14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
စစ်မီးလျှံကြားမှာ

ဒီရုပ်ရှင်ဇာတ်ကားက ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လထဲက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ သြစတြေးလျနိုင်ငံသူ၊ ဟောလိဝုဒ်ရဲ့ အကျော်အမော် အော်စကာမင်းသမီး 'နစ်ကိုးကစ်မင်း' ရဲ့ ကားသစ်တစ်ကားဖြစ်ပါတယ်။ သူမနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ 'ကောလင်းဖာရယ်လ်'ပါ။ ဒါရိုက်တာ Sosia Coppola  က စာရေးဆရာ Thamas P.Cullinan ရဲ့ Apainted Devil ဆိုတဲ့ နာမည်ကျော်ဝတ္ထုကို ရိုက်ကူးပုံဖော်လိုက်တာ ဖြစ်ပါတယ်။

ဒီဝတ္ထုကိုပဲ ၁၉၇၁ ခုနှစ်က ဒါရိုက်တာ Don Siegel က ကောင်းဘွိုင် မင်းသားအဖြစ်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ မင်းသားကြီး 'ကလင့်အိတ်(စ်)ဝုဒ်' နဲ့ ဒီနာမည်အတိုင်းပဲ ရိုက်ကူးတဲ့ ရုပ်ရှင်တစ်ကားထွက်ခဲ့ဖူးပါတယ်။ အခုကားကတော့ အဲဒီဇာတ်ကားဟောင်းကို  ပြန်ရိုက်တဲ့ ဒုတိယဗားရှင်းပါ။ ပထမကားဟောင်းက ၁ဝ၅ မိနစ်ကြာပြီး၊ အခုဒီကားကတော့ မိနစ် ၉ဝ ကျော်ကျော်လေးပဲရှိပါတယ်။ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁ဝ သန်းပဲ ကုန်ကျပြီး မင်းသမီးနစ်ကိုးကစ်မင်းရဲ့ ဝိတ်နဲ့ ၂၇ သန်းကျော်ပြန်ရခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကြီးအတွင်းမှာ ပြည်တွင်းစစ်ကြီးဖြစ်နေလို့  ရေကြည်ရာမြက်နုရာ ရှောင်ကြတိမ်းကြသွားကြလာကြနဲ့ လူတွေဟာ အထိတ် တလန့်နဲ့ အသက်ရှင်အောင် အဆင်ပြေသလိုနေကြရတယ်။ ယောက်ျားမှန်သမျှ စစ်တိုက်ကြရတဲ့ ခေတ်ကြီးမှာ မိန်းကလေးတွေကို ထိန်းသိမ်းစောင့်ရှောက် ပေးထားတဲ့ မိန်းမသားတွေချည်းပဲနေတဲ့ ကျောင်းလေးထဲကို ဒဏ်ရာရ ယောက်ျားတစ်ယောက်ရောက်လာခဲ့ပြီး မမျှော်လင့်မကြုံဖူးတဲ့ အဖြစ်ဆိုးနဲ့ တိုးကြရပုံအကြောင်း ရိုက်ကူးတင်ပြထားတာပါ။

အမေရိကန်  သမ္မတကြီး လင်ကွန်းရဲ့လက်ထက် ၁၈၆၃ ခုနှစ်အတွင်းမှာ အမေရိကန် တောင်ပိုင်းနဲ့ မြောက်ပိုင်းပြည်တွင်း စစ်ဖြစ်နေတဲ့အချိန် မစ္စမာသာ (နစ်ကိုးကစ်မင်း) ဦးစီးထူထောင်ထားတဲ့ မိန်းကလေး ခရစ်ယာန်စာသင် ကျောင်းလေးတစ်ကျောင်းဟာ အမေရိကန်တောင်ပိုင်းက မစ္စစ္စပီပြည်နယ်ထဲမှာ အထီးကျန်စွာ ရပ်တည်နေရပါတယ်။

