14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

အဝေးမှာ မိုးတွေရွာပြီ

ကဗျာများ

မြတ်

ရင်နှစ်ခြမ်း

ဗြန်းဗြန်းကွဲသွားရင်တောင်မှ

ရင်ကြားစေ့ပေးနေဦးမှာပဲလား မေမေ

ဟောဒီ တောကြီးမျက်မည်းထဲက

တောရိုင်းဥပဒေသတွေက

မေမေ့လက်ထဲက ချိန်ခွင်မှာ

အလေး လာလာခိုးနေကြတုန်း

စစ်တုရင်လောင်းကြေး ကဗျာထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ ကဗျာထဲက 'မေမေ' ဆိုတာ ဘယ်သူ့ကို ကိုယ်စားပြုမှန်း ကဗျာဖတ်သူ ရှင်းခနဲသိသွားနိုင်မယ့်ကဗျာဖြစ်ပြီး မေမေ့ရဲ့ ကြိုးပမ်းမှုတွေ၊ မေမေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို သားသမီးအားလုံးကိုယ်စား မချိတင်ကဲ ရင်ဖွင့်ခံစားတင်ပြထားတဲ့ ကဗျာဖြစ်ပါတယ်။ တိုင်းပြည်အတွက် စေတနာ မေတ္တာအပြည့်၊ ကိုယ်စွမ်းကိုယ်စအပြည့် ဘဝကိုပါရင်းပြီး မေမေကြိုးပမ်းနေပေမယ့် မေမေ့ခရီးလမ်း မဖြောင့်အောင် ကဖျက်ယဖျက်လုပ်သူတွေ၊ မေမေ တင်ဆက်မယ့် ပြည်သူ့အောင်ပွဲ မအောင်မြင်အောင် ပွဲလှန့်ဖျာခင်းပြီး စင်ကိုပါ လုချင်သူတွေကို မြင်ယောင်မိစေဖို့အတွက်-

'မေမေ့နောက်ကျောက ဘရူးတပ်(စ်) တွေမှာ

မထူးသေနတ်တွေရှိတယ်

သူတို့လက်ထဲက

နိုင်းမမပစ္စတိုတစ်လက်ဟာ

မေမေ့ဆံပင်တွေကြားက

ပန်းခက်တွေပေါ် တဝဲဝဲ'

'မေမေမရှိရင်

အဲသည်စစ်တုရင်ခုံပေါ်ကျကျနနထိုင်ပြီး

ကိုယ့်ကိုယ်ကိုယ် ဘုရင်မလုပ်ပြီး

ရွှေ့မယ့်လူမရှိဘူး၊

ဘုရင်မကျသွားရင် တိုင်းပြည်ဟာ ချောက်ထဲကျမှာပဲ'  စတဲ့အဖွဲ့တွေနဲ့ တင်ပြထားတာကို တွေ့ရမှာပါ။

မေမေ့ရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ် မပြုချင်ဘဲ အရာမထင်အောင် လုပ်ချင်သူတွေ၊ ကိုယ့်တစ်ကိုယ်စာ လတ်တလော အဆင်ပြေဖို့ကိုသာ ကြည့်တတ်ပြီး မေမေ့အပေါ် မယုံမရဲဖြစ်နေသူတွေအတွက် ဟောဒီလို စိန်ခေါ်ရင်းကဗျာကို အဆုံးသတ်ထားပုံက မေမေ့ကိုချစ်တဲ့သူတွေကိုယ်စား ကရုဏာဒေါသ အသံလေးကို ကြားယောင်စေမှာပါ။

'မယုံရင် ဘုရင်မနေရာ ကြိုက်တဲ့သူ ဝင်ထိုင်ပြီး ကစားကြည့်လိုက်

သန်းခြောက်ဆယ် လောင်းကြေးထပ်ပြီး လောင်းပြလိုက်မယ်'

