14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

မနက်ဖြန်နှင့် နဝရတ်ကိုးသွယ်

စာရေးဆရာမ ကိုးဦး

ခင်နှင်းယု၊ ခင်ဆွေဦး၊ မစန္ဒာ၊ မိုးမိုး(အင်းလျား)၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မမြင့်ခိုင်၊ မြနှောင်းညို၊ မနှင်းဖွေး၊ တင်တင်ဦးတို့ရဲ့ ရသဝတ္ထုကိုးပုဒ်ကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။    

ဆရာမမစန္ဒာရဲ့ သူ့ကုသိုလ် ဝတ္ထုမှာတော့ မသေခင် ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး မနေခဲ့မိတဲ့အပေါ် နောင်တရပူဆွေးနေကြတဲ့ မောင်နှမတစ်စုအကြောင်း တင်ပြ ထားတာပါ။ တစ်အူထုံ့ဆင်း မောင်နှမအရင်း ငါးယောက်ငယ်ငယ်က ချစ်ချစ်ခင်ခင်ရှိကြပေမယ့် အသက်ကြီးလာလို့ အိမ်ထောင်ရက်သား အသီးသီး ကျသွားကြတဲ့အခါ သိပ်မတည့်ချင် ဆက်ဆံရေး ကျဲသွားချင်ဖြစ်သွားကြပုံအကြောင်း၊ အဲဒီ ငါးယောက်ထဲက ဆင်းရဲနုံချာသူကို စိုးက ဆင်းရဲလို့ ဘာကုသိုလ်မျှမည် မည်ရရ မလုပ်နိုင်ပေမယ့် သူမသေခင် ညီအစ်ကိုမောင်နှမတွေ ချစ်ချစ်ခင်ခင်ဖြစ်အောင် လုပ်သွားဖို့ ဆုံး ဖြတ်ချက်ချခိုက်မှာ ရုတ်တရက် သေ ဆုံး သွားပုံအကြောင်း ဖြစ်ပါတယ်။

မောင်နှမ ငါးယောက်မှာ တတိယမြောက်သား ကိုစိုးဆုံးတော့မှ ကျန်မောင်နှမ ငါးယောက် အထိတ်တလန့်ဖြစ်ပြီး ကိုစိုးအလောင်းဘေး ရောက်လာ၊ စီးပွားရေးပြေလည်တဲ့ အစ်ကိုကြီးနဲ့ အစ်မကြီးက ယူကျုံး မရဖြစ်ပုံတွေ၊ မပြေလည်တဲ့ သူ့ညီလေး သူ့မောင်လေးအပေါ် တွန့်တိုမိ၊ ငြိုငြင်မိတာတွေကို ပြန်တွေးပြီး နောင်တရပုံတွေ၊ ညီငယ်နဲ့ညီမငယ်ကလည်း စီးပွားရေး မပြေလည်တဲ့ အစ်ကိုအပေါ် နင့်နင့်သီးသီး ဆက်ဆံခဲ့ပုံတွေကို ပြန်တွေးမြင်မိ၊ ထိခိုက်ကြေကွဲနေမိပုံတွေနဲ့ ဇာတ်ရှိန်မြင့် အောင် ဆွဲတင်ပြီး 'ကုသိုလ်ရပါတယ် အစ်ကိုရဲ့၊ ကုသိုလ်ရပါတယ် အစ်ကိုရဲ့' ဆိုတဲ့ ကိုစိုးမိန်းမ ငိုသံနဲ့ ဝတ္ထုကို အဆုံးသတ်ထားတာပါ။

ကိုစိုးတို့ ညီအစ်ကို မောင်နှမအချင်းချင်း နွေးထွေးမှု ကင်းမဲ့လာပုံတွေ၊ ကိုစိုးရဲ့ဘဝ မပြေလည်ပုံတွေကို လူ့သဘာဝ ဂုဏ်တုဂုဏ်ပြိုင် ပြဿနာ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုပြ ဿနာတွေနဲ့ ရောမွှေပြီး အကွက်စေ့စေ့ ရသမြောက်အောင် တင်ပြထားပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ရှင်သန်ခြင်း အဓိပ္ပာယ်အကြောင်း အတွေးပွားမိစေမယ့် ဝတ္ထုဖြစ်ပါတယ်။

