23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ကိုလိုနီလက်သစ် ဂန္ဒလရာဇ် လက်မည်းကြီး

အာဖရိကတိုက် နမီးဘီးယားနိုင်ငံ ဝေါဗစ်ဘေး Walvis Bay။ ရှန်ဟိုင်း၏ မဟူရာညများဟု ဆိုင်းဘုတ်တင်ထားသည့် စားသောက် ဆိုင်အတွင်း သက်လတ်ပိုင်း တရုတ်ခြောက်ယောက် နေ့လယ်စာ အားပါးတရစားနေသည်။ ၄င်းတို့ထဲတွင် ဆိုင်ရှင်ဖြစ်သူ ဂျိမ်းရှန်နှင့် ဇနီးသည် ရို့စ်တို့လည်းပါဝင်သည်။ ဂြိုလ်တုမှ တစ်ဆင့် ထုတ်လွှင့်နေ သော တရုတ်အစိုးရ ရုပ်မြင်အစီအစဉ်  (CCTV-4) က ပြည်သူ့လွတ် မြောက်ရေး တပ်မတော်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနေသည်။ တစ်ချက်တစ်ချက် ရုပ်မြင်သံကြားမှ ထွက်ပေါ်လာသော ပေါက်ကွဲသံ များကြားရတိုင်း ငါတို့ တရုတ်ကွဟု သူတို့က ထအော်ကြသည်။

ဂျိမ်းရှန်တို့ လင်မယားနှစ်ယောက်သည် လွန်ခဲ့သောအနှစ်နှစ် ဆယ်က အာဖရိကတိုက်တွင် ပထမဆုံး အခြေချလာသော တရုတ်အုပ်စုများတွင် ပါလာခဲ့သည်။ ထိုမှစလျက် သူတို့သည် တရုတ်ပြည်သို့မပြန်ကြတော့။ တရုတ်လူမျိုးများသည် အခြားနိုင်ငံများတွင် ပြောင်းရွှေ့အခြေချနေကြသည်မှာ သမိုင်းနှင့်ချီကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဆိုက်ဘေးရီးယားရေခဲပြင်မှသည် တောင်အမေရိက သတ္တုတွင်းများအထိ တရုတ်ကုန်သည်များကို တွေ့နေရသည်မှာ အဆန်းမဟုတ်တော့။

ကမ္ဘာအရပ်ရပ်တွင် ပြောင်းရွှေ့ အခြေချနေထိုင်ကြသည့် အခြားသော တရုတ်လူမျိုးများနည်းတူ ဂျိမ်းရှန်တို့မောင်နှံသည် တိုလီမိုလီ ဆိုင်လေးတစ်ဆိုင်ကို စဖွင့်သည်။ တရုတ်ပြည်မှ ကုန်သေတ္တာဖြင့် ရောက်လာသော အပေါစားအဝတ်အစား၊ ဖိနပ်၊ လက်ကိုင်အိတ်တို့ကို ရောင်းချသည်။ ကုန်စုံဆိုင်လေးတစ်ဆိုင်မှ စတင်ခဲ့သော သူတို့ မောင်နှံသည် ယခုအခါ စားသောက်ဆိုင်၊ ဟိုတယ်၊ ကာရာအို ကေဘား ၊ အနှိပ်ခန်းနှင့် အထွေထွေ ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်သည်။

တနင်္ဂနွေနေ့များတွင် ဝေါဗစ်ဘေးတရုတ်တန်း၌ အာဖရိကသားတို့ ကြိတ်ကြိတ်တိုး ဈေးဝယ်ကြသည်။ နိုက်ကီဖိနပ်အတု၊ ပလပ်စတစ်ကစားစရာ၊ ဆိုလာပြားနှင့် လက်ကိုင်ဖုန်းတစ်ပတ်ရစ်များသည်အရောင်းရဆုံး ပစ္စည်းများဖြစ်သည်။

