6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
လမ်းဘေး ဈေးသည် နေရာပြောင်း ဈေးရောင်းမကောင်းမှာ စိုးနေကြသည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လမ်း ဘေးဈေးသည်အရေးကိစ္စ ဖြေရှင်းနည်း အစီအစဉ်အသစ် ထုတ် ပြန်ကြေ ညာလိုက်ပါပြီ။ အစီအစဉ်သစ်အရ ရန်ကုန်မြို့လယ်ရှိ အဓိကလမ်းမကြီး ၁၁ လမ်းကို ဈေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ် လိုက်ပြီး၊ ဈေးရောင်းရမည့် နယ်မြေကိုလည်း ကမ်းနား လမ်းတစ်လျှောက်တွင် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ယင်း ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာ ဌာနအရာရှိတစ်ဦးက နိုဝင်ဘာ ၁၅ ရက်က ထုတ်ဖော်ပြောကြား ခဲ့သည်ဟုဆိုသည်။

ထိုသို့ ဈေးမရောင်းရနယ်မြေသတ်မှတ်ခြင်း၊ ဈေးသည်များအား ဈေးမရောင်းရနယ်မြေမှ ဈေးရောင်းချခွင့်ရ နယ်မြေသို့ ပြောင်းရွှေ့ပေး လိုက်ခြင်းဖြင့် မြို့တော်သူမြို့တော်သား အချို့ တညည်ညည်းတညူညူဖြစ်နေသော လမ်းဘေးဈေးသည် အရေးကိစ္စ ပြေလည် သွားမည်လား၊ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာရှင်းလင်းသွားပါမည်လား။ မြို့တော် စည်ပင်ဝန်ထမ်း အချို့ စည်းကမ်းချိုးဖောက် အကျင့်ပျက်ခြစားမှုများ ပပျောက် သွားပါမည်လား။ ဈေးသည်များ၏ ရောင်းရေးဝယ်တာ အလုပ်များ ပုံမှန်အတိုင်း လည်ပတ်ကာ စားဝတ်နေရေး အဆင်ပြေနေ ကြပါမည်လား ဆိုသည်များကတော့ နေရာအသစ်၊ အခြေ အနေအသစ်သို့ အရောက်တွင် မည်သို့ဖြစ်လာမည်လဲ စောင့်စား နားစွင့်ကြည့်ကြရပါတော့မည်။

ရန်ကုန်မြို့တော်စည်ပင်က ကောက်ယူထားသည့် စာရင်း များအရ ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သော ကျောက် တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များရှိ လမ်းမကြီးများတွင် ရောင်းချနေသည့် လမ်းဘေးဈေးသည်ပေါင်း ၆ဝဝဝ ကျော်ရှိ သည်ဟု ဆိုသည်။ ယင်း ၆ဝဝဝ ကျော် ရှိသည့် အနက် အစားအသောက်နှင့် သစ်သီးဝလံရောင်းချသူဈေးသည် ၁၆ဝဝ ကို ကမ်းနားလမ်း တစ်  လျှောက်တွင် ဖွင့်လှစ်မည့် ည ဈေးတန်းသို့ ပြောင်းရွှေ့ဖွင့်လှစ် စေမည်ဟု သိရသည်။ ကုန်ဈေး  သည် ၄၄ဝဝ ကိုတော့ ရန်ကုန်  မြို့တွင်း မြို့နယ်များရှိ နံပါတ် တပ်လမ်းများ အတွင်းသို့ ထည့် သွင်းဖွင့်လှစ် ရောင်းချခွင့်ပြုမည်ဟု ဆိုသည်။ နံပါတ်တပ်လမ်း မည် သည့်လမ်းများတွင် ထည့်သွင်း ရောင်းချခွင့်ပြုမည်ကိုတော့ အတိ အကျမသိရသေး။

ရန်ကုန်မြို့တွင် နံပါတ်တပ် လမ်း ဆိုသည်မှာ မြို့တော်၏ အ နောက်ပိုင်း လမ်းမတော်မြို့နယ် ထိပ်ဖျား (၁) လမ်းက စတင်ပြီး တရုတ်တန်း ၁၉ လမ်း၊ လမ်း ၂ဝ သံဈေး၊ ထိုမှ မြို့လယ်ကောင်ဟု သတ်မှတ်သော ၃၃ လမ်း၊ ၃၄ လမ်း၊ ထိုမှ ရေကျော်လမ်း ၅ဝ၊ ၅၁ လမ်း၊ ၅၂ လမ်း၊ ထိုမှ မြို့တော်၏ အရှေ့ပိုင်း ဗိုလ်တထောင်ဈေးလမ်း (အီဒင်လမ်း) အထိ ၅၅ လမ်း၊ ၅၆ လမ်း ပုဇွန်တောင်ကြက်တန်း စသည်ဖြင့် နံပါတ်တပ်လမ်းများအ ဖြစ် သတ်မှတ်ရေတွက်ခဲ့ကြပေ သည်။ ယခု နံပါတ်တပ်လမ်းများ အတွင်း လမ်းဘေးဈေးသည်များ အား ထည့်သွင်းမည်ဆိုလျှင် လမ်း မတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတား၊ ဗိုလ်တထောင် စသည့်မြို့နယ်များအတွင်း ကျ ရောက်သည့် နံပါတ်တပ်လမ်း အ ချို့ထဲသို့ ထည့်သွင်းရောင်းချစေ လိမ့်မည်ဟု ယူဆရသည်။ မည် သည့် ဈေးသည်၊ မည်သည့်နံပါတ် တပ်လမ်းအတွင်းသို့ ဝင်စေဆို သည်ကိုလည်း မဲနှိုက်စနစ်ဖြင့် ခွဲ ခြားကြလိမ့်ဦးမည်ဟုလည်း ထင် မြင်မိသည်။ နံပါတ်တပ်လမ်းများဟုဆိုရာတွင်လည်း စည်ကားသော လမ်း၊ မစည်ကားသောလမ်း၊ မော် တော်ယာဉ်ပါကင် ပြည့် ကျပ်နေ သောလမ်း၊ နဂိုမူလကတည်းက လမ်းသူလမ်းသားဈေးသည်များဖြင့် ပြည့်နေသောလမ်း၊ အရောင်းအ ဝယ်ကျဲပါးသော လမ်း၊ ဆောက်လုပ် ဆဲ အဆောက်အအုံတည်ရှိသော လမ်း၊ စာသင်ကျောင်း၊ အစိုးရရုံး ဌာန အခြေစိုက်ရာလမ်း၊ ဘာသာ ရေး အဆောက်အအုံ ဓမ္မာရုံရှိသော လမ်းစသည်ဖြင့် မူလအခြေခံ အကြောင်းရင်းများလည်း ရှိနေပါ သေးသည်။ ရန်ကုန်မြို့တော်စည် ပင်က တာဝန်ယူ၊ တာဝန်ခံထား ကြသဖြင့် လမ်းဘေးဈေးသည်များ အတွက် နံပါတ်တပ်လမ်းအတွင်း သို့ ဈေးရောင်းခွင့်ချထားပေးရာ တွင် အဆင်ပြေချောမွေ့လိမ့်မည် ဟု ထင်ပါသည်။