ဆရာမကြီး ခင်နှင်းယုရဲ့ မနက် ဖြန် ဝတ္ထုကတော့ မနက်ဖြန်အကြောင်း တွေးသူဟာ အနာဂတ်ဆိုတဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်း ကျနေသူလို့ ယူဆသူ၊ နက်ဖြန် ဘာ လုပ်မယ်ဆိုပြီး မနက်ဖြန်အတွက် ပြင် ဆင်ခြင်းကို မယုံကြည်သူ၊ ဒီကနေ့ ပစ္စပ္ပန်မှာပဲ ဘဝကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်သူ ပစ္စုပ္ပန်ဝါဒီသမား ကိုပြေငြိမ်းနဲ့ အချစ်နဲ့ဘဝကို လက်တွေ့ကျကျ စီမံပြင်ဆင်ပြီး ဖြတ်သန်းချင်သူ ယင်းမာ တို့ရဲ့ လွမ်းဆွတ်ရီဝေ ချစ်မေတ္တာ ဇာတ်လမ်းအကြောင်း၊ မနက်ဖြန် အဘိဓမ္မာအကြောင်း တင်ပြထားတာ ဖြစ်ပါတယ်။

ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ဝတ္ထုတိုသဘောတရားဆိုင်ရာ အမှာစာနဲ့အတူ လင်းလွန်းခင်စာပေကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။

 

ယနေ့ မြန်မာအမျိုးသမီးဝတ္ထုတိုပေါင်းချုပ်

အမျိုးသမီးစာရေးဆရာမများ

''ဤဝတ္ထုတိုပေါင်းချုပ် စာအုပ်သည် မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူမှုဝန်းကျင်၏ သဘောထားကို ထင်ရှားစွာဖွင့်ပြလိုက်သော လူမှုကျင့်ထုံးများ ပြပွဲ (Exhibition of Social Taboos) ဖြစ်သည်။ မြန်မာမိန်းမတွေ အဓိက ရင်ဆိုင်နေရသည့် ဖိနှိပ်မှုကဘာလဲ။ မြန်မာ့လူမှုဝန်းကျင်က မိန်းမတွေအပေါ် ဘယ်လိုသဘောထားသလဲ။ မြန်မာမိန်းမတွေမှာ မျှော်လင့်ချက်ရှိသလား။ သတ္တိရှိ သလား။ ထိုမေးခွန်းများကို ဝတ္ထု အသီးသီးက မေးလာလိမ့်မည်။ အဖြေသည်လည်း ဝတ္ထုထဲမှာပဲ ပါနေပါသည်'' ဆိုတဲ့ ဆရာမ ဂျူးရဲ့ အမှာစာနဲ့အတူ ထွက်ရှိလာပြီး ဂျပန်အမျိုးသမီး စာရေးဆရာမ မပန်းခက် ဂျပန်နိုင်ငံမှာ ဘာသာပြန်ဆို ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

မခြူးပွင့်ရဲ့ ထီးမိုးဝတ္ထုကတော့ ဂေါက်ရိုက်သူ ယောက်ျားကြီးတွေရဲ့ ဘေးမှာ လိုက်ပြီး ထီးမိုးပေးရသူ၊ တစ်ခါတစ်ရံ ကယ်ရီလို့ခေါ်တဲ့ ဂေါက်သီး အိတ်ထမ်းသူပါမလာရင် ကူညီထမ်း ပိုးပေးရသူ မိန်းမငယ်လေးတွေရဲ့ ဘဝအကြောင်းတင်ပြထားတာပါ။ အရွယ်ငယ်ငယ်၊ ရုပ်ရည်ခပ်လှလှ မိန်းကလေးတွေဆိုရင် အပျော်ရှာဖို့ အတွက် အထင်သေးအမြင်သေး အကြည့်နဲ့ အကြည့်ခံရတဲ့အပြင် အနှောင့်မလွတ်မသွားမလွတ် ရိသဲ့သဲ့ အပြောခံရပုံတွေ အကြောင်း၊ အနေအထိုင် မဆင်ခြင်သူ မိန်းကလေး တွေလည်းရှိတာကြောင့် ကိုယ်ကဘေးရန်ကင်းအောင် ဘယ်လိုပဲနေနေ ဂေါက်လာရိုက်သူ သူဌေးတွေ၊ အရာရှိတွေကို စိတ်မချလို့ နောက်က တကောက်ကောက်လိုက်လာသူ သူတို့မိန်းမတွေရဲ့ အထင်သေး အမြင်သေး စောင်းချိတ်ပြောဆိုခြင်းကို ခံရပုံတွေအကြောင်း၊ ဂျူးလီဆိုတဲ့ မိန်းမငယ်လေးဟာ လှချင်ပချင်၊ ဝဝလင်လင် စားချင်စိတ်ကို မချိုးနှိမ်နိုင်တဲ့အပြင် ဆင်းရဲတဲ့ဘဝက ရုန်းထွက် နိုင်မယ်အထင်နဲ့ မျှော်လင့်ချက်ကြောင့် မရိုးမသား ချဉ်းကပ်သွေးဆောင်လာ သူ အိမ်ထောင်ရှိ ယောက်ျားတစ်ဦးရဲ့ အလိုကို လိုက်လျောမိရာက ကိုယ်ဝန် ရှိလာတဲ့အခါ အဲဒီယောက်ျားက  တာဝန်မယူဘဲ ရှောင်ထွက်သွားပုံအကြောင်း၊ ကိုယ်ဝန်ဖျက်ချလို့ ဂျူးလီသေဆုံးသွားတဲ့ ဖြစ်ရပ်ကိုတွေးပြီး ကြောက်ရွံ့ ထိတ်လန့်နေတဲ့ အပြင် ထီးမိုးသူ မိန်းကလေးတွေကို ပိုပြီးအထင်သေး လာကြပေမယ့် ဘဝ အခက်အခဲအတွက် ဒီအလုပ်ကို မစွန့်လွှတ်နိုင်သူ မိန်းမငယ်လေး တွေရဲ့ အကြောင်းကို အေးမ ဆိုတဲ့ ထီးမိုးသူ မိန်းကလေးက ပြောပြနေပုံ မျိုး ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

