19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တောဒေသခံများကို တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သည့် မိုရာ

မြေကြီးပေါ်တွင် ပြားပြားဝပ်နေသည့် သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း၊ နေအိမ်ငယ်များ ရွာတန်းတစ်လျှောက်တွင်တွေ့နေရသည်။ မြေကြီးပေါ်တွင် ပြားပြားဝပ် နေသည့် နေအိမ်အနီးရှိ သစ်ပင်အရိပ်အောက်တွင် ထိုင်ခုံတစ်လုံးဖြင့် အသက်ငါး ဆယ်ကျော်အရွယ်အမျိုးသားတစ်ဦး အိပ်မောကျနေပြီး အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦးက မြေကြီး ပေါ်တွင် ပီနံအိတ်အဖြူခင်း၍ အိပ်မောကျနေသည်။

မိုရာမုန်တိုင်း တိုက်ခတ်ပြီးနောက် မောင်တောမြို့နယ် အောင်သာယာ (နတလ) ကျေးရွာမှ ဦးနီတို့ ဇနီးမောင်နှံကို ဇွန်လ ၃ ရက်ကတွေ့ ရှိခဲ့ရသည့် မြင်ကွင်းဖြစ်သည်။

ဦးနီတို့ ဇနီးမောင်နှံမှာ မေလ ၂၉ ရက်မှ ကောင်းကောင်းမွန်မွန် မအိပ်ရ သေးသည်မှာ ဇွန်လ ၃ ရက် ဆိုလျှင် ခြောက်ညရှိပြီဖြစ်သည်။ ထို့ကြောင့် ဦးနီတို့ ဇနီးမောင်နှံသည် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်တော့ဘဲ စိတ်ချလက်ချ  အိပ်မောကျ နေခြင်းဖြစ်သည်။

''မုန်တိုင်းတိုက်ခတ်တဲ့နေ့ကတည်းက ညဆိုရင်ကောင်းကောင်း မအိပ်ရတဲ့ အတွက် နေ့လယ်ပိုင်းမှာ ခဏမှေးမယ်ဆိုပြီး အိပ်လိုက်တာ ညီလေးတို့နှိုးမှပဲ သတိရ တော့တယ်။ နေစရာအိမ်လေးပြိုသွားတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘဲ စိတ်ဓာတ်ကျပြီးအိပ်နေကြတာ''ဟု ဦးနီက စိတ်မကောင်းသည့် လေသံ ဖြင့်ပြောသည်။

 မောင်တောမြို့နယ် အောင်သာယာ (နတလ) ကျေးရွာသည် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်စီမံချက်ဖြင့် တည်ဆောက်ပေးထားသည့် ကျေး ရွာဖြစ်ပြီး မိသားစုတစ်စုလျှင် ပေ၂ဝ၊ ပေ ၃ဝ အကျယ်ရှိ သွပ်မိုး၊ ဝါးထရံ ကာ၊ ပျဉ်ခင်းအိမ်တစ်လုံးစီကို အခမဲ့ ပေးထားခြင်းဖြစ်သည်။

အဆိုပါ အောင်သာယာ (နတလ) ကျေးရွာတွင် အိမ်ခြေတစ်ရာ့နှစ်ဆယ်ကျော် တွင် ၂၂ လုံးမှာ မိုရာမုန်တိုင်းကြောင့် လုံးဝပျက်စီးခဲ့ပြီး ၂၈ လုံးသည် တစ်ဝက်တစ်ပျက်  ပျက်စီးခဲ့သည်။ ရွာရှိ အခြေခံပညာမူလတန်းကျောင်း၊ မီးစက်ရုံ၊ ဓမ္မာရုံနှင့် ဆေးပေးခန်းများသည်လည်း ခေါင်မိုးလန်ပျက်စီးခဲ့ရသည်။

''လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလာပြီးတော့လုံးဝပျက်စီးသွားတဲ့ အိမ်တစ်လုံးကို တစ်သိန်းကျပ်စီ ထောက်ပံ့ပေးခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီက လူတွေတော့ တစ်ခေါက်ရောက်လာပြီး တော့ တခြားလူမှုအဖွဲ့အစည်းတွေတော့ မရောက်သေးပါဘူး''ဟု ဦးနီက ဆိုသည်။