ရန်ကုန်မြို့တော်တွင် အဓိက လမ်းမကြီးများတွင် ဈေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ရာ ယင်းဈေးမရောင်းရသည့် လမ်းမကြီး ၁၁ လမ်းတို့မှာ အနော် ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ် ချုပ်အောင်ဆန်းလမ်း၊ ကုန်သည် လမ်း၊ ပန်းဆိုးတန်းလမ်း၊ ဆူးလေ ဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်း၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်း (ညဈေး တန်းအဖြစ် သတ်မှတ် သည့်နေရာ မပါ) တို့တွင် လမ်း ဘေးဈေးရောင်းချခွင့် ပိတ်ပင် လိုက်ပြီဖြစ်သည်။                 

ယင်းသို့ မြို့တော်စည်ပင်၏ ထုတ်ပြန်ချက်များကိုဖောက်ဖျက် ပါက ဖောက်ဖျက်ကျူးလွန်သူအား ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ဥပဒေအရ အရေးယူမည်ဟု ကြေညာထားသည်။ ဈေးမရောင်းရ နေရာတွင် ဈေးရောင်းလျှင် ဥပဒေ အရ အရေးယူရမည်ကတော့ ယူရပါမည်။ ထို့ပြင် ဈေးမရောင်းရနယ် မြေတွင် ခိုးကြောင်ခိုးဝှက်ဈေး ရောင်းခွင့်ရအောင် အခြေအနေ ဖန်တီးပေးသူ၊ အားပေး အားမြှောက် ပြု၊ လာဘ်လာဘယူ၍ စောင့်ကြည့် သတင်းပေးသူများကိုရော အရေး ယူမည့် အစီအစဉ်ရှိ မရှိ သိချင်ပါ သည်။ ယင်းသည်လည်း မြို့တော် စည်ပင်သာယာရေး၏ တာဝန်ရှိ ပုဂ္ဂိုလ်များတွင် ကြိုတင်ကာကွယ် ရေး အစီအစဉ်များ ရှိထားကြပါ လိမ့်မည်ဟု ယူဆပါသည်။ ရန်ကုန် မြို့တော်ကြီး တကယ်သာယာ စည်ပင်ချင်လျှင် စည်းကမ်းပိုင်း၊ အကျင့်ပျက်ခြစားမှုအပိုင်းတို့ကို ထိထိရောက်ရောက် ကိုင်တွယ်ကြ ရတော့မည်ကိုလည်း သက်ဆိုင်သူ များ သိပြီးဖြစ်ကြပါလိမ့်မည်။

ရန်ကုန်မြို့တော်စည်ပင် စီမံ ရေးရာဌာနမှ တာဝန်ရှိသူတစ်ဦး က ယခုလိုပြောသည်။

''လမ်းဘေးဈေးသည် မ ရောင်းရနယ်မြေအဖြစ် လမ်း ၁၁ လမ်း သတ်မှတ်လိုက်တယ်။ အဲဒီ မှာ ရောင်းရင် အရေးယူမှာပေါ့။ ကမ်းနားလမ်းမှာက ဈေးသည် ၁၆ဝဝ လောက်ကိုပဲ ထည့်မှာပါ။ ကျန်တဲ့ ဈေးသည်တွေကတော့ အ တွင်းလမ်းတွေထဲမှာ ရောင်းရမှာ။ ခုနက လမ်း ၁၁ လမ်းကိုတော့ ဈေးရောင်းချခွင့်မပေးတော့ဘူး။ အဲဒီလမ်းတွေက အဓိက ပိတ်နေ တဲ့ လမ်းတွေ ဖြစ်နေတယ်။  အဲဒီ လမ်းမကြီး ၁၁ လမ်းမှာ ဈေး ရောင်းရင် စည်ပင်ဥပဒေပုဒ်မ ၆၈၊ ၇ဝ စတာတွေနဲ့ အရေးယူ မယ်''ဟု ဆိုသည်။

