16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

 

မြန်မာ့ဒီမိုကရေစီခရီးနှင့်သူရဦးတင်ဦး

ဒုတိယတွဲ

တက္ကသိုလ်စိန်တင်

နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းက ထိုသို့ပြောသောအခါ မည်သူတစ်စုံတစ်ယောက်က မိမိတို့သိထား ကြားထားသည့်အတိုင်း ရေးသားတင်ပြဝံ့ကြမည်လဲ။ ကျွန်တော်တို့အားလုံး ရေးသားတင်ပြကြသော သမဂ္ဂဖြိုခွဲမှု တရားခံရှာသည့် စာတမ်းတွင် ဗိုလ်မှူးချုပ် အောင်ကြီးဘက်သို့သာလျှင် သာသာထိုးထိုး အပြစ်ဖို့၍ ရေးသားကြရလေသည်။ သမ္မတကြီး ဦးနေဝင်းက သမဂ္ဂဖြိုခွဲသော အမိန့်ပေးသူမှာ 'ငါမဟုတ်ဘူး၊ အောင်ကြီး'ဟု ပြောနေသည်ဖြစ်တော့ ဦးနေဝင်းရေးခိုင်းသော သမဂ္ဂဖြိုခွဲမှုမှတ်တမ်း Log စာတမ်းတွင် ဗိုလ်အောင်ကြီးဘက်သို့ လက်ညှိုးထိုးသော အချက် ကိုသာ ရေးကြရလေတော့သည်။

'တကသအဆောက်အုံ ဗုံးခွဲဖြိုချခိုင်းတာ ငါမဟုတ်ဘူး၊ အောင်ကြီး' ခေါင်းစဉ်အောက်က ကောက်နုတ်ချက်ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးတင်ဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပြီးနောက် ၁၉၇၅ ခုနှစ်မှာ ဦးနေဝင်းနဲ့ပတ်သက်ပြီး တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရေးပြထားတာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ဇနီး ဒေါ်ခင်မေသန်း ကွယ်လွန်လို့ ဒုတိယဇနီးဒေါ်နီနီမြင့်နဲ့ လက်ထပ်ပြီးခါစမှာ ပုဂံကိုပျားရည်ဆမ်းခရီးထွက်ပုံအကြောင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ဗုံးခွဲဖြိုချတဲ့ကိစ္စမှာ အမိန့်ပေးစေခိုင်းသူ ဦးနေဝင်းလို့ တက္ကသိုလ် လောကက ရှုမြင်သုံးသပ်နေကြောင်း ပုဂံခရီးမှာ အတူပါလာသူ တက္ကသိုလ် ဆရာမတစ်ဦးထံကတစ်ဆင့် ဦးနေဝင်း သိလျှင်သိချင်း ရန်ကုန်ကို ချက်ချင်းပြန်လာပုံ အကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်သူရတင်ဦး အပါအဝင် တပ်မတော်ကအရေးကြီး ပုဂ္ဂိုလ်အားလုံးကို အစည်းအဝေးခေါ်ပြီး သူလုပ်တာ မဟုတ်ကြောင်း ရှင်းလင်းတဲ့အပြင် သမဂ္ဂဖြိုခွဲမှုမှာသူ (ဦးနေဝင်း)လား၊ ဗိုလ်အောင်ကြီးလား၊ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ စာတမ်းတစ်စောင်စီ ရေးသားတင်ပြ ခိုင်းပုံအကြောင်းတင်ပြရင်း တာဝန်ခံမှု၊ တာဝန်ယူမှုကင်းမဲ့ရင် ခေါင်းဆောင် ကောင်း မဟုတ်ကြောင်း၊ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေဟာဖြစ်လာ တဲ့ပြဿနာကို လက်အောက်ငယ်သားဆီ လွှဲမချဘဲ ခေါင်းဆောင်က တာဝန်ယူရမှာ ဖြစ်ကြောင်းကို ဗိုလ်ချုပ်ကြီး သူရတင်ဦးက သူ့လက်အောက် ငယ်သားတွေနဲ့ သူတွေ့ကြုံခဲ့ရတဲ့ အမှုအခင်း ပြဿနာတွေနဲ့ယှဉ်ပြီး ပြောပြထားတာကို တွေ့ရမှာပါ။

