18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ရွှေပြည်ကြီးသို့ မျှော်မှန်း၍

ရုပ်ရှင်ကြည့်မယ်ဆိုပြီး အခွေတွေထဲ ပြန်ရှာတော့မတွေ့။ နောက်မှ စဉ်းစားကြည့်တော့ မိတ်ဆွေတစ်ယောက်ကို ငှားလိုက်တာမေ့ပြီး ပြန်မတောင်းမိခဲ့ဘူး။ မိတ်ဆွေအိမ်လိုက်သွားတော့ မိတ်ဆွေက နိုင်ငံခြား ရောက်နေသတဲ့။ ဒါနဲ့ မထူးတော့ပါဘူးဆိုပြီး မြို့ထဲထွက်၊ ၄၇ လမ်းက ဆိုင်မှာ သွားမေးကြည့် တော့ရှိတယ်ဆိုတာနဲ့ ဝယ်လာခဲ့တယ်။ ဒီဗီဒီနှစ်ချပ်တွဲ။

အင်္ဂလိပ်စကားပြောပြီး စာတန်းထိုးတာမပါ။ တစ်ခါ စာအုပ်တွေ ပြန်ရှာဖတ်၊ စာအုပ်တွေကလည်း ၁၉၈၆ ခုနှစ်က ဆရာမြသန်းတင့် စန္ဒာမဂ္ဂဇင်းမှာ ဘာသာပြန်ပြီးပြီးချင်း၊ ဘဝတက္ကသိုလ်က ထုတ်လိုက်တဲ့ အတွဲရှစ်တွဲ။ အကုန်ပြန်ဖတ်လိုက်တယ်။ ပြီးတော့မှ ရုပ်ရှင်ကို တစ်ခါပြန်ကြည့်ရတယ်။

အင်္ဂလိပ်တွေ အိန္ဒိယကို စတင်အုပ်စိုးခွင့်ရတဲ့ ခေတ်ကာလတုန်းက အိန္ဒိယပြည်ကြီးမှာဖြစ်ကြရတဲ့ အကြောင်းပါ။ ဒီဇာတ်တစ်ဇာတ်လုံးမှာ အဓိကကျတဲ့ အိန္ဒိယစစ်ဗိုလ်ကလေးနဲ့ အိန္ဒိယမဟာရာဇာတစ်ဦးရဲ့ ကပြားသွေးစပ်တဲ့ သမီးတော်လေး ဂျူလီတို့နှစ်ယောက်အကြောင်း ဖြစ်ပါတယ်။

စစ်ဗိုလ်လေး 'အက်ရှ်'က အိန္ဒိယပြည် ဟိမဝန္တာတောင်စောင်း တစ်နေရာရဲ့ တောကြီးမျက်မည်းထဲမှာ မွေးဖွားခဲ့ရတယ်။ သူ့ကို မွေးဖွားပြီး သိပ်မကြာခင် အတွင်းမှာ ဖခင်ရော မိခင်ပါ သေဆုံးသွားကြလို့ အိန္ဒိယသူ 'သီတာ'ဆိုတဲ့ အမျိုးသမီးက မွေးစားခဲ့ရတယ်။ သွေးက အင်္ဂလိပ်သွေးဖြစ်ပေမယ့်လည်း စိတ်က အိန္ဒိယလူမျိုးတွေရဲ့ စိတ်ဖြစ်နေတယ်။ အဲဒီကာလမှာပဲ အိန္ဒိယရဲ့ တပ်တွင်းပုန်ကန်မှုဖြစ်လာတယ်။ အိန္ဒိယလူမျိုး၊ အိန္ဒိယတိုင်းရင်းသားတွေက အင်္ဂလိပ်မှန်သမျှ၊ အင်္ဂလိပ်သွေးပါ သူမှန်သမျှကို ကျူပင်ခုတ်၊ ကျူငုတ်မကျန် လိုက်ပြီး သတ်ဖြတ်နေကြလို့ အိန္ဒိယသူ 'သီတာ'ဟာ ဒီကလေးကို အိန္ဒိယလူမျိုးတစ်ယောက်လို ဝတ်ဆင်လေ့ကျင့်ပေးပြီးတော့ ရှောင်ရင်းတိမ်းရင်း၊ ပုန်းအောင်းရင်းနဲ့ ဒီကလေးကို ကြီးပြင်းအောင်မွေး ရရှာတယ်။ မြောက်ပိုင်း 'ဂူးလ်ကုတ်' ပြည်နယ်ထဲကို ထပ်မံပြေးလာရတဲ့အခါမှာ မဟာရာဇာရဲ့ ဟော်နန်းထဲကို ရောက်သွားခဲ့ကြတယ်။ ကလေးဘဝနဲ့ အက်ရှ်က မြင်းထိန်းအလုပ်ကို လုပ်ရတယ်။ တစ်နေ့မှာ စော်ဘွားရဲ့ မောင်းမတစ်ဦးကမွေးတဲ့ 'ဂျူလီ'ဆိုတဲ့ ကောင်မလေးနဲ့ ကလေးတို့သဘာဝ ကစားဖော်ကစားဖက်ဖြစ် သွားကြတယ်။