ကမ်းနားလမ်းတွင် ဖွင့်လှစ် မည့် ညဈေးတန်းကိုတော့ နိုဝင် ဘာ ၂ဝ ရက် ကျော်တွင် ဖွင့်လှစ် မည်ဟု ဆိုခဲ့ပြီး၊ ရေ၊ လျှပ်စစ်မီး ရရှိရန် စီစဉ်ပေးမည် (မှတ်ချက်။ အဆိုပါ ညဈေးကို နိုဝင်ဘာ ၁၃ ရက်တွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါ သည်)ဟု ပြောသည်။ ညဈေးရောင်း ချခွင့် အချိန်ကိုတော့ နေ့စဉ် မွန်း လွဲ ၃းဝဝ နာရီမှ ည ၁၁းဝဝ နာရီ အထိ သတ်မှတ်ပြီး ဈေးသည် ၁၆ဝဝ ကိုသာ ရောင်းချခွင့်ပေးမည် ဟုလည်း ဆိုပါသေးသည်။ ထို့ပြင် ကမ်းနားလမ်းညဈေးတန်းတွင် ရောင်းချခွင့်ရမည့် ဈေးသည်များ သည် ကတ်ပြားကြေးတစ်နှစ်လျှင် ကျပ် ၅ဝဝ၊ နေ့စဉ်ကြေးအဖြစ် သန့်ရှင်းရေးခ၊ ရေ၊ လျှပ်စစ်မီးသုံးစွဲ များ သတ်မှတ်ကောက်ခံမည်ဖြစ် သည်။ လျှပ်စစ်မီးသုံးစွဲခကို တစ်လ တစ်ကြိမ် ပေးဆောင်ရမည်ဟု လည်း ပြောကြားထားသည်။

ဤတွင် နံပါတ်တပ်လမ်းများ အတွင်း နေရာချထားပေးမည့် ကျန် ဈေးသည် ၄၄ဝဝ အတွက် ဈေး ရောင်းချခွင့်ကိစ္စတွင် လမ်းသူလမ်း သားများက လက်မခံနိုင်ကြောင်း အသံများ ပေါ်ထွက်လာပါသည်။ ယင်းကိစ္စကို ကျောက်တံတားမြို့ နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ယခုလို ထုတ်ဖော် ပြောကြားထားသည်။

''ကျွန်မတို့ မြို့နယ်ထဲမှာ အခု တောင် ကားပါကင်ကျပ်နေတယ်။ အဲဒါကို နံပါတ်တပ်လမ်းထဲမှာ မြေညီထပ်က အိမ်ရှင်က လက်ခံ လိုက်တယ်ဆိုရင်တောင် ကားပိတ်တာ၊ ကားပါကင်ထိုးမရရင် အား လုံးက မကျေမနပ်ဖြစ်မှာလေ။ တစ်တိုက်လုံးကလည်း မကျေ မနပ် ဖြစ်ကြမှာ။ အဲဒါလေးကတော့ လတ်တလောမှာ ပြဿနာဖြစ်နေ တယ်''ဟု ဆိုသည်။

စဉ်းစားကြည့်လျှင် နံပါတ် တပ်လမ်းများအတွင်းသို့ ဈေးသည် ၄၄ဝဝ၊ ၄၅ဝဝ နီးပါး သို့မဟုတ် ဈေးဆိုင်ပေါင်း ၄၅ဝဝ နီးပါး ထည့်သွင်း ဆိုင်ခင်း ဈေးရောင်းချ စေခြင်းသည် တော်တော်တော့ မလွယ်သော ကိစ္စဖြစ်သည်။ နံပါတ်တပ်လမ်းတစ်လမ်း အတွင်း ဈေးသည် မည်မျှထည့်သွင်းနေရာချ ထားပေးမည်နည်း၊ ဦးရေ ၅ဝ၊ ၆ဝ လား၊ ၁ဝဝ လား။ လမ်းတစ်လမ်း ကို  ဦးရေ ၁ဝဝ ထည့်သွင်းမည်ဆို လျှင် လမ်းပေါင်း ၄၅ လမ်းလောက် ရှာထားရပေမည်။ ယင်း ၄၅ လမ်း သည်လမ်း ချောင်သောလမ်း၊ ကျပ် သောလမ်းဟူ၍ ရှိပါသေးသည်။ အဓိကကတော့ ကားပါကင် ပြဿနာ၊ ကားအဝင်အထွက် ပြဿနာဖြစ်သည်။ ရန်ကုန်မြို့ရှိ နံပါတ်တပ်လမ်းအားလုံး ကားမရှိ သော၊ ကားပါကင်မထိုးသောလမ်း မည်သည့်လမ်းမျှမရှိပါ။

ယခု နံပါတ်တပ်လမ်းများအ တွင်းသို့ လမ်းဘေးဈေးသည် ၄၄ဝဝ ကို ထည့်သွင်းနေရာချ ထားပေးမည့် အစီအစဉ်သည် လက်လုပ်လက်စား ဈေးသည်များ နှင့် လမ်းသူလမ်းသားများကို ရန် တိုက်ပေးနေသလို ဖြစ်နေသည်။ ရောက်ရောက်ချင်း ဆောက်နှင့် ထွင်းသည့် ပြဿနာများ ပေါ် ပေါက်နိုင်သည်။ ရန်ပွဲများလည်း တခြိမ့်ခြိမ့်ဖြစ်နိုင်သည်။ မြို့ တော်စည်ပင်မှ တာဝန်ရှိသူများ ယင်း ကိစ္စ ပြန်လည်စဉ်းစားသုံး သပ်သင့်ပါသည်။

ယခုအစီအစဉ်က ဈေးသည်များအတွက်လည်း အဆင်မပြေ အကျိုးမရှိ၊ ရပ်ကွက် နေပြည်သူများ အတွက်လည်း အလိုလိုနေရင်း အိမ်ထဲဖွတ်ဝင်မည့် ကိန်း ဆိုက်နေပါသည်။ တာဝန်ရှိ သူများအမြန်ဆင်ခြင်သင့်ပါသည်။

