25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
မျှော်တလင့်လင့်

ဒီဇာတ်ရုပ်ရှင်ဇာတ်ကားဟာ ၂ဝ၁၆၊ ဖေဖော်ဝါရီလက ထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၁၈၆၁ခုနှစ်က စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်းရေးခဲ့တဲ့ Great Expectation ဆိုတဲ့ဝတ္ထုကြီးကို အိန္ဒိယရုပ်ရှင်က ဒါရိုက်တာ Abhishek Kapaor ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းဖို့ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

ဒီဝတ္ထုကြီးကို Great Expectation နာမည်နဲ့ချည်း ၁၉၄၆ ခုနှစ်မှာ ကမ္ဘာကျော်ဒါရိုက်တာကြီး ဒေးဗစ်လဲန်း Daxid Lean က စတင်ရိုက်ကူးခဲ့လို့ အော်စကာဆုတွေရရှိပြီးတဲ့နောက် ၁၉၇၄ ခုနှစ်မှာ ဒါရိုက်တာ Joseph Hardy ကတစ်ကြိမ်၊ ၁၉၉၈ ခုနှစ်မှာ ဒါရိုက်တာ Alsonso Cuaron က တစ်ကြိမ်၊ ၁၉၉၉ ခုနှစ်မှာ ဒါရိုက်တာ Julian Jarrdd က တစ်ကြိမ်၊ ၂ဝ၁၂ ခုနှစ်မှာ ဒါရိုက်တာ Mike Neuell က တစ်ကြိမ်၊ အဲသလို ရိုက်ကူးခဲ့ကြတာ အခုဆို ခြောက်ကြိမ်မြောက်ရှိခဲ့ပါပြီ။

အခု အိန္ဒိယက ပြန်လည်ရိုက်ကူးတဲ့ကားကလည်း ဝတ္ထုထဲက ပန်းပဲပညာရှင်ကို ပန်းချီပညာရှင်အဖြစ် ပြောင်းထားတာကလွဲပြီး ကျန်တာက အရင်ဇာတ်ကားတွေက  ကျောရိုးအတိုင်းပါပဲ။ အိန္ဒိယဒါရိုက်တာဟာ ၁၉၄၆ ခုနှစ် က ဒါရိုက်တာကြီး ဒေးဗစ်လဲန်း ရိုက်ကူးခဲ့တဲ့ အဖြူအမည်းကားကို မှီအောင် လိုက်နိုင်တာတွေ့ရလို့ အိန္ဒိယဒါရိုက်တာကို ချီးကျူးမိပါတယ်။

ရုပ်ရှင်ကို အတိတ်ကိုပြန်တွေးပြီး ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ယောက်ရဲ့ နောက်ခံစကားပြောသံနဲ့ ''ပျက်စီးခြင်းဆိုတာလည်း တော်တော်ကို ထူးဆန်းလွန်းပါတယ်။ အဲဒီ ပျက်စီးခြင်းဟာ တံခါးခေါက်သံမကြားရဘဲရောက်ချင်တဲ့ အချိန်တိုင်းရောက်ရောက်လာတယ်။ ရောက်လာပြီးတော့ အားလုံးကိုဖျက်ဆီးသွားတယ်။ သြော်- နှစ်တွေကြာခဲ့ပြီ''ဆိုတဲ့ စာပိုဒ်တစ်ခုနဲ့ ရုပ်ရှင်ကို စတင်ပါတယ်။

အိန္ဒိယရဲ့ မြို့ကြီးတစ်မြို့အနီးအနားက ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နူရ်(နာမည်အပြည့်အစုံက နူရ်နေဇာမိ) ဆိုတဲ့ အသက်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ နှင်းခဲတွေပိတ်ဖုံးနေတဲ့ အိမ်ထဲကနေထွက်လာခဲ့ပြီး မြစ်ကမ်းစပ်မှာ ကူးခတ်နေတဲ့ငါးတွေနဲ့ ပျံသန်းနေတဲ့ငှက်တွေကို ကြည့် ပြီး လက်တွေ့ပန်းချီကွင်းဆင်းပြီး မိမိရဲ့ဝါသနာကို လေ့ကျင့်နေတုန်း ထောင်ပြေးကြီး Marzam နဲ့ ရင်ဆိုင်တိုးကာ သတ်ပစ်မယ်လို့ ခြိမ်းခြောက်လို့ သူစားဖို့ အိမ်ပြန်ပြီးအစားအစာတွေနဲ့ သူဝတ်ဖို့အဝတ်တစ်စုံပါယူလာပေးရပါတယ်။ ထောင်ပြေးကြီးက အဲဒီညမှာပဲ ကောင်လေးအခန်းမှာ လိုက်ဖို့ လုပ်နေတုန်းရဲတွေရဲ့ ဝိုင်းဝန်းဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။