ဟော်နန်းကြီးကို အမွေဆက်ခံရေးကိစ္စနဲ့  ပတ်သက်ပြီး နန်းတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ကောက်ကျစ်ယုတ်မာမှုတွေ၊ အကောက်ကြံစည်မှုတွေနဲ့ ရှုပ်ထွေးလာတယ်။ သူ့တို့အကြောင်းကို ကလေးတစ်ယောက်ဖြစ်တဲ့ အက်ရှ်ကသိထားခဲ့လို့ တစ်ဖက်ရန်သူတွေက ရန်ရှာလာတာကြောင့် သီတာဟာ မွေးစားသားလေး အက်ရှ်ကို လက်ဆွဲပြီး ဂူးလ်ကုတ်ဟော်နန်းကြီးကနေ ခက်ခက်ခဲခဲ ထွက်ပြေးရပြန်တယ်။

ရောဂါဘယတွေ ခံစားရပြီး မွေးစားမိခင် သီတာတစ်ယောက် လမ်းခရီးတောနက်ကြီးထဲမှာ သေဆုံးပါတယ်။ မသေခင်လေးမှာ မွေးစားသားလေး အက်ရှ်ကို အမြဲတမ်း မပျောက်မပျက်အောင် ထိန်းသိမ်းလာခဲ့တဲ့ လျှို့ဝှက်ပစ္စည်းတွေကို ပေးသလို၊ မှာစရာရှိတာကိုလည်းမှာပါတယ်။ ''တကယ်တော့ မင်းဟာငါ့ရဲ့ သားအရင်းမဟုတ်ဘူး။ အိန္ဒိယသွေးလည်း မဟုတ်ဘူး။ မင်းဟာ အင်္ဂလိပ်သွေးဖြစ်တယ်။ မင်းရဲ့ မိဘတွေပေးခဲ့တဲ့ သေတမ်းစာနဲ့ ဟောဒီအမွေငွေတွေကိုယူပြီး ဘိလပ်ကိုသွား ပညာတတ်အောင် သင်ပါလို့ မှာခဲ့တယ်'' ဆိုတာတွေ ပြောပါတယ်။

အက်ရှ်လည်းမှာတဲ့အတိုင်း သူ့အဖေရဲ့ အစ်ကို (အကြီး) ရှိရာ နယ်ခြားစောင့်တပ်စခန်းကြီးရှိဆီကို ရောက်အောင်လာခဲ့တယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတဲ့ ဒါရိုက်တာက Peter Dussell ပါ။ အဓိက ဇာတ်ကောင်အက်ရှ်နဲ့ ဂျူလီတို့နှစ်ယောက်အဖြစ် မင်းသား Ben Cross နဲ့ မင်းသမီး Amy Lwing တို့က သရုပ်ဆောင်ထားကြပါတယ်။

