1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အစေခံမလေးနဲ့ ပန်းချီဆရာ

၁၈ ရာစုလောက်တုန်းက စပိန်နိုင်ငံမှာ မိမိမျက်စိရှေ့မှာ မြင်တွေ့ရတဲ့ ဖြစ်ပျက်သမျှတွေကို မိမိရဲ့အနုပညာအတတ်နဲ့ ပေါင်းစပ်ပြီး ပန်းချီကားအဖြစ် ဖန်တီးကာတစ်ကမ္ဘာလုံးကို ပြန့်နှံ့အောင်လုပ်ဆောင်တဲ့ ခေတ်ရှေ့ပြေး ပန်းချီဆရာရယ်၊ လောကမာယာတွေအကြောင်း ဘာမှမသိရှာသေးတဲ့ လူချမ်းသာကုန်သည်ကြီး  သမီး ၁၆ နှစ်အရွယ် မိန်းမချောလေးရယ်၊ အယူသည်းတဲ့ အာဏာရ ဘာသာရေးပုဂ္ဂိုလ်ကြီးတွေကြားမှာ ခေတ်အမြင်ခေတ်အတွေးရှိ တဲ့ ခရစ်ယာန်ဂိုဏ်းအုပ် လူငယ်လော်ရင်ဇိုရယ်တို့သုံးဦးရဲ့ ရင်နင့်ဖွယ်ရာ  အဖြစ်အပျက်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

အဲဒီ ၁၈ ရာစုက အဖြစ်အပျက်ကို ဒါရိုက်တာ Milos Forman က ဟောလိဝုဒ်ရဲ့ အော်စကာဆုရှင်တွေနဲ့ ရိုက်ကူးလိုက်တာဖြစ်ပါတယ်။ ကုန်သည်သူဌေးကြီးရဲ့ သမီးလေး 'အန်းနက်စ်'အဖြစ် မင်းသမီး Natalic Portman၊ ပန်းချီဆရာ 'ဖရန်စစ္စကိုဂိုယာ'အဖြစ် Stellan Skarsgarl နဲ့ ဂိုဏ်းအုပ်လူငယ် လော်ရင်ဇိုအဖြစ် မင်းသား Javier Bardem တို့က သရုပ်ဆောင်ပေးထားကြပါတယ်။

ရုပ်ရှင်ကို ၁၇၉၂ ခုနှစ် စပိန်နိုင်ငံ မက်ဒရစ်မြို့၊ ဘရင်ဂျီဂိုဏ်း ဘာသာရေးတရားရုံးမှာ ဂိုဏ်းချုပ်ကြီး အပါအဝင် အာဏာရဘာသာရေး ပုဂ္ဂိုလ်တွေအားလုံး စုဝေးကာ စပိန်ပန်းချီဆရာ ဖရန်စစ္စကို ဂိုယာရဲ့ပန်းချီကားတွေဟာ သူတို့  ဘရင်ဂျီဂိုဏ်း ဘာသာရေးနဲ့ ဆန့်ကျင်ပြီးညစ်ညမ်းတဲ့ လက်ရာတွေဖြစ်လို့ ပန်းချီဆရာကို တရားရုံးတင်ကာ အပြစ်ပေးဖို့ အငြင်းအခုံဖြစ်နေတဲ့ အခန်းနဲ့ စတင်ပါတယ်။