တောင်းကုန်းအမှတ် ၇ဝ ကဗျာကတော့ စစ်ပွဲတွေကို ဆန့်ကျင်ထားတဲ့ ကဗျာ၊ စစ်ပွဲတွေဟာ တိုင်းသူပြည်သားတွေအတွက် ဆိုးကျိုးပဲရတယ်ဆိုတာကို ဆွေးနွေးထားတဲ့ ကဗျာဖြစ်ပါတယ်။ စစ်ဖြစ်တာကိုပဲ နွားရိုင်းသတ်ပွဲ ထိုင်ကြည့်နေရသလိုလို သွေးဆာနေသူတွေအကြောင်း၊ အချုပ်အခြာအာဏာကို ကာကွယ်ဖို့၊ မျိုးနွယ်စုကိုကာကွယ်ဖို့၊ ခွင့်တူညီမျှရကြဖို့ စတဲ့အကြောင်းပြချက်တွေနဲ့ စစ်ပွဲတွေဖြစ်တဲ့အခါ စစ်ပွဲသားကောင်ပြည်သူတွေသာ မွဲပြောင်ကြရပုံအကြောင်း ကျစ်လျစ်တဲ့ အရေး အဖွဲ့နဲ့ မီးမောင်းထိုးပြထားပါတယ်။

'စစ်မှန်သမျှ အချစ်ပြန်မရဘူး၊ အမုန်းတွေ တလူလူလွင့်နေမှတော့ အဲဒီတောင်ကုန်းပေါ် ဘယ်သူအလံ ထူနိုင်မလဲ' လို့ ကဗျာရေးသူက သူ့ကဗျာအဆုံးမှာ မေးခွန်းထုတ်ထား ပါတယ်။

ဒီကဗျာ စာအုပ်ဟာ ကဗျာရေး သူရဲ့ ကဗျာရေးသက် နှစ် ၂ဝ ကျော် ကာလအတွင်း ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေကို စုစည်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်နှစ်ဆယ်ကျော် ကာလအတွင်း သူ့ဘဝပုဂ္ဂလခံစားမှု ရင်ခုန်သံတွေ၊ သူ ဖြတ်သန်းခဲ့တဲ့ ခေတ်ကြီး ရဲ့ အလှုပ်အရွေ့အပေါ် သူ့အမြင် သူ့ခံစားမှုတွေကို ရေးဖွဲ့ထားတဲ့ ကဗျာတွေဖြစ်ကြောင်း တွေ့ရမှာပါ။ ကဗျာတွေကို 'ကျွန်မရဲ့ ပွင့်ဦးကြွေနှင့် အောက်မေ့သတိရခြင်းများ၊ သီတံ အဖျားက ငါးတွေနှင့် စီးဆင်းသွားသော မိုးတိမ်များဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ ဖွဲ့စည်းတင်ပြထားပါတယ်။ အချစ်နဲ့  ဘဝပေါ် အမြင်၊ ခေတ်နဲ့စစ်ပေါ်အမြင် ခံစားမှု ကဗျာများလို့ ဆိုနိုင်ပါတယ်။

မြစ်ကွေ့ စာအုပ်တိုက်ကနေ တန်ဖိုး ၁၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

ဥပဒေနှင့် ကိုယ်ကျင့်သီလ

ယူတီကေ

ပြည်သူတွေဟာ ဥပဒေကို သိထားဖို့လိုပါတယ်။ ဥပဒေပါ အခွင့်အရေးကို သိထားရပါမယ်။ အာဏာပိုင်တွေက ဥပဒေမဲ့လုပ်လာရင်ဖြစ်စေ၊ ပြည်သူတွေရဲ့ ဥပဒေပါ အခွင့်အရေးတွေကို ချိုးဖျက်အရေးယူလာရင်ဖြစ်စေ သူတို့အပေါ်မှာ တန်ပြန် အရေးယူခွင့်ရှိတယ်ဆိုတာသိအောင် လုပ်ကြရပါမယ်။ ဥပဒေအထက်မှာနေပြီး 'ဥပဒေအထက်မှာ မည်သူမှ မရှိစေရ'လို့ ဟန်ပြကြွေးကြော်နေလို့ မဖြစ်တော့ပါဘူး။

လူအာမခံ ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ ဘယ်လိုအမှုတွေ၊ ဘယ်လိုပုဒ်မတွေ၊ ဘယ်လိုတရားခံတွေကို အာမခံပေးနိုင် သလဲအပါအဝင် အာမခံပေးခြင်းဆိုင်ရာ ဥပဒေကို လူတိုင်းနားလည် သဘောပေါက်အောင် ရှင်းပြထားပြီး အာမခံမပေးမနေရ ပြစ်မှုအချို့ကိုလည်း တင်ပြထားပါတယ်။ ပြည်သူတွေဟာ မိမိတို့ရင်ဆိုင် ကြုံတွေ့နေရတဲ့အမှုဟာ အာမခံမပေးမနေရအမှု ဟုတ်မဟုတ် သိထားဖို့လိုပြီး ဟုတ်တယ်ဆိုရင် ဒါဟာ တရားခံရဲ့ ရပိုင်ခွင့် အခွင့်အရေးဖြစ်တယ်။ ဥပဒေကို ကိုင်တွယ်အရေးယူနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း အာမခံပေးဖို့ တာဝန်ရှိ တယ်၊ ငြင်းမယ်ဆိုရင် အဲဒီတရားသူ ကြီးကို အရေးယူနိုင်တယ်လို့ ဆိုထားပါတယ်။

