1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ခေတ်ပြိုင်ဒဿနဂန္ထဝင်

မောင်ကြည်သစ်

လူများစုကြီးသည် အိပ်မောကျ နေသူများဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တွေးတောစဉ်းစား ဝေဖန်သုံးသပ်မှု မပြုလိုကြသည့် အတွက်ကြောင့်ဖြစ်၏။ ထိုသူတို့သည် လူသားအဖြစ်မှ အသက်ဝိညာဉ်မဲ့ အရာဝတ္ထုများအဖြစ်သို့ နိမ့်လျှောကျဆုံးသွားကြတော့၏။ ရှင်လျက်နှင့် သေဆုံးနေကြသူများဖြစ်ကြပေသည်။

နစ်ရှေး၏ ဇရသုစတြ ဆောင်း ပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ ကမ္ဘာကျော် စာရေးဆရာကြီးတွေ၊ ဒဿနဆရာကြီးတွေဖြစ်ကြတဲ့ ဘားနတ်ရှော၊ သီအိုဒိုဒရိုင်ဇာ၊ ဂျက်လန်ဒန်၊ယန်းပေါဆတ်၊ကမျူး၊ အိုတေဂါ အီဂါဆေးတို့အပေါ် သူ့အတွေး အခေါ်တွေ သြဇာသက် ရောက်မှုရှိခဲ့သူ ဂျာမန်စာပေပညာရှင်၊ ဒဿနဆရာကြီး နစ်ရှေးရဲ့ ဇရသုစတြ၏ ကထာ (Thus Spake Zarathustra) စာအုပ်ပါ အတွေးအခေါ် ဒဿနတွေကို ထုတ်နုတ်တင်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ကိုယ်ကျင့်တရားပညာနဲ့ ဘဝနေထိုင်မှုဆိုင်ရာ အတွေးအမြင်တွေကို တွေ့ရမှာပါ။

လူသားဟာ မိမိကံကြမ္မာကို မိမိဘာသာ ဖန်တီးနိုင်တယ်။ ဖန်လည်းဖန်တီးရမယ်။ လူသားဟာ ပစ္စက္ခဘဝမှာလည်း ဘယ်သူ့ထံက ဘယ်လိုအကူအညီကိုမှ မျှော်လင့်စရာမရှိ။ လူသားဟာ ဘယ်သဘာဝလွန် အကူအညီကိုမှ မျှော်လင့်စရာမရှိ။ ဘာ့ကြောင့်ဆို ဘုရားသခင် (God) ဟာ သေဆုံးသွားပြီဖြစ်တယ်။ လူ့ဘဝဖြစ်တည်မှု အစစ်အမှန်ကို မရှာနိုင်သူတွေသာ မိမိကိုယ်မိမိ ဆင်းရဲဒုက္ခထဲ နစ်နေသူလို့ ခံယူနေကြတာ ဖြစ်တယ်။ စံပြုအပ်တဲ့၊ ရုန်းကန်လှုပ်ရှားနေတဲ့ လူ့ထက်လူလူသားကတော့ မိမိဟာ ဆင်းရဲဒုက္ခခံစားနေရသူ တစ်ဦးလို့ ဘယ်သောအခါမှ မှတ်ယူ မှာမဟုတ်ကြောင်း 'ဇရသုစတြကထာ' မှာ အနုပညာမြောက်စွာ တင်ပြထားတယ်လို့ဆိုပါတယ်။

ဘာသာရေးအစွန်းရောက်၊ အစွဲကြီးသူတွေကိုလည်း အတွေးမှား အယူမှားတို့ရဲ့ လက်သည်တရားခံ ဖြစ်ကြောင်း နစ်ရှေးက တင်ပြထားပါသတဲ့။ ဘာသာရေးအစွန်းရောက်သူတွေဟာ မရေရာမသေချာတဲ့  နောင်ဘဝမှာရရှိမယ့် ချီးမြှောက်မှုကို အချည်းအနှီးမဲ့ မျှော်လင့်စောင့်စားသူတွေဖြစ်တယ်။ လက်ရှိပစ္စက္ခ လူ့ဘဝတန်ဖိုးကို မခံယူနိုင်ကြသူတွေ ဖြစ်တယ်လို့ဆိုထားပါတယ်။

