22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ရေခဲပြင်ပေါ်မှ စစ်အေးတိုက်ပွဲ

မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသသည် ကမ္ဘာတစ်ခုလုံး ဧရိယာ အကျယ်အဝန်း၏ ရှစ်ရာခိုင်နှုန်းရှိသည်။ ၃ ဒသမ ၈ စတုရန်းမိုင်မျှ ကျယ်ဝန်းသည်။ အာတိတ်တွင် ပူနွေးလာမှုသည် ကမ္ဘာ့အခြား အရပ် ဒေသများထက် နှစ်ဆပိုနေသည်။ ရေခဲအရည်ပျော်လာ သည့်နှင့် အမျှ ဒေသသည် ပေါ်ထွက်လာသော ရေပြင်သည် ၂၁ ရာစု၏ သယံဇာတ ကြွယ်ဝသည့် ရတနာမြေဖြစ်လာနေသည့် အတွက် အန္တရာယ်က များလာ သည်။ ပြိုင်ဆိုင်မှု ကြီးမားပြင်းထန်လာသည်။

ယခုနှုန်းအတိုင်း ဆက်လက်၍ အရည်ပျော်နေဦးမည်ဆိုပါက ၂ဝ၅ဝ ခုနှစ်တွင် အာတိတ်ဒေသတွင် ရေခဲရှိတော့မည် မဟုတ်ဟု အမေရိကန် ရေတပ်က တွက်ချက်ခန့်မှန်းထားသည်။ အာတိတ်ရေပြင်နှင့် ထိစပ်နေ မည့် နိုင်ငံအသီးသီး၏ ကမ်းရိုးတန်း အရှည်မိုင်ပေါင်း လေးသောင်းကျော်ရှိ မည်ဖြစ်သည်။ ရေခဲပြင်မှ ရေပြင်ဖြစ်လာသည့်အခါ လုံခြုံရေး ၊ ရေ ကြောင်း သွားလာမှုနှင့် ကယ်ဆယ်ရေးအတွက် တာဝန်ရှိလာမည်။

အာတိတ်ဒေသအတွင်း အကြမ်းဖက်သမားများက သင်္ဘောအပိုင်စီး ခြင်း၊ အနုမြူလက်နက်တင်သင်္ဘောများ ဝင်ရောက်လာခြင်း၊ ရေနံတွင်း များမှ ရေနံဖိတ်စင်ခြင်း စသည့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် အမေရိကန် ရေတပ်သည် အစီအမံ များ ရေးဆွဲနေသည်။

 ရေခဲအရည်ပျော်လာခြင်းကြောင့် ယခင်က ပိတ်ဆို့နေသော ရေလမ်း ကြောင်း အများအပြားပွင့် လာမည်ဖြစ်သည်။ ကုန်သွယ်ရေကြောင်း၊ ရေနံ နှင့် သယံဇာတ တူးဖော်ခြင်းတို့အတွက် အခြေအနေကောင်းလာမည်။ ယင်းသို့ ပထဝီအနေအထား ပြောင်းလဲသည့်တိုင် မြောက်ဝင်ရိုးစွန်း ဒေသအတွင်း လက်ရှိအနေအထားအတိုင်း တည်ငြိမ်အေးချမ်းနေမည်ဟု အာတိတ် ဒေသနိုင်ငံများက မျှော်လင့်ထားသည်။ သို့စဉ်တိုင် ရုရှားက တွန်းတွန်းတိုက်တိုက်ဖြင့် ဒေသအတွင်း စိုးမိုးရန် ကြိုစားလာမည်ကို စိုးရိမ် နေကြသည်။ စိုးရိမ်ဖွယ်ကောင်းအောင်ပင် ရုရှားကဒေသတွင်း စစ်ရေး လှုပ်ရှားမှုများဖြင့် ခြေသွက်နေသည်။ မတ်လအတွင်းက အာတိတ်ဒေသ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ တပ်သား ၃၈ဝဝဝ၊ သင်္ဘော အစင်း ၅ဝ နှင့် လေယာဉ်အစင်း ၁၁ဝ တို့ ပါဝင်လေ့ကျင့်သည်။ အာတိတ် ဒေသအတွင်း စစ်ရေးတည်ဆောက်မှုသည် ရုရှားတို့၏ ဦးစားပေး မဟာ ဗျူဟာ လုပ်ငန်း အဖြစ်မြင်နေရသည်။

ဒေသတွင်း ဆိုဗီယက်ခေတ် လေယာဉ်ကွင်းနှင့် ရေတပ်စခန်းတို့ကို ပြန်လည်ဖော်ထုတ်လာနေသည်။ အာတိတ်ဒေသနှင့် ဆက်စပ်နေသော အမေရိကန်၏ အလာစကာ ပြည် နယ် အနီးတွင် ဆိုဗီယက် လေယာဉ် များ ပျံသန်းမှုများကို ပြန်လည်တွေ့ မြင်လာရသည်။ ယခင် စစ်အေးတိုက် ပွဲ ကာလအတွင်းကသာ ယင်းသို့ ထောက်လှမ်း ပျံသန်းမှုများရှိခဲ့သည်။

