16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
မီဒီယာ၊ အွန်လိုင်း သတင်းများနောက်ကွယ်က Fake News များအကြောင်း-၁

ဒီနေ့လို Social Media က တစ်ဆင့် သတင်းတွေ၊ အချက်အလက်တွေ ပုံအောစီးဆင်းနေတဲ့ခေတ်မှာ Social Media လှိုင်းစီးနေတဲ့ လူသားတွေအနေနဲ့ Fake News လို့ခေါ်တဲ့ သတင်းမှားတွေ၊ အတုအယောင် သတင်းတွေကို သေချာသိမြင် သဘောပေါက်ဖို့ အလွန်အရေးကြီးလှပါတယ်။

Fake News လို့ခေါ်တဲ့ အတုအယောင် သတင်းတွေ၊ လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားထားတဲ့ သတင်းအချက်အလက်တွေဟာ အမှန်အကန် သတင်း အချက်အလက်တွေနဲ့အတူ သမားရိုးကျ မီဒီယာတွေမှာသာမက အွန်လိုင်း မီဒီယာများမှာပါ ဖောဖောသီသီ တွေ့ မြင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒီတော့ မီဒီယာအကြောင်း နားလည်ဖို့နဲ့ သတင်းအချက်အလက်တွေအကြောင်း သိမြင်ဖို့ဆိုရင် လူတစ်ဦးချင်းစီရဲ့ ထိုးထွင်းစဉ်းစားနိုင်မှု၊ ဆုံးဖြတ်နိုင်မှု အတွေးအခေါ်တွေက အရေးပါအရာရောက်ဆုံးအချင်းအရာ တစ်ခုဖြစ်လာပါတယ်။

Social Media  ဖွံ့ဖြိုးမှုရဲ့ နောက်ကွယ်က လိုက်ပါလာတဲ့ အားနည်းချက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာတဲ့ သတင်းတု၊ သတင်းယောင်၊ သတင်းမှားတွေ ဖြန့်ချိမှုကိုတော့ အသင်းအဖွဲ့လိုက်ကစလို့ တစ်ကိုယ်ရေ အစွမ်းအစနဲ့အထိ ကာကွယ်တားဆီးရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းတု၊ သတင်းယောင်၊ သတင်းမှားတွေရဲ့ အကျိုးသက်ရောက်မှုက မမှန်းဆနိုင်တဲ့အထိ သက်ရောက်ထိခိုက်တတ်လို့ ဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေးနယ်ပယ်တွေသာမက နိုင်ငံရေးနယ်ပယ်မှာကော၊ တခြားဆိုင်ရာဆိုင်ရာ နယ်ပယ်တွေမှာပါ သတင်းတု၊ သတင်းယောင်များ၊ သတင်းမှားများဟာ အသုံးချစရာ Tools  တစ်ခုအဖြစ် ယှဉ်ပြိုင်မှုတွေမှာကော၊ အကျိုးအမြတ်တစ်စုံတစ်ရာအတွက်ပါ ချနင်း အသုံးချနေတတ်လို့လည်း ဖြစ်ပါတယ်။ ဒီတော့ ပြည်သူလူထုအနေနဲ့ ဒီလို Fake News တွေကို သိမြင်နားလည် သဘောပေါက်တတ်စေဖို့ အလွန်တရာကို အရေးပါလှပါတယ်။ ဒါကြောင့်လည်း သတင်းတုယောင်တွေအကြောင်း သုတေသနပြုလုပ် ရေးသားထားတဲ့ ဆောင်းပါးတစ်ခုကို  မှီငြမ်းပြီး Fake News နဲ့ ပတ်သက်ပြီး စာဖတ်သူများအတွက် အကျိုးရှိမယ်ထင်တဲ့ အကြောင်းအရာအချို့ကို ရှာဖွေကာ ထပ်ဆင့်ဖော်ပြပေးလိုပါတယ်။