ရုပ်ရှင်ကို အက်ရှ်ဆိုတဲ့ ကောင်လေးတစ်ယောက် အိတ်တစ်လုံးကိုပိုက်ပြီး နယ်ခြားစောင့်တပ်စခန်းကြီးအတွင်း ပြေးဝင်လာတာနဲ့ စတင်ပါတယ်။

အဲဒီ အက်ရှ်ဆိုတဲ့ ကောင်လေးကို ဟိမဝန္တာတောင်တန်းကြီးရဲ့ တစ် ခုသောတောင်စွယ်ထိပ်ပေါ်က  စစ်သုံးရွက်ဖျင်တဲလေးတစ်လုံးထဲမှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က ဘာသာဗေဒပါရဂူ၊ လူမျိုးစုဗေဒပါရဂူ၊ ရုက္ခဗေဒ ပါရဂူဆိုတဲ့ ပညာရပ်ဘွဲ့ထူးတွေကို ပိုင်ဆိုင်တဲ့  ပါမောက္ခ 'ဟီလာရီ' မိခင်က ရုပ်ရည် ချောမောလှပတာကလွဲပြီး ဆွေမရှိ၊ မျိုးမရှိ၊ ဂုဏ်မရှိ၊ ပစ္စည်းဥစ္စာမရှိတဲ့ မိန်းကလေး အစ္စဘယ်။

ဒီလိုမိန်းကလေး 'အစ္စဘယ်'ဟာ ပါမောက္ခ ဟီလာရီကို လက်ထပ်လိုက်ခြင်းမှာ ပိုက်ဆံကြောင့်လည်းမဟုတ်၊ ဂုဏ်ကြောင့်လည်းမဟုတ်၊ အစ္စဘယ်က ရိုးသားဖြူစင်ပြီး စိတ်ဆတ်တယ်။ တစ်ချိန်တည်းမှာ စိတ်ကူးအလွန်ယဉ်တယ်။ ပါမောက္ခ ဟီလာရီ နေထိုင်ပြုမူလှုပ်ရှားပုံတွေကို မြင်တဲ့အခါမှာ သူမမျှော်ပြီး စိတ်ကူးယဉ်ထားတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်လိုက်ရသလိုပါပဲတဲ့။ အပူအပင်မရှိ နေရာအနှံ့ခရီးသွားချင်တယ်။ ရောက်ရာအရပ်မှာနေပြီး မရောက်ဖူးတဲ့ နေရာတွေကို သွားချင်တယ်။ အထူးသဖြင့် ရှေးဟောင်းမြို့ ပျက်ကြီးတွေကို လျှောက်ကြည့်ချင်တယ်။ ရွက်ဖျင်တဲတွေထဲမှာ အိပ်ချင်တယ်။ ကောင်းကင်ကြီးအောက် အမိုးအကာမပါဘဲ အိပ်ချင်တယ်။ ခေတ်သစ်ကမ္ဘာရဲ့ လောကထုံးတမ်းစဉ်လာတွေ၊ အဆောင်အယောင်တွေကို ဘေးဖယ်ပြီး စိတ်လွတ်ကိုယ်လွတ်နေချင်တယ်။

တကယ်တော့ ပါမောက္ခဟီလာရီဟာ ဒီရာထူး၊ ဒီဂုဏ်ပုဒ်တွေကို အကာ အကွယ်ပြုပြီး လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ အင်္ဂလန်က လွှတ်လိုက် တာ ဖြစ်တယ်။ သူ့အလုပ်က လျှို့ဝှက်ထောက်လှမ်းရေးအလုပ်။ အိန္ဒိယပြည် ကြီးမှာ စိုးမိုးပြီး တာဝန်ထမ်းဆောင်နေတဲ့ အင်္ဂလိပ် စစ်တပ်ကြီးနဲ့ အင်္ဂလန် လူမျိုးတွေဟာ တာဝန်ကို စနစ်တကျထမ်းဆောင်ပြီး ဝိတိုရိ ယဘုရင်မကြီး အပေါ်မှာ သစ္စာရှိကြရဲ့လား။ အိန္ဒိယလူမျိုးတွေကရော ဘယ်လိုနေကြသလဲ။ ပုန်ကန်မှုအမျိုးမျိုးတွေနဲ့လားဆိုတာကို စုံစမ်းပြီး အမြဲတမ်းအစီရင်ခံစာ တင်နေရတဲ့သူပါ။

