1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဂုဏ်ယူထိုက်တဲ့လူ

လူရာဝင်တယ်ဆိုတာ လူတွေရဲ့ဘဝထဲမှာ အသုံးဝင်တာပါ။ အသုံးဝင်ချင်ရင် အသုံးပြုသူတွေ နှစ်သက် လက်ခံအောင် ယဉ်ကျေးဖို့လိုပါတယ်။ ဒါကြောင့် လူရာဝင်ဖို့အတွက် တစ်ခုတည်းသော အကောင်းဆုံးနည်း လမ်းက ယဉ်ကျေးမှုပါ။ ယဉ်ကျေးမှုက လူ့ရဲ့စိတ်ဓာတ်နဲ့ နှလုံးသားကို အရောင်အဝါထွက်အောင် လုပ်ပေးပါတယ်။

လူငယ်နဲ့ ယဉ်ကျေးမှုဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ လူ့ယဉ်ကျေးမှုဆိုတာ ဘာလဲသိစေဖို့နဲ့ ဘဝမှာ ယဉ်ကျေးမှုရဲ့ အရေးပါပုံအကြောင်း ရှင်းလင်းတင်ပြထားတာပါ။

လူတိုင်းဟာ ကိုယ့်ထက် ပညာ၊ ဥစ္စာ၊ အာဏာရှိသူတွေနဲ့ ပတ်သက်ခွင့်ရတဲ့အခါ ကိုယ့်ထက်သာသူလို့ သူတို့ကို အထင်ကြီးမိပေမယ့် သူတို့ရဲ့ ပြောဆိုဆက်ဆံပုံတွေက ယဉ်ကျေးမှုမရှိရင် သူတို့ဟာ ကိုယ့်ဘဝမှာ အရာမဝင်သလို သူတို့နဲ့ ဆက်ဆံသူ အခြားတွေရဲ့ဘဝထဲမှာလည်း ရိုင်းပျသူတွေဟာ လူရာမဝင်ဘူးဆိုတဲ့ အကြောင်းကို ရွှေနဲ့ ဥပမာပြုတင်ပြထားပါတယ်။ ရွှေမှာကပ်ငြိနေတဲ့ သံ၊ ကြေး၊ ခဲ စတဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်လိုက်မှသာ ရွှေဟာ အရောင်အဝါထွက်လာ၊ လိုရာပုံသွင်းလို့ကောင်းပြီး လူ့အသုံးအဆောင် ရတနာဖြစ်လာသလိုပဲ ပညာ၊ ဥစ္စာ၊ အာဏာ၊ ရုပ်ရည်ရူပကာရှိသူတွေဟာလည်း သူတို့ရဲ့ရိုင်းပျတဲ့ စရိုက်ဆိုးကို ဖယ်ထုတ်လိုက်မှသာ သူတို့ရဲ့ဂုဏ် ရောင်ဂုဏ်ဝါတွေ ထွက်လာမယ်လို့ဆိုထားပါတယ်။

ရိုင်းပျတဲ့ အပြုအမူဆိုတာ လူတွေက ကိုယ့်ကိုမိတ်ဖွဲ့စကားလာပြောရင် အာရုံစိုက်ပြီး နားထောင်မပေးတာ၊ တစ်ဖက်သားစကားပြောနေစဉ်မှာ တစ်နေရာကိုထသွားတာ၊ တခြားအလုပ်တစ်ခုကို ကောက်လုပ်နေတတ်တာ စတာတွေဖြစ်ပြီး လူအချင်းချင်း စိတ်မချမ်းသာအောင်မလုပ်တာ၊ မခံချိမခံသာ ဖြစ်အောင်မပြောတာ၊ ကိုယ့်အတွက်နဲ့ တစ်ဖက်လူ ဝန်ထုပ်ဝန်ပိုး မဖြစ်စေတာ၊ တစ်ဖက်သားကို အနှောင့်အယှက် မပေးတာနဲ့ ကိုယ်ချင်းစာတရားထား တာတွေကတော့ ယဉ်ကျေးတဲ့ အပြုအမူတွေ ဖြစ်ပါသတဲ့။ ကိုယ့်မှာ သီလ ပညာ၊ စတဲ့ အရည်အချင်းတွေ ဘယ် လောက်ရှိရှိ တစ်ဖက်လူက ဒါကိုချက်ချင်းမမြင်နိုင်ဘဲ သတိထားမှသာ ဖြည်းဖြည်းချင်း မြင်နိုင်ပါသတဲ့။ ချက် ချင်းမြင်နိုင်တာက ယဉ်ကျေးမှုနဲ့ ရိုင်းပျမှုလို့ ဆိုထားပါတယ်။

