1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ယောက်ျားဆိုတာ မငိုရဘူး

မြို့ထဲထွက်ဖြစ်တုန်း အခွေဆိုင်တွေဘက် လျှောက်ကြည့်တော့ 'ယောက်ျားဆိုတာ မငိုရဘူး'လို့ နာမည်ပေးထားတဲ့ အခွေကို စိတ်ဝင်စားတာနဲ့ ဝယ်လာခဲ့တယ်။ အိမ်ရောက်လို့ ဖွင့်ကြည့်ပြီး အခွေသိမ်းဖို့ စက္ကူဘူးကို ဖွင့်လိုက်တော့မှ အရင်က ဝယ်ထားပြီးသား အခွေရှိနှင့်နေတာကို တွေ့လိုက်ရတယ်။ အရင်က ဝယ်သာဝယ်ခဲ့ပြီး မကြည့်ဖြစ်ခဲ့ဘူး။

၁၉၉၃ ခုနှစ်က အမေရိကန် ပြည့်ထောင်စု၊ နီဘရားစကားပြည်နယ်အတွင်းမှာ 'တီးနားဘရန်ဒွန်' ဆိုတဲ့ အသက် ၂ဝ အရွယ် မိန်းကလေးဟာ 'ဘရန်ဒွန်တီးနား'လို့ နာမည်ပြောင်းပြီး သူ့ကိုယ်သူ ယောက်ျားလေးတစ်ယောက်နဲ့ လုံးဝတူအောင် ပြုမူနေထိုင်ရင်း မထင်မှတ်တဲ့ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ပြီး ရက်ရက်စက်စက် မုဒိန်းကျင့်အသတ်ခံလိုက်ရတဲ့ တကယ့်ဖြစ်ရပ်မှန် ကို ရိုက်ကူးထားတာပါ။

ဒီရုပ်ရှင်ကို ရိုက်ကူးတဲ့ ဒါရိုက်တာကလည်း ရုပ်ရှင်ဆိုလို့တစ်ကားမှ မရိုက်ဖူးသေးတဲ့ အသက် ၂၅ နှစ်အရွယ် ရုပ်ရှင်သင်တန်းကျောင်းဆင်း အမျိုးသမီးကလေး 'ကမ်ဘာလီ ပီးယားစ်'ပါ။ သူမဟာ အနုပညာကျောင်းဆင်းခါစ  လူမသိသူမသိ အမျိုးသမီးငယ်ရွယ်သူ ဒါရိုက်တာလေးလည်းဖြစ်တော့ ငွေကြေးကိုလည်း သိပ်မသုံးနိုင်တဲ့အတွက် နာမည်ကြီး သရုပ်ဆောင်တွေကို မသုံးနိုင်တဲ့အတွက် အတော်ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေတဲ့ မင်းသမီး 'ဟီလာရီဆွင့်ခ်' ကိုပဲ အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားက တကယ့်ဇာတ်ကားကြီးတွေ၊ နာမည်ကျော် သရုပ်ဆောင်တွေကိုကျော်လွန်ပြီး ကနေဒါနိုင်ငံ 'တိုရန်တို' ရုပ်ရှင်ပွဲတော်နဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက် ရုပ်ရှင်ပွဲတော် အပါအဝင် အခြားနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေအမြောက်အများရခဲ့ပြီး ရွှေကမ္ဘာလုံးဆုပါရရှိကာ နောက်ဆုံးအဆင့် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့ဆုအဖြစ် အော်စကာဆုကိုပါ ရရှိသွားခဲ့ပါ သည်။

ဇာတ်ကောင် 'ဘရန်ဒွန်တီးနား' ဆိုတဲ့ ကောင်မလေးဟာ တကယ့်ယောက်ျားလေးတစ်ယောက်နဲ့ လုံးဝတူအောင် လေ့ကျင့်နေထိုင်တယ်။ သူ ကလေးဘဝမှာ ဖခင်သေဆုံးသွားတော့ မိခင်နဲ့နေရတယ်။