ခုတော့ အစ္စဘယ်တစ်ယောက် သားယောက်ျားလေးကို ဖွားမြင်ပြီး မီးတွင်းထဲမှာပင် သေဆုံးသွားခဲ့ရရှာတယ်။ တောင်ပေါ်မှာ လေစိမ်းတွေတိုက်ပြီး အအေးမိသေဆုံးရတာပါ။ အလုပ်သမားတစ်ယောက်ရဲ့ ဇနီးသည်ဖြစ်တဲ့ စာမတတ်၊ ပေမတတ်၊ သီတာဆိုတဲ့ အမျိုးသမီးက ဒီကလေးကို အသက်ဆက်ရှင် အောင် မွေးမြူခဲ့ရတာပါ။ နောက်ကလေးငယ် အက်ရှ် လေးနှစ်သား အရွယ်လောက်မှာ ပါမောက္ခဟီလာရီလည်း ဝမ်းရောဂါနဲ့ သေဆုံးရရှာပါတယ်။ မသေဆုံးခင်မှာ သေတမ်းစာ အပြည့်အစုံရေးပြီးသားလေးကို ငွေထုပ်နဲ့အတူ အိန္ဒိယအမျိုးသမီးကြီး သီတာရဲ့ လက်ထဲအပ်ခဲ့ရှာပါတယ်။

အက်ရှ်နဲ့ သီတာတို့ ဟော်နန်းကနေပြေးရမယ်လုပ်တော့ ကစားဖော်မလေး 'ဂျူလီ'က ငါးရုပ်ကလေးကို လက်ဆောင်ပေးပါတယ်။ အက်ရှ်က အဲဒီငါးရုပ်ကလေးကို ထက်ခြမ်း ခြမ်းပြီး တစ်ခြမ်း အမှတ်တရပြန်ပေး ခဲ့ပါတယ်။  အဲဒီနေ့ကစပြီး ဂျူလီဆို တဲ့ ကလေးမလေးကလည်း အဲဒီ ငါး ရုပ်ကလေးကို လည်ပင်းမှာ ကြိုးလေးနဲ့ အမှတ်တရ ဆွဲထားခဲ့ပါတယ်။

အင်္ဂလန်မှာ ပညာတွေစုံ လူကြီးဖြစ်ပြီး အိန္ဒိယပြန်ရောက်ကာ တာဝန်ထမ်းနေတဲ့ အက်ရှ်ဟာ စည်း ကမ်းဖောက်ဖျက်မှုနဲ့ ဗြိတိသျှအရာရှိ ကြီးတွေက တပ်ကထုတ်မပစ်ဘဲ အပြစ်တစ်မျိုးကို ပေးပါတယ်။ အဲဒီ အပြစ်ကတော့ မိုင် ၅ဝဝ ကျော်ခရီးတစ်ခုကို သွားရတာပါ။ ကာရိကုတ် ပြည်နယ်က ချောမောလှပတဲ့ သတို့ သမီးနှစ်ယောက်ကို အိန္ဒိယပြည် တောင်ပိုင်းက သူတို့နဲ့ လက်ထပ်မယ့် 'ဘီသော' စော်ဘွားဆီကို ရောက်အောင် ပို့ပေးရမယ့် တာဝန်ဖြစ်ပါတယ်။ သတို့သမီးနှစ်ယောက်ကို တင်ဆောင်ပြီး လူရှစ်ထောင်ကျော်ပါတဲ့ အဖွဲ့အစည်းကို ဦးဆောင်ရမှာပါ။ ဆင်တွေ၊ မြင်းတွေ၊ လှည်းတွေ ရာချီတဲ့ အတန်းကြီးနဲ့ တောတောင်တွေကို ကျော်ဖြတ်ရမယ့် ခြေလျင်ခရီးပါ။ လမ်းခရီးတစ်ခုမှာ သတို့သမီးနှစ် ယောက်ပါတဲ့ လှည်းယာဉ်တိမ်း မှောက်ပြီး ချောက်ထဲကျခါနီးမှာ အက်ရှ်က ကယ်တင်နိုင်ခဲ့ပါတယ်။

