14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ရဲဘက်စခန်း ငရဲလမ်း

ဌေးဝင်း

အချုပ်၊ ထောင်နှင့် ရဲဘက်စခန်းဆိုသည်ကား အာဏာရှင်စနစ်နှင့် အာဏာရှင်ခေတ် တစ်လျှောက်လုံး မတရားမှုများကို အကြီးမားဆုံး ပြုလုပ်ရာဌာနတစ်ခုပင်ဖြစ်သည် မဟုတ်ပါလား။ ထိုအရပ်များတွင် လက်မရွံ့အာဏာပါးကွက်သား လူဆိုး လူမိုက်များ၏ အနိုင်ကျင့်သမျှကို ကျန်အကျဉ်းသားများ ခေါင်းငုံ့ခံနေရ သည့် ဖြစ်စဉ်များကားရေးသား၍ ကုန်နိုင်ဖွယ်မမြင်ပါ။

၁၉၉၁ခုနှစ်မှာ လက်နက်မှုနဲ့ အမှုဆင်ဖမ်းဆီး ထောင်ချခံရ၊ ရဲဘက်စခန်းရောက်ခဲ့ရတဲ့ နိုင်ငံရေးသမား ကိုဇော်ဝင်းရဲ့ ရဲဘက်စခန်း အတွေ့အကြုံ မှတ်တမ်းမှတ်ရာတွေကို အခြေပြုပြီးဆရာဌေးဝင်းက ပြန်လည်ရေးသား တင်ပြထားတာပါ။ အောင်ပန်း လွိုင်ကော်မီးရထားလမ်း၊ ဇော်ဂျီရေအားလျှပ်စစ်စီမံကိန်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း(ရန်-မန်းလမ်း)စတဲ့ ရဲဘက်စခန်းအသီးသီးမှာ ကိုဇော်ဝင်းအပါအဝင် ထောင်ကျရဲဘက် တွေကြုံခဲ့ရတဲ့ လူမဆန်တဲ့ ဖြစ်ရပ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေကို ဖတ်ရှုခံစားကြရမှာပါ။

အခန်း (၁)မှာတော့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ဂဝံကျောက်ထုတ်လုပ်ရေး အမှတ် (၄) သပြေပင် ရဲဘက်စခန်းမှာ ကြုံတွေ့ခဲ့ ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။

နံနက် ၆ နာရီလောက် ထောင်ဖွင့်ချိန်ကစလို့ ညနေလေးနာရီအထိ ကျောက်ထု၊ ကျောက်ခွဲ၊ ကျောက်သယ် အလုပ်ကို နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတဲ့ ရဲဘက်တွေဟာ ဂျပန်ခေတ်က သံဖြူဇရပ်သေ မင်းတမန်ရထားလမ်း ချွေးတပ်သား တွေနဲ့ ထူးခြားမယ် မထင်ဘူးလို့ ဆို ထားပါတယ်။

