1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
နည်းပညာ ရိုက်ခတ်မှု သို့မဟုတ် ဒစ်ဂျစ်တယ်/ပုံနှိပ် သတင်းစာတိုက်ပွဲ

လူငယ်တချို့ အင်တာနက်ကတစ်ဆင့် သတင်းတွေဖတ်နေချိန်မှာ လူကြီးတချို့ကတော့ စာရွက်ပေါ်မှာ ပုံနှိပ်ရိုက်ထားတဲ့ သတင်းတွေကို ဖတ်ကောင်းဖတ်နေပါလိမ့်မယ်။

တစ်ခါတလေ လူငယ်တွေရော၊ လူကြီးတွေရော အင်တာနက်ပေါ်မှာ သတင်းတွေရှာဖွေရင်လည်း ရှာဖွေနေနိုင်သလို တစ်ခါတလေ စခရင်ပေါ်က အပြောကျယ်လှတဲ့ အင်တာနက်ကမ္ဘာကို ငြီးငွေ့လာတဲ့အခါမှာလည်း ပုံနှိပ်သတင်းစာစောင်တွေကို ပြန်လှည့်ဖတ်ရင်လည်း ဖတ်နေပါ လိမ့်မယ်။

ဒစ်ဂျစ်တယ်သတင်းစာ ဖြစ်ထွန်းမှုဟာ အကူးအပြောင်းကာလမှာ အားလုံးစိတ်ဝင်စားစရာ ပြောင်းလဲမှုတစ်ခုပါ။ သမားရိုးကျ ပုံနှိပ်သတင်း စာတွေနေရာမှာ ဒစ်ဂျစ်တယ် သတင်းစာတွေများ အကုန်နေရာယူတော့မလားလို့ ထင်မှတ်စရာတောင် ဖြစ်ပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့အမျှ အားနည်းချက်နဲ့ အားသာချက်တွေလည်း အသီးသီးကြုံတွေ့ လာနိုင်တာမို့ ဒစ်ဂျစ်တယ် သတင်း စာရဲ့ အားနည်းချက်၊ အားသာချက်၊ ပုံနှိပ်သတင်းစာတို့ရဲ့ အားနည်းချက်၊ အားသာချက်တို့ကို သုံးသပ်လာကြပါတယ်။ အဲဒီသုံးသပ်ချက်အချို့ကိုစုပြီး ယေဘုယျဖြစ်နိုင်တဲ့ အချက်တွေကို ထပ်ဆင့်ဖော်ပြပေးလိုပါတယ်။

အင်တာနက် သတင်းဆိုတဲ့နေရာမှာ သတင်းမီဒီယာကြီးတွေရဲ့ ဒစ်ဂျစ်တယ် သတင်းစာတွေလည်း ပါဝင်ပါတယ်။ အဲဒီသတင်းမီဒီယာတွေရဲ့ ပရိသတ်တွေဟာ ကိုယ်နှစ်သက်တဲ့ မီဒီယာကဖြန့်ချိတဲ့ သတင်းတွေကို ဒစ်ဂျစ်တယ်ဗားရှင်းကတစ်ဆင့် ကမ္ဘာ့နေရာစုံကနေ ဖတ်ရှုနိုင်တာကတော့ ဒစ်ဂျစ်တယ်သတင်းစာရဲ့ အားသာချက်ပါ။ ဒေသတွင်းမှာတင်မက အင်တာနက်နဲ့ လျှပ်စစ် စွမ်းအားရှိတဲ့ ဘယ်နေရာမှာမဆို သတင်းတွေကို လက်လှမ်းမီနိုင်ခြင်းဖြစ်ပါတယ်။

မိမိနှစ်သက်တဲ့ သတင်းမီဒီယာများရဲ့ ဒစ်ဂျစ်တယ်သတင်းစာများကိုသာမက တစ်ဖက်ကလည်း အခြားသတင်းမီဒီယာတွေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီက ဖြန့်ချိပေးတဲ့ သတင်းတွေကိုလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

ဒါပေမယ့် အဲဒီလိုဖတ်ဖို့ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာစတဲ့ Device တစ်ခုခု၊ လျှပ်စစ်နဲ့ အင်တာနက်စတဲ့ အခြေခံအဆောက်အအုံ တွေတော့ လိုအပ်ပါသေးတယ်။

