6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဆီမီးကိုးထောင်၊ ပန်းကိုထောင် ၊ ရေချမ်းကိုးထောင် ကပ်လှူပူဇော်ပွဲ

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့တွင် (၁) မာရ်အောင်မြင်ဘုရား (၂) ပြည်တော်ပြန်ဘုရား (၃)နန်းဦးဘုရား (၄) ဆုတောင်းပြည့် ဘုရား (၅) ပေါ်တော်မူဘုရား ဟူ၍ ဘွဲ့တော် ငါးမျိုးဖြင့် တန်ခိုး အလွန်ကြီးသော ဘုရားကြီးတစ်ဆူ ရှိပါသည်။

ဧရာဝတီတိုင်းအတွင်းနှင့် မြန်မာ နိုင်ငံတစ်ဝန်းမှ ဘုရားဖူးများသည် ထိုကြေးသွန်းရုပ်ပွားတော်ကြီးကို အကြိမ်ပေါင်းများစွာ ဘုရားဖူး သွားလေ့ရှိပြီး မာရ်အောင်မြင်ဘုရား၊ ပြည်တော်ပြန်ဘုရားကို မဖူးရလျှင် ဘုရားဖူးခရီး မပြည့်စုံဟုပင် ယူဆလေ့ရှိပါသည်။ ထို ဘုရားကြီး၏ စမ္မခဏ်ဂါထာတော်ပြီး အလွန်တန်ခိုးကြီးသဖြင့် ဗုဒ္ဓဘာသာဝင်များ အမြတ်တနိုး ရွတ်ဆိုကြပြီး ဒုတိယကမ္ဘာ စစ်နှင့် ပြည်တွင်းစစ်ကာလအတွင်း ကြုံတွေ့ခဲ့သော ဘေးအန္တရာယ်ပေါင်းစုံကို 'ဣတိပိ ပိဋကတ္တယံ' အစချီသော စမ္မခဏ် ဂါထာတော်ဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် သမ္ဗုဒ္ဓေစေတီတော်ကြီးနှင့် သမ္ဗုဒ္ဓေဂါထာ တန်ခိုးကြီးသကဲ့သို့ပင် မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးနှင့် စမ္မခဏ်ဂါထာ တန်ခိုးကြီးသည်ဟု ယုံကြည်ကြပါသည်။ စမ္မခဏ်ဂါထာအပြင် သင်းကျစ်တော် ဂါထာ၊ လက်ဝဲလက်ရုံးဂါထာ၊ လက်ယာလက်ရုံး ဂါထာတော်များလည်း ရှိပါသည်။ အလွန်တန်ခိုးကြီးသော မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးကို သီတင်း ကျွတ်လပြည့်နေ့တွင် ဘုရားဖူးသွားသောအခါ ဆီမီးကိုးထောင် ၊ ပန်းကိုးထောင် ၊ရေချမ်းကိုးထောင် ကပ်လှူ ပူဇော်ပွဲနှင့် ကြုံကြိုက်နေ သဖြင့် အလွန်အားရ၀မ်းသာမိပါသည်။ ပန်းပင်လယ်ကြီးကို ဖြတ်ကျော်၍ ရုပ်ပွားတော်မြတ်ကို ဖူးရသဖြင့် အလွန် ပီတိ ဖြစ်မိပါသည်။

