14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ကျွန်တော်နှင့် နေမင်းလမင်းများ

အောင်စိုးသူ

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂ဝ ကစပြီး လွတ်လပ်သောနိုင်ငံတော် အဖြစ် ရပ် တည် နိုင်ခဲ့သော်လည်း ဒီခြအိမ်ပျက်ကြီးကို ပြုပြင်သူ ထက် ဖဲ့ခြွေသူပဲ များခဲ့တာပါလား။ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခုနစ်ဆယ်၊ ရာစုနှစ်တစ်ခုနီးပါး ဒီခြအိမ် ပျက်ကြီးနဲ့တူခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံဟာ ခြအိမ်ပျက်လို ကြုံရာအပေါက်ကဝင်၊ ကြုံသလိုထွက်၊ ကြုံသလိုစား၊ ကြုံ သလိုကိုက်၊ ကြုံသလိုစုဖွဲ့အော်ဟစ်တတ်တဲ့ ခြကောင်လို နိုင်ငံသားတွေ ဘဝက ဒီနေ့အထိ ရုန်းထွက်နိုင်ခြင်း မရှိ သေးတာကိုက ကျွန်တော်တို့ရဲ့ ညံ့ဖျင်းချက်တွေလား။ တွေးရင်းရင်မှာ မောကျပ်ဆို့နင့်သလို ခံစားလာရပါတယ်။

နောက်ဆုံးထွက်သက်အထိ လေပြည်ထဲတွင် ငယ်ရုပ်ဆင်ခဲ့သူ ဆရာကြီးမင်းသုဝဏ် ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအပေါ် စာပေအရာ၊ ကဗျာအရာမှာ လွှမ်းမိုးနိုင်ခဲ့သလို နိုင်ငံရေးအရ၊ ရပ်တည်ချက်အရ၊ သဘောတရားရေးရာအရ လည်း လူငယ်တွေအတွက်စံပြဖြစ်ခဲ့သူ ဆရာကြီး မင်းသုဝဏ်အကြောင်း၊ ပျဉ်းမငုတ်တိုကဗျာ ရေးဖြစ်ခဲ့ပုံ အကြောင်း၊ ကဗျာပါ 'အိုင်းအမာသို့၊ ကျယ်စွာဟက်ပက်၊ ခြအိမ်ပျက်' ဆိုတဲ့စကားလုံး အပါအဝင် သုံးနှုန်းထားတဲ့ အသုံးအနှုန်းတွေကို ဆရာကြီး ဘယ်လိုခံစားပြီး ရေးဖြစ်ခဲ့ပုံအကြောင်း၊ ပျဉ်းမငုတ်တို ကဗျာတစ်ပုဒ်လုံးကို ဆရာကြီးဖွင့်ဆိုရှင်းပြခဲ့ပုံတွေ အကြောင်းကို ဆရာကြီးနဲ့ စာရေးသူ တွေ့ဆုံခဲ့စဉ်က ဆရာကြီးကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေ၊ စာရေးသူရဲ့ ခံစားမှုမှတ်ချက်တွေနဲ့ တင်ပြ ထားတဲ့ ရုပ်ပုံလွှာ ဆောင်းပါး ဖြစ်ပါတယ်။