အဲဒီမှာ အက်ရှ်ဟာ သူပွေ့ချီမိထားတဲ့ အစ်မတော် သတို့သမီးဖြစ်သူ ၁၈ နှစ် အရွယ်အလှဆုံး မိန်းကလေး ဟာ 'ဂျူလီ' ဆိုတဲ့ ကစားဖော်ငယ် ချစ်ဦးမလေးဖြစ်နေတာကို တအံ့ တသြတွေ့လိုက်ရတယ်။ သူ့ဘောင်း ဘီအိတ်ထဲက ငါးရုပ်ကလေး တစ်ခြမ်းကို ချက်ချင်းထုတ်ပေးလိုက်မိပြန် ပါတယ်။ ဝမ်းသာလုံးဆိုတဲ့ အချစ် တွေနဲ့ ရင်မှာပြည့်နေကြပါတယ်။  ဒါပေမယ့် ဘာမှမတတ်နိုင်ပါ။ စော် ဘွားကို လက်ထပ်ရမှာ ဖြစ်ပါတယ်။ ဒါကိုနှစ်ယောက်စလုံးက သိပေမယ့် ရုတ်တရက် အဲဒီအကြောင်းကိစ္စကို မေ့ပြီးလမ်းခရီးက တစ်ညမှာ သူတို့ နှစ်ယောက်အချစ်နယ်ကျွံသွားခဲ့ကြပါတယ်။

ဒီလိုနဲ့ မိုင် ၅ဝဝ ကျော် ခရီးအဆုံး ဘီသောစော်ဘွားဆီရောက်လို့ လက်ထပ်မင်္ဂလာပွဲကျင်းပကြပါတယ်။ သုံးရက်ကျင်းပမယ့် မင်္ဂလာပွဲရဲ့ ပထမနေ့ ညနေလောက် အရောက်မှာ အက်ရှ်ဆီကို စာအိတ်တစ်အိတ် နဲ့ မြင်းသည်တော် တစ်ဦးရောက်လာပါတယ်။ အမြန်ပြန်လာဖို့ ဗြိတိသျှ စစ်ဌာနချုပ်က ပေးလိုက်တဲ့ စာဖြစ် ပါတယ်။

အကြောင်းက သူနဲ့အတူပါသွားတဲ့ 'ဂျိုတီ' ဆိုတဲ့ မင်းသားကိုယ်တော်လေး စော်ဘွားအရိုက်အရာကို ဆက်ခံပြီး မဟာရာဇအဖြစ် နန်းတက်ခွင့်ကြုံလာလို့ပါ။ တာဝန်ရှိတဲ့အတိုင်း အက်ရှ်ဟာ ကိုယ်တော်လေး  ဂျိုတီကို သူနဲ့သက်ဆိုင်ရာ 'ကာရီ ကုတ်ပြည်နယ်' ရောက်အောင်ပို့ပေး ခဲ့ပြီး၊ မိမိရဲ့ ဗြိတိသျှတို့ စစ်ဌာနချုပ် ကြီးရှိရာ 'ရဝါဒီပင်' ဆိုတဲ့ အရပ် ဒေသကို ပြန်လာခဲ့ပါတယ်။

ဌာနချုပ်ကို ရောက်ပြန်တော့  အာဖဂန်နစ္စတန် ဘာသာစကားကို ကျွမ်းကျင် ပိုင်နိုင်စွာ ပြောဆိုနိုင်သူ ဆိုလို့ မိမိသာရှိတဲ့အတွက် အာဖဂန် နစ္စတန်ရဲ့ မြို့တော် 'ကဘူးလ်' မြို့ကြီးဆီကို တာဝန်ထမ်းဆောင်ဖို့  အမိန့်ပေးစေလွှတ်ခြင်း ခံရပြန်ပါ တယ်။ လာအူးလ်မြို့တော်ကြီးကို ရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ကာလမှာပဲ အာဖဂန်နစ္စတန်နဲ့ သူတို့ အင်္ဂလိပ်တွေ ဒုတိယစစ်ပွဲကြီးဖြစ်ရ ပြန်ပါတယ်။