တချို့က ရှေးမြန်မာကြီးတွေရဲ့ ဝတ်စားဆင်ယင်မှု၊ စားသောက်နေထိုင်မှုပုံစံတွေ ပျောက်ကုန်ပြီး ယနေ့ခေတ် မြန်မာတွေ ပုံစံပြောင်းသွားကြတာကြောင့် မြန်မာ့ယဉ်ကျေးမှုတွေ ပျောက်ကုန်ပြီလို့ ပြောကြပါသတဲ့။ ရှေးမြန်မာတွေ ဝတ်စားခဲ့၊ နေခဲ့တာတွေဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုလို့ ခေါ်လို့ရပေမယ့် ဒါတွေဟာ မြန်မာ့ယဉ်ကျေးမှုအစစ် မဟုတ်ဘူး။ ခေတ် တစ်ခေတ်က မြန်မာလူမျိုးတွေရဲ့ လူနေမှုစတိုင်လ်တွေသာဖြစ်ပြီး ဒီစတိုင်လ်တွေဟာ ဘယ်လူမျိုးမှာ မဆို၊ ဘယ်ခေတ်မှာမဆို ပြောင်းလဲခဲ့ ကြတာပဲလို့ ဆိုပါတယ်။ မြန်မာ့ယဉ် ကျေးမှုအစစ်ဆိုတာ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း နေထိုင်တာ၊ လူတိုင်းအပေါ် ကောင်းကျိုးလိုလားတဲ့ စိတ်၊ ဒုက္ခရောက်သူကို ကူညီလိုတဲ့စိတ်၊ အောင်မြင်သူတွေအပေါ် ဂုဏ်ယူတတ်တဲ့စိတ်နဲ့ ပတ်ဝန်းကျင်အပေါ် သာတူညီမျှ စိတ်ထားတတ်တာ၊ ကြီးသူကိုရိုသေ ငယ်သူကိုလေးစား၊ သမ္မာ အာဇီဝနဲ့ စီးပွားရှာ၊ ဟီရိသြတ္တပ္ပနဲ့ လုံခြုံအောင်ဝတ်၊ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်တာတွေသာ မြန်မာ့ ယဉ်ကျေးမှုအစစ်လို့ ဆိုထားပါတယ်။

ယဉ်ကျေးမှုရဲ့ အရေးပါပုံအကြောင်းကို ပုဂံပြည်ဥဇနာမင်းကြီးရဲ့ သားနှစ်ပါးဖြစ်တဲ့ သီဟသူနဲ့ မင်း ခွေးချေးတို့အကြောင်းနဲ့လည်းပုံပမာ ပြထားပါသေးတယ်။ မင်းသွေးစစ်မှ မင်းမြှောက်ချင်တဲ့ထုံးစံအရ သီဟသူ ဟာ မင်းဖြစ်သင့်တာ မှန်ပေမယ့် ပညာရှိ သက်တော်ရှည်အမတ်ကြီး ရာဇသင်္ကြန်အပေါ် သီဟသူရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ အပြုအမူကြောင့် ယဉ်ကျေးသူ မင်းခွေးချေးဟာ နရသီဟပတေ့ဘွဲ့အမည်နဲ့ ဘုရင်ဖြစ်သွားပုံအကြောင်းပါ။ ဒီရာဇဝင်မှာ ယဉ်ကျေးမှုက ယဉ်ကျေးသူရဲ့ဘဝကို မြင့်အောင်မြှင့်ပေးပြီး ရိုင်းပျမှုက ရိုင်းပျသူရဲ့ဘဝကို နိမ့်အောင်ဆွဲချ တယ်ဆိုတာ မြင်သာစေတယ်လို့ ဆိုပါတယ်။