ဆောင်းပါးရေးသားတဲ့ အဖွဲ့အစည်းက ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်ရဲ့ Anneberg ပြည်သူ့ရေးရာမူဝါဒဌာနရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ Fact Check.org ဖြစ်ပါတယ်။ FactCheck.org ဟာ နိုင်ငံရေးပါတီ မဟုတ်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုပါလို့ သူတို့ကိုယ် သူတို့အမည်ခံထားတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကနိုင်ငံရေးနယ်ပယ်မှာ မဲပေးသူပြည်သူ တွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ မဖြစ်ရလေအောင် ကူညီပေးမယ့် ရည်ရွယ်ချက်နဲ့ တီဗီကြော်ငြာတွေ၊ စကားစစ်ထိုးပွဲတွေ၊ မိန့်ခွန်းတွေ၊ တွေ့ဆုံမေး မြန်းခန်းတွေနဲ့ သတင်းထုတ်ပြန်မှုတွေမှာ အမေရိကရဲ့ အဓိကနိုင်ငံရေး သမားတွေ ပြောဆိုကြတဲ့ အကြောင်း အရာတွေကို အချက်အလက်အရ မှန်မမှန်၊ ယုံနိုင်မယုံနိုင် ကူညီဆန်းစစ် ပေးနေတာဖြစ်ပါတယ်။ စာနယ်ဇင်း ပညာရပ်ကိုရော၊ ပညာရေးနယ်ပယ် ကိုပါ မြှင့်တင်ကူညီပေးဖို့ကလည်း ယင်းအဖွဲ့အစည်းရဲ့ ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။

 

သတင်းအတုအယောင်တွေကို

ဘယ်လိုသိမြင်နားလည်နိုင်မလဲ

သတင်းအတုအယောင်တွေ ဖြစ်ပေါ်လာခြင်းဟာ တကယ်တော့ ဒီခေတ်မှာမှ ပေါ်လာတဲ့ အကြောင်း အရာအသစ်တော့ မဟုတ်ပါဘူး။ အရင်နည်းပညာခေတ် ဦးတုန်းက Social Media တွေ မဖွံ့ဖြိုးခင်အချိန်မှာ Email တွေသာ သုံးခဲ့တဲ့ ကာလတစ်ခုရှိခဲ့ပါတယ်။ အဲဒီကာလမှာကို သတင်းတု၊ သတင်းယောင်တွေ၊ သတင်းမှားတွေဟာ အီးမေးလ်တွေက တစ်ဆင့်တစ်ကမ္ဘာလုံးမှာပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

Social Media တွေ ပေါ်ထွန်းလာတဲ့ ခေတ်အခါမှာတော့ သတင်းတုယောင်တွေဟာ ပိုမိုကျယ်ပြန့် ခြေဆန့်လာပါတယ်။ သတင်းစီးဆင်းမှု အားကောင်းမှုက သတင်းမှန်များ အတွက်သာမက သတင်းတု၊ သတင်းမှားများအတွက်ပါ အင်အားဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း Social Media ဘုရင်တွေဖြစ်တဲ့ Facebook နဲ့ Google တို့ကိုယ်တိုင် Fake News ဆိုက်တွေကို အရေးယူမယ်လို့ တရားဝင်ကြေညာခဲ့ရတဲ့အထိ ဖြစ်လာပါတယ်။ Social Media ပေါ်က Fake News Sites တွေကလည်း လက်ညှိုးထိုးမလွဲအောင်ကို တည်ရှိနေတယ်ဆိုတော့လည်း Social Media ပိုင်ရှင်တွေ ကိုယ်တိုင်ရတက် မအေးနိုင်ဖြစ်လာရတဲ့ ပြဿနာပုံစံ ဖြစ်လာခြင်းပါ။

Social Media ပိုင်ရှင်တွေရဲ့ အရေးယူဖို့ အားထုတ်မှုဟာ အွန်လိုင်း သတင်းအတုအယောင်တွေကို နှိမ်နင်းဖို့ အားတစ်ခုဖြစ်နိုင်ပေမယ့် ပို အဓိကကျတာကတော့ သုံးစွဲသူတစ်ဦးချင်းစီရဲ့ Onformation Literarcy ဖြစ်ပါတယ်။ သတင်းပုံစံ အမျိုးမျိုးကို နားလည်သဘောပေါက်တတ်မှု၊ သတင်းရင်းမြစ်များကို သိမြင်ကျွမ်းဝင်မှု၊ ဆန်းစစ်ဝေဖန်နိုင်မှု စတဲ့အရည်အချင်းတွေသာ ပိုမိုအဓိကကျခြင်း ဖြစ်ပါတယ်။

