19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
မြို့ရိုးနှင့် ပြအိုးကို ရစ်ပတ်လာသောနဂါး

မန္တလေးမြို့၏ ဖုန်ထူထူ ထောင့်ကွေးတစ်နေရာ။ ကွမ်းတံတွေးတို့ ပေပွနေသော စင်္ကြံလမ်းတစ်လျှောက် တရုတ်လူမျိုးများ တန်းစီထိုင်နေ ကြသည်။ သူတို့ရှေ့တွင် စားပွဲခင်း အဖြူခင်းထားသည့် စားပွဲများက အစီအရီ။ မြန်မာကျောက်သမားများက သူတို့ရှေ့တွင် တိုးဝှေ့နေကြသည်။ လက်ထဲတွင် ကျောက်စိမ်းပြားနှင့် လက်ကောက်များကိုကိုင်ထားသည်။ ထိုင်နေသော တရုတ်ဝယ်လက်က လာရောင်းသော ကျောက်စိမ်းများကို အသေအချာ စစ်ဆေးကြည့်ရှုသည်။

တရုတ်ပြည်တွင် လာဘ်စားမှု အပြင်းအထန် နှိမ်နင်းနေသည့်အပြင် စီးပွားရေးကျဆင်းနေသဖြင့် မန္တလေးမြို့ လေဟာပြင် ကျောက် စိမ်း ဈေးကွက်ကလည်း အေးနေသည်။ သို့သော် ဈေးကွက်၏ သဘာဝအတိုင်း ကျဈေးကိုပင် ငြင်းခုံရောင်းဝယ်ရင်းဖြင့် ခရီးဆက်နေသည်။ တရုတ်တို့သည် တက်ဈေးဖြစ်စေ၊ ကျဈေးဖြစ်စေရသမျှ ကျောက်စိမ်းများကို သိမ်းကြုံးယူကာ တရုတ်ပြည်တွင် ပြန်လည်ရောင်းချကာ စီးပွား ဖြစ်နေကြသည်။ 

''ဒီမှာ ဈေးနေရာကလည်း ဖရိုဖရဲ၊ လုံခြုံရေးကလည်း မကောင်းဘူး။ တရုတ်ပြည်မှာဆိုရင် စီစီတီဗီတွေ နေရာတိုင်းမှာ ရှိနေတယ်''ဟု ကန်တုံမှ တရုတ်ကုန်သည်တစ်ဦးက ဆိုသည်။ တရုတ်တို့ မန္တလေးသို့ ရောက်လာခဲ့သည်မှာ ၁၉ ရာစုမတိုင်မီကတည်းက ဖြစ်သည်။ မန္တလေးရှိ ဘုံကျောင်း၏ ရက်စွဲအရဆိုလျှင် ၁၇၇၃ နှစ်ခုဟု ဆိုသည်။ အချို့က ဝန်တင်လားများဖြင့် ကုန်းကြောင်း နှင်လာသလို အချို့က သံလွင် မြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ရှမ်းပြည်မှတစ်ဆင့် ရောက်လာကြသည်။ သူတို့နှင့်အတူ ငွေထည်နှင့် ပိုးထည်တို့ ပါလာသည်။

တရုတ်တို့ ဝင်လာပုံသည် ညင်သာသည် ။ တွန်းတွန်း တိုက်တိုက်မဟုတ်။ ၁၉၄၉ ခုနှစ် တရုတ်ပြည် တွင် ကွန်မြူနစ်တို့ အောင်ပွဲခံလိုက် သည့်အခါ ကူမင်တန် တရုတ် မိသားစု အများအပြားသည် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခိုလှုံလာကြသည်။ အချို့လည်း မြန်မာ အမျိုး သား၊ အမျိုးသမီးတို့နှင့် အိမ်ထောင်ကျကာ  အတည်တကျ အခြေချကြ သည်။