လူအားလုံး သာတူညီမျှသဘော၊ တူညီမှုရှိတယ်ဆိုတဲ့ သဘောကိုလည်း နစ်ရှေးက ငြင်းပယ်ထားပါသတဲ့။ ထူးချွန်သူဟာ သာမန်သူလိုငါလို လူသားနဲ့ လုံးဝမတူ။ သာမန်လူသားတို့ မှတ်ယူထားတဲ့ ကောင်းခြင်း၊ ဆိုးခြင်း သဘောတို့ကို ကျော်လွန်သူဖြစ်တယ်။ လူအချင်းချင်း အတူတူပါလို့ ဟောပြောသူတွေဟာ အမှန်တရားကို သွေဖည်နေသူတွေဖြစ်တယ်လို့ နစ်ရှေးက 'ဇရသု စတြ'ကတစ်ဆင့် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မိမိဘဝရဲ့ လိုအင်ဆန္ဒကို လက် တွေ့အကောင်အထည်ဖော်သူ၊ သူ တစ်ပါးဖောက်ပြီးသားလမ်းကို မှေးမလျှောက်ဘဲ ကိုယ့်လမ်းကိုယ်ဖောက် လျှောက်နိုင်သူ၊ လမ်းသစ်ထွင်သူသာ ထူးချွန်တဲ့သူလို့ နစ်ရှေးက ယူစခဲ့ကြောင်း၊ လူ့ဘဝက ထွက်ပြေးမှုဝါဒကို နစ်ရှေးက လက်မခံတဲ့အကြောင်းတွေကို ထုတ်နုတ်တင်ပြထားတာကို တွေ့ရမှာပါ။

နိုင်ငံတော်၏ ဒဏ္ဍာရီ ဆောင်းပါးကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဖက်ဆစ်အာဏာရှင်စနစ် ခေါင်း ထောင်လာပုံအကြောင်းအရင်းကို သုံး သပ်ရေးသားထားတဲ့ ဒဿနပညာရှင် အန်းစ်ကက်စီယာရဲ့ နိုင်ငံတော်၏ ဒဏ္ဍာရီ (The Myth of State) စာအုပ်ထဲက နိုင်ငံရေးဒဿနတွေကို ထုတ်နုတ်တင်ပြထားတာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ အထွေထွေ မကျေနပ်မှုတွေကြောင့် ပြဿနာအကျပ်အတည်းအမျိုးမျိုးဆိုက်ပြီး သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ အဆုံးအဖြတ်ကာလတစ်ခု ဆိုက်ရောက်လာတဲ့အခါ တွေးဆဆင်ခြင်တတ်သူ အင်အားစုတွေဟာ ဒဏ္ဍာရီစွမ်းအားစုရဲ့ ထိုးနှက်ခြင်းကို ကြံ့ကြံ့ခံရင်ဆိုင်ဖို့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။ အဲဒီအခြေအနေမှာ လူတွေရဲ့ ကြောင်းကျိုးမြော်မြင်ဆင်ခြင်မှုဟာမှေးမှိန်၊ စိတ်လှုပ်ရှားခံစားချက်တွေ ရှေ့တန်းရောက်လာပြီး ဒဏ္ဍာရီ အတွေးတွေကို အာဏာရှင်စနစ် လိုလားသူတွေက ရုပ်လုံးဖော် တည် ဆောက်ကြပါသတဲ့။ အာဏာရှင်နိုင်ငံတွေဟာ ဒဏ္ဍာရီခံယူချက်က ပေါက်ဖွားလာခြင်းဖြစ်ပြီး သူတို့ရဲ့ အဓိကလက်နက်ကလူထုကို စိတ်ကူးနဲ့ လွမ်းစေခြင်းလို့ ဆိုပါတယ်။ လူသားရဲ့ စိတ်ကူးယဉ်တတ်မှု သဘောကိုသိကြတဲ့ အာဏာရှင်တွေဟာ ကြီးမားကျယ်ပြန့်လှတဲ့ လူအုပ်စုကြီးကို ထိန်းချုပ်စေစားရာမှာ ရုပ်ပိုင်း အင်အားထက် စိတ်ကူးယဉ်မှု စွမ်းအားကို ပိုထိရောက်တယ်ဆိုတာကို သိနေကြပါသတဲ့။ လူထုရဲ့ စိတ်အခြေအနေ အညှာကို ကိုင်ပြီး သူတို့ဟာယုတ္တိမရှိတဲ့ ကတိကဝတ်တွေ၊ ဖြစ်နိုင်ခြေ ဘယ်လိုမှမရှိတဲ့ အာမခံချက်တွေ ဖောဖောသီသီပေးတတ်ကြ၊ အနာဂတ်ကာလနိုင်ငံတော်ဟာ သူတို့ခေါင်းဆောင်မှုအောက်မှာ ပြည့်စုံကြွယ်ဝလာပြီး သုခဘုံတမျှ ခံ့ညားထည်ဝါလာလိမ့်မယ်လို့လည်း အဖန်ဖန်နိမိတ်ဖတ် ဟောကြားတတ် ကြပါသတဲ့။