မစ္စမာသာရယ်၊ ဆရာမအဖြစ်နဲ့ တာဝန်ယူပြီး အင်္ဂလိပ်စာလုံးပေါင်းသတ် ပုံနဲ့အတူ ကျမ်းစာကိုပါ ပူးတွဲသင်ကြားပေးရတဲ့ အသက်နှစ်ဆယ်ကျော်ခါစအရွယ် 'အက်ဝီနာ' ရယ်၊ အပျိုပေါက်ကျောင်းသူကလေးငါးယောက်ရယ် အားလုံးပေါင်းမှ ခုနစ်ယောက်ပဲရှိကြတဲ့ အိမ်လိုကျောင်းကြီးထဲမှာနေကြရင်း ခြံကြီးထဲမှာတူးဆွပြီး စိုက်ပျိုးစားသောက်ကြရတယ်။ စစ်ကြီးဖြစ်နေတော့ အရာရာတိုင်းမှာ လူသူကင်းမဲ့သလိုဖြစ်နေကြတော့ သူတို့ထဲက ဘယ်သူမှ အပြင်ထွက်ပြီး လှုပ်ရှားသွားလာမှု မလုပ်ရဲကြဘူး။

ဒီကျောင်းကို ပိတ်ပစ်မယ်ဆိုရင် ဂျော်ဂျီတို့ ဘာတို့ဘက်ကနေ မိဘတွေက စိတ်ချယုံကြည်စွာနဲ့ ပို့ထားတဲ့ မိန်းကလေးတွေအတွက် ဘယ်သွားလို့ ဘယ်လာ ရမှန်းမသိ၊ ဒုက္ခရောက်ရမှာကို ကြိုသိတဲ့အတွက် ဒီကျောင်းကိုတာဝန် ယူထားရတဲ့ 'မစ္စမာသာဖန်းစ်ဝေါ့သ်' (နစ်ကိုးကစ်မင်း)က ထွက်သွားလိုတဲ့ အစေခံလူမည်း အမျိုးသမီးတွေကို ခွင့်ပြုပေးလိုက်ပြီး ကျန်တဲ့ မိန်းကလေးတွေကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ထားတာပါ။

အဝေးကြီးကို တစ်ယောက်တည်း သစ်ဥသစ်ဖုသွားမရှာကြနဲ့လို့ မှာထားတဲ့ကြားက အသက် ၁၃ နှစ် အရွယ်မိန်းကလေး 'အမ်မလီယာဒပ် ဘာနီ' က တစ်ယောက်တည်း တောထဲကို မှိုရှာထွက်ခဲ့တဲ့ အခန်းနဲ့ ရုပ်ရှင် ကို စတင်ပါတယ်။

တောတွင်းတစ်နေရာမှာ မှိုတွေကို လျှောက်နုတ်ယူနေရင်း၊ သစ်ပင်ကြီးတွေကြားမှာ ခြေထောက်ကပြင်းထန်တဲ့ သေနတ်ဒဏ်ရာနဲ့လဲနေတဲ့ မြောက်ပိုင်းပြည်ထောင်စုတပ်မတော်က တပ်ကြပ်ကြီး 'ဂျွန်မက်ဘာနီ'ရဲ့ ညည်းတွားသံကို ကြားလိုက်ရတော့ တုံ့ခနဲ လန့်သွားပြီး ကြောက်စိတ် ဝင်သွားပါတယ်။

နောက်တော့ တစ်ယောက်နာ မည်တစ်ယောက်ပြောပြီး အချင်းချင်း  မိတ်ဆက်ကြတယ်။ မိန်းကလေး 'အမ်မလီယာဒက်ဘာနီ'ကလာခဲ့တဲ့  အရပ်ကို ပြန်ဖို့ဆိုရင် သူမလမ်းပြပေး နိုင်ပါတယ်ဆိုတော့ သူ့ခြေထောက်က ပြင်းထန်တဲ့ ဒဏ်ရာကြောင့် မသွားနိုင်ကြောင်း၊ ဒဏ်ရာသက်သာ ရင်တော့ မဖြစ်မနေပြန်သွားမှာဖြစ် ကြောင်းပြောတော့ မိန်းကလေး 'အမ်မလီမက်ဘာနီ'က သူနေရတဲ့နေရာ အကြောင်းရှင်းပြတယ်။ ပြီးတော့ ရှင်ယုံကြည်ရင်တော့ လိုက်ခဲ့ဆိုပြီး မနိုင်တစ်နိုင်နဲ့ တွဲခေါ်လာတာ ကျောင်းရှေ့ရောက်တော့ တွဲလိုက်လာတဲ့ ဂျွန် မက်ဘာနီဟာ မေ့မျောပြီး လဲကျသွားတယ်။