ပစ္စည်း အရည်အသွေး ညံ့ဖျင်းမှုကို ဝေဖန်မှုများရှိသော်လည်း ထိုပစ္စည်းများသည်ပင် အရောင်းရဆုံးဖြစ်နေ သည်။ ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဝူကျန်းရှန်က ''ကျွန်တော် ဒီရောက် မလာခင်က နမီးဘီးယားကလေးအများစုဟာ ဖိနပ်တောင်ဝယ်မစီး နိုင်ရှာဘူး။ လူတွေလိုအပ်တာတွေကို ကျွန်တော်တို့က ဈေးပေါပေါနဲ့ရောင်းပေးတော့ အခုဆိုရင် ကလေး တိုင်း ဖိနပ်စီးနိုင်ကြတယ်'' ဟု ပြော သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က နမီးဘီးယားသို့ လာရောက် အခြေချ နေထိုင်သူ 'ဂျက်ဟွမ်' သည် အန်ဂို လာ နယ်စပ်ရှိ ငိုက်မြည်းနေသော 'အို ရှီးကန်ဂို' (Oshikango)  မြို့လေးကို ကြက်ပျံမကျစည်ကားစေရန် စွမ်းဆောင်ခဲ့သည်။ တရုတ်ကုန်စည်တို့ ရောင်းဝယ်ဖောက်ကားရာ ဗဟိုချက်မဖြစ်လာသည်။ ရေနံသယံဇာတဖြင့် ဝင်ငွေကောင်းလာသော အန်ဂိုလန်တို့သည် စတီရီယိုဖွင့်စက်၊ လေးဘီးယက် ဇိမ်ခံကားများစသည်တို့ကို 'အိုရှီးကန်ဂို'တွင်လာရောက်ဝယ်ယူကြသည်။ ကျသင့်တန်ဖိုးကို အမေရိကန်ဒေါ်လာဖြင့်သော်လည်းကောင်း၊ စိန်ရိုင်းတုံးများဖြင့်သော်လည်းကောင်း ပေးချေကြသည်။

 ရေနံဈေးထိုးကျသွားသောအခါ 'အိုရှီးကန်ဂို'မြို့သည် တစပြင်ပမာ ခြောက်သွေ့သွားသည်။ ထိုအခါဂျက်ဟွမ်သည်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ ကိုတည်ထောင်လျက် သတ္တု တူးဖော်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလျက်လုပ်ငန်းကို အသွင်ပြောင်းလိုက်သည်။ တစ်ဆက်တည်းတွင် ယူရေနီယမ်သိုက်များကို တွေ့ရှိလာသည်။

 နမီးဘီးယား ထိပ်သီးနိုင်ငံရေးသမားများနှင့် အဆက်အသွယ်ကောင်းသဖြင့် သူ့လုပ်ငန်းများက လျင်မြန်စွာ အကျိုးဖြစ်ထွန်းလာ သည်။ နမီးဘီးယားနိုင်ငံကို တည် ထောင်သူများတွင် ပါဝင်သော တော်လှန်ရေးသမား တစ်ဦးဖြစ်သည့် 'ဆမ် နဂျိုမား' သည် ဟွမ်နှင့် အလွန်ရင်းနှီးသူဖြစ်သည်။

''ဆမ်နဂျိုးမားဟာ ကျွန်တော့်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ပါပဲ'' ဟု မကြာခဏ ဟွမ်က ဂုဏ်ယူဝင့်ြ<ွကား စွာ ပြောလေ့ရှိသည်။ ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတလောင်း 'ဟိတ်ဂျင်ဘို' ၏ ပါတီသို့ ရန်ပုံငွေ နမီဘီးယားဒေါ်လာတစ်သန်း (အမေရိကန် ဒေါ်လာ ၉ဝဝဝဝ) လှူဒါန်းသည်ဟု သတင်းများပေါ်ထွက်ခဲ့သည်။ သို့သော် ဟွမ်က ထိုသတင်း ကို ငြင်းဆိုသည်။

ဟွမ်တည်ထောင်ထားသည့် နမ်ဘီးယား-တရုတ်ချစ်ကြည်ရေးအသင်း (Namibia-China Loving Heart Organization)က ခုနစ်နှစ်တာကာလအတွင်း  အမေရိကန် ဒေါ်လာနှစ်သန်းကို နမီးဘီးယား ပြည်သူများအတွက် ကူညီထောက် ပံ့ခဲ့သည်ဟုဆိုသည်။ ထိုထောက် ပံ့ငွေဖြင့် နမီးဘီးယား ကျောင်းသားများသည် တရုတ်ပြည်တွင် ဆေးသိပ္ပံတက်ရောက်ကြသည်။ ဟွမ်၏ထောက်ပံ့ငွေများသည် အမှန်လိုအပ်သော ဆင်းရဲသားများမရဘဲ အာဏာရှိ အသိုင်းအဝိုင်းမှ ကလေးများသာ ခံစားကြသည်ဟု ဝေဖန်သူများက ဆိုသည်။

 ဟွမ်နှင့် အာဏာရှိအသိုင်းအဝိုင်း ပတ်သက်နေမှုတို့မီဒီယာများတွင် ယမန်နှစ်က ပေါ်ထွက်လာသည်။ အိမ် ခြံ မြေလုပ်ငန်းတွင် ရှယ်ယာအများစုကို  ဟွမ်က ပိုင်ဆိုင်ထား သော်လည်း ကျန်ရှယ်ယာများကို သမ္မတ'ဟိတ်ဂျင်ဘို' မိသားစုနှင့် ဇနီးဟောင်းများက ရယူထားသည် ဟု ဆိုသည်။ လုပ်ငန်းများတွင် သူကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း မရှိကြောင်း  'ဟိတ်ဂျင်ဘို'က ငြင်းဆိုသော်လည်း နိုင်ငံခေါင်းဆောင်တစ်ယောက်၏ ရိုးသားဖြောင့်မတ်မှုကို မေးခွန်းထုတ်စရာဖြစ်လာ သည်။