နူရ်ဟာ မိဘတွေမရှိတော့တဲ့နောက် မိဘတွေနေခဲ့တဲ့ အိမ်မှာပဲ အဒေါ်နဲ့ဦးလေးလင်မယားရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်ရပါတယ်။ တစ်နေ့တော့ သူတို့နေရာနဲ့ အတော်ကြီးကို အလှမ်းဝေးတဲ့နေရာက ရဲတိုက်လိုခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးဆီကို သွားရဖို့အကြောင်းဖန်လာပါတယ်။ အဲဒီအိမ်ကြီးရဲ့ အရှင်သခင် အမျိုးသမီးကြီး 'ဘေဂမ်း'ရဲ့ မွေးစားသမီးလေး 'ဖီရ်ဒေါစ်'နဲ့ အဖော်အဖြစ်ကစားပေးဖို့ပေါ့။  အဲဒီလိုကစားပေးပြီး ညနေပြန်တဲ့အခါ လုပ်အားအဖြစ်ပေးလိုက်တဲ့ ပိုက်ဆံကိုယူပြီး ပြန်ရပါတယ်။

သူနဲ့ရွယ်တူ ဖီရ်ဒေါစ်ဆိုတဲ့ ကလေးမလေးက အဖော်မရှိလို့လည်း အဖော်လုပ် ကစားပေးရသေးတယ်။ အရမ်းကို မတူမတန်သလို ပိုင်စိုးပိုင်နင်းရှိလှပါတယ်။ ဒီလိုနဲ့ အဲဒီဖီရ် ဒေါစ်ဆိုတဲ့ ကလေးမလေးဟာ 'နူရ်'ရဲလက်ကို ပဝါလေးချည်ပေးလိုက်ပြီး ''ဒီနေ့ကစလို့ နင့်ကို ငါ့သူငယ်ချင်းအဖြစ် အသိအမှတ်ပြုလိုက်ပြီ။ မနက်ဖြန် အောက်တိုဘာ ၁၄ ရက် ညနေ ၃ နာရီ ၁ဝ မိနစ် အရောက်လာခဲ့။ အဲဒီနေ့က ငါ့မွေးနေ့ဖြစ်တယ်''လို့ မှာလိုက်ပါတယ်။

အင်မတန်ချောမောလှပတဲ့ အဲဒီ 'ဖီရ်ဒေါစ်'ဆိုတဲ့ ကောင်မလေးကို 'နူရ်' ဟာ စတွေ့တဲ့နေ့ကတည်းက အရာရာအားလုံးကို မေ့လျော့သွားရလောက်အောင် စိုက်ကြည်နေမိပြီး စွဲစွဲလမ်းလမ်း တိတ်တခိုးချစ်နေခဲ့ပါ တယ်။ ဒါကိုလည်း အိမ်ကြီးရှင်သခင် မကြီး'ဘေဂမ်း'နဲ့ ဖီရ်ဒေါစ်က သိနေ ခဲ့ပါတယ်။

ဆင်းရဲစွာနေထိုင်ကြရတဲ့ နူရ်ရဲ့အဒေါ်ဖြစ်သူတို့ လင်မယားလည်း နူရ်ရဲ့ကုသိုလ်ကံကိုမှီခိုပြီး အဆင်ပြေစွာ နေထိုင်စားသောက်ကြရတော့ တူလေးကို ဖူးဖူးမှုတ်ကာ အထူးဂရု စိုက်ကြပါတယ်။

နောက်နေ့ တူလေးဖြစ်သူ 'နူရ်' နဲ့အတူဖရ်ဒေါစ်ရဲ့ မွေးနေ့ပွဲကို အဒေါ်ဖြစ်သူ လင်မယားဟာ လှလှ ပပ ကောင်းနိုးရာရာတွေဝတ်စားပြီး သုံးယောက်သားထွက်အလာမှာ အကြမ်းဖက် တိုက်ခိုက်သူတွေရဲ့ ဗုံးပေါက်ကွဲမှုထိမှန်ပြီး အဒေါ်ဖြစ်သူ သေဆုံးသွားရရှာတယ်။ အဒေါ်ရဲ့ အသုဘကိစ္စပြီးတာနဲ့ အပြေးသွားတော့ ''မနေ့ကမွေးနေ့၊ မင်းက ဒီနေ့မှလာတယ်။ နောက်ကျသွားပြီ ဖီရ်ဒေါစ်ကို ပညာသင်ဖို့ အင်္ဂလန်ကို ပို့လိုက်ပြီ''ဆိုတဲ့စကားကြောင့် နူရ်ဟာ ဝမ်းနည်းကြေကွဲစွာ ပြန်ခဲ့ရပါတယ်။ အဲဒီကစပြီး သူတို့နှစ်ယောက် ကွဲကွာသွားခဲ့ကြရတယ်။