ယင်းသို့ တစ်စတစ်စဝင် ရောက်လာခြင်းမှ ယခုမြို့သစ်ဟုခေါ် တွင်သည့် နေရာရှိ လမ်းကြီးလမ်း သွယ်တို့တွင် တရုတ်ပိုင်အိမ်ကြီး အိမ်ကောင်းများကိုတွေ့ရသည်။ တရား မဝင်သစ်နှင့် တွင်းထွက်ပစ္စည်းခိုး ထုတ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းတို့ဖြင့် သူတို့သည် မတန်တဆ ချမ်းသာကြွယ်ဝလာကြသည်။

၁၉၂ဝ ပြည့် ဂျော့အိုဝဲလ် မန္တလေးတွင် ခေတ္တနေထိုင်စဉ်က ရှိခဲ့သော စေတီပုထိုးများ ရှိနေဆဲဖြစ်သော်လည်း ဟောင်းနွမ်းနေပြီဖြစ်သည်။ နောက်ဆုံးအသစ်တည်ထားသော စေတီတော်ကို ကျောက်စိမ်းပြား အရောင်ဖျော့ ဖျော့ဖြင့် ဆင်ယင်ပူဇော်ထားသည်။  ကျောက်စိမ်း၏ အရေးပါမှုနှင့် ကြွယ်ဝမှုတို့ကို ဖော် ညွှန်းနေခြင်း ဖြစ်သည်။

 နေထွက်လာသည့်အခါ အုတ်သားနီနီတို့ဖြင့် စီရင်အပ်သော နန်းမြို့ရိုးသည် နေရောင် မှိန်မှိန်အောက်တွင် တင့်တယ်နေသည်။ နန်းတော်သည် ဒုတိယကမ္ဘာစစ် ကာလက ဗုံးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည်ကို ပြင်ဆင်ထားခြင်းဖြစ်သည်။ ယခုအခါ တပ်မတော် စစ်ဌာနချုပ်အဖြစ် အသုံးပြုလျက်ရှိသည်။  နေမြင့်လာသည်နှင့် ရက်ရက်စက်စက် ပူလောင် လာတော့သည်။ သက်ရှိအားလုံး ကြက်ပျောက်ငှက်ပျောက်။  လမ်းမ များတွင် လူသူကင်းမဲ့ကုန်သည်။

လူအများစုသည် လက်ဖက်ရည်ဆိုင် ရောက်ကုန်ကြသည်။ လက် ဖက်ရည်ဆိုင်များသည် ဘေးဘက် နံရံများမရှိ။ ပန်ကာများက အစွမ်းကုန်လည်လျက် အပူဒဏ်ကို အန်တုရန်ကြိုးစားနေကြသည်။ အချို့ဆိုင်များတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဘေဂျင်းမြို့တွင် တွေ့ဆုံနေသည့်ပုံကို ချိတ်ဆွဲထားကြသည်။

ဝယ်လက်က အပေါ်စီးရနေသော ကျောက်စိမ်း ဈေးကွက်အခြေအနေသည် တရုတ်-မြန်မာ ဆက်ဆံရေးကို တစ်နည်းတစ်ဖုံ ထင်ဟပ်ဖော်ပြနေသည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာ  ထွက်ကုန်များအတွက် တရုတ်သည်သာ တစ်ခုတည်းသော ဈေးကွက် ဖြစ်နေရသည်မှာ ဆယ်စုနှစ် နှစ်ခု ကျော်ကြာခဲ့ပြီ။ အာဆီယံနိုင်ငံများအတွင်း အနွမ်းပါးဆုံးဖြစ်နေသော မြန်မာပြည်တွင် တရုတ်ရင်းနှီးမြုပ်နှံမှုက အများဆုံးဖြစ်သည်။ စစ်တပ်အုပ်ချုပ်မှုမှ အရပ်သားအစိုးရသို့ ကူး ပြောင်းလာသည့်အခါ အနောက်နိုင်ငံများအတွက် တံခါးပွင့်လာသည်။ တရုတ်ကလည်း သူ၏ ခြေကုပ်ကို မြဲမြံသည်ထက် မြဲမြံစေရန် ကြိုးပမ်း နေသည်။

