အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
တာ့ခ်မင်နစ္စတန် သို့မဟုတ် အမြဲ ပြုံးနေရမည့် နိုင်ငံ

           အမေရိကန် နိုင်ငံသား စာရေးဆရာ။ ခရီးသွား ဆောင်းပါးပေါင်းချုပ် စာအုပ် ၁၆ အုပ်ခန့်ရေးသားထုတ် ဝေခဲ့သူ ပေါလ်သီရိုး - Paul Theroux သည် အရှေ့ဥရောပ တစ်ခွင်၌ တစ်နိုင်ငံပြီး တစ်နိုင်ငံ လှည့်လည်နေလေ့ ရှိသည်။
          သူသည် သမုဒ္ဒရာတွင်း ကျွန်းနိုင်ငံများသို့လည်း သွား၏။ ဆဟာရ သဲကန္တရ အတွင်းသို့လည်း ဝင်သည်။ တရုတ်နိုင်ငံတစ်ခွင် နေရာလပ်မကျန် ရောက်ဖူးသည်။
            သူ၏ အရှေ့ဥရောပ ခရီး၏ အစကို တူရကီနိုင်ငံ၊ အာမေးနီးယား နိုင်ငံတို့မှ တစ်ဆင့် အနောက်ဥရောပ၏ အရှေ့ဘက် အစွန်းဆုံးရှိ ကက်စ်ပီယံ ပင်လယ်ကို မေးတင်ထားသည့် အဇာဘိုင်ဂျန်
Azer baijan သို့ ရောက်ရှိလာသည်။
            သီရိုးသည် အဇာဘိုင်ဂျန်၏ ကက်စ်ပီယံပင်လယ် ကမ်းခြေမြို့ ဘာကူး -
Baku ဆိပ်ကမ်းမှနေ၍ အရှေ့စူးစူးကို ကြည့်လိုက်သည်။ ထိုအရပ်ဒေသ၌ စတန်အမည်နှင့် အဆုံးသတ်သည့် နိုင်ငံများ တည်ရှိသည်။ စစ်အေး ကာလအလွန် ဘာလင်တံတိုင်းကြီး ပြိုကျပြီးနောက်မှ ပေါ်ပေါက်လာသည့် နိုင်ငံများ။ တစ်နည်းအားဖြင့် ဆိုဗီယက် ယူနီယံမှ ခွဲထွက်လာသည့် နိုင်ငံများ။
            ထိုနိုင်ငံများ၌ ရေနံဆိုသည့် သဘာဝရုပ်ကြွင်း လောင်စာက ပုံသဏ္ဌာန် အမျိုးမျိုးနှင့် ရှိနေသည်။ ရေနံဆိုသည့် အရာမှာ အလွန်ထူးဆန်းသည်။ ရေနံကို ချက်လုပ်နိုင်သည့် နည်းပညာ ရရှိထားဖို့သာ လိုသည်။ ရေနံမှ စွန့်ပစ်ပစ္စည်းဆို၍ တစ်ခုတစ်လေမျှ မထွက်။ နောက်ဆုံးကြွင်းကျန်သော ပစ္စည်းကပင် တန်ဖိုးတစ်ခုရှိ နေသေးသည်။
            ထိုမျှအသုံးဝင်သော ရေနံရင်းမြစ်များရှိသည့် အရပ်ဒေသ။ ထိုနိုင်ငံများ အားလုံး၌ အစ္စလာမ်ဘာသာ ကိုးကွယ်သူ အများအပြား ရှိသည်။
             နောက်ဆုံးအထူးခြားဆုံး တစ်ခုမှာ ထိုနိုင်ငံများတွင် ရောင်စုံတော်လှန်ရေး -
Color Revolutions များ အစီအရီ ပေါ်ခဲ့ခြင်းပင် ဖြစ်သည်။ အဆိုပါ ရောင်စုံတော်လှန်ရေးတို့သည် အခြားဥရောပ နိုင်ငံအချို့သို့လည်း ကူးစက်ခဲ့သေးသည်။
             ထိုနိုင်ငံများ၏ အမည်သည် စတန်နှင့် အဆုံးသတ်သည်ဟု ဆိုရခြင်းမှာ ပမာအားဖြင့် ကာဇက်စတန် -
Kazakhstan, တာဂျစ်ကစ္စတန် Tajikistan -ဥဇဘက်ကစ္စတန်-Uzbekistan တာ့ခ်မင်နစ္စတန်-Turkmenstan ခါဂျစ် ကစ္စတန် Kyrgyzston အစရှိသည့် နိုင်ငံများ ဖြစ်သည်။
      တစ်ချိန်တစ်ခါက ဥရောပ နိုင်ငံများအပေါ် အနောက်အုပ်စုဝင် နိုင်ငံကြီးများက စိတ်ဝင်တစားနှင့် မိမိတို့ဘက်ပါအောင် ဆွဲဆောင်သိမ်းသွင်းခဲ့ကြသည်။ စီးပွားရေး၊ စစ်ရေးအကူအညီ မက်လုံးများပေးကာ နှုတ်အားဖြင့်တစ်သွယ် လက်တွေ့ ကာယကံမြောက်ဖြင့် တစ်နည်း ကြံစည်ခဲ့ကြသည်။ သွေးဆောင်ခဲ့ကြသည်။ သို့နှင့် အနောက်အုပ်စု၌ မြောက်အတ္တလန္တိတ် စစ်စာချုပ် နိုင်ငံများအဖွဲ့
NATO နှင့် ဆိုဗီယက်အုပ်စု၌ ဝါဆောစစ်စာချုပ်အဖွဲ့ Warsaw Pact ဟူ၍ပေါ်လာခဲ့သည်။
             စစ်အေးကာလ ပြီးဆုံးသည့်အခါ ဝါဆောစာချုပ်အဖွဲ့ ပျက်သွားသည်။ ဆိုဗီယက်ယူနီယံမှ သီးခြားခွဲထွက်သည့် နိုင်ငံများ ပေါ်ပေါက်လာသည်။
            ယခုနိုင်ငံတကာ အလယ်၌ ထိုစတန်အမည်ပါ နိုင်ငံများကို လိုက်လံသွေးဆောင် ကမ်းလှမ်းသည့် အပြုအမူများကို အနောက်အုပ်စု၌ သာမက အရှေ့အုပ်စု နိုင်ငံများတွင်ပါ ထင်ထင်ရှားရှား တွေ့နေကြရသည်။