ပလ္လင်တော်ပေါ်တွင် မကိုဋ်တော်၊ စလွယ်တော်များ ဆင်ယင်လျက် တင့်တယ်စွာ စံပယ်တော်မူနေသော မာရ်အောင်မြင်ပြည်တော်ပြန် ရုပ်ပွားတော်မြတ်ကို သဒ္ဓါကြည်လင် ပါရမီရှင် အမျိုးသားအချို့က ရွှေသင်္ကန်း ကပ်လှူပူဇော်နေသဖြင့် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ရုပ်ပွားတော်ရှေ့တွင် ကပ်လှူပူဇော် ထားသော ပန်းကိုးထောင်၊ ရေချမ်းကိုးထောင် နှင့် ဘုရားဖူးများ ပြည့်နှက်နေသဖြင့် ရှေ့မတိုးနိုင်ခဲ့ပါ။ ၀င်လာမစဲ တသဲသဲ ဖြစ်နေသော ဘုရားဖူးများသည် ပန်းပင်လယ်ကြီး ရှေ့တွင်  အလုအယက်ထိုင်၍ ရှိခိုးကန်တော့နေကြပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ပန်းကိုးထောင်၊ ဆီမီးကိုးထောင် ၊ရေချမ်း ကိုးထောင် ကပ်လှူပူဇော်ခဲ့သည်မှာ ယခုနှစ်တွင် ၂၅ နှစ် ပြည့်ပြီး ငွေရတု သက်တမ်းသို့ ရောက်ရှိပြီ ဖြစ်ကြောင်းလည်း သိရပါသည်။

မာရ်အောင်မြင် ပြည်တော်ပြန် ရုပ်ပွားတော်မြတ်ကို ၂၅ နှစ်တိုင်တိုင် ဆီမီးများ၊ ပန်းများ၊ ရေချမ်းများ စည်ကားသိုက်မြိုက်စွာ ဆက်ကပ်လှူဒါန်းပူဇော်ခြင်းသည် မလွယ်ကူကြောင်း နားလည်မိပါသည်။ ရေချမ်းကိုးထောင် နှင့် ဆီမီးကိုးထောင်သည် ရေတွက်၍ လွယ်ကူရသော်လည်း ပန်းပေါင်းစုံ ကိုးထောင်မှာ ရေတွက်ရန် ခက်ခဲပါသည်။ သို့သော်လည်း ပန်းကိုးထောင် ရရှိရန်အတွက် ပန်းကိုးမျိုးကို တစ်မျိုးလျှင် တစ်ထောင်စီ စုဆောင်းကြောင်း ပုဏ္ဏားရိပ်ပန်းတစ်ခိုင်လျှင် ဆယ် ပွင့်မှ ဆယ်ငါးပွင့်အထိ ရရှိ ကြောင်း၊ ဆိတ်ဖလူးပန်းရုံများတွင် နေ့စဉ်အပွင့်တစ်ထောင် ခူးယူနိုင် ကြောင်း သိရပါသည်။ ပန်းတစ် မျိုးလျှင် တစ်ထောင်ဖြင့် ပန်းကိုး မျိုးရသောအခါ ပန်းကိုးထောင် ပြည့်သော်လည်း ဘုရားရှေ့တွင် လှပစွာ ဆက်ကပ်ပူဇော်နိုင်ရေးအ တွက် ပြင်ဆင်ရသည်မှာ အလွန် ခက်ခဲပါသည်။ စံပယ်၊ ဇော်မွှား၊ မေမြို့၊ နှင်းဆီ၊ သစ္စာပန်း၊ စိန်ခြယ်ပန်း၊ စကြာပန်းများကို ပန်းချီကားသဖွယ် ဒီဇိုင်း ဆင်၍ ပြင် ဆင်ထား ပုံမှာ အလွန်လှပပြီး ပန်းရနံ့ပေါင်းစုံ သင်းထုံမွှေးကြိုင်စေခဲ့ပါသည်။ ဆီမီးကိုးထောင်ကိုမူ ညပိုင်းတွင် ဂန္ဓကုဋီတိုက် အတွင်းအပြင်၊ ရင် ပြင်တော်၊ နတ်လမ်း၊ တန်ဆောင်း ကြီးနှင့် ကိုးနဝင်းစေတီတော်တို့ တွင် စည်ကားသိုက်မြိုက်စွာ ထွန်း ညှိပူဇော်ကြောင်း သိရပါသည်။