သင်္ဘောကုမ္ပဏီများကလည်း ပွင့်လာမည့် ရေလမ်းကြောင်းကို မျက်စိကျနေကြသည်။ ထိုရေလမ်း ကြောင်းကို  ရုရှားသင်္ဘောများက ရေခဲအရည်ပျော်သည့် နွေကာလ တွင် အသုံးပြုနေသည်မှာ အတော် ပင်ကြာခဲ့ပြီ။ အာတိတ်ရေလမ်း ကြောင်းကို အသုံးပြုခြင်းဖြင့် အာရှ နှင့် ဥရောပအကြားရေကြောင်းခရီး ကို ၃ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင် မည်ဖြစ်သည်။ ယင်းသို့လျှော့ချနိုင် ခြင်းဖြင့် ဆီကုန်သက်သာမည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လည်း လျော့နည်းစေမည် ဖြစ်သည်။ အာဖရိကကို ပတ်ဝိုင်းသွားသော လမ်းကြောင်းကဲ့သို့ အာတိတ်ဒေသ တွင် ပင်လယ်ဓားပြများ မရှိသဖြင့် ပိုမို လုံခြုံစိတ်ချရသည်။

သမိုင်းဝင်စေဖို့ အာတိတ်ကို ဖြတ်သန်းရန် ကြိုးစားခဲ့သော လွန်ခဲ့ သော နှစ်တစ်ရာအတွင်း ခရီးစဉ်များ သည် ဝမ်းနည်းထိတ်လန့်ဖွယ် အဖြစ် အပျက်တို့နှင့်သာ အဆုံးသတ်ခဲ့ရ သည်။ ရေခဲတုံးများနှင့် တိုက်မိခြင်း ကြောင့် သင်္ဘောပျက်ခြင်း၊ အစာရေ စာပြတ်လပ်ခြင်း၊ လွန်ကဲသော အအေးဒဏ်ကြောင့် ဖျားနာခြင်းတို့ ဖြင့်ခရီးစဉ်ပျက်ကာ သေဆုံးကြရ သည်။ ယင်းတို့အနက် လူသိများ သော အဖြစ်အပျက်မှာ  ၁၈၄၈ ခုနှစ် တွင် ဗြိတိသျှ သင်္ဘော The British Erebus and Terror သည် ရေခဲများ အကြား ညပ်မိကာ ရှေ့ဆက်မထွက် နိုင်သဖြင့် သင်္ဘောသားများသည် လမ်းလျှောက်ကာ အကူအညီ ရှာဖွေ ရင်း အစာရေစာပြတ်ကာ တစ်ဦး အသားကို တစ်ဦးစားသောက်ပြီး ပေါရိသာဒဇာတ်ခင်းကာ ဇာတ်သိမ်း ကုန်ကြသည်။

ယခုအခါ ဖြစ်ပျက်ခဲ့သော ဝမ်း နည်းကြေကွဲဖွယ်တို့ကို မေ့ပျောက် လျက် အာတိတ်ကို ဖြတ်သန်း နေကြ ပြီဖြစ်သည်။ ဇိမ်ခံအပျော်စီးသင်္ဘော တစ်စင်းစ နှစ်စင်းစသည် ခရီးသည် တစ်ထောင် ကျော်တင်ဆောင်လျက် ဖြတ်သန်းနေကြသည်။

 မြောက်ဝင်ရိုးစွန်း၏ လှပသော ရှုခင်းနှင့် ဖြတ်လမ်းအသုံးပြုနိုင်ခြင်း ကို ရုရှားနှင့် တရုတ်တို့က သိပ်စိတ် မဝင်စားလှ။ သူတို့ စိတ်ဝင်စားနေ သည်မှာ အလျှံအပယ်ရှိနေမည့် အာ တိတ်၏ သယံဇာတများဖြစ်သည်။