ခြေထောက်မှာ သံခြေချင်းခတ် ထားခံရတဲ့အပြင် လေးလံတဲ့ ဂဝံကျောက်ခဲကြီးတွေကို ထမ်းပိုး သယ်မ နေရတဲ့ ရဲဘက်တွေဟာ ခြေလှမ်းနှေးသွားတာနဲ့ တစ်ပြိုက်နက် တန်းစီးတွေက ကျွဲနွား တိရစ္ဆာန်တွေကို ရိုက်နှက် သလို ဝါးရင်းတုတ်တွေနဲ့ တဖုန်းဖုန်းရိုက်နှက်ပုံတွေ၊ ကျောပေါ်ကျလာတဲ့တုတ်က နာရတဲ့အထဲ ခြေချင်းဝတ်နဲ့ သံခြေချင်းကြားက သဲဝဲစားထားတဲ့အနာက သွေးစိမ်းရှင်ရှင်ထွက်ပြီး အသည်းခိုက်အောင် နာကျင်ပေမယ့် ကြိတ်မှိတ်ခံစားခဲ့ရပုံတွေ၊ ထောင်ကထုတ်ပေးတဲ့ ဝတ်စုံနှစ်စုံကို မိုးရာသီမှာ အလျဉ်မီခြောက်သွေ့အောင် လျှော်ဖွပ်နိုင်ခြင်း မရှိတာကြောင့် အစိုအတိုင်းဖြစ်သလို ဝတ်ကြရပုံတွေ၊ အစားအသောက်  အနေအထိုင် သန့်ရှင်းမှုမရှိတာကြောင့် ဝဲထူကြရတဲ့ အထဲ အိပ်ဆောင် ဝါးကြမ်းခင်းကို လက်နဲ့တစ်ချက်ပုတ်လိုက်ရင် ကြမ်း ပိုး ဆယ်ကောင်လောက် ပြုတ်ကျလာ တဲ့အထိ ပေါများလှတဲ့ ကြမ်းပိုးတွေရဲ့ နှိပ်စက်မှုကို ခံရပုံတွေ၊ ဝမ်းကိုက်ပိုး အပါအဝင် ရောဂါအမျိုးမျိုး အလွယ် တကူကူးစက်ခံရပုံတွေကို ကွက်ကွက် ကွင်းကွင်းမြင်အောင် ရေးဖွဲ့ထားတာ ကို တွေ့ရမှာပါ။

အဆောင်မှုး၊ တန်းစီး၊ ဗာရာ၊ ထမင်းချက်နဲ့ အပ်ထည် (ငွေပေးထားသူ) တွေကတော့ ပင်ပင်ပန်းပန်း မလုပ်ရတဲ့ ထောင်ရဲ့အာဏာ ပါးကွက်သား လက်မရွံ့တပ်သားတွေဖြစ်ပြီး ထောင်ဝန်ထမ်းတွေ ကိုယ်စား အလုပ်မြန်မြန်ဆန်ဆန် ပြီးနိုင်ဖို့ မျက် နှာလို မျက်နှာရ လုပ်တဲ့အနေနဲ့ ရဲ ဘက်တွေအပေါ် လိုအပ်တာထက် ပိုပြီးလက်စွမ်းပြပုံတွေ၊ နှုတ်က ရုန့် ရင်းကြမ်းတမ်းစွာဆဲဆိုကြိမ်းမောင်းပြီး နည်းနည်းလေးမှားလိုက်တာနဲ့ လက်ပါတတ်ပုံတွေကို တင်ပြထားပုံ ကလည်း တစ်ကိုယ်ရေ ကောင်းစားဖို့အတွက် ဘဝတူအချင်းချင်း ချနင်းတတ်တဲ့ လောကကို မြင်မိစေမှာ ဖြစ် ပါတယ်။

အဲဒီ လက်မရွံ့အာဏာ ပါးကွက်သားတွေဟာ ထောင်ဝင်စာလာနိုင်သူ( ရုပ်ပေါက်သူ) ကို ရွေးချယ်ကာ ပုံစံပေး (ဖိအားပေး)ပြီး အနေချောင်၊ အစားချောင်အောင် ဖန်တီးကြသူတွေ၊ ထောင်အာဏာပိုင်တွေကို လာဘ်လာဘရွှင်အောင် လုပ်ပေးပြီး ရသမျှအခွင့်အရေးယူသူတွေ၊ အခွင့်အရေးရတာနဲ့ အရက်ခိုးသောက်တာ၊ လိင်တူဆက်ဆံတာ စတဲ့ ထောင်စည်းကမ်းထောင်ဥပဒေကို ကျူးလွန်ခွင့်ရသူတွေ၊ အာဏာရှင်တွေရဲ့ ဖိနှိပ်မှု ယန္တရားထဲမှာ ပင်နယန်တွေ၊ မူလီ တွေအဖြစ် ပါဝင်သူတွေဖြစ်ပြီး ဘဝတူ အကျဉ်းသားအချင်းချင်းကို သခင်အားရ ကျွန်ပါးဝ ဆိုသလို အားရ ပါးရ နှိပ်စက်တတ်သူတွေလို့ ဆိုထားပါတယ်။