နူရ်ဟာ အဒေါ်မရှိတော့တဲ့ နောက်ပိုင်း ကျန်ရစ်သူဦးလေးနဲ့ အတူ နေရင်းပန်းချီတွေ ဆွဲရင်းအချိန် ကုန်ကာ အရွယ်ရောက်လာခဲ့တယ်။ တစ်နေ့တော့ သူဌေးမကြီး ဘေဂမ်း ရဲ့ လူယုံတော်တစ်ယောက် နူရ်ရှိရာကို ရောက်လာတယ်။ အမည်မဖော်လိုတဲ့ သူဌေးကြီးတစ်ယောက်က အိန္ဒိယရဲ့ ကြီးကျယ်တဲ့မြို့ကြီးတစ်မြို့မှာ ပန်းချီပြပွဲတွေလုပ်နိုင်အောင် စီစဉ်ပေးမယ်။ နေရေးထိုင်ရေးနဲ့ ငွေ ကြေးအထောက်အပံ့ ဘာမှမပူပင် မစိုးရိမ်ရဘူးလို့ လာပြောပါတယ်။

အဲဒါကို နူရ်က သူဌေးမကြီးဘေဂမ်းလို့ အထင်ရောက်ပြီး ဘေဂမ်းဆီသွားပြီး နှုတ်ဆက်ပါတယ်။ မြို့ကြီးပေါ်ရောက်တော့ ရွယ်တူပန်းချီဆရာ အဖော်တစ်ယောက်နဲ့အတူ နေရတယ်။ အတူနေပန်းချီဆရာသူငယ်ချင်းက သူဌေးမကြီး ဘေဂမ်းရဲ့ ဘဝဇာတ်ကြောင်းကို ပြောပြတယ်။

သူဌေးမကြီး ဘေဂမ်းဟာ သူမင်္ဂလာဆောင်တဲ့နေ့ကစပြီး မင်္ဂလာအခမ်းအနားကျင်းပတဲ့ အဲဒီအိမ်ကြီး ရဲ့ အပေါ်ထပ်မှာပဲနေတော့တဲ့ အကြောင်းကို သိရပါတယ်။ မင်္ဂလာဆောင်မယ့်နေ့ ၃ နာရီ ၁ဝ မိနစ်မှာ ဒီမင်္ဂလာဆောင်မယ့် သတို့သမီး ဝတ်စုံကြီးနဲ့ သတို့သားက လှည့်စားပြီးထားခဲ့လို့ ဘဝကို အလွန်နာ ကြည်းမုန်းတီးသွားတယ်။ အဲဒီအချိန် ကစပြီး ဝတ်ထားတဲ့ အဲဒီ သတို့သမီး ဝတ်စုံကိုလည်း မချွတ်တော့ဘူး။ နာရီကိုလည်း  အမြဲတမ်း ၃ နာရီ ၁ဝ မိနစ်မှာပဲ ရပ်တန့်ထားတယ်။ မင်္ဂလာဆောင်ရဲ့ အခမ်းအနားအပြင် အဆင်တွေကိုလည်း လက်နဲ့တောင်မထိတော့ပဲ ဒီအတိုင်းပဲ ထားလိုက်တော့တယ်။ အဆိုးဆုံးကတော့ အခန်းရဲ့ခန်းဆီးလိုက်ကာတွေကို အ သေပိတ်ထားလိုက်ပြီး အဲဒီနေ့ကစလို့ သူမဟာ အခန်းအပြင်ကို လုံးဝမ ထွက်တော့ပါဘူး။ ဒါကြောင့် နာကြည်းပြီး ယောက်ျားတွေရဲ့ အသည်းကို အတတ်နိုင်ဆုံး ခွဲနိုင်ဖို့အတွက် ဆိုပြီး မွေးစားသမီးကို လေ့ကျင့်ပေး ကာ လန်ဒန်ကို ပို့လိုက်ခြင်းပဲဖြစ်ပါတယ်။