အာတိတ်ရေပြင်နှင့် ထိစပ်နေ သော ကမ်းရိုးတန်းနိုင်ငံများသည် ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ကွန်ဗင်ရှင်း (UN Convention on the Law of the Sea) အရ ကမ်းခြေမှ မိုင်နှစ်ရာ အကွာအထိ သီးသန့်စီးပွား ရေးဇုန် (Exclusive Economic Zone) အဖြစ် ပိုင်ဆိုင်ခွင့် ရရှိထား သည်။ ထို့ပြင် သီးသန့်စီးပွားရေးဇုန် နှင့် တစ်ဆက်တည်း မိုင် ၂ဝဝ သည် နိုင်ငံ၏ ကမ်းဦးရေတိမ်ပိုင်းနှင့် တစ် ဆက်တည်းဆက်စပ်နေသည် (Is Part of its continental shelf)  ဟု ကုလသမဂ္ဂကော်မတီ (Committee of UN Based Scientists) က လက် ခံပါက ထိုနယ်မြေအတွင်း သက်ဆိုင် ရာနိုင်ငံသည် သယံဇာတလုပ်ကိုင်ခွင့် ကို ပိုင်ဆိုင်မည် ဖြစ်သည်။ ထိုသို့ ထပ်မံတိုးချဲ့သော နယ်မြေအတွင်း လုပ်ပိုင်ခွင့်ကို ရုရှားနှင့် နော်ဝေနိုင်ငံ တို့က လျှောက်ထားလျက်ရှိသည်။ အမေရိကန်ကလည်း ထိုသို့လျှောက် ထားနိုင်ရန် အချက်အလက်များ၊ ဘူမိဗေဒ နမူနာများကို လွန်ခဲ့သော နွေရာသီက ကောက်ယူသည်။ အမေ ရိကန်က လုပ်ပိုင်ခွင့် တောင်းခံမည့် နေရာအကျယ်အဝန်းသည် ကာလီ ဖိုးနီးယား ပြည်နယ်၏ နှစ်ဆရှိသည်။ သို့သော် အမေရိကန်သည် ပင်လယ် ပြင်ဆိုင်ရာ ကွန်ဗင်ရှင်းကို လက်မှတ် မထိုးရသေးသည့်အတွက် လောလော ဆယ် လျှောက်ထားတောင်းခံရန် မဖြစ်နိုင်သေးပေ။ ကွန်ဗင်ရှင်းကို လက်မှတ်မရေးထိုးခြင်းဖြင့် အမေရိ ကန်က နည်းပညာ သာလွန်စွာဖြင့် သယံဇာတများ ထုတ်ယူနိုင်မည်ကို မျှော်လင့်လျက် မရေးထိုးခဲ့ခြင်းဖြစ် သည်။ ထို့ပြင် ကွန်ဗင်ရှင်းအရ ဖွဲ့ စည်းထားသည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့ (International Seabed Authority) ၏ ဆုံးဖြတ်ချက်ကို လိုက်နာရလျင် အမေရိကန်၏ အချုပ်အခြာအာဏာ ကို ထိပါးစေသည် ဟုယူဆလျက်  ကွန်ဂရက်လွှတ်တော် အမတ်များ က ပိတ်ဆို့ တားဆီးနေခြင်းကြောင့်လည်း လက်မှတ်မရေးထိုးနိုင်ခြင်းဖြစ်သည်။

အလာစကာ ပြည်နယ် မြောက် ဘက်တွင် ရေနံရှာဖွေနေသည့် ရှဲလ် ကုမ္ပဏီ အပါအဝင် အခြားရေနံ ကုမ္ပဏီများ သည် အာတိတ်ဒေသကို လွန်စွာ စိတ်ဝင်စားနေကြသည်။ အရင်းအနှီးကြီးမားလွန်းသဖြင့် ရှဲလ် မှအပအခြား ကုမ္ပဏီများသည် ချက် ချင်း ဝင်ရောက်လုပ်ကိုင်ကြရန် တွန့် ဆုတ်နေကြသည်။ ရှဲလ်၏ လုပ်ငန်း များ မည်သို့ရှိမည်ကို စောင့်ကြည့် နေကြသည့် သဘောဖြစ် သည်။ ရှဲလ် သာ အောင်မြင်မည်ဆိုပါက ကျန် ကုမ္ပဏီများ အစုလိုက် အပြုံလိုက် ဝင်ရောက်လာကြမည်မှာ မလွဲဧကန် ဖြစ်သည်။

ကမ္ဘာပေါ်တွင် မတွေ့ရှိသေးဘဲ ကျန်နေသည့် ရေနံ ၁၃ ရာခိုင်နှုန်း သည်လည်းကောင်း၊ သဘာဝ ဓာတ် ငွေ့ ၃ဝ ရာခိုင်နှုန်းသည်လည်း ကောင်း အာတိတ်ဒေသတွင် ရှိနေ မည်ဟု အမေရိကန် ဘူမိဗေဒတိုင်း တာရေး အစီရင်ခံစာက ဖော်ပြထား သည်။ ရှဲလ်ကထိုအစီရင်ခံစာပါ အချက်များကို ခိုင်မာမှုရှိသည်ဟု ယုံကြည်သည်။

