19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
စစ်ဘေးဒုက္ခသည် ကလေးငယ်

တစ်နေ့ မိမိအခန်းဘေးက ရေကန်မှာ ကလေးဆူဆူညံညံနဲ့ ဆော့နေတဲ့ အသံကြားလို့ ထွက်ကြည့်တော့ လူကြီးတစ်ယောက်ရဲ့ ရင်စို့လောက်မြင့်တဲ့ ရေကန်ရဲ့ သုံးပုံတစ်ပုံသာကျန်တဲ့ ရေကို ခုနစ်နှစ် ရှစ်နှစ်အရွယ် ချာတိတ် လေးတွေက မမီမကမ်းနဲ့ ခြေထောက်အောက် အုတ်ခဲတွေခုပြီး ငုံ့ခပ်ပြီး လောင်းချိုးတဲ့သူကချိုး၊ တစ်ယောက်နဲ့တစ်ယောက် ရေနဲ့ပက်ပြီး ဆော့လိုက်ကြလုပ်နေကြလို့ ဘယ်သူတွေလဲလို့မေးတော့ ဟိုကြည့်ဒီကြည့်နဲ့ ကြောင်တောင်တောင် လေးတွေဖြစ်နေကြတယ်။ နောက်မှ အစွန်ဆုံးလေးခန်းကျော်က မိန်းကလေးထွက်လာပြီး သူ့တို့က ဗမာစကားနားမလည်ကြသေးတဲ့ ကလေး တွေဖြစ်ကြောင်း၊ သူတို့ကို ဗမာပြည်အထက်ပိုင်း ကချင်ပြည်နယ်ဘက်ကနေ ကျောင်းထားပေးမလို့ ခေါ်လာတာဖြစ်ကြောင်း ရှင်းပြတယ်။

ညီအစ်ကို သုံးယောက်တဲ့။ မတိမ်းမယိမ်း ဘုစုခရုပေပေတေတေလေး တွေ။ ခေါ်လာတဲ့ သူက ကျောင်းတော့ထားပေးပါရဲ့။ သူတို့လည်း ဝန်ထမ်းလိုင်းထဲမှာနေပြီး မပြည့်စုံတဲ့ မိသားစုဖြစ်နေလေတော့ ကလေးတွေအတွက် အဝတ်အထည် အစားအသောက်နဲ့ အိပ်ရာကအစ အဆင်မပြေဘူး။ အဲဒါတွေမြင်ရတော့ ကိုယ်တွေက စိတ်မချမ်းသာလို့ ကိုယ်ချက်ပြုတ်စားသောက်တဲ့အထဲက တတ်နိုင်သလောက် ထမင်းဟင်းလေးတွေ သွားပေး၊ အဝတ်အထည်လေးတွေပေး၊ စာအုပ်ကလေး ဘော့လ်ပင်လေးတွေ ဝယ်ပေး စသဖြင့် ကူညီပေးခဲ့ပါတယ်။

ကလေးတွေက စားရသောက်ရတာမဝတော့ မီးဖိုချောင်ထဲမှာ အလစ်ခိုး စားမိကြတယ်ထင်ပါရဲ့။ အရိုက်ခံကြရတယ်။ နေပူမိုးရွာမရှောင် တောက်တို မယ်ရတွေ သယ်ပိုးပေးရတယ်။ တစ်ခါတစ်ရံ အရွယ်နဲ့မမျှတဲ့ မနိုင်ဝန်တွေ သယ်ပိုးကြရတယ်။ ဒါတွေကို မြင်နေရတဲ့ မိမိတို့ မိသားစုမှာ အမြဲလိုလိုစိတ်မချမ်းသာ၊ စိတ်မသက်မသာဖြစ်ကြရတယ်။ နောက်တော့ ကျောင်းပိတ်ရက်နေရင်း အရပ်ဆီ အလည်အပတ်ပြန်ပို့ပေးရာကနေ ဟိုက ဆွေမျိုးတချို့က အခြေအနေကို အကဲခတ်ရိပ်မိဟန်တူပါရဲ့။ ကလေးတွေကို ပြန်ခေါ်ထားလိုက်သတဲ့။ ဝမ်းသာမိပါတယ်။ သူတို့ မိဘ၊ သူတို့ဆွေမျိုး၊ သူတို့ ဇာတိမြေမှာပြန်ပြီး လူမှန်နေရာမှန်ပြန်ဖြစ်သွားတော့ စိတ်အေးသွားရပြန်တာပေါ့။

