်လျောဘဲ ထိလွယ်ရှလွယ်သည့် ပြဿနာများကို အပြည့်အဝ ဆင်ဆာဖြတ်နိုင်ခြင်း မရှိသည်ကလည်း Facebook ဘက်က အားနည်းချက်ဟု ဆိုနိုင် ကောင်းပါ၏။

ထိုင်းနိုင်ငံတွင် ဇွန်လ၁ဝ ရက် က ၃၄ နှစ်အရွယ် ဝီချိုင်းအမည်ပါ သော အမျိုးသားတစ်ဦးကို ဘုရင်မင်း မြတ်နှင့် တော်ဝင်မိသားစုများ၏ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ Facebook တွင် တင်ခဲ့သဖြင့် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်နှင့်တော်ဝင်မိသားစုတို့၏ လုံခြုံရေး၊ ဂုဏ်ဒြပ်များကို  ကာကွယ်ပေးရန်အတွက် ပြဋ္ဌာန်းထားသော Lese-majeste law သည် ထိရှလွယ်သော ဥပဒေတစ်ရပ်ဖြစ်သလို ချိုးဖောက်သူကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားခဲ့သည်။

 ၂ဝ၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ထိုင်းစစ်အစိုးရက တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေ ဖြင့် လူပေါင်း ၁ဝဝ ကျော်ခန့်ကို အမှုဖွင့်ခဲ့သည်။ မေလအတွင်းကလည်း ထိုင်းအစိုးရက သူတို့ ကန့်သတ်တောင်းဆိုထားသော အချက်အလက်ကို ဖြတ်တောက်ပြင်ဆင် ပေးခြင်းမရှိလျှင် င်္Facebook ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။ သို့သော် Facebook က ဘာမှမတုံ့ပြန်၊ အာဏာပိုင်များကလည်း ယခုအချိန်အထိ ပိတ်ချခြင်း မရှိပေ။

Facebook သည် နိုင်ငံတကာ အစိုးရအဖွဲ့အစည်းမှ တောင်းဆိုသည့် Content များအပေါ်တွင် အခါခပ်သိမ်း လျစ်လျူရှုသည်တော့ မဟုတ်ပေ။  သက်ဆိုင်ရာနိုင်ငံအလိုက် သီးခြားဆင်ဆာတည်းဖြတ်မှု များ ပြုလုပ်ပေးခဲ့သည်။

ပမာအားဖြင့် ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ရုရှားနှင့်ပတ်ပြီး “moskal” ဆိုသည့် စကားလုံးသုံးသော Content များကို အလိုအလျောက်ပိတ်ပေးခဲ့သည်။ ထို စကားလုံးသည် ၁၇၂၁ ခုနှစ်အထိ ရုရှားနိုင်ငံသားများကို  ဗန်းစကားအဖြစ် (Moskovia) ဟု ခေါ်ဆိုသုံးနှုန်း ခဲ့သည့်စကားလုံးဖြစ်ပြီး ယခုအတိုကောက်အဖြစ် ထပ်မံသုံးစွဲလာရာ ပယ်ဖျက်ခိုင်းသဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုကျ လုပ်ကိုင်ပေးခဲ့ခြင်း ဖြစ်သည်။

Facebook သည်လက်ရှိအချိန် အထိသုံးစွဲသူပေါင်း သန်းနှစ်ထောင်နီးပါးရှိပြီး နိုင်ငံတကာတွင် ဘာသာစကားပေါင်း ၇ဝ ကျော်ဖြင့် လည်ပတ်နေသည်။ ကမ္ဘာအနှံ့အပြား လူမှုကွန်ရက်ပေါ်တွင် နေ့စဉ်နှင့်အမျှ အမုန်းစကားဖြန့်ဝေမှုများ ထိန်းမနိုင်လောက်အောင် ကျယ်ပြန့်လာသောအချိန်တွင် “moskal” ကဲ့သို့ ပိတ်ပစ်ရမည့် စကားလုံးများ စွာနှင့် ရင်ဆိုင်နေရချိန်လည်းဖြစ်သည်။

