25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

Living Together နောက်ကွယ်

သို့မဟုတ် ခေတ်သစ်ရောဂါ

ကျန်းမာရေးဆောင်းပါးများ

ဟမ်စိုင်း (ဆေးမန်း)

ဖေ့ဘွတ်ခ်ဆိုသည့် လူမှုကွန်ရက်ကို လူထုကြားတွင် တွင်ကျယ်စွာအသုံးပြုပြီး မကြာမီ Online Shopping တွေ ပေါ်ပေါက်လာကြသည်။ အင်တာနက်(ဖေ့ဘွတ်ခ်)ပေါ်မှာ ပစ္စည်းတွေကို ကြော်ငြာသည်။ လိုချင်သည့်သူက ဘဏ်မှတစ်ဆင့် ငွေလွှဲအရင်ပို့ရသည်။ ကြော်ငြာသည့်သူက ငွေလွှဲရောက်မှ ကားဂိတ်မှတစ်ဆင့် ပစ္စည်းပို့ပေးသည်။ တော်တော်လေးကို အဆင်ပြေသည့် နည်း လမ်းဖြစ်သည်။ အဆင်ပြေသည့် ကိစ္စများရှိသလို အဆင်မပြေတာတွေလည်းရှိသည်။ ထို Online Shopping ကို အသုံးချပြီး တရားမဝင်သည့် ဆေးများကို ပေါ်တင်ရောင်းချကြသည်။

ခေတ်သစ်ရောဂါ ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ သူ့ဆေးခန်းကို ရောက်လာတဲ့ မကြာခဏ ခေါင်းကိုက်တတ်သူ လူနာတစ်ယောက်အကြောင်းက အစပြုလို့ ဒီကနေ့ Online Shopping မှာ ခေတ်စားနေတဲ့ ကာမဆိုင်ရာ အားဆေးတွေရဲ့ ဆိုးကျိုးတွေအကြောင်း အသိ ပညာပေးရေးသားထားတာ ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း ဖြစ်ပေါ်တတ်တဲ့ အကြောင်းအမျိုးမျိုးကိုလည်း ဗဟုသုတဖြစ်ဖွယ်ရေးပြထားပြီး သူ့လူနာ ဘာကြောင့် မကြာခဏ ခေါင်းကိုက်သလဲဆိုတာကို အသေအချာ စေ့ငု၊ စစ်မေးတဲ့အခါ ကာမအား တိုးဆေးတစ်မျိုးကို တစ်နေ့နှစ်ကြိမ် ခန့်သောက်သုံးခြင်းရဲ့ ဆိုးကျိုးဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသတဲ့။ ဒီဆေးတွေဟာ ဆရာဝန်ညွှန်ကြားမှသာ သောက်သင့်ပြီး တစ်နေ့တစ်ကြိမ်ထက် ပိုမသောက်သင့်ကြောင်း၊ ဒီ ဆေးကြောင့် ခေါင်းကိုက်၊ မျက်နှာမှာ ဖိန်းရှိန်းနေပြီးနီရဲနေတတ်၊ အမြင်အာရုံ ဝေဝါး၊ အစာမကြေ ရင်ပြည့် ရင်ကယ်ဖြစ်ပြီး အန်တတ်၊ နှာခေါင်းသွေးလျှံ၊ အာရုံကြောထိခိုက်၊ ညအိပ်မပျော်၊ စိတ်ဓာတ်ကျတာတွေအပြင် တခြားဆိုးကျိုးများ ရှိကြောင်းတွေကို သတိပေးတင်ပြထားပါတယ်။

