27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အဆောင်လက်ဖွဲ့အတွက် အမဲလိုက်ခံရသူများ

မိုဇမ်ဘစ်နိုင်ငံ ကျေးရွာတစ်ရွာအနီးမှ လမ်းမကြီးတစ်ခုဘေးတွင် အီလက် တာရီယိုတစ်ယောက် ကြိုးတုပ်ခံထားရသည်။ သူ့ကို အမဲကောင်သဖွယ် ချည် နှောင်ထားသူများက သူ၏ ယောက်ဖကိုယ်တိုင်နှင့် အခြားသူစိမ်း သုံးဦးတို့ဖြစ်၏။

မူလက သူသည် အလုပ်ရမည်ဟု ထင်မိသဖြင့် လိုက်လာခဲ့မိသည်။ ယခုမူ သူသည် အလုပ်သမားမဟုတ်ဘဲ သူကိုယ်တိုင်က ငွေပင် ငွေရင်းသဖွယ် ရောင်း ကုန် ဖြစ်နေသည်ကို အလန့်တကြား သိလိုက်ရသည်။

၂ဝ၁၅ခုနှစ် အောက်တိုဘာလ၏ ရက်တစ်ရက်တွင် အီလက်တာရီယိုဂျောင် အို၏ ယောက်ဖက ဖုန်းဖြင့် ဆက်သွယ်ကာ ''အလုပ်လုပ်ပြီး ဝင်ငွေရချင်သလား'' ဟု လှမ်းမေးသည့်အခါ သူအလွန်ဝမ်းသာသွားခဲ့သည်။ မိုဇမ်ဘစ်မြောက်ဖျားပိုင်း နန်မီနား ကျေးရွာလေးရှိ ရွှံ့နှင့်မံထားသော အိမ်ငယ်လေးတွင် မိခင်နှင့်အတူ ဆင်းဆင်းရဲရဲ နေထိုင်နေရသူအဖို့ ငွေအလွန် လိုအပ်နေသည့်အချိန်။ အသက် ၂၂အရွယ် အီလက်တာရီယိုအဖို့ အခွင့်အလမ်းကို လက်သင့်ခံလိုက်ရုံသာရှိ၏။

သိပ်တွေးတောမနေဘဲ ယောက်ဖခေါ်ရာနောက်သို့ လိုက်လာမိမှ ယခုကဲ့သို့ ကြိုးတုပ်ခံလိုက်ရသည်။ သူတို့က အီလက်တာရီ၏ ခြေလက်အင်္ဂါများကို ရောင်း ချရန် စီစဉ်ခဲ့ကြခြင်းသာဖြစ်သည်။ ယောက်ဖလုပ်သူပြောသည့် အလုပ်ဆိုသည် မှာ သူ၏ကိုယ်အင်္ဂါများကို လှီးဖြတ်ရောင်းချရန်ဖြစ်ပြီး ဝင်ငွေဆိုသည်ကလည်း ဒုက္ခိတဖြစ်မှ ရမည့်ကိန်းဆိုက်နေ၏။ အကယ်၍သာ ပိုက်ဆံလာပေးမည့်သူက မူလအစီ အစဉ်ထက်ပိုပြီး ဝယ်ယူလိုစိတ်များနေခဲ့လျှင် သူ့အသက် အဆုံးရှုံး ခံရရုံသာ ရှိတော့သည်။

မိုဇမ်ဘစ်မြောက်ဖျားပိုင်း နန်မီနား ကျေးရွာမှ အီလက်တာရီယိုဂျောင်အို

တကယ်တော့ အီလက်တာရီယိုသည် မွေးကတည်းက အသားအရေမှအစ ဆံပင်အဆုံး တစ်ကိုယ်လုံး ဖြူဖွေးနေသော Albinism သမား (Albino-အယ်ဘီနို) တစ်ဦး ဖြစ်သည်။ မိုဇမ်ဘစ်နှင့် အနီးအနားမှ မာလာဝီနှင့် တန်ဇန်နီးယားနိုင်ငံများ တွင် Albinism တစ်ဦး၏ အရေပြား၊ အရိုးအပိုင်းအစများကို အဆောင်၊ လက်ဖွဲ့ သဘောမျိုးဆောင်ထားလျှင် ကံကောင်းပြီး ငွေရွှင်သည်ဟူသော အယူသည်းမှုများ လွှမ်းမိုးနေခဲ့၏။ မိုဇမ်ဘစ်တွင် အယ်ဘီနို တစ်ဦးလျှင် ဒေါ်လာ ၄ဝဝဝ မှ ၇၅ဝဝဝ အထိ ပေါက်ကြေးရှိ၏။

၂ဝ၁၄ခုနှစ် ကုန်ပိုင်းကတည်းက မိုဇမ်ဘစ်တွင် ဒါဇင်နှင့်ချီသော အယ်ဘီနို များ အသတ်ခံရခြင်း၊ ပြန်ပေးဆွဲခံရခြင်းများ မကြာခဏဖြစ်ပွားခဲ့သည်။

ရံဖန်ရံခါ ပြစ်မှုကျူးလွန်သူများထဲ တွင် မိသားစုဝင် အချင်းချင်းပင် ပါ ဝင်နေတတ်သည်မှာ ဝမ်းနည်းစရာ ပင်။ ထိုကာလ၌ပင် မာလီဝီနိုင်ငံတွင် အယ်ဘီနို ၂ဝ ဦးခန့်မှာ အသတ်ခံခဲ့ရ ပြီး အတိုက်ခိုက် ခံရသူမှာ ရာနှင့်ချီ၍ ရှိနေခဲ့သည်။

ထိုနိုင်ငံများတွင် အယ်ဘီနို များ၏ ဂူသင်္ချိုင်းများကို ဖျက်ဆီးပြီး အလောင်းများကို အဆောင်လက်ဖွဲ့ အဖြစ်ထားရန် တူးယူသည်အထိ ကျူးလွန်ကြသည်။ အသက်ရှင်နေ သော အယ်ဘီနိုများမှာလည်း ခွဲခြား ဆက်ဆံခံရခြင်း၊ အသတ်ခံရမည်ကို ကြောက်ရွံ့ခြင်းများဖြင့် တစ်ချိန်လုံး သောကရောက်နေကြရသည်။