အလာစကာ ကုန်းတွင်းပိုင်း ရေနံတွင်းများသည် အမေရိကန် ရေနံလိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းကို တစ်ချိန်က ထုတ်လုပ်ပေးခဲ့သည်။ သို့သော် ယခုအခါ အလာစကာ မှ သွယ်တန်းထားသော ပိုက်လိုင်းများ သည် သယ်ပို့နိုင်စွမ်းအား၏ ၃ဝ ရာခိုင်နှုန်းသာ ပေးပို့နေရသည်ဟု ဆိုသည်။ အကယ်၍ အလာစကာ ဒေသတွင် ရေနံတူးဖော်ရရှိလျင် ပိုက် လိုင်းများ စွမ်းအားပြည့် လည်ပတ် နိုင်မည် ဖြစ်သည်။

အလာစကာတွင် သယံဇာတ တူးဖော်ခြင်းသည် ရှုပ်ထွေးမြားမြောင် လှသော အစိုးရဌာနများ၊ အေဂျင်စီ များနှင့် ဒေသခံ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်လိုအပ်သည်။ အက်စကီမို လူမျိုးများ၏ အဓိက အစားအစာဖြစ် သော ဝေလငါးနှင့် အခြားရေနေ သတ္တဝါများကို တူးဖော်ခြင်း လုပ်ငန်း က ခြောက်လှန့်မောင်းထုတ်လိုက် သကဲ့သို့ဖြစ်သွားမည်ကို ဒေသခံများ က စိုးရိမ်နေကြသည်။ ဒေသခံ တစ် ဦးက ''ကျွန်တော် စားလောက်ရုံ အမဲလိုက်တယ်၊ ငါးမျှားတယ် ဒါဟာ ကျွန်တော်တို့ရဲ့ဘဝပဲ။ ကျွန်တော်တို့ ရဲ့ ယခု (အက်စကီမို) ဖြစ်တည်မှုနဲ့ မျိုးရိုးဗီဇ (DNA) ကို ဖြစ်ပေါ်စေ တာပဲ'' ဟု ဆိုသည်။

အလာစကာ ဒေသခံများနှင့် အက်စကီမို လူမျိုးများက ရှဲလ်ကုမ္ပဏီ ၏ တူးဖော်မှုကို တရားရုံးတွင် စိန် ခေါ်ခဲ့သည်။ ရှဲလ်ကုမ္ပဏီသည် တူး ဖော်မှု လုပ်ငန်းများ မစတင်မီ ပတ် ဝန်းကျင်အပေါ် ထိခိုက်လာနိုင်မှုကို ဆန်းစစ်သည့် လုံလောက်သော သုတေသန မလုပ်ခဲ့ဟု သူတို့က စွပ်စွဲသည်။

တူးဖော်မှုသည် လေထု၊ ရေထုနှင့် နို့တိုက်သတ္တဝါများအပေါ် သက် ရောက်မှု မည်သို့ရှိမည်ကို သေချာစွာ မသိရဟု လည်းဆိုကြသည်။

တရားရုံး၏ ဆုံးဖြတ်ချက်အရ ရှဲလ် ကုမ္ပဏီသည် တူးဖော်မည့် မူလ အစီအစဉ် ကို အပြောင်းအလဲများ ပြုလုပ်ပေးရသည်။

အချိန်ကြာလာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှား သည့် အုပ်စုအများအပြား ပါဝင် လာကြသဖြင့် ပိုမိုရှုပ်ထွေးလာသည်။

လိုက်နာရမည့် စည်းကမ်းချက်များ လည်း ပိုမိုတင်းကျပ်လာသည်။ လေ ထုသန့်စင်မှု ခွင့်ပြုချက်ရရန် လျှောက်လွှာသည် စာမျက်နှာ ၁၄ဝဝ ရှိပြီး၊ ခုနစ်ပေါင်လေးသည်။ ထို လျှောက်လွှာကို ရှဲလ်ကုမ္ပဏီ ဝန် ထမ်းများက လပေါင်းများစွာ အချိန် ယူ ဖြည့်စွက်ရသည်။ သုတေသနပြု ခြင်း၊ လျှောက်လွှာတင်ခြင်း၊ မြေငှား ရမ်းခြင်း စသည့် ပြင်ဆင်ရေး လုပ် ငန်းတို့အတွက်  ၂ဝ၁၂ ခုနှစ်အထိ ရှဲလ် ကုမ္ပဏီက ဒေါ်လာ လေးဘီလျံ ကုန်ကျသွားသည်။ တူးဖော်မည့် လုပ်ငန်းက မစတင်ရသေး။

