ရသတဏှာနှင့် ဆူးတောင်ပြာ
နံနက်ခြောက်နာရီ။
တိုကျိုမြို့ ကမ္ဘာကျော် တစူကီဂျီ -Tsukiji ငါးစိမ်းဒိုင်။
ကက်ဦးထုပ်အပြာနှင့် အဝါရောင် ရာဘာဘောင်းဘီရှည်နှင့် အလုပ်သမားများသည် ကြမ်းပြင်ပေါ်တွင် အစီအရီ ချထားသော မီးခိုးရောင် တူနာငါး (ငါးမည်းလုံး) များတွင် ကပ်ထားသည့် အမှတ်စဉ်၊ အမျိုးအစား၊ ဖမ်းဆီးရမိသည့် ဒေသ၊ အလေးချိန် စသည်များကို လိုက်လံ ဖတ်ရှုနေသည်။ တူနာငါး လေလံပွဲ မစမီ အားလုံး နေသားတကျ ရှိ-မရှိ စစ်ဆေးနေကြခြင်း ဖြစ်သည်။ ငါးများတင် ဆောင်ထားသည့် ဝန်ချီစက် အသေးစားလေးများနှင့် တွန်းလှည်းများသည် အရှိန်ပြင်းပြင်းဖြင့် လူအုပ်ကြားတွင် ပြေးလွှားနေသည်။ နေ့စဉ် ဂျပန်ပြည်တွင်းနှင့် ပြည်ပမှ ရေခဲရိုက် တူနာငါး အကောင် သုံးထောင်ကျော်သည် တစူကီ ဂျီငါးဒိုင်သို့ ရောက်လာသည်။ တစ်ဆင့် ပြန်ရောင်းမည့် ငါးပွဲစားများ၊ မိမိလုပ်ငန်း (စားသောက်ဆိုင်) တွင်သုံးစွဲရန် ဝယ်မည့်သူများသည် ငါးတစ်ကောင်ချင်းကို သေချာစွာ စစ်ဆေး ကြည့်ရှုနေကြသည်။
ခန်းမထိပ် စားပွဲပေါ်တွင်ထားသည့် ကြေးခေါင်း လောင်းကြီးကိုထိုးလိုက်ခြင်းဖြင့် ငါးလေလံပွဲကိုစတော့ သည်။ လေလံလုပ်သားများသည် ပျားပန်းခပ် အလုပ် များနေကြသည်။ အတန်းလိုက်ချထားသော ငါးများအကြား ဟိုဝင်သည်ထွက်နှင့် အလုပ်ရှုပ်ကုန်ကြသည်။ လေလံပွဲစသည်နှင့် ငါး၏ဝမ်းပိုက်တွင် ကပ်ထားသော နံပါတ်ကို ဒိုင်မှူးလုပ်သူက အော်လိုက်သည်။ ထိုနောက် ကြမ်းခင်းဈေးကို သုံးကြိမ်အော်သည် ''၄၅..။ ၄၅..။ ၄၅''။ တစ်ကီလို ယန်း ၄၅ဝဝ ဟု ဆိုခြင်းဖြစ်သည်။ ဒေါ်လာ ငါးဆယ်ခန့်နှင့် ညီမျှသည်။ လေလံဆွဲသူများက သူတို့ပေးနိုင်သောဈေးကို ပြန်အော်ကြသည်။
ငါးလေလံပွဲ ပြီးသည့်အခါ ငါးတစ်ကီလိုမျှပင် လေလံ ကြမ်းပြင်ပေါ်တွင် မကျန်တော့။
တူနာငါးကို လူတို့စားသုံးခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီ၍ပင် ရှိတော့မည်။ ဂရိလူမျိုးတို့သည် ငါးအသားကို လွှာလျက် ငါးဆားနယ် လုပ်စားကြသည်။ မြေထဲပင်လယ် ဆူးတောင်ပြာ တူနာသည် ရောမစစ်သားတို့၏ နေ့လယ်စာတွင် မပါမပြီးခဲ့။ အရစ္စတိုတယ်သည် သူ၏ တိရစ္ဆာန် သမိုင်း History of Animals စာအုပ်တွင် တူနာငါး၏ အရသာကို ချီးကျူးထောမနာ ပြုခဲ့သည်။
သို့သော် ကမ္ဘာ့အရပ်ဒေသ အတော်များများတွင် ထိုခေတ်ထိုအခါက တူနာငါးကို စားရကောင်းမှန်း မသိကြ။ တံငါပိုက်ထဲတွင် ငြိပါလာသော တူနာငါးကို ခွေးစာ၊ ကြောင်စာ လုပ်ပစ်လိုက်ကြသည်။ ၁၉၆ဝ ပြည့်လွန်နှစ်များတွင် ဂျပန်၏ စီးပွားရေး တစ်ဟုန်ထိုး တက်လာသည်နှင့်အညီ ဂျပန်နှင့် ကမ္ဘာအကြား ဆက်ဆံမှု များပြားလာသည်။
ဂျပန်တို့ ခုံမင်နှစ်သက် စွဲလမ်းစွာ စားသုံးသော ငါးကို အဓိကထား စီမံထားသည့် ဂျပန်ဆူရှီသည် နိုင်ငံအများ အပြားတွင် လူကြိုက်များလာသည်။ နှစ်သက်လာသည်။ ဆူရှီတွင် အဓိက ပါဝင်သည်မှာ တူနာငါးဖြစ်သည်။ ယခုအချိန်၌ ဂျပန်၊ ဥရောပနှင့် တရုတ်ပြည်တို့တွင် နှစ်ခြိုက်စွာ စားသုံးလာကြသဖြင့် အတ္တလန္တိတ် ဆူးတောင်ပြာ တူနာများကို အရုပ်ရေး ပြရတော့မလို ရှားပါးလာသည်။