ဆံပင်ကို ယောက်ျားလေးတွေခေါင်းက ဆံပင်ပုံစံအတိုင်း ညှပ်လိုက်တယ်။ ရင်သားတွေကို တင်းတင်းကြပ်ကြပ်စီးပြီး ရှပ်အင်္ကျီလက်ရှည်နဲ့ ဂျင်းဘောင်းဘီကိုဝတ်ကာ ဦးထုပ်ကို ငိုက်စိုက်အနေအထားဆောင်းတယ်။  ယောက်ျားလေးတွေ ပြုမူလေ့ရှိတဲ့ အလေ့အထအတိုင်း ညကလပ်တွေ၊ ဘားတွေကိုသွားတယ်။  မိန်းကလေး ချောချောလှလှလေးတွေကို စိတ်ဝင်တစားနဲ့ ဒိတ်လုပ်တတ်တယ်။ စကားရော ဖောရောနဲ့မိတ်ဖွဲ့ပြီးတော့ ယောက်ျားလေး တစ်ယောက်က မိန်းကလေးတစ်ယောက်ကို လိုက်စောင့်ရှောက်သလိုမျိုး ညဘက်ကောင်မလေးတွေ အိမ်အပြန်ကို လိုက်ပို့ပေးတတ်တယ်။

ယောက်ျားလေးတွေ စီးကရက် သောက်တဲ့စတိုင်အတိုင်းသောက်တယ်။ အရက်ဘီယာကိုလည်းကြုံရင် ယောက်ျားလေးတွေ စတိုင်အတိုင်း သောက်ပြတတ်တယ်။ ခိုက်ရန် အတွက် ထိုးခန်းကြိတ်ခန်းတွေတောင် လုပ်တတ်တယ်။ သူလုပ်သမျှတွေကို သူ့အစ်ကိုဝမ်းကွဲတော်သူဂျွန်နီက နောက်ကနေလိုက်ပြီး အကူအညီပေးရတယ်။ ပြဿနာဖြစ်ပြီး အရေးကြုံလို့ ဘရန်ဒွန်တီးနား တစ်ယောက် ဂျွန်နီအိမ်ထဲဝင်ပြေးတဲ့ အခါ နောက်ကလိုက်လာသူတွေက မကျေနပ်လို့ အိမ်တံခါးတွေ၊ မှန်တွေကို ဖျက်ဆီးပစ်သွားတာမျိုးတွေကို လည်း ဂျွန်နီက ခံရရှာတယ်။

ဘရန်ဒွန်တီးနားဟာ ယောက်ျား လေးတွေနဲ့ရှုပ်သလို မိန်းကလေးတွေနဲ့လည်း ရှုပ်တတ်၊ လစ်ရင်လစ်သလို အလစ်သုတ်တတ်တာမျိုးကိုလည်းလုပ်တယ်။ တစ်ညမှာ ကလပ်တစ်ခုကိုသွားရင်း ကင်းဒေ့စ်ဆိုတဲ့ အမျိုး သမီး တစ်ယောက်နဲ့ ခင်မင်ရာကနေ အိမ်ထောင်ရှိမှန်းမသိပဲ ဟိုလိုလို၊ ဒီလိုလိုသွားလုပ်လို့ ကင်းဒေ့စ်ရဲ့ ယောက်ျားနဲ့ ထိုးကြကြိတ်ကြလုပ်နေရတုန်း သူ့ဘက်ကနေ ထောင်ထွက် 'ဂျွန်လော့တာ'ဆိုတဲ့ လူက ဝင်ကူလိုက်လို့ သက်သာရာ ရသွားတယ်။

နောက်သူတို့နဲ့ ခင်မင်သွားပြီး ခြေဦးတည့်ရာသွားကြမယ့် ဂျွန်လော့တာနဲ့ ကင်းဒေ့စ်တို့နဲ့အတူ ဖောလ်စီး ရီးဆိုတဲ့မြို့ကို လိုက်သွားတယ်။ အဲဒီမြို့မှာ ဂျွန်လော့တာနဲ့ မိသားစုလို ခင်မင်ရင်းနှီးနေတဲ့ 'လာနာ'ဆိုတဲ့ ကောင်မလေးနဲ့ သံယောဇဉ်ဖြစ်သွားတယ်။ ဘရန်ဒွန်တီးနား တည်းခိုနေတာက ကလေးတစ်ယောက်အမေ ကင်းဒေ့စ်ရဲ့အိမ်မှာပါ။ ဒါပေမယ့် လာနာဆိုတဲ့  ကောင်မလေးနဲ့ရင်းနှီးပြီး လာနာနေတဲ့ အိမ်ကိုအလည် လိုက်သွားရင်း လာနာရဲ့အမေနဲ့ပါ ခင်မင်သွားပါတယ်။