ဗမာပြည် ကွန်မြူနစ်ပါတီအား တရုတ်ကွန်မြူနစ်ပါတီက ထောက်ပံ့ နေခြင်းကို ၁၉၈ဝ ပြည့်လွန်နှစ်များတွင် ရပ်ဆိုင်းလိုက်သည်။ ၁၉၈၈ ခု ဆူပူအုံကြွမှုအပြီး တက်လာသော စစ်အစိုးရက ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးလာသည်။ စီးပွားရေး အမြင်ကျယ်လာသော တရုတ်များသည် မြန်မာနိုင်ငံအတွင်းသို့ ဒလဟောထိုး ဝင်ရောက်လာကာ စီးပွားရှာတော့သည်။ တရားမဝင် မူးယစ် ဆေးနှင့် ကျောက်မျက် အရောင်းအဝယ်လုပ်ငန်းတို့ သူတို့နှင့်အတူပါလာသည်။ 

အနောက်နိုင်ငံသားများအဖို့ မန္တလေးဆိုသည့် အမည်ကို ကြားလိုက်သည်နှင့် ဗြိတိသျှတို့ ဘုန်းမီး နေလ တောက်ပခဲ့သည့် ကိုလိုနီ ကာလနှင့်ယှဉ်တွဲ စိတ်ကူး ပုံဖော် မိကြသည်။ စာဆိုအကျော်အမော် 'ကပ်ပလင်'၏ မန္တလေး ကဗျာသည် သူတို့ ရင်ဝယ်စွဲလမ်းစွာ ငြိတွယ်နေသည်။ ဗြိတိသျှစာဆိုတို့သည် မန္တလေးမင်းနေပြည်ကို လွမ်းမောဖွယ် စာဖွဲ့ခဲ့ကြသည်။

သို့သော် စာဆိုတို့ ယခုအချိန် မန္တလေးသို့ရောက်လာမည်ဆိုပါက အထိတ် တလန့် ဖြစ်ကုန်ကြမည်။ သူတို့ ဖွဲ့ဆိုခဲ့သော သာမောဖွယ် မန္တလေးမြို့သည် ဂန္တလရာဇ် ယဉ် ကျေးမှုက လွှမ်းမိုးနေရာယူထားသည်ကို အံ့သြဖွယ်တွေ့ရမည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနှင့် တရုတ်တောင်ပိုင်းတို့၏ ဆက်သွယ်မှုလမ်းကြောင်း၏ ဆုံမှတ်ဖြစ်နေသောပထဝီ အနေအထားကို တရုတ်တို့က ထိရောက်စွာ အသုံးချလျက် မန္တလေးတွင် စီးပွားရှာကြသည်။ တရုတ်တို့သည် ရှိမနေသင့် သည့်အရပ်တွင် လာရောက် တန်ခိုးထွားနေကြသည်ဟု မန္တလေးမြို့သား တို့ကယူဆသည်။ မြန်မာတို့သည် ငွေရှာရာတွင်လည်းကောင်း၊ လုပ်ငန်းလုပ်ကိုင်ရာတွင် လည်းကောင်း ဖင့် နှေးသူများအဖြစ် တရုတ်အချို့က ရှုမြင်သည်။ မြန်မာအလုပ်သမား တစ်ယောက်ကို တစ်နေ့လျှင် နှစ်ဒေါ်လာခွဲသာ လုပ်အားခပေးရသဖြင့် တရုတ်တို့အဖို့ များစွာတွက်ခြေကိုက် သည်။

 ဦးဝင်းဌေးသည် မန္တလေး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌ တစ်ဦးဖြစ်သည်။ သူက ''ဒီနေရာကို ယူနန်မန္တလေးခေါ်ကြတယ်။ ဒီနေရာမှာ တရုတ်မပါဘဲ စီးပွားရေးလုပ်ဖို့ မဖြစ် နိုင်ဘူး'' ဟု ဆိုသည်။

