19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ပဋ္ဌာန်းဆက်ရှိသော ဂီတ နှင့် ကြောင်

လေလွင့်နေတဲ့ ဆေးသမားလေးတစ်ယောက်နဲ့ လမ်းပေါ်က ကြောင်လေးတစ်ကောင်ရဲ့ ဇာတ်လမ်း။ ဆေးဖြတ်ဖို့ကြိုးစားရင်းလမ်းပေါ်မှာ ဂစ်တာတီးကာ ရပ်တည်နေရတဲ့ 'ဂျိမ်းစ်ဘိုဝင်'ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ကြောင်ကလေးတစ်ကောင်အပေါ် သံယောဇဉ်တွယ်မိရာကနေ ပျော်ရွှင်ဖွယ် ဘဝတစ်ခုကို ရရှိပိုင်ဆိုင်ကာ အတူတူဖြတ်သန်းသွားနိုင်ခဲ့တဲ့ဖြစ်ရပ်။ ဒဏ္ဍာရီမဟုတ်။ စိတ်ကူးကွန့်မြူးခြင်းမဟုတ်တဲ့ ပီတိဖြစ်ဖွယ် ဒီဇာတ်လမ်းဟာ ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ တကယ်ဖြစ်သွားခဲ့တာပါ။

ဒီအကြောင်းခြင်းရာအဖြစ်အပျက်တွေကို စာရေးဆရာ Garry Jenkins က ရေးသားပြီး ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလမှာ စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ ယူကေတစ်နိုင်ငံထဲမှာပဲ အုပ်ရေတစ်သန်းကျော်ရောင်းခဲ့ရပြီး ဆန်းဒေးတိုင်းမ် သတင်းစာရဲ့ အရောင်းရဆုံး စာအုပ်စာရင်း နံပါတ် (၁) နေရာမှာ နှစ်နှစ်တိတိကြာအောင် နေရယူခဲ့ပါတယ်။

အမေရိကန်မှာ ဖြန့်ချိတော့ NewYork Times Best Seller စာရင်းမှာ နံပါတ် ခုနစ် ချိတ်ခဲ့ပြန်ပါတယ်။ ယူကေရဲ့ ၂ဝ၁၂ အမျိုးသား စာပေဆုလျာထား စာရင်းမှာလည်း ပါပြန်ပါတယ်။ ၂ဝ၁၄ ခုနှစ် မတ်လမှာ ကမ္ဘာ့စာအုပ်နေ့ အထိမ်းအမှတ်  ဆယ်ကျော်သက် စာရင်းမှာလည်း နံပါတ်ခုနစ်ချိတ်ခဲ့ပါသတဲ့လေ။

ဒါတင်လားဆိုတော့ ၂ဝ၁၆ ခုနှစ်မှာ ဒါရိုက်တာ 'ရော်ဂျာစပေါ့တ်ဝုဒ်' က ရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက်ခဲ့ရာ လမ်းပေါ်က လေလွင့် ကြောင် ကလေးကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဂစ်တာသမား၊ ဆေးသမား ဂျိမ်းစ်ဘိုဝင် အဖြစ်ကိုတော့ မင်းသာူးက-ုနွှမနေိတေပေ က သရုပ်ဆောင် ပေးထားပါတယ်။ ကြောင်ကလေးရော ဂီတသမားရော သရုပ်ဆောင်ကောင်း လွန်းလို့ ဒီရုပ်ရှင်ဟာ ၂ဝ၁၇ ခုနှစ် မတ်လ ၂၉ ရက်မှာ အကောင်းဆုံး ဗြိတိသျှ ရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။

မူးယစ်ဆေးဝါးသမား 'ဂျိမ်းစ်ဘိုဝင်' ဆိုတဲ့ လူငယ်တစ်ယောက်ဟာ လန်ဒန်မြို့ကြီးထဲက လမ်းတွေပေါ်မှာ စားရအိပ်ရတဲ့ အခြေအနေမဲ့ ခြေသလုံးအိမ်တိုင်ဘဝမှာ ဖြတ်သန်းနေထိုင်ရပါတယ်။ လမ်းသွားလမ်းလာတွေကို ဂစ်တာတီးပြီး သီချင်းတွေဆိုပြရင်းနဲ့ သူတစ်ပါးတို့က သဒ္ဓါသရွေ့ ပေးကမ်းသွားကြတဲ့ ငွေကြေးလေးနဲ့ အသက်ဆက်နေရပါတယ်။

