16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
နှစ်နိုင်ငံနိုင်ငံရေးကြားက အချစ်ရေး

ဒီဇာတ်ကားက အစ္စရေးနဲ့ ပါလစ္စတိုင်းတို့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အခုအချိန်ထိ မငြိမ်းချမ်းကြပုံအကြောင်းကို အချစ်ရေးကိစ္စ ဗျာများရတဲ့ ပါလစ္စတိုင်း လူငယ်လေးတစ်ယောက်အကြောင်း ပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

ဟိုတုန်းက ကိုမြင့်စန်း အယ်ဒီတာလုပ်ပြီး ထုတ်ဝေခဲ့တဲ့ ဂျာနယ်တစ် စောင်မှာ ဂျူးတွေနဲ့ ပတ်သက်ပြီး သူတို့ကိုလည်း တကယ်တမ်းကျတော့ သနားဖို့မကောင်းဘူးဆိုတဲ့ကြောင်း ဆရာမောင်သာနိုးရေးတဲ့ဆောင်းပါး အတိုလေးကိုသွား သတိရမိတယ်။ ဝီလျံရှိတ်စပီးယားရဲ့ ပြဇာတ် The Merchant of the Venice ထဲက ပိုက်ဆံပြန်မဆပ်နိုင်ရင် အသားတစ်ပေါင် လှီးပေးရမယ်လို့ စာချုပ်ချုပ်ပြီး ငွေတိုးချေးစားတဲ့ ဂျူးအဘိုးအိုကြီးတစ်ယောက်ကို ဥပမာပြုပြီး ရေးပြသွားတာပါ။

တစ်ဖက်က ပြန်စဉ်းစားတော့လည်းဟုတ်တော့ ဟုတ်နေတာပါပဲ။ ဒါကြောင့်လည်း ဟစ်တလာရဲ့ မျက်မုန်းကျိုးခြင်းခံရတာပဲ။ သူတို့ရဲ့ နောက်ကြောင်းတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ ၁၈၈၄ ခုနှစ် ရုရှားပြည်၊ ဇီတိုမီးယားမြို့က ဂျူးတွေ မုန်းတီးရေးဝါဒသမားတွေကြောင့် 'ဆိုင်မွန်ရာဘင်စတီး' ဆိုတဲ့ ဖိနပ်ချုပ်သမားတစ်ဦးရဲ့ ၁၆ နှစ်အရွယ် 'ဂျိုစီ' နဲ့ ၁၄ နှစ် အရွယ်သားငယ် 'ယာကွတ်' တို့ ညီအစ်ကိုနှစ်ယောက်ဟာ မရှုမလှသေဆုံးနေတဲ့ အဖေနဲ့အမေရဲ့ အလောင်းတွေကိုထားခဲ့ပြီး မိုင် ၂ဝဝဝ ကျော်ဝေးတဲ့ ပါလစ္စတိုင်းကို ရောက်အောင် ခြေလျင်ခရီးနှင်ခဲ့ကြရတယ်။

ဆောင်းတွင်းကာလတစ်လျှောက်လုံး ဒုက္ခအမျိုးမျိုးခံပြီး ခရီးနှင်ခဲ့ကြတာမှာ နွေဦးပေါက်ရာသီရောက်မှ ရုရှားပြည်ရဲ့ နယ်နိမိတ်ကို ဖြတ်ကျော်နိုင်ခဲ့ကြတယ်။ ၁၈၈၈ ခုနှစ်ရောက်ပြီး လပေါင်း ၄ဝ ကျော်ကာလကို ဖြတ်ကျော်လာပြီးတဲ့အခါမှာ တစ်ယောက်က အသက် ၂ဝ အရွယ်၊ တစ်ယောက်က အသက် ၁၈ နှစ် အရွယ်ရောက်ကာမှ သူတို့ရဲ့ ခရီးပန်းတိုင်ဖြစ်တဲ့ ပါလစ္စ တိုင်းကို ရောက်လာခဲ့ကြတယ်။ ပြီးတော့ 'ဂျေရုဆလင်မြို့' ကို ခရီးဆက်ခဲ့ကြပါ တယ်။