ဘရန်ဒွန်တီးနားက တကယ့်ယောက်ျားချောချောလေးတစ်ယောက်လို ပြုမူနေထိုင်တာကြောင့် လာနာ့ရဲ့ အမေကလည်း သားလေးတစ်ယောက်လို သံယောဇဉ်တွယ်သွားပါတယ်။ ဂျွန်လော့တာဆိုတဲ့ ထောင်ထွက်ကလည်း  သူ့မှာမာလိုရီဆိုတဲ့ ဇနီးနဲ့ 'ဧပြီ'ဆိုတဲ့ သမီးကလေးရှိခဲ့ဖူးပေမယ့် လာနာတို့ မိသားစုကို သူ့မိသားစုအရင်းအချာလို သဘောထား နေထိုင်ပါတယ်။

ဂျွန်လော့တာရဲ့ စရိုက်က ခပ်ပေပေ၊ ခမ်ကြမ်းကြမ်း။ သူနဲ့တွဲတဲ့ 'တွမ်' ဆိုတဲ့ သူကလည်း ကိုယ့်အိမ် ကိုယ်ပြန်မီးရှို့လို့ ထောင်ကျဖူးတဲ့သူ။ သူတို့နှစ်ယောက်က စရိုက်ချင်းတူတော့ ပေါင်းမိနေကြတယ်။ ဘရန်ဒွန် တီးနားက ခုရောက်နေတဲ့ ဖောလ်စီး တီးမြို့ကနေ သူ့ဇာတိလင်ကွန်းမြို့ ကလေးဆီကို အရင်က အလစ်သုတ်မှုတစ်ခုအတွက် ရုံးချိန်းအမီ တရားရုံးကို ပြန်သွားရတယ်။ ဒါပေမယ့်  ဟိုရောက်တော့ သူ့ကိုပြစ်ဒဏ်ချမှာစိုးလို့ ရုံးရောက်ပြီးမှ ပြန်ရှောင်ထွက် လာခဲ့တယ်။

နောက် ဖောလ်စီးတီးမြို့ကလေးမှာ အရှိန်ပြင်းလွန်းပြီး ကားမောင်းကြမ်းလို့ ယာဉ်ထိန်းရဲက လိုင်စင် တောင်းတော့ ကားလိုင်စင်မှာ သူ့နာမည်က ချားလ်စ်ဖြစ်နေတယ်။ လိပ်စာကို ကားပေါ်မှာ သူနဲ့အတူပါလာတဲ့ 'လာနာ' က သူ့အိမ်လိပ်စာပေးခဲ့တော့ ဘရန်ဒွန်တီးနား အိမ်ပြန်အရောက်မှာ သူ့ကိုရုံးကခေါ်တဲ့ စာရောက်နေတယ်။ ရုံးရောက်လို့ သူ့ရဲ့ ချားလ်စ်နာမည်ကို ကွန်ပျူတာထဲ ထည့်လိုက်တော့ ဘရန်ဒွန်တီးနားဟာ လင်ကွန်းမြို့က ရှောင်ထွက်ပြေး လာတဲ့ တရားခံပြေးမှန်းသိသွားပြီး အချုပ်ခန်းထဲ တန်းထည့်လိုက်ကြတယ်။ ဒီလိုဖြစ်ပေမယ့်လည်း လာနာ ဆိုတဲ့ ကောင်မလေးက ဘရန်ဒွန်တီးနားအပေါ် တကယ့်မေတ္တာစစ်အချစ်က မပျက်ဘူး။ လာနာရဲ့ အကူအညီနဲ့ ဘရန်ဒွန်တီးနား အချုပ်ထဲက လွတ်လာပါတယ်။