''ကျယ်စွာဟက်ပက်ခြအိမ်ပျက်သို့ ဆိုတဲ့စကားလုံးက ခြအိမ်ပျက်ကြီးနဲ့တူနေတဲ့ မြန်မာနိုင်ငံကို ဖော်ကျူးချင်တာပါ။ ကျွန်တော်တို့ တိုင်းပြည်၊ ကျွန်တော်တို့လူမျိုး၊ အရပ်ဒေသအကုန်လုံးက ခြအိမ်ပျက်ကြီးနဲ့ တူနေတယ်ဗျ။ ခြအိမ်က အကောင်းကြီးမဟုတ်ဘူးနော်။ အပျက်ကြီး။ ဟိုလူကဖျက်လိုက်၊ ဒီလူကဖျက်လိုက်နဲ့ ခြအိမ်ပျက်ကြီး ဖြစ်နေတာ။ ပရမ်းပတာဖြစ်နေတာကိုမြင်ရပြီး မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်အမှန်ကို ပြောချင်လို့၊ ပြချင်လို့ ဒီစကားလုံးကို ကျွန်တော်သုံးခဲ့တာ'' လို့ အသံအနိမ့်အမြင့်၊ ခံစားမှု အနိမ့်အမြင့်နဲ့ ပျဉ်းမငုတ်တိုကဗျာအကြောင်း ရှင်းပြနေတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ပုံရိပ်ပေါ်လွင်လာအောင် ဆရာအောင်စိုးသူက ရေးဖွဲ့ တင်ပြထားပါတယ်။

ပျဉ်းမငုတ်တိုကြီးလိုဖြစ်နေတဲ့ စစ်ကြီးပြီးစ မြန်မာနိုင်ငံကြီး။ ခြနဲ့တူတဲ့လူတွေက ဟိုနေရာ ဝင်စားလိုက်၊ ဒီနေရာကဝင်စားလိုက် အလုပ်ခံရတဲ့ မြန်မာနိုင်ငံကြီး။ ခြအိမ်ကြီးရဲ့ ခြတွေက သစ်ပင်ကို ဒုက္ခပေးသလို ဂျပန်တွေ၊ အင်္ဂလိပ်တွေ ဒုက္ခပေးခဲ့တဲ့ မြန်မာနိုင်ငံကြီး၊ မြန်မာ လူမျိုး အချင်းချင်း၊ မြန်မာနိုင်ငံသားအချင်းချင်း ကိုယ် ကျိုး အတ္တတစ်ခုကိုကြည့်ပြီး နိုင်ငံနဲ့လူမျိုးကို ဒုက္ခပေး ခဲ့တဲ့ မြန်မာနိုင်ငံကြီးကို ပျဉ်းမငုတ်တိုကဗျာကတစ်ဆင့် မြင်ယောင်လာအောင် ရှင်းပြနေတဲ့ ဆရာကြီးမင်းသုဝဏ်နဲ့ ဆင့်ပွားအတွေးတွေနဲ့ နားထောင်နေသူ စာရေးသူရဲ့ ပုံရိပ်တွေကို မြင်ယောင်လာစေမှာ ဖြစ်သလို စာဖတ်သူအနေနဲ့လည်း ဒီကနေ့ခေတ် မြန်မာနိုင်ငံနဲ့ယှဉ်ပြီး တွေးမိစေမှာ ဖြစ်ပါတယ်။

''ခြအိမ်ပျက်လို ဖြစ်သွားဖို့အတွက် ကိုလိုနီစစ်တွေက လုပ်လို့တင်မကဘူး။ ခြနဲ့တူတဲ့ ခြစားနေတဲ့ တိုင်းပြည်မှာ လူတွေကလည်းပဲ လာဘ်စားလို့၊ ငွေယူလို့၊ ထင်ရာလုပ်လို့ အဲဒါတွေကလည်း အများကြီး အဲဒီကာလမှာ ရှိတယ်။ သူတစ်လူ ငါတစ်မင်းပေါ့လေ။ ခေါင်းဆောင်ကောင်းကို တန်ဖိုး မထားတတ်တဲ့စိတ်၊ ခြေရာတိုင်းချင်တဲ့စိတ်၊ ပခုံးချင်း ယှဉ်ချင်တဲ့စိတ်၊ အပုပ်ချထိုးနှက်ပြီး လူစွာလုပ်ချင် တဲ့စိတ် တွေကိုလည်း အဲဒီအချိန်မှာ အများကြီး အများကြီး တွေ့ရတယ်၊ ကြားရတယ်။ အဲဒါတွေကိုလည်း ဒီပျဉ်းမငုတ်တို ကဗျာမှာပါစေချင်လို့ ဒီခြအိမ်ပျက်ဆိုတဲ့ စကားလုံးကို သုံးစွဲရေးဖြစ်တာဗျ''