ဇလွန်မြို့သည် ဧရာဝတီ တိုင်း၊ ဟင်္သာတခရိုင်တွင် ပါဝင်ပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်း အတွင်း တည်ရှိပါသည်။ ယခင်က မြို့ရှေ့တွင် စီးဆင်းနေသော ဧရာဝတီမြစ်ကြီးကို အားကိုးပြု၍ အစုန်အဆန် ကူးသန်းသွားလာ ရောင်းဝယ်ဖောက် ကားခဲ့သော် လည်း ရန်ကုန်-ဟင်္သာတကားလမ်း ဖောက်သောအခါ လမ်းပန်းဆက် သွယ်ရေး တိုးတက်ကောင်းမွန်လာ ပြီး ရန်ကုန်မှ ဇလွန် သို့ နေ့ချင်းပြန် ဘုရာဖူးသွားနိုင်ပါသည်။ ကျွန် တော်သည်လည်း ဘုရားဖူးကားနှင့် နေ့ချင်းပြန်သွားခဲ့ခြင်းဖြစ်ပါ သည်။ အနယ်နယ် အရပ်ရပ်မှလာသော ဘုရားဖူးအားလုံးသည်လည်း နေ့ချင်းပြန်လာကြခြင်းဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်း မွန်ခြင်း သည် ဘုရားဖူးခရီး စဉ်များ လွယ်ကူလျင် မြန်ရန် ကူညီ နိုင်ခဲ့ပါသည်။

မာရ်အောင်မြင် ပြည် တော်ပြန်ဘုရားသည် ကြေးဖြင့် သွန်းလောင်းထားသည့် ရုပ်ပွား တော်ကြီးဖြစ်ပြီး ဘူမိဖဿပုံတော် ထိုင်တော်မူ ရုပ်ပွားတော်ဖြစ်ပါသည်။ လမင်းကြီးပမာ ဝိုင်းစက် သော မျက်နှာတော်သည် အလွန် အသက်ဝင်ပြီး နှုတ်ခမ်းတော်ပေါ် တွင် အပြုံး ပန်းပွင့်နေပုံမှာအလွန် အေးချမ်းသဖြင့် ဘုရားဖူးများအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့လာပါသည်။

ဓမ္မခဏ်အလွတ် ဥာဏ် တော်နှစ်ထောင်နှင့် ဆယ်လက်မရှိပြီး မကိုဋ်တော်၊ စလွယ်တော်များ ကပ်လှူပူဇော်ထားလျှင် ကိုယ်လုံး တော် ပိုကြွားဟန်ရှိသည် ပိုပြီး သပ္ပာယ်တော်မူသည်ဟု ယူဆကြပါသည်။ ရုပ်ပွားတော်မြတ်ကို ပထမအကြိမ် ကျွန်တော်ဖူးစဉ်က မကိုဋ်တော်၊ စလွယ်တော်များမပါဘဲ ပကတိအတိုင်း ဖူးရခြင်းဖြစ်ပြီး ယခုဒုတိယအကြိမ် ဖူးသောအခါ ပွဲတော်ရက်ဖြစ်သဖြင့် မကိုဋ် တော်၊ စလွယ်တော်များဖြင့် ဖူးခဲ့ရပါသည်။ ကျွန်တော်၏ အမြင်အ ရဆိုလျှင် မာရ်အောင်မြင် ပြည် တော်ပြန် ရုပ်ပွားတော်ကြီး ကို အ ဆောင်အယောင်မပါဘဲ ပကတိ အတိုင်း ဖူးရန်ပိုမိုနှစ်သက်ပါသည်။