သူတို့လိုပဲ စစ်ဘေးစစ်ဒဏ်ကြောင့် မိဘမဲ့ ကလေးတွေအဖြစ်နဲ့ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွေမှာ မြင်ရပြန်တော့ စိတ်လက်မချမ်းမသာ ဖြစ်ရပြန် တယ်။ ငါ့သားသမီးလေးတွေများ အဲသလိုဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးဝင်လာပြန်တော့ အနာဂတ်ကိုတွေးပြီး စိုးရိမ်ထိတ်လန့်မှုများစွာနဲ့ ကြောက်ရွံ့တုန်လှုပ်သွား ရပါတယ်။

နဂိုကမှ ကလိယုဂ်ဆုတ်ကပ်လည်းဖြစ်၊ တကယ့်ပညာရေး အစစ်အမှန်မှာလည်း ကိုယ်ချင်းစာတရားမဲ့ကြလို့ မိစုံဘစုံနဲ့ တကယ့်အင်တိုက်အားတိုက် သင်ယူနေတဲ့ ကလေးတွေတောင် လုံလောက်တဲ့ ပညာမတတ် မြောက်ကြရပဲနဲ့ ဟီရီသြတ္တပ္ပတရားကင်းကာ အကျင့်စရိုက်တွေ ပျက်ပြား နေကြရတာမြင်နေရတော့ အခုလို မိဘမဲ့ကလေးတွေအတွက် သူတို့ရဲ့ အနာဂတ်ကို တွေးမကြည့်ဝံ့လောက်ကိုပဲ ဖြစ်ရပါတယ်။

အခု သူတို့လေးတွေလို အဖြစ်ချင်းတူတဲ့ ရုပ်ရှင်ကားထဲက ကလေးတစ်ယောက် အကြောင်း ပြောပြချင်စိတ်ပေါ်လာလို့ ရေးပြခံစားပြပါဦးမယ်။

စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခရောက်ရတဲ့ ကလေးတစ်ယောက်အကြောင်း ရိုက်ထားတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဘားလမ်းက အခွေဆိုင်တစ်ဆိုင်မှာ ဝယ်လာပြီး ပြန်ကြည့်မိပါတယ်။ ဟောလိဝုဒ်ရဲ့ ဒီဘက်ခေတ်နာမည်ကြီး ဒါရိုက်တာ စတီဗင်စပီးလ်ဘတ် Steven Spielburg က ရိုက်ကူးတဲ့ကားဖြစ်လို့ပါ။

ဒီဇာတ်မှာ အဓိကဇာတ်ကောင် 'ဂျင်မ်' ဆိုတဲ့ ကလေးငယ်တစ်ယောက်အဖြစ် Christian Bale ဆိုတဲ့ ကလေးက သရုပ်ဆောင်ထားပြီး သူနဲ့ အဓိကဇာတ်ပို့အဖြစ် တွဲဖက်သရုပ်ဆောင်ခဲ့သူကတော့ ဂျွန်စတိန်းဘက်ရဲ့ 'ဒို့ပိုင်တဲ့ မြေ'မှာ မအူမလည် ဇာတ်ကောင် 'လင်နီစမော'အဖြစ် သရုပ်ဆောင်ခဲ့လို့ နာမည်ကြီးခဲ့သူ ပြင်သစ်မင်းသားကြီး John Malkovich ဖြစ်ပါတယ်။ သူသရုပ်ဆောင်ရတဲ့ ဇာတ်ကောင် နာမည်က 'ဘေစီ' တဲ့။

တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံအကြားဖြစ်ခဲ့တဲ့ စစ်ပွဲသက်တမ်း လေးနှစ်ကျော်လာတဲ့ ၁၉၄၁ ခုနှစ်မှာ ဂျပန်တပ်တွေဟာ တောင်ပိုင်းဒေသအများစုနဲ့ မြို့တွေကို သိမ်းပိုက်ထားခဲ့ပြီးပြီ။ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေးမူအရ သံတမန် အစောင့်အရှောက်ခံ အနောက်နိုင်ငံသား ထောင်ပေါင်းများစွာဟာ ရှန်ဟိုင်းမှာ ရှိနေကြဆဲ ဖြစ်ပါတယ်။

သူတို့ရဲ့ နေရင်းဒေသမှာလိုပဲဘဏ်တွေ၊ ဟိုတယ်တွေ၊ ရုံးခန်းတွေနဲ့ နေထိုင်လျက်ရှိကြပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ အပြင်ဘက်မှာတော့ ဂျပန်တပ်တွေဟာ ပုလဲဆိပ်ကမ်းတိုက်ပွဲကို စောင့်ဆိုင်းလျက်ရှိနေကြပါတယ်။ အဲဒီအချိန်မှာ ဗြိတိသျှ ရေဒီယိုက ကြေညာပါတယ်။

ဗြိတိသျှက မလေးရှားမှာရှိတဲ့တပ်တွေရဲ့ အကူအညီနဲ့ ဂျပန်တွေကို စစ်ရေးအရ သြဇာညောင်းစေရမယ်တဲ့။ အရှေ့ဖျားဒေသမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကြောင့်၊ ဗြိတိသျှနိုင်ငံသားတွေကို သြစတြေးလျနဲ့ အိန္ဒိယကို ပြန်လည်ခေါ်ယူနေပြီတဲ့။ အဲဒီသတင်းနဲ့အတူ ရေနွေးငွေ့ သင်္ဘောကြီး တစ်စင်းဟာလည်း ဗြိတိသျှလူမျိုး ၄၅ဝ ကျော်ကို တင်ဆောင်ပြီး ရှန်ဟိုင်းကနေ ဟောင်ကောင်ကို ထွက်ခွာသွားနေပါပြီ။ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ ဗြိတိသျှလူမျိုး သုံးပုံတစ်ပုံခန့်ဖြစ်တဲ့ လူပေါင်း ၁၅ဝဝဝ လောက်ဟာလည်း ထွက်ခွာသွားကြပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဝါရှင်တန်မှာ ပြုလုပ်တဲ့ အမေရိကန် ဂျပန်ဆွေးနွေးပွဲအခြေအနေဟာလည်း တိုးတက်ဖို့လမ်းစ သိပ်မမြင်တော့ဘူး။

အင်ဒိုနီးရှားမှာ ရှိနေတဲ့ ဂျပန်တပ်တွေရဲ့ အင်အားဟာ  ၅ဝဝဝဝ လောက်အထိရောက်ရှိလာပြီလို့လည်း စင်ကာပူသတင်းဌာနက ကြေညာပါ တယ်။

၁၉၄၁ ခုနှစ်မှာ အဲဒီသတင်း  ကြေညာချက်တွေနဲ့ မရှေးမနှောင်းမှာပဲ တရုတ်ပြည်ရှန်ဟိုင်းမြို့ကို ဂျပန် တွေက ဝင်သိမ်းလိုက်ပါတယ်။ တစ်ဦးတည်းသော သားလေး 'ဂျင်မ်' နဲ့ အတူ  ရှန်ဟိုင်းမှာ သံတမန်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း အထည်စက် ရုံကြီးတည်ကာ ကြီးပွားနေတဲ့ မစ္စတာလော့ခ်ဝုဒ်နဲ့ မစ္စဂရေဟမ်တို့လည်း အဝတ်အထည်ကိုယ်တစ်ခုနဲ့ အခု တော့ ပြေးကြရပါပြီ။