''ဒီချအိမ်ပျက်နဲ့တူတဲ့ နိုင်ငံကြီးကို ပြန်လည်ပြုပြင် တည်ဆောက်နိုင်သူဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ရှိတယ်ကွ။ သူ့ကို ဝန်းရံပေးရမယ်။ သူတို့တစ်မျိုးလုံးဟာ တိုင်းပြည်နဲ့လူမျိုးကို ရောင်းစားတဲ့ မျိုးရိုးမဟုတ်ဘူး။ ကိုယ်ကျိုးရှာမယ့် မျိုးရိုးမဟုတ်ဘူး။ တိုင်းသူပြည်သားတွေကို ချောက်ထဲတွန်းချပြီး နိမ့်ကျတဲ့ ဘဝများစွာအပေါ်မှာ တိုက်အိမ်ဆောက် စည်းစိမ်ခံမယ့် မျိုးရိုး မဟုတ်ဘူး။ တိုင်းပြည်နဲ့လူမျိုးကို စွန့်လွှတ် ပေးဆပ်ဖို့ ဖြစ်တည်လာတဲ့မျိုးရိုး။ သူ့ကိုမှမယုံရင် ဘယ်သူ့ကို ယုံရ တော့မလဲ။ ဒါကြောင့် အိုကြီးအိုမ အရွယ်ကျမှ အဖွဲ့ချုပ် အဖွဲ့ဝင်လုပ်ပြီး လူထုကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံဖို့ ဆုံးဖြတ်လိုက်တာ'' လို့ ဌာန်နဲ့ မာန်နဲ့ ပြောခဲ့တဲ့ ဆရာကြီးရဲ့ အသံတွေဟန်တွေ၊ ၈၈ အရေးတော်ပုံ ကာလနဲ့ အရေးတော်ပုံနောက်ပိုင်း ပင်နီတိုက်ပုံကြီး မချွတ်တမ်းဝတ် ပြီး ဒေါ်အောင်ဆန်း စုကြည်ကို ဝန်းရံခဲ့ပုံတွေ၊ စစ်ထောက် လှမ်းရေးတွေရဲ့ အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်း၊ စစ်ဆေးခြင်း၊ မိသားစုစီးပွားရေးကို နှောင့်ယှက်ခြင်းစတဲ့ ဒုက္ခအမျိုးမျိုးကို အသက် ၈ဝကျော်မှ ဆရာကြီး အလူးအလဲ ခံခဲ့ရပုံတွေကို ဖတ်ရမှာဖြစ်ပါတယ်။

ဆရာကြီး မင်းသုဝဏ်ရဲ့  ဘဝဖြစ်စဉ်အကျဉ်း၊ ဆရာကြီးရဲ့ တက္ကသိုလ်ကျောင်းသားဘဝ အတွေ့ အကြုံ လှုပ်ရှားမှု၊ ဆရာကြီးရဲ့ စာပေဘဝဖြစ်စဉ်၊ ဆရာကြီးရေးသား ပြုစုခဲ့တဲ့ စာပေစာရင်း၊ ဆရာကြီးရဲ့ နိုင် ငံရေး လှုပ်ရှားမှု၊ နိုင်ငံရေး ခံယူချက်တွေကို ဒီရုပ်ပုံလွှာ ဆောင်းပါးရှည် ကြီးမှာ ဆရာကြီးကိုယ်တိုင် ပြောခဲ့တဲ့ စကားတွေ၊ စာပေပညာရှင်တွေ၊ နိုင်ငံ ရေးလေ့လာလိုက်စားသူတွေရဲ့ မှတ် ချက်တွေနဲ့အတူ ဖော်ပြထားတာကို တွေ့ရမှာပါ။

