25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ်

ဝင်းဇော်လတ်

မိုးလေဝသဌာနတွေဟာ တက္ကသိုလ်ကထွက်လာတဲ့ ကျောင်းသားတွေထဲမှာ စာတော်တဲ့၊ ထက်မြက်တဲ့  ကျောင်းသားတွေကိုရဖို့ အလွန်ခဲယဉ်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ထူးချွန်ပြီး ထက်ထက်မြက်မြက်ရှိတဲ့ ကျောင်းသူ၊ ကျောင်းသားများဟာ အခြားအခြားသော လခရော အနာဂတ်မျှော်လင့်ချက်ပါ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းတွေ၊ ဌာနတွေကပဲ ယူယူသွားတဲ့အတွက် မိုးလေဝသမှာ လူကောင်းလူတော်ရနိုင်တဲ့ အနေအထား မရှိဘူး။

မိုးလေဝသပညာရှင် ဦးထွန်း လွင် အကြောင်း ရေးသားထားတဲ့ ဥက္ကာပျံဖြစ်ချင်သူ စာစုထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ အထက်ပါ စာပိုဒ်ကတော့လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က ဦးထွန်းလွင်ဖတ်ခဲ့တဲ့ စာရေးဆရာ အာစီ ဆပ်ကလပ်ရဲ့ မိုးလေဝသနဲ့ ရာသီဥတု စာအုပ်ထဲက စာပိုဒ်ဖြစ်ပြီး ဒီကနေ့အထိ ဦးထွန်းလွင် အမှတ်ရနေ ဆဲဖြစ်သလို အဲဒီစာပိုဒ်ကပဲ မိုးလေဝသဌနမှာ စွဲစွဲမြဲမြဲ လုပ်ဖို့ သူ့ဘဝလမ်းကြောင်းကို ပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။ သင်္ချာပညာရှင်ဖြစ်ဖို့ ရည်မှန်းချက်ရှိတဲ့ ဦးထွန်းလွင်ဟာ ယောင်လို့ပင် စိတ်ဝင်စားခြင်းမရှိတဲ့ မိုးလေဝသဌာနကို ဝမ်းရေးအလို့ငှာ ဝင်ရောက်လုပ်ကိုင်ရင်း တစ်ဖက်ကလည်း လုပ်သားကောလိပ်မှာ ည ကျောင်းတက်ခဲ့ပုံတွေ၊ လုပ်သား ကောလိပ်မှာ ရူပဗေဒအထူးပြုနဲ့ ဘာသာစုံ ဂုဏ်ထူးအထူးအောင်ပြီး ဘွဲ့ရတဲ့အခါ ထူးချွန်ကျောင်းသားကို သဘောကျတဲ့ ဆရာတွေ တက္ကသိုလ်မှာ ဆရာပြန်လုပ်ဖို့ ခေါ်ပုံတွေ၊ မိုးလေဝသရုံးမှာရတဲ့ လခထက်နှစ်ဆ ကျော်ပိုရမယ့်အပြင် လူရိုသေ ရှင်ရိုသေလည်းဖြစ်၊ ဘဝတက်လမ်းလည်း ရှိမှာဖြစ်ပေမယ့် အာစီဆပ်ကပ်ရဲ့ စာသားကလေးကိုသတိရပြီး မိုးလေဝသကို ရွေးခဲ့ပုံတွေကို ဆင်းဆင်းရဲရဲ ဖြတ်သန်းခဲ့ရတဲ့ ဦးထွန်းလွင်ရဲ့ဘဝ ဖြစ်ရပ်တွေနဲ့ ယှဉ်ပြီး ရေးပြထားတာကို တွေ့ရမှာပါ။