တစ်ဆက်တည်း ဆိုသလို ကမ်းနားလမ်းညဈေးတန်းသို့ ပြောင်းရွှေ့ရေးနှင့် ပတ်သက်ပြီး အစားအသောက်ရောင်းချ သည့် ဈေးသည် များ၏  အသံများလည်း  ပေါ်ထွက်လာပါသည်။ ရန်ကုန်မြို့ လယ်လမ်းမကြီးတစ်ခုပေါ်တွင် အကင်စုံရောင်းချသည့် ဈေးသည် တစ်ဦး၏ အသံကို ဦးစွာနားထောင်မိသည်။ ၄င်းက ''ကျွန်မတို့ ဒီမှာ ဈေးရောင်းတာ  ၁ဝ နှစ်ကျော်လာပြီဆိုတော့ ကိုယ့်ဖောက်သည် နဲ့ ကိုယ်အဆင်ပြေနေပြီလေ။ ဒါ ကြောင့် တကယ်ဆိုရင် အဲဒီကမ်းနားလမ်းက ညဈေးကို မပြောင်း ရွှေ့ချင်ဘူး။ တကယ် လို့ ပြောင်း ရွှေ့သွားခဲ့ရင်လည်း ဒီနေရာမှာလို ဈေးရောင်းမကောင်းတော့မှာကို စိုးရိမ်တယ်။ ဘာကြောင့်လဲဆို တော့ ဒီမှာရောင်းနေ တဲ့ ဈေးသည် တွေအားလုံး ၆ဝ ရာခိုင်နှုန်းက နေ့ပြန်တိုး၊ လတိုးနဲ့ အကြွေးယူပြီး ရောင်းတာများတယ်။ အဲဒီအကြွေး တွေ ဆပ်ဖို့ ဈေးရောင်းကောင်းမှရမယ်လေ။

အခုစည်ပင်က ကျွန်မတို့အတွက် ကမ်းနားလမ်းမှာ ည ဈေးဖွင့်ပေးပြီး အဲဒီနေရာမှာ ဈေးရောင်းရမယ်ဆိုတော့ ဈေး သည်အားလုံးက စိတ်ညစ်နေကြ တယ်။ အားလုံးက စည်ပင်ကချ ပေးတဲ့နေရာမှာ ဈေးရောင်းမ ကောင်းမှာ စိုးနေကြတယ်။ ကျွန်မ တို့အနေနဲ့ ဒီနေရာမှာ စည်းကမ်း တကျနဲ့ အခွန်ပေးဆိုလည်း ပေး ပါမယ်။ အဓိက ကိုယ့်ဖောက်သည် လေး မပျောက်ဖို့ လိုတယ်။ လက်ရှိ အချိန်မှာလည်း စည်ပင်က သတ် မှတ်ထားတဲ့အတိုင်း ဈေးရောင်းနေ တာပဲလေ။ အခုစည်ပင်က ကျွန်မ တို့ဈေးသည်တွေကို ကမ်းနားလမ်း မှာ ညဈေးဖွင့်ရောင်းချရမယ် ဆိုတာ စာစောင်တွေမှာပါလို့ သိရတယ်။ စည်ပင်အနေနဲ့ ဈေးသည် တွေကို ဘာအကြောင်းကြားစာမှ မပို့ဘူး။ ဒါပေမယ့် စာရင်းတော့ သုံးခါလာကောက်ပြီး ဓာတ်ပုံရိုက် သွားတယ်။ ကျွန်မတို့က ဘာလုပ် မလို့လဲမေးတော့ အထက်ကခိုင်းတာ သူတို့လည်း မသိဘူးလို့ ပြော တယ်။ တကယ်ဆိုရင် ပြည်သူတွေ နဲ့ ညှိနှိုင်းဆွေးနွေးမှု လုပ်သင့်တယ်။ အခုက ဈေးသည်တွေက ဘာတစ်ခုမှ မသိရဘူး။ တကယ်လို့ သူတို့ဘက်က အတင်းပြောင်းခိုင်း ရင် တော့ ပြောင်းပေးရမှာပေါ့။ ဒါပေ မယ့် ဈေးသည်အားလုံးက လက်ရှိ နေရာမှာပဲ စည်းကမ်းတကျနဲ့ ကိုယ့်နေရာမှာ ရောင်းချင်တာ အမှန်ပါ''ဟု ပြောသည်။ ထိုနည်း တူစွာ အသုပ်စုံရောင်းချသူဈေး သည်တစ်ဦးကလည်း ယခုလို ရင် ဖွင့်ထားပြန်ပါသေးသည်။

''ကျွန်တော်တို့အနေနဲ့က တော့ စည်ပင်က ပြောင်းရွှေ့ပေးတဲ့ နေရာမှာ ဈေးရောင်းကောင်းရင် အဆင်ပြေပါတယ်။ ဒါပေမယ့် အခုလက်ရှိနေရာလောက် မရောင်း ရမှာတော့ စိုးရိမ်မိတယ်။ တကယ် လို့ ဟိုပြောင်းမှ ဈေးမရောင်းရရင် ဈေးသည်တွေအတွက် စားဝတ်နေ ရေး  အရမ်းကို ခက်ခဲမှာတော့ သေချာတယ်။ ကျွန်တော်တို့အနေ နဲ့  စည်ပင်ကိုလည်း အပြစ်တင် တာတော့ မဟုတ်ပါဘူး။ သူတို့အ နေနဲ့ကလည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းပေးဖို့အတွက် လုပ်တာဆိုတာကို နားလည်ပါ တယ်။ ဒါပေမယ့် ပြောင်းရွှေ့မယ့် အကြောင်းလေးတော့ ပြည်သူတွေ နဲ့ ညှိနှိုင်းဆွေးနွေးသင့်ပါတယ်။ အခုဟာက ရုတ်တရက်ကြီး ကမ်း နားလမ်းက ညဈေးကို ဒီလ ၂၁ ရက်နေ့အပြီး ပြောင်းရမယ်လို့ ကြားတယ်။ အဲဒီလိုဆိုတော့ ဈေး သည်အားလုံးက ဟိုရောက်ရင် အရင်နေရာမှာလို ဈေးရောင်း ကောင်းပါ့မလား စိုးတထိတ်ထိတ် ဖြစ်နေကြတယ်။ အခုလက်ရှိနေရာ မှာ ရောင်းသူအားလုံးဟာလည်း မိသားစုစားဝတ်နေရေးအတွက် လုပ်နေကြသူတွေပါ။ ဘာပဲဖြစ်ဖြစ် လက်ရှိနေရာမှာ စည်းကမ်းတကျ နဲ့ ရောင်းဆိုရောင်းပါ့မယ်။ အဓိက ကတော့ ကိုယ့်ဖောက်သည်တွေနဲ့ အဆက်မပြတ်ချင်လို့ပါ''ဟု ဆို သည်။