တစ်နေ့တော့ ဂျိမ်းစ်ဘိုဝင်ဟာ သူ့လိုဆေးစွဲနေသူတွေကို ကူညီပေးနေတဲ့ ဆေးဖြတ်အဖွဲ့ရဲ့ ကြီးကြပ်ရေးမှူးရုံးခန်းထဲဝင်သွားပြီး သူ့ကိုယ်သူ သတင်းပို့ပါတယ်။ အဲဒီက ဝန်ထမ်းဖြစ်သူ 'ဗားလ်'ဆိုတဲ့ အမျိုးသမီးကကူညီပြီး ဆေးဖြတ်နိုင်အောင် စီစဉ်ပေးပါတယ်။ ဆေးဖြတ်နေတုန်း ဝေဒနာ သက်သာ အောင် 'မီသာဒုံး' နြအ့ေိသညန ဆိုတဲ့ဆေးရည်ကို သောက်ခိုင်းတဲ့အပြင် အဲဒီဆေးရည်ကို သတ်မှတ်ထားတဲ့ ဆေးဆိုင်မှာ အလွယ်တကူ ထုတ်ယူပြီး သောက်နိုင်အောင်လည်း လက်မှတ် ထုတ်ပေးခဲ့ပါတယ်။ ပြီးတော့ ဂျိမ်းစ်ဘိုဝင်လမ်းပေါ်မှာ ပြန်မအိပ်ရအောင် အခန်းတစ်ခန်းရအောင်လည်း စီစဉ်ပေးလိုက်ပြန်ပါတယ်။

အခန်းကို စရောက်တဲ့ညမှာပဲ သူ့အခန်းထဲကို ကြောင်အဝါလေး တစ်ကောင်ရောက်လာပါတယ်။ ဂျိမ်းစ်ဟာ ကြောင်လေးကို သူ့မှာရှိတဲ့ စားစရာလေးတစ်ခုချကျွေးပြီး အနီးအနားကအိမ်တွေကို ဘယ်သူ့အိမ်ကများ ကြောင်ပျောက်ကြသလဲ လို့ လိုက်မေးပါတယ်။ ဘယ်အိမ်ကမှ ကြောင်မပျောက်ကြောင်း ပြန်ပြော ကြပါတယ်။ ''ကဲ-ဒါဆိုလည်း မင်းအိမ်တော့ မင်းပြန်တတ်မှာပေါ့ကွာ'' ဆိုပြီး အခန်းအပြင်ဘက်ထုတ်ပြီး ကြောင်ကို လွှတ်ပေးထားလိုက်ပါတယ်။

ဒီလိုနဲ့ တစ်ပတ်လောက်ကြာ တော့ ကြောင်ဝါလေးဟာ ဂျိမ်းစ်ဘိုဝင်ရဲ့ အခန်းထဲကို ပြန်ရောက်လာခဲ့ ပြန်ပါတယ်။ ဒီတစ်ခါတော့ ကြောင်ကလေးရဲ့ ခြေထောက်မှာ ပြည်တည်နေတဲ့ အနာလေးတစ်ခုနဲ့ပါ။ ဒါကြောင့် အိမ်နီးချင်းဖြစ်တဲ့ 'ဘက်တီ' ဆီသွားပြီးတော့ ကြောင်ကလေးရဲ့ ခြေထောက်တစ်ဖက်က အနာကိုပြပါတယ်။ ဘက်တီက သူလုပ်အားပေးနေတဲ့ တိရစ္ဆာန် ဆေးကုခန်းကို ညွှန်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဂျိမ်းစ်က ''ကဲ-မထူးတော့ပါဘူးကွာ''ဆိုပြီး ကြောင်ကလေးကို 'ဘော့ဘ်' ဆိုတဲ့နာမည်ကို ပေးလိုက်ပါတော့တယ်။