ဟွမ်၏ မိတ်ဆွေများက ''ဟေ့ လူ မီးနားသိပ်မကပ်နဲ့ မီးဟပ်သွား လိမ့်မယ်''ဟု သတိပေးကြသည်။ နောက်ပိုင်းတွင် ဟွမ်နှင့်သမ္မတတို့သည် တွဲလျက်သား လူမြင်မခံတော့။

နမီးဘီးယားတွင် တရုတ်နိုင်ငံသားမည်မျှ ရှိနေသည်ကို အတိအကျမသိကြ။ သတင်းသမားများ၏ တူးဆွမှုကြောင့် မနေသာတော့ဘဲ ပြည်ထဲရေးဌာနက တရုတ်နိုင်ငံသား အရေအတွက်ကို ထုတ်ပြန်ကြေညာရတော့သည်။ ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်း တွင် ပြည်ထဲရေးဌာန၏ ထုတ်ပြန် ချက်အရ နမီးဘီးယားတွင် တရုတ် နိုင်ငံသား တစ်သိန်းရှိသည်ဟု သိရသည်။ နမီးဘီးယားလူဦးရေ၏ ၄ ရာခိုင်နှုန်းဖြစ်သည်။

  ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အများဆုံးပြောင်းရွှေ့ဝင်ရောက်လာသူများမှာ မျိုးဆက်သစ် တရုတ်လူငယ်များဖြစ်သည်။ သူတို့သည် ခေတ်ပညာတတ်များဖြစ်ပြီး အတွေ့အကြုံနှင့် ငွေကြေးရှာဖွေရန် ရောက်လာကြခြင်း ဖြစ်သည်။

'ရွှန်းဟောင်'သည် အီလက်ထရွန်နစ် အင်ဂျင်နီယာဖြစ်သည်။ ရှန်ဆီပြည်နယ် ကျောက်ဂူအတွင်း မွေးဖွားကြီးပြင်းလာသူ ဖြစ်သည်။ သူမွေးဖွားရာ ရွာလေးမှာပင် တစ် သက်လုံးနေထိုင် ခေါင်းချသွားရမည့် ဘဝဖြစ်သည်။ ပြင်ပကမ္ဘာဆိုသည်ကို စိတ်ပင်မကူးခဲ့။ ကံကောင်းထောက်မစွာ သူတက္ကသိုလ်ဝင်ခွင့်ရပြီး ဘွဲ့ရသည့်အခါ ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ဝင်သည်။ လစာမှာ ဒေါ်လာငါးရာ ဖြစ်သည်။ အိမ်ငှားခတစ်လ ၁၅ ဒေါ်လာပေးပြီး ကျန်ငွေဖြင့် ခြိုးခြံနေထိုင်ကာ ငွေစုသည်။ မည်မျှပင်စုဆောင်းသည်ဖြစ်စေ တိုက်ခန်းတစ်ခန်းဝယ်နိုင်ရန် အလှမ်းဝေးလှသည်။ အိမ်ထောင်ပြုရန် တိုက်ခန်းရှိရမည်။

 မိသားတစ်စု ကလေးတစ်ယောက်ပေါ်လစီကြောင့် တရုတ်ပြည်တွင်း ဇနီးလောင်းရှားပါးသည်။ နေထိုင်စရာမရှိလျင် ဇနီးလောင်းရှာ၍ရမည်မဟုတ်။ ထို့ကြောင့် တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ထားရန် မဖြစ်မနေလိုအပ်သည်။ သို့သော် ကျောက်ဂူထဲ တွင် ကြီးပြင်းလာရသော ရွှန်းဟောင်အဖို့ တိုက်ခန်းပိုင်ဆိုင်ရန် အိပ်မက် ပင် မမက်နိုင်။

အာဖရိကတိုက်တွင် သွားရောက်လုပ်ကိုင်မည်ဆိုပါက တစ်လဒေါ်လာ ခြောက်ထောင်ရမည်ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက ကမ်းလှမ်းလာသည်။ လူကုန်ကူးမည့် အလိမ်အညာအလုပ်ဟုဆိုကာ ရွှန်းဟောင်က ငြင်းလိုက် သည်။

သို့သော် အန်ဂိုလာတွင် တစ်လ ဒေါ်လာ ငါးထောင်ဖြင့် သွားရောက် လုပ်ကိုင်ရန် သူက ကန်ထရိုက် လက်မှတ်ထိုးလိုက်သည်။ ထိုလစာသည် သူလက်ရှိရရှိနေသော လစာ၏ ဆယ်ဆဖြစ်သည်။ တစ်နှစ်ကြာလုပ်ကိုင်ပြီး တရုတ်ပြည်သို့ ပြန်ကာ တိုက်ခန်း တစ်ခန်းဝယ်ကာအိမ်ထောင်ပြုလိုက်သည်။ တစ်နှစ်အကြာတွင် သမီးတစ်ယောက်မွေးဖွားသည်။