ထို့ပြင် ဈေးသည်အများစု သည် ပြောင်းရွှေ့ရောင်းဝယ်ရမည့် နေရာသစ်တွင် မိမိတို့ဖောက်သည် ပျောက်သွားမည့်အရေး တွေးပူနေ ကြသည့် သောကနှင့်အတူ နေရာ သစ်၌ ခိုး၊ ဆိုး၊ လုယက်မှုများ လုံခြုံ ပါမလား၊ ရေ၊ မီးအရေး ပူပန်ရဦး မည်လား၊ သွားရေး လာရေးအ တွက် ခရီးစရိတ်၊ သယ်ပို့စရိတ်၊ အ ပိုကုန်ကျမှုများ ရှိဦးလေမလား၊ စသည့် သောကများလည်း ပွားနေ ရကြောင်း ကြားသိရပါသေးသည်။ ဘာပဲဖြစ်ဖြစ် လမ်းဘေးဈေး သည် ဟူသည် မြို့တော်စည်ပင် တာဝန်ရှိ သူတို့ စီစဉ်ကြသည့်အ တိုင်း လိုက်နာကြရမည့် သူများ ချည်းဖြစ်သည်။ မည်သူမျှ စောဒ ကတက်ခွင့်မရှိ၊ မည်သူမျှ အာဏာ ဖီဆန်ခွင့်မရှိ။ တာဝန်ရှိသူများ၏ အစီအစဉ်နှင့် စီမံခန့်ခွဲမှု ကောင်း မွန်လျှင် သူတို့ အနေအစားချောင် ပြီး စားဝတ်နေရေး ရှာဖွေဖြည့် ဆည်းမှုပုံမှန်လည် ပတ်ခွင့်ရမည်။ အစီအစဉ်မကောင်း၊ စီမံခန့်ခွဲမှုညံ့ ဖျင်းနုံချာလျှင်တော့ သူတို့အနေအ စားပျက်ကာ ပရိယေသနဝမ်းစာ ရှာဖွေရေးတွင် ဆင်းရဲဒုက္ခများ တိုး ပွားလာမည်ဖြစ်သည်။ မြို့တော် စည်ပင်ဟူသည် မြို့တော်နေပြည် သူများ၏ဘဝ စည်ပင်သာယာဖွံ့ဖြိုး တိုးတက်ရေးကို လည်း ရှေးရှုရမည့် တာဝန်ရှိသည်ဟု နားလည်ထား သည်။ မိမိတို့ စီစဉ်ဆောင်ရွက် သော မြို့တော် စည်ပင်သာယာ ရေး အလုပ်တစ်ခုသည် အခြားသူ များ၏ ဘဝအခြေ ယိုင်ယဲ့သွား အောင် ရိုတ်ခတ်မှု မဖြစ်စေရေးကို လည်း ကြိုတင်စဉ်းစား သတိပြု ရှောင်ရှားနိုင်ကြလိမ့်မည်ဟုလည်း ယုံကြည်မိသည်။               

ယခုလမ်းဘေးဈေးသည်များ အတွက် အစီအစဉ်အသစ်တစ်ခု စဉ်းစား ဆုံးဖြတ်ချမှတ်လိုက်ပြီဖြစ် ရာ ကောင်းကျိုးက နည်းပြီး ဆိုး ကျိုးက များနေမည်လား မကြာခင် အဖြေပေါ်လာပါတော့မည်။ အ ကယ်၍ ဆိုးကျိုးက များပြီး၊ ဈေး သည်းများ၏ဘဝ ယခင်ကထက် ပိုမိုနွမ်းပါးခက်ခဲကျပ်တည်းနေမည် ဆိုလျှင်တော့ စီစဉ်ဆောင်ရွက်သူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး တာဝန်ရှိ ပုဂ္ဂိုလ်များ၏ တာဝန်သာ ဖြစ်ပါကြောင်းနှင့် တာဝန်ယူမှုအ တွက် ကြိုတင်ပြင်ဆင်ထားကြပါ ရန် နှိုးဆော်တင်ပြလိုက်ပါသည်။