၂ဝ၁၅ခုနှစ်ကတည်းက တောင် အာဖရိကတွင် ရှိနေသော အယ်ဘီနို များသည် တစ်ချိန်လုံး ကျီးလန့် စာစားဘဝနှင့် ရှင်သန်နေကြရ သည်။ သူတို့ကို ဖမ်းဆီးသတ်ဖြတ် မည်ကို စိုးရိမ်သဖြင့် တစ်ယောက် တည်း လမ်းထွက်မလျှောက်ရဲသလို ကျောင်းလည်း မတက်ရဲကြပေ။ ယုတ်စွအဆုံး သူတို့၏ဒုက္ခကို  ကမ္ဘာ သိစေရန် လာရောက်မေးမြန်းသည့် သတင်းထောက်များကိုပင် သူတို့ကို ပြန်ပေးဆွဲ၊ ရောင်းစားရန် ဓာတ်ပုံ ရိုက်နေခြင်း ဖြစ်သည်ဟု ယူဆကြ သည်အထိ စိုးထိတ်နေကြရသည်။

အီလက်တာရီယိုအကြောင်းကို ပြန်ဆက်ရလျှင် သူနှင့်ယောက်ဖတို့ တစ်သိုက်သည် အဝယ်တော် ရောက် လာမည့်အချိန်ကို နာရီနှင့်ချီကာ စောင့်နေခဲ့ကြသည်။ ကံကြမ္မာက အီလက်တာရီယိုကို မျက်နှာသာ ပေးခဲ့သည်ထင်၏။ အဝယ်တော် မပေါ်လာမီ ရဲများက အရင်ရောက် လာသဖြင့် ပြန်ပေးသမား လေးဦး စလုံး ပြေး၍မလွတ်နိုင် ဖြစ်သွားခဲ့ သည်။

မိုဇန်ဘစ်တွင် အက်လက်တာ ရီယို၏ဖြစ်ရပ်သည် အယ်ဘီနို မှောင်ခိုမှုများ အနက် ပထမဆုံး လက်ရဖမ်းဆီးနိုင်သည့်အမှု ဖြစ်လာ ခဲ့သည်။ သို့သော် ကျန်သည့် အယ် ဘီနိုများ၏ ကံကြမ္မာများကမူ အက်လက်တာရီယိုလောက် ကံ ကောင်းခဲ့သူက လက်ချိုးရေတွက် ရနိုင်လောက်အောင် နည်းပါးလှလေ သည်။
+++

Albinism ဆိုသည်မှာ

Albinism ဆိုသည်မှာ လက် တင်စကား '' albus '' မှ ဆင်းသက် လာပြီး အဖြူရောင်ဟု အဓိပ္ပါယ်ရ၏။ Albinism သည် ဆံပင်၊ အမွေး၊ အသားအရေတို့ကို အရောင် ပေါ် လွင်လာစေသော melanin ဓာတ် အလုံအလောက် ထုတ်လုပ်နိုင်စွမ်း မရှိသော မွေးရာပါရောဂါ ဖြစ်သည်။

Albinism များကို အယ်ဘီနိုဟု ခေါ်ဝေါ်ခဲ့ကြသည်။ Albinism ဗီဇ ငါးမျိုးရှိပြီး အတွေ့ရအများဆုံးမှာ oculocutaneous , type 1 (OCA1) နှင့် type 2 (OCA2) တို့ဖြစ်သည်။ "oculo" မှာ မျက်လုံးဖြစ်ပြီး "cutaneous" မှာ အရေပြားဟု အဓိပ္ပါယ် ရ၏။

ကူးစက်ရောဂါ မဟုတ်သော် လည်း ကမ္ဘာတစ်ဝန်းလုံးတွင် အယ် ဘီနိုပေါင်း ၂ဝဝဝဝ ခန့်ရှိ၏။ အာဖရိ ကတွင် အတွေ့များပြီး ယင်းဒေသ များတွင် လူငါးထောင်လျှင် တစ်ဦး သည် အယ်ဘီနို ဖြစ်နေတတ်သည်။ တောင်အာဖရိက၊ တန်ဇန်နီးယား၊ ဘူရွန်ဒီ၊ ကင်ညာနှင့်၊ ဇင်ဘာဘွေတို့ တွင်လည်း အယ်ဘီနိုများကို ခပ်များ များ တွေ့ရသည်။ လူဦးရေ ၁၆.၅ သန်းခန့်ရှိသော မာလာဝီ နိုင်ငံတွင် လူပေါင်း ၇ဝဝဝ မှ ၁ဝဝဝဝ ခန့် အထိသည် အယ်ဘီနိုများ ဖြစ်နေကြ သည်။

အယ်ဘီနိုများကို မြန်မာနိုင်ငံ တွင် သာမက ကမ္ဘာ့နေရာ အနှံ့အ ပြားတွင် တွေ့မြင်ကြရသော်လည်း အာဖရိကတွင် အများဆုံးတွေ့ရသည့် အကြောင်းအရင်းမှန်ကိုမူ ဆေးပညာ လောကတွင် အဖြေ မထုတ်နိုင်သေး သော ပုစ္ဆာတစ်ပုဒ်သဖွယ် ဖြစ်နေ ဆဲပင်။

အယ်ဘီနိုများတွင် Melanin ကင်းမဲ့ခြင်းသည် အရောင်ခြယ်နိုင် စွမ်း မရှိခြင်းသာမက တစ်ခါတရံ အမြင်အာရုံချို့တဲ့ခြင်း၊ အလင်းစူးစူး ဒဏ် မခံနိုင်ခြင်းတို့ကိုပါ အကျိုး ဆက် အနေဖြင့် တွေ့မြင်ရ၏။ ထို့ အတွက်လည်း အယ်ဘီနိုများတွင် မျက်မမြင်များစွာ ရှိနေခြင်းဖြစ်သည်။

အလားတူပင် သူတို့၏ အသား အရေ ချို့ယွင်းချက်များကြောင့် နေ ရောင်ခြည်မှလာသော ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်နိုင်ခြင်း လည်း မရှိပေ။ သာမန်လူများထက် ထိခိုက်ဒဏ်ရာ ရလွယ်ခြင်း၊ အရေ ပြားကင်ဆာ ဖြစ်နိုင်ခြေပိုများလေ သည်။

၂ဝ၁၄ခုနှစ်အတွင်း လေ့လာ တွေ့ရှိချက်များအရ အာဖရိကရှိ အယ်ဘီနိုများသည် အခြားသူများ ထက် အရေပြား ကင်ဆာ ဖြစ်နိုင်ခြေ အဆတစ်ထောင်မျှ များပြားသည်ကို တွေ့ရသည်။                