၂ဝဝ၈ ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ နာဂစ်မုန်တိုင်းမဝင်ရောက်မီကာလ မိုးလေဝသနဲ့ဇလဗေဒ  ရုံးခန်းထဲမှာ ညွှန်ကြားရေးမှူး ဦးထွန်းလွင်တစ်ယောက် တယ်လီဖုန်းစာအုပ်ကို တစ်ရွက်ပြီးတစ်ရွက် တဖျပ်ဖျပ်လှန်ရင်း ညွှန်ကြားရေးမှူးချုပ်နှင့်အထက် ရာထူးရှိသူ လူပုဂ္ဂိုလ်သုံးရာနီးပါးဆီ မုန်တိုင်းအကြောင်း ဖုန်းဆက်အစီရင်ခံ နေပုံတွေ၊ ထိုစဉ်က နိုင်ငံတော်အကြီး အကဲရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုလည်း မပြတ်သတင်းပို့နေပုံတွေ၊ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့ နာဂစ်မုန်တိုင်းကြီး လာတော့မယ်ဆိုတာကို ကြိုသိနေလို့ နာဂစ်စဝင်မယ့် ဟိုင်းကြီးဒေသက တာဝန်ရှိသူတွေထံ ဖုန်းဆက်သတိပေး နေပုံတွေ၊ သူဘယ်လိုပဲ အစီရင်ခံ၊ သတိပေးပေမယ့် တစ်ဖက်က မယုံမကြည်နဲ့ အေးစက်စက်တုံ့ပြန်မှုတွေသာ ရခဲ့ပုံတွေ၊ သူ့အလုပ်ကလည်း သတိပေးရုံသာ ပေးနိုင်ပြီး ပြောင်းကြတော့၊ ရွှေ့ကြတော့လို့ အမိန့်ပေးနိုင်တဲ့ သူမျိုးမဟုတ်လေတော့ စားပွဲမှာထိုင်ပြီး ကြေကွဲနေရပုံတွေ၊ နာဂစ်ဟာ ပြည်သူတွေရဲ့ နှလုံးသားကိုသာမက သူ့နှလုံးသားကိုပါ ဒဏ်ရာတွေ ပေးထားခဲ့ပုံတွေစတဲ့ နာဂစ်ကာလ ကြုံတွေ့ခဲ့ရတဲ့ ဦးထွန်းလွင်ရဲ့ ခံစားမှုတွေကိုလည်း တင်ပြထားပါတယ်။

၁၉၇၃ နဲ့ ၁၉၇၅ ခုနှစ်တွေအတွင်း ဦးထွန်းလွင်ရဲ့ အမေရိကန် ပညာသင်ခရီး အကြောင်းကလည်း စိတ်ဝင်စားစရာ၊ အတွေးပွားစရာဖြစ်ပါတယ်။ အမေရိကမှာ ဘီအက်စ်စီဘွဲ့ရပြီး မဟာဘွဲ့ထပ်တက်ဖို့ သက်ဆိုင်ရာ ကျောင်းက ခွင့်ပြုပေမယ့် မြန်မာနိုင်ငံက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ၁၉၈၇ မှာ အမေရိကမှာပဲ ပီအိပ်ခ်ျဒီဘွဲ့အတွက် ပညာသင်ဆု သုံးနှစ်ထပ်ရပေမယ့် အကြောင်းမညီညွတ်လို့ မတက်ရဘဲ မြန်မာပြည်ပြန် မယ်အလုပ်မှာ ၁၉၈၈ အရေးတော်ပုံ ကြီးနဲ့ ကြုံနေတာကြောင့် သူငယ်ချင်းတွေ အမျိုးမျိုးတားတဲ့ကြားက မြန်မာပြည်ကို ရောက်အောင် ပြန်လာခဲ့ပုံ ကို ''ကျွန်တော်အမေရိကက ဘွဲ့ရလာတဲ့သူပါဗျာ။ ကျွန်တော့်အမြင် ကျွန်တော့်အတွေးနဲ့ ဒီမှာ ကျွန်တော် လုပ်ရတဲ့အနေအထားယှဉ်ကြည့်ပါ။ ကျွန်တော် ဘယ်လောက်စိတ်ပျက်မလဲ။ ဒါပေမယ့် နိုင်ငံကိုကောင်းအောင် လုပ်ချင်စိတ်နဲ့ ပြန်လာတာပါ''လို့ ပြောပြပုံတွေက လေးစားဖွယ် ကောင်းလှပါတယ်။