''ဆရာနဲ့ ကျွန်တော့်ရဲ့ နွေးထွေးတဲ့ ဆက်ဆံမှုအကြောင်းကို ရေးသားမယ်လို့ ကြံလိုက်တိုင်း ကျွန်တော့်ရဲ့ အတွေးထဲမှာ ယောမင်းကြီး ဦးဘိုးလှိုင်က မြင်းထိန်းငတာကို 'ရော့ ... ၁၅ ကျပ်နဲ့ ပုဆိုးတစ်ပိုင်းယူ၊ ငါ့စာတွေ ကောင်းကြောင်း မင်းလျှောက်မပြော နဲ့'လို့ ငေါက်သံကို မကြာခဏပြန် လည်ကြားယောင်မိရင်း ရေးလက်စတစ်ပိုင်းတစ်စ စာတွေဟာ ကျွန်တော့်ရဲ့ စာရေးစားပွဲပေါ်မှာ နှစ် ပေါင်းများစွာ ပြန့်ကျဲနေခဲ့တာလည်း ဖြစ်ပါတယ်''လို့ ဆရာအောင်စိုးသူ က ဆောင်းပါးအစပိုင်းမှာ စကား ပလ္လင်ခံထားပါတယ်။

ဆရာဦးအောင်သင်း သို့မဟုတ် ဆရာ့ထက်တပည့် လက်စောင်းထက် စေချင်သူ ဆောင်းပါးမှာတော့ လူငယ်တွေရဲ့ အနာဂတ်ကို ချစ်မြတ်နိုးသူ၊ ဆရာထက်တပည့်လက်စောင်းထက်တဲ့ လူငယ်တွေဖြစ်ဖို့၊ မိဘထက်သားသမီးက ပိုတော်တဲ့ လူငယ်တွေ ဖြစ်ဖို့ အစဉ်တစိုက် ရေးသား၊ ဟော ပြော လှုံ့ဆော်ခဲ့သူ၊ ပညာတတ် လူငယ်တွေများမှ တိုင်းပြည်ကို ဆင်း ရဲတွင်းက ကယ်တင်နိုင်မယ်လို့ ဆိုခဲ့ သူ၊ ပညာကမ္ဘာကို ယုံကြည်သူ ဆရာ ကြီး ဦးအောင်သင်းရဲ့ ဘဝဖြတ်သန်း မှုတွေ၊ ဆရာကြီးနဲ့ စာရေးသူ တွေ့ဆုံ ဖြစ်ခဲ့တဲ့အကြောင်းတွေ၊ မှတ်သား လောက်စရာ ဆရာကြီးရဲ့ ပြောကြား ခဲ့တဲ့ စကားတွေကို ပုံဖော်ရေးဖွဲ့ထား ပါတယ်။

လူတစ်ယောက်မှာ စိတ်အား သတ္တိ၊ စိတ်တန်ခိုးသတ္တိပြည့်ဝနေ မယ်ဆိုရင် ဘဝမှာ အောင်မြင်မှုတွေ ရဖို့ မခက်ခဲကြောင်း၊ ဆရာကြီး ဦးအောင်သင်းကိုယ်တိုင် ထောင်ထဲမှာ နေခဲ့ရစဉ်က ထောင်ထဲမှာတွေ့ခဲ့ရသူ ဦးဘထွန်းရဲ့ ထူးဆန်းဖွယ် သတ္တိမွေးမြူမှုကျင့်စဉ်တွေ ကျင့်ခဲ့ပုံ အကြောင်းတွေ ဆရာကြီး ပြန်ပြောပြ တဲ့ စကားတွေနဲ့တကွ တင်ပြထားပုံ ကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဘဝမှာ ဘာကြောင့် စိတ်ခွန်အားသတ္တိတွေ လိုသလဲဆိုတာ၊ စိတ်ခွန်အားသတ္တိက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာ စာဖတ်သူ ဖတ်ရှုလေ့လာနိုင်မှာပါ။