အဲဒီစစ်ပွဲကြီးဟာ နှစ်နှစ်ကြာသွားပါတယ်။ စစ်ပွဲကြီးပြီးတော့ အက်ရှ်ဟာ အိန္ဒိယနိုင်ငံက 'မာဒန်း' မြို့လေးကို ရောက်လာရပြန်ပါတယ်။ တစ်နေ့တော့ မာဒန်းမြို့က မိမိနေထိုင်တဲ့ အိမ်လေးဆီကာရီကုတ်ဟော် နန်းတော်ကြီးက သမားတော်ကြီး ရောက်လာပါတယ်။ ဘီသောစော် ဘွားကြီး အလွန်စိုးရိမ်ဖွယ်ရာ ရောဂါသည်းထန်နေလို့ သူ့ကိုဆင့်ခေါ်တာကို သွားရမယ့်ဆိုတဲ့အကြောင်း ပြောပါတယ်။

ဒါတင်မဟုတ်သေးဘဲ အကယ်၍ စော်ဘွားကြီးသေသွားရင် ဇနီး မယား မဟာဒေဝီနှစ်ဦးဖြစ်တဲ့ ရှူးရှီ လာနဲ့ ဂျူလီတို့ ညီအစ်မနှစ်ယောက် ဘီသောစော်ဘွားကြီးကို မီးသင်္ဂြိုဟ် တဲ့ မီးပုံထဲကို ခုန်ဆင်းလိုက်ပါသွားကြရမှာ။ အဲဒီထုံးတမ်းစဉ်လာကို 'ဆတ္တီး'လို့ ခေါ်တဲ့ အကြောင်းကိုပါ ပြောပြနေပါတယ်။

အက်ရှ်ဟာ သမားတော်ကြီးရဲ့  စကားအဆုံးမှာ သူ့ချစ်သူ ဂျူလီအတွက် စိုးရိမ်စိတ်တွေ ငယ်ထိပ်ရောက်ပြီး ရင်တွေပူလာပါတယ်။ နောက်ဆုံး သူဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အ ထက်အရာရှိတွေ မသိအောင် သမားတော်ကြီးနောက်ကနေ ခိုးလိုက်သွားပြီး ဂျူလီကို ရအောင်ကယ်တော့ မယ်။

ဟိုရောက်တော့ ညီမငယ်ဖြစ်တဲ့ 'ရှူးရှီလာ' ဟာ အလွန်ကောက်ကျစ် ယုတ်မာကာ အစ်မဖြစ်သူ 'ဂျူလီ' ကို ဘီသောရာဇစော်ဘွားကြီးနဲ့ထိ တွေ့ပတ်သက်ခွင့်မရအောင် အနှောင် အကျဉ်းချထားပြီး သူက မဟာဒေဝီကြီးအဖြစ်ခံယူထားတာကို တွေ့လိုက်ရပါတယ်။ ထင်တဲ့အတိုင်းပဲ စော် ဘွားကြီးဟာ အမှန်တကယ် သေဆုံးသွားရှာပါတယ်။ 'ရှူးရှီလာ'ဟာ စော် ဘွားကြီးကို မီးသင်္ဂြိုဟ်တဲ့အထဲ သူမ ခုန်ဆင်းသွားမှာဖြစ်ပါတယ်။ အစ်မ ဖြစ်သူ ဂျူလီကိုတော့ ရုရှားသွေးစပ်တဲ့ အတွက်ကြောင့်ဆိုပြီး အသက်ရှင် လျက်နဲ့ မျက်လုံးနှစ်ဖက်ကို သံပူနဲ့ ဖောက်ပြီး ဟော်နန်းထဲမှာ ဒုက္ခိတ အဖြစ်နဲ့ တစ်သက်လုံးထားရမယ်လို့ ဟော်နန်းက အမတ်ချုပ်နဲ့ အားလုံးကို အမိန့်ချမှတ်ထားပါတယ်။