ဒစ်ဂျစ်တယ် သတင်းများရဲ့ အားသာချက်နောက်တစ်ခုက (အင်တာနက်ဖိုးကလွဲလို့) သတင်းအတွက် နောက်ထပ် ငွေကုန်ခံစရာမလိုတာပါပဲ။ သတင်းတွေ တော်တော်များများဟာ အခမဲ့ ဝင်ရောက်ဖတ်ရှုနိုင်တဲ့ အွန်လိုင်း ရင်းမြစ်တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိကနှစ်သက် ရာရွေးချယ်ပြီး စိတ်ကြိုက်သတင်းဝက်ဘ်ဆိုက်စာမျက်နှာတွေကို အချိန်မရွေးဝင်ဖတ်နိုင်ပါတယ်။ ဒါ့အပြင် အင်တာနက်သတင်းစာတွေရဲ့ Home Page တွေမှာ Archives ဆိုတဲ့ ကဏ္ဍထည့်သွင်းပေးထားတဲ့အတွက် စာဖတ်သူတွေဟာ လွန်ခဲ့တဲ့ဆောင်းပါးတွေ၊ သတင်းအချက်အလက်တွေကို အလွယ်တကူပြန်လည် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဒစ်ဂျစ်တယ် သတင်းတွေမှာ ပုံနှိပ်သတင်းစာတွေမှာ မဖော်ပြနိုင်တဲ့ သတင်းဗီဒီယို၊ အသံဖိုင်၊ နောက် ထပ် သတင်းရင်းမြစ်တစ်ခုဆီ သွားနိုင်ဖို့ Link တွေကိုပါ ပူးတွဲဖော်ပြပေးနိုင်ပါတယ်။ ပုံနှိပ်သတင်းစာမှာတော့ စာလုံးတွေ၊ ဓာတ်ပုံတွေလောက်ပဲ ဖော်ပြပေးနိုင်ပါတယ်။

ဒစ်ဂျစ်တယ်ရဲ့ နောက်ထပ်အားသာချက်ကတော့ ကြားဖြတ်သတင်း (Breaking News) လို သတင်းမျိုးအတွက်တော့ အွန်လိုင်းသတင်း Channel တွေဟာ ပုံနှိပ်သတင်းစာတွေထက် သာလွန်ပါတယ်။ အချိန်တိုင်းမှာ ပြောင်းလဲနေတတ်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ တင်ပြပေးနေနိုင်တာကြောင့် ဒစ်ဂျစ်တယ်သတင်း တွေဟာ ပိုပြီးလတ်ဆတ်နေတတ်ပါ တယ်။

ဒစ်ဂျစ်တယ် သတင်းစာတွေက ကြားဖြတ်သတင်းကဏ္ဍမှာ ပုံနှိပ် သတင်းစာထက်သာလွန်တယ်ဆိုရင်တောင် ပုံနှိပ်သတင်းစာက ပိုမိုနက်နဲတဲ့ သတင်းအချက်အလက်တွေနဲ့ အတွေးအမြင်လို ဆောင်းပါးတွေကို ဖော်ပြတဲ့အပိုင်းမှာ ဒစ်ဂျစ်တယ် သတင်းစာတွေထက်သာလွန်ကောင်း သာလွန်နိုင်ပါတယ်။ တချို့ စာဖတ်ပရိသတ်က အင်တာနက်ပေါ်မှာ ဆောင်းပါးလို စာအရှည်ကြီးကို ဖတ်နေရတာထက်  လူမှုကွန်ရက်တွေလို ပေါ့ပါးသွက်လက်တဲ့ ဝက်ဘ်ဆိုက်တွေမှာပဲ ပိုမိုအချိန်ပေးလိုတာကလည်း အကြောင်းတစ်ခု ဖြစ်နိုင်ပါ တယ်။ တချို့သတင်းဌာနကတွေဟာ အင်တာနက်ပေါ်တင်ပေးတဲ့ သတင်း တွေကို တိုတောင်းအောင် ပြုပြင်ထား လေ့ရှိတတ်ပြီး ခရေစေ့တွင်းကျ သတင်းအချက်အလက်များနဲ့ လေ့ လာသုံးသပ်ချက်လို သတင်းဆောင်းပါးမျိုးတွေကို ပုံနှိပ်သတင်းစာမှာ ဇောင်းပေးဖော်ပြလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

