24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
တစိုက်မတ်မတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

မြို့ပြနှင့် ကျေးလက်ဒေသရှိ လူထုလူတန်းစားမရွေး ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို တ စိုက်မတ်မတ်လုပ်ကိုင်ဆောင်ရွက်နိုင် ရန် ပဓာနကျသော လိုအပ်ချက် တစ်ခုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ယဉ်ကျေးမှု ခိုင်မာစွာ ဖြစ်ထွန်းရေး ပင်ဖြစ်ပါသည်။

 

ယဉ်ကျေးမှုတစ်ခု၏ အစ

ယဉ်ကျေးမှုတစ်ခု ဖြစ်ထွန်းရေးအတွက် ဘာတွေလိုအပ်သလဲဟု တွေးမိမေးမိပါသည်။ ယဉ်ကျေးမှုမျိုးစေ့တစ်ခုကို မည်သူကစတင်ရှာ ဖွေလာမှာလဲ။ မည်သူတွေက မြေချစိုက်ပျိုးမှာလဲ။ မည်သူတွေက ရှင်သန် စည်ပင်ပြန့်ပွားအောင်လုပ်မှာလဲ။

သေချာတာတစ်ခုကတော့ ယဉ်ကျေးမှုတစ်ခုဖြစ်ထွန်းဖို့ တစ်ဦးတစ် ယောက်တည်းနှင့် မဖြစ်နိုင်။ စတင်သူ၊ အားပေးသူ၊ ပျိုးထောင်သူ၊ ဖြန့်ဝေသူများ အချိန်နှင့်အမျှလိုအပ်သည်။ ယင်းတို့ရှိမှသာ ယဉ်ကျေးမှုတစ်ခုသည် လူ့အဖွဲ့အစည်းတစ်ခုတွင် အမြစ်တွယ်၍ တဖြည်းဖြည်း ခိုင်မာဖွံ့ဖြိုးလာနိုင်သည်ဟု တွေးမိသည်။

 

ယုံကြည်မှု

ယဉ်ကျေးမှုတစ်ခု ခိုင်မာစွာဖြစ်ထွန်းရခြင်း၏ အခြားလိုအပ်ချက် တစ်ခုမှာ ယုံကြည်မှုဖြစ်သည်။ စတင်သည်၊ အားပေးသည်၊ ပျိုးထောင်သည်၊ ဖြန့်ဝေသည်ဆိုရာ၌ ယုံကြည်မှုမရှိပါဘဲမစတင်နိုင်၊ အားမပေးနိုင်၊ မပျိုးထောင်နိုင်၊ သက်ဝင်မှု၊ ယုံကြည် မှုများ ဦးစွာ ပျံ့နှံ့နေမှသာ ဆင့်ကဲဆင့်ကဲ ဖြစ်ထွန်းလာကြရပေသည်။ ထိုသဘောကို သတိမူ၍ ပြုပြင်သင့် သည်။

 

တွန်းအားတစ်ခု

သဘာဝပတ်ဝန်းကျင်ကိုယုံကြည်စိတ်ချမှုလျော့နည်းလာခြင်းသည် ပတ်ဝန်းကျင်အပေါ်အာရုံပြုမိစေသော တွန်းအားတစ်ခုလည်းဖြစ်သည်။

မိမိတို့၏ အသက်ရှင်ရပ်တည်နိုင်မှုသည် သဘာဝပတ်ဝန်းကျင် အပေါ် မူတည်နေသည်။ ယခု ဆယ်စုနှစ်များတွင် သဘာဝပတ်ဝန်းကျင် သည် မိမိတို့၏ ဘဝများအပေါ်ပို၍ လွှမ်းမိုးလာသည်ကို သတိပြုမိသည်။ မိုးလည်းမိုးအလျောက်၊ နွေလည်း နွေအလျောက် သိသိသာသာကြီး ဒုက္ခရောက်ကြရသည်။