            ရုရှားနှင့် တရုတ်နိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့-
SCO ပေါ်ပေါက်လာသည်။ အနောက်နိုင်ငံများကမူ ယခင်ကကဲ့သို့ နိုင်ငံတစ်နိုင်ငံအပေါ် တာဝန်ယူသည့် တာဝန်ခံသည့် လုပ်ရပ်မျိုး မပြုလုပ်တော့။ အပေးအယူ သဘောမျိုးဖြင့်သာ ချဉ်းကပ်သည်။
           ထိုအခါ စတန်အမည်ပါ နိုင်ငံများသည် နိုင်ငံကြီး အတော်များများ၏ မျက်နှာသာ ပေးခံရသည့် အဆင့်သို့ ရောက်လာခဲ့သည်။
            ပြင်ပနိုင်ငံ အများအပြားနှင့် ဆက်ဆံမှု တိုးလာသည်။ အုပ်ချုပ်သူများ၌ သာမက ပြည်သူများအတွင်းသို့ပါ စိမ့်ဝင်ကာ ထိုစတန် နိုင်ငံများ မျက်စိဖွင့်၊ နားစွင့်လာကြသည်။
             ခြုံ၍ဆိုရသော် စတန်နိုင်ငံ အများစုသည် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ဖြစ်လာကြသည်။
             နိုင်ငံတကာ သတင်းစာမျက်နှာများ၌လည်း စတန်အမည်ပါ နိုင်ငံများ၏ သတင်းများက အသစ်အဆန်းများချည်းသာ ဖြစ်နေတတ်သည်။
             ခရီးသွား စာရေးဆရာ သီရိုးသည် ထိုနိုင်ငံများကို စိတ်ဝင်စားခဲ့သည့်အလျောက် တစ်နိုင်ငံပြီး တစ်နိုင်ငံ ခရီးဆက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
             ဘာကူး
Baku ဆိပ်ကမ်း၏ အရှေ့ဘက်စူးစူး၊ ပေါလ်သီရိုး မျက်နှာမူရာ နိုင်ငံကား တာ့ခ်မင်နစ္စတန် နိုင်ငံ...။ သူပထမဦးဆုံး သွားမည့်နိုင်ငံမှာ ယင်းနိုင်ငံဖြစ်သည်။
              တာ့ခ်မင်နစ္စတန်နိုင်ငံသည် ထိုအရပ်ဒေသရှိ စတန်အမည်ပါ နိုင်ငံများ၏ အရည်အသွေး အားလုံးနှင့်ပြီး ပြည့်စုံနေသည့် နိုင်ငံဖြစ်၏။
             တာ့ခ်မင်နစ္စတန်နိုင်ငံ၏ သဘာဝ ဓာတ်ငွေ့သိုက်များမှာ ကမ္ဘာတွင် စတုတ္ထ အကြီးမားဆုံးဖြစ်ပြီး ဝါဂွမ်း စိုက်ပျိုးထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့် ၁ဝ တွင်ရှိသည်။
              ယင်းထွက်ကုန် နှစ်မျိုးတည်းကပင် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ တွန်းပို့နိုင်သည်။
သမိုင်းအကျဉ်း
              ဘီစီ လေးရာစုတွင် အလက်ဇန္ဒားသည် ဂရိတ်-
Alexander the Great ဧကရာဇ်၏ တိုက်ခိုက်သိမ်းယူခြင်း ခံရသည်။ တမင်တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်း မဟုတ်။ ပိုးသားလမ်းမ Silk Road တစ်လျှောက် သူ့တပ်များ ချီတက်ရာ လမ်းကြောင်း၌ ကျရောက်နေ၍ တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။
               ယင်းအချိန်က ပိုးသားလမ်းမသည် အာရှနှင့် မြေထဲပင်လယ်ဒေသ ကုန်စည်ကူးသန်းမှု၌ အဓိကနေရာ ဖြစ်၏။
              နောက်နှစ် ၁၅ဝ အကြာတွင် ပါရှားဘုရင် ပါသီယံ
Parthian က အုပ်ချုပ်ခဲ့သည်။ ပါရှားတို့ လက်အောက်သို့ နှစ်ပေါင်းများစွာ ရောက်သွားရသည်။
             အေဒီ ခုနစ်ရာစု၌ အာရပ်တို့က သိမ်းယူပြန်သည်။ သူတို့နှင့်အတူ အစ္စလာမ်ဘာသာလည်း ပါလာသည်။ ၁၂ ရာစုအလယ်ပိုင်း၌ ဂျင်ဂျစ်ခန့်က ကက်စ်ပီယံပင်လယ် အရှေ့ဘက် ကမ်းခြေအထိ သိမ်းယူသည့်အခါ တာ့ခ်မင်တို့ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရ ပြန်သည်။
             ထိုမှနောက် နှစ်ပေါင်းခုနစ်ရာ တိုင်တိုင် တာ့ခ်မင်ပြည်သူများသည် မျိုးနွယ်စုဝင်များ အချင်းချင်း ဖြစ်ပွားနေသော စစ်ပွဲများကြား၌ နေခဲ့ကြရသည်။