ဆူးတောင်ပြာ တူနာငါးသည် ဆယ်စုနှစ်များစွာ အသက်ရှည်နိုင်ပြီး၊ ဆယ်ပေကျော်အထိ ရှည်လျားနိုင်သည်။ ဆယ်ပေကျော်ရှိ တူနာငါး တစ်ကောင်သည် အလေးချိန် ပေါင် ၁၆ဝဝ အထိ ရှိနိုင်သည်။ တစ်နာရီ မိုင်လေးဆယ်နှုန်းဖြင့် ကူးခတ်နိုင်သည်။
တူနာငါးကို လူကြိုက်များလာသည့်အတွက် ဖမ်းဆီးမှုများလာသည်။ ထို့ကြောင့် ယင်းတို့၏ ပေါက်ဖွားနှုန်းသည် အတ္တလန္တိတ် အရှေ့ပိုင်းတွင် ၇၄ ရာနှုန်းအထိ ကျဆင်းသွားသည်။
တစ်ကမ္ဘာလုံး တူနာငါးစားသုံး တစ်ကမ္ဘာလုံး တူနာငါးစားသုံးမှုသည် ၁၉၇၆ ခုနှစ်က တန်ချိန် သုံးသန်းမျှသာ ရှိသော်လည်း ယခု အခါ တန်ချိန် ၃.၅ ဘီလီယံမျှ ရှိလာသည်။
ပစိဖိတ် ဆူးတောင်ပြာများ၏ စားကျက်သည် အမေရိကန်ပြည် အနောက်ဘက် ကမ်းခြေမှ ဂျပန်နိုင်ငံ အထိဖြစ်သည်။ ပစိဖိတ် ဆူးတောင်ပြာ အရေအတွက်သည် အလွန်အမင်း လျော့ကျသွားခြင်း မရှိသေးဟု ဆိုသည်။ သို့သော် တစူကီဂျီငါးဒိုင်သို့ ဝင်ရောက်လာသော တူနာပမာဏသည် ယခင်အချိန်များကထက် သုံးဆယ်မှ လေးဆယ်ရာနှုန်းအထိ လျော့နည်းသွားသည်ဟု သိရသည်။ ယခု နှုန်းအတိုင်းသာ ဆက်လက်ဖမ်းဆီး နေမည်ဆိုပါက ၂ဝ၁၂ ခုနှစ်တွင် အတ္တလန္တိတ် ဆူးတောင်ပြာတူနာများ လုံးဝပျောက်ကွယ် သွားတော့မည်ဟု ကမ္ဘာ့တောရိုင်းသဘာဝ ရန်ပုံငွေအဖွဲ့ World Wildlife Fund - WWF က ဟောကိန်းထုတ်ထားသည်။
ငါးဖမ်းကုမ္ပဏီများသည် ငါးအရ နည်းလာသည်။ သူတို့၏လုပ်ငန်းကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ငါးမျိုးထိန်းသိမ်းရန် ဖြစ်သည်။ သို့သော် အဏ္ဏဝါပြင် တစ်ခုလုံးကို ထိန်းသိမ်းရန်ဆိုသည်မှာ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရနိုင်။ နိုင်ငံ အနည်းစု လုပ်၍လည်း မအောင်မြင်နိုင်ပေ။ ထိန်းသိမ်းသည့်အပိုင်းက ထိန်းသိမ်း နေသော်လည်း အစစ်အဆေးမရှိ၊ အမေးအမြန်းမရှိသော ဆင်းရဲသည့် နိုင်ငံများမှ ငါးအများအပြားသည် နိုင်ငံတကာ ငါးစိမ်းဒိုင်များသို့ ဝင်ရောက်လာလျက်ရှိသည်။
တူနာငါး အမျိုးမျိုးရှိသည့် အနက် စကစ်ဂျက် -Skipjack နှင့် အယ်လ်ဘာကိုး - Albacore သည် ဖမ်းမိသော တူနာငါး စုစုပေါင်း အရေအတွက်၏ ခြောက်ဆယ်ရာ နှုန်းရှိသည်။ ယင်းတို့ကို စည်သွတ် ရောင်းချသည်။ ဆူးတောင်ပြာ၊ ဆူးတောင်ဝါတို့သည်လည်းကောင်း၊ မျက်ပြူးအယ်လ်ပါကိုး - Big eye Albacore သည်လည်းကောင်း ဆူရှီ ဆိုင်များသို့ ရောက်သွားသည်။ ပျမ်းမျှ တူနာ ဆူရှီတစ်ပွဲလျင် ၁၇၅ ဒေါ်လာ ပေးရသည်။ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ငါးများထဲတွင် ဆူးတောင်ပြာ တူနာငါးမှာ ထိပ်ဆုံးကကျွန်တော် ဖြစ်နေသည်။ ပေါင် ၄၄ဝ အလေးချိန်ရှိ တူနာငါး တစ်ကောင်အား လေလံတင် ရောင်းချရာ အမေရိ ကန်ဒေါ်လာ ၁၇၄ဝဝဝ ရခဲ့ဖူးသည်။ စံချိန်တင်သောဈေးဖြစ်သည်။
ဆူးတောင်ပြာ တူနာဖြင့် ပြုလုပ်ထားသည့် ဆူရှီတစ်ပွဲသည် တိုကျို မြို့တွင် ဒေါ်လာနှစ်ရာနီးပါးမျှ ပေးရသည်။ လူများစု တတ်နိုင်သည့် ဈေးမဟုတ်။ ထို့ကြောင့် လူအများစား သုံးနိုင်သည့် တူနာအမျိုးအစားမှာ စကစ်ဂျက်သာဖြစ်သည်။