မိမိတို့နိုင်ငံတွင်မူ ၂ဝဝ၈ နာဂစ်ကို ကြုံတွေ့ရသောအခါ လူအများစုသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သတိထားမိလာကြသည်။ သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ အသိပညာပြန့်ပွားရေးများကို မြန်မာနိုင်ငံ ဘူမိသိပံ္ပအသင်း၊ အင်ဂျင်နီယာအသင်း၊ ငလျင်ကော်မတီစသည့် အ သင်းအဖွဲ့များက ခပ်စိပ်စိပ်ပြုလုပ်လာခဲ့ကြသည်။

၂ဝ၁ဝ ပြည့်နှစ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြစ်ချောင်းအင်း အိုင်များ ရေနည်းခြင်း၊ ခန်းခြောက်ခြင်းများ ကြုံတွေ့ခဲ့ရပြန်သည်။ ၂ဝ၁၂ သပိတ်ကျင်းငလျင်၊ ၂ဝ၁၅ ရေကြီးရေလျှံခြင်းစသည့် ရေဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် မြေပြိုဘေး အမျိုးမျိုးတို့သည် မိမိတို့၏ ဘဝများကို သိသိသာသာ ရိုက်ခတ်လာခဲ့ကြသည်။ ပြေးစရာမြေမရှိ။ သောက်စရာရေမရှိ။ စားစရာ အစာမရှိသော ခက်ခဲကြမ်းတမ်းသောနေ့အချို ရင်ဆိုင်ကြရသည်။

သူ့ဘဝ ကိုယ့်ဘဝ မိမိတို့ဘဝ များမှာ သဘာဝပတ်ဝန်းကျင်လုံခြုံ စိတ်ချရမှုများ ပျောက်ဆုံးသွားပုံမျိုး ခံစားလာကြသည်။ ရှေ့ဆက် မိမိတို့ဘဝများစွာကို စိန်ခေါ်နေမည့် ပြဿနာမှာသဘာဝပတ်ဝန်းကျင် လုံခြုံစိတ်ချရမှု ကင်းမဲ့လာခြင်း ဖြစ်ကြောင်းကို ပြည်သူများသည် ဘဝနှင့်ရင်း၍ သိရှိလာကြပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့် ထိုအသိသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ယဉ်ကျေးမှုခိုင်မာစွာ ဖြစ်ထွန်းလာရေးအတွက် လိုအပ်သောတွန်းအား တစ်ခုဖြစ်နေသည်။

 

အလင်းရောင်

၁၉၆၂  ခုနှစ်က Silent Spring အမည်ရှိ စာအုပ်တစ်အုပ် ကမ္ဘာမှာထွက်ပေါ်လာခဲ့သည်။ ၁၉၅ဝ ဝန်း ကျင်ကစပြီး တွင်ကျယ်စွာအသုံးပြုနေသည့် DTT ပိုးသတ်ဆေး ပေါင်းသတ်ဆေးများကြောင့် ငှက်ကလေးများ၊ တောရိုင်းသတ္တဝါလေးများ ဆိုးကျိုးခံစားရပုံများကို သုတေသနပြုကာ ရေးသားထားသော စာအုပ်ဖြစ်သည်။

ပိုးသတ်ဆေးများကြောင့် နွေဦးငှက်ကလေးများ သေဆုံးကြရပြီး ငှက် တေးသံများ ဆိတ်သုဉ်းသွားကာ အေးခဲသွားရသည့်နွေဦးဟု ညွန်းဆို ထားခြင်းဖြစ်ပါသည်။ တစ်ဆက်တည်းပင် သဘာဝလောကကြီး၏ နှစ်သက်ဖွယ်ကောင်းပုံ၊ မရှိမဖြစ်လို အပ်ပုံအရေးပါပုံတို့ကို ဖော်ပြထား သည်။ လေ၊ ရေ၊ မြေဆီလွှာညစ်ညမ်းခြင်း၏ ကြောက်မက်ဖွယ် ခြိမ်း ခြောက်ခံနေရပုံများကိုပါ ရေးသားထားခြင်းဖြစ်သည်။