             ၁၇ နှင့် ၁၉ ရာစုကြား၌ ပါရှန်းတို့က တိုက်ခိုက်ပြန်သည်။ ထိုအခါ၌ တာ့ခ်မန်တွင် ခေါင်းဆောင်တစ်ဦး ရှိနေခဲ့သည်။ ဘာသာရေး ခေါင်းဆောင် မက်တင်ဂူလီပိုင်ရာဂီ
Mag-tymguly Pyragy ဖြစ်၏။ သူ့ကြိုးပမ်းမှုကြောင့် ပြည်သူများ လုံခြုံမှုရခဲ့သည်။ ကိုယ်ပိုင်လွတ်လပ်ခွင့် ရခဲ့ကြသည်။
           ထိုအချိန်ကာလက ယခုအခေါ် ဗဟိုအာရှ
Central Asia  ဒေသသည် မြေပုံမှတ်တမ်းမှတ်ရာ မရှိသေးပေ။ အထူးသဖြင့် ဥရောပ တိုက်သားများက ဤနေရာရှိမှန်းပင် မသိသေးသည့် နေရာဖြစ်သည်။
             သို့သော် ဗြိတိသျှတို့က တစ်ဘက်၊ ရုရှားနိုင်ငံမှ ဇာဘုရင်မျိုးနွယ်များက တစ်ဘက်နှင့် စစ်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြသည်။
            ၁၈၉၄ ခုနှစ် ရုရှားနိုင်ငံ၌ အောက်တိုဘာလ တော်လှန်ရေး ပေါ်ပေါက်လာသည့်အခါ တာ့ခ်မင်သည် ခြောက်ခုမြောက် နိုင်ငံအဖြစ် ဆိုဗီယက် ပြည်ထောင်စု၌ပါဝင်ခဲ့သည်။
             တာ့ခ်မင်နစ္စတန် နိုင်ငံသည် ဆိုဗီ ယက်ယူနီယံ မပေါ်ပေါက်ခင် ကတည်းက ရုရှားတို့နှင့် အတူလက်တွဲ နေထိုင်ခဲ့သည်ဟု ဆိုနိုင်ပါ၏။
            ၁၉၂၄ ခုနှစ်နောက်ပိုင်းမှစ၍ တာ့ခ်မင်နစ္စတန် ဆိုရှယ်လစ်သမ္မတ နိုင်ငံဖြစ်ခဲ့သည်။ တာ့ခ်မင်သည် ထိုအချိန်မှစ၍ ဥရောပ ဆန်လာသည်။ ဥရောပ တိုက်သားများ ဝတ်သလို ဝတ်လာကြသည်။ စာပေအက္ခရာကိုလည်း အာရဗီမှ လက်တင်အက္ခရာ အဖြစ်သို့ ပြောင်းခဲ့သည်။
လွတ်လပ်သော တာ့ခ်မင်နစ္စတန် သမ္မတနိုင်ငံ
            ဆိုဗီယက် ယူနီယံကြီး ပြိုကွဲသွားသည့်အခါ တာ့ခ်မင်နစ္စတန် အပါအဝင် ဗဟိုအာရှ ဒေသနိုင်ငံအားလုံး လိုလိုအတွက် အလွန်ကြီးမားသော အခွင့်အလမ်းကောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။
         ဆိုလိုသည်မှာ မိမိတို့၏ ဒေသ၊ ပြည်နယ်ကို မိမိတို့ ပုံဖော်လိုသော ပုံစံနှင့် ထိန်းသိမ်းတည့်မတ်ကာ ပြုပြင်ပြောင်းလဲမှု လုပ်ခွင့်ရလာကြ၍ ဖြစ်သည်။
             တစ်ချိန် ဆိုဗီယက်ယူနီယံကြီး ရှိစဉ်က ထွန်းကားပေါ်ပေါက်လာခဲ့သည့် ဘုံဈေးကွက်ကြီးကို ပုံစံပြောင်းကာ မိမိတို့ ဒေသ၏ စီးပွားရေး အရှိန်အဝါ စွမ်းအားနှင့် စမ်းသပ်လုပ်ကိုင်ခွင့် ပေါ်လာပြီဖြစ်သည်။
             တာ့ခ်မင်နစ္စတန် နိုင်ငံသည် ၁၉၉၁ ခု အောက်တိုဘာလ ၂၁ ရက် နေ့၌ လွတ်လပ်ရေး ကြေညာခဲ့သည်။ ယခုအမြင်အရ အချိန်စောသည်ဟု ထင်ကြေးပေးကောင်း ပေးကြမည်။ အဘယ်ကြောင့်ဆိုသော် ဆိုဗီယက် ပြည်ထောင်စု သမ္မတ နိုင်ငံကြီးအား ဖျက်သိမ်းကြောင်း ၁၉၉၁ ဒီဇင်ဘာ လ ၂၆ ရက်ကျမှ ကြေညာခဲ့၍ ဖြစ်သည်။ သို့သော် တာ့ခ်မင်သည် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်သည့် နောက်ဆုံးနိုင်ငံအဖြစ် ရပ်တည်ပေးခြင်းဖြင့် ရုရှားတို့အား ချွေးသိပ်ပေးခဲ့သည်။ နောက်တစ်နှစ်၌ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာ၏။
             ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ရုရှားက ဦးဆောင်ကာ လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယ အဖွဲ့
Commonwealth of Independent States - CIS ကိုဖွဲ့စည်းရာ တာ့ခ်မင်နိုင်ငံက ၁၉၉၃ ခုနှစ်တွင် အဖွဲ့ဝင် ဖြစ်လာသည်။
            
CIS အဖွဲ့ဝင်များ၏ အနေအထားသည် မည်သို့သော တင်းကြပ်မှုရှိသည် မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၂ဝဝ၅ ခုနှစ်၌ တာ့ခ်မင်အစိုးရက CIS အဖွဲ့ဝင်အဆင့်ကို လျှော့ချခဲ့သည်။ တာ့ခ်မင်က အကြောင်းပြသည်မှာ နိုင်ငံတော် သမ္မတအနေနှင့် သူ့နိုင်ငံကို ကြားနေနိုင်ငံ တစ်ခုအဖြစ် အပြည့်အဝ ရှိစေချင်သည်ဟု ဆိုခဲ့သည်။