လူ့အဖွဲ့အစည်းအတွင်း တစ်ချိန်ချိန်မှာ လူသားရဲ့စိတ်ထဲ ငုပ်လျှိုးနေတဲ့ စိတ်လှုပ်ရှားခံစားချက် အခြေခံဒဏ္ဍာရီ ခံယူချက်ဟာ နိုင်ငံတော်ကို လွှမ်းမိုးချုပ်ကိုင်လာနိုင်ပါသတဲ့။ ဒဏ္ဍာရီဆိုတဲ့ မကောင်းဆိုးဝါးသတ္တဝါဟာ အခွင့်အခါမပေးလို့သာ ငုပ်လျှိုးနေချင်နေမယ်။ သူဟာ သေဆုံး ပျက်ပြုန်းသွားတတ်တဲ့ အမျိုးအစား မဟုတ်ဘူးလို့ ကက်စီယာက  ကောက်ချက်ချရေးသားခဲ့ကြောင်း တင်ပြထားပါတယ်။

ဒီစာအုပ်မှာ တော့ဖ်လာ၏ တတိယလှိုင်း၊ ဖူကူယားမား၏ သမိုင်း၏နိဂုံး၊ ကောလင်းဝုဒ်၏ အနုပညာသဘောတရား အပါအဝင် ဒဿနဆိုင်ရာ ဆောင်းပါး (၁၁)ပုဒ် ပါဝင်ပါတယ်။ ယခင်စာအုပ်မှာ မပါဝင်ခဲ့တဲ့ ဒဿနဆောင်းပါး အသစ်နှစ်ပုဒ်ကို ဖြည့်စွက်ပြီး အဖြူရောင်ပဲ့တင် စာပေကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဒုတိယအကြိမ်အဖြစ် ဖြန့်ချိလိုက်ပါ ပြီ။

 

သွေးစုန်းနှင့် အခြားဝတ္ထုတိုများ

ကြူးနှစ်

ဆရာကြူးနှစ်ရဲ့ ဝတ္ထုတိုတချို့ကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။

နောက်ဆုံးရိုက်ချက် ဝတ္ထုကတော့ ကိုလိုနီခေတ်ကာလ ကျေးရွာ တစ်ရွာက အဖြစ်အပျက်ကို ယနေ့ခေတ်ကာလနဲ့ ထင်ဟပ်မိအောင်၊ လူ့စရိုက်လူ့သဘာဝ ပေါ်လွင်အောင် ရေးဖွဲ့တင်ပြထားတာကို တွေ့ရမှာပါ။ သူကြီးကတော်ဟောင်း ဒေါ်စိန်မျှင်အရုဏ်ဆွမ်းချက်ဖို့ အိပ်ရာကထပြီး အပေါ့အပါးသွားခိုက် မှိန်ဝါးဝါးအခိုး အငွေ့ဆန်ဆန် လူးလွန့်နေတဲ့ လူသဏ္ဌာန်တစ်ခု အမှောင်ထဲမှာ ဖျတ်ခနဲတွေ့လိုက်ရပုံအကြောင်း၊ အဲဒီပုံ ရိပ်ဟာ နောက်တစ်နာရီအကြာမှာ တွေ့ရမယ့် လူသေအလောင်းနဲ့ ဆက်စပ်နေခဲ့လိမ့်မယ်လို့ မတွေးမိပုံ အကြောင်းတွေနဲ့ စာဖတ်သူရဲ့ သိချင်စိတ်ကိုနှိုးဆွပြီး ဝတ္ထုကိုစဖွင့်ထားပါတယ်။ သူကြီးကတော်ဟောင်းရဲ့ စိတ်သဘာဝနဲ့ ခံယူချက်အကြောင်း၊ သမီးအရွယ် မိန်းကလေးတစ်ယောက်ကို ယူသွားသူ သူကြီးဟောင်းရဲ့အကြောင်း၊ သူကြီးသားဆိုတဲ့ အရှိန်အဝါကို သုံးပြီး မကောင်းမှုမှန်သမျှလုပ်လို့ လူမုန်းများသူ သူကြီးသားအကြောင်းတွေကို ရုပ်လုံးပေါ်အောင်ရေးဖွဲ့ရင်း စာဖတ်သူကို ဒေါ်စိန်မျှင် အလောင်းတစ်လောင်း တွေ့တဲ့နေရာအထိ ခေါ်ဆောင်သွားမှာပါ။