အွန်လိုင်းသတင်းတွေဟာ အချိန်မရွေး၊ နေရာမရွေး ဖတ်ရှုနိုင်တဲ့အပြင် ငွေကုန်သက်သာတယ်၊ သတင်းမျိုးစုံလင်တယ်၊ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရသိရတယ်၊ စတဲ့ အားသာချက်များရှိနေပေမယ့် အားနည်းချက်ကတော့ ဒစ်ဂျစ်တယ်သတင်းတွေမှာ စံသတ်မှတ် ချက်မရှိခြင်း ဖြစ်ပါတယ်။ လူတိုင်းဘလော့ရေးနိုင်တဲ့အခါမှာ ဘေးထွက်ဆိုးကျိုးအဖြစ် ကောလာဟလတွေကို မစုံစမ်းမစိစစ်ဘဲ တောမီးလို စတင်ဖြန့်ချိလာနိုင်၊ ပျံ့နှံ့လာနိုင်ပါတယ်။ အွန်လိုင်း သတင်းလောကရဲ့ စံသတ်မှတ်မှု အားနည်းခြင်း၊ ဘယ်သူမဆို သတင်းဖြန့်နိုင်ခြင်း စတဲ့အချက်တွေပေါ်နင်းပြီး ကောလာဟလတွေအပြင် ဝါဒဖြန့်မှုတွေနဲ့ နောက်ကွယ်က စီးပွားရေးအမြတ်ထုတ်မှုတွေအထိ ပါဝင်လာနိုင်ပါတယ်။ တချို့အွန်လိုင်း သတင်းဌာနတွေဟာ မိမိကိုယ်ပိုင် သတင်းတောင် မဖန်တီးတော့ဘဲ အခြားသတင်းမီဒီယာတွေရဲ့ မူပိုင်သတင်းတွေကို စုစည်းဖော်ပြပြီး စီးပွားရေးအရ ရပ်တည်နေကြတာတွေလည်း အများကြီးပါ။ အဲဒီတော့ သတင်းတာဝန်ယူမှုအပိုင်းနဲ့ စံသတ်မှတ်မှုအပိုင်းမှာတော့ သမားရိုးကျသတင်းစာတွေက အားသာနေဆဲလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ဒစ်ဂျစ်တယ် သတင်းလောကဟာ နိုင်ငံသားသ တင်းထောက် (Citizen Journalist)တွေကို ပိုမိုနေရာပေးတတ်ပါတယ်။ ကင်မရာရှိမယ်၊ ဖုန်းရှိမယ်ဆိုရင် သတင်းလို့ထင်တာမှန်သမျှကို အင်တာနက်ကတစ်ဆင့် ဖြန့်ချိနိုင်ခြင်းဟာ ကောလာဟလတွေ၊ ဝါဒဖြန့်မှုတွေကို ဖြစ်ပေါ်စေနိုင်ပေမယ့် တာဝန်သိနိုင်ငံသားတွေအတွက်လည်း သတင်းဖြန့်ချိဖို့ လမ်းသစ်တစ်ခုကို ရရှိစေပါတယ်။ ဒါကြောင့် လူတိုင်းကို သတင်းထောက်ဖြစ်စေနိုင်ဖို့ အခွင့် အလမ်းပိုင်းမှာတော့ ဒစ်ဂျစ်တယ်သတင်းစာလောကက အစွန်းနှစ်ဖက် စလုံးမှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

ပုံနှိပ်သတင်းစာအတွက် နောက်ထပ်အားသာချက်တစ်ခုကို ဖော်ပြရမယ်ဆိုရင် သတင်းဖတ်နေတုန်း ကြော်ငြာတွေ တစ်လက်လက်နဲ့ အနှောင့်အယှက်မပေးနိုင်တာပါပဲ။ သတင်းစာအလယ်တည့်တည့်က ကြော်ငြာကိုရှောင်ဖတ်နေစရာလည်း မလိုသလိုအထက်၊ အောက်နဲ့ဘေးနေရာမလပ် ကြော်ငြာတွေ တဖျပ်ဖျပ် တက်နေခြင်းမျိုးလည်း ကြုံရမှာ မဟုတ်ပါဘူး။ ဒီတော့လည်း နှစ်ခုစလုံးရဲ့ အားသာချက်၊ အားနည်းချက်တွေကို နားလည်သဘောပေါက်ပြီး မိမိနဲ့ ကိုက်ညီနိုင်မယ့် သတင်းရှာဖွေမှု နည်းလမ်းများကို အလျဉ်းသင့်သလို သုံးစွဲနိုင်ပါစေကြောင်း တင်ပြ လိုက်ပါတယ်။

 

ကလျာအိအိလွင်

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.