အယ်ဘီနိုများကို ခွဲခြားဆက်ဆံ ခြင်းကလည်း မရိုးနိုင်သော ဇာတ် လမ်းဟောင်းတစ်ပုဒ်ကဲ့သို့ တွင်ကျယ် နေသော်လည်း ထိုသို့ ကျူးလွန်ရသည့် အကြောင်းအရင်းမှန်ကိုမူ ကျေကျေ လည်လည် ဖော်ပြရန် ခက်ခဲလှ သည်။ ဝမ်းနည်းဖွယ် အဖြစ်ဆိုးမှန် သမျှသည် ဒဏ္ဍာရီများနှင့် အယူသည်းမှုများမှသာ စတင်မြစ်ဖျားခံခဲ့၏။ အထူးသဖြင့် လူမည်းဗိန္ဓောဆရာများ၏ လက်ထောက်ချ မှု ကြောင့်သာ အဓိကတရားခံ ဖြစ်နေ သည်။

ဒဏ္ဍာရီများက အယ်ဘီနို၏ အရိုးသည် ရွှေမှုန်များဖြင့် တည် ဆောက်ထားသည်ဟုဆိုကာ သူတို့၏ အသက်ကို ခြိမ်းခြောက်စေ သည်။ ဗိန္ဓောဆရာများကလည်း အယ်ဘီနို တို့၏ ကိုယ်အင်္ဂါများသည် မှော်စွမ်း အားများဖြင့် ပြည့်နေသည်ဟူသော စကားက တစ်ပူပေါ်နှစ်ပူဆင့်လိုက် သလို ဖြစ်လာခဲ့ပြန်သည်။

 နောက်ဆုံးတွင် အယ်ဘီနို၏ ကိုယ်တွင်းအင်္ဂါ၊ အရိုး၊ သွေးနှင့် အရေ ပြားများမှာ မှောင်ခိုဈေးကွက်အတွက် ထူးခြားသည့် ရောင်းကုန်များဖြစ်လာ စေတော့၏။ အထောက်အထားများ အရ လွန်ခဲ့သော ဆယ်စုနှစ်မှ စတင် ကာ အယ်ဘီနိုများ အသတ်ခံရခြင်း၊ ခြေလက်များ ဖြတ်တောက်ခံရခြင်း များ အရေအတွက် တစ်စစ များပြား လာသည်ကို တွေ့ကြရသည်။

အထင်မှား အယူလွဲများ

အရောင်ဝှက်တတ်သော နတ်မိစ္ဆာ

အယူသည်းသူတချို့က အယ်ဘီ နိုများသည် နတ်ဘုရား သို့မဟုတ် နတ်မိစ္ဆာများ၏ ကျိန်စာတိုက်ခြင်း ခံထားရသူများဟု ယုံကြည်ကြ၏။ ဘိုးစဉ်ဘောင်ဆက်က ကျူးလွန်ခဲ့ သော မကောင်းမှုအတွက် မွေးရာပါ အပြစ်သားတစ်ဦးအဖြစ် မွေးဖွား လာရပြီး  သူ၏ မိသားစုဝင်တို့သည် လည်း မကောင်းမှုများဖြင့်သာ ကျင် လည် ရှင်သန်နေကြသည်ဟု ထင် မြင်ယူဆကြ သည်။

အမှန်အားဖြင့်  Albinisim မွေး ရာပါအသားဖြူရောဂါသည်အဖြစ် လူ့လောကထဲသို့ ရောက်လာသူများ တွင် အရောင်ခြယ် ထုတ်ပေးနိုင်စွမ်း မရှိခြင်း (Melanin)  ကြောင့်သာဖြစ် ၏။ ထို့အတွက် ဆံပင်မှအစ အသား အရေအဆုံး အဖြူရောင် တစ်မျိုး တည်းသာ ရှိနေခြင်းဖြစ်သည်။

ကြောင်ကဲ့သို့ မြင်နိုင်သော မသေမျိုး

အယ်ဘီနိုများက ကြောင်များကဲ့သို့ ညအမှောင်တွင် အမြင်အား ကောင်းသည်ဟု ထင်သူအချို့လည်း ရှိနေပြန်၏။ အယ်ဘီနိုများသည် အ ရောင်မရှိသည်မှအပ လူသားများသာ ဖြစ်သည်။ သူတို့သည် ကြောင်မ ဟုတ်။ ပို၍ဆိုးသည်က သူတို့၏ အမြင်အာရုံသည် များသောအားဖြင့် ချို့ယွင်းနေတတ်ကြ၏။ ညအမှောင် သာမက နေ့အလင်းရောင်၌ပင်  အ မြင်အာရုံ အားနည်းနေတတ်သေး သည်။ အယ်ဘီနိုဖြစ်လာသဖြင့် အ မြင်အာရုံတွင် စူပါပါဝါ ရလာသူဟူ၍ ယနေ့အထိ မရှိသေးပေ။

 ပြည်တွင်းရှိ မျက်မမြင် ကျောင်း များသို့ သွားရောက် လေ့လာကြည့် လျှင် အယ်ဘီနို တစ်ဦးစ နှစ်ဦးစကို တွေ့နိုင်ပါလိမ့်မည်။

ထိုထက်ဆိုးသည်က အာဖရိက နှင့် အယူလွဲသူတို့၏ လောကတွင် အယ်ဘီနိုများသည် မသေမျိုးဖြစ် သည်၊ မသေဘဲ  ပျောက်ကွယ်သွား တတ်သည်ဟူသော ဒဏ္ဍာရီကလည်း ရှိနေပြန်၏။ တကယ်တမ်းတွင်  အယ်ဘီနိုများသည် အရှင်ထွက်များ မဟုတ်ကြပေ။ ထိုသို့သော အယူလွဲ များကြောင့် ဇီဝသိဒ္ဓိမြောက်သည်ဟု ယူဆကာ သတ်ဖြတ်စားသောက်လို သူများရှိသဖြင့် လူသာမန်တို့ထက် အ ချိန်မတန်ဘဲ ခန္ဓာကြွေချိန် စောရရှာ သူများသာ ဖြစ်သည်။     

ဥာဏ်ရည်လည်းမပြည့်၊ ကလေးလည်းမရ အချို့နိုင်ငံများတွင် အယ်ဘီနို များသည် အတန်းပညာ သင်ယူနိုင် လောက်အောင် ဥာဏ်ရည် မပြည့် သူများ၊ လူ့အန္ဓများအဖြစ် သတ်မှတ် ကြသည်။  အရေပြားတွင်ရှိသော Melanin အနည်းအများသည် ဦး နှောက်ကို သက်ရောက်မှုမရှိ။ ထို့အ တွက် ပညာလည်း သင်ယူနိုင်၏။ ပညာရှင်လည်း ဖြစ်နိုင်၏။ အနုပညာ သမား လည်းဖြစ်နိုင်ပေ သည်။ ထိုသူ တို့တွင် မျိုးဆက်ပြန့်ပွားမှု၌လည်း အ နှောက်အယှက်မရှိ သဘာဝ အတိုင်း သာ ဖြစ်သည်။    