ယခုနှစ် မေလပိုင်းကပင်လျှင် မြန်မာနိုင်ငံ၌ Facebook တွင် ကုလားဆိုသော အသုံးအနှုန်း သုံးထားသည့် Post ပိုင်ရှင်၏ Account အချို့ အပိတ်ခံခဲ့ရသည်။

နိုင်ငံတကာအလိုအရ အမုန်းစကားများ တားဆီးရန်ဟူသောဆန္ဒကို လိုက်လျောရာမှ ကုလား အသုံးအနှုန်းကို ပိတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် မြန်မာဘာသာတွင် ကုလားအပြင် ကုလားအုတ်၊ ကုလားထိုင်၊ ကုလားဖန်ထိုး...၊ ကုလားပဲ စသောအသုံးအနှုန်းများရှိနေသဖြင့် ထိုအမည်များပါသည့်အရာများ Facebook တင်ရန်အတွက် ကုလားနေရာတွင် အခြားတစ်ခုခု အစားထိုးရမည့် သဘောမျိုးဖြစ်လာ၍ ဝေဖန်သူ၊ ရယ်ပွဲဖွဲ့သူများ ထွက်လာခဲ့ဖူးသည်။

 နောက်ပိုင်းတွင် Facebook က မြန်မာနိုင်ငံထဲမှ NGO အချို့နှင့် လူမှုအသိုင်းအဝန်း အချို့တို့၏ အကြံပြုချက်ကို လက်ခံမိရာက ယင်းသို့အမှားမျိုးပြုလုပ်မိကြောင်းပြောကာ ပြန်လည်ပြင်ဆင်ခဲ့သည်ဟု ဒစ်ဂျစ်တယ်မီဒီယာတစ်ခုဖြစ်သော Mashable  တွင် ဖော်ပြခဲ့သည်။

 နိုင်ငံတကာရေးရာများသာမက လူမျိုးရေးမုန်တီးမှု၊ ဘာသာရေးအစွန်းရောက်မှုများ အမျိုးမျိုးကြုံတွေ့ ရင်ဆိုင်နေရသော Facebook အတွက် ယင်းသို့သော အမှားများရှိမည်မှာ မလွဲပေ။ သို့သော် Facebook သည် အမုန်းတိုက်ပွဲ စစ်ခင်းရာ အီလက်ထရောနစ်စစ်မြေပြင်တစ်ခု သဖွယ် ဖြစ်လာသည်ကိုမူ မည်သို့မျှ မတားဆီးနိုင်တော့ပေ။ အမြင်မတူ၊ ခံယူချက်မတူ၊ အကြိုက်မတူကြသူများအကြား အပြုသဘောထက် အပြစ်ဖို့အတင်းပြောရန် ပိုအားသန် လာကြသည်။

ယုတ်စွအဆုံး ပြည်တွင်းမှ နိုင်ငံရေးလောကကို စောင်းငဲ့ကြည့်လိုက်လျှင်ပင် အတိုက်အခံတို့သည် လက်ရှိကျင့်သုံး နေသည့် မူဝါဒထက် ပိုမိုကောင်းမွန်မည့်နည်းလမ်း၊ ပိုမို အဆင်ပြေစေမည့် ဖြေရှင်းနည်းများ ခင်းကျင်းဖော်ဆောင်ခြင်းဖြင့် နိုင်ငံရေးနယ်ပယ်တွင် ကျင်လည်ကာ အနာဂတ်နိုင်ငံတော်အတွက်  အကြံကောင်းဥာဏ်ကောင်းများဖြင့် တိုင်း ပြည်ကောင်းရန် တစ်ဖက်တစ်လမ်းမှ ကြံဆောင်ရမည့်အစား၊ လူမှုမီဒီယာ တွင် လူပြိန်းကြိုက် ရှုတ်ချပြစ်တင်မှုများ လှိုင်လှိုင်သုံးကာ အရာရာတွင်ကဖျက်ယဖျက်လုပ်ရန်သာ ခံတွင်း တွေ့လာကြသည်။ အချို့ဆိုလျှင် ဘာသာရေးကို အညှာလွယ်သော လက်နက်သဖွယ်အသုံးချရန် အား သန်နေကြသည်။

