1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

သာလွန်ကောင်းမွန်တဲ့ဘဝ

ခင်စောတင့်

ကျွန်မတို့က အနိုင်ရချင်တယ်။ ဒါပေမယ့် အမှန်တရားက အနိုင်ရခြင်းဟာ အလုံးစုံမဟုတ်ပါဘူး။ သင်ယူခြင်းပညာကသာ အရာရာပြည့်စုံ နိုင်ပါတယ်။ ပညာထက် အောင်နိုင်ခြင်းကို ရှေ့တန်းတင်တဲ့သူတွေက ဘဝမှာ ခက်ခဲပါလိမ့်မယ်။ ပညာကို အဓိကထားတဲ့သူတွေကတော့ ဘဝ မှာ ပြီးပြည့်စုံပြီး အောင်မြင်ခြင်းဆိုတဲ့ ဆုလာဘ်ကိုရပါလိမ့်မယ်။

အောင်နိုင်ခြင်းက အလုံးစုံမဟုတ်၊ သင်ယူခြင်းပညာသည်သာ ဆောင်းပါးထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ မြေးအဘိုးနှစ်ယောက် စစ်တုရင်ကစားပုံ ပြကွက်နဲ့ဆောင်းပါးကို စဖွင့်ထားတာပါ။ အဘိုးကချည်း အမြဲနိုင်နေတယ်လို့ မြေးကလေးက မကျေမနပ်ထအော်တဲ့အခါ ''မင်းက ငါ့ကို ဘာလုပ်စေချင်လို့လဲ။ တမင်အရှုံးပေးရမှာလား။ အဲဒီလိုသာလုပ်ရင် မင်းဘယ်တော့မှ ပညာရမှာ မဟုတ်တော့ဘူး'' လို့ အဘိုးကဆုံးမတော့ ''ကျွန်တော် ဘာပညာမှ မရချင်ဘူး။ နိုင်ပဲနိုင်ချင်တယ်'လို့ စောဒကတက်ပါသတဲ့။ အဲဒီလိုပဲ လူအများစုဟာ အောင်နိုင် ခြင်းနောက်ကို အာရုံပြုရင်း ဆက်လက် သင်ယူဖို့ မေ့လျော့နေကြပုံ အကြောင်းတွေ၊ အောင်မြင်ခြင်းရဲ့ အန္တရာယ်တွေ၊ ပညာရဲ့ အရေးပါပုံ တွေကို တင်ပြထားတာပါ။

ကျေနပ်ရောင့်ရဲနေခြင်းဟာ အောင်မြင်သူတွေ ရင်ဆိုင်ရတဲ့ အန္တရာယ်။ အောင်မြင်ခြင်းဆိုတဲ့ ဆုလာဒ်ဟာ ထက်မြက်တဲ့သူတွေကို သူတို့ ဘယ်တော့မှ မကျရှုံးတော့ဘူးလို့ သဘောပေါက်စေတယ်။ သူတို့ပညာယူဖို့ မလိုအပ်တော့ဘူးဆိုတဲ့ အတွေးကို ရစေတယ်လို့ တင်ပြရင်း အောင်မြင်မှုကို သတိအနေအထားနဲ့ ရင်ဆိုင်ဖို့ အသိပေးထားပါတယ်။

'သင်အောင်မြင်တဲ့အခါ လူတွေက သင့်ဇာတ်ကြောင်းကို သိချင်ကြတယ်။ ဒါဟာ တကယ့်အန္တရာယ်ပဲ။ အပြောနဲ့အလုပ် သင်လဲလှယ်မိသွားတတ်တယ်။ အောင်မြင်မှုရတဲ့အခါ ခုခံကာကွယ်ချင်လာကြတယ်။ အမြင့်က ပြုတ်ကျမှာ စိုးရိမ်ကြတယ်။ အောင်မြင်ခြင်းအစား ကျရှုံးခြင်း အပေါ်မှာပဲ အာရုံစိုက်လာကြတယ်။ တချို့က ရည်မှန်းချက်တစ်ခုတည်းကိုပဲ အာရုံစိုက်လာကြတယ်။ ရပြီဆိုတာနဲ့ ပြီးပြည့်စုံပြီလို့ထင်ပြီး လက်လွှတ်လိုက်ကြတယ်'လို့လည်း အောင်မြင်သူတွေ ရင်ဆိုင်ရလေ့ရှိတဲ့ စိန် ခေါ်မှုတွေကို တင်ပြထားပါတယ်။