သင်္ဘောဆိပ်ဆင်းရာလမ်းမှာ စစ်ပြေးတွေနဲ့ ပြည့်နေလို့ 'ဂျင်မ်'ဟာ အဖေအမေနဲ့ လက်တွဲပြုတ်ပြီး လူအုပ်ကြီးထဲမှာ ကွဲသွားပါတော့တယ်။ အမေဖြစ်သူက အော်ပြောတယ်။ ''သားလေး အိမ်ရောက်အောင်ပြန်'' တဲ့။ အဖေအမေကို ကြိုးစားရှာလို့ မရတဲ့ အချိန်မှာ 'ဂျင်မ်'ဟာ အမေမှာတဲ့အတိုင်း အမှတ် ၁၃ အမ်းဟတ် ရိပ်သာလမ်းထဲက သူတို့နေထိုင်တဲ့ အိမ်ကြီးဆီကို ပြန်ခဲ့ပါတယ်။

အိမ်ရှေ့မှာ ဂျပန်တွေက စာကပ်ထားကြပါပြီ။ အိမ်ထဲမှာတော့ အရင်တုန်းက သူ့ကို သခင်လေး သခင်လေးနဲ့ ဖူးဖူးမှုတ်ထားတဲ့ တရုတ်လူမျိုး အိမ်စေတွေက သူ့ကို ပါးရိုက်ပြီး အိမ်က အဖိုးတန် ပစ္စည်းတွေကို သယ်ထုတ်ယူသွားနေကြပါတယ်။ အသက်ရှစ်နှစ်အရွယ် လောက်ပဲရှိသေးတဲ့ 'ဂျင်မ်' ဟာ အမေကို တရင်းနဲ့ အိမ်မှာ တစ် ယောက်တည်းဖြစ်သလို စားရရှာတယ်။ နောက်ဆုံးအိမ်မှာ စားစရာရော၊ သောက်စရာရေပါမရှိတော့ မြို့ထဲကို သူစီးနေကျစက်ဘီးလေးနဲ့ အရဲစွန့်ပြီး ထွက်လာခဲ့ပါတယ်။ မြို့ထဲမှာ ဂျပန်စစ်တပ်တွေ အောင်ပွဲခံ နေတယ်။ ဒါပေမယ့် စားစရာက မရှိ။ လည်ပတ်ရှာဖွေရင်း သူ့စက်ဘီး အလု ခံလိုက်ရတယ်။

နောက်ခြေထောက်က ဖိနပ်ပါ လုယူသူနဲ့တွေ့လို့ ထွက်ပြေးရင်း ရှန်ဟိုင်းမှာ ပိတ်မိနေတဲ့ အမေရိကန် လူလည် (ပြင်သစ်မင်းသား John Malkovich) 'ဘေစီ' တို့နှစ်ယောက်က လော်လီကားစုတ်ကြီး မောင်းလာတာနဲ့ တိုက်မိမလိုဖြစ်ပြီး ဆုံစည်းခဲ့တယ်။

လူလည် 'ဘေစီ' တို့နှစ်ယောက်က သူတို့ခိုအောင်းတဲ့ အခန်းဟောင်း လေးထဲမှာ 'ဂျင်မ်' ကို ထမင်းဝအောင်ကျွေးပြီး ဆိပ်ကမ်းက တရုတ်တွေဆီမှာ သွားရောင်းပါတယ်။ ဝယ် သူမရှိတော့ ကျွေးမထားနိုင်မယ့် အတူတူ နှင်ထုတ်ပါတယ်။ စားစရာမရှိ ငတ်ပြတ်နေတဲ့ ဂျင်မ်ဟာ လူလည် 'ဘေစီ' တို့နှစ်ယောက်ကို  သူတို့နေတဲ့လမ်းထဲက သူ့တို့ အိမ်အပါအဝင် အခြားအိမ်ကြီးတွေရဲ့ အထဲက ပစ္စည်း အကောင်းစားတွေ၊ ငွေကြေး တွေအကြောင်း ပြောပြပြီး စည်းရုံးကာ ခေါ်လာခဲ့ပါတယ်။

ပစ္စည်းသယ်ဖို့ကားနဲ့ အိမ်ထဲဝင်လာတဲ့ သူတို့ သုံးယောက်ဟာ ဂျပန်တွေနဲ့ တည့်တည့်တိုးပါတယ်။ ထိုးကြိတ်ဖမ်းဆီးခံရပြီးတော့ နိုင်ငံခြား သားတွေထားတဲ့ စစ်သုံ့ပန်းစခန်းကို ပို့လိုက်ကြပါတယ်။ စခန်းမှာ ဝေပုံကျရရှိတဲ့ အစာက အာလူးပြုတ်တစ်လုံးနဲ့ အရည်ကျဲကျဲဆန်ပြုတ်ကို ကိုယ်တာအဖြစ် ခွက်တစ်လုံးစီရကြပါတယ်။

