14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

သပွတ်အူကျေးရွာမှ

မမြင်ရသော ကံတရားများ

ဂျက်-ကွမ်းခြံကုန်း

လောကကြီးသည် မနေ့ကနှင့် မတူတော့။ ပစ္စည်းတွေဗရပွ၊ ဆိုင်တွေဗရပွ၊ ရှာကြဖွေကြ၊ ရောင်းကြဝယ်ကြနှင့်။ အနို့လိုသို့လို အခါသမယကြီးတွင် ကျွန်ုပ်တို့အမျိုး ကောင်းသားများက ပဇာသို့များ ရောင်းဝယ်ဖောက်ကားနေကြဘိ သနည်း။ ကိုယ်လိုချင်သည့် ပစ္စည်းရွေးဝယ်သည်ကို စိတ်တိုကြ၏။ ကိုယ့်အတွင်းရေး အဆင်မပြေသည်ကို စိတ်တိုကြ၏။ တာဝန်ယူရမည် ကို စိတ်တိုကြ၏။ ပသို့နည်း။

ဈေးဝယ်ဂျက်ကြောင့် တစ်ရေးမှောင့်ခဲ့ ခေါင်းစဉ်အောက်ကကောက် နုတ်ချက်ဖြစ်ပါတယ်။ ဘာလီတစ်ပု လင်းရဖို့အရေး၊ ဒူးယားစီးကရက် ကလေးရဖို့အရေး၊ သွားတိုက်ဆေးဘူး ကလေးရဖို့အရေး တန်းစီတိုးဝှေ့ရ၊ လျှောက်လွှာ အကြိမ်ကြိမ်တင်ရ၊ ပစ္စည်းရသူက ရောမကို အောင်နိုင်သူလို ဂုဏ်ယူဝံ့ကြွားခဲ့ရတဲ့ သမဝါ ယမစနစ်၊ ကုန်တိုက်စနစ်ခေတ် ကာလအခြေအနေတွေကို နိဒါန်းချီ ရေးသားရင်း ကိုယ်လိုချင်တာကို အချိန်မရွေး ကိုယ်ဝယ်ချင်သလောက် ဝယ်လို့ ရနိုင်လောက်အောင် နှစ်အိမ်ကို တစ်အိမ်နှုန်းလောက် ရောင်းရေးဝယ်တာတွေ ဖွံ့ထွားလာတဲ့ ဈေးကွက်စီးပွားရေးခေတ်ကြီးထဲက အမြီးအမောက်မတည့်သူ ဈေးရောင်းသူတွေအကြောင်း သရော်ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

နယ်မြို့လေးတစ်မြို့က ဈေးဆိုင်တစ်ဆိုင်မှာ ရေသန့်ဘူးဝယ်ဖို့အတွက် သူကြိုက်တဲ့ ရေသန့်ဘူး တံဆိပ်တွေ မေးရာမှာ မရှိဘူးပြောတာကြောင့် တခြားဆိုင်မှာသွားရှာဖို့ လှည့်ထွက်မယ်အလုပ် ဆိုင်ရှင်က 'ကိုယ့်ကိုယ်ကိုယ် ဘယ်အတန်းအစားက မွေးတာများ ထင်နေလဲမသိဘူး။ ရေသန့်ဘူးအကုန်လုံး အတူတူပဲ' လို့ ပြောရင်း မတ်တပ်ရပ်၊ ခါးထောက်၊ ရန်စွယ်ငေါငေါနဲ့ ကြည့်ခြင်းကို ခံခဲ့ရပါသတဲ့။ ကိုယ်ကြိုက်တာကို မေးဝယ်ခွင့်မရှိဘူးလား။ မရှိရှိတာ ယူ သွားရမှာလားလို့ ဆိုထားပါတယ်။

ရန်ကုန်မြို့၊ ကုန်ဈေးတန်းတစ်ဝိုက်က စာအုပ်ဆိုင်ကလေး တစ်ဆိုင်မှာ ဒီစာအုပ် ဘယ်လောက်လဲမေးတော့ ဆိုင်ရှင်က ပြန်ပြောပေမယ့် မကြားတာကြောင့် ထပ်အမေး၊ ဆိုင်ရှင်အပြင်ထွက်လာပြီး 'ခင်ဗျား နားများ ကန်းနေသလား'လို့ အပြောခံခဲ့ ရပါသတဲ့။ 'လူသံကားသံတွေ ဆူညံနေလေတော့ သူ့ဖြေသံကို ကျွန်ုပ် တကယ် မကြား။ တကယ်ပဲ နားလေး နေဦးတော့ ကျွန်ုပ်က သူ့ဆိုင်ကို အား ပေးသူ'လို့ မှတ်ချက်ပြုထားပါတယ်။