မိုးလေဝသနဲ့ အခြားပိုကောင်းတဲ့ အခွင့်အလမ်း ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါတိုင်း မိုးလေဝသဘက်ကိုပဲ ရွေးခဲ့တယ်လို့ဆိုသူ ဦးထွန်းလွင်ဟာ ဌာနကောင်းကျိုးအတွက် အထက်လူကြီးတွေနဲ့ အတိုက်အခံလုပ်ပြီး စွန့်စားခဲ့ရပုံတွေကိုလည်း ဒီစာစုမှာဖတ်ရမှာပါ။ အထက်ကို အကြောင်းမကြားဘဲ နိုင်ငံခြားသားတွေကို မတွေ့ဖို့၊ သတင်းဌာနတွေနဲ့ ရင်းရင်းနှီးနှီးမဆက်ဆံဖို့ သတိပေးခံခဲ့ရပါသတဲ့။

မိုးလေဝသပညာရပ်မျိုးဆက်နဲ့ပတ်သက်ပြီး 'ပညာရပ်လိုချင်တဲ့သူကို ရှာမတွေ့တာဗျ'လို့ သူဘာမှ မတတ် နိုင်ပုံဟန်မျိုး ဦးထွန်းလွင် မှတ်ချက်ချပုံက မြန်မာနိုင်ငံရဲ့မိုးလေဝသပညာရပ် အားနည်းချက်အပေါ် ထောက်ပြ နေသလို ဖြစ်နေတာကိုတွေ့ရမှာပါ။

မိုးလေဝသ ပညာရပ်ကို လုပ်ကိုင်မယ့်သူ ရှားလို့လည်း ပင်စင်ယူပြီး ကာလကစလို့ ဒီကနေ့ ဒီအချိန်ထိ မိုးလေဝသနဲ့ ပတ်သက်တဲ့ သတိပေးမှုတွေ ပညာပေးမှုတွေကို ပုဂ္ဂလိကအနေနဲ့ ဆက်လုပ်နေဖြစ်ကြောင်း၊ သူ့အယူအဆက တာဝန်ရှိဖို့မလို၊ တာဝန်သိဖို့ပဲလိုကြောင်း၊ တာဝန်ရှိသူထက် တာဝန်သိတဲ့သူက ပိုပြီးတန်ဖိုးရှိကြောင်း ဦးထွန်းလွင်က မှတ်ချက် ပြုထားပါတယ်။

ဦးထွန်းလွင်ရဲ့ငယ်ဘဝ ဖြတ်သန်းမှုတွေကစလို့ မိုးလေဝသဌာနမှာ တာဝန်ယူခဲ့စဉ် အတွေ့အကြုံတွေ၊ ပင်စင်ယူပြီးနောက် အတွေ့ အကြုံတွေနဲ့အတူ ဦးထွန်းလွင်ရဲ့ လူမှုဘဝ ခံယူချက်တွေကို အားကျဖွယ်၊ လေးစားဖွယ်၊ စာနာဖွယ် ဖြစ်အောင် ဝထ္ထုဇာတ်လမ်းသဖွယ် တင်ဆက် ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ကမ္ဘာမြေချစ်သူ စာစုမှာတော့ 'သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားရတယ်။ တစ်ပင်မဟုတ်ဘူး။ သစ်ပင်ငါးပင်၊ ဆယ်ပင်စိုက်ရင် တောဖြစ်တယ်။ တောဖြစ်လို့ရှိရင် ဂေဟစနစ်ကို ထူထောင်တာ။ ငှက်ရော၊ လူရော၊ ကြွက်ရော၊ ဖားရော၊ မြွေရော၊ ဆင်ရော၊ ကျားရော အားလုံးမှီခိုရတဲ့ ဂေဟစနစ်ကို ထူထောင်တယ်။ ဂေဟစနစ်ကို ထူထောင်ပြီး ကမ္ဘာကြီးကို ပြုပြင်ပေးတာလေ။ ပျက်နေတဲ့ ကမ္ဘာကြီးကို ဖာထေးပေးတာ။ အဲဒါကြောင့် ကုသိုလ်ရတယ် လို့ ယုံကြည်တယ်' လို့ ဆိုသူ သစ်တောပညာရှင် ဦးအုန်းနဲ့တွေ့ဆုံ မေးမြန်းခဲ့သမျှတွေကို ဦးအုန်းရဲ့ ဘဝ ဖြတ်သန်းမှု ဇာတ်လမ်းတစ်ပုဒ်လို တင်ဆက်ထားတာကို တွေ့ရမှာပါ။