  ရွှန်းဟောင်သည် အာဖရိကတွင် ၁၅ လ အလုပ်လုပ်ပြီးမှ အိမ်ပြန်ခွင့် တစ်လရသည်။ သမီးက သူ့ကိုကောင်းကောင်းမမှတ်မိ။ ဇနီးနှင့်သမီးတို့က အန်ဂိုလာသို့ လိုက်လာပြီး တစ်နှစ်ခန့်နေထိုင်ကာ တရုတ်ပြည်သို့ ပြန်သွားကြသည်။

သူ့အခက်အခဲမှာ မိသားစုနှင့် တစ်သက်လုံး ခွဲခွာနေရမည်ကဲ့သို့ဖြစ်နေသည်။ တရုတ်ပြည်သို့ ပြန်သွားပါက ယခုရနေသော လစာမျိုးမရနိုင်သဖြင့် အခက်တွေ့နေသည်။

၂ဝဝဝ ပြည့်လွန်နှစ်များတွင် အဆမတန်ကြီးထွားလာနေသော စီးပွားရေးယန္တရား စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရန် တရုတ်အစိုးရ ပိုင် ကုမ္ပဏီတို့သည် ကမ္ဘာအရပ် ရပ်ရှိ သယံဇာတသိုက်များကို သိမ်းကျုံးဝါးမြိုနေရသည်။ ပီရူးမှ ကြေးနီ၊ ပါပူးဝါးနယူးဂီနီမှ နီကယ်၊ သြစတေးလျမှသံရိုင်းတို့သည် တရုတ်ပြည်သို့ တသွင်သွင်စီးဝင်လျက်ရှိသည်။ လွန်ခဲ့သောဆယ်နှစ်အတွင်း အာဖရိကတိုက်ရှိ သတ္တုတွင်းများတွင် တရုတ် ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် ၂၅ ဆ မြင့်တက်ခဲ့သည်။ ၂ဝဝ၆ ခုနှစ် တွင် တရုတ်က ရင်းနှီးမြုပ်နှံထားသော သတ္တုတွင်း လက်တစ်ဆုပ်စာသာရှိ သော်လည်း ၂ဝ၁၅ ခုနှစ်တွင် သတ္တု တွင်းပေါင်း ၁၂ဝ ကျော်သွားသည်။

သို့သော် ရုတ်တရက် နှေးကွေးသွားသော စီးပွားရေးကြောင့် သယံဇာ တ ဈေးနှုန်းများ ရုတ်ခြည်းထိုးကျသွားသည်။ တရုတ်သည် တင်သွင်းနေကျ သတ္တုရိုင်းပမာဏကိုလျှော့ချလိုက်ရသည်။ သြစတေလျားအနောက်ပိုင်း  သံရိုင်းတွင်းဆိုလျှင် ရပ်ဆိုင်းလုနီးပါး ဖြစ်သွားသည်။ ဇမ်ဘီယာရှိ ကြေး နီတွင်းနှင့် တောင်အာဖရိကရှိ သံရိုင်း တွင်းတို့ကို ပိတ်လိုက်ရသည်။

 ၂ဝ၁၁ ခုနှစ် ဂျပန်နိုင်ငံ ဖူကူရှီမာ အနုမြူဓာတ်အားရုံ ယိုစိမ့်ပြီးနောက် ယူရေနီယမ်ဈေးသည် ထက်ဝက်မကကျဆင်းသွားသည်။ ထို့ ကြောင့် နမီးဘီးယားရှိ ယူရေနီယမ် တွင်း နှစ်တွင်းကို ရပ်ဆိုင်းလိုက်ရ သည်။ လက်ဝယ်ရှိ ယူရေနီယမ်များ ကို တရုတ်ပြည်သို့ ပြန်လည်ရောင်းချရသည်။ အစိုးရအဖွဲ့အစည်း အချင်းချင်း ရောင်းချသည့်အတွက် ဈေးအနည်းအများကို ထည့်တွက်စရာမလိုတော့။ ယူရေနီယမ်များကို တရုတ်က လက်ဝယ်စုဆောင်း အသုံးပြုခြင်းဖြင့် တရုတ်သည် ကမ္ဘာ့အနုမြူ စွမ်းအင်နိုင်ငံတစ်ခုဖြစ်လာရန် ကြိုး စားနေသည်ဟု ယူဆနိုင်သည်။