မန္တလေးမြို့သည် တရုတ်နယ်စပ်နှင့် ကီလိုမီတာ ၂၅ဝ ကွာဝေး သည်။ ဖရဲသီးမှ အစပြုလျက် ဓာတ်မြေသြဇာ၊ သကြား၊ စက်ပစ္စည်း စသည်တို့သည် နှစ်နိုင်ငံအကြား ကုန်းလမ်းဖြင့် ရောင်းဝယ်ဖောက် ကားသော ကုန်များဖြစ်သည်။

မင်းနေပြည်ဖြစ်ခဲ့သော မန္တလေးသည် ယခင်က ရှေးရိုးသစ်သားအိမ် များသာရှိခဲ့သော်လည်း ယခုအခါ တရုတ်အစားအသောက်၊ အဝတ်အထည်၊ ဖက်ရှင်ဝတ်စုံ၊ အားကစားနှင့် လက်ကိုင်ဖုန်းဆိုင်တို့ဖြင့် စည်ကားဝေစည်နေသည်။ အားလုံးသည် တရုတ်ဆိုင်များသာဖြစ်သည်။ မြန်မာဆိုင်များ အတော်ပင်ရှားသွား သည်။

နံနက်လင်းသည်နှင့် ကျုံးပတ်လည်တွင် တရုတ်ခေတ်ပေါ်တက်ခ်နို ဂီတသံကပျံ့လွင့်လျက်။ သက်လတ်ပိုင်း တရုတ်အမျိုးသမီးများက စည်းချက်နှင့်အညီ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ကြသည်။

ယူနန် ကုန်သည်များသည် မန္တလေးကျောက်စိမ်းဈေးကွက်တွင် အဓိက ရောင်းဝယ် နေကြသူများဖြစ်သည်။ သူတို့ အများစုသည် မြန်မာ စကားပြောနိုင်ကြသည်။

တရုတ် ပြောင်းရွှေ့လုပ်သားများက ဟင်းသီးဟင်းရွက်ဈေးထဲတွင် ပျားပန်းခတ် ဈေးဝယ်လျက်။

၂ဝ၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်က တည်းက တရုတ်-မြန်မာဆက်ဆံရေးသည် အေးခဲသွားသည်။ ယခု အန်အယ်ဒီ အစိုးရ လက်ထက်တွင် ပြန်လည်နွေးထွေးစ ပြုလာသည်။ 

ရခိုင် စီးပွားရေးဇုန်လုပ်ငန်းများ စတင်ရန် တရုတ်ကုမ္ပဏီများက ခြေလှမ်းပြင် လျက်ရှိသည်။ ရခိုင် စီးပွားရေးဇုန် လုပ်ပိုင်ခွင့်ကို ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တရုတ် ကုမ္ပဏီများက ရရှိခဲ့ခြင်းဖြစ်သည်။ 

မန္တလေးမြို့တွင် နေထိုင်သူ  ၁ ဒသမ ၄ သန်းရှိသည့်အနက် ငါးရာခိုင်နှုန်းမှာ တရုတ် လူမျိုးများဖြစ် သည်ဟု တရားဝင်စာရင်းများအရ သိရသည်။ တရုတ်တို့သည် လုပ်ငန်း ကြီးများကို ပိုင်ဆိုင်ထားသည်။ ဈေးဝယ်ဗိမာန် (Shopping Mall) ၊ ကွန် ဒိုမီနီယံများ၊  ရုံးခန်းများနှင့် မင်္ဂလာမန္တလေးဟိုတယ် အပါအဝင် စီမံ ကိန်းကို ကျပ်ငွေ ဘီလျံ ၂၂ဝ ရင်းနှီးလျက် မြန်မာပြည်ဖွား တရုတ်အနွယ်ဝင် ဦးကျော်ကျော်ဝင်းက အကောင်အထည် ဖော်လျက်ရှိ သည်။