ပြီးခဲ့သည့် နှစ် ၂ဝ၁၆ ခုနှစ်က မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲစခန်းသုံးခု အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် အပြင်ထွက်၍ အလုပ်မလုပ်နိုင်ဖြစ်နေကြသေးဘဲ စားဝတ်နေရေးအဆင်မပြေဖြစ်နေသည့် ဦးနီတို့ဇနီးမောင်နှံကို မိုရာမုန်တိုင်းက နေထိုင်စရာ မရှိအောင်ပင် ဒုက္ခပေးလိုက်သည်။

''အိမ်က အစိုးရက ဆောက်ပေးထားတဲ့အိမ်၊ အလုပ်က ထင်းခွေ၊ ကဏန်းရှာနဲ့ ကျပန်းလုပ်နေရတာ။ အကြမ်းဖက်တိုက်ခိုက်ခံရပြီးကတည်းက တောလည်းမတက်နိုင်။ ချောင်း လည်းမဆင်းနိုင်ဖြစ်ပြီး ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြစ်နေရာက အခုတော့ စားစရာမဟုတ်ဘူး၊ နေစရာတောင်မရှိဖြစ်သွားပြီ''ဟု ဦးနီ၏ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်း က ပြောသည်။

ဦးနီနှင့် ဒေါ်မြင့်မြင့်သန်းကဲ့သို့ အောင်သာယာ(နတလ) ကျေးရွာရှိ တခြားနေအိမ်များရှိ မိသားစုဝင်များသည်လည်း ဘဝတူအဆင်မပြေကြ သူများဖြစ် သည်။ စားဝတ်နေရေး အဆင်မပြေဖြစ်နေသည့်အတွက် နေအိမ်ပြန်လည် ပြုပြင်ရန်မှာ လုံးဝမတတ်နိုင်ဟု အောင်သာယာရွာမှ ကိုကျော်စိုးမိုးက မြေကြီးပေါ်တွင် ပြားပြားဝပ်နေ သော နေအိမ်ကို ကြည့်ရင်းပြောသည်။

''မုန်တိုင်းက ဒီလောက်ပြင်းမယ်လို့ မထင်ခဲ့ဘူး။ ကြေညာချက်တွေ ထုတ်တုန်းက လည်း တစ်နာရီမိုင် လေးဆယ်၊ ငါးဆယ်လောက်ပဲတိုက်မယ်ဆိုပြီးတော့ ကြေညာထားတာလေ၊ တိုက်တဲ့အချိန်မှ လေပြင်းထန်တာကို သိလိုက်ရတယ်''ဟု ကိုကျော်စိုးမိုးက စိတ်မကောင်းစွာဖြင့်ဆို သည်။

မိုရာမုန်တိုင်းသည် မောင်တော မြို့နယ်တွင် မေလ ၂၉ ရက် ည ၁ဝ နာရီကျော်မှ မေလ ၃ဝ ရက် နံနက် ၉ နာရီထိ အချိန် ၁၁ နာရီကျော်ကြာ တိုက်ခတ်ခဲ့သည်။ လေတိုက်နှုန်းပြင်း ထန်ခြင်းနှင့်အတူ လေတိုက်ချိန်မှာလည်း ကြာမြင့်ခဲ့သည့်အတွက် ပျက် စီးဆုံးရှုံးမှုသည် များပြားခဲ့ခြင်းဖြစ်သည်။

 မောင်တောမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများ၏ဘဝသည် မကြာခဏဖြစ်ပေါ် နေသည့် ဘေးအန္တရာယ်များကြောင့် တဖြည်းဖြည်း နစ်မြုပ်လာနေသည်။ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် အလုပ်အကိုင်များ အဆင်မပြေဖြစ်နေခဲ့သည်။ အလုပ်အကိုင်အဆင်မပြေ သည့်အတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အနာဂတ်များ သည် ပျောက်ဆုံးလာနေသည်ဟု ကိုကျော်စိုးမိုးကပြောသည်။