ဆရာဝန်က အနာကို ဆေးထည့်ပေးရုံတင်မဟုတ်ဘဲ ကြောင်ကို တစ်ခါတည်း သင်းကွပ်ပေးလိုက်ပါတယ်။ အခန်းပြန်ရောက်တဲ့အခါ ဒီတစ်ခါလည်း ကြောင်ကို ပြန်လွှတ်ပေးလိုက်ပြန်ပါတယ်။ ဒါပေမယ့် ကြောင်လေးဟာ ဂျိမ်းစ်ရဲ့ အခန်းကို ပြန်ပြန် ရောက်လာပါတယ်။

ကြောင်ကလေးကို သူ့အလစ်မှာ ဖျတ်ခနဲတံခါးဖွင့်ပြီး မြို့ထဲလစ်တော့လည်း မကျန်ရစ်ခဲ့ဘဲ ဘတ်စ် ကားပေါ်အထိ ခုန်တက်ပြီး လိုက်လာပါတယ်။ ဘတ်စ်ကားပေါ်က ခရီးသည်တွေက ကြောင်ကို ရွံရှာကြမယ့်အစား ချစ်ကြတာကိုတွေ့လို့ ဂျိမ်းစ်ဝမ်းသာသွားပါတယ်။

ဘတ်စ်ကားပေါ်ကဆင်းပြီး ကြောင်နဲ့အတူ လမ်းလျှောက်ကြတဲ့အခါမှာ လမ်းမှာ တွေ့ရတဲ့ ခွေးတွေရဲ့ ရန်ကိုကြောက်လို့ ကြောင်လေး ဘော့ဘ်ဟာဂျိမ်းစ်ရဲ့ ပခုံးပေါ်ကပဲ တက်ထိုင်ပြီးလိုက်ခဲ့ပါတော့တယ်။ ဒါကပဲ လမ်းသွားလမ်းလာတွေအတွက် ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေပြီး လမ်းမှာတွေ့တဲ့လူတွေက ဘော့ဘ်ရဲ့ ခေါင်းကို ပွတ်လိုက်၊ ကျောကိုပွတ် လိုက်လုပ်သွားကြလို့ ဂျိမ်းစ်ကြည်နူး ပျော်ရွှင်ရပြန်ပါတယ်။

သူဂစ်တာတီးပြီး သီချင်းဆိုတော့လည်း 'ဘော့ဘ်'က ဂျိမ်းစ်ရဲ့ ခြေထောက်နားမှာ လူတွေပေးတဲ့ ငွေစက္ကူတွေ၊ အကြွေစေ့တွေကိုတင်ဖို့ ချပေးထားတဲ့ ကျောပိုးအိတ်တစ်လုံးပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင်း သခင်ကို မော့ကြည့်လိုက် ပိုက်ဆံ လာထည့်သူတွေကို ကြည့်လိုက်လုပ်နေလို့ ပရိသတ်တွေက အသည်းယားလာပြီး သူတို့ကိုလာမကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြတယ်။ အဲဒီနေ့က ပိုက်ဆံတွေအများကြီးရလိုက်ပါတယ်။ ဒါလောက်ရလိမ့်မယ်လို့ ဂျိမ်းစ် ဘယ်တုန်းကမှ မမျှော်လင့်ရဲခဲ့ပါဘူး။

ဒီတော့လည်း ကြောင်ဝါကလေး 'ဘော့ဘ်' အတွက် စတိုးဆိုင်တစ်ဆိုင် ထဲ အမြန်ဝင်ပြီး အကောင်းစား ကြောင်စာတွေကို ဝယ်ကျွေးရတော့ တာပေါ့လေ။ ခရစ္စမတ်ရောက်တော့ ကြောင်ဝါကလေး 'ဘော့ဘ်'နဲ့အတူ အဖေရှိတဲ့အရပ် အဖေ့အိမ်ကို အလည် သွားပါတယ်။ အဲဒီမှာ ဖခင်ရဲ့ နောက်မိန်းမကမွေးတဲ့ အဖေတူအမေကွဲ ရှစ်နှစ်ကိုးနှစ်အရွယ် နှမနှစ်ယောက်ကလည်း တော်တော်ဆိုးတဲ့ ဟာလေးတွေပါ။ သူတို့က ဂျိမ်းစ်ရဲ့ ကြောင်ကလေးကို ကြည့်မရဘူး။