နယ်မြို့တစ်မြို့က အိမ်နဲ့ဆိုင် တွဲထားတဲ့ လက်ဖက်ခြောက်ဆိုင်ကြီး တစ်ဆိုင်မှာ လက်ဖက်ခြောက်ဝင် အဝယ်၊ ဆိုင်ထဲလူမရှိတာကြောင့် လက်ဖက်ခြောက်ဝယ်ချင်လို့လို့ လှမ်းအအော် ဆိုင်ရှင်အမျိုးသားကြီး တစ် ယောက်ထွက်လာပြီး 'ခင်ဗျားတို့က လည်း တစ်မှောင့်ပဲဗျာ။ ဒီမှာ မိသားစု ပြဿနာက တစ်မျိုး။ ကဲ .. ပြော  ပြော' လို့ အပြောခံခဲ့ရပါသတဲ့။  'လက်ဖက်ခြောက်က အချိန်နဲ့ရောင်းလားဗျ'လို့ မေးမိတော့လည်း 'ထုတ်ထားတာတွေလည်း ချိန်ထည့်ထားတာတွေချည်းပဲ။ လိမ်မရောင်းဘူး။ ခင်ဗျားကြိုက်ရင်ယူ'လို့ အဆူခံခဲ့ရ၊ အငြူစူ ခံခဲ့ရပါသတဲ့။ ဈေးဝယ်သူကပဲ သူတို့မိသားစု ပြဿနာအရေး ဝင်ရောက်စွက်ဖက် နှောင့်ယှက်မိသလို အဖြစ်မျိုး အထင်ခံရပုံကို ရေးပြထား တာပါ။

တစ်ခါက ဘဲဥဆယ်လုံးဝယ်ရာမှာ အပုပ်သုံးလုံးပါလာတာ ကြုံခဲ့ရဖူးတာကြောင့် နောက်တစ်ခါ ဘဲဥဆယ်လုံး သွားအဝယ်မှာ အပုပ်မပါအောင် သေချာရွေးနေတဲ့ သူ့ကို ဆိုင်ရှင်အမျိုးသမီးက 'ဘဲဥဆယ်လုံးနဲ့များ ရွေးနေလိုက်တာ'လို့ ရိပါသတဲ့။ 'အပုပ်ပါမှာကြောက်လို့ပါ အစ်မရယ်' လို့ ပြန်ပြောတော့ 'ဒါတော့ ကျွန်မတို့လည်း မတတ်နိုင်ဘူး။ ကျွန်မတို့ ဥတဲ့ဥလည်း မဟုတ်ဘူး'လို့ ရွဲ့စောင်း အပြောခံခဲ့ရပါသတဲ့။

ဆရာကြီးဂျက်ဟာ မြန်မာပြည်အနှံ့ လှည့်လည်သွားလာရင်း မရောင်းတတ်၊ မဝယ်တတ်သေးကြတဲ့ ဂျက်တို့သောက်မျိုးတွေအကြောင်း တွေးပြီး ရင်မောလာတာ ကြောင့် စိတ်ညစ်ညစ်နဲ့ ယမကာဆိုင်လေးထဲ ဝင်ထိုင်၊ အရက်နှစ်ပက်မှာ မိရာမှာတော့ ခေါင်းချင်းဆိုင် စစ်တု ရင်ထိုးနေကြတဲ့ စားပွဲထိုးတစ်သိုက်က ခဏလေးစောင့်၊ ပွဲကောင်းနေလို့၊ ပြီးခါနီးပြီ၊ ဘုရင်ကျတော့မှာ'လို့ ဆိုပါ သတဲ့။ 

ဝယ်သူကို ဖိတ်ခေါ်ရမှာ၊ ဘာလိုသလဲမေးရမှာ၊ လိုချင်တာ စုံစမ်းစေရ မှာ၊ ကြိုက်ရာရွေးချယ်နိုင်အောင် စီစဉ်ပေးရမှာ၊ ဘာလိုချင်သေးသလဲ ကူညီလမ်းညွှန်ပေးရမှာ၊ နောက်လည်းလာနော် စသဖြင့် လောကွတ် ပျူငှာရမှာကို မသိသေးတဲ့ ဈေးသည်တွေဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ လိုသေးတယ်ဆိုတာကို ပြသနေသလိုဖြစ်နေကြောင်း သတိ ပေးတဲ့အနေနဲ့ ဆရာကြီးဂျက်ကို ဇာတ်ကောင်လုပ်ပြီး သရော်ရေးဖွဲ့ ထားတာ ဖြစ်ပါတယ်။