စပိန်နိုင်ငံဟာ အဲဒီအချိန်မှာ မိန်းမယောက်ျားအားလုံးလိုလို အကျင့်စာရိတ္တတွေ ပျက်စီးပြီးဖြစ်ချင်တိုင်း ဖြစ်နေတာကို ပန်းချီဆရာက လက်ရာမြောက်တဲ့ သူ့ရဲ့အနုပညာအတတ်နဲ့ခြယ်မှုန်းပြီး လောကကိုချပြထားတာပါ။ အဲဒီလက်ရာတွေကို လူကြိုက်များကြလို့ စာအုပ်အဖြစ်ဆိုင်တွေမှာ တင်ရောင်းတယ်။ လမ်းတွေမှာ အော်ရောင်းတယ်။ ဆိပ်ကမ်းတွေမှာ ရောင်းတယ်။ အဲဒီကနေတစ်ဆင့် တဖြည်းဖြည်း ရောမမြို့နဲ့ မက္ကဆီကိုတို့အထိ ရောက်သွားတယ်။ အဲဒါကို ဘရင်ဂျီဂိုဏ်းက သူတို့ဘာသာတရားကို အတိုင်းတိုင်းအပြည် ပြည်က ကဲ့ရဲ့စရာဖြစ်တော့မယ်ဆိုတဲ့ စကားနဲ့ အရေးယူဖို့လုပ်တာကို ခေတ်အမြင်ခေတ်အတွေးရှိတဲ့ ဘရင်ဂျီဂိုဏ်းအုပ်လူငယ်ဘုန်းတော်ကြီး လော်ရင်ဇိုက  ''ဂိုဏ်းချုပ်ကြီး ခင်ဗျားဒီပန်းချီဆရာ 'ဖရန်စစ္စကို ဂိုယာ'ကို စပိန်ဘုရင်နဲ့ မိဖုရားကြီးတို့ ကိုယ်တိုင် အတော်ဆုံးနန်းတွင်း ပန်းချီဆရာအဖြစ် ခန့်ထားခြင်းခံရတဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ ဒီပန်းချီကားတွေက ဒီလောကရဲ့ မျက်နှာထားကို ပြသနေတာပါ။ ဒီပန်းချီဆရာဟာ ဒီ ဘုရားကျောင်းအတွက်လည်း အဖိုးတန်သူတစ်ဦးပါ။ တကယ်ပန်းချီဆွဲပြသူကို အပြစ်ရှာမှာလား။ သူဆွဲတဲ့ ပန်းချီကားတွေကို မီးရှို့ပြီးလောကကြီး ထိတ်လန့်အောင်လုပ်မှာလား။ တကယ်တော့ ကမ္ဘာလောကကြီးက တစ်ခုတည်းပါ။ ကျွန်တော်ရဲ့ လောကလည်းမဟုတ်သလို၊ ခင်ဗျားတို့ရဲ့ လောကလည်းမဟုတ် ပါဘူး။  တကယ်တော့ ဒီလောကဟာ ခင်ဗျားလည်းမပိုင်၊ ကျွန်တော်လည်းမပိုင် ဘုရားပဲပိုင်တာပါ''

လူငယ်ဂိုဏ်းအုပ်လော်ရင်ဇိုဟာ သူပြောတဲ့အချက်အလက်တွေဟာ မှန်ကန်နေတာကတစ်ကြောင်း၊ ဘုရင်နဲ့ မိဖုရားက မြှောက်စားထားတဲ့  ပန်းချီဆရာဆိုတာကြောင့် တစ်ကြောင်း ဘရင်ဂျီဂိုဏ်းချုပ်ကြီးနဲ့ အခြားပုဂ္ဂိုလ်တွေဟာ ဘာမှပြန်မပြောသာပေမယ့် လော်ရင်ဇိုဟာ ဒီအတိုင်းသာဆို ငါတို့အတွက် ဆူးညှောင့် ခလုတ်တစ်ခုပဲလို့ မှတ်ယူသွားကြပြီ ဆိုတာကိုလည်း  လော်ရင်ဇိုက သိလိုက်ပါတယ်။ တကယ်တော့  လော်ရင်ဇိုဟာ ပြင်သစ်စာရေးဆရာ၊ ကဗျာဆရာကြီးဖြစ်တဲ့ ဗော်လ်တဲယားရဲ့စာတွေကို ဖတ်ပြီး ဗော်လ်တဲယားကို လေးစားကြည်ညိုရုံသာမက ဗော်လ်တဲယားရဲ့ အဆိုအမိန့်တွေကိုပါ ကိုးကားပြောဆိုတဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း အဲဒီပန်းချီဆရာ ဖရန်စစ္စကို  ဂိုယာဆီမှာ သူ့ပုံတူပန်းချီကို အပ်နှံထားပါတယ်။ ဘာပဲပြောပြော ဒီဂိုဏ်းထဲမှာ အများနဲ့တစ်ယောက်ဖြစ်နေတာကြောင့် သူတို့အလိုကျ စကားတွေနဲ့ ဘာသာ ရေးပို့ချချက်တွေလုပ်ရပါတယ်။ ''ဒီမှာတွေ့လား ကျုပ်က ဘာသာရေး အလွန်ကိုင်းရှိုင်းသူပါ။ ဒါပေမယ့်  ဟောဒီစာအုပ်ထဲမှာကြည့် ဗော်လ်တဲယားရေးထားတာ အညစ်ပတ်ဆုံး စည်းကမ်းချက်ထုတ်တဲ့ ဘုရင့်သား ဒေဗီယပ်အကြောင်း။ သူဟာ ဘုရားကို မယုံသူပဲ။ တစ်ယောက်ယောက်က ဘုရားကျောင်းလို့မပြောဘဲ သာသနာ့ဝတ္တကမြေလို့ ပြောပြီဆိုရင် အဲဒီလူဟာ ဂျူးဘာသာဝင်၊ ဒါမှမဟုတ်၊ ပရိုတက်စတင့် ဘာသာဝင်ပဲ။ အဲဒီလိုတွေ့ရင် သူ့နာမည်ကို မှတ်ထား အဲဒီနာမည်တွေကို ဘရင်ဂျီ တရားရုံးကိုပို့ပါ။