            ဂျော်ဂျီယာ နိုင်ငံသည်လည်း ၂ဝဝ၉ ခုနှစ် သြဂုတ်လတွင်
CIS အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကာ ဥရောပ သမဂ္ဂ EU  အဖွဲ့ဝင်အဖြစ် ပြောင်းခဲ့ဖူးသည်။
သမ္မတကြီး ဆာပါမူရတ်နီယာဇော့ဗ်
Saparmurat Niyazov
             ဆိုဗီယက်နှင့် လမ်းခွဲချိန်၌ တာ့ခ်မင်နိုင်ငံ၏ သမ္မတတာဝန် ထမ်းဆောင်နေသူ ဆာပါမူရတ် နီယာဇော့ဗ်သည် နိုင်ငံသစ် တစ်ခုအဖြစ် သီးခြားဖြစ် တည်လာသော်လည်း သူက သမ္မတအဖြစ် ရှိမြဲရှိလျက်ပင်။
            သူ့သမ္မတသက်တမ်း ကာလတစ်လျှောက်လုံး ရုရှားတို့နှင့် ဆက်ဆံရေးကား ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့်ဟု ပြောလျှင်ပင် နည်းနေသေးသည်ဟု ဆိုရပေမည်။
             နီယာဇော့ဗ်သည် သူ့ကိုယ်သူ ရှေးအစဉ်အလာ မွတ်ဆလင်ဘာသာကို လူအများ လက်ခံကိုးကွယ်လာအောင် ဆောင်ကြဉ်းနိုင်အဖြစ် သူခံယူထားသည်။
            သူသည် တာ့ခ်မင်မျိုးနွယ် ယဉ်ကျေးမှုကို ထိန်းသိမ်းသူ၊ စောင့်ရှောက်သူဖြစ်သည်။ သူက သူ့ကိုယ်သူ
Turkmenbacy ဟု ဘွဲ့မည်ပေးသည်။ တာ့ခ်မင်မျိုးနွယ်တို့၏ ဦးစီးခေါင်းဆောင်ဟု အနက်ဖွင့်ဆို နိုင်ပါ၏။
            သူ့ကိုယ်သူ မဟာမျိုးချစ် ပုဂ္ဂိုလ်ဟု ကြွေးကြော်နေငြားလည်း သူသည် နိုင်ငံတကာ၌ အမည်ဆိုးနှင့် ကျော်ကြားသည်။ သူနှင့်တွေ့ထိစကား ပြောဖူးသည့် သံတမန် မှန်သမျှ သူ့အကြောင်း ကောင်းကောင်း သိသွားကြသည်။ သံတမန်ဆိုသည်မှာ သံတမန် ပီသစွာ မကျေနပ်မှုကိုလည်း တာဝန်အရ မျိုသိပ်နိုင်စွမ်း ရှိကြသည်။
             နီယာဇော့ဗ်၏ အာဏာရှင်ဆန်မှု၊ အကိုးအကွယ် ခံလိုမှုနှင့် ဘဝင်မြင့် ရောဂါကို သံတမန်များ မျက်ဝါးထင်ထင် တွေ့ကြသော်လည်း မသိကျိုး ကျွန်ပြုကာပြောဆို ဆက်ဆံမှုမပျက်ကြ။
            သို့သော် နီယာဇော့ဗ်သည် အချိန်ကြာလာသည်နှင့် သူ့သြဇာအာဏာစက်ကို ကြီးထွားအောင် ကြံဆောင်လာသည်။ နေရာဌာန တိုးချဲ့ချလာသည်။ ၁၉၉ဝ ခုနှစ်ကာလများ၌ အသိသာဆုံး ဖြစ်သည်။ ၁၉၉၉ ခုနှစ်၌မူ သူ့ကိုယ်သူ တစ်သက်တာ သမ္မတ၊ သက်တော်ရှည် သမ္မတအဖြစ် ကြေညာခဲ့သည်။
             စာရေးဆရာ သီရိုးတာ့ခ်မင် သမ္မတနိုင်ငံသို့ ရောက်သွားသည့် အချိန်ကာလကား သမ္မတကြီးနီယာဇော့ဗ် အရှိန်အဝါ ကြီးမားချိန် တန်ခိုးအာဏာစက် ထက်နေချိန် ဖြစ်၏။
            သီရိုးသည် ဘာကူးမြို့မှ တာ့ခ်မင်နိုင်ငံမြို့တော် အက်ဂါဘတ်
Ashgabat မြို့သို့ လေယာဉ်နှင့်သွားရာ ၅၅ မိနစ်သာကြာသည်။
              သီရိုးသည် လေယာဉ်မှန် ပြတင်းပေါက်တွင် ခေါင်းမှီထားရင်း သူကြားဖူးထားသော တာ့ခ်မင်နိုင်ငံ အကြောင်း၊ သမ္မတနီယာဇော့ဗ် အကြောင်းများကို ပြန်ပြောင်းတွေးနေမိသည်။
              အမှန်တကယ်၌ သီရိုးကဲ့သို့ နိုင်ငံခြားသား၊ စာရေးဆရာ တစ်ယောက်အနေနှင့် တာ့ခ်မင်နိုင်ငံတွင်းသို့ဝင်ရန် မလွယ်ကူလှပေ။
            သီရိုးသည် ခရီးသွား လုပ်ငန်းတစ်ခု၏ အုပ်စုလိုက် ခရီးစဉ်တစ်ခုနှင့်အတူ လိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းခရီးစဉ်ကလည်း မြို့တော်အက်ဂါဘတ်၌ တစ်ရက်
Merv မြို့၌ တစ်ရက်၊ နောက်တစ်နေ့၌ ဥဇဘက်ကစ္စတန် နိုင်ငံသို့ ထွက်ခွာရမည်။ ထွက်ခွာသည့်အခါ ဘတ်စ်ကားနှင့်ဖြစ်စေ၊ လေယာဉ်နှင့်ဖြစ်စေ သွားနိုင်သည်ဟူသော အစီအစဉ်နှင့် ဖြစ်၏။
