16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

နှစ်လေးဆယ် ဘဝမှတ်တမ်းများ

မောင်ခင်မင် (ဓနုဖြူ)

 

'နှစ်လေးဆယ်ဘဝမှတ်တိုင်များ' သည် ကျွန်တော့်အသက် ၄ဝ အရွယ်အထိ ကြုံတွေ့ရသော ဘဝ ဖြစ်ရပ်များကို ပေါ့ပေါ့ပါးပါး ရေးထားသော စာအုပ်ကလေးဖြစ်သည်။ ရေးဟန်က ပေါ့ပါးသော်လည်း အားပြုသည့် အကြောင်းအရာက လေးနက်သည်ဟု ဆိုရပါလိမ့်မည်။ ဆင်းရဲချို့တဲ့သော မိဘမဲ့ဘဝတွင် ပညာသာလျှင် ဘဝအတွက် ကိုးကွယ်အားထား ရာ ဖြစ်သည်ဟူသော ခံယူချက်ဖြင့် ဘဝအခက်အခဲများကို ရင်ဆိုင်ရင်း ပညာကြိုးစားခဲ့သည့်အတွက် အောင်မြင်မှု ရတန်သလောက်ရခဲ့သည့် ကျွန်တော့်ဘဝ၏ မှတ်တိုင်များကို ပြန်ပြောင်းအောက်မေ့ဆင်ခြင်လျက် ပုံ ဖော်ထားခြင်းဖြစ်သောကြောင့် ဤသို့ ဆိုရခြင်းဖြစ်ပါသည်'

ဆိုတဲ့ အမှာစာနဲ့အတူ ထွက်ရှိလာတဲ့ စာအုပ်ဖြစ်ပါတယ်။ ငယ်ဘဝ ဖြတ်သန်းမှုတွေကစလို့ နှစ်လေးဆယ် အရွယ်အထိ သူ့ဘဝဖြတ်သန်းမှုတွေကို ရေးသားတင်ပြရာမှာ သူ့ပုဂ္ဂလိက ဘဝကိုသာမက သူဖြတ်သန်းခဲ့ရာ ဝန်းကျင်ရဲ့ ဘဝတွေ၊ သူဖြတ်သန်းခဲ့ရာ ခေတ်ရဲ့ အခြေအနေတွေကိုပါ အတွေးပွားစရာ ဖြစ်အောင် ထင်ဟပ် ဖော်ပြထားတာကို တွေ့ရမှာပါ။ မြန် မာနိုင်ငံလွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်၊ စာရေးသူ ကိုးနှစ်သားအရွယ်မှာ ပြည်တွင်းမငြိမ်မသက်မှုတွေနဲ့အတူ သောင်းကျန်းသူတွေရဲ့ လက်ချက်နဲ့ သူ့အဖေသေဆုံးခဲ့ရတာကြောင့် သူတို့မိသားစု တောရွာကလေးကို စွန့်ခွာပြီး ရန်ကုန်တက်လာပုံတွေ၊ ငါးတန်းကျောင်းသားဘဝမှာ မိခင် ဆုံးပါးသွားပုံတွေ၊ အစ်မ အပျိုကြီး နှစ်ယောက်အပေါ် အားကိုး မှီခိုရင်း အနေကျပ်၊အစားကျပ်၊ အစစအရာရာ ကျပ်တည်းတဲ့ ရန်ကုန်မှာ ရုန်းကန်နေထိုင်ရင်း ပညာကြိုးစား သင်ယူခဲ့ပုံတွေစတဲ့ မိဘမဲ့လူငယ်လေးတစ်ယောက်ရဲ့ ဘဝနဲ့ ပညာရေး ဖြတ်သန်းမှု မှတ်တမ်း လို့လည်း ဆိုနိုင်ပါတယ်။

နှစ်လေးဆယ်ကျော်က သရုပ်ဖော်ကွက်ကလေးများ ခေါင်းစဉ် အောက်မှာတော့ ၁၉၅ဝ ဝန်းကျင် ကာလ သူတို့မိသားစု ရန်ကုန်တက်လာပုံနဲ့ ဗဟန်းကြားတောရလမ်းမှာ ၁ဝ ပေ၊ ပေ ၂ဝ အိမ်ကလေးတစ်လုံး ငှားနေသူ အဒေါ်တစ်ယောက်အိမ်မှာ စုပေါင်းပြီး အိမ်သား ဆယ်ယောက် လောက် တိုးတိုးဝှေ့ဝှေ့နေကြ၊ စားကြ၊ အိပ်ကြရပုံတွေ၊ ကျားတောရလမ်းဘေး ပလက်ဖောင်းတစ်လျှောက် တဲသာသာ ကျူးကျော်အိမ်ကလေး တွေရဲ့ ဘဝတွေ၊ တောက တက်လာ ပြီး ကျောင်းကန်ဇရပ်တွေမှာ ကပ်ရပ်နေထိုင်ကြသူတွေရဲ့ ဘဝတွေစတဲ့ အဲဒီခေတ်ကာလ ရန်ကုန်ဘဝ မြင် ကွင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။