သွေးသောက်လျှင် အားပြည့်၊ဆောင်ထားလျှင် ချမ်းမြေ့          

 အယ်ဘီနိုများ၏ သွေးကို သောက်သုံးလျှင် အားအင်များ ပြည့်ဝပြီး စွမ်းအင်များ ရှိလာစေသည် ဟူသော အယူလွဲများက မွေးရာပါ အသားဖြူရောဂါရှင်လေးများကို သားကောင်သဖွယ် ဖြစ်လာစေသည့် လက်သည်တရားခံများ ဖြစ်တော့ သည်။ ထို့အတွက် မှော်စွမ်းအင် ပါရမီမျိုး အလိုလိုပြည့်လာမည်ဟု ထင်ကြသော ကိုယ်ကျိုးသမား မျက် ကန်းယုံကြည်သူများ၏ သတ်ဖြတ် စားသောက်ခြင်း၊ သွေးသောက်ခြင်းကို ခံရခြင်း ဖြစ်ပေသည်။ လူသားစား အရိုင်းကောင် ဘဝသို့ တဖြည်းဖြည်း ကျရောက်သွားခြင်းက မည်သို့မျှ ကောင်းကွက် မရှိနိုင်သည်ကို မေ့ လျော့သွားတော့၏။

အယ်ဘီနိုတို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းလေးများက ကောင်းချီး မင်္ဂလာများ ပေးစွမ်းနိုင်သည်ဟု အထင်မှား ယုံကြည်သူများ လည်း ရှိပြန်ရာ လူကိုမသတ်လျှင်ပင် ခြေ လက်တို့ ဖြတ်ယူကာ အရိုးအား အ ဆောင်ကောင်းတစ်ခုသဖွယ်ထားခြင်း ကလည်း မနှစ်မြို့ဖွယ် လုပ်ရပ်ပင် ဖြစ်လေသည်။

ဆင်ဖြူလျှင် တော်ထား၊ လူဖြူလျှင် ဝင်စား

အချို့နိုင်ငံများတွင် ဆွေမျိုးနီး စပ်အချင်းချင်း အိမ်ထောင် ပြုသည် များရှိသည်။ ထိုအခါ သွေးသားနီး စပ်သူချင်း ချစ်သွေးနှောခြင်းကြောင့် ဖြစ်ရသည်ဟု ထင်မြင်သူများလည်း ရှိနေပြန်၏။ တကယ်တမ်းတွင် အယ်ဘီနိုသည် မျိုးရိုးစဉ်ဆက် လိုက်သော ရောဂါဟု ကံသေကံမ မပြောနိုင်သေး ပေ။ မိဘနှစ်ပါးတွင် ထိုရောဂါမရှိ သော်လည်း သားသမီး တစ်ဦးဦးတွင် Albinism ဖြစ်အဖြစ် မွေးဖွားလာ နိုင်၏။ လေ့လာစမ်းစစ်ချက်များတွင် အယ်ဘီနို အဖြစ်မွေးဖွားလာရခြင်း အကြောင်းကို အတိအကျ မသိသေး သလို  သွေးသားနီးစပ်မှု၏ ဆိုးကျိုး ဟု ပြောနိုင်ရန်လည်း အကြောင်းရင်း က မခိုင်လုံလှပေ။

အယ်ဘီနိုမိခင်မှ သာမန် အ သားအရောင်ရှိသော သားသမီး ထွန်း ကားသည်မှာ သဘာဝဖြစ်သည်။

ထိုထက်ပို၍ အယ်ဘီနိုကလေး ငယ်၏ မိဘထဲမှ တစ်ဦးဦးသည် Albinism သမားဖြစ်ရမည်ဟုလည်း ပြော၍မရပြန်ပေ။      

လူမည်းမိဘနှစ်ပါးမှ စွတ်စွတ် ဖြူသော အယ်ဘီနိုတစ်ဦး မွေးဖွား လာနိုင်သလို အယ်ဘီနိုမိခင်တစ်ဦး ကလည်း သာမန် အသားအရောင် ရှိသော သားသမီး မွေးဖွားလာနိုင်ပေ သည်။ သမင်ဖြူရောဂါနှင့်မတူသော မွေးရာပါ ဗူဘငညငျာ သည် လူသား တွင် သာမက တိရစ္ဆာန်များတွင်ပါ တွေ့မြင်ကြရသည်။

Albino ဆင်ဖြစ်သောကြောင့် အသားအရေသာမက အမွေးအမျှင် များပါ ဖြူနေသော ဆင်မှ ဆင်မည်း လေးမွေးခြင်းက သဘာဝ ဖြစ်သည်။

ထို့အတွက် ဆင်ဖြူတော်ဟု လို ရာဆွဲတွေး၍ ဘွဲ့ထူး ဂုဏ်ထူးများပေး ပြီး အောင်သပြေညောင်ရေလောင်း ကာ မင်းဘိသိက် ခံသည့်နှယ် ပြုစု ယုယထားသော Albinism ရောဂါ သည် ဆင်မကြီးက ဆင်မည်းလေး မွေးလာသည်မှာ ဘုရင်တို့၏ ဘုန်း တန်ခိုးနှင့် လားလားမျှ မသက်ဆိုင်။ ဆင်ထီး၊ ဆင်မနှစ်ကောင်စလုံး အယ် ဘီနို မဖြစ်ခဲ့လျှင် မျိုးရိုးလိုက်သည်ဟု သက်သေ အထောက်အထားမရှိ သော ရောဂါက ရင်သွေးဆင်ပေါက် လေးကို မကူးစက်သည့်အတွက် သာမန်အတိုင်း အမည်းအရောင် အဖြစ်သာ မွေးဖွားခြင်း ဖြစ်သည်။

၂ဝ၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက Facebook စာမျက်နှာ များတွင် သာမက ဂျာနယ်အချို့တွင် လူဝင်စား မစောသန္တာနှင်းဆိုသည့် မိန်းကလေးတစ်ဦးကို မိဘအမည်၊ နေရပ်လိပ်စာများနှင့် အတိအကျ ပါလာခဲ့ဖူးသည်။ လွတ်လပ်ရေး မရ ခင်ခေတ်က မြန်မာနိုင်ငံတွင် စစ်မှု ထမ်းခဲ့သော နိုင်ငံခြားသားက ပြန် လည် ဝင်စားခြင်းဖြစ်ဟူသော သတင်းများ သူမသည် စကားပြော တတ်စကပင် ဖော်ပြကြသည်။