သို့သော်လည်း မာရ်အောင် မြင် ပြည်တော်ပြန် ရုပ်ပွားတော် ကြီး၏ သမိုင်းနောက်ခံကို လေ့လာ သောအခါ မူကွဲရှိနေကြောင်း၊  သမိုင်းနှစ်ခုဖြစ်နေကြောင်း သတိ ပြုမိပါသည်။ အစောဆုံးတွေ့သော သမိုင်းမှာ ရခိုင်ဘုရင် စန္ဒာသူရိယ လက်ထက်မြတ်စွာဘုရား ကိုယ် တော် တိုင် ရခိုင်ပြည်သို့ ကြွလာစဉ် ရုပ်ပွားတော်လေးဆူ သွန်းလုပ် ပူဇော်ခြင်းနှင့် ဆက်စပ်နေပါ သည်။ ထိုစဉ်က မဟာမြတ်မုနိ၊ ရှင်ကျော်မုနိ၊ ရွှေဘုံသာမုနိ၊ မာရ် အောင်မြင်မုနိဟူ၍ မုနိလေးဆူ သွန်းလောင်းပူဇော်ခဲ့သည့်အနက် မာရ်အောင်မြင် မုနိသည် ညီတော် အငယ်ဆုံးဖြစ်သည်ဟုလည်း မှတ် သားရပါသည်။

 မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဘိုးတော်မင်းတရား၏ သားတော် အိမ်ရှေ့စံ သီဟသူ သည် ဇေယျာဝတီသို့ စစ်ချီတက် ရာမှ အပြန်တွင် မုနိလေးဆူစလုံးအား နေပြည်တော်သို့ပင့်ဆောင်စဉ် ရှင်ကျော်မုနိသည် ရခိုင်ပြည်တွင် ကျန်ရစ်ပြီး ရွှေဘုံသာ မုနိ ကို ပြည်တစ်ဖက်ကမ်းတွင် ထားခဲ့ရပါသည်။ ထို့ကြောင့် မဟာမြတ်မုနိ နှင့် မာရ်အောင်မြင်မုနိနှစ်ဆူသာ မန္တလေးသို့ ပင့်ဆောင်နိုင် ခဲ့သည်ဟု သိရပါသည်။ ထိုအချိန်တွင် ဇလွန်မြို့သူမြို့သား ဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ ကြေးဆင်းတု ရုပ်ပွားတော်ကြီး တစ်ဆူ သွန်း လောင်းရန် စီစဉ်နေသော်လည်း တိုင်းရေပြည်ရေး မအေးချမ်းသဖြင့် ဇလွန်သူပြီး ဦးရွှေပွင့်က ပုဂံမင်းထံ ခွင့်ပန်ကာ မာရ်အောင်မြင်မုနိကို ဇလွန်သို့ ပင့်ဆောင်လာခဲ့သည်ဟု သမိုင်းစာမျက်နှာများတွင် ဖတ်ရှု ပါသည်။

သို့သော်လည်း မာရ် အောင်မြင်မုနိကို ဇလွန်မြို့တွင် သူကြီးဦးရွှေပွင့်က သွန်းလုပ်ပူဇော် ခဲ့သည်ဟု သမိုင်းမူကွဲများတွေ့ သော အခါ ဝေဖန်စိစစ်ရန် လိုအပ် လာပါသည်။ ထိုသမိုင်း မူကွဲများ တွင် သူကြီးဦးရွှေပွင့်သည် အဓိက ဖြစ်ပြီး ဇလွန်မြို့တွင် ဘုရားသွန်း လုပ်သူသည်လည်း ဦးရွှေပွင့်ဖြစ်ပါ သည်။ မန္တလေးသို့ သွားရောက်၍ ဘုရားပင့် လာသူမှာလည်း သူကြီး ဦးရွှေပွင့်ပင်ဖြစ်ပါသည်။ ထို့ ကြောင့် ဦးရွှေပွင့်နှင့် ပတ်သက်၍ အငြင်းပွားရန်မလိုဘဲ မာရ်အောင် မြင်ဘုရားကို မန္တလေးမှ ပင့် ဆောင်ခြင်း (သို့မဟုတ်) ဇလွန်မြို့ တွင် သွန်းလောင်းခြင်း မည်သည့် အချက်မှန်ကန်ကြောင်း စိစစ်ရန် သာ လိုအပ်နေပါသည်။