သူတို့က ကြောင်ကို မောင်းထုတ်ပစ်လိုက်၊ ဂျိမ်းစ်က သူ့ကြောင်ကလေး ဒုက္ခရောက်မှာ စိုးလို့ လိုက်ပြီး ကပျာကယာပြန်ခေါ်ထားလိုက်၊ အဲဒီလိုလုပ်ကြရင်းနဲ့ ပန်းအိုးတွေ လည်းကွဲ၊ အခန်းထောင့်မှာထောင်ထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးပါ ပြိုလဲသွားတော့ ဂျိမ်းစ်ဟာ ဘော့ဘ်ကိုပိုက်ပြီး တစ်ချီတည်းလစ်ရတော့တာပေါ့။

 နောက်မှာတော့  မိထွေးလုပ်သူရဲ့ ဒေါသူပုန်ထပြီး စူးစူးဝါးဝါးအော် ဟစ်သံတွေပါ။ တစ်ရက်မှာတော့ လမ်းပေါ်မှာ ဂျိမ်းစ်သီချင်းဆိုနေတုန်း လူငယ်တစ်ယောက်ဟာ ခွေး တစ်ကောင်ကိုဆွဲပြီး သူတို့အနား ကပ်လာတယ်။ ဂျိမ်းစ်ရဲ့ရင်ခွင်ထဲက ဂစ်တာပေါ်မှာ တက်ထိုင်နေတဲ့ ကြောင်ဝါကလေး ဘော့ဘ်ဟာ ခွေးကိုမြင်တော့ တော်တော်ကို ကြောက်နေရှာပါတယ်။

ဒါကို ဂျိမ်းစ်က မိမိတို့အနားကို  ကပ်မလာဖို့ပြောပေမယ့် လူငယ်က လက်မခံဘဲ ရှေ့တိုးလာတဲ့အပြင် သူ့ရဲ့ ခွေးကလည်း ဂစ်တာထည့်တဲ့အိတ်ကို သေးနဲ့တောင် ပန်းလိုက်ပါ သေးတယ်။ အဲဒါကို မခံနိုင်တဲ့ ဘေးကကြည့်နေကြတဲ့ သူတွေက အဲဒီ ကောင်လေးနဲ့ ခွေးကိုပါ အတင်းဝင်ဆွဲထုတ်ကြရင်းနဲ့ အုတ်အော်သောင်းတင်း ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး  ဂျိမ်းစ်ခမျာ အဖမ်းခံလိုက်ရတော့တာပါပဲ။ အပြစ်မရှိတာကို သိသွားကြပြီး ဂျိမ်းစ်ကို ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ခြောက်လတိတိ လမ်းပေါ် မှာ ဂစ်တာတီးပြီး ပိုက်ဆံမရှာရဘူး လို့ အမိန့်ချမှတ်တာကို ခံလိုက်ရပါ တယ်။

တစ်ရက်မှာတော့ 'ဘစ်ဂရှူး' မဂ္ဂဇင်းတိုက်ကိုသွားပြီး မဂ္ဂဇင်း လက်ပွေ့ရောင်းဖို့ အလုပ်လျှောက်တာရလာပါတယ်။ ကိုယ့်ခွဲတမ်းနဲ့ ကိုယ့်အတွက် သတ်မှတ်ပေးတဲ့ နယ်မြေအတွင်း မြို့အတွင်းမှာသာ ရောင်းရမှာဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေက သူနဲ့ ဘော့ဘ်ကို ချစ်ကြ ပြီး အားပေးကြလို့ အမြန်ကုန်ကုန်သွားပါတယ်။