သာမန်လူတွေ မစားနိုင်တဲ့ထမင်းကို မဝရေစာ စားသောက်ရင်း ပင်ပန်းကြီးစွာ အလုပ်လုပ်နေရတဲ့ ရဲဘက်တွေရဲ့ ဖြစ်စဉ်ကို စဉ်းစားရင်း အီဂျစ်သမိုင်းထဲက ပိရမစ်ကြီးတွေကို မြင်ယောင်လာမိပါသတဲ့။ 'ထို ကမ္ဘာကျော် ပိရမစ်များကို ဆောက်လုပ်ခဲ့ ကြသော အီဂျစ်က ကျွန်များနှင့် ကျွန်တော်တို့ဘဝကား ဘာများ ခြားနားလေသနည်း။ ရဲဘက်တွေကို ကြည့်လိုက်လျှင် အများစုမှာ အရိုးပေါ်အရေတင်ပြီး ဝဲစွဲနေကြသူတွေနှင့်ပိန်လိန်ပြီး ကမ္မဋ္ဌာန်းရုပ်ပေါက် နေကြသူတွေက များသည်' လို့ရေးဖွဲ့တင်ပြထားပါတယ်။

ရဲဘက်တွေ ကြုံတွေ့ရတဲ့ ညှဉ်း ပန်း နှိပ်စက်ခံရပုံတွေ၊ ဥပဒေမဲ့ လုပ် ရပ် တွေအပြင် ၈၈ အရေးအခင်း နောက်ပိုင်းထိ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်နေသူ NLD ပါတီဝင် ကိုဇော်ဝင်းကို လုပ်ကြံလီဆယ် အမှုဆင်ဖမ်းဆီးပုံတွေ၊ အာဏာပိုင် တွေက သူတို့ စွပ်စွဲထားတဲ့အတိုင်း ဝန်ခံဖြောင့်ချက်ပေးအောင် သေနတ် မောင်းတင်၊ လည်ကုပ်တေ့ပြီး ခြိမ်း ခြောက်ခြင်းအပါအဝင် အမျိုးမျိုး ညှဉ်းပန်းနှိပ်စက် စစ်ဆေးမေးမြန်း ပုံတွေကိုလည်း တင်ပြထားပါတယ်။

ကျန်ရစ်သူ မိသားစုတွေ မသိရဘဲ ဟိုထောင်ပြောင်းလိုက်၊ ဒီထောင် ပြောင်းလိုက်၊ ဟိုရဲဘက်ပြောင်းလိုက်၊ ဒီရဲဘက်ပြောင်းလိုက်နဲ့ ဖြစ်နေတာကြောင့် လူတစ်ယောက် ထောင်ကျသွားပြီဆိုရင် တစ်ယောက်တည်းသာ ဒုက္ခရောက်တာမဟုတ်ဘဲ ကျန်ရစ်တဲ့ မိသားစုဝင်တွေကိုပါ သောကပရိဒေဝနဲ့ ဒုက္ခအဖုံဖုံကို မီးခိုးကြွက် လျှောက်ပေးတဲ့ အာဏာရှင်တွေရဲ့ အကျဉ်းထောင်စနစ်ကိုလည်း အော့နှလုံးနာဖွယ် မြင်တွေ့ကြရမှာ။

အခန်း (၂)မှာတော့ ရန်ကုန်- မန္တလေးအမြန်လမ်း (ရန်-မန်းလမ်း) ရဲဘက်စခန်းရဲ့ အတွေ့အကြုံတွေအကြောင်း ဖြစ်ပါတယ်။ ရဲဘက်စခန်းဟာ သေမင်းခံတွင်းဝကို သွားရောက်ရခြင်းနဲ့ ဘာမှမထူးခြားပေမယ့် ငွေကြေးတတ်နိုင်သူတွေနဲ့ အခွင့်ထူးခံ ထောင်မင်းသားတွေအဖို့တော့ ငရဲခန်းမဟုတ်ဘူးဆိုတဲ့ အကြောင်း၊ ရဲဘက်စခန်းက တရားမျှတတဲ့ဥပဒေမဲ့လုပ်ရပ်တွေအကြောင်းတင်ပြထားပါတယ်။