အဲဒီအချိန်မှာ ဟန်ဂေရီမှာမွေးပြီး သြစတြေးလျနိုင်ငံ၊ ဗီယင်နာမြို့မှာနေတဲ့ ဂျူးလူမျိုးသတင်းစာ ဆရာ 'သီအိုဒိုဟာဇဲလ်' က ဂျူးပြည်ထောင် စုတည်ထောင်ဖို့ဆိုတဲ့ စာတမ်းတစ်ခုပြုစုပြီး ၁၈၉၇ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ဂျူးလူမျိုးခေါင်းဆောင်များရဲ့ ကွန်ဖရင့်ကို ကျင်းပခဲ့တယ်။ သမိုင်းကြောင်းရဲ့ မွေးရပ်မြေဖြစ်တဲ့ ပါလစ္စတိုင်းဒေသမှာ ဂျူးလူမျိုးတွေအတွက် တိုင်းပြည်တည်ထောင်ပြီး ဂျူးလူမျိုးတွေရဲ့ 'တရားဝင်လုံခြုံရေး' ဆိုတဲ့ ကြိုးပမ်းမှု စတင်ပါတယ်။

အဲဒီအချိန်က ပါလစ္စတိုင်းဒေသဟာ တူရကီလူမျိုးတွေရဲ့ အော်တိုမန်အင်ပါယာရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်နေပါတယ်။ 'ဟာဇဲလ်' ဟာ ပြိုကွဲစပြုနေတဲ့ အော်မန်အင်ပါယာရဲ့အရှင် ဆူလတန်ဘုရင် 'အပ္ပဒူ' နဲ့ တွေ့ဆုံဆွေးနွေးခြင်းပြုလုပ် ပြီးတော့ ပါလစ္စတိုင်းဒေသထဲက နယ်မြေတွေကို ဝယ်ယူဖို့ကြိုးစားခဲ့တာမှာ ရတော့မလိုလိုနဲ့ နောက်ဆုံးတော့ မအောင်မြင်ခဲ့ ပါဘူး။

ဒါပေမယ့် ဂျူးတွေဟာ တရားဝင်ပိုင်ဆိုင်ခွင့်မရတဲ့ ပါလစ္စတိုင်းဒေသမှာ နည်းအမျိုးမျိုးနဲ့ မြေတွေကို ရအောင်ဝယ်ယူပြီး ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ ဒါပေမယ့် ဂျူးတွေဟာ ခုအချိန်ထိ  ကမ္ဘာမြေအနှံ့ပြန့်ကြဲနေဆဲပါပဲ။ ပါလစ္စတိုင်းနဲ့လည်း ခုချိန်ထိ နယ်မြေလုနေရဆဲပါပဲ။

အခုဒီဇာတ်ကားကို Hany Abu-Assat  က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ပါလစ္စတိုင်း ဒါရိုက်တာပါ။ သူ့ကို အစ္စရေးနိုင်ငံ၊ နာဇာရက်မြို့မှာ မွေးဖွားခဲ့ပြီး အဲဒီမှာပဲ ကြီးပြင်းခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူရိုက်ကူးတဲ့ ဇာတ်ကားတိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော် ဆုတွေတသီကြီးရရှိခဲ့သလို ယခုဇာတ်ကားမှာလည်း ဆုတွေအများကြီးရရှိထားပါတယ်။ ဒီဇာတ်ကားမှာ ပါလစ္စတိုင်း စုံတွဲကောင်လေးနဲ့ ကောင်မလေးအဖြစ် အဓိက ဇာတ်ကောင်နေရာမှာ မင်းသား Aain Bukri နဲ့ မင်းသမီး Leen Lubany တို့က သရုပ်ဆောင်ထားကြပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားဟာ အာရဗီဘာသာစကားပြော ပါလစ္စတိုင်း လူငယ်သုံးယောက်ရဲ့ ခုခံတဲ့စစ်ပွဲနဲ့ အချစ်ဇာတ်လမ်းလို့လည်း ပြောလို့ရ ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထွက်ရှိခဲ့တာပါ။