'နူရ်'ဟာ သူပြသတဲ့ ပန်းချီလက်ရာတွေဟာ နာမည်ကြီးပြီး အမြင့်ဆုံးဈေးနဲ့ နိုင်ငံခြားသားတွေ ဝယ်သွားခြင်းကို ခံရပါတယ်။ တစ်နေ့မှာ နူရ်အစားအစာနဲ့ အဝတ်အထည်တွေ ခိုးကျွေး၊ ခိုးပေးဖူးတဲ့ ထောင်ပြေးကြီးက နူရ်ကိုလာတွေ့ပါတယ်။ နောက်ကနေ ထောက်ပံ့ပေးနေတဲ့ အမည်မဖော်လိုတဲ့ သူဌေးကြီးဆိုတာ သူပဲဖြစ်တယ်ဆိုတဲ့အကြောင်းကို ပြောပြပါတယ်။

အဲဒီတော့မှ ဘေဂမ်းဆိုတဲ့ သူဌေးမကြီးဟာ သူ့ကျေးဇူးရှင်မဟုတ်ပဲ သူ့အသည်းကိုခွဲဖို့ ကြိုတင်စီစဉ် တာဆိုတာကို သိသွားပါတယ်။ ဒါ ကြောင့် 'နူရ်' ဟာ သူဌေးမကြီး ဘေဂမ်းဆီကို သွားလိုက်ပါတယ်။ ဒီကိစ္စကို သူသိပြီဆိုတာကိုလည်း နူရ်ကပြောပြလိုက်ပါတယ်။ အဲဒီမှာ ကောင်မလေး 'ဖီရ်ဒေါစ်'လည်း ရောက်နေပါတယ်။

ဖီရ်ဒေါစ်က သူမဟာ လူတစ်ဖက်သားကိုချစ်တတ်တဲ့ နှလုံးသား မရှိတဲ့အကြောင်းနဲ့ ပြီးတော့ မကြာခင် ဝန်ကြီးဖြစ်တော့မယ် လူတစ်ယောက်ကို လက်ထပ်တော့မှာဖြစ်တဲ့ အကြောင်းကိုပါ ပြောလိုက်ပါတယ်။ အခန်းထဲက ပြန်ထွက်သွားတဲ့ နူရ် ကို သူဌေးမကြီး ဘေဂမ်းက တောင် ပန်ဖို့ ဘီးတပ်ကုလားထိုင်ပေါ်ကအထမှာ ဘေးမှာရှိတဲ့ မီးဖိုကမီးစဟာလွင့်စဉ်ပြီး ဘေဂမ်းရဲ့ သတို့သမီးဝတ်စုံဂါဝန်ကို မီးစွဲလောင်ကာ အဲဒီဒဏ်ရာနဲ့ပဲ ဘေဂမ်းတစ်ယောက် သေဆုံး သွားပါတယ်။

နူရ်နောက်ထပ် သိလိုက်ရတာက ကြိုးပေးအသတ်ခံရမယ့် ပြစ်မှုမျိုးဖြစ်တဲ့အတွက်ကြောင့် နှစ်နှစ်အရွယ် သမီးကလေးကို ဘေဂမ်းဆီမှာ မွေးစားဖို့ပေးအပ်ခဲ့တာဖြစ်ကြောင်းကိုပါ  သိလိုက်ရတော့ ထောင်ထွက်ရဲ့သမီးမို့ ငါ့ကို ဒီလောက်အထိရက်စက်နိုင်တာပဲဆိုပြီး နူရ်ဟာ သူ့ရဲ့ မူရင်းနေခဲ့တဲ့ အိမ်ကလေးဆီကိုပဲ ပြန်လာပြီးနေထိုင်ပါတော့တယ်။

ဖိရ်ဒေါ့စ်ကလည်း ဝန်ကြီးဖြစ်တဲ့ သူ့ယောက်ျားနဲ့ ပေါင်းသင်းနေရင်း ယောက်ျားရဲ့ သဝန်တိုမှုဒဏ်ကို မခံနိုင်တော့တာကြောင့် သူမရင်ထဲမှာ အမှန်တကယ်ချစ်နေခဲ့မိတာဟာ နူရ်ပါပဲလားဆိုတဲ့ အဖြေ ပေါ်ပြီးတဲ့နောက် ကွာရှင်းခဲ့ပြီး ဖီရ်ဒေါစ်ဟာ နူရ်ရှိရာနှင်းတောထဲက အိမ်ကလေးဆီကို ရှာဖွေပြီး လိုက်လာခဲ့ပါတော့တယ်။

 

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.