ပြည်သူတို့လက်ထဲက ငါးဆယ်တန်၊ တစ်ရာတန် ငွေစက္ကူများ ဖျက်သိမ်းချိန် ဗိုလ်နေဝင်း၏ဆရာဦးဘညိန် ခေါင်းစဉ်အောက်မှာတော့ တော်လှန်ရေးကောင်စီက မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်နဲ့ ချီတက်မယ်လုပ်တဲ့အခါ အကြံပေးအဖြစ် မုံရွာ ဦးဘညိန်ဆိုသူကို ဦးနေဝင်းက ဆရာတင်ပုံအကြောင်း၊ ဦးဘညိန် အကြံပေးတဲ့ အတိုင်း၊ ခိုင်းတဲ့အတိုင်း ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်ချုပ်ကြီး ဦးတင်ဦးအပါအဝင် အောက်ကလူ တွေကို ပြန်သြဇာပေးပုံအကြောင်း၊ ငွေစက္ကူတွေဖျက်သိမ်းဖို့ကိုလည်း ဦးဘညိန်ကပဲ အကြံပေးပြီး ဘာ ကြောင့် ဖျက်သိမ်းသင့်သလဲဆိုတဲ့ ဦးဘညိန်ရဲ့အကြောင်းပြချက်တွေ အကြောင်း၊ ငွေစက္ကူတွေ ဖျက်သိမ်းလိုက်တာကြောင့် အများပြည်သူ ဒုက္ခရောက်ရပုံတွေ အကြောင်း၊ ကိုယ်ပိုင် အတွေးအခေါ်မရှိတဲ့ ဦးနေဝင်းဟာ ဦးဘညိန်ပြောသမျှ လိုက်လုပ် တာကြောင့် နိုင်ငံဒုက္ခရောက်ရပုံတွေအကြောင်းကို ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကိုယ်တိုင် တွေ့ကြုံခဲ့ရ သမျှ အဖြစ်အပျက်တွေနဲ့တကွ တင်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက သားတပည့်ကို ရာထူးဖြုတ်ချခြင်းခံလိုက်ရသော ထိုတစ်နေ့ ခေါင်းစဉ်အောက်မှာတော့ 'အိမ်ဆောက်ဖို့ နိုင်ငံခြားက ကျောက်ပြားတွေမှာ ယူတယ်' ဆိုတဲ့စွဲချက်နဲ့ ဦးနေဝင်းက ဗိုလ်ချုပ်ကြီး တင်ဦးကို ရာထူးက ထွက်ခိုင်းပုံ အကြောင်း၊ တပည့်တပ်မှူးတွေက စေတနာနဲ့ အိမ်ဆောက်ပစ္စည်းတွေ မှာယူပေးခဲ့တာဟာ ဗိုလ်ချုပ်ကြီးတင်ဦး ရာထူးက ထွက်ရတဲ့အထိ ဖြစ်ခဲ့ရပုံအကြောင်း၊ နောက်ပိုင်း ဦးနေဝင်းက ဗိုလ်ချုပ်တင်ဦးကို ပြန်ခေါ်၊ ပြန်ချော့လုပ်ပေမယ့် 'ဗိုလ်ချုပ်နဲ့ ဘယ်လို အကြောင်းနဲ့မှ ဆက်ဆံခေါ်ပြော တွေ့ဆုံစရာမရှိတော့ဘူး'လို့ ဗိုလ် ချုပ်ကြီးနေဝင်းထံကို ဦးတင်ဦးက စာ ရေးသားပေးပို့ခဲ့ပုံအကြောင်း၊ ဗိုလ်ချုပ် ကြီးနေဝင်းအပေါ် ဘာကြောင့် ဗိုလ် ချုပ်ကြီးတင်ဦး နာကြည်းမိပုံတွေ အကြောင်း တင်ပြထားပါတယ်။

နောက်ပိုင်း ခေါင်းစဉ်တွေ အောက်မှာတော့ ရာထူးကနုတ်ထွက်ပြီး ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ ဦးတင်ဦး ရဲ့ မိသားစုဘဝအကြောင်း၊ ဗိုလ်ကြီး အုန်းကျော်မြင့်ရဲ့ နိုင်ငံတော်လုပ်ကြံမှုမှာ ပါဝင်အကြံပေးတယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးဖမ်းဆီးပြီး ထောင် (၇)နှစ် ချမှတ်ခံရပုံအကြောင်း၊ အင်းစိန်ထောင်တွင်းကြုံတွေ့ရတဲ့ အခြေ အနေတွေအကြောင်း ဖြစ်ပါတယ်။