နှစ်စဉ် စုစုပေါင်း စကစ်ဂျက် ဖမ်းဆီးရမိမှု၏ ထက်ဝက်ကျော်မှာ ပစိဖိတ်အနောက်နှင့် အလယ်ပိုင်းမှ လာသည်။ ပစိဖိတ် အနောက်နှင့် အလယ်ပိုင်း ငါးလုပ်ငန်းကော်မရှင် The Western and Central Pacific Fisheries Commission -WCPFC ၏အဆိုအရ ထိုဒေသအတွင်း၌ တူနာငါး အများအပြား ရှိနေသေးသည်ဟု သိရသည်။
ကမ္ဘာအရပ်ရပ်တွင် နှစ်စဉ် ဆူးတောင်ပြာတန်ချိန် ခြောက်သောင်း ကျော်ကိုဖမ်းဆီးရမိပြီး၊ ယင်း၏ ရှစ်ဆယ်ရာနှုန်းကို ဂျပန်က စားသုံး သည်။ ဂျပန်တို့၏ ထမင်းဝိုင်းတွင် တူနာသည် မပါမဖြစ် ပါဝင်နေသည်။ ငါး ကိုအမျိုးမျိုးချက်ပြုတ် စားသုံးကြ သည်။ ဆူရှီသည် ဂျပန်လူမျိုးများ သာမက တစ်ကမ္ဘာလုံးက ကြိုက်နှစ် သက်သောအစာဖြစ်နေသည်။ ဆူရှီ ပြုလုပ်သော ဆူးတောင်ပြာတူနာများသည် တစ်ကမ္ဘာလုံးရှိ ဖမ်းဆီးရမိသော တူနာများ၏ ၃.ဝ ရာနှုန်းသာ ရှိသည်။ နိုင်ငံအသီးသီး၏ ကမ်းခြေ ဒေသစီးပွားရေးက တူနာငါးဖမ်း လုပ်ငန်းအပေါ်တွင် တည်မှီနေရ သည်။
စပိန်ဆိပ်ကမ်းမြို့ ကာတာ ဟီနားသို့ တစ်ပတ်လျှင် ခြောက်ရက်မျှသော နေ့များတွင် ရာပေါင်းများ စွာသော စင်ရော်များ အစဉ်အမြဲ စုရုံးရောက်ရှိလာသည်။ သူတို့သည် အချိန်မှန်မှန် ရောက်လာသော သင်္ဘောငယ်တစ်စင်းကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
သင်္ဘောရောက်လာသည်နှင့် သတ်သတ်မှတ်မှတ် ရေပြင်တစ်ကြောတွင် ပါလာသော ပလပ်စတစ် ပြွန်ကြီးများကို ရေနက်ပိုင်းသို့ချလိုက် သည်။ ပိုက်မှတစ်ဆင့် ငါးသေတ္တာငါး၊ မက်ကရောလ်ငါးတို့ ရေနက်တွင်းသို့ မှုတ်သွင်းလိုက်သည်။ ရေအောက် လှောင်အိမ်ကြီးများအတွင်း မွေးမြူထားသော ဆူးတောင်ပြာ တူနာငါးများအတွက် အစာချပေးခြင်းဖြစ်သည်။
ပင်လယ်ကမ်းစပ်တွင် လှောင်အိမ်ကြီးများချလျက် ဆူးတောင်ပြာ တူနာမွေးမြူခြင်းကို မြေထဲပင်လယ် ဒေသတစ်ဝိုက်တွင် ၁၉၉၆ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြသည်။ ယခုအခါ မြေထဲပင်လယ် ဒေသ တစ်ခုတည်း၌ မှတ်ပုံတင်ထားသော ဆူးတောင်ပြာ ငါးမွေးလုပ်ငန်းပေါင်း ၇ဝကျော်မျှ ရှိနေပြီဖြစ်သည်။ မက္ကဆီကို၊ ဂျပန်နှင့် သြစတေးလျတို့တွင်လည်း အကြီးအကျယ် မွေးမြူလျက် ရှိသည်။ မွေးမြူပုံမှာ ဖမ်းဆီးရမိသော တူနာ များကို လှောင်အိမ်ထဲသို့ပြန်လွှတ် ထားပြီး အလေးချိန် တိုးလာစေရန် တစ်နှစ်ခန့် အစာကျွေးထားခြင်း ဖြစ်သည်။
တူနာငါး လှောင်အိမ်အတွင်း၌ မွေး၍သားဖောက်နိုင်ရန် ကြိုးပမ်းသူက ကြိုးပမ်းနေကြသည်။စပိန် အဏ္ဏဝါဗေဒ သိပ္ပံမှ ပညာရှင်များသည် အတ္တလန္တိတ် ဆူးတောင်ပြာ တူနာအမများကို ဟိုမုန်းဆေးထိုးပေးခြင်းဖြင့် သားဖေါက်နိုင်ရန် သုတေသန ပြုနေသည်။
ဟိုမုန်းဖြင့် ငါးဥ သန်း ၁၅ဝ ခန့်ရရှိခဲ့ပြီး၊ ယင်းအနက် သန်း ၅ဝ ကို အကောင်ဖေါက်ရန် ရွေးထုတ်ခဲ့သည်။ အဆိုပါ သန်းငါးဆယ် အနက်မှ အကောင်ငါးဆယ်ခန့်သာ တစ်ဂရမ် အလေးချိန်ရှိ အရွယ်အထိ ရောက်လာနိုင်မည်ဟု ဆိုသည်။ ဥပေါင်းသန်း ၁၅ဝ မှ အကောင်ငါးဆယ်သာ ရနိုင်သည့် သဘောဖြစ်သည်။ သုတေသနတွင် ပါဝင်လုပ်ကိုင်နေသော သိပ္ပံပညာရှင် တစ်ဦးက ''ဒီသုတေသန အောင်မြင်ဖို့ အဝေးကြီး လိုပါသေးတယ်။ သာသာထိုးထိုးနဲ့ အကောင်းဘက်က မှန်းကြည့်မယ် ဆိုရင် အနည်းဆုံး ငါးနှစ်လောက် လိုသေးတယ် '' ဟု ဆိုသည်။