မန္တလေးမြို့တွင် အခြေချနေထိုင်သူ တရုတ်အနွယ်ဝင်အများစုသည် ယူနန်ပြည်နယ်မှ ရောက်လာသော ၄င်းတို့ ဘိုးဘွားမိဘများမှ ဆင်းသက်လာသော ဒုတိယနှင့် တတိယမျိုးဆက်များ ဖြစ်ကြသည်။ တရုတ်မျိုးနွယ်စုများ တိုးပွားလာခြင်း သည် အများက ဂရုပြုမိလာသည်။ စစ်တပ်က အုပ်ချုပ်နေစဉ် ကာလ တွင် လာဘ်ထိုးပြီး နိုင်ငံသားအဖြစ် ရယူခဲ့သည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။ ၄င်းတို့၏ လုပ်ငန်းများကြီး ထွားလာခြင်း၊ အထင်ကရနေရာများကို ပိုင်ဆိုင်လာခြင်းတို့ကလည်း ထောက်ပြစရာ ဖြစ်နေသည်။

တရုတ် နှင့် မြန်မာ အသိုင်းအဝိုင်းအကြား ပွတ်တိုက်မှုများ ရှိနေ သည်။ အသက် ၆၉ နှစ်အရွယ်ရှိပြီး ယခင်က လက်ဝဲသတင်းစာထုတ်ဝေ ခဲ့သူ ဦးကျော်ဇံလှက ''အသစ် ရောက်လာတဲ့ တရုတ်တွေက ကျုပ်တို့ ယဉ်ကျေးမှုကို သြဇာလွှမ်းမိုးဖို့ လုပ်နေကြ တယ်။ ဘုရားနဲ့ဘာသာရေး အသင်းအပင်းတွေကို ငွေလှူတယ်။ မြန်မာ့ ယဉ်ကျေးမှုမှာ လူကြီးသူမ၊ ဆရာနဲ့ ဘုန်းတော်ကြီးတွေကို ရိုသေရတယ်။ ဒီကောင်တွေက ရိုသေရ ကောင်းမှန်း မသိတဲ့ကောင်တွေ'' ဟု ပြောသည်။

''ဒီကောင်တွေက မှတ်ပုံတင်ကို အကျင့်ပျက်လာဘ်စားတဲ့ အရာရှိတွေဆီက ဝယ်ယူတယ်။ ၁၉၈၄ ခုနှစ်မှာ မန္တလေးမီးလောင်တော့  အိမ်ကြီး အိမ်ကောင်းတွေ ကုန်တာပဲ။ ပြန်ဆောက်ဖို့ မြန်မာတွေမှာ ငွေမရှိဘူး။ တရုတ်တွေအတွက် အကွက် ကောင်း ဖြစ်သွားတယ်။ မီးလောင်မြေက အကွက်တွေကို သူတို့က ဈေးပေါ ပေါနဲ့ဝယ်တယ်။ အသစ်ရောက်လာတဲ့ တရုတ်တွေအပေါ် မြန်မာတွေက အမြင်မကြည်ဘူး။ ညစ်တဲ့ကောင် တွေလို့ပဲ မြင်ကြတယ်'' ဦးကျော်ဇံလှ က ပြောသည်။

တရုတ် ကွန်မြူနစ်တော်လှန်ရေး ကာလက ထွက်ပြေးလွတ်မြောက်လာ သော ကူမင်တန် တပ်မှူးများ၏ သားသမီးများသည် ယခုအခါ အသက် ခြောက်ဆယ်ကျော်အရွယ်သို့ ရောက်ကြပြီ။ ၄င်းတို့အနက် ဦးရွှေသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ နံနက်ခင်း နေရောင်ခြည်အောက်တွင် 'တိုင်ချိ' ကစားသော တရုတ်များ တွင် ဦးရွှေလည်း ပါဝင်သည်။

စပို့ရှပ်လက်တို၊ ဘောင်းဘီကိုဝတ်ကာ လက်တစ်ဖက်တွင် တရုတ် ယပ်တောင် အခြားတစ်ဖက်တွင် ငွေဓားကိုကိုင်လျက် ဦးရွှေက ဟန်ပါပါ တိုင်ချိကစားသည်။  လက်ဆွဲ အသံချဲ့စက်မှ တရုတ်သီချင်းက ကျယ်လောင်စွာ ပေါ်ထွက်လာနေသည်။ မန္တလေးမြို့သည် တရုတ်တို့၏ ဌာနေသဖွယ်ဖြစ်နေသည်။ သဘာဝအရ လူမျိုး နှစ်မျိုးအကြားပွတ်တိုက် မှုများရှိလာသည်။