             သို့သော် သီရိုးကို ကူညီမည့်သူများက မြို့တော်အက်ဂါဘတ်၌ အများအပြား ရှိနေသဖြင့် အားလုံး သီရိုး အဆင်ပြေခဲ့သည်။
           သမ္မတ နီယာဇော့ဗ် အမုန်းတီးဆုံး လူများမှာ စာရေးဆရာနှင့် သတင်းသမားများ ဖြစ်သည်။ ထို့ကြောင့် သူ့တစ်ယောက်တည်း တာ့ခ်မင်နိုင်ငံတွင်းသို့ဝင်ရောက်ရန်မှာ မလွယ်ကူလှပေ။
            သီရိုးတာ့ခ်မင်သို့ ရောက်သွားချိန်တွင် နီယာဇော့ဗ်သည် အလွန်ကျယ်ပြန့်သော မြေနေရာတစ်ခု၌ သူ့အမည်နှင့် ဗလီကြီးတစ်ခုကို ဆောက်လုပ်နေသည်။ ဗလီ၏ အမည်မှာ
Saparmyrat Hajji  ဖြစ်သည်။
             ယင်းဗလီသို့ တာ့ခ်မင်ပြည်သူများ နှစ်စဉ်လာရောက် ဝတ်ပြုရမည်။ အစ္စလာမ် ဘာသာဝင်များ မက္ကာသို့ နှစ်စဉ် ဘုရားဖူး သွားရောက်ကြသည့် ပုံစံမျိုး ဖြစ်သည်။
             ဆိုလိုသည်မှာ နီယာဇော့ဗ်၏ ပြည်တွင်း ဟာ့ဂ်ျ
haj ခရီးစဉ်ဟုပင် ခေါ်ကြသည်။
            နီယာဇော့ဗ်၏ ပုံတူရုပ်တုများကို မြို့တော်နေရာအနှံ့၌ တွေ့ရနိုင်သည်။ အချို့သော နေရာများတွင် စတုရန်းပေ တစ်ရာနှစ်ရာ အတွင်း၌ ရုပ်တု အတော်များများ ရှိနေတတ်၏။ အချို့သော ရုပ်တုများကား မည်သို့မျှ ကြည့်မကောင်း။ အချို့သောရုပ်တုများ၌ နီယာဇော့ဗ်၏ မျက်နှာမှာ ပြုံးဖြီးဖြီးနှင့် နာမည်ကြီး အမေရိကန် ရုပ်ရှင်မင်းသား အဆိုတော်
Dean Martin ဆောင်းလေ့ရှိသည့် အနားပြားကြီးကြီး ဦးထုပ်ကို ဆောင်းထားသည့်ပုံလည်း ရှိသည်။ အချို့သော ရုပ်တုမျက်နှာ၌ အေးစက်စက် အပြုံးမျက်နှာပေးနှင့်။ အတွေ့ရ အများဆုံးပုံမှာ မေးကို လက်ထောက်ထားသည့်ပုံ ဖြစ်သည်။
            နီယာဇော့ဗ်၏ နိုင်ငံရေး ဒဿန၌ အရေးပါဆုံး ကဏ္ဍမှာ ပြုံးနေခြင်း၊ ပြုံးပြခြင်းဖြစ်သည်။ သူကတစ်တိုင်း ပြည်လုံးရှိ လူများကို ပြုံးနေရမည်ဟု ပြောလေ့ရှိသည်။
            သူ့အသက် ၆၅ နှစ်ပြည့်သည့်အခါ သူသည် ဤနိုင်ငံ၏ တစ်သက်တာ ခေါင်းဆောင်အဖြစ် ကြေညာသည်။ ယင်းသို့ ကြေညာရခြင်းမှာ တာ့ခ်မင်ပြည်သူများ၏ ဆန္ဒကြောင့် ဖြစ်သည်ဟု ဆိုသည်။
           နီယာဇော့ဗ်သည် အမှန်တကယ်ပင် နိုင်ငံ၏ ခေါင်းဆောင်စစ်စစ် ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် တာ့ခ်မင် နိုင်ငံ၏ သဘာဝဓာတ်ငွေ့ ရောင်းချ ရသည့် အခွန်ငွေအားလုံး သူ့အိတ်ထဲသို့ ထည့်ပေးကြရသည်။
           နီယာဇော့ဗ်၏ အတွေးအမြင်များသည် တစ်ခါတစ်ရံ ရယ်ဖွယ်ဖြစ်သည်။ တစ်ခါတစ်ရံ၌ ပေါကြောင်ကြောင် နိုင်သည်။ ပမာအားဖြင့် ပြက္ခဒိန်တွင်ပါသော လများကို သူက အမည်ပြောင်းပစ်သည်။ ဇန်နဝါရီလကို သူ့အမည်။ ကျန်လများကို သူ့မိသားစုဝင်များ၏ အမည်များနှင့် တစ်လချင်း အစားထိုးခဲ့သည်။ ဧပြီလကို သူ့မိခင်အမည် ဖြစ်သော
Gurbansultan - ezdhe ဟုပြောင်းပစ်ခဲ့သည်။
            လများကိုသာမက တနင်္ဂနွေ၊ တနင်္လာ စသောရက်များ၏ အမည်ကိုလည်း အမည်သစ်များ ပေးသည်။ ယင်းသို့သော လုပ်ရပ်သည် သူ၏ တီထွင်ဆန်းသစ်မှုဟုပင် ဖြစ်သည်ဟု ဂုဏ်ယူခဲ့သေးသည်။ ရက်သတ္တပတ်ထဲ၌လည်း သူ့အမေ၏ အမည်ကို ထည့်သုံးသည်။
           သူ၏တစ်ဘက်စွန်း ရောက်သော မျိုးချစ်စိတ်ဓာတ်ကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ တာ့ခ်မင်အမည်နှင့် မဟုတ်သော အရာမှန်သမျှ မသုံးရ။ အဘိဓာန် စာအုပ်ကိုပင် ပြန်လည်ပြင်ဆင်သော ဟူ၏။
              တာ့ခ်မင်သို့ရောက်ဖူးပြီး နီယာဇော့ဗ်အကြောင်း ကောင်းကောင်းသိထားသူ အမေရိကန် လူမျိုးတစ်ဦး ပြောပြသည့် စကားတစ်ခွန်းမှာ စိတ်ဝင်စားဖွယ် ဖြစ်ပါ၏။ ''ခင်ဗျားအနေနဲ့ အမေရိကန် နိုင်ငံက လောင်းကစားဝိုင်းတွေ ပြည့်နှက်နေတဲ့