တချို့က ဘာလုပ်ရမယ်ဆိုတဲ့ ပညာရှိပေမယ့် ကြောက်ရွံ့လို့ဖြစ်ဖြစ်၊ ပျင်းရိလို့ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ အင်အားနည်းလို့ပဲဖြစ်ဖြစ် လက်တွေ့ကျကျ မလုပ်ဆောင်ဘဲနေကြပါ သတဲ့။ လုပ်သင့်တယ်ဆိုတာကို သိပေမယ့် မလုပ်ခြင်းဟာ ဘာလုပ်ရ မှန်းမသိတာနဲ့ သိပ်မထူးတာကြောင့် ဘဝတိုးတက်ဖို့၊ အသိပညာတိုးပွားဖို့ အတွက် ရှင်သန်လှုပ်ရှားရင်း သင်ယူနေရမယ်လို့ ဆိုပါတယ်။

အောင်မြင်လိုတယ်ဆိုရင် ကျဆုံးမယ်ဆိုတာကိုလည်း လိုလိုလားလား လက်ခံနိုင်ရပါမယ်။ အမှားတွေ ထဲက သင်ခန်းစာ ထပ်တလဲလဲယူနိုင်မယ်ဆိုရင် ဘဝဟာ အရင်က ထက် ပိုကြံ့ခိုင်လာမှာဖြစ်ပါသတဲ့။ သင်ခန်းစာ မပါဝင်တဲ့ အစိတ်အပိုင်းဆိုတာ ဘဝထဲမှာ မရှိတာကြောင့် အသက်ရှင်သရွေ့ ရရှိနေမယ့် သင်ယူလေ့လာခြင်း အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးမသွားရအောင် ရွေးချယ်တတ်ဖို့လိုကြောင်း အကြံပေးထားပါတယ်။ သင့်ဘဝမှာ အကြံဥာဏ် ပေးတဲ့လူတွေ၊ အကူအညီ ပေးတဲ့လူတွေ ကြုံနိုင်ပေမယ့် ဘဝရဲ့စာမေးပွဲကိုတော့ သင်ကိုယ်တိုင် ဖြေရလိမ့်မယ်လို့ ဆိုထားပါတယ်။

အသေးအဖွဲလေးဖြစ်လို့ မလေးမစား မလုပ်ပါနဲ့ ဆောင်းပါးကတော့ ချစ်ခြင်းမေတ္တာ၊ အလှူအတန်း၊ ပေးကမ်းစွန့်ကြဲခြင်းတွေကို အသေးအဖွဲ အပြုအမူလေးတွေနဲ့ စတင်ပြီး လုပ်ဆောင်ကြဖို့ ရေးသားတင်ပြထားတာပါ။ လူတိုင်းမှာ ကြီးကျယ်တဲ့ အလှူကိုဖြစ်စေ၊ မြင့်မြတ်တဲ့ အပြုအမူကို ဖြစ်စေ တချိန်ချိန်မှာ လုပ်ဆောင်မယ်လို့ အစီအစဉ်တွေရှိမှာ ဖြစ်ပေမယ့် သေးငယ်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ အကြောင်းအရာတွေကို လုပ်ဆောင်ဖို့ အခွင့်အရေးကတော့ မကြာခဏ ဝင်လာတတ်တယ်လို့ ဆိုပါတယ်။ ဒီအခွင့်အရေးကို ကိုယ်က အသုံးချဖို့ပဲလိုပါသတဲ့။

ငါမအားသေးဘူး၊ အငြိမ်းစားယူပြီးတော့မှ ပရဟိတအလုပ်တွေ လုပ်မယ်၊ ထီပေါက်မှ၊ ငွေတွေ အများကြီးစုမိမှ လှူမယ်လို့မစဉ်းစားပါနဲ့။ အခုလောလောဆယ်မှာပဲ စားရမဲ့သောက်ရမဲ့ ဖြစ်နေသူတွေ၊ အဖော်မဲ့နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ အများကြီးနဲ့ အကူအညီလိုနေတဲ့ မိခင်တွေ၊ စာမတတ်တဲ့ အိမ်နီးချင်းတွေ၊ အမှိုက်တွေပွနေတဲ့ လမ်းတွေ စတဲ့စတဲ့ စာဖတ်သူ ကူညီနိုင်တဲ့၊ ခုပဲ ထလုပ်နိုင်တဲ့ အသေးအမွှား ကိစ္စလေးတွေ အများကြီးရှိနေတယ်လို့ ထောက်ပြထားပါတယ်။