ရဲဘက်အိပ်ဆောင်တွေနဲ့ မတူကွဲပြားတဲ့ သီးသန့်တဲကလေးတွေမှာ အခွင့်ထူးခံရဲဘက်တွေ နေရပုံတွေ၊ သူတို့ဟာ အလုပ်ကြမ်းလုံးဝမလုပ်ရဘဲ ထောင်ဝင်စာလာတွေ့သူ ဇနီးနဲ့ချစ်ရည်လူးခွင့်ရအောင် ငွေပေး ဖန်တီးကြပုံတွေ၊ ထောင်ဝန်ထမ်းနဲ့ပေါင်းပြီး အနီးအနားက အရပ်ပျက်မလေးတွေကို ရှာဖွေကာ တဒင်္ဂစိတ်ချမ်းသာမှုကို ဖန်တီးယူကြပုံတွေ အပါအဝင် ထောင်မှူးနဲ့ပေါင်းခွင်ရိုက်ပြီး ကျောက်ကန်ထရိုက်ယူရင်း စီးပွားဖြစ်နေသူ ရဲဘက်တွေရှိနေတဲ့အကြောင်း တင်ပြထားပါတယ်။ စီးပွားဖြစ်နေသူ ရဲဘက်တွေဟာ တပည့်တွေမွေး အုပ်စုဖွဲ့ပြီး အခြားအကျဉ်းသားတွေကို သူတို့ရဲ့ငွေဝယ်ကျွန်အလား ဆက်ဆံပြီး အမျိုးမျိုးအနိုင်ကျင့်နေတာကို အာဏာပိုင်တွေကလည်း လက်ပိုက်ကြည့်နေကြပါသတဲ့။

'ထောင်ဟူသည်ကား ယေဘုယျအားဖြင့် လူဆိုးလူမိုက်များကို ထားရှိရာနေရာဖြစ်ပေရာ ထိုသူများကို တစ်ဖန်လူလည်များက ကျွေးမွေးပေး ကမ်းပြီး ထပ်ဆင့်မိုက်ခိုင်းထားပေရာ မည်မျှကြောက်စရာကောင်းသည့် အရပ် ဖြစ်မည်ကို စဉ်းစား၍သာ ကြည့်ကြပါတော့ဟု ဆိုချင်သည်' လို့ စာရေးသူက မှတ်ချက်ပြုထားပါတယ်။