ထိုသို့ တာဝန်ယူမှုအတွက် ပြင်ဆင်ထားရမည်ဆိုရာတွင် ယခု အစီအစဉ်သစ်အရ ဆောင်ရွက်၍ မှ လမ်းဘေးဈေးသည်များ ရောင်း ဝယ်ရေးကိစ္စအဆင်မပြေလျှင် နောက်ထပ်အဆင်ပြေမည့် နည်း လမ်းတစ်ခု၊ အကြံအစည်တစ်ခုကို ကြိုတင်စီစဉ်ရွေးချယ်ထားရန် ပြင် ဆင်ထားရမည်ကို ဆိုလိုရင်းဖြစ် သည်။ တစ်နည်းပြောရလျှင် Plan B ကို ကြိုတင်စီစဉ်ထားရန်ဖြစ် သည်။ လမ်းဘေးဈေးသည်များအ တွက် သီးသန့်ဈေးရောင်းချစေမည့် နေရာတစ်ခုကို ရွေးချယ်စဉ်းစားခဲ့ ကြသည်မှာ ယခုမှမဟုတ်၊ ယခင် သြဂုတ်၊ စက်တင်ဘာလ ပိုင်းများ ကတည်းက မြို့တော်စည်ပင်တာ ဝန်ရှိသူများ စဉ်းစားလာခဲ့ကြခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လမ်း ဘေးဈေးသည်များအရေးကို ညင် သာစွာ ကိုင်တွယ်ဖြေရှင်းပေးမည် ဟု အကြိမ်ကြိမ် ကတိပေးပြီးသား ဖြစ်သည်။ ရန်ကုန်မြို့တော်နှင့် လမ်းဘေးဈေးသည် အရေးသည် ယခင်အစိုးရ လက်ထက်ကတည်း က ပြဿနာသဖွယ် သတ်မှတ်ခဲ့ ကြပြီး အပြတ်ရှင်းထုတ်ရေး၊ လမ်း ဘေးဈေးသည် ပပျောက်ရေး အထိ စစ်ဆင်ရေးသဖွယ်ရှင်းလင်းပစ် သည်အထိ ဆုံးဖြတ်ချက်ရှိခဲ့ကြ သည်။ လမ်းဘေးဈေးသည် ပပျောက်စေချင်သည့် အကြောင်း ပြချက်ကတော့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် တိုးပွားလာသည်။ ယာဉ်ကြောပိတ်ဆို့မှု ထူပြောလာ သည်။ မြို့တော် ကြီး သန့်ရှင်းသာ ယာမှုထိပါးလာသည် စသည်ဖြင့် အကြောင်းပြခဲ့သည်။

မည်သို့ပင် အကြောင်းပြ ပါစေ၊ လမ်းဘေးဈေးသည်များ ကား ပပျောက်မသွားသည့်အပြင် တစ်နေ့တခြားပို၍ပင် တိုးလာပါ သည်။ တိုးပွားလာရခြင်း အ ကြောင်းကတော့ အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးနေပြီး အလုပ်လက်မဲ့နှုန်းတိုးပွားလာခြင်း ကြောင့် 'အလုပ်မရှိဈေးရောင်းစား' လူတန်းစားတစ်ရပ် ပေါ်ပေါက်လာ ခြင်းကြောင့်ဖြစ်သည်။ စက်တင် ဘာလဆန်းပိုင်းက လမ်းဘေးဈေး သည်များအတွက် သီးသန့်နေရာ သတ်မှတ်ပေးမည်ဆိုသည့် သတင်း များ ပေါ်ထွက်လာတုန်းကလည်း ဈေးသည်များ၏ ညည်းညူသံ များ ပေါ်ထွက်ခဲ့ဖူးသည်။ လမ်းမတော် မြို့နယ်ရှိ ဈေးသည်တစ်ဦးက ယခု လို ညည်းဖူးသည်။

''ညနေ ၃ နာရီနောက်ပိုင်း ဈေးရောင်းခွင့်ပေးမယ်ဆိုပေမယ့် စီမံချက်ရှိလို့ရှိရင် ဈေးမထွက်ရ ဘူး။ တစ်ခါတလေ ကိုယ်ရောင်း နေ တဲ့နေရာမှာ ကားတွေရပ်ထား ရင် အဲဒါကိုစောင့်ပြီး ရောင်းရ တယ်။ ဒီလိုပါပဲ။ စားဝတ်နေရေးကို ဖြေရှင်းနေရတာ။ ဒီအစိုးရ လက် ထက်မှာလမ်းဘေးဈေးသည်တွေကို ညင်သာစွာ စည်းကမ်းထိန်းသိမ်း ကိုင်တွယ်မယ်လို့ သတင်းစာတွေ ထဲမှာ ဖတ်ရတယ်။ အဲဒီလိုပဲ ညင်ညင်သာသာ ကိုင်တွယ်ဖို့ပဲ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အတွက် သီးသန့်နေရာ လုပ်ပေး မယ်ဆိုတာကလည်း အဲဒီနေရာက အရောင်းအဝယ်ကောင်းဦးမှလေ။  လမ်းသွားလမ်းလာဆိုတာကလည်း အိမ်ပြန်ချိန်လမ်းမှာတွေ့တာလေး ဝယ်ချင် ဝယ်မှာပဲလေ။ အဲဒီ သီးသန့် နေရာဆိုတာကို သူတို့က အချိန် ပေးပြီး လာဦးမှလေ''ဟု ဆိုသည်။

ထို့ပြင် မြို့တော်ခန်းမအနီး ဈေးရောင်းသူတစ်ဦးကလည်း ''ဟို တုန်းကတည်းက အန်တီတို့ ဒီမှာ ဈေးရောင်းလာတာ တော်တော်ကြာ ပြီ။ ဒီနားက အိမ်တွေကလည်း ခွင့်ပြုလို့ပေါ့။ ဒါပေမယ့် သူတို့ ကားတွေလာရပ်ရင်တော့ နည်း နည်းပါးပါး ခုံလေးတွေ ဖယ်ပေးရ တာပေါ့။

ဈေးသည် ဘဝဆိုတာ ဒီလိုပဲ ရောင်းဝယ်စားသောက်ရတာပဲ။ အန်တီတို့ကို သီးသန့်နေရာ ပေး မယ်ဆိုရင်တော့ နေရာကျဉ်းကျဉ်း ကလေးပေးရင်တော့ အဆင်မပြေ နိုင်ဘူး။ လူမစည်တဲ့ နေရာမျိုးပေး ရင်လည်း အန်တီတို့ရောင်းလို့ဝယ် လို့ ဘယ်လိုမှမကောင်းနိုင် ဘူး။ တစ်ခါတလေ စည်ပင်ရဲ့ စီမံချက် တွေရှိတဲ့ ကာလတွေဆိုရင် ဈေးမ ရောင်းရဘူး။ အိမ်မှာပဲ ထိုင်နေရ တယ်။ အန်တီ ပြောချင် တာက အ စိုးရအနေနဲ့ လမ်းဘေးဈေးသည် တွေကို သက်သက်ညှာညှာ စဉ်း စားပေးပါလို့''ဟု ပြောခဲ့ဖူးသည်။