Las Vegas နဲ့ မြောက်ကိုရီးယား နိုင်ငံက ပြုံးယမ်း မြို့နှစ်မြို့ကို ပုလင်းတစ်လုံးထဲမှာ ထည့်ပြီးလှုပ်၊ မွှေစက်နဲ့မွှေ၊ နောက်ဆုံးရလာတာက တာ့ခ်မင်နိုင်ငံရဲ့ မြို့ တော် အက်ဂါဘတ်ပဲ''ဟု ဖြစ်သည်။
              တာ့ခ်မင်နိုင်ငံနှင့် နိုင်ငံတကာ သို့မဟုတ် ပြင်ပကမ္ဘာကို ဆက်သွယ်နေသည့် လမ်းကြောင်းမှာ တစ်ခုတည်းသာ ရှိသည်။ ယင်းအရာမှာ နိုင်ငံတကာနှင့် ဆက်သွယ်ထားသည့် တာ့ခ်မင်ပိုင် ရေနံဓာတ်ငွေ့ပိုက်လိုင်းပင် ဖြစ်၏။ ယင်းပိုက်လိုင်းသာ မရှိပါ က တာ့ခ်မင်နိုင်ငံနှင့် ပြင်ပကမ္ဘာသည် မည်သည့်အဆက်အသွယ်မျှ မရှိပေ။
               အဘယ်ကြောင့်ဆိုသော် တာ့ခ်မင်နိုင်ငံမှ နိုင်ငံတကာသို့ တယ်လီဖုန်းဆက်၍မရ။ တယ်လီဖုန်းလိုင်း သွယ်မထား။ အင်တာနက် လုံးဝမရှိ။ နိုင်ငံတွင်း၌ မည်သည့်လက်ကိုင်ဖုန်းမျှမရှိ။ ဂြိုဟ်တု ဆက်သွယ်ရေး စခန်းလည်း မရှိ။ သတင်းစာ၊ ရေဒီယို၊ ရုပ်သံ စသော မီဒီယာအားလုံး ထိန်းချုပ်ပြီးသားများသာ ဖြစ်သည်။
             သတင်းစစ်စစ်ဆိုသည် တာ့ခ်မင် နိုင်ငံ၌ မရှိ။ ပြင်ပကမ္ဘာနှင့် မည်သို့မျှ ဆက်သွယ်၍ မရ။
             အာဏာရှင် နီယာဇော့ဗ်က အမိန့် ထုတ်ထားသည်။ အင်တာနက်ဆိုသည့် အရာသည် ဖျက်ဆီးတတ်သော အရာဖြစ်သည်ဟု ဆိုသည်။
            အင်တာနက် ကဖေးများ တစ်ချိန် တစ်ခါက တာ့ခ်မင်တွင် ရှိခဲ့ဟန်တူပါ၏။ အဘယ်ကြောင့်ဆိုသော် အင်တာနက် ကဖေးများကို လုံးဝဖျက် သိမ်းလိုက်သည်မှာ သုံးနှစ်ပင် ကျော်ခဲ့ပြီဟု ဆိုသည်။
            ထို့ကြောင့် လူအများက တစ်ဦးနှင့်တစ်ဦး ပြောစရာ စကားရှိလျှင် နှစ်ကိုယ်ကြား လေသံမျှနှင့် ပြောကြသည်။ ဤသို့သော အပြုအမူမှာ တာ့ခ်မင်နိုင်ငံ၌ အထူးအဆန်း မဟုတ်တော့ပေ။
             ဖြစ်ရပ်တစ်ခုတည်း ရှိခဲ့ဖူးသည်။
Radio Free Europe လွပ်လပ်သော ဥရောပ ရေဒီယို အသံလွှင့် ဌာနမှ အသက် ၅၈နှစ်အရွယ် သတင်းထောက် မူရာဒိုဗာ Muradova ဆိုသူ ကလေးနှစ်ယောက် မိခင်အား တရားစွဲဆိုကာ ထောင်ဒဏ်ခြောက်နှစ် ချခဲ့သည်။ ထောင်ကျပြီး တစ်လအကြာ၌ ထောင်တွင်းသူ့အခန်းထဲ၌ သေဆုံးနေသည်ကို တွေ့ကြရသည်။ ဦးခေါင်း၌ ရရှိသည့် ပြင်းထန်သော ဒဏ်ရာကြောင့် ဖြစ်သည်။ သေဆုံးသည့်အခါမှ အလောင်းကို သူ့သမီးများထံသို့ပို့ပေးခဲ့သည်။
             တာ့ခ်မင်နိုင်ငံ၌ ထိုသို့သောဖြစ်ရပ်သည် ဖြစ်ရိုးဖြစ်စဉ်။ လူအများသည် နှစ်ကိုယ်ကြား တီတိုးဆက်ဆံကြသည်။ အင်တာနက်လည်း မလို။ ဖုန်းလည်းမလို။
            တာ့ခ်မင်နိုင်ငံနှင့် ပတ်သက်၍ ပြောကြမည်၊ သမ္မတ နီယာဇော့ဗ် နှင့်ပတ်သက်၍ စပ်မိစပ်ရာပြောကြ မည်ဆိုပါလျှင် မပါမဖြစ် ချန်ထား၍ မဖြစ်သည့် စာအုပ်တစ်အုပ်ရှိပါ၏။ ယင်းစာအုပ်၏ အမည်မှာ
Ruhnama ဖြစ်သည်။ အာဏာရှင် နီယာဇော့ဗ်ကိုယ်တိုင် ရေးသားထားသော သူ့ပင်ကိုယ်ရေး အတ္ထုပ္ပတ္တိဟု ဆိုခြင်းထက် သူ့သမိုင်းဟုဆိုက ပိုမှန်ပေလိမ့်မည်။
            အဘယ်ကြောင့်ဆိုသော် အလွန်လေးလံ ထူထဲသော စာအုပ်ထဲ၌ သူစိတ်ကူးတည့်ရာများ ထင်သလို ရေးသားထားသော သူ့အကြောင်း သူရေးသည့် စာအုပ်ဖြစ်သည်။
              စကားပြေလည်းပါသည်။ ကဗျာတိုထွာလည်း ပါသည်။ သူရေးချင်သလို ရေးထားသည့် စာအုပ်။ သူကမူ သူ့စာအုပ်သည် အစ္စလာမ် ဘာသာဝင်တို့ အမြတ်တနိုး ထားသည့် ကိုရမ်နှင့်တန်းတူ အဆင့်တူဟု ဆိုသည်။