တစ်ဆက်တည်းတွင် နိုင်ငံခြား သားများက လာတောင်းကြသလို၊ ရောင်းလျှင် ငွေနှင့် ဝယ်မည့်သူများလည်း ပေါ်လာသည် ဟူသော သတင်း မျိုးကိုလည်း ကြားခဲ့ရဖူးသည်။

အတိတ်ဘဝက အကြောင်းအ ရာများ ပြောပြသည်မှာ ဟုတ်မဟုတ် မသိသော်လည်း သူမ၏ အသားအ ရေ အလွန်ကြမ်းခြင်း၊ နေရောင်ခြည် ဒဏ်ကို မခံနိုင်ခြင်းတို့ပါ ဖော်ပြထား သဖြင့် အယ်ဘီနိုသမားတို့တွင် ဖြစ် တတ်သော လက္ခဏာရပ်များနှင့် ကိုက်ညီနေသည်ကို သတိပြုမိလျှင် ရိပ်မိနိုင်ပါသည်။

လူဖြူနိုင်ငံခြားသား ဝင်စားရုံနှင့် ဆံပင်၊ မျက်တောင်၊ မျက်ခုံး အကုန် လုံး ဖြူရမည်ဟု ပုံသေနည်းမရှိပါ။ အယ်ဘီနိုမဟုတ်လျှင် အသားအရေ ဖြူသော်လည်း အမွှေးအမျှင်များမှာ အရောင်တစ်မျိုးမျိုး ရှိလာနိုင်သည်။ အမြင်အာရုံ ထိခိုက်စရာ အကြောင်း လည်း ထွေထွေထူးထူး ရှိနေမည် မဟုတ်ပေ။ သို့သော် ...။

Facebook တစ်ခွင်မှ Comment ကရုဏာရှင်များနှင့် သတင်းရေး သူတို့ပြောသည့်အတိုင်း လူဝင်စား ဖြစ်လျှင် သူမအတွက် မည်သို့မျှ ထိ ခိုက်နစ်နာစရာမရှိပါ။ ထူးပြီးကောင်း လာမည့် အကျိုးလည်း မတွေ့နိုင်။ သို့သော် အယ်ဘီနိုအဖြစ်မွေးဖွားလာ လျှင်မူ ထိုလူများတွင် အဖြစ်များသော အရေပြားကင်ဆာဖြစ်နိုင်ခြေ အ တတ်နိုင်ဆုံး လျှော့ချနိုင်ရန် နေရောင် နှင့် တိုက်ရိုက် ထိတွေ့ခြင်းကို သတိပြု ရှောင်ရှားခြင်းကသာ သူ့အတွက် ပိုမို အကျိုးရှိပေလိမ့်မည်။

တကယ်စင်စစ်တွင် အယ်ဘီနို တွင် မည်သည့် မှော်စွမ်းအင်မှမရှိ။ တော်ဝင်နန်းထိုက်သော ကြန်အင် လက္ခဏာလည်း မဟုတ်။ ထူးထူးခြား ခြား စိတ်ဝင်စားရမည့် လူဝင်စား လည်း မမည်ပေ။ ဘွဲ့ထူးပေးရန် လည်းမဟုတ်သလို၊ သတ်ဖြတ် စား သောက်ရန်လည်း မဟုတ်ပါ။ အမြင် အာရုံနှင့် အရေပြားအတွက် နောက် ဆက်တွဲ ဆိုးကျိုးများ ထပ်မံမဖြစ်ပွား စေရန် ဂရုတစိုက်နှင့် ပြုစုပျိုးထောင် ပေးရမည့် သူများသာဖြစ်သည်။

လူမည်းက မွေး၍ အသားမည်း ကလေးထွက်လာသည်ကလည်း သူ တို့အသားအရေအတွက် လိုအပ် သော Melanin ပြည့်နေခြင်းကြောင့် သာဖြစ်သည်။ ထို့အတူ မျက်ဝန်း အနက်၊ အပြာ။ ဆံပင်က ရွှေဝါ စသ ဖြင့် အရောင်အသွေး  ဆင်နေခြင်း ကလည်း Melanin ကြောင့်သာ အခ ရာ ဖြစ်၏။

 တကယ်တမ်းတွင် အယ်ဘီနို များတွင် Melanin ကင်းမဲ့ခြင်းက သာ ကျန်းမာရေးအရ ပြဿနာ တစ် ရပ်ဖြစ်လေသည်။
+++

ရင်ဖွင့်သံများ

အချို့နိုင်ငံများတွင် အယ်ဘီနို များအပေါ် ကျူးလွန်သည့် ပြစ်မှုများ မြင့်တက်ဆဲဖြစ်နေသော်လည်း အချို့ ဒေသအနည်းငယ် တွင် မူ တစ်စ တစ်စနည်းပါးလာနေသည်။

ထိုသို့ နည်းပါးရခြင်းမှာ အယ်ဘီ နို အဆောင်လက်ဖွဲ့သည် မည်သို့မျှ အကျိုးမထူးသည်ကို သိသွားခြင်း ကြောင့်ဖြစ်မည်ဟု ကုလသမဂ္ဂမှ အိုက်ပွန်ဝါဆာအီရိုကဆိုသည်။

အိရိုသည် ကိုယ်တိုင်က အယ်ဘီ နိုတစ်ဦးဖြစ်ပြီး ၂ဝ၁၅ ဇွန်လတွင် Albinism ဆိုင်ရာ ကျွမ်းကျင်သူအ ဖြစ် ကုလသမဂ္ဂမှ ရှစ်လတာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် တာဝန်ပေး ခြင်း ခံခဲ့ရသူ ဖြစ်သည်။ နိုင်ငံပေါင်း ရှစ်နိုင်ငံမှ သူမကိုယ်တိုင် ဖော်ထုတ် ခဲ့သော အယ်ဘီနိုများအပေါ် တိုက် ခိုက်မှု အထောက်အထားပေါင်း ၄ဝ အထိ ရှိခဲ့သည်။