ခေါ်လာတဲ့ မိန်းကလေးကို အပြစ်တင်သူကတင်၊ ကြောက်သူကကြောက်နဲ့ တစ်ယောက်တစ်ပေါက် ဆူညံနေတာတွေရပ်ခိုင်းပြီး အားလုံးသယ်ခဲ့ဆိုပြီး ကျောင်းခန်းထဲကို မိန်းကလေးတွေကိုမပြီး သယ်ခိုင်းခဲ့ပါတယ်။ မစ္စမာသာဖန်းစ်ဝေါ့သ်ဟာ သူနာပြု အတတ်ကိုလည်းတတ်သူ တစ်ယောက်မို့ ခြေထောက်က သေနတ်ကျည်ဖူးတွေကို ထုတ်ပေးပြီး အနာကို ဆေးကြောကာ ပြုစုပေးလိုက်ပါတယ်။

စာပြတဲ့ ဆရာမအက်ဝီနာ အပါအဝင် မိန်းကလေးတွေဟာ ဘာကို ဆုံးဖြတ်ရမှန်းမသိဖြစ်ကုန်ကြတယ်။ တောင်ပိုင်းပြည်ထောင်စု တပ်မတော်က စစ်သားတွေက ကျောင်းရှေ့သံ တံခါးကြီးနားကနေ မကြာခဏဖြတ် သွားနေကြတာဆိုတော့ ဒီအဖြစ်ကို သိသွားကြရင် ရန်သူကိုခေါ်ပြီး ပြုစု  ပေးရသလားဆိုပြီး သူတို့တစ်ကျောင်းလုံးက မိန်းကလေးတွေကို သတ်ပစ်ကြမှာ သိနေကြတယ်။

သီးခြားနေရာကြီးမှာ ယောက်ျား တွေနဲ့ ကင်းဝေးနေရတာဖြစ်တဲ့ အ တွက်ကြောင် မသတ္တဝါတွေကြားမှာ သန်မာထွားကျိုင်းတဲ့ ယောက်ျားတစ် ယောက်ရောက်လာတော့ အကုန်ရှုပ် ယှက်ခတ်ကုန်တော့တာပေါ့။ အစတုန်းက  ဖိုသီဖတ်သီနဲ့ ဖြစ်သလို နေကြတဲ့ မိန်းကလေးအုပ်စုဟာ အခုတော့ လှလှပပပြင်ဆင်ဝတ်စားကြပြီး တပ်ကြပ်ကြီး ဂျွန်မက်ဘာနီ အနားမှာ ရစ်သီရစ်သီလုပ်နေကြတယ်။ ဒါကို မစ္စမာသာဖန်းစ်ဝေါ့ခ်က ''သွားကိုယ့်အလုပ်ကိုယ်လုပ်ကြ'' ဆိုပြီး မောင်းထုတ်ပစ်ရတယ်။

စစ်ကြီးဖြစ်တာ သုံးလေးနှစ်ကြာပြီး ယောက်ျားလေးမှန်သမျှစစ် တိုက်ထွက်ကြရတာဆိုတော့ သူမတို့ တစ်သိုက်ဟာ ယောက်ျားဆိုတဲ့ အရာနဲ့ ကင်းဝေးနေကြတုန်း ဒီစစ်သားရောက်လာတော့ သူမတို့အဖို့ အထူးအဆန်း ပစ္စည်းတစ်ခု မိုးပေါ်က ကျလာသလိုဖြစ်နေကြရပါတယ်။