ကင်းဒေ့စ်ဆိုတဲ့ အမျိုးသမီးကြီးဟာ သူ့အိမ်မှာနေတဲ့ ဘရန်ဒွန်တီးနားရဲ့ လျှို့ဝှက်အမျိုးသမီးသုံးပစ္စည်း တွေကို တွေ့သွားပြီး မိန်းကလေးမှန်း သိသွားကာ ဖော်ကောင်လုပ်ပြီး လျှောက်ပြောပါတော့တယ်။

ဖောလ်စီးတီးသတင်းစာထဲမှာ ကားမောင်းကြမ်းတဲ့ ဘရန်ဒွန်တီးနားရဲ့ သတင်းကို ဖော်ပြတာမှာလည်း သူ့ရဲ့မူရင်း မိန်းကလေးအမည်ဖြစ်တဲ့ တီးနားဘရန်ဒွန်လို့ ဖော်ပြလိုက်တာ ကြောင့် ဂျွန်လော့တာနဲ့ တွမ်တို့သိ သွားကြတယ်။ သူတို့ လာနာရဲ့ အမေကို သွားပြောနေတုန်း ဘရန် ဒွန်နဲ့ လာနာတို့အပြင်က ပြန်လာကြ တယ်။

ဘရန်ဒွန်တီးနားကို မိန်းမမှန်းသိသွားကြတော့ လာနာရဲ့အမေ အပါအဝင် ဂျွန်လော့တာနဲ့တွမ်တို့ အားလုံး ဒေါသအမျက် ချောင်းချောင်းထွက်ကုန်ကြတယ်။ ဂျွန်လော့တာနဲ့ တွမ်တို့နှစ်ယောက်က ဘရန်ဒွန်ကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး လာနာကို ကြည့်ခိုင်းတယ်။ နင်ကြိုက်နေတာက ခုတော့ ဘယ်လိုဟာမျိုးလည်းဆိုတာ မြင်ပြီလားပေါ့။ လာနာအမေကလည်း သူ့သမီးကို  ဒီလိုမျိုးလုပ်ရပါ့မလားပေါ့။ ဘရန်ဒွန်တီးနားကိုဝိုင်းပြီး ကန်ကျောက်ထိုးနက်ကြတယ်။ လာနာက သနားလွန်းလို့ ဝင်တားတယ် မရဘူး။

ဘရန်ဒွန်တီးနားကို လာနာတို့ အိမ်ကအထွက်မှာ ဂျွန်လော့တာနဲ့တွမ်တို့က မြို့ပြင်ခေါ်သွားပြီး တစ် ယောက်တစ်လှည့် မုဒိန်းကျင့်ကြတယ်။ ဒီကိစ္စပြန်ပြောရင် သတ်ပစ် မယ်လို့လည်း ခြိမ်းခြောက်လိုက်တယ်။

ဘရန်ဒွန်ကလည်း ဒီလိုဖြစ်ရတာ သူ့အပြစ်ပါလို့ အောက်ကျို့ပြီးဝန်ခံရှာပါတယ်။ ဂျွန်လော့တာဆိုတဲ့ ထောင်ထွက်က ဘရန်ဒွန်ကို သူ့အိမ် ခေါ်သွားတယ်။ ဘရန်ဒွန်က ရေချိုးခန်းထဲကနေ လာနာဆီကို ထွက်ပြေးလာခဲ့တယ်။ လာနာက ဘရန်ဒွန် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ တွေ့ရလို့ အရေးပေါ် လူနာတင် ကားခေါ်ပြီး ဆေးရုံကို ပို့ပေးလိုက် တယ်။ အဲဒီမှာ ဆရာဝန်မက  စစ်ဆေးကြည့်တာမှာ ဘရန်ဒွန်ဘာဖြစ် တယ်ဆိုတာသိသွားပြီး ရဲကလာနာ တို့သားအမိနှစ်ယောက်ကို စစ်တယ်။