အစ္စရေးကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပါလစ္စတိုင်းသားတချို့က အစ္စရေး ရဲစခန်းကို စနိုက်ပါတပ်ထားတဲ့ သေနတ်တွေနဲ့ ပစ်ခတ်ကြပါတယ်။ ပစ်ခတ်ပြီး လွတ်အောင် မရှောင်တိမ်းနိုင်ကြပဲ အစ္စရေးတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ကြရပါတယ်။ အစ္စရေးရဲ့ စစ်ကြောရေးစခန်းမှာ အနှိပ်စက်ခံရပါတော့တယ်။ အဲဒီ ပစ်ခတ်လုပ်ကြံမှုထဲမှာ 'အိုမာ' ဆိုတဲ့ ပါလစ္စတိုင်း လူငယ်တစ်ယောက်ပါတယ်။ အကြမ်းဖက် လုပ်ကြံမှုပြစ်မှုမြောက်တဲ့အတွက် အနည်းဆုံး ထောင်ဒဏ်နှစ် ၉ဝ ကျနိုင်တယ်ဆိုတာ ပါဝင်သူအားလုံးကလည်း သိပြီးသားဖြစ်နေပါတယ်။

'အိုမာ'ဟာ 'နာဒီရာ' ဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်နေတာ၊ တံတိုင်းကြီးကို ကျော်ပြီး ကောင်မလေးနဲ့ ခိုးခိုးတွေ့နေတာ၊ ပြီးတော့ ကောင်မလေးရဲ့ အစ်ကိုက အစ္စရေး အစိုးရက အလိုရှိနေတဲ့ အကြမ်းဖက်လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်နေတာတွေ အစ္စရေးထောက်လှမ်းရေးတွေက သိထားပါတယ်။ ဒါတွေကြောင့် အစ္စရေး ထောက်လှမ်းရေးတွေက စစ်ကြောရေးစခန်းမှာ 'အိုမာ' ကို ငါးစာအဖြစ် အသုံးချဖို့ စဉ်းစားမိကြတယ်။ စစ်ကြောရေးစခန်းမှာ အပေးအယူလုပ်ပြီး လွှတ်ပေးလိုက်တယ်။ တစ်လအတွင်း အကြမ်းဖက် ခေါင်းဆောင်ရှိတဲ့ နေရာကိုပြနိုင်ရင် ကျခံရမယ့် ပြစ်ဒဏ်အားလုံးကနေ ကင်းလွတ်ခွင့်ပေးမယ်။ မလုပ်နိုင်ရင်တော့ ပြန်ဖမ်းမယ်။ အပြစ်ဒဏ်အား လုံးတစ်ပေါင်းတည်း ပြန်ခံရမယ်ဆို ပြီးတော့ပေါ့။

'အိုမာ' က သူရဲ့ လုပ်ဖော်ကိုင်ဖက် ပါလစ္စတိုင်း သူငယ်ချင်းတွေကို အစ္စရေး ထောက်လှမ်းရေးတွေနဲ့ အပေးအယူလုပ်ခဲ့ရတဲ့ ကိစ္စကို ပွင့်ပွင့် လင်းလင်းပြန်ပြောပြပြီး တိုင်ပင်လိုက်တယ်။ ပြီးတော့ သူကောင်မလေး 'နာဒီရာ' ကို လက်ထပ်ချင်တယ်။ ဟန်နီးမွန်းအဖြစ် ပဲရစ်ကို ခေါ်သွား ချင်တယ်။ ကောင်မလေးရဲ့ အစ်ကို ဖြစ်သူကိုလည်း သူ့ညီမကို လက်ထပ်ချင်တဲ့အကြောင်း ပြောပြတယ်။ ဒါပေမယ့် ဒါတွေက 'အိုမာ' အတွက် စိတ်ကူးယဉ်သလို ဖြစ်နေတယ်။