လောကမှာ မိဘဆရာလုပ်သူ၊ အာဏာပါဝါရှိသူ၊ အလုပ်ရှင်နဲ့ လူချမ်းသာတွေ သတိထားသင့်တဲ့အချက်က ကိုယ့်အောက်က လူတွေကို ပြောသင့်ငေါက်သင့်ရင် ပြောရငေါက်ရမှာဖြစ်ပေမယ့် ရိုင်းရိုင်းပျပျပြောတာ၊ နှိမ်နှိမ်ချချ ဆက်ဆံတာတွေ မလုပ်ဖို့၊ ကိုယ့်အောက်ကလူက သည်းခံနေတာလား၊ ငုံ့ခံနေတာလား အကဲခတ်တတ်ဖို့၊ သည်းခံခြင်းရဲ့ နောက်ကွယ်မှာ ခွင့်လွှတ်ခြင်းရှိလို့ ရန်အေးပေမယ့် ငုံ့ခံခြင်းရဲ့ နောက်ကွယ်မှာတော့ ရန် ငြိုးဖွဲ့ခြင်းတွေ ရှိနေတတ်တယ်လို့လည်း သတိပေးထားပါသေးတယ်။ ယဉ်ကျေးမှုကို နားလည်ပြီး ယဉ်ကျေးတဲ့ ရလဒ်ကောင်းတွေနဲ့ ပြည့်စုံစေဖို့အတွက် ယဉ်ကျေးမှုအကြောင်းကို ဗုဒ္ဓတရားတော်လာ၊ ရာဇဝင်လာ ပုံပမာအချက်အလက်တွေနဲ့ သိုင်း ဝိုင်းတင်ပြထားတာ ဖြစ်ပါတယ်။

လူငယ်နဲ့ ပညာရေးဆောင်းပါးကတော့ ပညာရဲ့အရေးပါပုံနဲ့ ပညာတတ်ဖြစ်ဖို့အတွက် လိုက်နာသင့်တဲ့ နည်းလမ်းတွေ အကြောင်းတင်ပြထားတာ ဖြစ်ပါတယ်။

ဘဝလုံခြုံရေးကို စဉ်းစားမိသူတိုင်း ကြီးပွားချင်ကြတာမှန်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ကြီးပွားရေးထက် ရုပ်ပိုင်းဆိုင်ရာ ကြီးပွားရေးကို ဦးစားပေးသူက များနေတာဟာ လွဲမှားမှုတစ်ခုလို့ ဆိုထားပါတယ်။ စိတ်ဟာ အကျိုးနဲ့တူပြီး ရုပ်ဟာ အကန်းနဲ့တူပါသတဲ့။ အကျိုးနဲ့တူတဲ့စိတ် ရှေ့ကဦးဆောင်မှုနောက် အကန်းရုပ်လိုက်မှသာ လိုရာရောက်နိုင်ပြီး အကန်းက ရှေ့ကဦးဆောင်ရင်တော့ အကျိုးရော အကန်းပါ လိုရာမရောက်ဘဲ ပျက်စီးတတ်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘုရားရှင်ကလည်း စိတ်ပိုင်းဆိုင်ရာကြီးပွားရေးဖြစ်တဲ့ အသိပညာကြီးပွားရေးဟာ အမြတ်ဆုံးလို့ ဟောကြားခဲ့သလို ကမ္ဘာ့ပညာရှင်တွေကလည်း ပညာသင်ယူခြင်းဟာ အမြတ်အများဆုံးရတဲ့ ရင်းနှီးမြုပ်နှံ့မှုလို့ မိန့်ကြားခဲ့ ပါသတဲ့။