အဲဒီမှာ သူ့စကားနားထောင်ပြီး မြို့ထဲမှာ စုံစမ်းရေးဆင်းကြပါတော့တယ်။ အဲဒီနေ့ညမှာပဲ ကံဆိုးချင်တော့ ကုန်သည် သူဌေးကြီး 'တောမတ်စ်ပိုင်အိုဘွာတာ'နဲ့ 'သူဌေးကတော် မာရီယာ အဇ္ဇဘဲလ်'တို့ရဲ့  ၁၆ နှစ်အရွယ်သမီးချောလေး အန်းနက်စ် (Natalic Portman) ဟာ အစ်ကိုတွေနဲ့ ဂျူးစားသောက်ဆိုင်ကို အပျော်သဘောလိုက်သွားမိပြီး ဂျူးအစားအ စာကိုစားလိုက်မိတာကို စုံစမ်းရေးသမားတွေက တွေ့သွားတယ်။

နောက်နေ့မှာ ဘရင်ဂျီဂိုဏ်းတရားရုံးကဆင့်ခေါ်ပြီး စစ်ကြောရေးစခန်းထဲထည့်ကာ အတင်းဝန်ခံခိုင်းပြီး ထောင်ထဲထည့်ကာ ပြန်မ လွှတ်တော့ပါဘူး။ တကယ်တော့ မိန်းကလေးက မစားခဲ့ပါဘူး။ သူမ စားခဲ့တာက အာလူးနဲ့ ပဲသီးကြော်ပဲစားခဲ့တာပါ။ ကုန်သည်သူဌေးကြီးဟာ သူ့သားသမီးတွေရဲ့ အကျင့်စာရိတ္တကို ယုံကြည်သူ၊ စိတ်ချသူဖြစ် ပါတယ်။ ဒါကြောင့် သူ့သမီးကို ပြန်မလွှတ်တဲ့ ဘရင်ဂျီဂိုဏ်းတရားရုံးကို သံသယဖြစ်သွားပါတယ်။ 'ဘယ်သူမဆို မိမိအသက်ကို အန္တရာယ်ပေးတဲ့အထိ ညှဉ်းဆဲရင်တော့လည်း ဝန်ခံမိမှာပဲ''လို့ ကောက်ချက်ချပါတယ်။

ဒါနဲ့ သူဌေးကြီးဟာ သမီးကလေး အန်းနက်စ်ရဲ့ ပုံတူပန်းချီရေးဆွဲပေးတဲ့ ပန်းချီဆရာ ဖရန်စစ္စကို ဂိုဟာသွားတွေ့ပြီး အကူအညီတောင်းပါတယ်။ ဂိုဏ်းအုပ်လူငယ်ဘုန်းတော်ကြီး လော်ရင်ဇိုနဲ့ တွေ့ချင်တဲ့အကြောင်း ကုန်သည်သူဌေးကြီးနဲ့ ပန်းချီဆရာတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်လေးစားမှုအပြန် အလှရှိကြသူတွေဖြစ်တဲ့အတွက် ပန်းချီဆရာရဲ့ကူညီမှုနဲ့ ဂိုဏ်းအုပ်လူငယ်လော်ရင်ဇိုဟာ သူဌေးကြီးဆီ ရောက်လာခဲ့ပါတယ်။