အခန်း (၆) မှာတော့ နောင်ဝိုးရဲဘက်စခန်းမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေနဲ့အတူ ရဲဘက်စခန်းတွေမှာ ယောက်ျားစင်စစ်က အခြောက်ဘဝရောက်ရရှာသူ လူ ငယ်လေးတွေအကြောင်း တင်ပြထားချက်က ရင်နင့်စရာပါ။ ငယ်ရွယ်ပြီး ရုပ်ရည်သန့်သန့်နဲ့ ထောင်ဝင်စာ မလာနိုင်ကြတဲ့ ယောက်ျားလေးတွေကို အိပ်ဆောင်မှူး၊ တန်းစီး၊ ကျောက် ဆိုက်ခွဲမှူး(အကျဉ်းသား)၊ တပ်စိတ် မှူးနဲ့ ရာဇဝင်လူဆိုးတွေက ခြိမ် ခြောက်ရိုက်နှက်ပြီး သူတို့လိုချင်တဲ့ ပုံစံမရရအောင် သွင်းယူကြပုံတွေ၊ ပုံသွင်းခံရပြီးတဲ့ လူငယ် အကျဉ်းသား တွေဟာ လိင်တူအဖျော်ဖြေခံအဖြစ် ရောက်မှန်းမသိရောက်ပြီး ဘဝပျက် သွားရတဲ့ ဖြစ်ရပ်တွေ ရဲဘက်စခန်း တိုင်းမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒီစာအုပ်မှာ ကိုဇော်ဝင်း တွေ့ကြုံခဲ့ခံစားခဲ့ရတဲ့ ရဲဘက်စခန်း အတွေ့အကြုံတွေအပြင် ထောင်ကျ အကျဉ်းသားရဲဘက်အချို့ရဲ့ နောက်ခံဘဝအကြောင်းတွေနဲ့ ဘာကြောင့် ထောင်ကျခဲ့ရသလဲဆိုတဲ့ စိတ်ဝင်စား ဖွယ်ရာ ဘဝအထွေထွေအကြောင်းကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။ ညှဉ်းပန်းနှိပ်စက်သူ၊ လူမဆန်သူ ထောင်ဝန်ထမ်းတွေ ရှိသလိုမဖြစ်လို့ တာဝန်အရ လုပ်နေရပေမယ့် လူသားချင်းစာနာစိတ်ရှိသူ ထောင်ဝန် ထမ်းတွေရဲ့ အကြာင်းကိုလည်း သူတို့ရဲ့ လုပ်ရပ်တွေနဲ့ အတူဖော်ပြပေး ထားတာကို တွေ့ရမှာပါ။ အထူးသဖြင့် လုပ်ကြံလီဆယ်ထောင်ချ၊ ရဲဘက်စခန်းအပို့ခံရပေမယ့် အာဏာ ရှင်စနစ်ကို ချေမှုန်းလိုတဲ့၊ နိုင်ငံသစ် စနစ်သစ်ကို တည်ထောင်လိုတဲ့ စိတ် ဓာတ် လျော့ကျမသွားတဲ့ ကိုဇော်ဝင်း ရဲ့ နိုင်ငံရေးစိတ်ဓာတ်ကို မြင်မိ အောင် မီးမောင်းထိုး တင်ပြထားတာ ကို တွေ့ရမှာပါ။

'ကျွန်တော် အပါအဝင် ၂၇ နှစ်တာ ကာလအတွင်း ဒီမိုကရေစီ ရရှိ ရေး၊ လူ့အခွင့်အရေး ရရှိရေး၊ တန်းတူမှုရရှိရေး၊ စစ်မှန်သော ဖယ်ဒရယ်ဒီမို ကရေစီတည်ဆောက်နိုင်ရေးအတွက် ကြိုးစားတော်လှန် ရုန်းကန်ရာတွင် နိုင်ငံရေးအရ စစ်အာဏာ ရှင်တို့ ကိုင်စွဲခဲ့သော ဖိနှိပ်မှု ယန္တရားတစ်ခုအောက်မှာ ရက်စက်စွာ ခံစားခဲ့ကြရသော ဘဝများစွာ ရှိခဲ့ဖူးပါ တယ်။ သည်အထဲမှာ ကျွန်တော်ကိုယ်တိုင် ဖြတ်သန်းခဲ့ရဖူးတဲ့ ရဲဘက်စခန်းဖြစ်စဉ်အမှန်ကို ရိုးသားစွာနဲ့ အခုလို ချပြလိုက်တာပါ။ သည်ဖြစ်စဉ်က ပြင်ပလောကနဲ့မတူဘဲ သီးခြားကမ္ဘာက လူ့ငရဲရွာလို ဖြစ်တည်နေတဲ့ လောကတစ်ခုအကြောင်းပင် မဟုတ်ပါလား'လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ ကိုဇော်ဝင်းရဲ့ စာဖတ်သူများသို့ ကိုဇော်ဝင်းမှပေးစာမှာ ဖော်ပြထားပါတယ်။

ဆုရောင်စဉ် စာအုပ်တိုက်ကနေ တန်ဖိုး ၃၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.