 ဝေလငါးဖမ်း ရာသီတွင် ရှဲလ် ကုမ္ပဏီက လုပ်ငန်း မဆောင်ရွက်ဘဲ ဆိုင်းထားပေးသဖြင့် ဒေသခံ အက် စကီမိုးအုပ်စုကလည်း အလျှော့ပေး လာသည်။ သို့စဉ်တိုင် တူးဖော်ခြင်း လုပ်ငန်းမှ ထွက်ပေါ်လာသော အသံ ဗလံများသည် ရေနေ တိရစ္ဆာန်များ အပေါ် မည်သို့သက်ရောက်မှုရှိသည် ကို ယခုအချိန်အထိ အတိအကျ မသိရှိသေးပေ။ အာတိတ်ဒေသတွင် ရှဲလ်ကုမ္ပဏီ၏ တူးဖော်မှု လုပ်ငန်းကို အခြားအာတိတ်ဒေသနိုင်ငံများက စောင့်ကြည့်နေသည်။ ရှဲလ်သည် မအောင်မြင်ပါက ထိုနိုင်ငံများ၏ အာတိတ်စက်ဝန်းအတွင်း တူးဖော် ရေးလုပ်ငန်းများအပေါ် ရိုက်ခတ်မှု ရှိလာမည် ဖြစ်သည်။

ရှဲလ် ကုမ္ပဏီသည် နယ်သစ်ရှာ အာဇာနည်ကဲ့သို့ စွန့်စွန့်စားစား လုပ်ကိုင်နေရသည်။ သမ္မတ အိုဘား မားက အတ္တလန်တိတ်နှင့် အာတိတ် ဒေသအတွင်း ရေနံတူးဖော်မှုကို ပိတ်ပင်ထားခဲ့သည်။ အသစ်တက် လာသော သမ္မတ ထရန့်က တူးခွင့် ပေးရန် ပြင်ဆင်နေသည်။

အာတိတ်ဒေသအတွင်း ထုတ် လုပ်မှု လုပ်ငန်းများသည်  ဝေလငါး နှင့် အခြား တောရိုင်းတိရိစ္ဆာန်များကို ထိခိုက်စေခြင်းဖြင့် ကမ္ဘာကြီးပူနွေး လာခြင်း ကို ပိုမို ဆိုးရွားစေမည်ဟု သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှား သူများက ဖိအားပေးသဖြင့် သမ္မတ အိုဘားမားသည် ၂ဝ၁၆ ခုနှစ် ဒီဇင် ဘာလတွင် အမေရိကန် ပိုင်နက် ရေနယ်နိမိတ်အတွင်း ရေနံတူးခြင်း ကို သမ္မတအမိန့်ဖြင့် ပိတ်ပင်ခဲ့သည်။ တစ်ချိန်တည်းတွင် ကနေဒါ အစိုးရ က ယင်းနှင့် ထိစပ်နေသော အာ တိတ်ဒေသအတွင်း ရေနံတူးခြင်းကို တားမြစ်ခဲ့သည်။

ထရန့်သည် အိုဘားမား၏ အမိန့်ကိုပယ်ဖျက်ရန် တရားရုံးမှ တစ် ဆင့်ကြိုးပမ်းမည် ဖြစ်သည်။ ထရန့် ၏ ကြိုးပမ်းမှု အောင်မြင်သွားပါက အာတိတ်ဒေသမှ ရေနံစည်ပေါင်း ၂၇ ဘီလျံနှင့် ဓာတ်ငွေ့ ကုဗပေ ၁၃၂ ထရီလျံ ထွက်လာမည်ဟု တွက် ချက်ထားကြသည်။

အာတိတ်ရေခဲများ အရည်ပျော် နေသည့်အတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ထိတ်လန့် ဖွယ် ဖြစ်သည်။  ၂ဝ၁၆ ခုနှစ် ဒီဇင် ဘာလတွင် အာရီဇိုးနား တက္ကသိုလ် က အဆိုပြုချက်တစ်ခု တင်ပြလာ သည်။ အာတိတ်ရေခဲပြင်ပေါ်သို့ ရေ ဖြန်းပေးခြင်းဖြင့် ရေခဲကို ပိုမိုမာကျော စေပြီး အရေမပျော်နိုင်စေရန် အကာ အကွယ်ပေးသည့် စနစ်ကို တင်ပြလာ ခြင်း ဖြစ်သည်။ ရေစုပ်စက်များကို လျှပ်စစ်ဓာတ်ပေးရန် လေစွမ်းအင် သုံးလက်ပေါင်း ၁ဝ သန်းလိုအပ်မည် ဖြစ်သည်။ ကုန်ကျစရိတ်မှာ ဒေါ်လာ ဘီလျံ ၅ဝဝ ဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာခြင်း၏ အဓိက တရားခံမှာ ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကြောင့်ဖြစ်သည်ကို  သိပ္ပံပညာရှင် များက လက်ခံထားပြီးဖြစ်သည်။ ကာဘွန် ထုတ်လွှတ်မှုကို မည်မျှ လျှော့ချသည်ဖြစ်စေ လျက်ရှိဖြစ်ပေါ် နေသော ရာသီဥတု ပြောင်းလဲမှု ကိုတားဆီးနိုင်မည် မဟုတ်သည်မှာ သေချာသည်။ သို့သော် ဖြစ်နိုင်သမျှ ဆောင်ရွက်ခြင်း ဖြင့် အခြေအနေကို အတော်အတန် ထိန်းထားနိုင်မည်ဟု မျှော်လင့်ထားကြသည်။ ရေခဲအရည် ပျော်နေခြင်းကို အတန်အသင့် နှေး ကွေးစေမည်ဖြစ်သည်။