ဂျပန်နိုင်ငံဟာ သဘာဝသယံဇာတ အရင်းအမြစ် ဆင်းရဲပေမယ့် ပညာတတ်တော့ နိုင်ငံချမ်းသာ အောင်လုပ်နိုင်ပုံနဲ့ ပမာပြုပြီး ယနေ့ မြန်မာလူငယ်တွေ ပညာတတ်အောင် သင်ကြဖို့ တိုက်တွန်းထားပါတယ်။ တိုင်းပြည်ဆင်းရဲတာဟာ မျိုးချစ်စိတ်မရှိလို့ မဟုတ်ဘဲ ပညာတတ်တွေ မရှိတာကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။

ပညာတတ်သူတစ်ယောက်ဖြစ် ဖို့အတွက် ယုံကြည်ဖို့၊ နာယူဖို့၊ မမေ့ဖို့နဲ့ စဉ်းစားဖို့ဆိုတဲ့အချက်ကြီး လေးချက်လိုပုံ အကြောင်းကို ဗုဒ္ဓဝင်လာနိပါတ်တော်တွေ၊ လောကလူမှုဘဝ၊ ဥပမာ၊ ပုံပမာတွေနဲ့ အသေးစိတ်ရှင်း လင်းတင်ပြထားတာကိုတွေ့ရမှာပါ။

ပညာတတ်တစ်ယောက်ဖြစ်လို သူဟာ မိမိထက်ဥာဏ်ရှိသူက အမှားထောက်ပြတာကို မြှုပ်ထားတဲ့ ရွှေအိုး လက်ညှိုးထိုးပြတာလို့ သဘောထား နိုင်ရမယ်။ ကိုယ့်အမှားကို ထောက်ပြတဲ့ အပြစ်ရှာပါရဂူသာ ကိုယ့်အနားမှာရှိရင် ဘယ်တော့မှ လမ်းမမှား တော့ဘူးလို့ ဆိုထားပါတယ်။

သင်ယူခြင်းဟာ ကူးယူခြင်းမဟုတ်ဘဲ ပြဿနာတွေကို ဖြေရှင်းတတ်ဖို့ လေ့ကျင့်ပေးခြင်းဖြစ်တာကြောင့် ပြဿနာရဲ့ အဖြေကိုသိရုံနဲ့ သင်ယူမှုကို မရပ်သင့်ကြောင်း၊ ချဲ့ထွင်စဉ်းစားမှုတွေ ဆက်လုပ်ရမှာ ဖြစ်ကြောင်းတွေကိုလည်း နားစွဲလွယ်မယ့် ပုံပမာလေးတွေနဲ့ တင်ပြထားတာကို တွေ့ရမှာပါ။ ဒီလိုမေးရင် ဒီလိုဖြေဆိုတာကိုသာ မှတ်ထားရင် ဖြန့်ကြက်တွေးခေါ်နိုင်ခြင်းမရှိတာကြောင့် ပညာရေးရဲ့ အဓိကပန်းတိုင်ဆီ မရောက်နိုင်ဘူးလို့ ဆိုပါတယ်။ ပညာရှာကြမယ့် သင်ယူသူတွေကော၊ သင်ကြားပို့ချပေးတဲ့ဆရာတွေပါ လိုက်နာကျင့်ကြံသင့်တာတွေကို ထောက်ပြထားတာပါ။

ကိုယ့်ဘဝရဲ့ ဗိသုကာဟာ ကိုယ်တိုင်ပဲ ဖြစ်တယ်ဆိုတာ ပညာတတ်သူတွေရဲ့ဘဝကို ပြောတာဖြစ်ပြီး ပညာမတတ်ရင်တော့ သူများပုံဖော် ပေးတဲ့အတိုင်းကိုယ့်ဘဝကို ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ လက်ခံပေးရမှာပဲ ဖြစ်တာကြောင့် ယနေ့လူငယ်တွေ ကိုယ့်ဘဝ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုး တက်အောင် လုပ်မယ်ဆိုရင် ပညာတတ်အောင် အရင်ဆုံးလုပ်ကြဖို့၊ ပညာတတ်ဖြစ်နိုင်မယ့် အကြောင်းတရားတွေကို ရှာဖွေကျင့်ကြံ လိုက်နာ ကြဖို့ လိုကြောင်း အကြံပြုဆွေးနွေး တင်ပြထားတာကို တွေ့ရမှာပါ။