 နောက်ဆုံးတွင် Facebook မှ ဝေဖန်ရေး Comment များတွင် ဘက်မတူကြသူများအကြား အပြိုင်အဆိုင် ဆဲရေးတိုင်းထွာခြင်းကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပြုလုပ်နေသည်မှာ အယုတ္တ အနတ္တကျမ်းတစ်စောင် ထွက်လာနိုင်ရန်အတွက် အပြိုင်အဆိုင် ဝိုင်းဝန်းပြုစုနေကြသည့်အလား ထင်မှား ရလောက်အောင်ပင် နှုတ်သီးကောင်းလျှာပါး ဖြစ်လာကြသည်။ မူလက အမုန်းမီးလျှံအပေါ် အသစ်ထပ်ပေါ် လာသော နာကြည်းမှုလောင်စာက နိုင်ငံရေးအပူလုံးကို ပိုကြီးလာစေရန် အချိန်ပြည့် မီးမြှိုက်နေ၏။ လူမှုမီဒီယာသည် အနိဋ္ဌာရုံများ၊ ကြမ်းတမ်းသော စကားလုံးများဖြင့် တစ် ရက်ပြီးတစ်ရက် သက်ဆိုးဆက်နေ သလို ဖြစ်လာတော့သည်။ 

 လူမှုမီဒီယာသည် အသုံးရလွယ်၊ ပျံ့နှံ့မှုမြန်ဆန်လွန်းသဖြင့် အကြမ်းဖက်သမားတို့၏ သတင်းထုတ်ပြန်ရာ၊ လှုံ့ဆော်ရာ နေရာတစ်ခုစကတည်းက ဖြစ်လာခဲ့ပြန်သည်။ အစွန်း ရောက်အကြမ်းဖက်အုပ်စုများအနက် အယ်ကိုင်ဒါသည် အင်တာ နက်ကို အစောဆုံး သုံးခဲ့သည်။ နောက်ဆုံးမှပေါ်ထွက်လာပြီး အင်အားအကြီးဆုံးဖြစ်လာသည့် ISIS သည်လည်း လူမှုမီဒီယာကို တွင်တွင်ကျယ်ကျယ် အသုံးပြုချကာ ခြိမ်းခြောက်၊ ခေါင်းဖြတ်သည့် ဗီဒီယိုဖိုင်များကို ဖြန့်ဝေခဲ့ကြသည်။

 ဤနေရာတွင် ၂ဝ၁၃ မှ စတင်ကာ သုံးစွဲသူများကို ဗီဒီယိုဖိုင်များ လွတ်လပ်စွာတင်ခွင့်၊ ဖြန့်ဝေခွင့်ပြု ထားသော င်္ခေနဘသသု သည်လည်း များစွာ အဝေဖန်ခံခဲ့ရသည်။ ဗီဒီယိုဖိုင်များ မရမီ ဓာတ်ပုံသာတင်နိုင် သည့် အချိန်ကတည်းက လူ့အခွင့် အရေး ချိုးဖောက်ရာရောက်သည့် ပုံများနှင့် အခြားသော ရာဇဝတ်မှု ချိုးဖောက်သည့်ပုံများ ပြစ်တင်ဝေဖန်ခံခဲ့ ရသော Facebook သည် ဗီဒီယိုမှ တစ်ဆင့် Live ကဏ္ဍအထိ တိုးမြှင့်လိုက်သည့်အခါ တစ်ချိန်က တွေးမထင်ထားခဲ့သော ဖြစ်ရပ်ဆိုးများစွာ ထွက်ပေါ်လာတော့သည်။