တစ်ရက်မှာတော့ မဂ္ဂဇင်းရောင်းပြီး လက်ကျန်နှစ်အုပ်လောက် ပိုက်ကာ ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ကြတယ်။ အဲဒီကိုယ့်အိမ်ရှိတဲ့ နေရာက ကိုယ့်အတွက် မဂ္ဂဇင်းရောင်းခွင့် မရှိတဲ့သတ်မှတ်နယ်မြေ။ အဲဒီမှာ ကမ္ဘာလှည့်ခရီးသည် တစ်ယောက်က 'ဆရာဆရာ' နဲ့ နောက်က အတင်း လိုက်ခေါ်တယ်။ ပေတေလေလွင့်နေ တဲ့သူလို မူးယစ်ဆေးဝါးသမား တစ်ယောက်ကို တလေးတစား ဆရာဆရာနဲ့ နိုင်ငံခြားသားတစ်ယောက် တရိုတသေအခေါ်ခံရတာကို သူအ ရမ်းပီတိဖြစ်သွားပါတယ်။ သူ့ဘဝ အတွက် အရမ်းကို ရှားပါးလွန်းလှတဲ့ စကားသံပါ။ အဲဒီ ကမ္ဘာလှည့် ခရီး သည်ရဲ့ မိန်းမက ကြောင်ကလေး ဘော့ဘ်နဲ့တွဲပြီး ဓာတ်ပုံရိုက်ချင်လို့ ခွင့်တောင်းတာ ဂျိမ်းစ်က ခွင့်ပြုလိုက်ပါတယ်။ အမျိုးသမီးကြီး ဝမ်းသာပြီး ဂျိမ်းစ်ရဲ့လက်ထဲက မဂ္ဂဇင်းတစ် စောင်ကို ဆတ်ခနဲဆွဲယူပြီး တန်ဖိုးကြီးမားတဲ့ ငွေစက္ကူတစ်ရွက်ကို ဂျိမ်းစ်ရဲ့ အင်္ကျီအိတ်ထဲထိုးထည့်သွားပါတယ်။ ရုတ်တရက်ဆိုတော့ ဂျိမ်းစ်ဟာ တားဖို့အချိန်မရလိုက်ဘူး။

အဲဒါ ဒီနယ်မြေမှာ ရောင်းချခွင့်ရရှိထားတဲ့ 'ဘစ်ဂရှူး'မဂ္ဂဇင်း ရောင်းသမားတစ်ယောက်က မဂ္ဂဇင်းတိုက်ကို တိုင်လိုက်လို့ မဂ္ဂဇင်းလက် ပွေ့ရောင်းချခွင့် အပိတ်ခံလိုက်ရပြန်ပါတယ်။ လမ်းပေါ်မှာ ခြောက်လ အပိတ်ခံထားခဲ့ရတာလည်း ပြည့်သွားခဲ့ပြီမို့ ဘော့ဘ်နဲ့ ဂျိမ်းစ်တို့ နှစ်ယောက် လမ်းပေါ်ပြန်ထွက်ကာ ဂစ်တာတီးပြီး ငွေရှာရန်ပြပါတော့တယ်။

ဂစ်တာတီးပြီး သီချင်းဆိုနေတုန်း ကြောင်ကလေးဘော့ဘ်ကို ချစ်သွားကြတဲ့ သားအမိနှစ်ယောက်က ကြောင်ကလေးကို အတင်းတောင်း  ဝယ်နေပါတယ်။ ဂျိမ်းစ်က မရောင်းပါဘူးဗျာလို့ ပြောတာလည်းမရဘူး။ ဆွဲလားရမ်းလားတွေဖြစ်ကုန်ပြီး လမ်း လျှောက်သူတွေပါလာတဲ့ ခွေးတွေကဟောင်လို့ ကြောင်ကလေး ဘော့ဘ်ဟာ ကြောက်ပြီး ထွက်ပြေးသွားရရှာပါတယ်။