အစ္စရေး ထောက်လှမ်းရေးက အမြဲတမ်း သူ့ထက်ခြေတစ်လှမ်းသာတယ်။ သူဘာလုပ်မယ်။ ဘယ်သွား မယ်ဆိုတာကို အမြဲတမ်းကြိုသိနေတယ်။ တစ်ဖက်မှာလည်း ပါလစ္စတိုင်း အသိုင်းအဝိုင်းရဲ့ မယုံကြည်မှုတွေကို သူရင်ဆိုင်နေရတယ်။

အစ္စရေး အကျဉ်းစခန်းက အချိန်တိုတိုအတွင်း ပြန်လွတ်လာတဲ့ သူ့ကို သံသယရှိကြတယ်။ အစ္စရေးနဲ့ ပူးပေါင်းသွားတဲ့ သစ္စာဖောက်လို့ စွပ်စွဲကြတယ်။ ကောင်မလေးရဲ့ အစ်ကိုကလည်း သူ့ကို ရှင်းရှင်းလင်းလင်း သိဖို့အတွက် ''အခု သိပ်မကြာခင်အတွင်းမှာ အစ္စရေးတွေကို ခြုံခိုတိုက်ဖို့ ရှိတယ်။ အဲဒီပွဲမှာ မင်းပါရမယ်။ အဲဒီ တိုက်ပွဲပြီးရင်တော့ မင်းငါ့ညီမကို လက်ထပ်ချင်တဲ့ ကိစ္စအတွက် ငါစဉ်းစားပြီး ဆွေးနွေးမယ်''ဆိုလို့ နောက်တစ်ကြိမ် အကြမ်းဖက်လှုပ်ရှားမှု၊ ချုံခိုတိုက်ခိုက်တဲ့ပွဲမှာ ပါဝင်ရပြန်တယ်။ အဲဒီမှာပဲ အစ္စရေး လုံခြုံရေးတပ်တွေရဲ့ နောက်တစ်ကြိမ်ဖမ်းဆီးခြင်းကို ခံလိုက်ရပြန်တယ်။

အစ္စရေး အကျဉ်းထောင်ထဲမှာ ပါလစ္စတိုင်း ပျောက်ကျားစစ်သား တချို့နဲ့ ပြန်ဆုံရတယ်။ အဲဒီမှာ သူ့ ကို သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး အသေသတ်ပစ်ဖို့ လုပ်ကြတော့ တယ်။ (ဒါပေမယ့် အစ္စရေး ထောက်လှမ်းရေးက သိသွားတဲ့အတွက် ထောင်ထဲမှ လုပ်ကြံသတ်ဖြတ်ခံရ မယ့် ဘေးကနေ လွတ်သွားတယ်။)

အစ္စရေးထောက်လှမ်းရေးက သူ့ကို ထောင်ထဲမှာ အပေးအယူတစ်ခု လုပ်ပြန်တယ်။ ဒီလိုနဲ့ အစ္စရေး အကျဉ်းထောင်က ပြန်လွတ်လာပြန် တယ်။ ဒါပေမယ့် ပါလစ္စတိုင်း အ သိုင်းအဝိုင်းကတော့ အချိန်တိုတိုအတွင်း ပြန်လွတ်လာတဲ့ သူ့ကို လုံးဝမ ယုံကြည်ကြတော့ဘူး။ သူ့ချစ်သူ ကောင်မလေး 'နာဒီရာ' ကလည်း သူ့ကို မေးခွန်းတွေ ထုတ်လာတယ်။ အဲဒီနောက်ကောင်မလေးက အတွေ့ မခံတော့ဘူး။