စော်ဘွားကြီးကို မီးသင်္ဂြိုဟ်မယ့် ဆဲဆဲမှာပဲ အက်ရှ်နဲ့အဖွဲ့ဟာ ဂျူလီကို ကယ်တင်ကာ တိုက်ရင်းခိုက်ရင်း ထွက်ပြေးလာနိုင်ခဲ့ပါတယ်။ ရှူးရှီလာရဲ့ မဟာဒေဝီ အမိန့်စကားအရ ဂျူလီကို သတ်ဖြတ်ဖို့ ဘီသောရဲ့ အဖွဲ့တွေက မပြတ်တမ်းနောက်က  လိုက်ရှာနေကြပါတယ်။

ဝတ္ထုထဲမှာတော့  လောကကြီးကို ကျောခိုင်းပြီး ဟိမဝန္တာတောင် တန်းကြီးဆီမြင်းသုံးစီးနဲ့ လူသုံး ယောက်ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုဒီရုပ်ရှင်ထဲမှာတော့ ရုရှားသွေးစပ်တဲ့ အိန္ဒိယသူစော်ဘွား ဒေဝီမုဆိုးမလေး ဂျူလီနဲ့ အင်္ဂလန်စစ်ဗိုလ်လေး အက်ရှ်တို့နှစ်ယောက် မြင်းကိုယ်စီနဲ့ ဟိမဝန္တာတောင်တန်းကြီးဆီကို  ထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။ ဘီသောစော်ဘွားကြီးရဲ့ လူတွေက သတ်ဖို့လိုက်ရှာနေတာက တစ်ကြောင်း၊ ဟိန္ဒူမျိုးနွယ်စုတို့ရဲ့ ထုံးစံအရ မုဆိုးမတစ်ယောက်ဟာ နောက်ထပ်ဘယ်ယောက်ျားကိုမှ ယူခွင့်မရှိတဲ့ စည်းကမ်းဥပဒေရယ်၊ အက်ရှ်ဘက်ကလည်း ဘာသာမတူတဲ့ အိန္ဒိယသူကို ယူခွင့်မရှိတာတွေရယ် ကြောင့် သူတို့နှစ်ဦးဟာ အာဖဂန်နစ္စတန်ပြည်နယ်ကိုဖြတ်ပြီး ဟိမဝန္တာတောင်တန်းကြီးဆီ လွတ်ရာကျွတ်ရာ ဖြစ်သမျှအကြောင်း အကောင်းပဲဆို ပြီး သွားနေကြပါပြီ။

သူတို့နှစ်ယောက် မျှော်လင့်တာက အဲဒီဟိမဝန္တာတောင်တန်းကြီးရဲ့ တစ်နေရာလေးမှာ ဒေါသတွေမရှိ၊ လောဘတွေမရှိ၊ လိမ်ညာကောက်ကျစ်ယုတ်မာတာတွေမရှိ။ ယမ်းခိုး ယမ်းငွေ့တွေမရှိ။ သေနတ်ဒူးလေး လူသတ်လက်နက်တွေမရှိ။ စစ်မက်မရှိ။ သတ်ဖြတ်မှုတွေမရှိဘဲ အဲဒီနေရာလေးဟာ အလွန်ငြိမ်းချမ်းပြီး ပန်းပွင့်ကလေးတွေ၊ ကျေးငှက်ကလေးတွေ၊ စိမ့်စမ်းရေတံခွန်လေးတွေနဲ့ သာယာတဲ့ ရွှေပြည်တော်သစ်ကလေးရှိနေလိမ့်မယ်လို့ ယုံကြည်စိတ်တွေအပြည်နဲ့ မြင်းနှစ်စီးယှဉ်တွဲကာ တောင်တွေကြားက နှင်းမြူတွေထဲမှာတော့ တစ်ရွေ့ရွေ့ပေါ့။   ။

 

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.