ခြောက်နှစ်သားအရွယ်လောက် ကစလို့ အဝေးကလှမ်းမြင်ရတဲ့ ပုပ္ပါးတောင်ကြီးကို ကြည့်ရင်း သံယောဇဉ် တွယ်ခဲ့ပုံတွေ၊ နောက်နှစ်ပေါင်း လေးဆယ်ခန့်ကြာတဲ့အခါ ပုပ္ပါးတောင် စိမ်းလန်းစိုပြည်ရေးအတွက် ဦး ဆောင် လုပ်ကိုင်သူ တစ်ဦးအဖြစ် ထင်ရှားလာပုံတွေ၊ အထက်လူကြီးဆိုသူတွေနဲ့ အတိုက်အခံလုပ်၊ အလုပ် ဖြုတ်ချင်ဖြုတ်ပစ်လို့ စိန်ခေါ်ရင်း ပုပ္ပါးတောင် စိမ်းလန်းစိုပြည်ရေးအတွက် ရဲရဲရင့်ရင့် လုပ်ကိုင်ခဲ့ပုံတွေ၊ ဒုတိယ ကမ္ဘာစစ်ကာလ စရိုက်ကြမ်း တဲ့ ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတဲ့ ငယ်ဘဝအကြောင်းတွေ၊ လွတ်လပ်ရေးရ ပြီးကာလ ကွန်မြူနစ်ပါတီနဲ့ ဆက် သွယ်ပြီး တောခိုဖို့အတွက် ကြံစည်စိုင်းပြင်းခဲ့သလို လေတပ်ထဲဝင်ဖို့ လည်း ကြိုးစားခဲ့ပုံတွေ၊ နောက်ဆုံးမှာ ပညာရေးသာ သူ့ဘဝလို့ခံယူပြီး ကျောင်းပြန်တက်ပြီး တက္ကသိုလ်က ဘွဲ့ရပုံတွေ၊ ထူးချွန်ကျောင်းသားဖြစ်တာကြောင့် သစ်တောဌာနကတစ်ဆင့် အင်္ဂလန်နိုင်ငံကို ပညာတော် သင်သွားရပုံတွေ၊ တောမခိုခဲ့ရပေမယ့် သစ်တောပညာနဲ့ တောထဲရောက် သွားပုံတွေစတဲ့ ဦးအုန်းရဲ့ ဘဝဖြတ်သန်းမှု ကောက်ကြောင်းကို ဦးအုန်းရဲ့ မာန်ပါတဲ့ ပြောစကားတွေနဲ့အတူ တင်ပြထားတာကို တွေ့ရမှာပါ။

ဦးအုန်းဟာ သစ်တောသစ်ပင်တွေကို ကာကွယ်ရင်း တောထဲမှာ အလံနီနဲ့လည်း သူသေကိုယ်သေ တိုက်ခဲ့ရပါသတဲ့။ တစ်ခါများဆိုရင် တပ်မတော် စစ်ကြောင်းကို  သူပုန်ဆိုပြီး မှားတိုက်မိတာ ကံကောင်းလို့ မသေတာလို့ ဆိုပါတယ်။