 လောလောဆယ် တရုတ်ပြည်တွင် သုံးစွဲနေသောစွမ်းအင်၏ ၈၈ ရာခိုင်နှုန်းသည် ရုပ်ြ<ွကင်းလောင်စာမှရရှိပြီး၊ တစ်ရာနှုန်းသာလျှင် အနု မြူစွမ်းအင်မှ ရရှိသည်။ နေ၊ လေနှင့် ရေအားလျှပ်စစ်တို့မှ ၁၁ ရာခိုင်နှုန်း ကို ရရှိသည်။ ကမ္ဘာပေါ်တွင် ကာ ဘွန်ဓာတ်ငွေ့ အများဆုံးထုတ်လွှတ်နေသည့်နိုင်ငံအဖြစ် နာမည်ပျက်နေသည်မှ တရုတ်သည် အမြန်ဆုံးရုန်းထွက်လိုသည်။ ယင်းသို့ ရုန်းထွက်နိုင်မည့် တစ်ခုတည်းသော ထွက်ပေါက်မှာ အနုမြူစွမ်းအင် ဖြစ် သည်။

 

တရုတ်ပြည်တွင် လက်ရှိ အနုမြူ ဓာတ်ပေါင်းဖို ၃၇ လုံးရှိပြီး၊ အ လုံး ၂ဝ မှာ တည်ဆောက်ဆဲဖြစ်သည်။ ၂ဝ၃ဝ ပြည့်နှစ်တွင် အလုံး ၁၁ဝ တည်ဆောက်ပြီးရန် လျာထားသည်။ တရုတ်သည် အနုမြူနည်းပညာကို အခြားနိုင်ငံများသို့ရောင်း ချလျက်ရှိသည်။ လောလောဆယ်တွင် တရုတ်သည် အနုမြူဓာတ်ပေါင်းဖို ခြောက်လုံးကို အခြားနိုင်ငံများတွင်တည်ဆောက်လျက်ရှိပြီး နမီးဘီးယားတွင် တည်ဆောက်ရန်လည်းကမ်းလှမ်းထားသည်။

တစ်နှစ်လျှင်ပြည်တွင်းတွင် ဓာတ်ပေါင်းဖိုခြောက်လုံးတည် ဆောက်လျက်ရှိသဖြင့် မကြာမီနှစ်များအတွင်း အနုမြူစွမ်းအင်အများ ဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာမည်။ အမေရိကန်နိုင်ငံကို ကျော်လွန်သွားရန် မျှော်မှန်းထားသည်။ သို့စဉ်တိုင် တရုတ်၏ဓာတ်ပေါင်းဖို နည်းပညာသည် အဆင့်မီပါ့မည်လားဟု စိုးရိမ် မှုများကရှိနေသည်။ အနုမြူလုပ်ငန်းဆိုင်ရာ အမေရိကန်အင်ဂျင်နီယာများကို ခိုးကြောင်ခိုးဝှက်သိမ်းသွင်း ရန် ကြိုးပမ်းမှုများလည်း ရှိနေသည်။

တရုတ်ကုမ္ပဏီများသည် အမြတ်အစွန်းအတွက် အခွင့်အရေးရလျှင်ရသလို ဥပဒေကို ချိုးဖောက်လေ့ရှိသည်။ နမီးဘီးယားတွင် ကျွမ်းကျင်မှုမလိုအပ်သော အလုပ်များတွင် ဒေသခံများကို ခန့်ထားရမည့်အစား တရုတ်လူမျိုးများကို လုပ်ကိုင်စေသည့်အတွက် နမီးဘီးယား အလုပ်သမား သမဂ္ဂများနှင့် အချေအတင်ဖြစ်ရ သည်။ အလုပ်အမျိုးအစားနှင့် တာဝန်အတူတူ လုပ်ကိုင်ရလင့်ကစား  တရုတ်များသည် ဒေသခံများထက် လခ သုံးဆပိုရနေသည်ကို သမဂ္ဂများ က ကန့်ကွက်ထားသည်

တရုတ် စီဂျီအန် ကုမ္ပဏီက နမီးဘီးယား အလုပ်သမားသမဂ္ဂ အထွေ ထွေ အတွင်းရေးမှူး ဂျတ်စတင်နာဂျိုနာကို တရုတ်ပြည်တွင်  နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက် ရန် ဖိတ်ကြားသည်။ ''တရုတ်တွေက နိဗ္ဗာန်ကို ပို့ပေးမယ်လို့ ကတိပေး ပေမယ့်လို့ တကယ်ရောက်သွားတာက ငရဲပြည်ဖြစ်နေတတ်တယ်'' ဟု ဂျိုနာက ပြောသည်။ နမီးဘီးယား အလုပ်သမား၏လုပ်ငန်းခွင်အန္တရာယ်၊ လုပ်ခလစာနှင့် အလုပ် ချိန်တို့ကို အာမခံသော အလုပ်ကန်ထရိုက်တို့ကိုလက်မှတ်ထိုးမှသာလျှင် သူမ တရုတ်ပြည်သို့ သွားမည်ဟု ဂျို နာက တင်းခံထားသည်။ သူမ တရုတ်ပြည်သို့ မသွားမီ နောက်ဆုံး အချိန်တွင်ကပ်လျက် အလုပ်ကန်ထရိုက်ကို စီဂျီအန်ကလက်မှတ် ရေးထိုးသည်။