''ဘယ်လိုလုပ်ကြမလဲဗျာ၊ ရွာမှာ တစ်ခုပြီးတစ်ခုဘေးတွေကြောင့် လူ တွေအဆင်မပြေဖြစ်ရတယ်။ အဲဒီလိုအဆင်မပြေမှုတွေကို လူကြီးတွေအချင်းချင်း တိုင်ပင်နေရင်လည်း ကလေးတွေကြားသွားမှာကို စိုးရိမ်နေရတယ်။ ကလေးတွေကြား သွားရင် ဒီနေရာမှာနေဖို့ ပိုပြီးစိတ်ဓာတ်ကျသွားမယ်။ အဲဒါကြောင့် အဆင်မပြေရင် လည်း အဆင်မပြေတဲ့အကြောင်းကို ပြောဖို့ခက်ခဲနေပါတယ်''ဟု ကိုကျော်စိုးမိုးက စိတ်ဓာတ်ကျသံဖြင့် ပြောသည်။

 မောင်တောမြို့နယ်ရှိအောင် သာယာကျေးရွာမှ ဦးနီတို့ဇနီးမောင်နှံနှင့် ကိုကျော်စိုးမိုးတို့ကဲ့သို့ အပူလုံးဆို့နေသည့် တခြားမိသားစုဝင်များ သည်လည်းရှိ နေသည်။

မိုရာမုန်တိုင်းတိုက်ခေတ်မှုကြောင့် မောင်တောမြို့နယ်တွင် လူနေအိမ်အလုံး သုံးထောင်ကျော်သည် လုံးဝပျက်စီးခဲ့ရပြီး အိမ်ရှစ်ထောင်ကျော်သည် တစ်ဝက်တစ်ပျက် ပြို ပျက်ခဲ့ရကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရသိရသည်။ ¤င်းအပြင် ရခိုင်ပြည်နယ်တွင် မိုရာမုန်တိုင်းကြောင့် လူနေအိမ် ၁၅ဝဝဝ ကျော်၊ ဘာသာရေး အဆောက်အအုံ လေးရာကျော်၊ ရုံး အဆောင်အအုံ သုံးဆယ်ကျော်၊ ဝန် ထမ်းအိမ်ရာ ၁၈ လုံး၊ ဆေးရုံ/ဆေး ခန်း ၂၇ ခု၊ စာသင်ကျောင်း သုံးရာ ကျော်၊ အိုင်ဒီပီစခန်း ငါးခု၊ စား သောက်ဆိုင် ခုနစ်ဆိုင်နှင့် ဆန်စက် လေးလုံးပျက်စီးခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။        နေအိမ်လုံးဝပျက်စီးခဲ့သည့် နေအိမ်များမှ မိသားစုဝင်များကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကယာယီစုရပ်များထားကာ နေအိမ်များပြန်လည်

တည်ဆောက်ပေးနိုင်ရေးအတွက် ပျက်စီးဆုံးရှုံးမှုစာရင်းများကို သက် ဆိုင်ရာဌာန အသီးသီးတို့ တင်ပြထားပြီး မိုးမကျမီအမိုးအကာအောက် ရောက်ရှိရေးအတွက် ဦးစားပေး ဆောင်ရွက်သွားမည်ဟု မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

''အမိုးလန်သွားတဲ့ နေအိမ်တွေက သိပ်ပြဿနာမရှိဘူး။ လုံးဝပြိုသွားတဲ့ နေအိမ်တွေကျတော့ Family Kit တွေပေးရတော့မယ်။ လတ်တလော နေထိုင်ဖို့ရအောင် စီစဉ်ပေးရတော့မယ်။ အဲဒါတွေကို ဒေသတွင်းမှာရှိတဲ့ ယူအန်၊ အိုင်အန် ဂျီအိုအဖွဲ့တွေနဲ့ ပေါင်းစပ် ဆောင် ရွက်သွားမယ်''ဟု ဦးမြင့်ခိုင်က ပြောသည်။

မိုရာ မုန်တိုင်းတိုက်ခတ်မှု ကြောင့် မောင်တောမြို့နယ်တွင် လူနေအိမ်များအပြင် အခြေခံပညာ ကျောင်းပေါင်း ၃၄ ကျောင်းသည် လုံးဝပျက်စီးခဲ့ပြီး ကျောင်းဆောင် ၁ဝဝ ကျော်သည် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ ပျက်စီး၊ အမိုးလန်ခဲ့သည့်ကျောင်းများကို ပြန်လည်မတည်ဆောက်နိုင် သေးသည့်အချိန် ကျောင်းသားများအတွက် ယာယီ စာသင်ကျောင်းများဖွင့်လှစ်ကာ ပညာသင်ကြားရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးမြင့်ခိုင်ကဆိုသည်။