ဂျပန်နိုင်ငံ ကင်ကီ တက္ကသိုလ်က ဆူးတောင်ပြာတူနာကို ငါးမွေးကန်တွင် မွေးပြီးသားဖောက်ရန် ၂ဝဝ၃ ခုနှစ်မှစ၍ သုတေသန ပြုခဲ့သည်။ သို့သော် ရလဒ်မှာ အားရဖွယ်ရာ မရှိသေးပေ။ တစ်နှစ်လျှင် ငါးအနည်းငယ်ကိုသာ ဈေးကွက်သို့ တင်ပို့နိုင်သည်။
တူနာငါးကို လှောင်အိမ်ဖြင့် အများအပြား မွေးမြူလာခြင်းသည် ငါးကို လိုအပ်သည်ထက် ဖမ်းဆီးဖို့ အားပေးသလို ဖြစ်လာသည်။ ငါးပေါက်လေးများကိုလည်း မွေးကန်ထဲတွင် မွေးဖို့ ဖမ်းဆီးလာကြသည်။ ထိုနည်းဖြင့် တူနာငါး ပေါက်ဖွားနှုန်းကို ထိခိုက်စေပြန်သည်။ သဘာဝအလျောက် မဟုတ်ဘဲ မွေးကန်တွင် မွေးထားသော ငါးများသည် သားပေါက်နှုန်း အလွန်နည်းကြောင်း တွေ့လာရသည်။
မွေးထားသော တူနာတို့ အသားတိုးစေရန် ကျွေးရသည့် ငါးစာငါးများကို တန်ချိန် ထောင်သောင်းချီ၍ ဖမ်းဆီးရပြန်သည်။ သဘာဝအလျောက် ရှာဖွေစားသောက်သည့်အခါ တူနာများသည် ရှာဖွေရသမျှကို စားရသည်။ တော်ရုံသင့်ရုံသာ စားရသည်။ မွေးကန်တွင်းမှ တူနာများမှာမူ လိုက်လံ ရှာဖွေစရာမလိုဘဲ ကျွေးသမျှကိုစားခြင်းဖြင့် ကြီးထွားလာသည်။ ငါးကန် ပိုင်ရှင်များကလည်း အသားများများတိုးရန် အစာကို တနင့်တပိုး ချပေးသည်။ အမြတ်အစွန်းသည် သဘာဝ သက်ရှိလောကကို ဤနည်းဖြင့် ဖျက်ဆီးပစ်နေသည်။
အဏ္ဏဝါ ရေပြင်ကျယ်တွင် ငါးဖမ်းနေကြသော တံငါလှေများကို ခွဲတမ်းဖြင့် ငါးဖမ်းစေခြင်းသည် ယုံတမ်းပုံပြင်ကဲ့သို့ ဖြစ်နေသည်။ မည်သူမည်မျှ ဖမ်းနေသည်ကို တိတိကျကျ မည်သူမျှ မသိနိုင်။ နိုင်ငံအစိုးရများကလည်း အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများတွင် မည်မျှ အာပေါင်အာရင်းသန်သန် အဏ္ဏဝါ ဇီဝတို့ မျိုးမပြုန်းရေး ဆိုသည်ကို အော်ဟစ်နေကြလင့်ကစား၊ မိမိနိုင်ငံမှ ငါးဖမ်း ကုမ္ပဏီများဘက်က သာသာထိုးထိုး အကူအညီ ပေးနေကြသည်။
ပြင်သစ်၊ အီတလီနှင့် စပိန်မှ ငါးလုပ်ငန်း ကုမ္ပဏီများသည် နိုင်ငံရေးသမားများ အပေါ်တွင် သြဇာကြီးမားကြသည်။ ထိုနိုင်ငံမှ ရေလုပ်ငန်း ဝန်ကြီးများသည် တူနာငါး မပြုန်းတီးရေး ညီလာခံများတွင် ပါးစပ်က ထောက်ခံကြသော်လည်း၊ လက်တွေ့ကန့်သတ်ရန် ကိစ္စတွင် ခါးခါးသီးသီး ဆန့်ကျင်ကြသည်။ မည်သည့် ဝန်ကြီးမျှ ညီလာခံမှ ပြည်တော်အပြန်တွင် ''ကျုပ်တော့ တူနာငါးတွေကို ကယ်လိုက်ပြီ။ ပြည်တွင်း ငါးဖမ်းလုပ်ငန်းကိုတော့ ဖျက်ဆီးလိုက်ရပြီ'' မပြောလိုကြ။
တူနာငါးမျိုး မပြုန်းတီးရေးသည် မည်မျှအရေးကြီးကြောင်း အစိုးရအဖွဲ့ဝင်များက ပြောဆိုနေကြ သော်လည်း၊ ငါးဖမ်းသင်္ဘောများကို ရေတပ်သင်္ဘောကြီးများပမာ တည်ဆောက်ပေးနေသည်။ အစိုးရက ထောက်ပံ့ငွေဖြင့် ငါးဖမ်းလုပ်ငန်းရှင်ကြီးများသည် အင်ဂျင်ကြီးကြီး၊ ပိုက်ရှည်ရှည်တို့ကို တည်ဆောက် တပ်ဆင်နေကြသည်။