လက်ရေးစာစောင်ဖြင့် စခဲ့ရသော အတွေ့အကြုံ ခေါင်းစဉ်အောက်မှာတော့ ပဉ္စမတန်းကျောင်း သားဘဝ၊ ဗဟန်းအစိုးရအလယ်တန်း ကျောင်းလက်ရေးစာစောင်မှာ ဝတ္ထုကလေးရေးရာကစလို့ စာရေးဖြစ်ခဲ့ပုံ အကြောင်း၊ ကျောင်းသားကြီးတွေ ဦးစီးထုတ်ဝေတဲ့ လက်ရေးစာစောင် အကြောင်း၊ ထိုခေတ်က ကျောင်းစာကြည့်တိုက်တွေမှာ ငှားရမ်းဖတ်ရှုနိုင်တဲ့ စာအုပ်တွေ၊ စာစောင်တွေ အကြောင်း၊ အထက်တန်း ကျောင်းသား သူငယ်ချင်းတွေစုပြီး လက်ရေးစာစောင်ထုတ်ရုံနဲ့ အားမရဘဲ စာကူးစက်နဲ့လှည့်တဲ့ စာစောင်တွေထုတ် ဖြစ်ခဲ့ပုံအကြောင်း၊ လက်ရေးစာစောင်တွေမှာ လက်စမ်းပြီး ရေးခဲ့တာတွေ၊ ကျောင်းစာကြည့်တိုက်မှာ ဖတ်ခဲ့မှတ်ခဲ့တဲ့ စာအုပ်တွေရဲ့ ကျေးဇူးကြောင့် စာရေးသူဟာ အလယ်တန်းကျောင်းသားဘဝမှာပဲ ဗမာ့ဒိုင်ဂျက် စာစောင်ကို ဆောင်းပါးတစ်ပုဒ် ရေး ပို့ရာမှာ စတင်ပုံနှိပ်ဖော်ပြခံခဲ့ရပုံတွေအကြောင်း တင်ပြထားပါတယ်။

ထိုခေတ်က အလယ်တန်း ကျောင်းကလေးရဲ့ စာပေလှုပ်ရှားမှု၊ ကျောင်းသားတွေ စာဖတ်ဖြစ်အောင် ကျောင်းစာကြည့်တိုက်ရဲ့ ပျိုးထောင်ပေးမှုတွေကို တင်ပြထားတာဟာ ဒီကနေ့ခေတ် ကျောင်းတွေ ပြန်လည် အတုယူရမယ့် နမူနာပမာဖြစ်ပါတယ်။

ကျောင်းသားစာကြည့်တိုက်မှူးကလေး ကျွန်တော်ခေါင်းစဉ်အောက်မှာတော့ စာရေးသူ ဆဋ္ဌမတန်းနဲ့ သတ္တမတန်းကျောင်းသားဘဝမှာ ကျောင်းစာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ရပုံတွေအကြောင်း ဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက်ဟာ ဆရာတွေက ကျောင်းသားတွေကို စာဖတ်ဝါသနာ ရင့်သန်လာအောင် လေ့ကျင့်ပေးတဲ့နေရာ၊ စာအုပ်တွေကို စနစ်တကျ ထားတတ်အောင် လမ်း ညွှန်တဲ့နေရာ၊ စာကြည့်တိုက်မှာ ရှိသင့်တဲ့စာအုပ်တွေကို ညွှန်ပြရာ နေရာ၊ စာကြည့်တိုက်လုပ်ငန်းကို အသင်းအဖွဲ့လုပ်ငန်းအဖြစ် ဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးတဲ့ နေရာလို့ စာရေးသူ တဖြည်းဖြည်း နားလည်လာပုံတွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသားကြီးတွေရဲ့ ကျေး ဇူးကြောင့်၊ အခမ်းအနားမှူး လုပ်ခြင်း၊ ပါဝင်ဆွေးနွေးခြင်း၊ ဟောပြောခြင်း စတဲ့အလုပ်တွေကို စာရေးသူ စနစ် တကျလုပ်ကိုင်တတ်လာပုံတွေစတဲ့ ကျောင်းစာကြည့်တိုက်ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြထားပါတယ်။