ဇူလိုင်(၇) ရက် အရေးအခင်း၊ ဦးသန့်ဈာပနအရေးအခင်း၊ ၁၉၇၄ အလုပ်သမား အရေးအခင်း၊ ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ တပ်မတော်အရာရှိ လူငယ်တွေရဲ့ လျှို့ဝှက်တော်လှန်ရေး ကြံစည်မှု အရေးအခင်းတွေကို မျက်ဝါးထင်ထင်တွေ့ မြင်ရသလို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ လူလတ်ပိုင်းဘဝမှတ်တမ်း ဖြတ်သန်းမှု အတွေ့အကြုံတွေသာမက စစ်အာဏာရှင် သမိုင်းတစ်လျှောက် အနီးကပ် တွေ့ကြုံခဲ့ရတာတွေကို  မှတ်တမ်းပြုထားတဲ့ စာအုပ်လို့လည်း ဆိုနိုင်ပါတယ်။

ဒီစာအုပ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်သူရဦးတင်ဦး ကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာလတွေကစလို့ ၁၉၈ဝမှာ ထောင်ကလွတ်မြောက်လာပုံနဲ့ အဆုံးသတ်ထားပြီး နောက်ထုတ်မယ့် တတိယတွဲမှာတော့ ၁၉၈၈ အရေး တော်ပုံကြီးမှာ သူရဦးတင်ဦး ပါဝင်ခဲ့ပုံကစလို့ ဒီကနေ့အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ပုံတွေ၊ ဒီမိုကရေစီ ခရီး ချီတက်ပုံတွေကို ဖော်ပြမယ်လို့ စာရေးသူက အမှာစာမှာ ဆိုထားပါတယ်။

ဓူဝံစာအုပ်တိုက်ကနေ တန်ဖိုး ၅ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

ပါရီ သို့မဟုတ် အလင်းမြို့တော်

ဖိုးသော်တာ

ပြင်သစ်နိုင်ငံကို မီဒီယာ လေ့လာရေးခရီးသွားရင်း ပါရီမြို့တစ်လျှောက် လှည့်လည်သွားလာခဲ့တဲ့ ခရီးစဉ်မြင်ကွင်းတွေကို စာရေးသူက သူ့အမြင်သူ့အတွေးတွေနဲ့ အတူ စာဖတ်သူမပျင်းရအောင် ရသဟန်စွက်ပြီး ရေးသားတင်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။

မီဒီယာလေ့လာရေးခရီး ဖြစ်တာကြောင့် ပြင်သစ်နိုင်ငံက မီဒီယာတွေအကြောင်း၊ တစ်နေ့စောင်ရေ သိန်းချီထုတ်ဝေနေရတဲ့ သတင်းစာတွေနဲ့ သူတို့ရဲ့ ရပ်တည်ချက်တွေ၊ မူတွေ အကြောင်း တင်ပြထားပုံကလည်း မြန်မာနိုင်ငံက မီဒီယာသမားတွေ  အတွက် အတုယူစရာ၊ တွေးဆ ဆင်ခြင်စရာတွေရရှိနိုင်မှာ ဖြစ်ပါတယ်။

မီဒီယာခရီးစဉ် ပြီးဆုံးသွားပေမယ့် စာရေးသူက သူ့အစီအစဉ်နဲ့သူ ပါရီမှာ တစ်ပတ်ဆက်နေပြီး ပါရီမြို့ရဲ့ အထင်ကရနေရာတွေကို ဒီစာအုပ်ကတစ်ဆင့် စာဖတ်သူပါ ရောက်ရှိနေသလို ခံစားရအောင် တင်ပြထားတာကိုလည်း တွေ့ရမှာပါ။