ခေတ်ရောဂါ ပိုင်ရှင်တွေဟာ ကျန်းမာရေး အထောက်အကူပြုမယ့် ဆေးဝါးတွေမှီဝဲဖို့ကိုတော့ ပိုက်ဆံ နှမြောကြပေမယ့် ကာမဆိုင်ရာ ဆေးဝါးတွေကိုတော့ အလုအယက် ဝယ်ယူကြကြောင်း၊ တချို့ကာမဆိုင်ရာ အားဆေးတွေ၊ ကြီးထွားဆေးတွေကို သုံးစွဲထိုးနှံ့သူတွေဟာ အရိပ်လို ကပ် ပါလာတဲ့ ဆိုးကျိုးတွေကြောင့် တခြားကျန်းမာရေးကို ထိခိုက်တဲ့ရောဂါတွေအပြင် လူစဉ်မမှီတော့တဲ့အထိ ဖြစ်သွားနိုင်ကြောင်းတွေကို ကြီးထွားဆေးထိုးနှံ့သုံးစွဲမှုကြောင့် ဆေးရုံတက် ခွဲစိတ်ကုသရတဲ့အထိဖြစ်သွားသူ လူနာတချို့ရဲ့ ဖြစ်စဉ်တွေနဲ့တကွ အသိပေးတင်ပြထားပါတယ်။

ဘယ်လို စွမ်းအားတွေ ရှိလာမယ်၊ ဘယ်လို ကြီးထွားသန်မာလာ မယ်စတဲ့ ကြော်ငြာ မက်လုံးတွေကို မယုံမိဖို့လိုကြောင်း၊ အိမ်ထောင်ရေး သုခပြည့်စုံဖို့ဆိုတာ ချစ်ခြင်းမေတ္တာနဲ့ နားလည်းသည်းခံမှုတွေသာ အဓိကလိုအပ်ကြောင်းတွေကို သတိပေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။

ဝမ်းချုပ်နေလား၊ ဒါဆိုလာထား ဆောင်းပါးမှာတော့ မကြာခဏ ဝမ်းချုပ်တတ်သူတွေအတွက် သတိထားရမယ့် အချက်တွေကို တင်ပြထားတာပါ။ ဘာကြောင့် ဝမ်းချုပ်ရသလဲဆိုတဲ့  အကြောင်းအရင်းတွေကို အစာအိမ် အူလမ်းကြောင်းဖြစ်စဉ်တွေနဲ့တကွ တင်ပြထားပြီး ဝမ်းချုပ်သူတွေ လိုက်နာရမယ့် အကြံပြုချက်တွေကိုလည်း ဆွေးနွေးတင်ပြထားပါတယ်။

'ဝမ်းပျော့ဆေးကို နေ့စဉ်မှီဝဲနေ သူတွေဟာ ဝမ်းချုပ်ခြင်းကို ခံစားရတတ်တယ်။ ဝမ်းပျော့ဆေး၊ တိုင်းရင်း ဝမ်းပျော့ဆေးတွေနေ့စဉ်စွဲသောက်မယ်ဆိုရင် အဲဒီဆေးက အူလမ်းကြောင်းက အာရုံကြောတွေကို ပျက်စီးစေတာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေတယ်။ သောက်နေကျဆေးကို သောက်မှသာ ဝမ်းသွားရတဲ့ အခြေအနေအထိရောက်တတ်တယ်'လို့ သတိပေးထားပြီး နေ့စဉ်ဝမ်းမချုပ်ဘဲ ဝမ်းမှန်စေဖို့အတွက် ဘယ်လို ပြုမူ နေထိုင်ရမလဲ၊ ဘာတွေစားသောက် ပြီး ဘာတွေရှောင်ရမလဲဆိုတာတွေကို အကြံပြုထားပါတယ်။