ဘွဲ့တော်ငါးမျိုးရှိသည့်အ နက် မာရ်အောင်မြင်ဟူသော ဘွဲ့ သည် မူလဘွဲ့ဖြစ်ပြီး နန်းဦးဘုရား ဘွဲ့သည် မန္တလေးမြို့ နန်းတော် တွင်း၌ အထွတ်အမြတ်ကိုးကွယ် ဆည်း ကပ်လှူခဲ့သော ဘွဲ့တော်ဖြစ် ပါသည်။ ပြည်တော်ပြန်ဘုရားဘွဲ့ မှာ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ အပြီး အင်္ဂလိပ်စစ်တပ်များပင့် ဆောင် သွားပြီးနောက် ၁၈၅၃ ခုနှစ်တွင် ပြန်လည်ပေးပို့သဖြင့် ခေါ်တွင်ခြင်းဖြစ်ပါသည်။ ဆု တောင်းပြည့် ဘုရား၊ ပေါ်တော်မူ ဘုရားဘွဲ့များမှ ဇလွန်မြို့တွင် ကိုး ကွယ်ထားစဉ် ထူးခြားချက်များကို အကြောင်းပြု ၍ ခေါ်တွင်ခြင်းဖြစ် နိုင်ပါသည်။ သို့သော်လည်း မာရ် အောင်မြင်ဘုရားကို ဇလွန်မြို့တွင် သူကြီး ဦးရွှေပွင့် သွန်းလုပ်ခဲ့သည် ဟု ကွယ်လွန်သူ စာရေးဆရာကြီး မာဃက ဧရာဝတီတိုင်း သမိုင်း တွင် အခိုင်အမာရေးသားခဲ့ပြီး ကွယ်လွန်သူ သမိုင်းစာရေးဆရာ တင်နိုင်တိုးကလည်း '၁၈၃၈ ခုနှစ် တွင် ဇလွန်မြို့သူကြီး ဦးရွှေပွင့်က သွန်း လုပ်ပူဇော်ခဲ့ခြင်းဖြစ်သည်'ဟု ရေးသားထားပါသည်။ စာရေး ဆရာ တင်နိုင်တိုး ကွယ်လွန်ပြီးမှ ထုတ်ဝေသော ''မြန်မာပြည်တစ် ခွင် လမ်းညွှန်'' စာအုပ်တွင် ထိုသို့ ရေးသား ထားခြင်းဖြစ်သဖြင့် ဆရာ တင်နိုင်တိုးသည် ဆရာမာဃ၏ သမိုင်း အချက်အလက်ကို ကိုးကား သလားဟု တွေးစရာဖြစ်နေပါသည်။

ဧရာဝတီတိုင်းတွင် ကြေး ဖြင့်သွန်းလောင်း ပူဇော်သော ကြေး သွန်းရုပ်ပွားတော်ကြီးများ ရှိသော် လည်း ပုံတော်ချင်းယှဉ်၍ လေ့လာ ဆန်းစစ်လျှင် မာရ်အောင်မြင် ဘုရားနှင့် မတူညီကြောင်း၊ ကွဲပြား ကြောင်း တွေ့ရပါသည်။ မာရ် အောင်မြင် မုနိရုပ်ပွားတော်၏ အ ထင်ရှားဆုံး ထူးခြားချက်မှာ မြတ်စွာဘုရား၏ လက္ခဏာတော်များ ပြည့်စုံ ညီညွတ်ခြင်းဖြစ်ပြီး မျက်နှာ တော်လုံးဝိုင်းခြင်း၊ ကိုယ်လုံးတော် ပြည့် ဖြိုးပြီး ရင်ဘတ်တော်မို့မောက် ခြင်း၊ လက်တော်များ ကြံ့ခိုင်ခြင်း ကို အလွယ်တကူတွေ့မြင်နိုင်ပါ သည်။ ရခိုင်ပြည်တွင် သွန်းလုပ်ပူ ဇော်ခဲ့သော ရခိုင်ကြေးသွန်းလက် ရာ ရုပ်ပွားတော်များကို ဖူးပြီးသူတိုင်း သည် ဇလွန်ပြည်တော်ပြန် ဘုရားကို ဖူးရလျှင် ရခိုင်ပြည်မှပင့်ဆောင် လာသော မာရ်အောင်မြင် မုနိသာ ဖြစ်နိုင်သည်ဟု ယူဆကြပါသည်။