Silent Spring စာအုပ်ရေးသူမှာ ဇီဝဗေဒပညာရှင် ရေချယ်ကာဆန် Rachel Carson (၁၉ဝ၇-၁၉၆၄) ဖြစ်သည်။ ကာဆန်၏ စာအုပ်သည် သိပ္ပံပညာရှင်များ နိုင်ငံရေးသမားများနှင့် မူဝါဒချမှတ်သူများအဖို့ ကြီးစွာအထောက်အပံ့ဖြစ်စေသည်။ လူအများ၏ အလင်းရောင်ကို ထွန်းညှိ ပေးခဲ့သော စာအုပ်ဖြစ်ခဲ့သည်။

ကာဆန်၏စာအုပ်ကို ကန့်ကွက်သူ လက်မခံသူများလည်းရှိသည်။ စက်မှုဓာတုသိပံ္ပပညာရှင်များကမူ ကာဆန်၏လေ့လာတွေ့ရှိချက်များမှာ မသေချာမရေမှုသာဖြစ်ကြောင်း၊ ကိုယ်လိုရာ ဆွဲယူကောက် ချက်ချထားသည့် သုတေသန လေ့ လာမှုသာဖြစ်ကြောင်း ပစ်ပစ်ခါခါ ကန့်ကွက်ဝေဖန်ခဲ့ကြသည်။

စာအုပ်ထွက်ရှိပြီး ၁၈ လ အကြာ ၁၉၆၄ ခုနှစ်တွင် ကာဆန် ကွယ်လွန်ခဲ့သည်။ ကင်ဆာဝေဒနာ နှင့်ဖြစ်သည်။ ဝေဒနာခံစားရသည့် ကြားကပင် သူမ၏ စာအုပ်၊ သူမ၏ သုတေသနတွေ့ရှိချက်များ မှန်ကန်မှုနှင့်ပတ်သက်ပြီး ကာကွယ်ချေပနိုင်ခဲ့ ကြသည်။

Public Awareness

ကာဆန်၏ Silent Spring သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ် သက်ပြီး မှောင်ရိပ်သမ်းနေသည့် ကမ္ဘာမြေအတွက် အလင်းတန်းတစ်ခု သဖွယ်ဖြစ်ခဲ့ရသည်။ မြေကမ္ဘာကို ကိုယ့်မိသားစုတစ်ခုလို ကာကွယ် စောင့်ရှောက်ကြရမည်ဟူသော အသိများဝင်လာကြသည်။

ကာဆန်သည် သဘာဝပတ်ဝန်း ကျင် အရေးပါပုံနှင့် မြေကမ္ဘာညစ် ညမ်းခြင်း၏ ကြောက်မက်ဖွယ်အန္တရာယ်ကို ''လူထုကြား ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်မှု'' Public Awareness တိုးပွားလာအောင် ရှေ့ဆောင်လမ်းပြခဲ့ သူတစ်ဦးဖြစ်သည်။ သူမ၏ ကြိုး ပမ်းအားထုတ်မှုများသည် ယနေ့ ကမ္ဘာအဝန်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုများ အစပြုခြင်း၏  အဓိကအချက်တစ်ခုဖြစ်ကြောင်း သူမကိုယ်တိုင် သိမသွားရှာပေ။

ကာဆန်ထွန်းညှိခဲ့သော ပတ်ဝန်းကျင် ထိန်းသိမ်းရေးအလင်းရောင်သည် ယခုအခါ ကမ္ဘာအနှံ့ဖြန့်ကျက်တောက်ပနေပြီ။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၊ ကမ္ဘာမြေနေ့စသဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် သတ်မှတ်နိုင်ခဲ့တာ နှစ်များစွာကြာခဲ့ပြီ။