လော်ရင်ဇိုက စစ်ကြောရေးစခန်းမှာ မိန်းကလေးက ဝန်ခံခဲ့တဲ့အတွက် အပြစ်ထင်ရှားတာကြောင့် သူမကူညီနိုင်တဲ့အကြောင်းပြောတော့ သူဌေးကသားနှစ်ယောက်ရဲ့ အကူအညီနဲ့ လော်ရင်ဇိုကို လက်ပြန် ကြိုးတုပ်ကာ သူတို့ဘရင်ဂျီဂိုဏ်း စစ်ကြောရေးပုံစံအတိုင်း နှိပ်စက်ပါတော့တယ်။ ပြီးတော့ စာရွက်တစ်ရွက်နဲ့ ကလောင်ထံကိုချပေးပြီး ''ကျွန်တော် ဘရင်ဂျီဂိုဏ်းအုပ်လော် ရင်ဇိုသည် မျောက်ကဆင်းသက်လာ သူဖြစ်ပါသည်''လို့ ရေးပြီး လက်မှတ်ထိုးမှ လွှတ်ပေးမယ်၊ နှိပ်စက်မှုရပ်မယ်ဆိုလို့ လော်ရင်ဇိုဟာ သူဌေးကြီးပြောတဲ့အတိုင်း ရေးပြီးလက်မှတ်ထိုးခဲ့ရပါတယ်။

ပြန်လာခဲ့တဲ့ လော်ရင်ဇိုဟာ မထူးတော့တဲ့သူ့ဘဝကို သူသိသွားတဲ့အတွက် အချုပ်ထောင်ထဲက မိန်း ကလေးအန်းနက်စ်ကိုသွားတွေ့ပြီး မိသားစုရဲ့ မေတ္တာတရားအကြောင်း တွေပြောပြပါတယ်။ အဝတ်ကင်းမဲ့ နေတဲ့ မိန်းမလှလေးရဲ့ ကာမဂုဏအာရုံမှာ ရုန်းမထွက်နိုင်ဘဲ လော်ရင်ဇိုကျူးလွန်ခဲ့မိပါတယ်။

အဲဒီအချိန်က ပြန်ထွက်လာတာနဲ့ တစ်ပြိုင်နက်  လော်ရင်ဇိုက စပိန်ကနေ ပြင်သစ်ကိုထွက်ပြေးလာခဲ့ပါတယ်။ စပိန်မှာလည်း သူထင် တဲ့အတိုင်းပဲ သူ့သမီးကို မလွှတ်တဲ့အတွက် လော်ရင်ဇိုလက်မှတ်ထိုးခဲ့တဲ့ စာကို နန်းတော်နဲ့ ဘရင်ဂျီဂိုဏ်း တရားရုံးဆီပို့လိုက်တော့ အားလုံး ဒေါသထွက်ကာ လူပုံအလယ်မှာပဲ လော်ရင်ဇိုရဲ့ ရုပ်ပုံကားချပ်ကြီးကို မီးရှို့လိုက်ကြပါတယ်။

လော်ရင်ဇိုဟာ ပြင်သစ်သူပုန်အဖွဲ့ဖြစ်တဲ့ နပိုလီယံတို့ အဖွဲ့ဆီသွားရောက်ခိုလှုံပြီး စပိန်ရဲ့ ဘရင်ဂျီဂိုဏ်း ဘာသာတရား အစွန်းရောက်မှုတွေ၊ စပိန်လူမျိုးတွေ ငတ်မွတ်ခေါင်းပါးနေတာတွေကို တင်ပြပြီး သူတို့နဲ့အတူ ရောနှောတိုက်ခိုက်ပါတယ်။