'တက္ကသိုလ်ပညာဆိုတာ စာတွေ လှိမ့်သင်ပေးဖို့၊ ကျက်စာတွေနဲ့ ဖိထား ဖို့မဟုတ်ဘူး။ ကျောင်းသား ကျောင်း သူ လူငယ်တွေကို နည်းမှန်လမ်းမှန်နဲ့ စဉ်းစားတွေးခေါ်နိုင်မယ့် ပညာတွေ သင်ပေးနိုင်မှသာ စစ်မှန်တဲ့ တက္ကသိုလ်ပညာရေးဖြစ်တယ်'စတဲ့ လူ ငယ်တွေကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ဖို့ ဆရာကြီးရဲ့ ပညာရေးဆိုင်ရာ ပြောစကားတွေ၊ 'နိုင်ငံနဲ့လူ မျိုးကို တကယ်ချစ်တယ်ဆိုရင် မြှောက်ထိုးပင့်ကော်လုပ်တဲ့စာတွေကိုမဖတ်နဲ့။ ငါတို့နိုင်ငံ ငါတို့လူမျိုးမှာ ဘာအားနည်းချက်တွေရှိနေသလဲဆိုတာကို တစ်ပါးသူတွေ ထောက်ပြတဲ့ စာတွေကို များများရှာဖတ်၊ ပြီးတော့ များများပြင်နိုင်အောင်လေ့ကျင့်ကြိုးစား'စတဲ့ စာပေဖတ်ရှုလေ့လာခြင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ဆရာကြီးရဲ့ ပြောစကားတွေကို စာရေးသူက လက်ရှိပညာရေး၊ နိုင်ငံရေးအခြေအနေ တွေနဲ့ယှဉ်ပြီး ဆင့်ပွားခံစားမှု အတွေး တွေနဲ့အတူ တင်ပြထားတာကို တွေ့ ရမှာပါ။

လူငယ်တွေကို ကာယသတ္တိ၊ စာရိတ္တသတ္တိရှိကြဖို့ ကြိုးစားစေချင်ကြောင်း ပြောခဲ့သူ၊ သတ္တိဆိုတာ ဂုဏ်ဟူသမျှရဲ့ အခြေခံရေသောက်မြစ်ကြီးဖြစ်ပြီး စာရိတ္တသတ္တိဟာ ဘဝရဲ့အမြင့်မားဆုံး သတ္တိလို့ဆိုခဲ့သူ ဆရာ ဦးအောင်သင်းရဲ့ ပုံရိပ်တွေ၊ အသံတွေ၊ အတွေးအခေါ်တွေကို ဒီဆောင်း ပါးမှာ တွေ့ရမှာဖြစ်ပါတယ်။

ဒီစာအုပ်မှာ ဆရာဇော်ဂျီ၊ ဆရာ ဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာ တက္ကသိုလ်နေဝင်း၊ ဆရာလင်းယုန် မောင်မောင်၊ ဆရာမောင်သာရ၊ ဆရာမောင်ချောနွယ်၊ ဆရာမင်းသိင်္ခ စတဲ့ ဆရာကြီး ၁ဝ ဦးနဲ့ စာရေးသူ တွေ့ဆုံခဲ့စဉ်က အမှတ်တရပုံရိပ်တွေ၊ သူတို့ပြောတဲ့ မှတ်သားစရာ စကားတွေ၊ သူတို့ရဲ့ ဘဝဖြတ်သန်းမှု တွေကို စာရေးသူရဲ့မှတ်ချက် အတွေးတွေ၊ ဆင့်ပွားခံစားမှုတွေနဲ့အတူ တင်ပြထားတာကို တွေ့ရမှာပါ။

လင်းလွန်းခင်စာပေကနေ တန် ဖိုး ၃ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.