ဒီဟာနဲ့ မတင်းတိမ် ဗိုက်မဝလေတော့  လူလည်ဘေစီက ဂျင်မ်ကို နည်းလမ်းပေးပါတယ်။ စခန်းမှာ သေခါနီး မေ့မျောနေတဲ့ လူတွေရဲ့ ခွက်ကို အလစ်ဆွဲယူပြီး ခွဲတမ်းအပိုရအောင် လုပ်ကြရတာပါ။ နောက်ဆုံးမှာ တောင် ဆာလောင်တဲ့ဒဏ်ကို မခံနိုင်လွန်းလို့ 'ဂျင်မ်' ဟာ ခွက်အရှာထွက် ရပါတော့တယ်။

ဒီလိုနဲ့ ၁၉၄၅ ခုနှစ်မှာ ဆူးချောစခန်းဆိုတဲ့ နောက်တစ်နေရာကို ပြောင်းရွှေ့ကြရပါတယ်။ ဒါကတော့ မြို့ပြင်လေယာဉ်ကွင်းနားမှာဖြစ်လို့ ဆေးရုံပါထားပေးကြပြီး နည်းနည်း လွတ်လပ်ကြပါတယ်။ 'ဂျင်မ်'ဟာ စခန်းစောင့် ဂျပန်တွေရဲ့ အင်္ကျီတွေ၊ ဖိနပ်တွေကို လျှော်ဖွပ်ပေးလို့ ဘယ်နေရာဖြစ်ဖြစ် ဝင်ထွက်ခွင့်ကို ရနေပါ တယ်။

စခန်းမှာ ဆေးလိပ်သောက်ချင် သူတွေကို ဆေးလိပ်ရအောင်ရှာပေးပြီး သူ့အတွက် စားစရာပြန်ရအောင် လုပ်တတ်လာပါတယ်။ ဒါပေမယ့် သူရလာတဲ့ စားစရာတွေကို သူတစ်ယောက်တည်း အကုန်မစားပါဘူး။ သူ့ထက်ငယ်တဲ့ ကလေးတွေကိုခွဲဝေ ကျွေးရှာပါတယ်။ ဟိုတုန်းက ဘုရားကျောင်းက တရားဟောဆရာ လင်မယားကို ဒီစခန်းမှာ ပြန်ဆုံရပါတယ်။ နေမကောင်းတဲ့ မိန်းမကို ပြုစုပေးနေရင်းနဲ့ ဆရာဝန်နဲ့လည်း ရင်းနှီး သွားပါတယ်။ သေခါနီး လူမမာရဲ့ ဖိနပ်ကို အတင်းချွတ်ယူတဲ့ သူ့ဆရာ လူလည် 'ဘေစီ'နဲ့ဂျင်မ် စကားများပါတယ်။ စခန်းစောင့် ဂျပန်ရဲ့ ထိုးကြိတ်ခံရတဲ့ ဆရာဝန်ဘက်က ဝင်ပြီး တောင်းပန်ပေးတဲ့အခါမှာ ဆရာဝန်က သူမျက်စိကျနေတဲ့ ဖိနပ်အသစ် တစ်ရံကို ပေးပါတယ်။ ဒီဖိနပ်ကို ပိုင်ရှင်က မစီးနိုင်တော့ပါဘူး။