အဲဒီလိုနဲ့  ၁၅ နှစ်လောက်ကြာတဲ့အခါမှာ ပြင်သစ်လူဝီဘုရင်ကို နပိုလီယံတို့အဖွဲ့က လူထုရှေ့မှောက်မှာ ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်နိုင်တဲ့အထိ အောင်မြင်သိမ်းပိုက်နိုင်ခဲ့တယ်။ နပိုလီယံတို့အဖွဲ့ဟာ စပိန်ကို ဆက် လက်ချီတက်ပြီး တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ''ငါဟာ အိမ်နီးချင်း စပိန်နိုင်ငံငတ်နေတာကို (မင်းဆိုး မင်းညစ်ကြောင့် ပျက်စီးနေတာကို) ဘေးကထိုင်ကြည့်မနေနိုင်ဘူး။ ဘာသာရေး ဖိနှိပ်မှုတွေ၊ တင်စီးတာတွေကို တားရမယ်။ စပိန်ဘုရင်ဆိုတာတောင်မှ စပိန်လူမျိုးမဟုတ်ဘူး။ သူဟာပြင်သစ်လူမျိုး။ သူ့မိဖုရားက အီတလီသူ။ စပိန်ပြည်သူတွေဟာ စပိန်တော်ဝင်မိသားစုကို မုန်းတယ်။ ဘရင်ဂျီဂိုဏ်းတရားရုံးကို မုန်းတယ်။ မင်းတို့ သာမန်ပြည်သူစပိန်လူမျိုးတွေဟာ မြို့လမ်းမတွေပေါ်မှာ လွတ်လပ်သူတွေဖြစ်လာမယ်။ အတွေးအခေါ် ကို ကာကွယ်ဖို့ နပိုလီယံဟာ သူ့ညီအရင်းကို စပိန်မှာနန်းတင်တယ်။ နပိုလီယံရဲ့အမိန့်နဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းအရ စပိန်မှာရှိတဲ့ ဘရင်ဂျီဂိုဏ်း တရားရုံးကို  ဖျက်သိမ်းလိုက်တယ်။ အကျဉ်းသားအားလုံးကို 'လွှတ်စေ'ဆိုတဲ့ စာတမ်းရှည်ကိုဖတ်ပြီး ဘရင်ဂျီတရားရုံးအဖွဲ့အားလုံးကို ဖမ်းဆီးကာ အကျဉ်းထောင်ကို ဖွင့် ပေးလိုက်ပါတယ်။

အဲဒီမှာ လော်ရင်ဇိုဟာ စပိန်နိုင်ငံအတွက် အာဏာရအကြီးအကဲ တစ်ယောက်အဖြစ် ပြင်သစ်တပ်တွေ နဲ့အတူပါလာပါတယ်။ ဒီအချိန်မှာ သူ့ကိုနှိပ်ကွပ်ခဲ့တဲ့ ဘရင်ဂျီဂိုဏ်းချုပ် ကြီးနဲ့အဖွဲ့ဝင်အားလုံး သူ့ရှေ့မှောက်မှာ တရားခံအဖြစ် ရောက်လာကြရပါတယ်။ သူတို့အားလုံးကို သေဒဏ်ချမှတ်နိုင်တဲ့အထိ လော်ရင်ဇိုက အာဏာရှိလာတယ်။ တကယ်လည်း သေဒဏ်ချမှတ်ခဲ့တယ်။ ဒါပေမယ့် တကယ်သတ်တဲ့နေ့အထိ မရောက်သေးဘူး။

လူတွေအားလုံးနဲ့အတူထောင်ထဲကနေ ထွက်လာခဲ့တဲ့ မိန်းကလေး အန်းနက်စ်ချာ ဘယ်လိုမှ မရှုရက်မမြင်ရက်စရာ သွားတွေကျိုး၊ ပါးကရွဲ့၊ ရောဂါဘယတွေ တိုက်စားထားတဲ့ ခန္ဓာကိုယ်ဟာ စုတ်ပြတ်နေတဲ့ အသက် ၈ဝ ကျော် အဘွားအိုတစ်ယောက်လို ဖြစ်ခဲ့ရပါတယ်။ ပထမဆုံး သူ့အိမ်ရှိရာကိုသွားတယ်။ မိသားစုအားလုံး သေဆုံးနေတာတွေ့ရတော့  ပန်းချီဆရာဆီရောက်လာတယ်။ ဒီအချိန်မှာ ပန်းချီဆရာကလည်း အ မြောက်သံဗုံးသံတွေကြောင့် နားမကြားတော့ဘူး။