ရုံးပတီသီးအစွမ်း အံ့မခန်း ဆောင်းပါးကတော့ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်ပြီး ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့  ရုံးပတီသီးရဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပုံတွေ၊ ဆေးဖက်ဝင်ပုံတွေကို တင်ပြထားတာပါ။ ရုံးပတီသီးကို နေ့စဉ်စားပေးရင် အစာ ကြေဝမ်းမှန်စေတာ၊ ရုံးပတီသီးမှာပါတဲ့ Eugenol ဆိုတဲ့ အမျှင်ဓာတ်ဟာ အူအတွင်းက သကြားဓာတ် စုပ်ယူမှုကို ထိမ်းပေးပြီး သွေးတွင်းရှိ သကြားဓာတ် လွန်ကဲစွာ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးပေးတာ ကြောင့် ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်း တစ်လက်ဖြစ်တာ၊ ရုံးပတီသီးမှာပါတဲ့ ဖောလစ်ဓာတ်နဲ့ အာဟာရတန်ဖိုးတွေက ကိုယ်ဝန်ရခြင်းကို ကူညီပေးနိုင်သလို သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးခြင်းကို ကူညီပေးနိုင်ရုံသာမက ကိုယ်ဝန်ပျက်ကျခြင်းကို တားဆီးပေးပြီး ကလေးတွေမွေးလာတဲ့အခါ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်တွေ ပါမလာအောင် တားဆီးကာကွယ်ပေး နိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ နေ့စဉ်စားသုံးသင့်တဲ့ မီးဖိုချောင်က ဆေးတစ်လက်ဖြစ်တာ၊ အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါကနေ ကာကွယ်တားဆီးပေးတာ၊ ပန်းနာရင် ကျပ်သမားတွေအတွက် မိတ်ဆွေကောင်းဖြစ်တာ၊ အပူဒဏ်ကြောင့် ဖြစ်တဲ့ နွမ်းနယ်ခြင်းတွေ ကင်းဝေးစေတာ၊ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်း လျော့နည်းစေတာ၊ အဝလွန်ခြင်းက ကင်းဝေးစေတာ၊ အရေပြားကို လှပစေတာ၊ မျိုးပွားအင်္ဂါရောဂါ တချို့ကို သက်သာစေတာ စတဲ့ ရုံးပတီသီးရဲ့ အာဟာရတန်ဖိုး အချက် (၁၈) ချက် ကို တင်ပြထားပါတယ်။

Living together ၏နောက်ကွယ် ဆောင်းပါးမှာတော့ လက်မထပ်ခင် ချစ်သူနဲ့အတူနေမိကြသူ မိန်းကလေးတွေ သုံးစွဲတတ်တဲ့ အရေးပေါ် သန္ဓေတားဆေးအကြောင်း ယဉ်ကျေးမှုရှုထောင့်၊ ကျန်းမာရေး ရှုထောင့်တွေကနေ သတိပေး တင်ပြထားပါတယ်။ တချို့မိန်းကလေးတွေဟာ ဒီဆေးကို တစ်လငါးခါခြောက်ခါလောက် သောက်ကြပါသတဲ့။ ဒီဆေးဟာ တစ်လကိုလေးလုံးထက် ပိုသောက် ရင် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီဆေးသောက်တာကြောင့် အမျိုးသမီးတချို့မှာ မီးယပ်မမှန်တာ၊ သွေးဆင်းလာတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ နုံးချည့်နေတာ၊ ခေါင်း ကိုက်တာနဲ့ ရင်သားတွေတင်းပြီး နာနေတာတွေ ဖြစ်တတ်တယ်လို့ သတိပေးထားပါတယ်။ ဒီဆေးဟာ လိင် ဆက်ဆံခြင်းကနေ ကူးစက်တတ်တဲ့ရောဂါတွေကို မကာကွယ်နိုင်တဲ့အပြင် သန္ဓေသားဖြစ်ပေါ်မှုကို ၇၅ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းထိပဲ တားဆီးပေးနိုင်တယ်လို့ ဆိုထားပါတယ်။ လက်မထပ်ခင် အတူနေခြင်းရဲ့နောက်ကွယ်က ကိုယ်ဝန်ဖျက်ချခြင်း၊ သေဆုံးခြင်း၊ နာမည်ပျက်ခြင်း၊ မိဘမောင်ဖားတွေ အရှက်ရခြင်းစတဲ့ ဆိုးကျိုးတွေကို တင်ပြထားပြီး လက်မထပ်ခင် အချစ်နယ်ကျွံခြင်းကို ရှောင်နိုင်ဖို့ သတိပေးထားပါတယ်။

ဒီစာအုပ်မှာ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆောင်းပါး ၃၂ပုဒ် ပါဝင်ပြီး ဆုရောင်စဉ်စာအုပ်တိုက် ကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