အင်္ဂလိပ် လေယာဉ်ပျံတွေက ဗုံးကြဲတိုက်ခိုက်တဲ့ အချိန်မှာတော့ ဂျပန်တွေဟာ မခုခံနိုင်တော့ပါဘူး။ လေယာဉ်ကွင်းကို ဗုံးကြဲတော့ ဒုက္ခသည် စခန်းကနေ ပြေးကြရပြန်တယ်။ မြို့ပြင်က အားကစားကွင်းထဲမှာ ပုန်းကြရင်းနဲ့ ဂျပန်တွေ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကြားထဲမှာ သူတို့မိသားစု စီးတဲ့ကားကိုလည်း ပြန်တွေ့ရပါတယ်။ တရားဟောဆရာဟာ ဟိုဘက် စခန်းမှာထဲက သေကျန်ရစ်ခဲ့ပြီး သူ့ဇနီးလူမမာသည်ကို ဂျင်မ်က စောင့်ရှောက်ရင်းမှာပင် အစာရေစာ ငတ်ပြတ်ပြီး သူမ သေသွားခဲ့ပြန်ပါ တယ်။

အငတ်ခံရတာကြာတော့ ရှိသမျှအားအင်လေးနဲ့ ဂျင်မ်ဟာ အပြင်ထွက်ပြီး အစာရှာရပြန်တယ်။ အဲဒီမှာ မဟာမိတ်တွေက လေယာဉ်ပေါ်ကနေ လေထီးနဲ့ စားစရာတွေချပေး တာကို စားခွင့်ရပြီး အငတ်ဘေးက လွတ်သွားကြပါတယ်။

စခန်းမှာ ခင်မင်ခဲ့တဲ့ ဂျပန် စစ်သား အငယ်ဆုံးလေးနဲ့ တွေ့လို့အတူ ကစားနေကြတုန်းမှာ အနားရောက်လာတဲ့ လူလည်ဆရာကြီး ဘေစီတို့က 'ဂျင်မ်' ကို ဂျပန်လေးက ရန်ပြု နေတယ်ထင်ပြီး သူတို့ရလာတဲ့ သေ နတ်နဲ့ ပစ်သတ်ပစ်လိုက်ပါတယ်။

ဂျင်မ်ဟာ သူ့ဆရာလူလည်ကြီး ဘေစီအပေါ်အတော့်ကို စိတ်လည်း ဆိုး ဝမ်းလည်းနည်းနဲ့အတူ မလိုက် တော့ဘဲ တစ်ယောက်တည်းလျှောက် သွားနေခဲ့ပါတယ်။ ရိပ်က္ခာထုပ်ကြီးရလို့ ပျော်မဆုံး ထမ်းပိုးလာတုန်းမှာ အမေရိကန် စစ်တပ်နဲ့တွေ့လို့ ကြိုဆို ရင်း အတူပါသွားပါတော့တယ်။

စစ်ကြီးပြီးသွားတော့ ဆေးရုံမှာ စောင့်ရှောက်ထားတဲ့ ကလေးတွေကို မိဘတွေက ရှန်ဟိုင်းအရောက်ပြန်လာပြီး ရှာဖွေကြပါတယ်။ 'ဂျင်မ်' ရဲ့ အဖေနဲ့အမေလည်း ပြန်လာပါတယ်။ အမေကိုတွေ့ပေမယ့် မယုံကြည်နိုင် သူ 'ဂျင်မ်'ဟာ ဒါငါ့အမေမှဟုတ်ရဲ့ လားဆိုတဲ့အသိနဲ့ မိခင်ရဲ့ နူးညံ့တဲ့ လက်တွေ၊ နီရဲနေတဲ့ နှုတ်ခမ်းသားတွေ၊ ပျော့ပြောင်းတဲ့ ဆံပင်တွေကို တစ်ခုချင်း ကိုင်တွယ်တို့ထိကြည့်ပြီး တော့မှ 'အမေ'လို့ တိုးတိုးလေးခေါ် ရင်း ဖက်တွယ်ထားလိုက်ပါတယ်။

ဒါပေမယ့် 'ဂျင်မ်' ဆိုတဲ့ ကလေးငယ်ရဲ့ မျက်လုံးတွေကတော့ အရင်ကလို မရိုးသားတော့ပါဘူး။ စစ်ဘေးစစ်ဒဏ်ကြောင့် ထိခိုက်နာကြည်းခဲ့ရတဲ့၊ လျှို့ဝှက်တတ်တဲ့ မျက်လုံးတွေဖြစ်နေခဲ့ပါပြီ။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.