            ယင်းစာအုပ်၌ တာ့ခ်မင်ပြည်သူများကို လမ်းညွှန်ထားသည်ဟု ဆိုသည်။ ယင်းစာအုပ်နှင့် ပတ်သက်၍ သီရိုး၏ အငှားယာဉ်မောင်းက-
            ''ငါ့စာအုပ်ကို မင်းတို့သုံးကြိမ်သာဖတ် မင်းတို့ကောင်းကင်ဘုံ ရောက်သွားရလိမ့်မယ်'' လို့ပြောတယ်ဗျ''
            သီရိုးက မယုံကြည်စိတ်နှင့် ပြန်မေးသည်။
            ''သူက ကောင်းကင်ဘုံရောက်မှာ ဘယ်လိုသိတာလဲ''
            ''သူပြောတာက သူက အလ္လာအရှင်မြတ်နဲ့ စီစဉ်ပြီးသားတဲ့''
              ယင်းစာအုပ်နှင့် ပတ်သက်၍ သူကမျှော်လင့်ခြင်းကြီးစွာနှင့် ရေးသားခဲ့သည်မှာ
            ''နိုင်ငံခြားသားတွေဟာ
Ruhnama စာအုပ်ကို ဖတ်မိလိုက်တာနဲ့ ကျုပ်တို့တာ့ခ်မင် ပြည်သူတွေကိုပိုပြီး နားလည်သဘောပေါက် လာပါလိမ့်မယ်။ ပြီးတော့ ကျုပ်တို့ရဲ့ မိတ်ဆွေတွေအဖြစ် ရောက်လာပါလိမ့်မယ်''
            စာရေးဆရာ သီရိုးက တာ့ခ်မင် ပြည်သူအချို့ကို
Ruhnama စာအုပ်အကြောင်း မေးမြန်းကြည့်သည်။ သူတို့ထံမှ မည်သည့်စကားပြန်မျှ မရရှိ။ မျက်လုံးပြူး ထိတ်လန့် တုန်လှုပ်မှုပုံစံနှင့်သာ ပြန်ကြည့်ကြသည်။
            သူ၏
Ruhnama စာအုပ်သည် လွန်ခဲ့သည်နှစ်ငါးထောင်ကို ပြန်၍ အဖြေရှာပြခဲ့သည်။
         သူက ခရစ်ယာန် ဘာသာ၏ သမ္မာကျမ်းစာလာ ရေကြီးသည့် အချိန်ကာလ နောဧသင်္ဘောကြီး တည်ဆောက်စဉ် ကာလအထိ နောက်ကြောင်းပြန်သည်။ ယင်းအချိန် ကတည်းက တာ့ခ်မင်မျိုးနွယ်သည် အစဉ်အဆက် တည်ရှိခဲ့သည်။
           လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တာ့ခ်မင်နိုင်ငံတွင် ပေါ်ထွန်းခဲ့ဖူးသည့်
Oguz Khan ၏ ၂၅ဆက်မြောက် မျိုးဆက်ဖြစ်သည်ဟု ဆိုသည်။
           သူသည်
Oguz Khan ပြန်လည်ဝင်စားသူ ဖြစ်သည်။ ထို့ကြောင့် သူ၌ သြဇာအာဏာ ရှိသည်။ ပညာရှိသည်။ သူ့အနေနှင့် မြို့၊ ရွာ၊ တောတောင်မှ အစ အရာအားလုံးကို အမည်ပေးပိုင်ခွင့် ရှိသည်။
            တာ့ခ်မင်တို့သည် နောင်အခါ၌ လက်တင်ဘာသာနှင့် ရေးသားကြရမည်။
          ထိုသို့သော အစဉ်အဆက်ရှိသူ သြဇာ၊ အာဏာ၊ ဥာဏ်ပညာနှင့် ပြည့်စုံသူက သူ့တစ်သက်တာအတွက် သမ္မတရာထူး ယူသည်မှာ မှန်ကန်သည်ဟု ဆိုသည်။
နီယာဇော့ဗ်၏ ငယ်စဉ်ဘဝ
             နီယာဇော့ဗ်သည် မိဘမဲ့တစ်ဦး ဖြစ်သည်။ သူ့စာအုပ်ထဲ၌လည်း ထိုသို့အပြည့်အစုံ ဖော်ပြထားသည်။ ရုပ်ဆိုးအကျည်းတန်လှသည့် သူ့ဘဝ၊ အကြင်နာ ကင်းမဲ့မှုများစွာ ပြည့်နှက်နေသည့်သူ့ဘဝကို သူကပြန်ရေးပြသည်။
           ဒုတိယကမ္ဘာစစ် အတွင်း၌ သူ့ဖခင်သေဆုံးခဲ့ပုံ။ ဆိုဗီယက်တို့နှင့် သြဆက်ရှား -
Ossetia (ဂျော်ဂျီယာနှင့် ရုရှားတို့ စစ်ဖြစ်ပွားရာနေရာ)၌ ကျဆုံးခဲ့ပုံ။ သူ့အသက် ခုနစ်နှစ်တွင် မိခင်သည် မြေငလျင် ကပ်ဘေး၌ ပါသွားပုံ။ ထိုအချိန် ၁၉၄၈ ခုနှစ်ကတည်းက သူသည် တစ်ယောက်တည်း။ သူ့ကိုယ်သူ အားပေးခဲ့သည်။ ''ငါဟာ မိဘမဲ့မဟုတ်ဘူး။ ဒါဝမ်းနည်းနေစရာ မလိုဘူး''ဟုတွေးခဲ့သည်။
            ငါဟာ ဖခင်မဲ့သွားတဲ့အတွက် ငါဟာ မိဘမဲ့ ဖြစ်ရတယ်။ မိခင်မဲ့သွားတဲ့အတွက် ငါဟာ အဖမ်းခံအကျဉ်းသား ဖြစ်ရတယ်။ ကံကြမ္မာရဲ့ နာကြင်မှုက သိပ်ကြီးမားလွန်းတယ်၊ ငါဟာ မိဘမဲ့နဲ့ အဖမ်းခံ အကျဉ်းသား အဖြစ်နှစ်မျိုးနဲ့ ကြုံရတယ်။
            ကလေးဘဝ ပျောက်ဆုံးခဲ့ရသော အဖြစ်သည် အာဏာရှင် တစ်ယောက်၏ အတ္ထုပ္ပတ္တိအတွက် မရှိမဖြစ် လိုအပ်သည့် အချက်အလက် ဖြစ်သည်ဟု စာရေးဆရာ သီရိုးက မှတ်ချက်ချသည်။