သို့ပေမယ့် ရဲအရေးမပိုင်တဲ့ အမှုတွေကို ရဲကလာဖမ်းပြီး တရားသူကြီးထံ ချုပ်မိန့်တောင်းတာ၊ တရားသူကြီးကလည်း အာမခံမပေးမနေရ အမှုဖြစ်ပေမယ့် အထက်အာဏာပိုင် အဖွဲ့အစည်းက တရားသူကြီး ကုပ်ပေါ်ခွစီးထားတာကြောင့် အာမခံ မပေးဘဲ ချုပ်မိန့်ပေးခဲ့တာ၊ အဲဒီလိုဥပဒေဆန့်ကျင်တဲ့ တရားသူကြီးမျိုးတွေ အရေးယူမခံရတဲ့အပြင် ရာထူးတွေ တိုးသွားတာ၊အထက် အမိန့်ကို လက်မခံဘဲ မှန်မှန်ကန်ကန် ဆုံးဖြတ်သူ တရားသူကြီးအချို့ ချက်ချင်းအမိန့်စာထွက်ပြီး အဝေးဆုံးမြို့လေးတွေကို ပြောင်းပစ်ခံရတာ စတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ အတိတ်ခေတ် ကာလက ရှိခဲ့ဖူးကြောင်း၊ တရားဥပဒေရဲ့ အထက်မှာ ဘယ်အာဏာပိုင် အဖွဲ့ အစည်းမှ မရှိသင့်ကြောင်းတွေကို လည်း မှုခင်းဖြစ်ရပ်တွေနဲ့တကွ တင်ပြထားတာကို တွေ့ရမှာပါ။

ကတိသစ္စာအကြောင်း၊ အဖိုးစားနား၊ သဘောတူညီချက်အကြောင်း ဆောင်းပါးသုံးပုဒ်မှာတော့ တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဦးနဲ့တစ်ဦး ကမ်းလှမ်းချက်၊ လက်ခံချက်၊ ကတိပြုချက်စတဲ့ ပဋိညာဉ်အက်ဥပဒေအကြောင်း တင်ပြထားပါတယ်။ ကမ်းလှမ်းချက် တစ်ခုကို လက်ခံလိုက်ရင် ကတိတစ်ရပ် ဖြစ်ပေါ်လာတယ်၊ ကတိတစ်ရပ် မှာ အဖိုးစားနားပါရင် သဘောတူညီ ချက်တစ်ရပ်ဖြစ်ပေါ်လာတယ်။  သဘောတူညီချက်ဟာ ဥပဒေနဲ့ မဆန့်ကျင်လို့ ဥပဒေကအတည်ပြု ပေးနိုင်ရင် ပဋိညာဉ်တစ်ရပ် ဖြစ်လာတယ်။ အခွင့်အရေးနဲ့ တာဝန်တွေပေါ်ပေါက်လာတယ်။ သဘော တူညီချက်တစ်ရပ်ဟာ ဥပဒေက အတည်ပြု မပေးနိုင်ရင် ပျက်ပြယ်သော သဘောတူညီချက်ဖြစ်သွားတယ်၊ ဘာအခွင့်အရေးနဲ့ တာဝန်မှ မရှိတော့ဘူးလို့ ဥပဒေက ဆိုထား ကြောင်း တင်ပြထားပါတယ်။

တစ်ဖက်နဲ့တစ်ဖက် အရောင်းအဝယ်၊ အလုပ်အကိုင်စတဲ့ လူမှုကိစ္စတွေအတွက် ပြုလုပ်ကြတဲ့ ကတိတွေ၊ ချုပ်ဆိုကြတဲ့ စာချုပ်တွေဟာ ဘယ်အခြေအနေ၊ ဘယ်လိုအနေ အထားမှာ ဥပဒေအရ တရားဝင်အတည်ဖြစ်ပြီး ဘယ်လို အဖြစ်အပျက်၊ အမှုကိစ္စမျိုးတွေမှာ သဘောတူညီချက် ပျက်ပြယ်တယ်ဆိုတာတွေကို သာမန်အရပ်သား နားလည်နိုင်မယ့် ဥပမာတွေနဲ့တကွ  နားလည် သွားအောင် ရှင်းလင်းတင်ပြထားတာကို တွေ့ရမှာပါ။