ဥက္ကလာပသား ကျွန်တော် ခေါင်းစဉ်အောက်မှာတော့ ၁၉၅၅ ကနေ ၁၉၅၉ ထိ စာရေးသူတို့ငှားနေ တဲ့ တဲသာသာအိမ်ကလေးတွေကို ကျူးကျော်ဆိုပြီး ဟိုပြောင်းဒီရွှေ့နဲ့ ပြောင်းရွှေ့ခဲ့ရပုံအကြောင်း၊ အဲဒီခေတ် ရွှေတိဂုံဘုရားဝန်းကျင်က ကျူးကျော် အိမ်ကလေးတွေ မကြာခဏ ပြောင်းရွှေ့ ခံရပုံအကြောင်း၊ ၁၉၅၉ နောက်ဆုံးအကြိမ် ပြောင်းရွှေ့ခြင်းမှာတော့ ကျူးကျော်ရပ်ကွက် အကုန် ဖျက်သိမ်းပြီး တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတမြို့သစ်တွေဆီ နေရာချထားပေးရာမှာ သူတို့ မိသားစု တောင်ဥက္ကလာပကို ပြောင်းရပုံအကြောင်းနဲ့  မြို့သစ်ရဲ့မြင်ကွင်းတွေအကြောင်း တင်ပြထား ပါတယ်။

လယ်ကန်သင်းတွေတောင် မပျောက်သေးတဲ့ မြို့ကွက်ရိုက်ပြီးစ မညီမညာမြေကွက်၊ လမ်းမီးမရှိ သစ် တစ်ပင်မှ မတွေ့ရတဲ့ ရေနံဆီမီးခွက် မှိတ်တုတ်မှိတ်တုတ်နဲ့ ကွင်းပြင်ကြီး၊ ယာယီတဲငယ်လေးတွေ နေ့ချင်းညချင်း အလျှိုအလျှိုပေါ်လာပြီး တစ်နေရာက ပြန်လာရင် ကိုယ့်အိမ်ကိုယ်မှတ်မိအောင် အိမ်ရှေ့မှာ အနီ အစိမ်းအဝါစတဲ့ အမှတ်အသားအလံ တွေနဲ့ မြို့သစ်ပုံရိပ်၊ နွေအခါ ဖုန်ထူ ပြီး မိုးအခါ လိုင်းကားဝင်မရလောက်အောင် ဗွက်နစ်တဲ့ မြို့သစ်လမ်းစတဲ့ တောင်ဥက္ကလာပမြို့သစ်မြင်ကွင်းကို သူ့ရဲ့ ပညာရေးခရီးလမ်း ရုန်းကန် ကြိုးစားခဲ့ရပုံတွေနဲ့အတူ တွေ့မြင်ရမှာပါ။

ဒီစာအုပ်မှာ ဆင်းရဲနွမ်းပါးခဲ့ပေ မယ့် ပညာကို ကြိုးစားသင်ယူခဲ့လို့ ပညာရေးမှာ ထူးချွန်ခဲ့တာကြောင့် ပညာသင်ထောက်ပံ့ကြေး လစဉ်ရပြီး ပညာရေးခရီးလမ်း ဖြောင့်ဖြူးခဲ့ရပုံတွေ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ သူတို့ကျောင်းက ဖြေဆိုသူ ၃၆ဝ အနက် သူတစ်ယောက်တည်းသာ အောင်ပြီး မြန်မာစာနဲ့ သင်္ချာဂုဏ်ထူးရခဲ့ပုံတွေ၊ တက္ကသိုလ်ဆက်တက်တဲ့ အခါမှာလည်း ကိုယ်ကြိုက်နှစ်သက်ရာ လိုင်းအမျိုးမျိုး ရွေးနိုင်ပုံတွေ၊ မြန်မာစာ ဂုဏ်ထူးတန်းကို ရွေးချယ်ခဲ့ပြီး နောက်ဆုံးတက္ကသိုလ်မှာ မြန်မာစာဆရာဖြစ်လာပုံတွေစတဲ့ သူ့ဘဝ ပညာရေးခရီး တစ်လျှောက် တွေ့ကြုံ ရတဲ့ အဖြစ်အပျက်တွေကို ခေတ် အခြေအနေတွေ၊ ပညာရေးစနစ် အခြေအနေတွေနဲ့ အတူတင်ပြထား တာကို တွေ့ရမှာပါ။

'လူတစ်ယောက်၏ ဘဝသည် အသက် ၄ဝ မှာ စတင်သည်ဟူသော အယူအဆအရဆိုလျှင် ဤစာအုပ် ကလေးသည် ကျွန်တော့်ဘဝ စတင်ရန် လမ်းခင်းပေးသည့် အကြောင်းခံများကို အမှတ် ထင်ထင်ပြောပြနေပါ လိမ့်မည်'လို့ ဆရာ မောင်ခင်မင်က အမှာစကား ဆိုထားပါတယ်။