             နီယာဇော့ဗ်၏ စာအုပ်၌ အဓိက ပါဝင်သည့် အချက်တစ်ခုက စိတ်ဝင်စားဖွယ်လည်း ကောင်းသည်။ နှစ်သက်စရာလည်း ဖြစ်ရသည်ဟု သီရိုးကဆိုသည်။ ယင်းအချက်မှာ ပြုံးခြင်းဖြစ်သည်။
             နီယာဇော့ဗ်က သူ၏ပြည်သူများ အားလုံးကို အချိန်ပြည့် ပြုံးနေရမည်။ ပမာအားဖြင့် အလုပ်လုပ်နေစဉ် လုပ်ငန်းခွင်၌ ရှိနေချိန်၊ အချိန်ပြည့် ပြုံးနေရမည်။
             နီယာဇော့ဗ်က ရှေးစကားတစ်ခုကို ပြန်လည်ကိုးကားပြသည်။
            ''ရှေးစကား ရှိတယ်လေ။ ပြုံးရယ်နေတဲ့ မျက်နှာမှာ ဘယ်တော့မှ အရေးအကြောင်းတွေ ပေါ်မလာဘူးတဲ့'' သူက မိခင်ကိုလည်း အလွန်သတိတရ ရှိသူဖြစ်သည်။ မိခင်နှင့် ပတ်သက်၍ သူမှတ်မိသမျှ ပြန်လည် ဖော်ပြသည်။
            ''ကျုပ်၊ အမေကို မကြာခဏ ပြန်ပြန်မြင်တယ်။ သူ့ရဲ့ပြုံးရယ်နေတဲ့ မျက်နှာကိုပေါ့။ အမေ့မျက်နှာ ပေါ်လာတိုင်း သူ့မျက်နှာက ပြုံးနေတာပဲ။ အမေ့ရဲ့ အပြုံးဟာ ညဥ့်မှောင်မှောင် မည်းမည်းထဲမှာတောင် ကျုပ်က သူ့အပြုံးကို မြင်နေရတယ်။ နောက်ဆုံး မျက်လုံးအစုံကို ပိတ်လိုက်လဲ အမေ့ ရဲ့အပြုံးကို ကျုပ်မြင်ရတာပဲ''
           အပြုံးသည် နီယာဇော့ဗ်၏ အမျိုးသား ခေါင်းဆောင်ဘဝကို အဓိက မောင်းနှင်ခဲ့သည့် အင်အား တစ်ခုဟု ဆိုနိုင်သည်။ သူကလည်း ဝန်ခံစကား ပြောခဲ့သည်။
            ''အပြုံးကိုကျုပ်က အမေ့ဆီက အမွေဆက်ခံထားတာ၊ ပြီးတော့ အဲဒါ တန်ဖိုးကြီးတဲ့ ရတနာပစ္စည်း တစ်ခုပဲ''
           သီရိုးကလည်း ထိုအချက်ကို ကြည့်ကာ တာ့ခ်မင်တစ်နိုင်ငံလုံး၌ရှိသော နီယာဇော့ဗ်၏ ပုံတူရုပ်တုအားလုံး၌ ပြုံးနေခြင်းကို တွေ့ရသည်မှာ ထိုအကြောင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
           အပြုံးသည် အလွန်အင်အားရှိသော အရာဖြစ်သည်။ ပြုံးခြင်းဖြင့် သင်၏ရန်သူသည် မိတ်ဆွေဖြစ်သွားနိုင်သည်။
           သေဆုံးခြင်းနှင့် ရင်ဆိုင်ရလျှင်ပင် ပြုံးနေပါ၊ ပြုံးပြပါ။ သေမင်းကပင် သင့်ကိုခေါ်သွားလိမ့်မည် မဟုတ်။
           အပြုံး၏ ပင်ကိုသဘာဝကို ဖော်ပြရာ၌
           ''ဤကမ္ဘာ၌ အပြုံးဆိုသည်မှာ နွေဦးရာသီ ဖြစ်သည်''
          ''တစ်ယောက်ကို တစ်ယောက် ပြုံးပြပါ။ စကားပြောလျှင် ပြုံး၍ပြောပါ။ အပြန်အလှန် ပြုံးနေကြပါ''
            ယင်းသို့ အရှိန်အဝါကြီးခဲ့သော ရှေးရှေးသမိုင်းအစဉ်အလာ ပုဂ္ဂိုလ်များ၏ အဆက်အနွယ် ပြန်လည်ဝင်စားသည်ဟု သူ့ကိုယ်သူ ယူဆခဲ့သည့် သမ္မတ နီယာဇော့ဗ်သည် ၂ဝဝ၆ ခုဒီဇင်ဘာလ ၂၁ရက်နေ့၌ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့သည်။
            သူ့နေရာကို ဆက်ခံမည့်သူကို သော်မျှ အသေအချာ မရွေးချယ် နိုင်ခဲ့ဘဲ ကွယ်လွန်သွားခဲ့သည်။
          ၂ဝဝ၇ ခုနှစ်တွင် တာ့ခ်မင်နိုင်ငံ၏ သမ္မတကို ပြည်သူတစ်ရပ်လုံး ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ကြသည်။ နီယာဇော့ဗ်ရှိစဉ်က ဒုတိယ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်သူ
Gurbanguly Berdimuhamedow သည် ပြည်သူကမဲဖြင့် ရွေးချယ်သော ပထမဦးဆုံး သမ္မတဖြစ်လာခဲ့၏။
စိုးမင်းဦး
Source: By.P.Theroux- Ghost Train to the Eastern Star. Encartar, Wikipedia.
 

စိုးမင်းဦး
 
Untitled Document
sang sang said...
Friday 28 May 2010, 4:03 pm
hi
sang sang  said...
Friday 28 May 2010, 4:02 pm
hi i like to listen music
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.