တကယ်တော့ တပ်ကြပ်ကြီး ဂျွန်မက်ဘာနီဟာ ရန်သူ့နယ်မြေထဲက ဒီကျောင်းထဲမှာ နောက်ထပ်ကြာ ကြာနေရင် အကြောင်းတစ်မျိုးမျိုးနဲ့ သူအသက်မုချသေမယ်ဆိုတာ သိနေတာကြောင့် သူထွက်ပြေးရမယ့်လမ်းမှာ သူ့အတွက် ဖြစ်ဖြစ်မြောက် မြောက် အမှန်တကယ်ကူညီနိုင်မယ့် သူကို ရှာဖွေစမ်းသပ်နေပါတယ်။

ဒီလိုရောတာကို မိန်းကလေးတွေဟာ သူတို့ဆီမှာ အချစ်ရှာနေ တယ်လို့ ထင်ပြီး ရှုပ်ယှက်ခတ်နေကြပါတယ်။ တပ်ကြပ်ကြီး 'ဂျွန်မက်ဘာ နီ'ကိုစာသင်တဲ့ ဆရာမလေး 'အက်ဝီနာ' က ကြိုက်သလို၊ မစ္စမာသာဖန်းစ် ဝေါ့သ်ကလည်း တိတ်တခိုး မေတ္တာ သက်ဝင်နေပါတယ်။

တပ်ကြပ်ကြီးဟာ ဆရာမလေး အက်ဝီနာနဲ့ တကယ်ကြိုက်ပြီးကာမှ ကျောင်းသူထဲက အလှဆုံးမိန်းကလေး 'ခါရိုး' နဲ့ ညကြီးသန်းခေါင်မှာ နှစ်ယောက်အတူအိပ်မိသွားပါ တယ်။ အဲဒါကို အက်ဝီနာက လက်ပူးလက်ကြပ်မိသွားတယ်။

ဒေါသမထိန်းနိုင်တော့ဘဲ စကား များရင်း အက်ဝီနာဟာ လက်ထဲမှာပါလာတဲ့ ဖယောင်းတိုင်စိုက်တဲ့ သံလက်ကိုင်နဲ့ ဂျွန်မက်ဘာနီရဲ့ ခေါင်းကို ရိုက်လိုက်မိတဲ့အခါမှာတော့ ဂျွန်ဟာ လှေကားပေါ်ကနေလိမ့်ကျပြီး ဒဏ်ရာသက်သာခါစ ခြေထောက် က ကျိုးသွားပါတော့တယ်။

မစ္စမာသာဖန်းစ်ဝေါ့သ်က ဒါကိုဖြတ်မပစ်ရင် ပုပ်ရိပြီးဒုက္ခရောက် ကာ အသက်ပါသေသွားနိုင်တယ်ဆို တဲ့အကြောင်းပြောပြီး မေ့မြောနေ ချိန်မှာ ဖြတ်ပစ်လိုက်ကြပါတယ်။ ဂျွန်မက်ဘာနီဟာ သတိရလာတော့ ဒါဟာ သွေးရိုးသားရိုး လုပ်တာမဖြစ်နိုင်ဘူး။ သူ့ကို သဘောကျနေတဲ့ ကျောင်းအုပ်ကျောင်းပိုင်ဆရာမကြီး မစ္စမာသာဖန်းစ်ဝေါ့သ်ဟာ တစ်ညမှာ သူ့အခန်းထဲလာပြီး အတူအိပ်ဖို့ ခေါ်တာကို သူ မအိပ်ခဲ့တဲ့အတွက် အငြိုးထားပြီး လက်စားချေတာပဲလို့ ယူဆထားပါတယ်။

ကျောင်းထဲမှာရှိနေကြတဲ့ မိန်းမ အုပ်စုဟာ တပ်ကြပ်ကြီး ဂျွန်မက်ဘာ နီကြောင့် ဆရာနဲ့ တပည့်တွေကြား အချင်းချင်းစိတ်ဝမ်းတွေ ကွဲကုန်ကြ  ပါတယ်။ တစ်ညမှာတော့ တပ်ကြပ် ကြီးဂျွန်မက်ဘာနီဟာ အရက်မူးပြီး မစ္စမာသာဖန်းစ်ကို သေနတ်ပြကာ ရန်လုပ်ပါတော့တယ်။