 

သတင်းအတုအယောင်၊

သတင်းမှားဆိုတာ ဘာတွေလဲ

သတင်းအတုအယောင်၊ သတင်းမှားတွေဆိုတာကလည်း ပုံစံအမျိုးမျိုးနဲ့ တည်ရှိတတ်ပါတယ်။  Yellow Press, Yellow Journalism လို့ခေါ်တဲ့ သူတကာထိတ်လန့် ကြောက်ရွံ့စရာ သတင်းတွေ၊ အ တင်းအဖျင်းတွေ၊ ဝါဒဖြန့်မှုတွေကို ဖော်ပြတတ်တဲ့သတင်းပုံစံတွေကို ခေါ်ပါတယ်။ အဲဒီလို သတင်းပုံစံတွေဟာ သမားရိုးကျမီဒီယာတွေဖြစ်တဲ့ ပုံနှိပ်မီဒီယာ၊ အသံလွှင့်မီဒီယာ တွေနဲ့လွှမ်းမိုးခဲ့ရုံသာမက အခုခေတ်မှာတော့ အွန်လိုင်းက Social Media တွေမှာပါ လွှမ်းမိုးလာတာ ဖြစ်ပါတယ်။

သတင်းတု၊ သတင်းယောင်၊ သတင်းမှားတွေဟာ သတင်းတစ်ခုခု အပေါ်မှာအခြေခံပြီး ပြည်သူလူထု အကျိုးအတွက်မဟုတ်ဘဲ ကိုယ်လိုရာကို ဆွဲရေးတဲ့ ပုံစံမျိုးနဲ့လည်း တည်ရှိ တတ်ပါတယ်။ အဖွဲ့အစည်းတစ်ခုခု၊ လူတစ်ဦးတစ်ယောက်ကို တိုက်ခိုက်လိုတဲ့ အခါမှာဖြစ်ဖြစ်၊ ငွေကြေးအရ၊ နိုင်ငံရေးအရ အကျိုးအမြတ် တစ်စုံ တစ်ရာအတွက်ဖြစ်ဖြစ် ခံစားမှုတွေ လွန်လွန်ကဲကဲ ထည့်သွင်းခြင်း၊ ချဲ့ ကားရေးသားဖော်ပြခြင်း၊ လိုတဲ့နေရာကို ဇွတ်အတင်းဆွဲခေါ်ခြင်း၊ ထင် ယောင်ထင်မှားဖြစ်စေအောင် ဖော်ပြ ခြင်းစတာတွေကို ပြုလုပ်တတ်ကြပါတယ်။

ဒီနေရာ မှာတစ်ခုရှိတာက Fake news တွေဟာ သရော်စာနဲ့ လုံးဝ မတူဘူးဆိုတာကိုတော့ သိမှတ်ဖို့ လိုပါတယ်။ သရော်စာတွေက တစ်ကဏ္ဍ ဖြစ်ပါတယ်။ Fake News တွေကတော့ စာဖတ်သူတွေကို စိတ်ဝင်စားစရာ သတင်းခေါင်းစဉ်တွေနဲ့ မျှားခေါ်ကာ ဆွဲဆောင်တတ်ပါတယ်။ သတင်းစာကိုယ်ထဲမှာတော့ သူတို့လိုချင်တဲ့ အပိုင်းကို ပိုပိုသာသာ ဖော်ပြတာပဲဖြစ်ဖြစ်၊ ဖန်တီးထည့်သွင်းတာပဲဖြစ်ဖြစ်၊ လုံးဝမမှန်တဲ့ အကြောင်းအရာတွေကိုလိုသလို ဖြတ်ညှပ်ကပ် ထည့်သွင်းတာပဲဖြစ်ဖြစ် ပြုလုပ်ရေး သားဖြန့်ဝေတတ်ပါတယ်။

 

ကလျာအိအိလွင်

(ဆက်လက်ဖော်ပြပါမည်)

 

Ref: www.factcheck.org, Wikipedia,www.ifla.org

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.