မီဒီယာများက ဖော်ပြချက်များ အရ တန်ဇန်နီးယားတွင် ၂ဝဝဝနှစ်မှ စတင်ကာ အသတ်ခံရသော အယ်ဘီ နိုပေါင်း ၇၆ ဦး အထိရှိပြီး အတိုက် ခိုက်ခံရမှုပေါင်းမှာ ၁၈ဝခန့်အထိ ရှိ နေခဲ့သည်။ထိုအထဲမှ သတ်ဖြတ်မှု ပေါင်း ၃၅ မှုသည် ၂ဝ၁၅ ခုနှစ်အ တွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဖရိက အနှံ့အပြားမှ သား ကောင်များ ဖြစ်ခဲ့ရသော အယ်ဘီနို အချို့၏ ရင်ဖွင့်သံများကို နားထောင် ကြည့်လျှင် သူတို့ ရင်ဆိုင်ဖြတ်သန်း နေရသည့်ကို အခက်အခဲမှာ မည်မျှ ပင် ကြီးမားသည်ကို တွေ့မြင်နိုင်ပါ လိမ့်မည်။

ရီကာဒို ကာလီတို့စ်၊ ၂၃နှစ်။
မိုဇမ်ဘစ်၊ နမ်ပူဘာဒေသမှ မူလတန်းပြ ကျောင်းဆရာ။

 ''ကျွန်တော်တို့က တိရစ္ဆာန် တွေလို အမဲအလိုက်ခံခဲ့ရတာပါ'' ဟု ကာလီတို့စ်က ဆိုသည်။ သူကဲ့သို့ Albinism ရောဂါသည် အစ်မ အဲလစ်ဒီယာသည် ၂ဝ၁၅ခုနှစ် စက်တင်ဘာလအတွင်းက ပြန်ပေး ဆွဲခံရပြီး နောက်ဆုံးတွင် အသတ်ခံခဲ့ ရသည်။ သုံးရက်အကြာတွင် ကျူး လွန်သူများအနက် တစ်ဦးကို သက် သေခံ အရိုးတစ်ချောင်းနှင့်အတူ ဖမ်းမိခဲ့သည်။ ထိုဖြစ်ရပ်တွင် သူ၏ ယောက်ဖကိုယ်တိုင် ပါဝင်သည်ဟု ကာလီတိုစ်က ယုံကြည်နေ၏။
ဂျိုဆေးမန်နျူရယ်ပင်တို- မိုဇမ်ဘစ်နိုင်ငံ

ဖခင် ဂျိုဆေးမန်နျူရယ်ပင်တို၏ ဓာတ်ပုံကို ပြနေသော ဖလေဗီယာ ပင်တို ၃၁ နှစ်က သူမ၏ ဖခင်သည် ၂ဝ၁၅ခုနှစ်က ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း၊ ၂ဝ၁၆တွင် ဖခင်၏ အုတ်ဂူမှာ အဖျက်ဆီးခံထား ရပြီး အလောင်းမှ ခြေလက်များကို ဖြတ်တောက်ယူသွားကြောင်း ရင်ဖွင့်ခဲ့ သည်။ ယခုအခါ သူမသည် ဖခင် အလောင်းမှ ကျန်ရစ်ခဲ့သည့် အစိတ် အပိုင်းများ ငြိမ်းချမ်းစွာ အနားယူ နိုင်ရန်အတွက် အုတ်ဂူကို အခိုင် အမာပြုလုပ်ထားရသည်။        

မက်ဒယ်လန်နာဖရန်စစ်စကိုဂျော်ဂျီ ၁၇နှစ်။ မိုဇမ်ဘစ်။

 ဂျော်ဂျီက သူ၏ အတန်းဖော် များက အစဉ်ခွဲခြားဆက်ဆံ ခြင်းခံနေ ရသည်ဟု ရင်ဖွင့်သည်။ ဂျော်ဂျီ၏ ကိုယ်အင်္ဂါများသည် တန်ဖိုးရှိသည် ဟု ယူဆသည့် အတန်းဖော်များက သူ့ကို ''ပိုက်ဆံ၊ ပိုက်ဆံ'' ဟု တကြော် ကြော် ခေါ်ကြသည်။  အယ်ဘီနိုများ အား တန်ဖိုးကြီး ရောင်းကုန်တစ်ခု သဖွယ် မြင်နေခြင်းက ဆင်းရဲမွဲတေ သည့် နိုင်ငံတွင် ပို၍ပင် စိုးထိတ်စရာ ကောင်းလှသည်။ မာလာဝီ၏ မြို့ တော် လီလောင်ဝီမှ အသက်လေးနှစ် အရွယ် ချင်ဝမ်းဝီအော် စတန်ဆို သည့် ကလေးမလေးဆိုလျှင် သူ့မိဘ များက ကျောင်းကိုပင် မထားရဲ အောင် ဖြစ်နေရသည်။ အိမ်နီးချင်း များက အော်စတန်ကို ငွေသန်းချီ တန်သည့် ကလေးဟု ထင်ကြေးပေး ပြောဆိုလေ့ရှိသဖြင့် အသက် အန္တရာယ်ကိုငဲ့ကာ ပညာရေးကို နောက်ဆုတ်လိုက်ရန် ဆုံးဖြတ်ခဲ့ရ သည်။

လာဇိုရီ ရိုဆာရီယို၊ ၁၈နှစ်။ မိုဇမ်ဘစ်နိုင်ငံ။

ရိုဆာရီယိုက သူကဲ့သို့သော အယ်ဘီနိုများအပေါ် ဥပဒေအရ အကာအကွယ်ပေးထားခြင်း ဘာမှမ ရှိဟု အစိုးရကို အပြစ်တင်စကား ဆိုသည်။ ''အစိုးရက အယ်ဘီနို တွေရဲ့ ပြဿနာကို ကို စိတ်ဝင်တစား အရေးယူ ကိုင်တွယ်ဖြေရှင်းပေးခြင်းမ ရှိဘူး။ ကျွန်တော်တို့ ညီတွေ၊ ညီမ တွေ အဆုံးရှုံးခံနေရတယ်'' ဟု ညည်း တွားခဲ့သည်။

အကာအကွယ်မဲ့နေဆဲ

မာလာဝီနှင့် မိုဇမ်ဘစ် အစိုးရ အနေဖြင့်မူ ယင်းပြဿနာကို သိနား လည်ကြသည်။ ထို့အတွက်လည်း အယ်ဘီနို၏ ကိုယ်ခန္ဓာသည် မှော် ဆန်သော မည်သည့်ကောင်းကျိုးမှ မရှိသည့် အကြောင်းကို လူသိရှင် ကြားဖြစ်အောင် ရှင်းလင်းပြောဆို ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရဲများက လည်း အယ်ဘီနိုများ အရေးကို ယခင်ကထက် ပိုမို အလေးပေးလာ ကြသည်။ သို့သော်လည်း လူနည်း စုကသာ တစ်ပိုင်တစ်နိုင် ဝိုင်းဝန်း ကာကွယ်သလိုဖြစ်နေသည့်အတွက် ထင်သလောက် ခရီးမပေါက်ဘဲ ဖြစ် နေရသည်။  