မူလ တူနာစားကျက်များတွင် ငါးအရ နည်းလာသည့်အတွက် ငါးဖမ်းသင်္ဘောများသည် ပါပူးဝါး နယူးဂီနီနှင့် ဆော်လမွန်ကျွန်းစုအထိ သွားရောက်ဖမ်းလာကြသည်။ ယခုအခါ ပစိဖိတ်ဒေသတွင် ငါးဖမ်းသင်္ဘော အရေအတွက်သည် အခြားပင် လယ်ပြင်များထက် ပိုများနေသည်။ ဒေသတွင်း နိုင်ငံငယ်လေးများ အနေဖြင့် ရောက်လာသော ငါးဖမ်းသင်္ဘော အရေအတွက်ကို စောင့်မကြည့်နိုင်သလို၊ တရားလွန် ဖမ်းဆီးနေခြင်း ဟုတ်-မဟုတ်ကို မသိနိုင် ဖြစ်နေသည်။ ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား ကောင်းနေသဖြင့် ငါးဖမ်းသင်္ဘောများသည် ရသမျှ တူနာငါးများကို အလွန်အကျွံ ဖမ်းဆီးနေကြသဖြင့် ငါးသားပေါက် ကလေးများပါ ပါကုန်တော့သည်။
၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော မျိုးတုံးလုသက် ရှိများ ရောင်းဝယ် ဖောက်ကားခြင်း ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် အတ္တလန္တိတ် ဆူးတောင်ပြာ တူနာကို မျိုးတုံးလု ဖြစ်နေသော သတ္တဝါအဖြစ် စာရင်းသွင်းရန် မိုနာကို နိုင်ငံ က အဆိုတင်သွင်းခဲ့သည်။ ထိုအဆိုကို ဥရောပ သမဂ္ဂခြောက်နိုင်ငံ က ပူးတွဲအဆိုရှင် အဖြစ်ပါဝင်ခဲ့ပြီး၊ အမေရိကန် ကထောက်ခံခဲ့သည်။ ကွန်ဗင်းရှင်း၏ စာရင်းတွင် ပါဝင် နေခြင်းဖြင့် ဆူးတောင်ပြာ တူနာများ အား ရောင်းဝယ်မှုအပေါ် အကန့် အသတ်ပြုလုပ်ထားမည်ဖြစ်သည်။ သို့သော် မအောင်မြင်ခဲ့ပေ။
ဆူးတောင်ပြာတူနာကို မျိုးတုံးလု သတ္တဝါအဖြစ် စာရင်းသွင်းရန် ၁၉၉၂ ခုနှစ်တွင် ဆွီဒင်က စတင်ကြိုး ပမ်းခဲ့ဖူးသည်။ ဂျပန်၊ အမေရိကန်နှင့် ကနေဒါတို့၏ ဆန့်ကျင်မှုကြောင့် ဆွီဒင်၏ အဆိုမှာ ရှုံးနိမ့်ခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် ကင်ညာနိုင်ငံက အဆိုတင်ရန်ကြိုးပမ်းပြန်သည်။ သို့သော် ကင်ညာအား ထောက်ပံ့နေသည့် အဓိကအလှူရှင် ဂျပန်နိုင်ငံ၏ ဖိအားကြောင့် အဆိုကို ကင်ညာက ပြန်လည်ရုပ်သိမ်း ပေးခဲ့ရသည်။
ကန့်သတ်မှု ပြုလုပ်ထားသော် လည်းမျိုးတုံးမှုအန္တရာယ်ရှိနေပါက ဆူးတောင်ပြာ တူနာများကို မဖမ်းဆီးကြဖို့ ပိတ်ပင်တားဆီးရမည် ဖြစ်သည်။ ယင်းသို့ဖြစ်မလာစေရန် ငါးလုပ်ငန်း အဖွဲ့များက ခွဲတမ်းဖြင့် ဖမ်းဆီးစေခြင်းဖြင့် အောင်မြင်နေကြောင်း ပြောဆိုကြသည်။
တူနာငါးဖမ်းလုပ်ငန်း ဆက်လက်ရှင်သန် နေလိုပါက ငါးမျိုးမတုံးအောင် ဆောင်ရွက်ရမည် ဆိုသည်ကို ငါးလုပ်ငန်းရှင်များ ကိုယ်တိုင် သဘောပေါက် နားလည်ထားကြသည်။ ထို့ကြောင့် တူနာငါးများကို လှောင်အိမ်ဖြင့် မွေးမြူရာတွင် ပြင်ပသဘာဝ ရေပြင်နေ တူနာများကဲ့သို့ ပေါက်ဖွားစေနိုင်သည့် နည်းလမ်းကို ရှာဖွေသုတေသ ပြုလုပ်လျက် ရှိသည်။ ဆူးတောင် ပြာတူနာများအား ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ထားသော ဟိုမုန်းထိုးပေးခြင်းဖြင့် မျိုးပွားနိုင်စေရန် ပြုလုပ်သော သုတေသနမှာ အတော်အသင့်အောင် မြင်လျက်ရှိသည်ဟုဆိုသည်။ သို့ရာတွင် သေချာစိတ်ချရစေရန် အနည်းဆုံး ငါးနှစ်ခန့်အချိန် လိုအပ်နေသေးသည်ဟု စပိန်အဏ္ဏဝါ ဗေဒပညာရှင် အော်ရယ်လို အိုတေဂါးက ဆိုသည်။
ဂျပန်သိပ္ပံ ပညာရှင်များက ဆူးတောင်ပြာတူနာကို အုတ်ကန်များ အတွင်း မွေးမြူလျက် မျိုးပွားစေရာ အောင်မြင်လျက်ရှိသည် ဟုဆိုသည်။ သို့သော် ဈေးကွက်ကလိုအပ်နေသည့် အရေအတွက်၏ အစွန်းထွက်မျှသာ ရှိသည်ဟု သိရသည်။