ငွေဆိုတာ လည်ပတ်ခြင်းသဘာဝမို့ မပြတ်စီးဆင်းနေဖို့ လိုတယ်။ ကိုယ်က ကြောက်ရွံ့၊ တစ်ကိုယ် ကောင်းဆန်ပြီး ကိုယ့်အတွက်ပဲ သိုလှောင်သိမ်းဆည်းထားမယ်ဆိုရင် လည်ပတ်မှု ရပ်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။ ကိုယ့်ဆီကို ပြန်လည်စီးဆင်းဝင်ရောက်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လိုအပ်နေသူတွေထံ ကိုယ်တတ်နိုင်သမျှ ပေးကမ်းစွန့်ကြဲဖို့၊ စေတနာကောင်းထားဖို့ ဖြစ်ပါသတဲ့။ ငွေကြေးကို လှူဒါန်းသလိုပဲ ပျော်ရွှင်မှု လိုသူတွေကို ပျော်ရွှင်မှုပေးဖို့၊ မေတ္တာငတ်မွတ်နေသူတွေကို ကြင်နာမှုပေးဖို့ ဖြစ်ပါသတဲ့။ ပေးခြင်းနဲ့ ရယူခြင်းဟာ ခေါင်းနဲ့ပန်း ဖြစ်တာကြောင့် သင်ပေးတာတွေ အားလုံးသင့်ဆီကို အတိုးနဲ့တကွ ပြန်လည် စီးဆင်းဝင်ရောက်လာမယ်၊ သင် စိတ်ကောင်းစေတနာကောင်းထားဖို့ပဲလိုတယ်လို့ ဆိုထားပါတယ်။

ချစ်လျှင်အကျိုး မုန်းလျှင်အပြစ်၊ မြတ်နိုးတော့သဒ္ဓါ ဆောင်းပါးကတော့ လူတွေမှာရှိတတ်တဲ့ အစွဲတွေ အကြောင်း ရေးပြထားတာပါ။ မြန်မာပြည်နိုင်ငံရေးမှာ ရှေးခေတ်ကတည်းက ခွဲရေးတွဲရေး အစွဲတွေ ကြောင့် သူ့ဘက်သားကိုယ့်ဘက်သား ကွဲကုန်ကြတာ ဗိုလ်ချုပ်အောင်ဆန်းတို့ မရှိတဲ့နောက် ပြည်တွင်းစစ်ဖြစ်တဲ့အထိ ဖြစ်ခဲ့ရပါသတဲ့။ ပါလီမန်ခေတ် ရောက်တော့လည်း ဦးနုတို့ကွဲကုန်ပြီး စစ်တပ်က အာဏာသိမ်းခံလိုက်ရတာက စလို့ တိုင်းသူပြည်သားတွေ နှစ်ငါးဆယ်ကျော် ဖိနှိပ်ခံရ၊ ဆင်းရဲတွင်း နက်ခဲ့ရတာကလည်း အစွဲတွေကြောင့်ပဲလို့ ဆိုပါတယ်။

နည်းနည်းပါးပါး နေမကောင်းတာနဲ့ သူ့မှာနှလုံးရောဂါဖြစ်နေပြီ၊ ဆီးချိုလည်းရှိတယ်၊ သွေးတိုးလည်း ရှိတယ်ဆိုတဲ့အစွဲနဲ့ တရှောင်ရှောင် ဖြစ်နေတတ်သူတွေလည်း ရှိပါသတဲ့။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆိုသလိုအစွဲက လူတွေကို ဒုက္ခပေးတတ်ပုံအကြောင်းရေးပြရင်း စာရေးသူက သူ့မှာလည်း ခေတ်ကောင်းကို မီခဲ့လေတော့ ငယ်စဉ်ကတည်းက သုံးစွဲ ခဲ့တဲ့ ပစ္စည်းကောင်းတွေကို စွဲလမ်းစိတ်ရှိကြောင်း ရေးပြထားပါတယ်။ သူတို့ငယ်ငယ်က အင်္ဂလန်နဲ့ ဂျာမဏီပစ္စည်းတွေ သုံးစွဲခဲ့ကြပုံ၊ ဂျပန်ပစ္စည်း ဆိုရင် အထင်မကြီးပုံ၊ ထိုင်းပစ္စည်း တရုတ်ပစ္စည်းဆို ကြားတောင်မကြား ဖူးကြပုံ၊ မြန်မာနိုင်ငံက သူတို့ထက်သာတဲ့ ပစ္စည်းတွေထွက်ခဲ့ပုံ၊ မဆလခေတ်ရောက်တော့မှ အစစရှားပါးလာပြီး တရုတ်နဲ့ထိုင်းက မှောင်ခိုပစ္စည်းတွေ ဝင်လာပုံတွေကို ဒီကနေ့ခေတ် မြန်မာနိုင်ငံ အခြေအနေနဲ့ နှိုင်းယှဉ်သုံးသပ်မိအောင် ရေးပြထားပြန်ပါတယ်။

ဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့ လူတိုင်းမှာ အစွဲတွေရှိကြပေမယ့် အစွဲတွေပေါ်မှာ အစွန်းရောက်ပြီး လောဘ ဒေါသတွေမဖြစ်ဖို့၊ အစွဲကြောင့် မတူကွဲပြားကြပေမယ့် ရန်သူတော့ မဖြစ်ကြဖို့ အသိပေး၊ သတိပေးတင်ပြ ထားတာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ သာလွန်ကောင်းမွန်သောဘဝ အပါအဝင် လူမှုဘဝ နေနည်းဆိုင်ရာ၊ စာပေဆိုင်ရာ၊ နိုင်ငံ ရေးဆိုင်ရာတွေအကြောင်း ရေးသားတင်ပြထားတဲ့ ဆောင်းပါး ၃၃ ပုဒ် ပါဝင်ပါတယ်။

ကံ့ကော်ဝတ်ရည် စာပေကနေ တန်ဖိုး ၂၃ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက် ပါပြီ။

စိုးမိုးသူ

မြတ်ငြိမ်း

Evelyn Anthony ရေးတဲ့  The Occupying Power ဝတ္ထုကို ဆရာမြတ်ငြိမ်းက ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလ ပြင်သစ်နိုင်ငံကို ဂျာမန်နာဇီတို့ သိမ်းပိုက်ထားချိန်၊ ပါရီမြို့ရဲ့ ရွာကလေး တစ်ရွာက အဖြစ်အပျက်ကို အခြေပြုပြီး ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။ စိန့်ဘလေ့ဇ်ကျေးရွာ စံအိမ်ကြီးရဲ့ မြို့စားကတော် လူးဝီရဲ့အချစ်ဇာတ်လမ်း၊ လူးဝီတို့အိမ်မှာနေထိုင်သွားရင်း လူး ဝီကို တစ်ဖက်သတ်ချစ်ကြိုက်ခဲ့သူ ဂျာမန်ဗိုလ်မှူးတစ်ယောက်ရဲ့ စစ်ရာဇဝတ်ကောင်ဘဝ ရောက်ရှိခဲ့ရပုံ အကြောင်းအရင်း၊ နာဇီဂျာမန်တို့ရဲ့လုပ်ရပ် အထွေထွေကို လျှို့ဝှက်ထောက်လှမ်းဖို့ မဟာမိတ်တပ်တွေက စေလွှတ်လိုက်သူ ဥပဒေပညာရှင် အယောင်ဆောင် ရော်ဂျာဆဲဗေ့ခ်ျနဲ့ လူးဝီတို့ ပေါင်းပြီး ဂျာမန်တွေကို အမြစ်ဖြုတ်ဖို့ လျှို့ဝှက်စစ်ဆင်မှု၊ တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က စိုးမိုးခဲ့သည်အထိ သံယောဇဉ် ဖြစ်သွားကြသူ ရော်ဂျာနဲ့လူးဝီတို့ရဲ့ သံယောဇဉ် ...စတဲ့ ပြင်သစ်ရွာ ကလေးတစ်ရွာမှာ ဖြစ်ပျက်သွားတဲ့ စစ်အကြောင်း၊ အချစ်သံယောဇဉ် တွေအကြောင်းကို ရောယှက်ပြီး ဇာတ်သိမ်းမလှတဲ့ စစ်ရာဇဝတ်ကောင်တွေရဲ့ ဘဝအကြောင်း တင်ပြထားတာ ဖြစ်ပါတယ်။

ရန်သူကြီးစိုးနေချိန်မှာ ရန်သူနဲ့ပေါင်းပြီး ကိုယ်ကျိုးရှာတတ်သူ အသားထဲက လောက်ကောင်တွေ အကြောင်း၊ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးသွမ်းရက်စက်မှုတွေအကြောင်း၊ ဘယ်လိုပဲဖုံးဖိကွယ်ဝှက် ကာကွယ်ကြပေမယ့် နောက်ဆုံးမှာ စစ်ရာဇဝတ်ကောင်တွေရဲ့ ပြေးလမ်းပျောက်ဆုံးရပုံ အကြောင်းတွေကို မီးမောင်းထိုးပြထားတဲ့ ဝတ္ထုဖြစ်ပါတယ်။

အလင်းသစ်စာပေကနေ တန်ဖိုး ၅ဝဝဝ ကျပ်နဲ့ ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.