ကမ္ဘာကျော်ဇီဝက ဆောင်းပါးကတော့ ဂေါတမဘုရားရှင်လက်ထက်က သမားတော်ကြီး ဇီဝကရဲ့ ဘဝအကြောင်းကို တင်ပြရင်း လူတစ်ယောက်ရဲ့  လက်ရှိဘဝအခြေအနေကိုကြည့်ပြီး ဝေဖန်မှုမစောဖို့ လိုပုံတွေ၊ ပညာကို ဘယ်လိုရှာရမလဲဆိုတာတွေ၊ မကောင်းမှုကို ရှောင်တတ်ဖို့လိုသလို ကောင်းမှုကို မှန်မှန်ကန်ကန် လုပ်တတ်ဖို့ လိုပုံတွေ၊ အမြင်ချင်းမတူတဲ့ လူကြီးနဲ့လူငယ်ဟာ အပြန်အလှန် နားလည်မှုမယူရင် ပြဿနာအမြဲဖြစ်တတ်ပုံတွေ၊ လူ့လောက ကောင်းကျိုးအတွက် ကိုယ်ဘယ်လောက် အကျိုးပြုနိုင်သလဲဆိုတဲ့ပေတံနဲ့ ကိုယ့်အောင်မြင်မှုကို တိုင်း တာတတ်ဖို့လိုပုံတွေကို တင်ပြထားတာကိုတွေ့ရမှာပါ။

လူတိုင်းမှာ ကိုယ့်ဘဝ တိုးတက်အောင် ဆောင်ရွက်ဖို့ အခွင့်အရေးကိုယ်စီရှိတယ်။ ကျော်လွှားရမယ့် အခက်အခဲကြီးမားလေရလာမယ့် အောင်မြင်မှုက ကြီးလေဖြစ်တာကြောင့် ဘယ်အခြေအနေရောက်ရောက် အားငယ်နေဖို့မလိုဘဲ နားလည်နေဖို့ပဲလိုတယ်။ ဘဝဆိုတာ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ ကံပေးသမျှ ကုန်းခံနေဖို့ မဟုတ်ဘဲ ရုန်းကန်နေဖို့ လိုတယ်ဆိုတဲ့ သင်ခန်းစာတွေကို ဆရာဇီဝကရဲ့ ဘဝကတစ်ဆင့် တွေ့ရမှာဖြစ်ပါတယ်။

ဒီစာအုပ်မှာပါတဲ့ ဆောင်းပါးတွေဟာ လူငယ်တွေ ပညာရှာရာမှာ၊ အလုပ်အကိုင်ရှာဖွေရာမှာ၊ ဘဝကို ဖြတ်သန်းရာမှာ၊ လောက အကျိုးသယ်ပိုးရာမှာ ဓမ္မနဲ့အညီ ဘာတွေ ဆောင်သင့်သလဲ၊ ဘာတွေရှောင်သင့်သလဲဆိုတာကို လမ်းညွှန် အကြံပြုထားတာ ဖြစ်ပါတယ်။ ဘဝကိုပညာနဲ့ဖြတ်သန်းရင်း ဓမ္မနဲ့ ငြိမ်းချမ်းစွာနေနိုင်ဖို့ လမ်းညွှန်စာစုတွေလို့ဆို နိုင်ပါတယ်။

ဆောင်းပါး ၂၁ ပုဒ်ပါဝင်ပြီး လင်းလွန်းခင်စာပေကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

အရှင်ဓမ္မိက (ဆင်ဖြူကျွန်း)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.