၂ဝ၁၆ခုနှစ် မေလတွင် ကုလ သမဂ္ဂမှ အိုက်ပွန်ဝါဆာအီရိုက အယ် ဘီနိုများအပေါ် တိုက်ခိုက်မှုများအား ထိထိရောက်ရောက် ကာကွယ်ပေး နိုင်ခြင်း မရှိလျှင် မာလာဝီတွင် အယ် ဘီနိုများ ပျောက်ကွယ်သွားမည်အထိ စိုးရိမ်ရသည်ဟု ဆိုထားသည်။

၂ဝ၁၆ ခုနှစ် ဇွန်လတွင် တန် ဇန်နီးယားနိုင်ငံ ဒါအက်စလာတန် တွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အစိုးရ အရာရှိပေါင်း ၁၅ဝ တို့ ပူးပေါင်း အယ်ဘီနိုများအရေးအတွက် ပထမ ဆုံး ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားရန် မည်သို့ တာဆီးကြမည်၊ မည်သို့ ကာကွယ်ပေးမည်၊ မည်သို့ လုပ်ဆောင်ကြမည်ဟု ဆွေးနွေးတိုင်ပင်ခဲ့ကြ သော်လည်း လအနည်းငယ် အကြာ တွင် ကောက်ရိုးမီးပမာ သွေးအေး သွားကြပြန်သည်။

 နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ကလည်း အာဖရိက ၂၃ နိုင်ငံမှ Albinism သမားများသည် အသက်အိုးအိမ် ခြိမ်းခြောက်ခံနေရ ဆဲပင်ဖြစ်သည်ဟု ဆိုထားသည်။  

ထို့အတွက် ယခုနှစ် မတ်လ ၄ ရက်တွင် အိုက်ပွန်ဝါဆာ အီရိုးက လက်ရှိအချိန်တွင်  Albinism သမား များကြုံတွေ့နေရသော ဒုက္ခများနှင့် လက်တွေ့အထောက်အထားများပါ သော အစီရင်ခံစာ တစ်ရပ်ကို  ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းထားခဲ့သည်။

လူထဲက လူ

အယ်ဘီနိုများအပေါ် ကမ္ဘာသိ ဆွေးနွေးပွဲများ အစီအစဉ်များက ပန်း တိုင်ရောက်ရန် နှေးကွေးလွန်းနေ ချိန်တွင် Albinism များ ကိုယ်တိုင်က မူ လူထဲက လူများသာ ဖြစ်သည့်အ လျောက် ဘဝအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရုန်းကန်ရှင်သန်နေကြ ဆဲဖြစ်သည်။

အချို့က ခပ်လျှိုလျှို အသက် မွေးကြပြီး အချို့ကမူ လူအများစုနှင့် ဆက်ဆံရမည့် အလုပ်မျိုးကို ရှောင် ကာ အသက်မွေးမြူကြ သည်။

ထိုသူများအနက် မာလာဝီ ရုပ် သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း၏ ညနက်ပိုင်းရေဒီယို ဆွေးနွေးခန်း များတွင် ပင်တိုင်တစ်ဦး အဖြစ် စီစဉ် တင်ဆက်နေသူ ရေဒီယို ဒီ-ဂျေသမား အီရန်ဆင်ဘိုတာ၏ လက်ရှိ ဘဝ ဖြတ်သန်းပုံကို ကြည့်လျှင် လူထဲက လူသာဖြစ်သော Ablinism တစ်ဦး ဘဝကို လှစ်ဟနေသလို ထင်ရ၏။

ဆင်ဘိုတာသည် ပင်ကိုဗီဇ အတိုင်း ဆွေးနွေးခန်းတွင် ဟာသ လေးနှောကာ ပြောတတ်သဖြင့် ကိုယ် ပိုင် ပရိသတ်ရှိနေသူ ဖြစ်သည်။ သူ့ အသံကို နားယဉ်နေကြသော်လည်း အသံရှင်သည် အယ်ဘီနိုတစ်ဦးဖြစ် သည်ကို သိသူနည်းပါးလှသည်။ ထိုမျှ မက သူ့အတွက် ရထားသော အသံ လွှင့်ခန်းငယ်လေးသည် ဆင်ဘိုတာ အတွက် အလုပ်ခန်းတစ်ခုသာမက အယ်ဘီနို တစ်ဦးအတွက် ဘေးကင်း လုံခြုံမှုကိုပါပေးသည့် နေရာလေး ဖြစ်နေသည်ကို သိသူပို၍နည်းပါး သေးသည်။

ဆင်ဘိုတာသည် မိသားစုထဲမှ ဒုတိယမြောက် ကလေးဖြစ်ပြီး နှစ် ယောက်စလုံးတွင် Albinism များ ဖြစ်နေသည်။ သူ၏ ဖခင်က အယ်ဘီ နိုဖြစ်နေသော ရင်သွေး နှစ်ဦးစလုံးကို သတ်ပစ်ရန်  ပြောသော်လည်း ဆင် ဘိုတာ၏ အမေက လုံးဝ လက်မခံ။ ထိုကာလတွင် လူများသည် Albinism အကြောင်းကို သိပ်မသိကြ။ ထို့ အတွက် ဖခင်က ကလေးနှစ်ယောက် သည် သူ့အတွက် ကျိန်စာတိုက်ခံရ သည့် မကောင်းဆိုးဝါးအဖြစ်သာ မြင်နေသည်။ အချိန်ပြည့် ကလေး များကို သတ်ပစ်ရန် ဇနီးသည်ကို တိုက်တွန်းခဲ့သည်။ ဆင်ဘိုတာ၏ မိခင်ကမူ သားသမီးများအပေါ် မေတ္တာမပျက် ချစ်မြဲချစ်လျက်ပင်။