၂ဝ၁၇ ဧပြီလ ၁၆ရက်က အမေရိကန်နိုင်ငံ ကလိဗ်လန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှု Facebook တင်သည့်ဖြစ်ရပ်မှာ တစ်ကမ္ဘာလုံး ထိတ်လန့်ခဲ့ကြသည်။ ထိုစဉ်က လူသတ်သမား စတိဗ်စတီဗန်သည် အသက် ၇၄ နှစ်အရွယ် ရောဘက်ဂေါ်ဒွင်ဆိုသည့် အဘိုးအိုတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သည်များ ဗီဒီယိုအဖြစ်ကိုယ်တိုင် ရိုက်ကူးကာ Facebook တွင် ပြသခဲ့သည်။  သေ နတ်သမားသည် အဘိုးအိုနှင့် မည် သည့်ရန်ငြိုး ရန်စမှမရှိဘဲ သူသတ်မည့်သားကောင်ကို ကစားစရာသဖွယ် ကျပန်းသဘောမျိုးထားကာ ရွေးချယ်ခဲ့၏။ ယင်းဗီဒီယိုကို Facebook မှ ဖျက်ချနိုင်ခြင်းမပြုမီ နှစ်နာရီ ကျော်ခန့် ထပ်ကာထပ်ကာ ထုတ်လွှင့်နေခဲ့သည်။

ကလိဗ်လန်းရဲတပ်ဖွဲ့မှ နိုင်ငံအနှံ့ ပိုက်စိပ်တိုက်ပြီး စနစ်တကျလိုက်လံရှာဖွေကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့သည်။ အခင်းဖြစ်ပြီး နှစ်ရက်အကြာတွင် လူသတ်သမားစတိဗ်သည် ပင်ဆယ်ဗေးနီးယား ပြည်နယ်တွင် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်သွားသည်။ စတိဗ်၏ နောက်ကြောင်းကို ရှာဖွေကြည့်သည့်အခါ သူသည် အွန်လိုင်းတွင် လူစိတ်ဝင်စားမှုရရှိ ရန်အတွက် ဥပဒေနှင့်မကင်းသည့် ကိစ္စများကျူးလွန်ပြီးတိုင်း တော်တော် များများကို လူမှုမီဒီယာမှ တင်ခဲ့လေ့ ရှိသည်ကို တွေ့ကြရသည်။

အလားတူပင် ၂ဝ၁၅ ခုနှစ်က လည်း ဘက်စတာ လီဖလန်နာဂန် (ခ) ဘရိုက်ဝီလျှံ ဆိုသူနှင့် အတူ အလုပ်လုပ်ခဲ့သူ နှစ်ဦးကိုသတ်ပြီး ကိုယ်တိုင်ဗီဒီယိုရိုက်ကာ Twitter ပေါ်တင်ခဲ့ဖူးသည်။

အတိတ်ဖြစ်ရပ်များကို ပြန်ငဲ့ကြည့်လျှင် ရာဇဝတ်မှု ကျူးလွန်သူများထဲမှ အချို့သည် လူစိတ်ဝင်စားမှု ရှိစေလိုသည့် အခါမျိုးတွင်အလောင်းကို အပိုင်းပိုင်းဖြတ်ကာ လူမြင်ကွင်းတွင် ပစ်ချခဲ့ခြင်း၊ နံရံ၌သွေးများဖြင့် စာရေးသားခဲ့ခြင်းများ ပြုလုပ်လေ့ရှိသည်။ နာမည်ဆိုးနှင့် ကျော်မည်ကို သိသော်လည်း လူသိထင်ရှားချင်သည့် စိတ်ကဦးဆောင်လိုက်သောအခါ  ထိုသို့သော လုပ် ရပ်မျိုးကို အပိုဆောင်း ကျူးလွန်ကြသည်ကများသည်။ သို့သော်လည်း လူမှုမီဒီယာ ထွန်းကားလာသည့် အချိန်လောက် လက်လွန်ခြေလွန်ဖြစ်ရပ်များ သိပ်မများပြားခဲ့သလို အ ချိန်တိုအတွင်း ကမ္ဘာအနှံ့ပြန့်အောင် ကျူးလွန်သူ ကိုယ်တိုင် လှစ်ဟပြနိုင် ခြင်းလည်း မရှိခဲ့ပေ။

ဖလောရီတာတက္ကသိုလ် ရာဇဝတ်မှုဆိုင်ရာဌာနမှ ပါမောက္ခရေးဆူရက်က လူမှုမီဒီယာများပေါ်မှ လူသတ်ရုပ်သံထုတ်လွှင့်မှုများကို ''ပါဖောမင့်လုပ်သောရာဇဝတ်မှုများ''ဟု အမည်တပ်ကာ သူ၏ စိုးရိမ်မှုကို ဖွင့်ဟပြောဆိုခဲ့ဖူးသည်။