သတ္တု စက်ရုံပိုင်ရှင် မစ္စက်ဆူက ''ကျွန်မ စက်ရုံမှာ မြန်မာအလုပ်သမားတွေ အများကြီးပဲ။ သူတို့က ပျော်ပျော်နေ သေခဲတယ်ဆိုတဲ့ လူမျိုးတွေပဲ။ လူ့ဘဝဆိုတာ ကံကံ၏အကျိုးပဲ လို့ယူဆထားတော့ ဘဝမှာ ဖြစ်ပျက်လာသမျှကို လက်ခံထားကြ တယ်''ဟု သူမ၏ လေသံတွင် အ ထင်သေးမှုတို့ပါနေသည်။

ပပလွှားလွှားဝတ်စားနေထိုင်မှု ကြောင့် မြန်မာတို့က သူတို့အား မကြည်လင်သည် ကို တရုတ်များက လည်း သိကြသည်။ ၁၉၆၇ ခုနှစ်က ကဲ့သို့ တရုတ်-မြန်မာ အရေးအခင်း ဖြစ်လာမည်ကို တရုတ်တို့က စိုးရိမ် ကြသည်။

တရုတ်လုပ်ငန်းရှင် မစ္စတာချန်းက ''မွတ်ဆလင် ဘာသာဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တုန်းက ကျွန်တော်တို့ တရုတ်တွေ အတော် သတိ ထားနေရတယ်။ ထိပ်တိုက်ရင်ဆိုင် မတွေ့ဖို့၊ ပပလွှားလွှား မနေကြမထိုင်ကြဖို့ တရုတ်ကျောင်းသား တွေကို သတိပေးထားရတယ်။ မင်္ဂလာဆောင် တွေမှာလည်း ဘလူးလေဘယ်အစား၊ 'ရက်' ဒါမှမဟုတ် ဘလက်လေဘယ်ပဲ သောက်ကြဖို့ပြောထားရတယ်။ မင်္ဂလာဆောင်မှာ သုံးတဲ့ ကားတွေလည်း မျက်စိနောက်အောင် မများဖို့။ အရင်ကဆို ကားအစင်းငါးဆယ် ရှိတယ်၊ အခု ၁၆ စင်းလောက်နဲ့ပဲ လုပ်တယ်'' ဟု ဆိုသည်။

 တတိယမျိုးဆက် တရုတ်အနွယ်ဝင် မစ္စတာ ရန်ချောင်မြင့် (Mr Yang Choung Myint) သည် မန္တလေး-ယူနန်တရုတ်အသင်း (Mandalay Chinese Yunnan Association) ၏ ဒုတိယ ဥက္ကဌ ဖြစ်သည်။''ကျွန်တော်တို့ကို ဒီမှာ တရုတ်လို့ ခေါ်တယ်။ ယူနန်ရောက် သွားတော့ ကျွန်တော်တို့ကို နိုင်ငံခြား သားလို့ ပြောကြပြန်တယ်''ဟု သူက ပြောသည်။

တရုတ်တို့ ချမ်းသာကြွယ်ဝလာမှုကြောင့် မလိုတမာ ဖြစ်လာကြသလို၊ တရုတ်တို့၏ အရည်အသွေး ညံ့ဖျင်းသော ပစ္စည်းများ အလုံးအရင်းနှင့် ဝင်လာမည်ကိုလည်း နယ်မြေခံများက စိုးရိမ်ကြသည်။ ထို့အတူ သဘာဝပတ်ဝန်းကျင်ကို ညစ်ထေးစေသော နည်းပညာယူလာမည်ကိုလည်း ရတက်မအေးကြ။ ''ဒီလူတွေက သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့ကောင်တွေ မဟုတ်ဘူး'' ဟု ဧည့်လမ်းညွှန် မျိုးနိုင်စိုးက သတင်းထောက် ကို ပြောပြသည်။