ညိုခက်ကျော်ရဲ့ ကန္တာရ စီးကြောင်း ဝတ္ထုကတော့ သူ့အမေနဲ့မှ သက်တူရွယ်တူလောက် ယောက်ျား တစ်ယောက်က လူပျိုကြီးပါဆိုပြီး လက်ထပ်ခွင့်တောင်းတာကို ငြင်းဆန် ခဲ့ပေမယ့် မိခင်ရဲ့ နားချဖျောင်းဖျမှု၊ ကုန်ထမ်းသမားဖခင်ရဲ့ ကျန်းမာရေး ချို့ယွင်းမှု၊ မဝရေစာ စားရပြီး အကြွေးသံသရာလည်နေတဲ့ မိသားစုဘဝ ဆင်းရဲချို့တဲ့မှုတွေကြောင့် ခေါင်းညိတ်ခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ရဲ့ဘဝ၊ လက်ထပ်ပြီး မြို့လိုက်သွားကာမှ သူ့ခင်ပွန်းမှာ မယားကြီးအပြင် အလတ်တွေ၊ အငယ်တွေ အများကြီး ရှိမှန်းသိသွားရတဲ့ စီးပွားရေးကျပ်တည်းမှုရဲ့ သားကောင် မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ရသမြောက်အောင် ရေးဖွဲ့ထားတာကို တွေ့ရမှာပါ။

ဝမ်းနည်းရှက်ရွံ့စိတ်နဲ့ မပေါင်းတော့ဘူးဆိုပြီး အိမ်ပြန်လာပေမယ့် မိခင်ကိုယ်တိုင်က 'ကံစီမံရာပေါ့ သမီးရယ်၊ ငါတို့ ဝဋ်ကြွေးမကင်းလို့ ခံရတာ'လို့ နောင်တသံမပါတဲ့ ငိုရှိုက် သံနဲ့ပြောတာ တစ်မျိုး၊ 'မိန်းမဆိုတာ တစ်လင်က နှစ်လင်မပြောင်းရဘူး၊ ပတ်ဝန်းကျင်က တစ်ခုလပ်တစ်လင် ကွာဆိုရင် အထင်သေးမှာပေါ့၊ ငါတို့သူ့ကျေးဇူးကြောင့် ခုလိုဟန်မပျက် နေနိုင်တာ၊ ငါနဲ့ ညည်းအဖေမျက်နှာ မထောက်တောင် အငယ်လေးတွေ မျက်နှာထောက်သင့်တယ်လို့ ပြောတာက တစ်ဖုံနဲ့ တောင်းပန်တိုးလျှိုး နားချတာကြောင့် ယောက်ျားနဲ့ ပြန်ပေါင်းပြီး ယောက်ျားရဲ့ နှိပ်စက်မှုအမျိုးမျိုး၊ စိတ်ဆင်းရဲခြင်း ဒုက္ခမျိုးစုံကို ခံစားနေရပုံစတဲ့ သူဌေးမယားငယ် မိန်းမတစ်ယောက်ရဲ့ စိတ်ခံစားမှုတွေ ပေါ်လွင်အောင် ရေးဖွဲ့တင်ပြထားတာကို တွေ့ရမှာပါ။