တူနာငါးများသည် မွေးကန်များတွင် လှောင်ထားသည့်အခါ အစားအလွန်စားသည်။ အစာ ၂၂ ပေါင်မျှစားလျင် ငါး၏ ကိုယ်အလေးချိန် နှစ်ပေါင်တက်လာသည်ဟု ဆိုသည်။ ထို့ပြင် အညစ်အကြေး စွန့်ထုတ်မှုလည်း များပြားသဖြင့် ခဏတွင်းချင်း ပင် မွေးကန်၏ ရေကိုညစ်ညမ်းစေသည်။ ရေကို မကြာခဏ လဲပေးရန် လိုအပ်သည်။ ငါးစာဖိုးနှင့် ရေလဲရသည့် စရိတ်သည် ငါးမှရသည့် အမြတ်ကို ကာမိရုံသာရှိသည်။
ဂျပန်နိုင်ငံ မြောက်ဘက် ဟွန်ရှူးကျွန်း အစွန်းရှိ အိုမာဟု အမည်ရသော တံငါရွာလေးသည် ဒေသထွက် ဆူးတောင်ပြာ တူနာငါးကြောင့် နာမည်ကျော်သည်။ ကမ္ဘာလှည့် ခရီးသည်များ တခုတ်တရ လာရောက်လည်ပတ်ရသော ရွာကလေးဖြစ်ခဲ့သည်။ ရွာသူရွာသားများက ဆူးတောင်ပြာတူနာကို ရွှေနက်ဟု အမည်တပ်ထားကြသည်။
အေးမြသော ပစိဖိတ်ရေပြင်တွင် တစ်ချိန်က ဆူးတောင်ပြာ တူနာတို့ မြူးတူးပျော်ပါးရာဖြစ်ခဲ့သည်။ နွေဦးပေါက် ရာသီရောက်လျင် ဂျပန်နိုင်ငံ အနှံ့အပြားမှ ထောင်ပေါင်းများစွာ ခရီးသွားတို့ ရွာလေးသို့ရောက်လာကာ အရသာထူးကဲသော ပစိဖိတ် တူနာကို လာရောက်မြည်းစမ်းကြသည်။ အိုမာတူနာ ဆိုသည်ကို ကုန်ပစ္စည်း အမှတ်တံဆိပ်အဖြစ် ရေစ္စတီ လုပ်ထားသည်။ အိုမာရွာ၏ ဆိပ်ကမ်းသို့ ရောက်လာသည့် ငါးမှသာလျှင် ထိုအမှတ်တံဆိပ်ကို သုံးခွင့်ရှိသည်။ အိုမာတူနာ ဆိုသည်မှာ ဂျပန်တွင် သာမက အခြားနိုင်ငံများတွင်ပါ နာမည်ကြီးခဲ့သည်။ ဤသည်မှာ ရွာလေး၏ ရွှေခေတ်ကာလတုန်းကဖြစ် သည်။
ယခုအချိန်တွင် ငါးကြီးကြီးမားမား မမိတော့။ ငါးကြီးတစ်ကောင် မိလာပြီဆိုလျှင် တစ်ရွာလုံး ပြေး လာကြည့်ကြသည်။ ယင်းသို့ရှားရှား ပါးပါးမိလာသော ငါးသည် ဈေးကောင်းရသည်။ ၂ဝဝ၉ ခုနှစ် မတ်လတွင် ပေါင် ၁၄ဝ အလေးချိန်ရှိ အိုမာတူနာကို ဟောင်ကောင်မှ စား ဖိုမှူးတစ်ဦးက ဒေါ်လာငါးသောင်းပေး ဝယ်ယူခဲ့သည်။ ငါးဈေး မတန် တဆကြီးလာသည့်အတွက် အိုမာ ရွာသားများသည် ကိုယ်ဖမ်းသည့် ငါး ကို ကိုယ်မစားနိုင် မစားရက်ဖြစ် လာသည်။
ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းမှ နှစ်စဉ် ဒေါ်လာ ၁၅ သန်းမျှ အိုမာရွာလေးက ရနေသည်။ ၂ဝဝ၁ ခုနှစ်တွင် ဂျပန်ရုပ်မြင်သံကြားက အိုမာရွာကို နောက်ခံပြုလျက် ရုပ်မြင်ဇာတ်လမ်းတစ်ပုဒ် ထုတ်လွှင့်ခဲ့သည်။ ထို့ကြောင့် အိုမာရွာကို လူသိပိုမိုများ လာခဲ့သည်။ ရုပ်မြင်ဇာတ်လမ်းကို အခြေပြုကာ နှစ်စဉ်နှစ်တိုင်း အောက် တိုဘာလလယ်တွင် တူနာပွဲတော်ကို သုံးရက်မျှကျင်းပလျက် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည်။ ပွဲတော်သို့ နေ့စဉ်လူပေါင်း တစ်သောင်းငါးထောင် လာရောက်သည် ဟုဆိုသည်။
ယခုအခါတွင် ရွာလေးသည် တဖြည်းဖြည်း ခြောက်ကပ်လာနေသည်။ ငါးအရ နည်းလာသည်နှင့်အမျှ ရွာ၏ စီးပွားရေးသည်လည်း ချွတ်ခြုံကျလာသည်။
လွန်ခဲ့သော ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကဆိုလျှင် ငါးဖမ်းလှေတစ်စီး ရွာပြန်ရောက်လာလျှင် အနည်းဆုံး တူနာ သုံးလေးကောင်လောက်တော့ ပါလာလေ့ရှိသည်။ ယခုအခါ ငါးဖမ်းလှေ အစီးသုံးလေးဆယ်ရှိသည့် အနက်မှ စုစုပေါင်း လေးငါးခြောက်ကောင်သာ ပါလာနိုင်တော့သည်။