အကျိုးအကြောင်းကိုမေးတော့ ထောင်ထဲမှာ လော်ရင်ဇိုနဲ့ ကလေးတစ်ယောက်ရခဲ့တယ်။ သမီးလေး။ ဒါကြောင့် ပန်းချီဆရာက လော်ရင်ဇိုဆီခေါ်သွားပေးတော့ လော်ရင်ဇိုမှာက ပြင်သစ်သူနဲ့ အိမ်ထောင်ကျပြီး ကလေးသုံးယောက်ရှိနေပြီ။ လက်ရှိအခြေအနေမှာ သမီးလေးမွေးတာဟာ အန်းနက်စ်က သူ့အပေါ် လှည့် ကွက်ထွင်တာပါဆိုပြီး အန်းနက်စ်လို့ တစ်ဖက်လှည့်နဲ့ အရူးထောင်ထဲပြန်ပို့တယ်။ ပန်းချီဆရာကိုတော့ လုံခြုံ ငြိမ်းချမ်းရေးတဲ့နေရာကို ပို့ပေးတာကို ညာပြောတယ်။

တစ်ဖက်မှာ အဲဒီလိုလုပ်ပြီး တစ်ဖက်မှာတော့  ခရစ်ယာန်သီလရှင်ကျောင်းကို သွားစုံစမ်းတယ်။ အဲဒီမှာ ဘရင်ဂျီတရားရုံးကပို့လိုက်တဲ့ ကလေးမလေး 'အလီဆာ'လို့ နာမည်ပေးထားတယ်။ ဒါပေမယ့် ၁၁ နှစ် အရွယ်ကတည်းက ထွက်ပြေး သွားတယ်''ဆိုတဲ့ အကြောင်းတွေ သိခဲ့ရတယ်။

တစ်နေ့မှာ ပန်းချီဆရာဟာ စပိန်ရဲ့ပါဒိုအမည်ရှိ ပန်းခြံထဲမှာ ပန်းချီဆွဲနေတုန်း အန်းနက်စ်နဲ့ ချွတ်စွပ်တူတဲ့ ကလေးမလေး အလီဆာဆိုတာတွေ့တဲ့အကြောင်း၊ အပျက်မလေးဖြစ်နေတဲ့အကြောင်း၊ လော်ရင် ဇိုကိုသွားပြောတော့ လော်ရင်ဇိုက သူ့အမိန့်နဲ့အလီဆာ အပါအဝင် အပျက်မလေးတွေအားလုံးကိုပြင်သစ် စစ်သားတွေကို ဖမ်းခိုင်းပြီး အမေရိကကို ပို့လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ဗြိတိသျှတွေ ပေါ်တူဂီကိုဖြတ်ပြီး စပိန်ကိုဝင်တိုက်တော့ စပိန်တွေက ဗြိတိသျှဘက်က ဝင်တိုက်ပေးလို့ ပြင်သစ်တွေ ပြန်ပြေးရတယ်။ လော်ရင်ဇိုအဖမ်းခံရတယ်။ သူသေဒဏ်ပေးခဲ့တဲ့ ဘရင်ဂျီ ဂိုဏ်းချုပ်နဲ့ အဖွဲ့ကပဲ သူ့ကို ပြန်စီရင်ကြတာကို ခံရပြီး သေသွားခဲ့ရပါတယ်။ အလောင်းကို သယ်သွားတဲ့ နောက်ကနေ စိတ်နောက်နေတဲ့ အန်း နက်စ်ကလိုက်သွားပါတယ်။ ပန်းချီဆရာက နောက်ကအော်ခေါ်ရင်း လိုက်သွားပုံနဲ့ရုပ်ရှင်ကို အဆုံးသတ် ထားပါတယ်။

တကယ်တော့ ဒီအဖြစ်အပျက်ရဲ့ ဆိုလိုရင်းကတော့ ဘာသာရေးတင်မဟုတ်ဘဲ ဘယ်အရာမှာပဲဖြစ်ဖြစ် အစွန်းရောက်ကြတဲ့အခါ မဖြစ်သင့်တာတွေဖြစ်ကြရတယ်ဆိုတာပါပဲ။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.