သူ၏ အဆိုအတိုင်းပင် ယခင်ခေတ်ကာလများတွင် ယင်းသို့သောဖြစ်ရပ်များသည် အကြမ်းဖက်သမား များနှင့် နိုင်ငံရေး အစွန်းရောက် သမားများ ပြုလုပ်လေ့ရှိသည့် အလေ့အထ တစ်ခု ဖြစ်သော်လည်း မျက်မှောက်ကာလ အွန်လိုင်းပေါ်မှ လူသတ်မှု ဖြစ်ရပ်မှန်ရိုက်ချက်များတွင် ကျူး လွန်သူသည် လက်နက်ကိုင်အုပ်စုကလည်းမဟုတ်၊ နိုင်ငံရေးနှင့်လည်းထဲထဲဝင်ဝင် ပတ်သတ်သူများ မဟုတ်ဘဲ ထင်ပေါ်လိုစိတ်သက်သက်ဖြင့် သွေးအေးအေး လုပ်နေကြသည်မှာ ကြီးမားသည့် အန္တရာယ်တစ်ရပ် အမှန်ပင်ဖြစ်နေ၏။ ထိုထက်ပို၍ စိုး ထိတ်ဖွယ်ကောင်းသည်မှာ ၂ဝ၁၅ ခုနှစ်က ရာဇဝတ်မှုဆိုင်ရာ စူးစမ်းလေ့လာမှုများအရ လူအများကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်သည့် အစဉ်လိုက် လူသတ်သမားများ၏ စိတ်ပိုင်းဆိုင်ရာကို စူစမ်းလေ့လာ ကြည့်သည့်အခါ တိုက်ခိုက်သူသည် ထင်ပေါ်လိုစိတ်နှင့် သူ့အပေါ်လူအများက စိတ်ဝင်စားစေရန် ရည် ရွယ်ရင်းဖြစ်သည်ကို ကြောက်လန့် ဖွယ် တွေ့ရှိထားကြခြင်း ဖြစ်သည်။

 ကလိဗ်လန်းမှ အဘိုးအို အသတ်ခံရသည့် ဖြစ်ရပ်အတွက်Facebook မှ စီအီးအိုမာ့ခ်ဇူကာဘက်က ''ကျွန်တော်တို့ အနေနဲ့ အခုတစ်ပတ်မှာဖြစ်ပွားခဲ့တဲ့ ကလိဗ်လန်းက ကြေကွဲဖွယ်ဖြစ်ရပ်ကို အမှတ်ရနေမှာပါ။ Facebook အတွက် ဒီနေရာမှာ လုပ်စရာ အများကြီးရှိနေပါ တယ်။ ...ဒီလို ကြေကွဲဖွယ် ဖြစ်ရပ်တွေ ကာကွယ်တာဆီးနိုင်ဖို့လုပ်ဆောင်သွားပါ့မယ်'' ဟု ဝမ်း နည်းစကားဆိုခဲ့သည်။

သို့သော် ယနေ့ခေတ်တွင် လူတို့သည် အနိဋ္ဌာရုံကို နှစ်သက်သူအများအပြား ရှိနေသလားဟု ထင်ရလောက်အောင် Facebook, Twitter အပါအဝင် လူမှုမီဒီယာများသည် အရိုင်းဆန်သောဝါဒဆိုး လွှမ်းမိုးနေသည့် အန္တရာယ်တောအုပ်သဖွယ် ဖြစ်နေသလား မဆိုနိုင်ပေ။ ကျူးလွန်သူအပေါ်  ကြည့်ရှုသူများကလည်း ဖျော်ဖြေရေးသက်သက်သဖွယ် ရှုမြင်ကြသည်မှာ ရက်စက်ရာကျသည်ဟု ဆိုလျှင်လွန်အံ့မထင်။  ပြစ်မှုကျူးလွန်သူများက လက်ရဲဇက်ရဲနိုင်လှသလို တင်လိုက်သမျှ ပို့စ်အပေါ်တွင် သွေးအေးအေးဖြင့် တစိမ့်စိမ့်ကြည့်နိုင်ရက်အားကြသည်။ လူတစ်ယောက် ထိခိုက်နာကျင်၊ အသက်ဆုံး ရှုံးမည့်အရေးကို တစ်ချက်မျှ ဖုန်းကောက်ကိုင်ကာ သတင်းပေးရန်ပင် မေ့လျော့နေသည်က တစ်နည်းတစ်လမ်း အားပေးအားမြှောက်ပြုသလို ဖြစ်နေတော့သည်။