၂ဝဝ၂ ခုနှစ်က အမျိုးသား စာပေဆု ရရှိခဲ့တဲ့ စာအုပ်ဖြစ်ပြီး ဆန်းစသော်တာ စာပေကနေ တန်ဖိုး ၃၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

ဒဂုန်တာရာ ဝတ္တုတို ၅ ပုဒ်

ဒဂုန်တာရာ

တာရာမဂ္ဂဇင်းမှာ ဆရာကြီး ဒဂုန်တာရာရေးခဲ့တဲ့ ဝတ္တုတို ငါးပုဒ်ကို မြန်မာဝတ္ထုတို ရာပြည့်( ၁၉၁၇- ၂ဝ၁၇) အမှတ်တရအဖြစ် ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။

၁၉၄၈-၁၉၅ဝ ကြား ခေတ်ကာလ ပုံရိပ်တစ်စွန်းတစ်စကို တွေ့မြင်နိုင်မယ့် ဝတ္ထုတိုတွေ ဖြစ်ပါတယ်။

ဟိုတယ်မယ် ဝတ္ထုတိုကတော့ အတင်ဆိုတဲ့ ဟိုတယ်မယ်ကလေး၊ အပျက်မလေးရဲ့ ဘဝကို လွတ်လပ်ရေး ရပြီးစ ကွန်မြူနစ်ပုန်ကန်ထကြွမှု နိုင်ငံရေးဂရက်တွေနဲ့အတူ တင်ပြထားတာပါ။ အတင် ဘာကြောင့် ဒီဘဝရောက်ရသလဲဆိုတဲ့ နိုင်ငံရေး အရိပ်အငွေ့ ပါးပါးကလေးထည့်ထားတဲ့ ဝတ္ထုအကြောင်းအရာက စိတ်ဝင်စားဖို့ကောင်းသလို ခေတ်ကိုမြင်အောင် ရေးဖွဲ့မှု၊ အဲဒီခေတ် ရန်ကုန် ရှုခင်းကို ခြယ်မှုန်းမှု၊ အတင်ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ စိတ်ခံစားမှုကို ရေးဖွဲ့တင်ပြမှုစတဲ့ လှပတဲ့ စကားပြေ အရေး အဖွဲ့ကို ခံစားရစေမယ့် ဝတ္ထုဖြစ် ကြောင်း တွေ့ရမှာပါ။

မေဒေး အလုပ်သမားနေ့သို့လို့ ရည်ညွှန်းထားတဲ့ ရေနံသူခိုးဝတ္ထုတိုကတော့ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးစ၊ ဘီအိုစီရေနံကုမ္ပဏီက အလုပ် သမားလျှော့တဲ့အနေနဲ့ အလုပ်ဖြုတ် ခံရပြီး အလုပ်လက်မဲ့၊ စားရမဲ့သောက်ရမဲ့ဘဝ ရောက်ရရှာသူ ရေနံအလုပ် သမားတွေအကြောင်းဖြစ်ပါတယ်။ လွတ်လပ်ရေးရပေမယ့် မလွတ်လပ် သေးတဲ့ဘဝတွေ၊ ကိုယ့်မြေကိုယ်မပိုင် ရတဲ့ဘဝတွေအကြောင်း မီးမောင်းထိုး ပြထားတာပါ။ ကြေကွဲဖွယ်ရာ ရေနံမြေ အလုပ်သမားတွေရဲ့ဘဝရှုခင်းကို လှပတဲ့ စကားပြေနဲ့ ရေးဖွဲ့တင်ပြထားတာကို တွေ့ရမှာပါ။

ချစ်ချစ်၊ ရွှေ၊ ဟိုတယ်မယ်၊ ရေနံ သူခိုး၊ လန်ချားဝါလားဆိုတဲ့ ဝတ္ထုတို ငါးပုဒ်ပါဝင်ပါတယ်။ အဲဒီခေတ် ကာလက အခြေအနေတချို့နဲ့အတူ ဆရာကြီး ဒဂုန်တာရာရဲ့ ရေးဖွဲ့တင်ပြပုံ၊ စကားပြေ အတတ်ပညာ၊ စကား ပြေ အလှ၊ ဝတ္ထုတိုရဲ့ရသကို ခံစားနိုင်မယ့် ဝတ္ထုတိုတွေ ဖြစ်ပါတယ်။

စိတ်ကူးချိုချို အနုပညာကနေ တန်ဖိုး ၈ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.