ယင်းသို့ ငါးအရနည်းလာရခြင်းမှာ တရားမဲ့ အလွန်အကျွံငါးဖမ်းခြင်းကြောင့် ဖြစ်သည်ဟု ရွာသူ ရွာသားများက ပြောကြသည်။ ဂျပန်နိုင်ငံ၏ ပြင်ပအခြားဒေသမှ တံငါသင်္ဘောများ လာရောက်ဖမ်းဆီးကြသည်။ ကမ်းဝေးရေနက်ပိုင်းတွင် တရုတ်တိုင်ပေနှင့် တရုတ်သင်္ဘောများ လာရောက် ငါးဖမ်းကြသည်။ အချို့သောသင်္ဘော အုပ်စုများဆိုလျှင် ရဟတ်ယာဉ် အသုံးပြုကာ တူနာငါးအုပ်များရှိရာ ထောက်လှမ်းကြသည်ဟု ဆိုသည်။
ခေတ်မီငါးဖမ်း သင်္ဘောကြီးများသည် မိုင်နှင့်ချီ ရှည်လျားသော ဆွဲပိုက်ကြီးများဖြင့် ပင်လယ်ကြမ်း ပြင်အောက်အထိ တရွတ်တိုက်ဆွဲကာ ဖမ်းဆီးကြသည်။ ရှိသမျှငါးများ ပြုတ်ပြုတ်ပြုန်းတော့မည်။ နောက်ဆုံးပေါ် ခေတ်မီကိရိယာများကို သုံးကြသည်။ ဂျီပီအက်စ်၊ အသံလှိုင်းဖြင့် ငါးရှာစက်၊ တူနာငါးအုပ်တို့ပေါ်တွင် ပျံဝဲနေတတ်သည့် ပင်လယ်ငှက်တို့ ကို ခြေရာခံသည့် ရေဒါတို့ကို သုံးလာကြသည်။
အိုမာရွာနှင့် ဂျပန်သင်္ဘောအချို့သည် အဆိုပါ ပိုက်တန်းရှည်ကြီးများကို တမင်ဖြတ်ပစ်နေကြသည်ဟု သတင်းများတွင် ဖော်ပြသည်။ အိုမာတံငါသည်များအသင်း ဥက္ကဌ ဟီရိုဖူမီ ဟာမာဟာတာသည် အသက် ၆၉ နှစ်ရှိပြီဖြစ်သည်။ သူသည် ၁၅ နှစ်သားကတည်းက တံငါသည် လုပ်လာသူဖြစ်သည်။ ဟာမာဟာတာက ''တိုကျိုမှာရှိတဲ့ ဗျူရိုကရက်တွေဟာ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းကို အကာအကွယ်ပေးဖို့ တုံ့နှေးတုံ့နှေး ဖြစ်နေတယ်။ ငါးလုပ်ငန်း ကုမ္ပဏီကြီးတွေက ကျူပ်တို့ပင်လယ်ပြင်ကို ပြောင်တလင်းခါအောင် တံမြက်စည်း လှဲပစ်နေတာကို သောက်ဂရုတောင် မစိုက်ကြဘူး ''ဟု ပြောသည်။
ဂျပန်လူမျိုးတို့သည် နူးညံ့သိမ်မွေ့သူများ ဖြစ်ကြသည်။ စိတ်ခံစားမှုကို အလွယ်တကူ ဖော်ထုတ်လေ့ မရှိကြ။ အိုမာကဲ့သို့ ရွာတွင်နေထိုင် ကြသူများသည် ပို၍ပင် ရှေးရိုးဆန်ကြသည်။ ပို၍ပင် သိမ်မွေ့ကြသည်။ ဟာမာဟာတာကဲ့သို့ လူမျိုးပင် ဒေါသအိုးပေါက်ကွဲလာခြင်းသည် စိုးရိမ်ဖွယ် အခြေအနေကို ညွှန်ပြနေခြင်း ဖြစ်သည်ဟု နယူးယောက်တိုင်းမ် သတင်းထောက်က ဖော်ပြသည်။
ဟာမာဟာတာက ''ဆူးတောင် ပြာတူနာဟာ ပင်လယ်ပြင်ရဲ့ ကေသ ရာဇာပဲ။ သူ့ကိုဖမ်းဖို့ရာ ကာယ၊ ဥာဏအား အများကြီးစိုက်ရတယ်။ ချိတ်မှာမိပြီဆိုတာနဲ့ တံငါသည်နဲ့ တူနာတို့ရဲ့ ပြိုင်ပွဲပဲ။ လှေနားကို ငါး ကိုရောက်အောင်ဆွဲရတာ တစ်နာရီ နှစ်နာရီကြာတယ်။ အနားရောက် တော့မှရှော့ရိုက်ပြီး ငါးကိုငြိမ်အောင် လုပ်ရတယ်။ တစ်ခါတုန်းက ကျွန်တော့်ချိတ်မှာ ငါးအကြီးကြီးမိတယ်။ ၁၂ နာရီလုံးလုံး ဘတစ်ပြန် ကျား တစ်ပြန်ဖြစ်နေပြီးမှ လွတ်သွားတယ်'' ဟု နှမြောတသစွာပြောသည်။
အိုမာ ရွာသားတံငါသည်တို့ ငါးမျှားချိတ်ကို အသုံးပြုကာ ငါးဖမ်းလာခဲ့သည်မှာ ရာစုနှစ်နှင့်ချီလျက်ရှိပေပြီ။ ထိုနည်းသည်သာ အသင့်တော်ဆုံးနည်းဟု ဆိုကြသည်။ ငါးမျှားချိတ်ဖြင့် ဖမ်းသဖြင့် ငါးသားပေါက်ကလေးများကို ဥပဒ်မဖြစ်စေသည့်အတွက် ငါးမျိုးမတုံးစေနိုင်ဟု ဆိုသည်။