မာရ်အောင်မြင်ပြည်တော် ပြန်ဘုရားကို ဇလွန်သူကြီး ဦးရွှေပွင့် သွန်းလုပ်ခဲ့သည်ဟူသော အချက်ကို စာရေးဆရာမာဃ ဘာကြောင့် ရေးခဲ့ ကြောင်း မသိရသော်လည်း စာရေးဆရာတင်နိုင်တိုးက ထပ်ဆင့်ရေးသဖြင့် အမှားကြာလျှင် အမှန်နှင့် ရောထွေး သွားမည်ကို စိုးရိမ်မိပါ သည်။ အကယ်၍သာ မာရ်အောင် မြင်ဘုရားကို သူကြီးဦးရွှေပွင့် အမှန် တကယ် သွန်းလုပ်လျှင် ရခိုင်မှပင့် လာပြီး နန်းဦးတွင် ကိုးကွယ်ထားသော မာရ်အောင်မြင်မုနိ ပျောက်ဆုံးနေ သည်ဟု ပြောရပါလိမ့်မည်။ ရခိုင် ပြည်နယ်မှ ပင့်လာသော မုနိလေး ဆူ၏ သမိုင်းကြောင်း အပြည့်အစုံ ရှိသဖြင့် မာရ်အောင်မြင်မုနိသည် ဇလွန်မြို့တွင် သွန်းလုပ်ခြင်းမဟုတ် ဘဲ ရခိုင်ပြည်မှ ပင့်ဆောင်လာသော မုနိလေးဆူတွင် တစ်ဆူအဖြစ်ပါ ဝင် သည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ရခိုင်ပြည်မှ ပင့်ဆောင် လာသော မုနိလေးဆူအနက်အ ကြီးဆုံး မဟာမြတ်မုနိ ရုပ်ပွား တော်မြတ်သည် မြန်မာနိုင်ငံအ ထက်ပိုင်း မန္တလေးမြို့တွင် စည်ကားသိုက်မြိုက်စွာ အပူဇော်ခံနေ သကဲ့သို့ ညီတော်အငယ်ဆုံး မာရ်အောင်မြင်မုနိသည်လည်း မြန်မာနိုင်ငံတော် ပိုင်း ဇလွန်မြို့ တွင် စည်ကားသိုက်မြိုက်စွာ အပူ ဇော်ခံနေသည်ဟု ကျွန်တော်ယုံ ကြည်ပါသည်။ မာရ်အောင်မြင်မုနိ ၏ လုံးဝိုင်းသော မျက်နှာတော်နှင့် ပြုံးယောင်သမ်းနေသော နှုတ်ခမ်း တော်သည် ရခိုင်ကြေးသွန်းပညာ ရှင်များ၏ လက်ရာဖြစ်ပြီး တစ် ကြိမ်ဖူးပြီးလျှင် တစ်သက်လုံး မေ့ နိုင်မည့်မဟုတ်ပါ။

ဆီမီးကိုး ထောင်၊ ပန်းကိုး ထောင်၊ ရေချမ်း ကိုးထောင် ပူဇော်ပွဲသည် မာရ် အောင်မြင်မုနိ၏ သမိုင်းပုံရိပ်ကို ပြန်လည်နိုးထစေခဲ့ ပါသည်။

ဘသန်းတင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.