 နော်ဝေ၊ ဒိန်းမတ်နှင့် အိုက်စ် လန်တို့သည် အာတိတ်ဒေသ စီးပွား ရေး အခွင့်အလမ်းများ ဖော်ဆောင် နိုင်ရေးအတွက် ရုရှားနှင့် ဆွေးနွေး လျက်ရှိသည်။ သို့သော် ယခုအချိန် အထိ သဘောတူညီချက် တစ်စုံတစ် ရာ မရသေးပေ။ ခရိုင်းမီးယားကို လွန်ခဲ့သော သုံးနှစ်က ရုရှားတို့ သိမ်းပိုက်မှုကြောင့် နော်ဒစ်နိုင်ငံများ နှင့် ဆက်ဆံရေးမှာ မကောင်းလှပေ။ သို့သော် အာတိတ်ဒေသ စီးပွားရေး အလားအလာများကြောင့် ပူးပေါင်း ဆောင်ရွက်ကြရန် ခြေလှမ်းလာခြင်း ဖြစ်သည်။ သို့သော် ရုတ်တရက် အ ခြေအနေ တိုးတက်လာမည်ဟု မမျှော်လင့်နိုင်ပေ။

သမိုင်းတစ်လျှောက်လုံး အာ တိတ်ပင်လယ်ပြင်သည် ရေခဲ အောက်တွင် ပိတ်မိနေခဲ့သည်။ နွေ ရာသီတွင် ပင်လျှင် နေရာအများစု သည် ရေခဲပြင်အောက်တွင် သာရှိ နေသည်။ အာတိတ်၏ သဘာဝ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေး မည့်သူဟူ၍လည်း မရှိ။ ဒေသခံ အက်စကီမိုး လူမျိုးများသာ ကျဲပါးစွာ နေထိုင်ကြသည်။ ထိုကဲ့သို့ အနှောက် အယှက်မဲ့စွာ နှစ်ပေါင်းများစွာ တည် ရှိမှုကြောင့် အဖုံဖြုံ<ွကယ်ဝလှသော သဘာဝသက်ရှိများ အန္တရာယ်ကင်း ရှင်းစွာ ရှင်သန်နိုင်ခဲ့ကြသည်။ ရေညှိ ရေမှော်တို့ များပြားစွာဖြစ်ထွန်းနေ ခြင်းက အမျိုးမျိုးသော ရေနေသတ္တဝါ များ ရှင်သန်ပေါက်ဖွားရာ ဘူမိနက် သန်ဖြစ်လာသည်။ ရာသီအလိုက် ရွှေ့ပြောင်းရောက်ရှိလာသော ငှက် များအတွက်လည်း စားကျက်ကောင်း ဖြစ်သည်။

တစ်နှစ်ပတ်လုံးရေခဲနေခြင်း အပြင်  ပြင်းထန်သော ရာသီဥတု ကြောင့် စက်မှုလုပ်ငန်းများ အာတိတ် ဒေသတွင် ထွန်းကားရန် အခွင့်မသာ ခဲ့။ ယခုအခါ ရေခဲများ အရည် ပျော်လာသဖြင့် ကုန်သွယ်ရေလမ်း၊ ငါးဖမ်းခြင်း၊ ရေနံနှင့် သတ္တု တူးဖော် ခြင်းတို့အတွက် အခွင့်အလမ်းများ ပေါ်ပေါက်လာသည်။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသည် ကမ္ဘာ့ ပင်လယ်ပြင်များကို မြင့်တက်လာ စေပြီး သန္တာကျောက်တန်းများလည်း ပျက်စီးခြင်းသို့ တိုင်ရသည်။

ပင်လယ် ရေတွင် အက်ဆစ်ပါဝင်မှု မြင့်တက် လာသည်။ မုန်တိုင်းများ အနှံ့အပြား ဖြစ်ပေါ်လာသည်။ ထိုရိုက်ခတ်မှုများကို အာတိတ် ဒေသက အလူးအလဲခံရသည်။

အာတိတ်ဒေသအတွင်းသို့ စကင်ဒီနေဗီးယားနှင့် ရုရှားမြောက် ပိုင်းတို့မှ ပူနွေးသောရေများစီးဝင် လျက်ရှိကြောင်း အလာစကာ တက္ကသိုလ် အဏ္ဏဝါဗေဒဌာန လေ့လာတွေ့ရှိချက်တွင် ဖော်ပြထား သည်။ ပူနွေးသော လေသည်လည်း ရေခဲပြင် အပြောင်းအလဲကို ဖြစ်ပေါ် စေသည့်အပြင် ရေခဲထု၏ နက်ရှိုင်း သော နေရာများတွင် ဖြစ်ပျက်နေမှု များကလည်း ရေခဲကို အရည်ပျော် စေသည်ဟု ဆိုသည်။