သဘာဝပတ်ဝန်းကျင်၊ သိပံ္ပနှင့် နည်းပညာများသည်လည်း ရေ မြေ လေ ဇီဝ နယ်ပယ်စုံအတွက် ဆက် တိုက်ဖွံ့ဖြိုးလျက်ရှိသည်။ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများလည်း နိုင်ငံအများစုတွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီ။ စီမံကိန်းအသစ်တစ် ခုလုပ်တိုင်းလည်း Environmetal Impact Assessment-EIA  လုပ်သည့် အလေ့အထများလည်း ရှိလာ ခဲ့ပြီဖြစ်သည်။ ယင်းတို့သည် ပတ် ဝန်းကျင်ထိန်းသိမ်းရေး ယဉ်ကျေးမှု တစ်စတစ်စဖွံ့ဖြိုးတိုးတက်လာခြင်း၏ ပြယုဂ်များပင်ဖြစ်ပေသည်။

 

တို့ဘဝ တို့အခြေအနေ

မိမိတို့ဘဝ မိမိတို့နိုင်ငံအနေနှင့်ရော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ယဉ်ကျေးမှုအခြေအနေမည်သို့ရှိပါသလဲ။ ရေခံမြေခံကောင်းရှိနေသည်ဟု ဆိုနိုင်ပါသည်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေး

ယဉ်ကျေးမှုဖွံ့ဖြိုးစေရေး၏ အခြေခံများဖြစ်သည့် ပညာရှင်များရှိခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားရှိခြင်း၊ ပညာရေးအဆင့်ဆင့်တွင် ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်လောက်နှစ်များကစပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာသင်ခန်းစာများပြဋ္ဌာန်းထားခြင်း၊ သုတေသနပြုလုပ်စေခြင်းတို့မှာ ရေခံ မြေခံ အခြေခံကောင်းများပင် ဖြစ်ခဲ့ပါသည်။

 

ဖြည့်ရမည့် အား

ရေခံ မြေခံလည်းကောင်းသည်၊ မျိုးစေ့လည်းရှိပြီ။ သို့ဆိုလျှင် ဤမျိုး စေ့သည် အပင်ဖြစ်ကာ ဖွံ့ဖြိုးစည်ပင်ရုံသာရှိတော့သည်။ သို့သော် သဘာဝလောကကြီးကား ဤမျှလွယ်လွယ်ကူကူခွင့်မပြု။ ပိုးရှိသည်၊ လောက်ရှိသည်၊ လေပြင်းရှိသည်၊ နေပြင်းရှိသည်။ အပင်သစ်ကိုနင်းဖို့၊ ခြွေဖို့၊ ချိုးနှိမ်ဖို့ အကြောင်းတရားတွေက များလှသည်။

ဒါဆို ဘာလိုအပ်သေးလဲ။ အပင်သစ်ကို ပြုစုဖို့၊ ပျိုးထောင်ဖို့၊ ရေလောင်းဖို့၊ ပေါင်းသင်ဖို့၊ ဆေးထည့်ဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ အသိတွေ လိုအပ်နေပါသေးသည်။ ဖူးစေလိုသော စေတနာ၊ ပွင့်စေလိုသောစေတနာ၊ ပြန့်ပွားစေလိုသောယုံကြည်မှုတို့လည်း ဖြည့်စွက်ရပါဦးမည်။

 

တစိုက်မတ်မတ်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးယဉ်ကျေးမှု ထွန်းကားရေးသည်လည်း ဤနည်းနှင့် တစ်ထပ်တည်းပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်စပ်နွယ်သော Awareness များကို မြို့ပြကျေးလက်မရွေး၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အ ဆင့်တိုင်းအဆင့်တိုင်း သက်ဝင်ယုံ ကြည်ပြီး တရိုတသေ တစ်စိုက်မတ်မတ် ဆောင်ရွက်ကြရန်လိုအပ်လာချေပြီဟု ယုံကြည်မိပါတော့ သည်။

 

 ဒေါက်တာဇော်မြင့်နီ

ဒေါက်တာဇော်မြင့်နီ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.