ဒေါ်စိန်မျှင်တွေ့ခဲ့တဲ့ အလောင်းဟာ သူ့သားအလောင်းဖြစ်နေပုံနဲ့  ဝတ္ထုတိုကို ဇာတ်ရှိန်စမြှင့်လိုက်ပါတယ်။ သူ့သားကို ဘယ်သူသတ်သလဲ။ ဘာကြောင့်သေသလဲ။ သံသယရှိသူ၊ သူနဲ့ကတောက်ကဆ ဖြစ်ဖူးသူတွေကို ဖမ်းမယ်ဆိုရင်လည်း ရွာဦးဘုန်းတော်ကြီးပါမကျန် တစ်ရွာလုံးကို ဖမ်းမှရမတဲ့။စိတ်ဝင်စားစရာ ကောင်းလှတဲ့ လူသတ်တရားခံကို မထင်မှတ်တဲ့ ရှုထောင့်၊ မထင်မှတ်တဲ့ အဖြစ်အပျက်ကနေ ရေးဖွဲ့တင်ပြထားတာကို တွေ့ရမှာပါ။ လူ့သဘာဝအရ ဖြစ်တတ်တဲ့ သဘောလေးနဲ့ ဝတ္ထုဇာတ်ရှိန်ကို အမြင့်ဆုံးထိဆွဲတင်ရင်း ဝတ္ထုကိုတိခနဲဖြတ်၊ စာဖတ်သူဆီ အတွေးလေးတွေ ထားခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။

ဦးတိုးငြိမ်း၏ မူပိုင်အပြုံး ဝတ္ထုတိုကတော့ နာမည်ပြောင်အမျိုးမျိုးရှိသူ၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတိုး ငြိမ်းကို စတင်မိတ်ဆက်ပေးရင်း ဦးတိုးငြိမ်း မွေးမြူလေ့ကျင့်ထားတဲ့ သူ့ဘဝအောင်မြင်မှုသော့ချက်အမှတ် တံဆိပ် သူ့အပြုံးအကြောင်းကို သူ့ဆိုင်ကိုလာတဲ့ ဖောက်သည်တွေ၊ သူ့ဆိုင်နဲ့မကင်းတဲ့ စက်ရုံလုပ်သားတွေ၊ စားပွဲထိုးကလေးတွေရဲ့ အကြောင်းတွေနဲ့ ရက်ဖောက်တင်ပြ ထားတာဖြစ်ပါတယ်။ ဦးတိုးငြိမ်းရဲ့ အပြုံးကို စာရေးသူက 'ပထမဦးစွာ ဝက်အူချောင်း တစ်စုံတပ်ဆင်ထား သည်နှင့်တူလှသော သူ၏ နှုတ်ခမ်း ထောင့်စွန်းနှစ်ဖက် လှုပ်တွန့်သွား မည်။ လှုပ်တွန့်သွားရာမှ ဘေးနှစ် ဘက်သို့ ပြန့်ကားပြီး ပါးအို့ပွပွကြီး နှစ်ဖက်ကို ဓားဦးချွန်အကော့ နှစ် လက်ဖြင့် ထိုးဆွသကဲ့သို့ နှုတ်ခမ်းစွန်းနှစ်ဖက်က ပါးတွေထဲသို့ တိုးဝင်သွားမည်။ ...' စသဖြင့် စာဖတ်သူရဲ့ အမြင်အာရုံထဲပေါ်လာအောင်ရေးဖွဲ့ ထားတာကို တွေ့ရမှာပါ။

ဦးတိုးငြိမ်း ဘာကြောင့်ပြုံးသလဲ၊ ဘယ်လိုအနေအထားမှာ ပြုံးသလဲ၊ လက်ဖက်ရည်မကောင်းပေမယ့် ဦး တိုးငြိမ်းဆိုင်မှာ ဘာကြောင့်လူစည်သလဲဆိုတာတွေကို တွေးမိအောင် ရေးပြသွားတာပါ။ ဦးတိုးငြိမ်းရဲ့ အပြုံး အကြောင်း ဋီကာချဲ့ ရေးဖွဲ့ရင်း စာဖတ်သူကို ဆွဲဆောင်သွားတဲ့ ဝတ္ထု တစ်ပုဒ်ဖြစ်ပါတယ်။

မိုးတိမ်များကို ဖြတ်ကျော်၍၊ တောင်များ၏ အခြားတစ်ဖက်သို၊့ သွေးစုန်း စတဲ့ ဝတ္ထုတို ၉ ပုဒ်ပါဝင်ပါတယ်။ the key collection ကနေ တန်ဖိုး ၂ဝဝဝကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.