အချိန်ကာလ အတော်လေးကြာသွားတဲ့အထိ ကြောင်ကလေးပေါ်မလာတော့ ဂျိမ်းစ်တစ်ယောက် နေမထိထိုင်မသာ စားမဝင်အိပ်မရတွေ ဖြစ်လာတယ်။ နောက်ရက်နည်းနည်း ကြတော့ ကြောင်ဝါကလေး ဘော့ဘ် ပြန်ရောက်လာတယ်။ ဂျိမ်းစ် အရမ်းပျော်သွားပါတယ်။

ဂျိမ်းစ်အတွေးတစ်မျိုးဝင်လာတယ်။ လူ့အသိုင်းအဝိုင်းထဲကို ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့ ပြန်ဝင်နေထိုင်ချင်တဲ့ စိတ်တွေပေါ်လာတယ်။ ဒါကြောင့် ကိုယ့်ဆုံးဖြတ် ချက်နဲ့ကို မူးယစ်ဆေးဝါးအစား သက်သာအောင် ကြားခံဆေးဝါးအဖြစ် သုံးစွဲနေတဲ့ မီသာဒုံးဆေးရည်ကို ဖြတ်ပစ်လိုက်ပါတယ်။ ဆေးသမားတို့ရဲ့ ထုံးစံအတိုင်း ၄၈ နာရီတိတိပြင်းထန်တဲ့ ဝေဒနာကို လူးလိမ့်ပြီးခံစားရပါတယ်။ အဲဒီလို ခံစားနေရချိန်မှာ ကြောင်ကလေးဟာ သူ့အနားက မခွာတမ်း ထိုင်စောင့်ပေးနေရှာပါတယ်။

ဆေးပြတ်သွားလို့ လူကောင်းတစ်ယောက်အဖြစ်နဲ့ ပြုံးရွှင်စွာ လမ်းမပေါ်မှာ ဂစ်တာတီး သီချင်းဆိုနေတုန်း 'မေရီ' ဆိုတဲ့ ဂျာနယ်လစ်ဇင် အမျိုးသမီးတစ်ယောက်နဲ့ စကားစပ် မိသွားကြပြီး အတ္ထုပ္ပတ္တိအရေးကောင်းတဲ့ စာရေးဆရာ Garry Jenkins နဲ့ ဆက်သွယ်ကာ ဂျိမ်းစ်ရဲ့ဘဝမှတ်တမ်းတွေကို စာအုပ်အဖြစ် ရေးသားထုတ်ဝေ လိုက်တာမှာ ကမ္ဘာကျော်သွားပါတော့တယ်။

ဂျိမ်းစ်နဲ့ ကြောင်ကလေးဘော့ဘ်တို့ရဲ့ ဘဝတွေလည်း ချက်ချင်း ပြောင်းလဲသွားပါတော့တယ်။ လမ်းပေါ်က ဂျိမ်းစ်ဘိုဝင်နဲ့ ကြောင်ဝါကလေး ဘော့ဘ်တို့ဟာ သူဌေးတွေဖြစ်လာကြပြီး ယခုလက်ရှိအချိန်အထိ အတူနေထိုင်ကြပါတယ်။ အိမ်ခြေယာခြေမရှိတဲ့ သူတွေအတွက် စောင့်ရှောက်ပေးတာတွေ၊ တိရစ္ဆာန်တွေရဲ့ဘဝ သာယာဝပြောရေး ကိစ္စတွေ လုပ်ကိုင်နေပါတယ်။

အဓိကအရာကတော့ မေတ္တာတရားအကြောင်း မီးမောင်းထိုးပြလိုက်တာပါပဲ။ လမ်းပေါ်မှာ လေလွင့်နေတဲ့ ဂျိမ်းစ်ကို ဆေးဝါးအကူအညီနဲ့ နေစရာပေးတဲ့ အမျိုးသမီးလေးရဲ့ မေတ္တာရယ်၊ ကြောင်ကလေးရဲ့ မေတ္တာတရားရယ် အပြန်အလှန် ဆက်သွယ်မှု အကောင်းစားတွေပါ။ ကြည့်ဖြစ်အောင် ကြည့်ကြစေချင်ပါတယ်။ (ဖြစ်နိုင်ရန် တစ်နိုင်ငံလုံးက ရုံတွေမှာ တင်စေချင်ပါတယ်။)

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.