ဒီတော့လည်း 'အိုမာ' ခမျာမှာ ကောင်မလေး ကျောင်းသွားတဲ့ လမ်းကို ချောင်းကြည့်ရသလို၊ ကောင်မလေးနေတဲ့ ကျောင်းကို အဆောက်အ အုံတစ်ခုရဲ့ အပေါ်ထပ်ကနေ ငေး ကြည့်ရင်း စိတ်ဒုက္ခကို ဖြေသိမ့်ရုံမှ တစ်ပါး ဘာမှမတတ်နိုင်တော့။ ပြီးတော့ ဒီနေရာလေးကလည်း ဟိုအရင်တုန်းကတည်းက ကောင်မလေးကို စောင့်ကြည့်နေကျနေရာလေး။

သူဒီလိုနေရင်းနဲ့ ကွင်းဆက် တစ်ခုကိုရလိုက်တယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ် ယောက်ကလည်း သူ့ချစ်သူ 'နာဒီရာ' ကို ကြိုက်နေတဲ့သူ ဖြစ်နေပြီး 'နာဒီရာ'ရဲ့ အချစ်ကို ရဖို့အတွက် 'အိုမာ' တို့ရဲ့ အကြမ်းဖက် လှုပ်ရှားမှု အစီအစဉ်တွေကို အစ္စရေး ထောက်လှမ်းရေးတွေဆီ သတင်းပေးနေသူ ဆိုတာကိုပါ သိလိုက်ရတော့တယ်။

တကယ်တော့ 'အိုမာ' က အစ္စရေးတွေကို သတင်းပေးသူမလုပ်ခဲ့ဘူး။ အခုတော့ ပါလစ္စတိုင်း အသိုင်းအဝိုင်းမှာ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရပြီး နာမည်တွင်ခဲ့ရသလို ချစ်ရသူကောင်မလေး 'နာဒီရာ' ကိုပါ ဆုံးရှုံးရတော့မယ်။

ဒီအတိုင်းတော့ မဖြစ်တော့ဘူးဆိုပြီး လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းနဲ့ ရင်ဆိုင်ဖြေရှင်းရာမှာ နှစ်ယောက်သားလုံးထွေးသတ်ပုတ်ရင်း သူငယ် ချင်းဖြစ်သူဟာ သူ့သေနတ်ကျည်ဆံက သူ့ပြန်မှန်ပြီး သေဆုံးသွားပါတယ်။ အဲဒီမှာ အဖြစ်မှန်ကို အား လုံးက သိသွားကြတယ်။

နောက် အိုမာက 'နာဒီရာ' ဆီပေးတဲ့ စာတွေကိုလည်းမပေးဘဲ ဖျောက်ဖျက်ပစ်လိုက်သူဟာ ဒီသူငယ်ချင်းပဲဆိုတာရယ်၊ သူမကို လိုချင်လို့ မသမာတဲ့အကြံအစည်တွေလုပ်တယ် ဆိုတယ်ရယ်ကို နာဒီရာက သိသွားပြီး အိုမာရဲ့ အချစ်ကို ပြန်လက်ခံ လိုက်တယ်။

ကျောင်းလည်း ဆက်မတက်တော့ဘဲ အိုမာနဲ့လက်ထပ်ပြီး အန္တရာယ်တွေနဲ့ ကင်းလွတ်နိုင်တဲ့ ဒေသတစ်ခုမှာ စိုက်ပျိုးရေး လုပ်ကိုင်ရင်း ပျော်ရွှယ်ဖွယ် မိသားစု ဘဝလေးကို တည် ဆောက်ခဲ့ကြပါတော့တယ်။

ဒီဇာတ်ကားဟာ တရားမျှတမှုတွေနဲ့ ကျေနပ်စရာကောင်းတဲ့အဖြေကို မပေးပါဘူး။ ဆောက်တည်ရာမရတဲ့ အခြေအနေတွေအောက်မှာ လူတွေရဲ့ တုံ့ပြန်မှုတွေကို သဘာဝအတိုင်း၊ အရှိကိုအရှိတရား အတိုင်း တင်ပြသွားတာဖြစ်ပါတယ်။

 

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.