အနုပညာဆန်ဆန် ပြင်ဆင်ထားတဲ့ ပါရီမြို့ရဲ့ နေအိမ်တိုက်ခန်းတွေ၊ ရှေးလက်ရာမပျက် ဣနြေ္ဒရှိရှိ လှပနေတဲ့ ရှေးဟောင်းလက်ရာ အဆောက်အအုံတွေ၊ သဘာဝဝန်းကျင် ကို အလေးထားတတ်အောင် တာဝန်ရှိသူတွေက စီမံခန့်ခွဲထားပုံတွေ၊ သွားရေးလာရေး အဘက်ဘက်က အဆင်ပြေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေ၊ လမ်းဆုံတိုင်းလိုလိုမှာရှိတဲ့ ဂျာနယ်မဂ္ဂဇင်း အရောင်းဆိုင်တွေမှာ မည်သူမဆို ပါရီမြို့မြေပုံကို အခမဲ့ တောင်းယူနိုင်ပုံတွေ၊ ပြင်သစ်မှာ ရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ပြင်သစ် အစားအစာတွေ၊ ပြင်သစ်တွေရဲ့ ကဖေးဆိုင်ယဉ်ကျေးမှု အကြောင်းတွေ၊ ကမ္ဘာကျော် အမှတ်တံဆိပ်တွေကိုသာ ရောင်းတဲ့ လူသုံးကုန်ပစ္စည်းဆိုင်ကြီးတွေ၊ ပါရီမြို့က ကမ္ဘာကျော်လမ်းမတွေ စတဲ့ ပါရီရဲ့လူမှုရှုခင်း အထွေထွေကို တင်ပြထားပါတယ်။

ကမ္ဘာကျော် အီဖယ်လ်မျှော်စင်ရဲ့ သမိုင်းကြောင်းနဲ့ အတွင်းအပြင် ရှုခင်း၊ မြန်မာအပါအဝင် အာရှအနု ပညာလက်ရာနဲ့ ရှေးဟောင်းပစ္စည်းတွေကိုသာ စုစည်းပြသထားတဲ့ ဂီမေးပြတိုက်၊ ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကား အပါအဝင် သမိုင်းမတင်မီ ခေတ်ကစလို့ ၁၉ ရာစုထိ ရှေးဟောင်း ပန်းချီပန်းပုပေါင်း ၃၅ဝဝဝ နီးပါး ပြသထားတဲ့ လုပ်ဗ်ပြတိုက်၊ ပန်းပုပညာရှင်ရိုဒင်ရဲ့ 'တွေးခေါ်သူ' ရုပ်တုရှိရာ ရိုဒင်ပြတိုက်စတဲ့ ကမ္ဘာကျော် အနုပညာလက်ရာတွေ စုစည်းရာ နေရာတွေကိုလည်း စာဖတ်သူကို အပါခေါ်သွားမှာပါ။

ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ အဓိကနေရာ၊ ဆိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားပေမယ့် နာမည်မပြောင်းတဲ့ ကမ္ဘာကျော် အနုပညာသမားတို့ ဆုံစည်းခဲ့ရာ 'ရိုတွန်း'ကဖေးအကြောင်း၊ စာရေးသူက ရိုတွန်းကဖေးမှာထိုင်ရင်း ဒီနေရာ ဟဲမင်းဝေးထိုင်သွားသလား၊ မိုဒီကလျာနီ ထိုင်သွားလေ သလားဆိုတဲ့ အတွေးနဲ့အတူ ရန်ကုန်က အနုပညာသမားတွေဆုံစည်းရာ ကဖေးဆိုင်တွေအကြောင်း သတိရ မိပုံကိုလည်း လွမ်းမောဖွယ် တင်ပြထားပါတယ်။

'ပါရီကိုအလင်းမြို့တော်ဟု တင်စားသည်မှာ ညလုံးပေါက် လျှပ်စစ်မီး ညီးညီးထိန်သောကြောင့်မဟုတ်။ ကမ္ဘာပေါ်ရှိ အတွေးအမြင်အယူအဆ ဒဿနနှင့် အနုပညာပေါင်းစည်း ဆက်စပ်ထွန်းကား ခဲ့သောကြောင့်ဖြစ်ပါသည်။ ဤခရီးသွားစာအုပ်မှာ ပါရီသတင်းစာတိုက်များ လေ့လာရေး မှသည် ပါရီမီးနီရပ်ကွက်က လျှပ်ပေါ်သော လှပျိုဖြူ၏ ညုသံအထိ ပါရီ၏ အတွင်းအပြင်သရုပ်ကို ဖော် ထုတ်ရေးသားသည်'လို့ ဆိုထားပါတယ်။

တိုးမြစ်စာအုပ်တိုက်ကနေ တန် ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.