 အာဖရိကတိုက်ရှိ တရုတ်လုပ်ငန်းများသည် တရုတ်အစိုးရကအ တိုးနှုန်းနည်းနည်းဖြင့် ထုတ်ချေးထားသည့်ငွေဖြင့် လည်ပတ်နေခြင်းဖြစ်သည်။ အာဖရိက တိုက်တွင် အခြေခံအဆောက်အအုံတည်ဆောက်ရေးအတွက် တရုတ်အစိုးရက ၂ဝ၁၆ ခုနှစ်တွင်အမေရိကန် ဒေါ်လာဘီလျံခြောက်ဆယ် မတည်ပေးထား သည်။

 နမီးဘီးယားနှင့် အခြား အာဖရိကနိုင်ငံများသည် တရုတ်၏ြေ<ွကးမြီများတွင် နစ်စပြုလာသည်။ လုပ်ငန်းများကို တရုတ် ကုမ္ပဏီများ က အကောင်အထည်ဖော် ဆောင် ရွက်ပြီး လုပ်ငန်းကျွမ်းတွင် အတွေ့အ ကြုံ နှင့် အကျိုးအမြတ်ကို တရုတ်များ ကသာရရှိသွားသည်။ နမီးဘီးယားဘဏ္ဍာရေးဝန်ကြီး Schlettwein က  တရုတ်ကဆောင်ရွက်နေတဲ့ စီမံကိန်းတွေဟာ တရုတ်အိတ်ထဲပဲ ရောက် ကုန်တာပဲ။  ကျွန်တော်တို့ရဲ့ စီးပွားရေးကိုတန်ဖိုးမြင့်စေတယ်လို့ ကျွန်တော်မထင်ဘူး'' ဟု ပြောဆိုသည်။ နမီးဘီးယားတွင် တရုတ်သည် ဒေါ်လာငါးဘီလျံ ရင်းနှီးမြုပ်နှံထားပြီး နမီးဘီးယားနိုင်ငံသား ၆ဝဝဝ ကျော်အတွက် အလုပ်အကိုင်ဖန်တီးပေး ထားသည်ဟု တရုတ်လုပ်ငန်းရှင်များကပြန်လည်ချေပသည်။

Xia Lili သည် သံတမန်ဟောင်းဖြစ်ပြီး တရုတ်ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ Jack Huang’s Sun Investment ၏ ဒုတိယအထွေထွေ မန်နေ ဂျာဖြစ်သလို၊ နမီးဘီးယား တရုတ်ချစ် ကြည်ရေးအသင်း၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည်။ သူက 'ကျွန်တော်တို့ ဒီကိုရောက်လာတာဟာ ဒေသခံတွေနဲ့ ဒိုးတူပေါင်ဖက်လုပ်ဖို့ ရောက်လာတာ။ သတ္တုတွင်းတွေ စက်ရုံတွေတည်ထောင်ပေးဖို့ရောက်လာတာ။ နမီးဘီးယား ပြည်သူတွေအကျိုးရှိဖို့အတွက်လာခဲ့တာ။ ဘယ်အနောက်နိုင်ငံမှ ကျွန်တော်တို့ လောက် လုပ်မပေးပါဘူး။  ဒါကြောင့် ကိုလိုနီလက်သစ်လို့ပြောနေတာ မမှန်ပါဘူး'' ဟု တုံ့ပြန်ပြောဆိုသည်။

၂ဝ၁၆ ခုနှစ်တွင် နမီးဘီးယား ၏ နိုင်ငံခြားကြွေးမြီသည် ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး၏ ၄ဝ ရာခိုင်နှုန်းကျော်လာသည့်အတွက် ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းသစ်များကို ရပ်ဆိုင်းလိုက် သည်။ (Windhoek airpot) လေ ဆိပ်အသစ် တည်ဆောက်ရန် ဒေါ်လာသန်း ၅၇ဝ တရုတ်ထံမှ ချေးယူ ရန်အစီ အစဉ်ကို ယမန်နှစ်တွင် နမီးဘီးယားက ပယ်ဖျက်လိုက်သည်။ ယင်းသို့ ပယ်ဖျက်လိုက်ခြင်းသည် တရုတ်ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ အမြော်အမြင်ရှိရှိဖြင့် ဆောင်ရွက်သော ခြိုးခြံချွေတာရေး အစီအစဉ်ဖြစ်ကြောင်း နမီးဘီးယားဘဏ္ဍာရေးဝန်ကြီးက ကြေညာသည်။ ၄င်းက ဆက်လက်၍ ''နမီးဘီးယားရဲ့ အကျိုးစီးပွားကို နင်းချေပစ်တာ ကို ခံမှာမဟုတ်ဘူးလို့အချက်ပြလိုက်တာပဲ။ နှစ်နိုင်ငံဆက်ဆံရေးဟာ ရင့်ကျက်သင့်ပြီလို့ အသိပေးလိုက်တာဖြစ်တယ်''ဟု ပြောသည်။