နောက်တစ်နေ့ညနေမှာ ဘရန်ဒွန်နဲ့ လာနာတို့တွေ့ပြီး သူတို့နှစ်ယောက် 'မင်းဖစ်'လို့ အမည်ရတဲ့မြို့ကို ထွက်ပြေးကြမယ်ပေါ့။ အဲသလို တိုင်ပင်ပြီး လာနာက သူ့အိမ်ကိုပြန်ပြီး ပစ္စည်းတွေသိမ်းတယ်။ လာနာရဲ့ အမေက  ဂျွန်လော့တာနဲ့ တွမ်တို့ကို ''မင်းတို့လုပ်လိုက်တဲ့ ကိစ္စ ရဲကသိ သွားပြီ''လို့ ပြောလိုက်တယ်။ ဂျွန် လော့တာဆီကိုလည်း ရဲကဖုန်းဆက် ပြီး နောက်နေ့မနက်မှာ ရဲစခန်းကို လာခဲ့ဖို့ ချိန်းဆိုလိုက်တယ်။

ဂျွန်လော့တာနဲ့ တွမ်တို့ဟာ သူတို့လုပ်တာရဲကသိသွားပြီဆိုလို့ ဒေါသတွေပိုထွက်လာကြတယ်။ အဲဒီဒေါသတွေက ဘရန်ဒွန်တီးနားအပေါ် စုပုံကျလာတယ်။ လာနာရဲ့အမေပြောတဲ့စကားအရ ဘရန်ဒွန်တီးနားဟာ အမျိုးသမီးကြီး ကင်းဒေ့စ်ရဲ့အိမ်မှာ ကပ်နေတယ်ဆိုတာကို သိလိုက်ရတော့ အဲဒီအိမ်ကိုလိုက်သွားပြီး ဂျွန်လော့တာက ဘရန်ဒွန်တီးနားကို သေနတ်နဲ့ ပစ်သတ်ပစ်လိုက်တယ်။ တွမ်က အမျိုးသမီးကြီး ကင်းဒေ့စ်ကို ပစ်သတ်လိုက်တယ်။ နောက် ကတားရအောင်လိုက်လာတဲ့ လာနာကိုပါ စ်သတ်ဖို့ အလုပ်မှာ ဂျွန်လော့တာက ဝင်တားလိုက်တယ်။ လာနာခမျာမှာ သွေးတွေနဲ့ ကြမ်းပြင်ပေါ်မှာလဲနေတဲ့ ဘရန်ဒွန်တီးနား ရဲ့ အလောင်းကိုမှီပြီး ဖက်ထားလိုက်ပါတယ်။

မနက်မိုးလင်းတော့ လာနာကို သူ့အမေကလာခေါ်တယ်။ အဲဒီမှာ လာနာက ဘရန်ဒွန်တီးနားရဲ့ အိတ်ထဲက နှုတ်ဆက်စာလေးကို ယူလာပြီး သူ့ကို နှုတ်ဆက်တဲ့အကြောင်း ရေးထားတာကို ဖတ်နေပါတော့တယ်။

ဒီပြစ်မှုအတွက် ဂျွန်လော့တာက သေဒဏ်ကျခံရပြီး အယူခံဝင်နေရပါတယ်။ တွမ်ကတော့တရားလို ဘက်ကနေအဖြစ်မှန်တွေကို ဖော်ထုတ်ပေးတဲ့အတွက်ကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရပါတယ်။ လာနာကတော့ အခြားယောက်ျားတစ်ယောက်နဲ့ညားပြီး သမီးလေးတစ်ယောက် မွေးဖွားကာ အဲဒီဖောလ်စီးတီးမြို့မှာပဲ ဆက်လက် နေထိုင်ပါတယ်။

အဟိတ်တိရစ္ဆာန်တွေလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ လူနှစ်ယောက်ရဲ့ အတားအဆီးမဲ့ ဒေါသကြောင့်အပြစ် မဲ့သူတစ်ယောက် အသက်ပေးသွားရတာဟာ ရင်နင့်စရာကောင်းလှပါတယ်ဆိုတဲ့အကြောင်းနဲ့ အဓိပ္ပာယ် မဲ့ရမ်းကားလွန်းတဲ့ သူတွေကြောင့် ဒီလောက်အကျည်းတန် အရုပ်ဆိုးရတာတွေဖြစ်နေပါပေါ့လားဆိုတာကို အသက်အငယ်ဆုံး အမျိုးသမီးဒါရိုက် တာလေးက အော်စကာဆုတွေယူကာ တစ်ကမ္ဘာလုံးကို ချပြလိုက်တာ ဖြစ်ပါ တယ်။

 

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.