ဘနဖူးပေါ်က လူသားများ စာစုမှာတော့ ဈေးကွက်စီးပွားရေး ခေတ်ကြီးထဲမှာ ကုန်ပစ္စည်းအတု ပြုလုပ်သူတွေကို စွန့်ဦးတီထွင်သူတွေလို့ ငေါ့တော့တော့တင်စားရင်း ဘိလပ်မြေထဲမှာ မြေသန့် ဖုတ်သန့်ကို ရောရောင်းပြီး စီးပွားဖြစ်နေသူ ဖုတ်တင်ဝင်း၊ စွန်တာနီပဲထဲမှာ ပုစွန်ကျစ်စာခဲတွေ မီးမြှိုက်ပြီး ရောရောင်းသူ ခဲအုန်းမြင့်၊ တိုင်းဆေး စမုန်နက်ထဲမှာ ဓာတ်ခဲဟောင်းတွေ ထုခွဲအမှုန့်ပြုပြီး ရော ရောင်းသူ ဓာတ်ခဲကျော်စွာ တို့ အကြောင်းနဲ့ ပမာပြပြီး သရော်ရေးဖွဲ့ ထားပါတယ်။

သရော်စာ ပုံစံရေးဖွဲ့ထားတဲ့ စာစုတွေဖြစ်ပြီး ၁၉၉ဝ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်ကာလအတွင်း ထွက်ရှိ ခဲ့တဲ့ ရုပ်ရှင်တေးကဗျာ ၊ စတိုင်သစ် နဲ့ မြားနတ်မောင် မင်္ဂလာ မဂ္ဂဇင်း တွေမှာ ရေးသားခဲ့တဲ့ စာစုတွေကို ပြန်လည်စုစည်း ထုတ်ဝေထားတာ ဖြစ်ပါတယ်။ စာစုအများစုဟာ စာပေ လောကမှာ ကြုံတွေ့ရတဲ့ အမြီး အမောက်မတည့်မှုလေးတွေ၊ စာရေးဆရာ ကဗျာဆရာတွေ ကြုံတွေ့ရတဲ့ ပြုံးချင်ထေ့ချင်စရာအလွဲကလေးတွေ၊ ကဗျာအကြောင်း စာအကြောင်းဆိုင်ရာ အံချော်နေမှုကလေးတွေ၊ ဒီကနေ့ခေတ်မှာ fake news လို့ ခေတ်စားနေပုံမျိုး အဲဒီနှစ်ကာလတွေမှာ ကြုံတွေ့ခဲ့ရတဲ့ ဂျာနယ်လောကရဲ့ ပုံရိပ်တွေ ကို သရော်ရေးဖွဲ့ထားတာကို တွေ့ရမှာပါ။ စာရေးသူရဲ့ စကားလုံးရွေး ချယ်သုံးနှုန်းတတ်မှု အတတ်ပညာနဲ့ အလွဲကလေးတွေကို ထောက်ပြချင်တဲ့ ရိုးရှင်းတဲ့စေတနာ အရင်းခံကြောင့် ဖတ်ရင်း အမုန်းပွားစိတ်မပေါ်ဘဲ အကြည်ဓာတ်တစ်ခုနဲ့အတူ တစ်ယောက်တည်း ပြုံးမိ၊ အသံထွက်ရယ် မောမိစေမယ့် သရော်စာ ရသစာစု များဖြစ်တာကိုတွေ့ရမှာပါ။

စာစု ၂၄ ပုဒ်ပါဝင်ပြီး စံညွှန်းဆု စာအုပ်တိုက်ကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

ဆံတောက်ပိုးနှင့် အခြားဝတ္ထုတိုများ

မောင်ထင်

ဆရာကြီး မောင်ထင်ရေးခဲ့တဲ့ ဝတ္ထုတိုတွေကို ပြန်လည်စုစည်းပြီး ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။

ဆံထောက်ပိုး ဝတ္ထုတိုကတော့ ကိုလိုနီခေတ် မြန်မာနိုင်ငံထဲက ရွာတစ်ရွာကို စိပ်ပုတီး လက်မှာပတ်ထားတဲ့ သူစိမ်းတစ်ယောက် ရောက်လာပုံ အကြောင်း၊ အဲဒီသူစိမ်းဟာ 'ဆံတောက်ပိုး'လို့ အများက ဝိုင်းခေါ်တဲ့နာမည် တွင်သွားပုံအကြောင်းနဲ့ အစချီရင်းကျေးဇူးမသိတတ်သူ လူ့အရေခြုံ တစ်ကိုယ်ကောင်းသမားတစ်ယောက် အကြောင်း ခေတ်ကာလအခြေအနေ တွေနဲ့ ယှဉ်ပြီး ရေးဖွဲ့တင်ပြထားတာ ဖြစ်ပါတယ်။