C.E.O ၏ လမ်းညွှန်စာအုပ်ငယ်

ခင်စောတင့်

အမေရိကန်နိုင်ငံက ထိပ်တန်း C.E.O တွေ ပြောခဲ့ကြတဲ့။ သူတို့ခံယူခဲ့ကြတဲ့ သူတို့ဆုံးဖြတ်ခဲ့ကြတဲ့ အောင်မြင်ရေးဆိုင်ရာ အတွေးအခေါ်တွေကို ဆရာမခင်စောတင့်က ဘာသာပြန်ဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။

'ကျွန်ုပ်အတွက်ကတော့ သိပ်ကိုရိုးရှင်းပါသည်။ အကယ်၍ တွေးရတော့မည်ဆိုလျှင် ကြီးကြီးကျယ် ကျယ်သာ တွေးပစ်လိုက်ပါမည်'

ဒါကတော့ ဒီကနေ့ အမေရိကန်သမ္မတဖြစ်နေသူ ဒေါ်နယ်ထရန့်ရဲ့ စကားဖြစ်ပါတယ်။ ကြီးကြီး ကျယ်ကျယ်တွေးမှ ကြီးကြီးကျယ်ကျယ် အလုပ်တွေကို လုပ်နိုင်မှာဖြစ်ကြောင်း သန်းကြွယ်သူဌေး ထရန့်က Trump Organization မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ် ပြောခဲ့တာဖြစ်ပါတယ်။

'ထူးချွန်ထက်မြက်ခြင်းသည် လှုံ့ဆော်အားပေးမှုက တစ်ရာခိုင်နှုန်းနှင့် ချွေးစက်များက ကိုးဆယ့်ကိုးရာခိုင်နှုန်းဖြစ်သည်'

လို့ ပြောခဲ့သူကတော့ တီထွင်မှုများစွာကြောင့် လူသိများခဲ့ပြီး လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်၊ ထုတ်လွှင့်၊ ဖြန့်ဖြူးပေးတဲ့ Edison Electric Light ကုမ္ပဏီကိုတည်ထောင်သူ Thomas A.Edison ဖြစ်ပါတယ်။

'အောင်မြင်မှုဆိုသည်မှာ ခရီးတစ်ခုသာဖြစ်သည်။ လမ်းဆုံးပန်းတိုင် မဟုတ်ပါ'

'ဘယ်သောအခါမှ စိတ်ဓာတ်မကျပါနှင့် ဘယ်သောအခါမှလည်း လက်လျှော့ပြီး ထွက်မသွားပါနှင့်။ အဘယ့်ကြောင့်ဆိုသော် သင်ဘယ်သောအခါမှ ထွက်မသွားလျှင် သင်ကဘယ်သောအခါမှ အရှုံးပေးရမည် မဟုတ်ပါ'

စတဲ့ ကမ္ဘာကျော်စီးပွားရေး လုပ်ငန်းကြီးတွေကို တည်ထောင်၊ ဦးဆောင်၊ အောင်မြင်ခဲ့ကြတဲ့သူတွေ ရဲ့ အောင်မြင်ရေး လျှို့ဝှက်ချက်ပြောစကား ၁၅ဝ ကျော်ကို စုစည်းထားတဲ့စာအုပ် ဖြစ်ပါတယ်။ သူတို့ရဲ့  ပြောစကားတွေနဲ့အတူ သူတို့ရဲ့အောင်မြင်မှုရ စွမ်းဆောင်ရည်အကျဉ်းချုပ်ကိုလည်း ဖော်ပြထားပါတယ်။

'သူတို့ကို ထိပ်ဆုံးကလူ၊ ပိုက်ဆံထုတ်လုပ်သူ၊ အငြင်းပွားဖွယ်လူ၊ အောင်မြင်သူဟု ခေါ်ဝေါ်ကြသော် လည်း သူတို့က စာဖတ်သူတို့ကဲ့သို့သော သာမန်လူတွေပဲဖြစ်ပါသည်။ သူတို့က သာမန်ထက်ပိုသောသူတွေ အဖြစ် စွန့်စားရန် ဆုံးဖြတ်ခဲ့ကြ သည်။ ထို့ကြောင့် အောင်မြင်ကြသည်' လို့ ဘာသာပြန်သူ ဆရာမ ခင်စောတင့်က အမှာစကားဆိုထား ပါတယ်။

စာပေခရီးသွားများ စာအုပ်တိုက်ကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.