လွန်ခဲ့သော မတ်လက ရှီကာဂိုတွင်ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သော ဖြစ်ရပ်က သက် သေခံလျက်ရှိသည်။ ထိုစဉ်က အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်သူများက Facebook Live အဖြစ် တစ်ချိန်တည်း ပြသနေသည်ကို အွန်လိုင်းတွင် လူပေါင်း ဒါဇင်နှင့်ချီကာ ကြည့်ရှုနေခဲ့ကြသည်။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သတင်းပေး ကူညီခြင်းမပြုသည်ကို အံ့သြဖွယ်တွေ့ခဲ့ကြသည်။

Facebook Live ကဏ္ဍကို ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။ သို့သော် ထိုစဉ်က နာမည်ကျော် အနုပညာရှင်များအပါအဝင် ထင်ပေါ်ကျော်ကြားသူများအတွက် စမ်းသပ်သုံးစွဲခွင့်ပြုခြင်းသဘောမျိုးသာရှိခဲ့သည်။ ၂ဝ၁၆ခုနှစ် ဇန်နဝါရီလ ရောက်သည့်အခါ Facebook User  အားလုံး သုံးစွဲခွင့်ပြုလိုက်ရာ တစ်ကမ္ဘာလုံး အကြိုက်တွေ့ခဲ့ကြသည်။           

User များက အစတွင် Live ကဏ္ဍကို  အပန်းဖြေခရီးထွက်ချိန်၊ ပါတီပွဲကျင်းပချိန်၊ စင်တင်ဖျော်ဖြေပွဲ တစ်ခုခု ရောက်ချိန်တို့တွင် စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် အိမ်ထောင်ရေး အရှုပ်အရှင်းများကို လူသိရှင်ကြားရင်ဖွင့်ရန်အထိ အသုံးပြုလာကြသည်။ နောက်ဆုံးတွင် ရာဇဝတ်မှုများ ချပြရာ နေရာအထိ ဖြစ်လာခဲ့ပြီ။     

ထို့အတွက် Facebook Live တွင် လူတစ်ဦးတစ်ယောက် ထိခိုက် နာကျင်စေမည့် လုပ်ရပ်များ လွှင့်နေချိန်တွင် လက်မလွန်မီ အချိန်မီတားဆီးနိုင်ရန်အတွက် ပူးပေါင်းအကူအညီပေးရန် လှုံ့ဆော်မှုများ ရှိလာရသည်။ ထူးခြားဖြစ်စဉ်များ Facebook Live တွင်တက်လာချိန်တွင် ၁၉၉ သို့ဖုန်းဆက်ရန်၊ အခင်းဖြစ်ပွားရာ နေရာတွင်မြင်တွေ့ရသည့် အမှတ်အသားများ စရိုက် လက္ခဏာများ သေသေချာချာကြည့်ရှုမှတ်သားထားရန်၊ Facebook  တာဝန်ရှိသူများ သတိပြုနိုင်ရန် Report ထုရန်၊  မိမိဖုန်းတွင် Record လုပ်ထားရန် စသည့်အချက်များကို လုပ်ပေးခြင်းဖြင့် သားကောင်ဖြစ်မည့် သူများ၏ ကံကြမ္မာဆိုးကို အထိုက်အလျောက် ကူညီရာရောက်ပါလိမ့်မည်။