ဒါကို 'အမ်မလီယာ ဒပ်ဘနီ' ဆိုတဲ့ (သူ့ကိုတွဲခေါ်လာခဲ့တဲ့) မိန်းကလေးဝင်တားတော့ အမ်မလီချစ်တဲ့ လိပ်ကလေးကို ကိုင်ပေါက်သတ်ပစ် လိုက်ပါတယ်။ တပ်ကြပ်ကြီး ဂျွန်မက် ဘာနီအပေါ် အမ်မလီစိတ်အနာကြီး နာသွားပါတယ်။

နောက်မကြာခင်မှာပဲ တောင် ပိုင်းပြည်ထောင်စုတပ်တွေ စစ်ရှုံးပြီး တပ်ကြပ်ကြီး ဂျွန်မက်ဘာနီတို့ရဲ့ မြောက်ပိုင်းပြည်ထောင်စုတပ်တွေက အနိုင်ရသွားပြီး အဲဒီမြောက်ပိုင်းတပ်တွေဟာ သူမတို့ရဲ့ ကျောင်းနဲ့ မနီးမဝေးမှာလာပြီး စခန်းချကြပါတယ်။ ဒါကို တပ်ကြပ်ကြီး ဂျွန်သိသွားရင် မြောက်ပိုင်းတပ်တွေကို သွားခေါ်ပြီး တစ်ကျောင်းလုံးက မိန်းမတွေကို အပ်လိုက်ရင် ဒုက္ခပဲလို့ တွေးမိသွား ကြပါတယ်။

ဒါကြောင့် မစ္စမာသာဖန်းစ် ဝေါ့သ်ဟာ တပ်ကြပ်ကြီးကို တကယ် ချစ်နေတဲ့  အက်ဝီနာ မသိအောင် ကျန်တဲ့ကျောင်းသူတွေနဲ့ တိုင်ပင်ပြီး တပ်ကြပ်ကြီးဂျွန်မက်ဘာနီအတွက် အထူးညစာကျွေးဖို့ စီစဉ်ပါတယ်။ တပ်ကြပ်ကြီးဟာ မှိုဟင်းကိုအလွန် ကြိုက်တတ်တဲ့အတွက်ကြောင့် အဆိပ်ရှိတဲ့ မှိုတွေကို ရွေးချယ်နုတ်ခဲ့ဖို့ ၁၃ နှစ်အရွယ် အမ်မလီယာဒက်ဘနီ ဆိုတဲ့ မိန်းကလေးကို တာဝန်ပေးပါ တယ်။

ကြက်သားဟင်းတွေ၊ မှိုဟင်းတွေ၊ ဝိုင်တွေနဲ့ ညစာစားပွဲမှာ မှိုဟင်းတွေစားပြီး ဂျွန်ဟာ သူအဆိပ်မိသွား ပြီဆိုတာကို သိလိုက်ရပေမယ့် နောက်ကျသွားပါပြီ။ မကြာခင်မှာပဲ  အခန်း ထဲက ထပြီးအထွက်မှာ လဲကျသေဆုံးသွားပါတော့တယ်။ ဒီအလောင်းကို  အဝတ်ဖြူကြီးနဲ့ပတ်ပြီး မိန်းကလေးအားလုံး မနိုင့်တစ်နိုင်နဲ့ သယ်လာကြကာ ကျောင်းရှေ့ သံတံခါးအပြင်ဘက်က လမ်းပေါ်မှာ ချထားခဲ့ကြပြီး တဖြည်းဖြည်း ကျောင်းထဲ ပြန်ဝင်သွားကြပုံနဲ့ ရုပ်ရှင်ကို အဆုံးသတ်သွားပါတယ်။

စစ်ပွဲကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပါလျက်နဲ့ သေနတ်သံတစ်ချက်မှ မကြားရဘဲ ဒီစစ်ပွဲကြောင့် ယောက်ျား၊ မိန်းမငယ်ရွယ်သူ လူတန်းစားပေါင်းစုံက မဖြစ်သင့်တဲ့ အဖြစ်ဆိုးအမျိုးမျိုးတွေဖြစ်ကြရပုံအကြောင်း ပီပီပြင်ပြင် ရိုက်ကူးပုံဖော်ပြလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.