အာတိတ်ဒေသတွင် အပူချိန် မြင့်တက်မှုသည် ကမ္ဘာ့အခြားဒေသ များထက် နှစ်ဆပိုသည်။ ယခု အခြေ အနေအတိုင်းသာ ဆက်သွားနေပါက ၂၁ ရာစု အကုန်တွင် အာတိတ် ဒေသ၌ ရေခဲများ လုံးဝရှိတော့မည် မဟုတ်ဟု ကျွမ်းကျင်သူများက ဆို သည်။ အာတိတ်ဒေသ နဂိုနေ မပျက်ယွင်းရေးအတွက် ကြိုးပမ်းမှု များသည် ရာသီဥတု ပူနွေးလာခြင်း နှင့် စီးပွားရေး မက်လုံးများကြောင့် အရာမထင်ဖြစ်လာရသည်။ အာ တိတ်ဒေသကြီး ပျောက်ကွယ်မသွား စေရန် ၁၉၇၂ ခုနှစ် သမိုင်းဝင် ကမ္ဘာ့အမွေအနှစ်များ ကွန်ဗင်ရှင်း  (1972 World Heritage Convention) ကို အသုံးပြုလျက် ကာကွယ် ကြရန် ဆော်သြမှုများရှိလာသည်။

အာတိတ်ဒေသတွင် နေထိုင်ကြ သော တိုင်းရင်းသားဒေသခံများ၏ အရေ အတွက် သည် ကမ္ဘာ့လူဦးရေ ၏ သုံည ဒသမ ငါး ရာခိုင်နှုန်းသာ ရှိသော်လည်း အာတိတ်ပင်လယ်ပြင် သည် လူသားအားလုံးအတွက် အရေး အကြီးဆုံးဒေသတစ်ခု ဖြစ်သည်။ အာတိတ်ဒေသကို စဉ်းစားရာတွင် ဒေသခံတို့၏ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို အလေးထားရမည် ဟု ယူနက်စကို ကမ္ဘာ့အမွေအနှစ် များ ဌာနက သုံးသပ်ထားသည်။

 အာတိတ်ရေခဲပြင်သည် ရေပြင် ဖြစ်လာပြီး အတ္တန္တိတ် သမုဒ္ဒရာ နှင့် အလားတူလာသဖြင့် (Atlantification)  ဟု ထိုဖြစ်စဉ်ကို အမည် ပေးထားသည်။

 ရေခဲပြင်တို့ကျုံ့လာသည်နှင့် အမျှ နိုင်ငံတို့၏ အကျိုးစီးပွား အလား အလာများက ကျယ်ပြန့်လာသည်။ အာတိတ်နှင့် ထိစပ်နေသော နိုင်ငံ အများစု၏ နယ်နမိတ်များသည် တိတိကျကျ သတ်မှတ်ထားပြီးရှိ သည်။ အာတိတ်ပင်လယ်ပြင်၏ စတု ရန်းမိုင် ၁၄ သန်းသည် ရုရှားနိုင်ငံ ၏ အကျယ်အဝန်းနှင့် ညီမျှသည်။ ထိုနေရာတွင် နယ်နမိတ်မျဉ်းများ သည် တိတိကျကျ မရှိသေးပေ။ ထို့ကြောင့် အာတိတ်ပင်လယ်ပြင်ကို မည်သူတွေက ပိုင်ဆိုင်သနည်းဆို သည့် အမေးသည် ဥပဒေပညာရှင် များအတွက် သက်သက်မဟုတ်တော့ ဘဲ အခြားသော သိပ္ပံနယ်ပယ်များ အထိ ကျယ်ပြန့်လာသည်။

၁၉၈ဝ ပြည့်လွန်နှစ်များက အာတိတ်ဒေသရှိရှိ 'ဟန်းကျွန်း' ပိုင် ဆိုင်မှုကို ကနေဒါနှင့် ဒိန်းမတ်တို့ အ ငြင်းပွားကြသည်။ ဒိန်းမတ် စစ်တပ်က ကျွန်းပေါ်တွင် ဒိန်းမတ်အလံ စိုက်ပြီး ဒိန်းမတ် အဖျော်ယမကာ (Schnapps)  ပုလင်းတစ်လုံးထားခဲ့သည်။

ကနေဒါစစ်တပ်က ကျွန်းပေါ် သို့ ရောက်လာသောအခါ ဒိန်းမတ် အလံကို ဖြုတ်ချသည်။ ကနေဒါ အလံကို လွှင့်ထူပြီး ကနေဒါ ဝီစကီ (Canadian Club) ပုလင်းကိုထားခဲ့ သည်။ ဒိန်းမတ် ယမကာ ပုလင်းကို လွှင့်ပစ်သည်။ ယင်းသို့ဖြင့် အပြန်အ လှန် မပြီးနိုင် မဆုံးနိုင် အချုပ်အချာ အာဏာပိုင်မှုကို ပြသကြသည်။