 နောက်ထပ် ပြောခဲ့ဖူးသည့် မဟာဗန္ဓုလလမ်းမ တစ်နေရာတွင် မုန့်ဟင်းခါးရောင်းသူတစ်ဦးကလည်း ''ကျွန်တော်တို့ကို သီးသန့်နေရာ သတ်မှတ်ပေးမယ်၊ ညဈေးတန်း လုပ်ပြီးတော့ ရောင်းချခွင့်ပေးမယ် ဆိုပြီးတော့ သတင်းတွေကြားနေရ တယ်။ ဒါပေမယ့် အဆင်ပြေမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အခုလမ်းဘေးမှာ ရောင်းတာက လမ်းသွားလမ်းလာတွေ ဖြတ်သွား ရင်းနဲ့ ဝယ်စားလို့ရတယ်။  ညဈေး တန်းဆိုတာမျိုးက သီးသန့်နေရာ လိုဖြစ်နေတယ်။ ဒါကြောင့် အဆင် မပြေနိုင်ပါဘူး။ ကျွန်တော် တို့က တော့ ဒီအတိုင်း ဆက်ပြီး ရောင်း ချင်တယ်''ဟု ဆိုပြန်ပါသေးသည်။       

ယင်းအသံများသည် ယခု ကမ်းနားလမ်းတွင် ညဈေးတန်းဖွင့် မည်ဟု မဆုံးဖြတ်ရသေးခင် သီး သန့်နေရာ သတ်မှတ်ပေးမည် ဆို သော သတင်းများ ပေါ်ထွက်လာ တုန်းက ယင်းအပေါ်တုံ့ပြန်ကြ သော ညည်းညူသံအချို့ဖြစ်သည်။ ထိုစဉ်ကတည်း က ဈေးသည်အားလုံးသည် သီးသန့်နေရာသတ်မှတ် ပြီး ပြောင်းရွှေ့ ဈေးရောင်းချစေ ခြင်း အစီအစဉ်ကို ဝိုင်းဝန်းကန့် ကွက်ခဲ့ ကြပြီးဖြစ် သည်။

လမ်းဘေးဈေးသည် ပြဿနာ များကို ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်ကလည်းဖြေရှင်းပေးရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ချေ။ လမ်းဘေးဈေး သည် ပပျောက်ရေး၊ လမ်းဘေးတွင် ဈေးမရောင်းချရေးအတွက် သီး သန့်နေရာပေးရေး အစီအစဉ် တစ် ခုကို ရန်ကုန်မြို့တော်စည်ပင်က စီစဉ်ခဲ့ဖူးသည်။ ၂ဝ၁၅ ခုနှစ်က ဖြစ်သည်။ ရန်ကုန်မြို့တွင် ဈေး အ ဟောင်းများ ကို နှစ်ထပ်ဈေး သစ် ကြီးများဆောက်လုပ်ကာ မြေညီ ထပ်တွင် မူလဈေးဟောင်း၏ ဆိုင် ခန်းပိုင်ရှင်များအားနေရာချထားပေး ပြီး၊ ပထမထပ်တွင် လမ်းဘေး ဈေး သည်များအားနေရာချထားပေးမည့် အစီအစဉ်ဖြစ်သည်။ သို့သော် လမ်းဘေးဈေးသည်ဟူသည် သဘာဝကိုယ်နှိုက်က လမ်းဘေး တွင် ဈေးရောင်းချမှ အဆင်ပြေ သည့် သဘောရှိသဖြင့် နတ်ဘုံ နတ်နန်းပေါ် တင်ပေးပေသည့် လည်း အဆင်မပြေနိုင် ကြချေ။ လမ်းဘေးဈေးသည် ဘဝတုန်းက နဂိုမူလလက်ဟောင်း ဖောက်သည် များသည်လည်း နှစ်ထပ်ဈေးပေါ် တက်ပြီး မည်သူမျှ ဈေးလာဝယ်ကြ လိမ့်မည်မဟုတ်ပေ။ အပြီးသတ် တော့ လမ်းဘေး ဈေးသည်များ အား နှစ်ထပ်ဈေးကြီး ဟည်းနေ အောင် တည်ပေးပြီးပါသော်မှ ဈေး ရောင်းမကောင်းကြသဖြင့် လမ်း ဘေးဈေးသည်များအားလုံး လမ်း ဘေးသို့သာ ပြန်တိုးခွေ့ဝင်ရောက် သွားသည်။ ဤသို့ဖြင့် ဈေးသစ် ပေါ်တင်ပေးရေး အစီအစဉ်လည်း နိဂုံးချုပ်ခဲ့သည်။ ယင်းအဖြစ်အ ပျက်က ဘာကိုညွှန်ပြနေသနည်း ဆိုလျှင် လမ်းဘေးဈေးသည်ဟူ သော သဘောကို အဆင့်မြှင့်တင် ပေးချင်၍မရ၊ လမ်းဘေး ဈေး သည်၊ လမ်းဘေးဈေးရောင်းခြင်း သဘောသဘာဝကိုယ်နှိုက်ကိုက လမ်းဘေးတွင် ဈေးခင်းပြီး လမ်းသွားလမ်းလာများ ဖြတ်သွားဖြတ်လာရင်း လွယ်လင့် တကူ ကောက်ယူဝယ်ခြမ်းသွားခြင်း သဘောကို ဖျောက်ပစ်၍မရဟူသော ဈေးဝယ်ရလွယ်ကူသက်သာခြင်း သဘော ကို ညွှန်ပြနေ သည်။ ယင်းကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များ သတိချပ်သင့်သည်။ ဈေးသည်များ စိုးရိမ်နေကြ သည်မှာလည်း ယင်းသဘောတရား ပျက်ယွင်းသွားမည်ကို သောကပွား နေကြခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် လမ်းဘေး ဈေးသည် အများဆုံး တည်ရှိသော မြို့နယ် လေးမြို့နယ် ရှိသည်။ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်တို့ ဖြစ်သည်။ ယင်းမြို့နယ်များ လောက် အရေအတွက်မများ သော်လည်း လူတိုးပြီး စည်ကား သောမြို့နယ်များ လည်း ရှိပါသေးသည်။ ပုဇွန်တောင်၊ မင်္ဂလာ တောင်ညွှန့်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာ ပ၊ မြောက်ဥက္ကလာ ပ စသည်တို့ဖြစ်သည်။