ဒီစာအုပ်မှာ ပါဝင်တဲ့ ဝတ္ထုတိုတွေကို မိန်းမတို့ရဲ့ သမီးဘဝအကြောင်း တင်ပြထားတဲ့ သမီး၊ မိန်းမတို့ရဲ့ မယားဘဝအကြောင်း တင်ပြထားတဲ့မယား၊ မိန်းမတို့ရဲ့ အမေဘဝအကြောင်း တင်ပြထားတဲ့ အမေ၊  မိန်းမတို့ရဲ့ မိန်းမဘဝအကြောင်း တင်ပြထားတဲ့ မိန်းမ၊ မိန်းမတွေနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်ရာ ယောက်ျားတချို့ အကြောင်း တင်ပြထားတဲ့ ယောက်ျားဆိုတဲ့ အခန်း (၅)ခန်းခွဲပြီး ဖွဲ့စည်း တင်ပြထားပါတယ်။

တစ်ခုလတ်မိန်းမတစ်ယောက်ဟာ အလွန်အောက်ကျရှက်ဖွယ် ကောင်းတယ်လို့ လက်ခံထားကြတဲ့ ၊ တစ်ခုလပ်ယောက်ျားကိုတော့ ပတ်ဝန်းကျင်ကလက်ခံပြီး နောက်အိမ် ထောင်ပြုဖို့ လွယ်ကူတဲ့ လူမှုဝန်းကျင် အကြောင်း၊ မိန်းမတစ်ယောက် လင်ကောင်မပေါ်ဘဲ ကိုယ်ဝန်ရတဲ့အခါ လက်ညှိုးထိုးကဲ့ရဲ့ အပုပ်ချ အပြစ်တင်စရာဖြစ်ရပြီး တာဝန်မယူသူ တကယ့်လက်သည်တရားခံ ယောက်ျားဟာ အပြစ်ကလွတ်နေတဲ့ လောကအကြောင်း၊ ပတ်ဝန်းကျင်က သက်ဆိုင်သူ မိန်းကလေးကိုသာမက မိဘဆွေမျိုး အသိုင်းအဝိုင်းကိုပါ လက်ညှိုးဝိုင်းထိုးမယ့်  ပြဿနာကြောင့် လင်ကောင်မပေါ်ဘဲ ကိုယ်ဝန်ရတဲ့အခါ အသက်အန္တရာယ်ဖြစ်သည် အထိ ကိုယ်ဝန်ဖျက်ချတဲ့ မိန်းမတွေအကြောင်း၊ အိမ်ထောင်ရေး နာကြည်းမှု ထောင်ချောက်ထဲက ရုန်းထွက်ချင်ပေမယ့် ထုံးတမ်းစဉ်လာနဲ့ အပိတ်လှောင်ခံနေရတဲ့ မိန်းမတွေအကြောင်း ကို ဒီဝတ္ထုတွေမှာ တွေ့ရမှာပါ။

ညိုညိုတင်လှ၊ မသီတာ(စမ်းချောင်း)၊ မခြူးပွင့်၊ ရှင်ညိမ်းမယ်၊ မိချမ်းဝေ၊ နှင်းဝေငြိမ်း၊ သူဇာဆွေ (မန္တလေး)၊ ညိုခက်ကျော်၊ ကြူကြူသင်း၊ သင်းသင်းသာ၊ ယဉ်ယဉ်နု (မန္တ လေး)၊ မေငြိမ်း၊ မြတ်၊ ဆွေရည်လင်း၊ ရာသက်ပန်(တောင်ငူဆောင်)၊ ခက်စိမ်းခင်၊ ကလျာ(ဝိဇ္ဇာသိပ္ပံ)၊ သွန်းနှင်း အိမ်၊ တင်တင်ဦး၊ ခက်မာ၊ ခင်နှင်းဦး တို့ရဲ့ အမျိုးသမီးဘဝ ခံစားမှုဆိုင်ရာ ဝတ္ထုတို၂၁ပုဒ် ပါဝင်ပါတယ်။

'ယခုစာအုပ်သည် ဝတ္ထုတိုရသ အပြည့်အဝပါသည့် ဝတ္ထုတို စုစည်းမှု သက်သက်မျှသာ မဟုတ်။ မြန်မာ့ လူမှုဝန်းကျင်တွင် မိန်းမများတွေ့ကြုံ ရင်ဆိုင်ခံစားရသော ဖိနှိပ်မှုများ အကြောင်း ပြုစုထားသည့် သုတေ သနစာတမ်းရှည်ကြီး တစ်စောင်လည်း ဖြစ်ပါသည်' လို့ ဆရာမဂျူး က အမှာစကားဆိုထားပါတယ်။

မိုးဒွင်းစာပေကနေ တန်ဖိုး ၃ဝဝဝ ကျပ်နဲ့ ဒုတိယအကြိမ် ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.