 ''လုံးဝပြိုသွားတဲ့ စာသင်ကျောင်း တွေကျတော့ ဘယ်နေရာမှာ နေရာချထားမလဲ။ အကျယ်အဝန်းဘယ်လောက်လိုမလဲ။ အားချင်းတော့မရဘူးအဲဒီကိစ္စက။ နောက်ဆုံးမရ ဘူးဆိုရင် ယာယီစာသင်ဆောင်တွေလုပ်ရမယ်။ ဒီအဆောက်အအုံမရှိလို့ စာမသင်ရဘူး ဆိုတာ မဖြစ်ရဘူး''ဟု ဦးမြင့်ခိုင်ကဆိုသည်။

လက်ရှိတွင် ဇွန်လ ၁ ရက်မှစတင်ကာ မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နေပြီဖြစ်သော်လည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်ကျောင်းများ ရှိရာ ကျေးရွာများမှ ကျောင်းသားများမှာ ကျောင်းမတက်ရသေးပေ။

မိုရာမုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ အချိန်အားဖြင့် တစ်ပတ်ကျော် ခန့်ရှိလာပြီဖြစ် သော်လည်း ကူညီထောက်ပံ့ရေးများသည် မရှိသလောက် နည်းပါးနေပြီး ပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် ဒေသခံများကအလှူရှင်များကို စောင့်မျှော်နေကြ သည်။

လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများအရ ဦးနီတို့နေထိုင်သည့် နေအိမ်တစ်လုံး တည်ဆောက်ရန်အတွက် အနည်းဆုံးငွေကျပ် သိန်းငါးဆယ်အထက်တွင် ကုန်ကျမည်ဖြစ်သည်။ လက်ရှိ မောင်တောနယ်စပ်တွင် သစ်ဈေး၊ ဝါးဈေးများသည် အဆမတန်ဈေးမြင့်တက်နေသည်။

''နေအိမ်တွေပြန်ဆောက်ဖို့အတွက် အစိုးရကိုအဓိက အားကိုးနေပါတယ်။ အလှူရှင်တွေကိုလည်း ရွာသားတွေက မျှော်လင့်နေကြပါတယ်။ လက်ရှိမှာတော့ အလှူရှင်တွေလည်း မရောက်သေးပါဘူး။ အိမ်တစ်လုံးအတွက် အနည်းဆုံး သိန်းငါးဆယ် အထက်မှာ ကုန်ကျမှာဖြစ်ပါတယ်'' ဟု ကိုကျော်စိုးမိုးကပြောသည်။

 မောင်တောမြို့နယ်အပါအဝင် ရခိုင်ဒေသခံအများစုသည် မုန်တိုင်းနှင့် ပတ်သက်၍ ရင်းနှီးနေကြသူများဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုများပြား ခဲ့သော်လည်း လူနှင့် တိရစ္ဆာန်အထိ အခိုက်မှာမရှိခဲ့ပေ။ ယင်းသို့အထိ အခိုက်မရှိခြင်းက မုန်တိုင်းနှင့်ပတ် သက်၍ လူအများစိတ်ဝင်စားမှုကို လျော့ကျစေခဲ့သည်ဟု ဒေသခံများကပြောသည်။ မုန်တိုင်းဘေးတစ်ခုတည်းသာဆိုပါက ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေအိမ်များကို မည်သူ့အားကိုမျှမကိုးဘဲ ပြန်လည်တည်ဆောက်နိုင် သော်လည်း ဘေးအမျိုးမျိုးကြောင့် စားဝတ်နေရေးအဆင်မပြေဖြစ်နေသည့် မောင်တောဒေသခံများအဖို့ နေအိမ်များပြန်လည်တည်ဆောက်ရေးမှာ ကူညီမည့်သူမရှိလျှင် မဖြစ်တော့ပေ။

နေသာနေ၍ အပင်ရိပ်အောက်တွင် တစ်ရေးတစ်မော အိပ်စက်အနားယူ၍ အဆင်ပြေနေသော ဦးနီတို့ဇနီးမောင်နှံမှာ မိုးတွင်းလေးလ၌ အိပ်စက်နားခိုမည့်နေရာကို ရှာမ တွေ့သေးပေ။

မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.