ဧည့်သည် အာဂန္တုတစ်ဦး ရောက်လာရင် နီးစပ်ရာတို့က ဧည့်ခံကျွေးမွေးပြုစုတဲ့ ရပ်ဓလေ့ရွာဓလေ့ ရှိတဲ့အပြင် သူစိမ်းနဲ့အတူပါလာတဲ့ စက္ကူရုပ်ကြီးတစ်ရုပ်ကြောင့် တစ်ရွာလုံးက 'ဆံတောက်ပိုး'လို့ ဝိုင်းကင်ပွန်းတပ်ပြီး အရေးပေးကြပုံတွေ၊ လူတွေရဲ့ အကြိုက်၊ လူတွေရဲ့ပျော့ကွက်ဟာကွက်ကို အသုံးချတတ်တဲ့ ဆံတောက်ပိုးဟာ ရွာသားတွေရဲ့ ထောက်ပံ့ကျွေးမွေးမှုနဲ့ ရွာမှာ အတည်တကျ နေဖြစ်သွားပုံတွေ၊ နောက်ပိုင်း သူ့ကိုနေဖို့ အိမ်ပေးထား တဲ့ အိမ်ရှင်ကို အိမ်ရလိုမှုနဲ့ တရားစွဲ လျော်ကြေး တောင်းတဲ့  ဖြစ်ရပ်တွေ၊ တဖြည်းဖြည်း ရွာက သူ့ကိုဖယ်ကြဉ် လာတဲ့အခါ ဘုန်းကြီးကျောင်းမှာ စိတ်ပုတီးတကားတား၊ ဘုရား တရား သမားလိုလို ကပ်ရပ်စားသောက် နေထိုင်ရင်းကနေ ပုလိပ်တွေ၊ ရှေ့နေ တွေနဲ့ ပေါင်းပြီး ငယ်တဲ့အမှုကြီးအောင်၊ ကြီးတဲ့အမှု ချောက်ကျအောင် လုပ်တဲ့ အမှုပွဲစား ဖြစ်သွားပုံတွေ၊ အင်္ဂလိပ်အပြေး ဂျပန်အဝင် အုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေချိန်မှာ သူ့ တပည့်တွေနဲ့ပေါင်းပြီး ဓားပြတိုက် လုယက်ပုံတွေ စတဲ့ လူ့အယောင်ဆောင် သမားတစ်ယောက် အကြောင်း ဖြစ် ပါတယ်။

အုပ်ချုပ်ရေး ယန္တရား ပျက်ပြီး မငြိမ်မသက်ဖြစ်နေစဉ်ကာလမှာ ထကြွတတ်ကြတဲ့ မျိုးချစ်စိတ်ယောင်ယောင် အကြံသမားတောကြောင် တွေ အကြောင်းကို 'ရွာပြင်မှာ လူစုလူဝေး၏အော်သံကို ကြားရလေသည်။ တစ်အိမ်တစ်ယောက် ထွက် ကြဟူ၍လည်းကောင်း၊ အုပ်ချုပ်ရေး ပျက်ပြီဟူ၍လည်းကောင်း၊ ဌာနာအုပ်ကို လိုက်ဖမ်းကြဟူ၍လည်းကောင်း၊ ပုလိပ်တွေကို ချကြဟူ၍လည်းကောင်း အမျိုးမျိုးညာသံပေးနေကြသည်။ ထိုညာသံမှာ ကာလပျက်လျှင် ဝံသာနုတရား လက်ကိုင်ထားကြဖို့ရာ ညှိနှိုင်းနေသော လေသံများ မဟုတ်ချေ' လို့ ဆံတောက်ပိုးရဲ့ ဇာတိရုပ်အမှန်ကို ပုံဖော်ရင်း ရေးဖွဲ့တင်ပြထားပုံက ခေတ်တိုင်းခေတ်တိုင်းမှာရှိတဲ့ ပညာမဲ့အသိုင်းအဝိုင်း၊ ချစ်ခြင်း မေတ္တာကင်းမဲ့တဲ့အပိုင်းတွေကို မြင် ယောင်မိစေမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ထွဋ်ဖတ်နှင့် အမျိုးသား အောင်ပွဲနေ့၊ ဆေးဆရာ၊ သွေး ဆုံးချိန်၊ ဆံတောက်ပိုး၊ နွားမလိုက်စောင် ဆိုတဲ့ ဝတ္ထုတိုငါးပုဒ် ပါဝင်ပါတယ်။ ဒီကနေ့အထိ ခေတ်မီနေသေးတဲ့ အကြောင်းအရာ၊ ဒီကနေ့အထိ လတ်ဆတ်နေသေးတဲ့အတွေး၊ အရေး နဲ့ တင်ပြပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။

The Key Collection press က နေ တန်ဖိုး ၁၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.