ထို့ပြင် တက်လာသည့် live များကို မဝေငှရန်လည်း လိုအပ်ပါလိမ့်မည်။ ထိုသို့သော လုပ်ရပ်ဆိုး များသည် လူသိနည်းသည်ကို သိလာလျှင် နာမည်ဆိုးဖြင့် ထင်ပေါ်ချင်သူတို့ လုပ်ရပ် အထိုက်အလျောက် သက်သာသွားပါလိမ့်မည်။

၂ဝ၁၅ ခုနှစ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ခြင်း၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း၊ အဆုံးစီရင်ခြင်း စသောအမှုပေါင်း ၄၅မှုအထိ Facebook Live တင်ခဲ့ခြင်းကို ကြည့်လျှင် နှစ်သက်သူများသလို ကျူးလွန်သူတို့ သဘောတွေ့ သလို ဖြစ်နေခဲ့သည်။ တစ်လလျှင် လေးမှုမျှအထိ ဖြစ်နေသည့် သဘောပင်။

ယခုနှစ်မေလတွင် စီအီးအိုမာ့ခ်ဇူကာဘက်က Facebook ပေါ်က မလိုလားအပ်သည့် ဖိုင်များစောင့်ကြည့်ရန်အတွက် လူသုံးထောင် ထပ်မံတိုးချဲ့ခန့်အပ်ခဲ့သည်။ ကမ္ဘာအနှံ့မှ အကြမ်းဖက်မှုနှင့် ရာဇဝတ် မှုများကို ကာကွယ်ရန် မူလက ဖွဲ့စည်းထားသော အဖွဲ့ဝင် ၄ဝဝဝ အပြင် လူအင်အား ထပ်မံ ဖြည့်တင်း လိုက်ခြင်းဖြစ်သည်။ ၂ဝ၁၇ ဇွန်လ ၂၈ရက်တွင် တကမ္ဘာလုံးတွင် Facebook သုံးစွဲသူပေါင်း နှစ်ဘီလီယံ ရှိသွားပြီဟု ဇူကာဘက်က ဝမ်းသာ အားရ ကြေညာခဲ့သည်။

သုံးစွဲသူများပြားလာခြင်းက ကြီးမားသည့်အောင်မြင်မှုဖြစ်သလို အန္တရာယ်ပိုများလာ သည်ဟုလည်းဆိုနိုင်သည်။ ထို့အတွက် လူမှုမီဒီယာများ စုပေါင်းကာ အကြမ်းဖက်တားဆီးနိုင်ရန် ဗှု နည်းဗျူဟာကိုပါ အသုံးပြုကာ ကြိုတင်တားဆီးနိုင်ရန် လုပ်ဆောင်ချက်များ စတင်နေပြီဟု သိရသည်။ သို့သော်လည်း open source online စနစ်ပေါ်မှ လက်သည်တရားခံတစ်ဦးဦးသည် နောက်ဆုံးတွင် ခြေရာဖျောက်ရန် မလွယ်ကူဟုဆိုနိုင်သော်လည်း သူ၏ဥာဉ်ဆိုးဖြင့် အွန်လိုင်းတင်လိုက်မည့်အရာ တစ်ခုကို အခြားမည်သူမှ မကြည့်နိုင် သေးမီ င်္ခေနဘသသု အပါအဝင် လူမူ မီဒီယာ တစ်ခုခုက အချိန်မီဟန့်တားနိုင်မည်ဆိုသည်မှာ မဖြစ်နိုင်သော အရာဖြစ်နေဆဲပင်။

ထို့အတွက် နည်းပညာတီထွင် ကြံဆသူများ၏ ပိုမိုကောင်းမွန်သော အစွမ်းအစနှင့် သုံးစွဲသူများ၏ ပိုမို ကျင်လည်သော အလေ့အထတို့၏ လွန်ဆွဲပွဲကြီးမှာလည်း အန္တရာယ် တောအုပ် လူမှုမီဒီယာတွင် ဆက် လက်ရှိနေလိမ့်ဦးမည် ဖြစ်သည်။

 

ကျော်စည်သူ (သုနန္ဒခေတ်)

Ref:

(1) Pakistan: man sentenced to death for blasphemy on Facebook

(2) Murder on Facebook spotlights rise of ‘performance crime’ phenomenon on social media

(3)    Chicago was gang-raped on Facebook Live,

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.