''ရေနေသတ္တဝါဆိုတာလဲ ကုန်းနေသတ္တဝါတွေလိုပါပဲ။ တစ်ကောင် မျိုးတုံးပြီဆိုတာနဲ့ ဂေဟစနစ် ပျက်တော့တာပဲ။ ကုန်းပေါ်မှာ ခြင်္သေ့နဲ့ ကျားတို့ မျိုးတုံးလာတဲ့ အခါမယ် ဝံပုလွေ၊ ဝက်ဝံ၊ အာဖရိက မျောက်ကြီး၊ ခွေးအတွေ မင်းမူလာပြီး သတ္တဂေဟစနစ်ကို ကပြောင်းကပြန် ဖြစ်စေတော့တာပဲ'' ကာလီဖိုးနီးယား အဏ္ဏဝါဗေဒဌာန ဒုတိယ အကြီး အကဲ မိုက်ကယ် ဆူတင် - Michael Sutton က ဆိုသည်။
သြစတေးလျတိုက်အနီး ကျက်စားသော တောင်ပိုင်း ဆူးတောင်ပြာ တူနာများသည် ၁၉၅ဝ ပြည့်လွန်နှစ် များနှင့်နှိုင်းစာပါက ယခုအခါ ကိုးဆယ်ရာနှန်းမျှ လျော့နည်းသွားပြီ ဖြစ်သဖြင့် မကြာမီပျောက်ကွယ်တော့ မည့် အလားအလာရှိနေကြောင်း သြစ တေလျ အဏ္ဏဝါဗေဒပညာရှင်များက ဆိုသည်။
ဖမ်းမိသမျှ ဆူးတောင်ပြာ တူနာ၏ ရှစ်ဆယ်ရာနှုန်းကို စားသောက်နေသည်မှာ ဂျပန်ဖြစ်သည်။ ထို့ကြောင့် ဂျပန်ဈေးကွက်ကို တစ်စုံတစ်ခုလုပ် နိုင်လျင် ငါးမျိုးပြုန်းတီးမှုကို ထိန်းချုပ်နိုင်မည်ဟု အချို့ကဆိုသည်။ ထိုအယူအဆမှာ ဈေးကွက်၏သဘောကို အခြေခံခြင်းဖြစ်သည်။ စားသုံးသူ ရှိနေ၍ ဈေးကွက်ရှိနေခြင်း သဘောကို ထောက်ပြခြင်း ဖြစ်သည်။
မူဝါဒလေ့လာရေးဆိုင်ရာ ဂျပန်အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ မာဆာယူကီ ကိုမတ်စု-Masayuki Komatsu သည် ဂျပန်နိုင်ငံက ကမ္ဘာ့ပင်လယ်ပြင်တွင် ဝေလငါး ဖမ်းဆီးနိုင်ခွင့်ကို ရှေ့တန်းမှ အပြင်းအထန် ခုခံကာကွယ် ပြောဆိုနေသူ ဖြစ်သည်။ မာဆာယူကီကိုယ်တိုင် မကြာသေးမီက ''ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ စားသောက်ပုံ စရိုက်ကို ပြောင်းလဲပစ်ဖို့ လိုနေပြီ'' ပြောလာသည်။ သို့သော် ရာစုနှစ်ပေါင်းများစွာ အရိုးစွဲလာသော အကျင့်ကို ပင်နိုင်ခဲလှသည်။
အပြည်ပြည်ဆိုင်ရာ ညီလာခံများတွင် ဆူးတောင်ပြာတူနာ ဖမ်းဆီးမှုကို အရေအတွက် ကန့်သတ်ရေး၊ ဘေးမဲ့ တိရစ္ဆာန်အဖြစ် (ယာယီ) သတ်မှတ်ရေးမှန်သမျှကို ဂျပန်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ ထိုကဲ့သို့သော အဆိုတင်သူများသည် ဂျပန်လူမျိုးတို့၏ ရိုးရာ မီးဖိုချောင် ယဉ်ကျေးမှုကို အဆင်ခြင်မဲ့ တိုက်ခိုက်သူများ ဖြစ်သည်ဟု ဂျပန်က စွပ်စွဲသည်။
၂၁ ရာစု နှစ်ဦးပိုင်းတွင် ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းလာနေမှုသည် အရှိန်အဟုန်မြင့်တက်လာပြီး၊ နိုင်ငံ တိုင်း၏ နိုင်ငံရေး ပြဿနာ ဖြစ်လာနေသည်။ ဆူးတောင်ပြာ တူနာငါး အပေါ်ထားရှိသည့် နိုင်ငံရေး အမြင်သည်လည်း ပြောင်းလဲလာရသည်။ ယခင်က ဆန့်ကျင်ကန့်ကွက်ခဲ့သော အမေရိကန်၊ ပြင်သစ်နှင့် အီတလီတို့သည်ပင် ယာယီဘေးမဲ့ ပေးရေးကို ထောက်ခံပါမည်ဟု လေသံပစ်လာကြသည်။
နောင်လာမည့် မျိုးဆက်သစ်တို့ ဆူးတောင်ပြာ တူနာကို စားဖူးကြစေဖို့ ကျွန်ုပ်တို့သည် ယခုအချိန်တွင် ခြိုးခြံရန် အရေးကြီးနေပြီဟု နယူးယောက်တိုင်းမ် သတင်းစာက ရေးသည်။
လူသည် တစ်စုံတစ်ခုကို စားသုံးခြင်းဖြင့် ရှားပါးလာခြင်း။ မျိုးတုံးခြင်းတို့ ဖြစ်ပေါ်လာလျှင် စားသုံးသူ လူသားသည် ပြဿနာ၏ အစိတ်အပိုင်း တစ်ခုသော်လည်းကောင်း၊ အဖြေ၏ အစိတ်အပိုင်း တစ်ခုသော် လည်းကောင်း ဖြစ်နေတတ်ပေသည်။
Ref: Tuna War
အေးထွန်းမင်း