''ဒီလူတွေက မန္တလေးဇာတိ မဟုတ်ဘူး။ မြန်မာတွေရဲ့ လူမှုရေးတန်ဖိုးနဲ့ ယဉ်ကျေးမှုဟာ တရုတ်ယဉ်ကျေးမှု သြဇာရိပ်အောက်ကို ရောက်သွားမှာ လူတွေက စိုးရိမ်နေကြတယ်။ သူတို့ရောက်လာတဲ့အ တွက် ကောင်းတာရှိသလို၊ ဆိုးတာလည်း ရှိတာပဲ။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာတာတော့ အမှန်ပဲ''ဟု မန္တလေးမြို့နေ ရှေ့နေဦးထွန်းလွင်က ထင်မြင်ချက်ပေး သည်။

တရုတ်တို့သည် ပဋိသန္ဓေပါ ပြောင်းလွယ် ပြင်လွယ် စရိုက်ကြောင့် လည်းကောင်း၊ စီးပွားဖြစ်ထွန်းမှု တစ်ခုတည်းကိုသာ အာရုံထား ဆောင်ရွက်လေ့ရှိသဖြင့်လည်းကောင်း မည်သည့် အသိုင်းအဝိုင်းတွင်မဆို အလွယ်တကူ ပျော်ဝင်နိုင်သည်။ ထို အချက်ကြောင့်ပင် ကမ္ဘာအနှံ့ခြေ ဆန့် ပျံ့နှံ့နိုင်ခြင်းဖြစ်သည်။

''တရုတ်တွေ လုပ်တဲ့ ရင်းနှီးမြုပ်နှံမှု အမျိုးအစားကို မြန်မာနိုင်ငံက လိုအပ်နေတယ်။ မြန်မာကလည်း တရုတ်ကို လိုအပ်နေတာပဲ'' ဟု ဂျော့တောင်း တက္ကသိုလ်ရာသက်ပန် ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က ဆို သည်။

တရုတ် ကုမ္ပဏီ တစ်ခုက  နေစွမ်းအင်စက်ရုံ တည်ဆောက်ရန် အဆိုပြုလာခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က စထရိတ်တိုင်း သတင်းထောက် အား ''ဆိုလာပြားမှာ အရည်အသွေးက သိပ်အရေးကြီးတယ်။ ဒါကြောင့် ကျွန်တော်က အလျင်စလို မဆုံးဖြတ်ပါဘူး။ တရုတ်တွေ အလုံးအရင်းနဲ့ ဝင်လာတာကို ကျွန်တော်ခွင့်မပြုပါဘူး။ ဒေသခံလုပ်ငန်းရှင်တွေ အပါအဝင် အားလုံးအတွက် အခွင့်အရေး တန်းတူရည်တူရှိရပါ့မယ်''ဟု ပြော သည်။

အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်း၊ တိုက်ရိုက်ယာဉ်ထိန်းစနစ် (Real-Time Traffic Control system) နှင့်  ဖိုင်ဘာကွန်ရက် တည်ဆောက်ခြင်းတို့ကို အချိန်ယူ အကောင် အထည်ဖော်သွားမည်ဟု ဒေါက်တာရဲလွင်က သတင်းထောက် အား ပြောပြသည်။

 မန္တလေးရှိ တရုတ်များသည် တရုတ်နှင့် မြန်မာအကြားဆက်ဆံမှု ပိုမို နွေးထွေးလာရန် မျှော်လင့်နေကြ သည်။ ''တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်လာရင် ဒေသခံ မြန်မာတွေလည်း အကျိုးရှိလာမယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ကို မလိုမုန်းထားဖြစ်ကြတော့မှာ မဟုတ်ဘူး'' ဟု ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများ အကူ အညီပေးရေးဌာန (The Mandalay Overseas Chinese Service Centre.) ဒါရိုက်တာ ဦးမြင့်နိုင်က ပြောဆိုသည်။

အေးထွန်းမင်း

[email protected]

Ref: China’s deepening imprint on Myanmar in Mandalay

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.