နိုင်ငံသားပြည်သူတွေနဲ့ အုပ်ချုပ်သူ အာဏာပိုင်တို့ကြားချုပ်ဆိုတဲ့ ကတိပဋိညာဉ်စာချုပ်ကြီးလို့ ခေါ်နိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းကိုလည်း ပဋိညာဉ်ဆိုင်ရာ ဥပဒေနဲ့ယှဉ်ပြီး ဗဟုသုတအဖြစ် တင်ပြထား တာကိုလည်း တွေ့ရမှာပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဘယ်နိုင်ငံမှာမဆို ပြည်သူမပါဘဲ မရေးဆွဲရဘူး။ ပြည်သူတွေ ဝေဖန်ဆွေးနွေးခွင့်မရဘဲ မရေးဆွဲရဘူး။ ပြည်သူတွေသိအောင် အကြိမ်ကြိမ် မူကြမ်းတွေတင်ပြရမယ်။ ပြည်သူတွေရဲ့ ရင်ထဲက စိတ်ဆန္ဒကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ပြီး အတည်ပြုရတယ်။ ဒီဆန္ဒခံယူပွဲကိုလည်း ပြည်သူတွေအပေါ် အနိုင်အထက်ပြုမှု၊ မလျော်သြဇာသုံးမှုနဲ့ ကင်းအောင်လုပ်ပေးရမယ်။ ပြည်သူတွေ နှလုံးစိတ်ဝမ်း ပူပင်သောကရောက်နေတဲ့အချိန်မှာ အာဏာပိုင်အပေါ် အကြောက်တရားကြောင့် မဲပေး အတည်ပြုတာမျိုး မဖြစ်ရဘူး။ ပြည်သူ သဘောမတူဘဲ ချုပ်ဆိုအတည်ပြုရင် နဂိုကပင် ပျက်ပြယ်တယ်။ ဖျက်သိမ်းပစ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒီစာအုပ်မှာ ငါးပါးသီလထဲမှာ ပါဝင်တဲ့ အမှုအမျိုးမျိုးကို ကျူးလွန်ခြင်းဆိုင်ရာ အမှုတွေအကြောင်း၊ ကိုယ်ခန္ဓာအပေါ် ကာကွယ်ခုခံပိုင်ခွင့်နဲ့ ပစ္စည်းအပေါ် ကာကွယ်ခုခံပိုင်ခွင့် တွေအကြောင်း၊ ကိုယ်ထိလက်ရောက် လူသတ်သူတရားခံနဲ့အတူ အကြံပေးသူ၊ စေခိုင်းသူ၊ ကူညီသူတို့ဟာလည်း တန်းတူပြစ်မှုမြောက်ခြင်းအကြောင်း၊ မိသားစုအမွေခန်းဆိုင်ရာ သိမှတ်ဖွယ် ရာတွေအကြောင်း၊ အိမ်ရာထူထောင် ခြင်းဆိုင်ရာ ဓလေ့ထုံးတမ်း၊ ဥပဒေတွေအကြောင်း၊ ငွေချေးငှားခြင်းဆိုင်ရာဥပဒေနဲ့ သိမှတ်ဖွယ်ရာတွေ အကြောင်း စတဲ့ ဥပဒေဆိုင်ရာ ဆောင်းပါး ၄၁ ပုဒ် ပါဝင်ပါတယ်။ ဥပဒေတွေအကြောင်း တင်ပြရာမှာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေပုဒ်မတွေနဲ့တကွ ဖော်ပြထားတဲ့အပြင် လောကကျင့်ဝတ်တွေ၊ ရိုးရာဓလေ့ ထုံးစံတွေ၊ လူမှုရေးဖြစ်စဉ်၊ နိုင်ငံရေးဖြစ်စဉ် သဘောတရားတွေနဲ့ပါ ယှဉ်တွဲရှင်းလင်းထားပါတယ်။

အင်ကြင်းဥယျာဉ်စာပေကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.