တရုတ်တို့သည် ရိုးရာအစဉ်အလာ ကြီးမားသူများဖြစ်ကြသည်နှင့်အညီ တောရိုင်းတိရစ္ဆာန်များကို စားသောက်ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို တိုင်းရင်းဆေးအဖြစ် သုံးစွဲခြင်း တို့ကြောင့် အာဖရိက တောရိုင်း တိရစ္ဆာန်အများအပြား ပျောက်ကွယ် လာသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း တောရိုင်းဆင် အကောင် ၂ဝဝ နှင့် ရှားပါးကြံ့မျိုးနွယ်တို့ သတ်ဖြတ်ခံရသည်။ ထို့ကြောင့် နမီးဘီးယား ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများနှင့် တရုတ်သံရုံးတို့ အချင်းများကြသည်။ တရုတ်တို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရသည်ဟုဖော်ပြထားသည့် စာကို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် နမီးဘီးယားရှိ သံရုံးများသို့ ဖြန့် ဝေမှုကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများအပေါ် တရုတ်သံရုံးက ဒေါသတကြီး တုံ့ပြန်လာသည်။

 နမီးဘီးယား ကြံ့ချို ၁၈ ချောင်း သယ်ဆောင်လာသည့် တရုတ်မှောင် ခိုသမားများကို ဂျိုဟန်နက်စ်ဘတ် လေဆိပ်တွင် ယမန်နှစ်နိုဝင်ဘာလတွင် ဖမ်းမိသည်။ သြဂုတ်လတွင် ကြံ့ချို ၁၄ ချောင်းနှင့် ဖမ်းမိခဲ့သော တရုတ်မှောင်ခို လေးဦးကိုထောင် ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။ ကြံ့ချိုသည်လူ၏ကိုယ်ခံအား ကောင်းစေသည်ဟု တရုတ်တိုင်းရင်းဆေးကျမ်း များက ဆိုသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများနှင့် တရုတ်သံရုံးတို့အကြား အပြန်အလှန် ပြောဆိုမှုများ ပိုမိုပြင်းထန်လာသည်။ တရုတ်တစ်ယောက် စနှစ်ယောက်စသာ ပါဝင်ပတ်သက်ခြင်းဖြစ်ပြီး နမီးဘီးယားတွင်ရှိသော တရုတ်အားလုံးနီးပါးသည် ပတ်သက်မှုမရှိဟု တရုတ်သံရုံးက ချေပပြောဆို သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများက တရုတ်သံအမတ်ကြီးအား ဖိတ်ခေါ်လျက်တိရစ္ဆာန်များကို သတ်ဖြတ်ထားသည့် ပုံများကိုပြသပြီး ''ကျုပ်တို့ ဖိအားပေးရင် ခင်ဗျားတို့ အခြေအနေ ဆိုးသွားလိမ့်မယ်။ ခင်ဗျားတို့ ပူးပေါင်းဆောင်ရွက်ပြီး ပြဿနာကိုဖြေရှင်းလို့လဲ ရတယ်''ဟု ရာဇသံပေးသည်။ တရုတ်သံအမတ်ကြီးက ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်ရသည်။

တရုတ်တို့ ကမ္ဘာအနှံ့ဖြန့်ကြက်လာခြင်းနှင့်အတူ သယံဇာတနှင့် သဘာဝ တောတောင်ရေမြေ၊ တောရိုင်းတိရစ္ဆာန်များ ပျက်သုဉ်းလာခြင်း ကြောင့် တရုတ်တို့ အပေါ်ဒေသခံတို့ကခံပြင်းလာကြသည်။ တရုတ်တိုင်းရင်းဆေးတို့သည် အမှန် တကယ်စွမ်း-မစွမ်း မသေချာသော် လည်း အာဖရိကတိုက် ကွန်ဂိုမှသည် အာရှတိုက် ကမ္ဘောဒီးယားအထိ ဒေသများတွင်တရုတ်တို့လက်ချက်ဖြင့် ရှားပါးတောရိုင်း တိရစ္ဆာန်များ ပျောက်ကွယ်ကုန်ရသည်။ ကြံ့၊ ဆင်၊ ငါးမန်းနှင့် ကျားတို့သာမက မုတ်သုန် သစ်တောကြီးများလည်း ပြောင်တ လင်းခါ ကုန်ကြသည်။

 ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့် သဘာဝပတ်ဝန်းကျင် ပြုန်းတီး မှုများတွင် တရုတ်သည် တစ်စိတ် တစ်ပိုင်းတာဝန်ရှိနေသည်။ ထို့ ကြောင့် ပတ်ဝန်းကျင်ပြဿနာ ဖြေ ရှင်းရေးတွင် တရုတ်ကကူညီပါဝင်ရမည်ဆိုသောအယူအဆက ကျယ် လောင်လာသည်။

 နမီးဘီးယား  ဒေသခံများဆင် နှင့် ကြံ့များကို သတ်ဖြတ်ပြီး တရုတ် လူမျိုးများထံ ရောင်းချကြသည်။ ဆင်းရဲသောဒေသခံများအဖို့ ဝင်ငွေရလမ်းဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို လုပ်ကိုင်ကြသော အနောက်နိုင်ငံ သားလူဖြူများသည် လူထက်တိရစ္ဆာန်ကို ပိုဦးစားပေးသည်ဟု ဒေသခံများက ယူဆခဲ့ကြသည်။ သို့သော် တိရစ္ဆာန်များ မျိုးသုဉ်းပျောက် ကွယ်လာသည့်အခါတွင်မှ ဒေသခံ များသည် သဘာဝပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များကို ထိန်းသိမ်းစောင့် ရှောက်ရန် လိုအပ်ကြောင်း နားလည်လာကြသည်။

 လောဘဇောတိုက် လုပ်ရပ်များ ကြောင့် ဆူညံပွက်လောရိုက်နေသော်လည်း တရုတ်စီးပွားရေးသမားများသည် မျက်နှာပြောင်တိုက်ကာ နမီးဘီးယားတွင် အငြင်းပွားဖွယ် စီမံကိန်းများ တစ်ခုပြီးတစ်ခု အဆိုပြုနေ သည်။

  နမီးဘီးယားနိုင်ငံ ဇမ်ဘီဇီဒေသတွင် တစ်သီးတစ်သန့်ကျန်နေသေး သည့် မုတ်သုန်သစ်တောအုပ်သည်မင်ဟတ်တန်ကျွန်း (နယူးယောက်၏မြို့နယ်တစ်ခု) အကျယ်အဝန်း နှစ်ဆရှိသည်။ ထိုနေရာတွင် ဆေးရွက်ကြီးစိုက်ပျိုးရန် အဆိုပြုတင်ပြသည်။ မြေသည် သဲမြေဖြစ်သဖြင့်ဆေးရွက်ကြီးစိုက်ရန် မသင့်တော်သောနေရာဖြစ်သည့်အတွက် အခြားမည်သည့် အကြံအစည်ရှိမည်ကို သံသယရှိကြ သည်။  တိရစ္ဆာန်သားသတ်ရုံ တည် ဆောက်ရန်လည်း အဆိုပြုထားပြန် သည်။ တရုတ်ပြည်တွင် လားအသား နှင့် သားရေ လိုအပ်ချက်မှာ မြင့် တက်နေသည်။ လားသားရေကို တရုတ်တိုင်းရင်းဆေးများတွင် အသုံး ပြုသည်။                        နမီးဘီးယားပိုင်ရေ နယ်နမိတ် အတွင်းတွင် ဝေလငါး၊ ပင်ဂွင်းနှင့် ငါး မန်းများကို ဖမ်းဆီးပြီး တရုတ်ပြည်ရှိအဏ္ဏဝါပြခန်းများသို့ရောင်းချပေးရန် ကမ်းလှမ်းချက်ကလည်းရှိနေပြန်သည်။ ပြည်သူများကအပြင်းအထန် ကန့် ကွက်မှုကြောင့် ထိုကမ်းလှမ်းချက်ကို ပြန်လည် ရုပ်သိမ်းသွားသည်။

တရုတ်တို့ ထင်တိုင်းကျဲနေသည်ကို နမီးဘီးယားအစိုးရထိန်း ချုပ်စပြုလာသည်။ တရုတ်လုပ်ငန်း ရှင်များကို ငွေကြေးခဝါချမှုဖြင့် အရေးယူသည်။ နယ်စပ်ဂိတ်များတွင် တရုတ်လူမျိုးများကို ရွေးထုတ်ကာ စေ့စေ့စပ်စပ်ရှာဖွေသည်။ အခြေအနေသည် ယခင်ကဲ့သို့မဟုတ်သော်လည်း အာဖရိကတိုက်အပါအဝင် ကမ္ဘာ့ဒေသအများအပြားတွင် တရုတ် တို့သည် ခြေလှမ်းကျဲလျက်ပင် ရှိသေးသည်။

 

အေးထွန်းမင်း

 

[email protected]

 

Ref: IS China the World’s New Colonial Power?

By BROOKLARMER, New York Times.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.