နောက်ဆုံးတွင် ဖခင်က ဇနီး သည်နှင့် ကလေးနှစ်ယောက်တို့ကို ပစ်ပြီး ထွက်သွားတော့သည်။

ထိုအချိန်မှစ၍ ဆင်ဘိုတာ၏ မိခင်သည် မာလာဝီတောင်ဖျားပိုင်း ကျေးရွာလေးမှ စွန့်ခွာပြီး ဘလန်တီ ရီမြို့သို့ ကလေးနှစ်ယောက်နှင့်အတူ  ထွက်လာခဲ့သည်။ ကံကောင်း၍  ဆေးတက္ကသိုလ်တွင် သန့်ရှင်းရေး ဝန်ထမ်းအဖြစ် အလုပ် ရသဖြင့် ဆင်ဘိုတာတို့ အယ်ဘီနိုနှစ်ယောက် ကို ကျွေးမွေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆင်ဘိုတာက သူ၏ မိခင်သည် သူ့အတွက် လမ်းပြပေးသူ တစ်ဦးဖြစ် သလို သူ့ရည်မှန်းချက်များကိုလည်း ပြည့်ဝအောင် လုပ်ပေးနိုင်ခဲ့သူ ဖြစ် သည်ဟုဆိုသည်။ ဘဝ အခက်အခဲ ကြောင့် ကျောင်းသားဘဝတွင် အခြား ကလေးငယ်များကဲ့သို့ မဟုတ်ဘဲ ခပ် ထိုင်းထိုင်း ဖြစ်နေသည့်အခါ ဆရာ များ ကိုယ်တိုင်က သူ့ကို အပျင်းလေး ဟု ခေါ်ခဲ့ကြသည်။

အရွယ်ရောက်၍ စာနယ်ဇင်း ပညာသင်ကြားပြီးနောက် ရေဒီယို ဌာနတွင်အလုပ်ဝင်စက အမြင်အာရုံ ချို့ယွင်းမှုကြောင့် ကွန်ပျူတာစကရင် ကို အားစိုက်မကြည့်နိုင်ဖြစ်ခဲ့ရသည်။

တစ်ချိန်တည်းတွင် အယ်ဘီနို များအပေါ် အယူသည်းမှုများက တိုးတက်နေသော သိပ္ပံပညာနှင့် အိုင်တီနည်း ပညာခေတ်ကြီး ကို တမင်ကျောခိုင်းကာ တိုးတိုး တိတ် တိတ် ထွန်းကားနေသည့်သဖွယ် ဖြစ်နေသည်မှာ အံ့သြစရာ ကောင်း လှသည်။

 နေရာတိုင်းတွင် ခွဲခြားဆက် ဆံမှုက ဆင်ဘိုတာကို ရိုက်ခတ်ခဲ့ သလို၊ အခြား အယ်ဘီနိုများနည်းတူ သူ့ထံသို့ ထူးဆန်းသည့် ချဉ်းကပ် နည်းများနှင့် ရောက်လာသူများကို လည်း မနည်းတိမ်းရှောင်ခဲ့ရသည်။

ထိုအထဲမှ ၂ဝ၁၂ခုနှစ်က ဆင်ဘိုတာ ကိုယ်တိုင်ကြုံတွေ့ရသည့် အဖြစ်အပျက်တစ်ခုမှာ ပို၍ စိတ် ပျက်ဖွယ် ကောင်း၏။   

ထိုစဉ်က သူ့ထက်အသက်ကြီးပြီး ပညာတတ်အမျိုးသမီးကြီး တစ် ယောက်နှင့် ရင်းနီးခဲ့ဖူးသည်။ တစ်ဦးကို တစ်ဦး ရိုင်းပင်း ကူညီကာ မိတ် ဆွေရင်းများပမာ နေထိုင်ရာက တစ်ရက်တွင်  ဆင်ဘိုတာအား သူမ နှင့် တစ်ကြိမ်မျှ အတူအိပ်ပေးလျှင် K 100,000 (၁၃၈ ဒေါ်လာခန့်) ပေးမည်ဟု ဆိုလာသည်။ ဆင်ဘိုတာ က အင်းမလုပ်အဲမလုပ် ဖြစ်နေသည့် အခါ သူမက K 500,000 (ဒေါ်လာ ၇ဝဝခန့်) အထိ ပေးမည်ဟု ထပ်တိုး တောင်းဆိုလာခဲ့သည်။

အမှန်က သူမတွင် HIV positive ရှိနေသည့်အတွက် အယ်ဘီ နိုတစ်ဦးနှင့် ချစ်တင်းနှောလိုက်လျှင် ရောဂါပျောက်သွားမည်ဟု ယုံကြည် ထားသည့်အတွက် ဆန်ဘိုတာကို စည်းရုံးခြင်း ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး ရင်းနီးကြသဖြင့် ထိုအချိန်က ဆန်ဘိုတာသည် မိခင်၏ ဆေးဖိုး အတွက် ငွေကြေးအရေးတကြီး လို အပ်နေသည်ကို သိသော သူမက အ ခွင့်ကောင်းယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ် သည်။ 

ဆန်ဘိုတာကမူ ငြင်းဆန်ခဲ့သည်။

သိပ်မကြာမီ သူ၏ မိခင်မှာ နာတာရှည်အဖျား ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ချစ်သူကလည်း လမ်းခွဲသွားသည်။ အယ်ဘီနိုများအပေါ် တိုက်ခိုက် မှုများသည်လည်း တစ်စတစ်စပြန်လည် များပြာ လာခဲ့သည်။

သို့သော် ဆင်ဘိုတာ၏ လက်ရှိ အချိန်သည် အောင်မြင်သော ရေဒီယို အသံလွှင့်သမားဖြစ်နေ သည်က သူ့ဘဝအတွက် အားဆေးတစ်ခွက်သဖွယ် ဖြစ်လာတော့သည်။ ညနက်နက်ထဲတွင်၊ မိုက်ခရို ဖုန်းများ၊ ဇာတ်ညွှန်း စာရွက်များနှင့် သူ့ကို မမြင်နိုင် သော သောတရှင်များသည် သူ့ဘဝ၏ အကောင်း ဆုံး အဖော်မွန်များ ဖြစ်နေတော့သည်။

(ဆင်ဘိုတာ ငယ်စဉ်က သူတို့ကို စွန့်ပစ်ထား ရစ်ခဲ့သော သူ၏ ဖခင်သည် တစ်နယ်တစ်ကျေးတွင် အိမ် ထောင်သစ် ထူထောင်ကာ သားသမီးတစ်ဦး ထပ်မံထွန်းကားခဲ့ သည်။ ထိုကလေးမှာလည်း Albinism ဖြစ်နေလေသည်။)

ကျော်စည်သူ (သုနန္ဒခေတ်)

Ref:
(1) The Hunted, The New York Times.
(2) 10 widely spread albinism myths busted for
good.
(3) Malawi’s Albinos Attacked for body parts.
(4) Don’t Believe Misconc-eptions Blindly.
(5) People with Albinism in Malawi still ‘living in fear.

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.