ဂြိုလ်တု တိုင်းတာချက်များ အရ နှစ်နိုင်ငံ နယ်နမိတ်မျဉ်းသည် ကျွန်း ၏ အလယ်ကောင် တည့်တည့်မှ ဖြတ်သန်းသွားသည်ဟု ဆိုသည်။ ယင်းသို့ဆိုလျှင် ၁ ဒသမ ၃ ကီလိုမီ တာသာရှည်သော ကျွန်းငယ်ကို တစ် ဝက်စီပိုင်း၍ ယူကြရုံသာရှိတော့ သည်။ လွယ်ကူရှင်းလင်း လှသည်။ သို့သော် အခြားနေရာများတွင် အာ တိတ်ရှိ ပိုင်နက်နယ်မြေ အငြင်းပွားမှု များသည် ဤမျှလောက် ရိုးရှင်းလွယ် ကူမည် မဟုတ်ပေ။

အမေရိကန်၊ ကနေဒါ၊ ရုရှား၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်တို့သည် အာတိတ်နှင့် ထိစပ်နေသောနိုင်ငံ များဖြစ်ကြသည်။ ထိုနိုင်ငံများသည် တစ်နိုင်ငံလျင် ကမ်းခြေမှ ကီလိုမီတာ ၃၇ဝ အထိ ပိုင်ဆိုင်ခွင့် ရရှိထားကြ သည်။ ၄င်းတို့ တစ်ဦးချင်း၏ ကမ်းဦး ရေတိမ်ပိုင်း (Continental shelf) နှင့် ဆက်စပ် နေသည်ဟု အထောက်အ ထားခိုင်လုံလျင် နောက်ထပ် ၂၇၈ ကီလိုမီတာအထိ စီးပွားရေးအရ စီရင်ပိုင်ခွင့်ရှိကြမည် ဖြစ်သည်။

ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင် ရာ ကွန်ဗင်ရှင်း (UN Convention on the Law of the Sea) သည် သိပ္ပံ အချက်အလက်များအပေါ် အခြေခံ လျက် ရေးဆွဲထားသည် ဖြစ်သော် လည်း အာတိတ်ဒေသတွင် ဖြစ်ပေါ် လာမည့် အငြင်းပွားမှုများကို ဖြေရှင်း ရာတွင် လုံလောက်မရှိဟု အချို့သော ပညာရှင်များက ဆိုသည်။

အာတိတ်ရေခဲပြင်အောက် နစ် မြုပ်နေသော 'လိုမိုနိုဆော့ဗ်' တောင် တန်း (Lomonosov Ridge) သည် ကီလိုမီတာ ၂ဝဝဝ ရှည်လျားပြီး ရုရှား ၏ (New Siberian Islands) နှင့် ကနေဒါနိုင်ငံ၏ (Ellesmere Island)  တို့အကြားသွယ်တန်းတည်ရှိနေသည်။ ထိုတောင်တန်းသည် အာရှတိုက် ကမ်းဦးရေတိမ်ပိုင်းမှ ဆန့်ထွက်နေ ခြင်းဖြစ်သည်ဟု ရုရှားက ဆိုထား သည်။ ကနေဒါနှင့် ဒိန်းမတ်နိုင်ငံတို့ ကမူ မြောက်အမေရိက ကမ်းဦးရေ တိမ်ပိုင်းမှ ဆန့်ထွက်နေခြင်းဟု ဆိုပြန်သည်။ ထိုကဲ့သို့ အငြင်းပွားမှု များ အာတိတ်ဒေသတွင် အများအ ပြား ပေါ်ပေါက်လာရန် ရှိနေသည်။ လက်ရှိ ဥပဒေက ခြုံငုံမိခြင်း မရှိသော ကိစ္စရပ်များတွင် ပါဝင်နေကြသူများ ညှိနှိုင်းဖြေရှင်း အပေးအယူလုပ်ကြမှ သာ ပြေလည်နိုင်မည် ဖြစ်သည်။ ယင်းသို့ ညှိနှိုင်းခြင်းတွင် အဆင်ပြေ မှု မပြေမှုတို့ အပေါ်မူတည်လျက် နှစ် နိုင်ငံဆက်ဆံရေး အပေါ်တွင် ရိုက် ခတ်လာမည် ဖြစ်သည်။

အေးထွန်းမင်း
[email protected]

Ref: In the Race to Control the Arctic, the U.S. Lags Behind.

အေးထွန်းမင်း
 
Untitled Document
aung said...
Wednesday 3 May 2017, 5:56 pm
please submit the journal on line earlier
no. 1009 is submitted very late
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.