ဆိုချင်သည်မှာ လမ်းဘေး ဈေးသည် ဟူသည် မြို့နယ်တိုင်း တွင် ရှိနေသည်။ ဈေးအဆောက် အအုံကြီးများရှိလျှင် လမ်းဘေးဈေး သည်ရှိမည်။ လူစည်ကားသော အ ရပ်ဒေသများတွင် လမ်းဘေးဈေး သည်၊ လမ်းဘေးဈေးတန်း တစ်စ တစ်စ ပေါ်ပေါက်လာမည်ဟု ဆို လိုချင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းဘေးဈေးသည်၊ လမ်းဘေး ဈေးတန်း ပပျောက်ရေး၊ အမြစ် ပြတ်ရှင်းထုတ်ရေး မည်သို့မျှ လုပ် ဆောင်၍ မရနိုင်ဟု ဆိုချင်သည်။

လမ်းဘေးဈေးသည်နှင့် လမ်း ဘေးဈေးတန်း ပေါ်ပေါက်ရခြင်း၊ တည်တံ့နေရခြင်း၏ အဓိကအခြေ ခံအကြောင်းရင်းသည် ဈေးဝယ်ရ လွယ်ကူ သက်သာလျင်မြန်ခြင်း ကြောင့်ဖြစ်သည်။ လမ်းဘေးဈေး သည်တိုးပွားလာရခြင်း၏ အ ကြောင်းရင်းသည်လည်း ဆင်းရဲနွမ်း ပါးမှုနှင့် ဆက်စပ်နေသည်။ ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်း ရှား ပါးခြင်းနှင့်လည်း ဆက်နွယ်နေပြန်  သည်။ ထို့ပြင် လမ်းဘေးဈေး သည်အလုပ်၊ လမ်းဘေးဈေးရောင်း ချခြင်းအလုပ်သည် အခြေခံလူ တန်းစားများ၏ အကျိုးစီးပွားဖြစ် နေ သည်။ ရောင်းသူ ဝယ်သူ နှစ်ဦး နှစ်ဖက်လည်း အကျိုးစီးပွားမျှနေ သည်။

ယခုရန်ကုန်မြို့လယ်လေး မြို့နယ်ရှိ စာရင်းကောက်ယူထား သော လမ်းဘေးဈေးသည် ဦးရေ ၆ဝဝဝ ကျော်ကို ကမ်းနားလမ်း ည ဈေးတန်းနှင့် နံပါတ်တပ်လမ်းများ အတွင်းသို့ သွတ်သွင်းပြောင်းရွှေ့ ရောင်းချစေပါတော့မည်။ ဈေး သည် အများစုကတော့ နဂိုမူလ ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက် အကျိုးစီးပွားမျှနေခြင်းများ ပျက်စီး ပျောက်ကွယ်သွားတော့မည်ကို အထူးစိုးရိမ်နေကြသည်။ ထို့ပြင် နေရာသစ်တွင် ကစဥ့်ကလျားဖြင့် အမြီးအမောက်မတည့်မည်ကို လည်း သောကပွားနေကြ၏။ ယခု အစီအစဉ်သစ်သည်ဈေး သည် ၆ဝဝဝ ကျော်ကိုသာ ဖြေရှင်းပေး မည့် အစီအစဉ်သာ ဖြစ်သည်။ အမှန်တော့ ရန်ကုန်မြို့တော်တွင် လမ်းဘေးဈေးသည် အင်အား တစ်သောင်းကျော်မက များပြား သည်ဟု ဆိုနေကြသည်။ ဖြေရှင်း မည်ဆိုလျှင် ကျန်နေသေးသော သူများကိုပါ ထည့်သွင်း စဉ်းစားရပါ မည်။ သို့မဟုတ်ပါက ဥပဒေကွက် ကျားမိုးရွာသလို ဖြစ်နေပါမည်။ ငါတို့ကျတော့ ပြောင်းရွှေ့ခံရ၊ သူ တို့ကျတော့ ပြောင်းရွှေ့မခံရဖြင့် ဈေးသည်အချင်းချင်း စိတ်ဝမ်းကွဲ စရာများလည်း ပေါ်ပေါက်နိုင် သည်။ သို့ဖြစ်ရာ မြို့တော်စည်ပင် မှ အစီအစဉ်ရေးဆွဲသူတို့သည် အ စီအစဉ်၏ နောက်ကွယ်တွင် ပေါ် ပေါက်လာနိုင်သည့် ပြဿနာများ ဖြေရှင်းရေးကို ယခုကတည်းက ကြို တွေးသုံးသပ်ထားရပါတော့မည် ဆို သည့်အကြောင်းကို စေတနာ ကောင်းဖြင့် ဝေဖန် ထောက်ပြရေး သားလိုက်ရပါသည် ခင်ဗျား။

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.