'ပညာဟာ ဘဝရဲ့ လှေကားပဲ။ ပညာရှိရင် ကောင်းတာလုပ်နိုင်တယ်' ဆိုတဲ့ ဦးအုန်းရဲ့ စကားကလည်း မှတ် သားစရာပါ။ ဦးအုန်းဟာ သူတတ်တဲ့ သစ်တောပညာနဲ့ပဲ သစ်ပင်တွေစိုက်၊ သစ်တောတွေကို ကာကွယ်ခဲ့တာ ကြောင့် ၂ဝဝ၅ ခုနှစ်မှာ ဂျပန်နိုင်ငံက ချီးမြှင့်တဲ့ ကမ္ဘာမြေချစ်သူဆု၊ ၂ဝဝ၇ ခု နှစ်မှာ Minamata Environment Award ဆုတွေရခဲ့ပြီး အဲဒီဆုရငွေတွေနဲ့ ဒီရေတော ဧကတစ်ရာစိုက်ခဲ့ပါသတဲ့။ ဘုရားတည်ကျောင်းဆောက်တာထက် သစ်ပင် စိုက်ခြင်းကို ကုသိုလ်ပိုရတယ်လို့ထင်သူ ဦးအုန်းဟာ သစ်တောတွေကို မခုတ်အောင် မတားဆီးနိုင်ခဲ့တာကို တော့ စိတ်မကောင်းကြောင်း၊ နောက်ပိုင်း သစ်ခုတ်သူတွေဟာ သဘာဝသစ်တောတွေကိုသာမက ကမ္ဘာ့ဘဏ် အကူအညီနဲ့ ဦးအုန်းတို့ ထူထောင်စိုက်ပျိုးထားတဲ့ ကျွန်းတောတွေကိုပါ ခုတ်လာတာကို အကြေကွဲဆုံးဖြစ်ကြောင်း ဦးအုန်းရဲ့ ခံစားချက် ကို မြင်မိအောင်၊ ဦးအုန်းရဲ့အသံကို ကြားမိအောင် ရေးဖွဲ့တင်ပြထားတာကို တွေ့ရမှာပါ။

သူကိုယ်တိုင် သစ်ပင်တွေစိုက်၊ သစ်တောတွေကာကွယ်သလို မြန်မာပြည်တွင်းက သစ်ပင်စိုက်သူတွေကိုလည်း သူ့ကိုယ်ပိုင်ငွေနဲ့ ကမ္ဘာမြေချစ်သူဆုပေးနေတဲ့ ဦးအုန်းရဲ့ဘဝ ဖြတ်သန်းမှုအကြောင်းကို ငယ်ဘဝကစလို့ ပင်စင်ယူပြီးချိန်ထိ တွေ့ရမှာပါ။

ဒီစာအုပ်မှာ အဆိုတော်ကြီး ဒေါ်မာမာအေး၊ လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ မသွဲ့သွဲ့ဝင်း၊ ဂျပန်စစ်ပြန်ကြီး ဦးခင်မောင်ရင်၊ ဒဂုန်တာရာ၊ ဟံသာဝတီ ဦးဝင်းတင်၊ သတင်းစာဆရာ စောလင်းအောင်စတဲ့ လူပုဂ္ဂိုလ် (၈)ဦးရဲ့ဘဝ အကြောင်း၊ သူတို့ပြောတဲ့ ဘဝအမြင်၊ ဘဝဖြတ်သန်းမှု အဓိပ္ပာယ်အကြောင်းတွေကို ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ပမာ ဖွဲ့စည်းတင်ပြထားတာကို တွေ့ရမှာပါ။ နမူနာယူစရာ၊ ဆင်ခြင်စရာ၊ အားတက်စရာစတဲ့ ဘဝအတွက် အကျိုးရှိရာရှိကြောင်းတွေကို ဒီစာအုပ်မှာပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကတစ်ဆင့် စာဖတ်သူရရှိနိုင်မှာ ဖြစ်တယ်။

တိုးမြစ်စာအုပ်တိုက်ကနေ တန် ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.