14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ငါတို့ရဲ့ အိပ်မက်လမ်းမများ

ဒီဇာတ်ကားက ၂ဝ၁၆၊ ဒီဇင်ဘာ ၉ ရက်က ရုံတင်ခဲ့တာဖြစ်ပြီး ၂ဝ၁၇ ရဲ့ နှစ်ဆန်းပိုင်း အော်စကာ ဆုပေးပွဲမှာ ဆန်ခါတင်  အရွေးခံရပြီး အော်စကာခြောက်ဆုရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ အော်စကာရရှိတဲ့ ဇာတ်ကားဖြစ်လို့ ဝယ်လာပြီး အခွေစမ်းရင်း ခဏဖွင့်ကြည့်တာမှာ အကတွေချည့်ပဲ ဦးစားပေးထားတဲ့ ဇာတ်လို့ထင်ပြီး သိပ်အာရုံမရတာနဲ့ ဆက်မကြည့်တော့ဘဲ ဇာတ်ကားအခွေလေးကို ဒီအတိုင်း မေ့ထားခဲ့လိုက်ပါတယ်။

အခုတစ်ခါတော့ လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေနဲ့ စကားစပ်မိပြီး မိတ်ဆွေက အဲဒီရုပ်ရှင်ကားရဲ့ သဘောသဘာဝကို ပြောပြနေလို့ အိမ်ရောက်တာနဲ့ တစ်ခါပြန်ရှာပြီး အဲဒီရုပ်ရှင်ကိုပြီးအောင်ကြည့်ဖြစ်လိုက်ပါတယ်။ မိမိအတွက်တော့ ဒီဇာတ်ကားဟာ အော်စကာ ခြောက်ဆုကြီးများတောင် ရထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ ဇာတ်ကားလို့ မမြင်မိဘဲ သာမန်ဒရာမာဇာတ်ကားကောင်း လေးတစ်ခုအဖြစ်နဲ့သာ မြင်မိပါတယ်။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားတဲ့ နောက်ပိုင်း အနုပညာနဲ့ ပတ်သက်ပြီး လူငယ်တွေမှာ အိပ်မက်ဆန်းတွေမက်ကာ ရူးသွပ်ခဲ့ကြတယ်။ အဲဒီအထဲမှာမှ တချို့က လိုရာခရီးမရောက်ဘဲ ရေတိမ်နစ်ကာ လမ်းစပျောက်ပြီး ကြေကွဲဖွယ်ရာ ဘဝတွေ အဆုံးသတ် စတေးလိုက်ကြရသူတွေရှိသလို တချို့လည်း ဒီကွေ့ဒီတက်နဲ့လှော်၊ ဟိုကွေ့ ရောက်ဟိုတက်နဲ့ လှော်ရင်း ကိုယ်ရူးသွပ်ခဲ့တဲ့ အနုပညာ အိပ်မက်ကို အကောင် အထည်ဖော်နိုင်ကြတဲ့ အကြောင်းတွေထဲက တစ်ခုကိုအစ ဆွဲထုတ်ကာ ရိုက်ကူးတင်ဆက်ပြထားတာဖြစ်ပါတယ်။

နောက်ပိုပြီး သဘောတွေ့မိတာက မူးယစ်ဆေးအကြောင်းတွေ၊ လိင်ခန်းတွေ၊ တဏှာရမ္မက်တွေ၊ အရက်အလွန်အကျွံသောက်တာတွေမပါဘဲ လိုရာရောက်အောင် တင်ပြထားတာမို့ ဒီနေ့ အနုပညာလိုက်စားရူးသွပ်တဲ့ လူငယ်တွေ ကြည့်ရှုခံစားသင့်၊ အတုယူသင့်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ရယ်လို့ တွေးမိပြီး ရုပ်ရှင်ကြည့် ဝါသနာရှင် ပရိသတ်တွေအတွက် ဒီရုပ် ရှင်ခံစားမှုလေးကို ရေးပြချင်စိတ်ဖြစ်ပေါ်လာခဲ့ရပါတယ်။

ဒါရိုက်တာ Damien Chazelle က ရိုက်ကူးပြီး ဒီဇာတ်ကားတစ်ခုလုံးရဲ့ အဓိက ဇာတ်ကောင်တွေအဖြစ် မင်းသား 'ရွိုင်ယန်ဂိုးစ်လင်း' (Ryan Gosling) နဲ့ မင်းသမီး 'အမ်မာစတုန်း' (Emma Stone) တို့က သရုပ်ဆောင်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာ အနုပညာကို ရူးသွပ်ကြသူချင်းတူပေမယ့် စိတ်ကူး အိပ်မက်ဘာသာဗေဒ အမျိုးအစားချင်းမတူတဲ့ ကောင်လေးနဲ့ကောင်မလေး တို့နှစ်ယောက် မထင်မှတ်ဘဲ တွေ့ကြ၊ ကြုံကြ၊ ဆုံကြရင်းဘဝမှာ ဖြစ်ပျက်ခံစားသွားကြရတာတွေကို တင်ပြထားတာဖြစ်ပါတယ်။ ကြာမြင့်ချိန်က ၁၂၈ မိနစ်ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃ဝ ကုန်ကျတဲ့ ဒီကားဟာ သန်း ၅ဝဝ နီးပါး ပြန်ရလိုက် တယ်လို့ ဆိုပါတယ်။ ၂ဝ၁၆ ခုနှစ် အတွင်းမှာတော့ ဝင်ငွေစံချိန် ထိပ်ဆုံးရောက်သွားတဲ့ ဇာတ်ကားပါပဲ။

ရုပ်ရှင်ဇာတ်ကား အဖွင့်မှာ '၁၉၉၈ က ရှိတ်စပီးယား အင်လပ်ဗ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ အော်စကာ သုံးဆုရရှိသွားပါတယ်'ဆိုတဲ့ စာတမ်းနဲ့ စတင်ပါတယ်။ ရုပ်ရှင်ကားကို ပြီးအောင်ကြည့်ပြီးသွားတော့ ဒီစာတမ်းနဲ့ ဒီဇာတ်လမ်း ဘယ်လို ဆက်စပ်ပတ်သက်မှုရှိသလဲဆိုတာ သိချင်စိတ်နဲ့ ပြန်စဉ်းစားကြည့်တာမှာ အဖြေမပေါ်ခဲ့ပါဘူး။

ဂီတမြူးဇစ်အမျိုးအစားတွေထဲမှာ 'ဂျပ်ဇ်'ဲဖေဖ ဂီတလို့ခေါ်တဲ့ ဂီတ အမျိုးအစားတစ်ခုရှိခဲ့ပါတယ်။ ဗမာပြည်မှာ ၁၉၈၅ လောက်ကနေ ဒီနေ့ခေတ် မျိုးဆက်တွေအထိ ထူးအိမ်သင်ရဲ့ သီချင်းတွေကို ကြိုက်ကြ တယ်။ သူ့သီချင်းတွေထဲမှာ အဲဒီ ဂျပ်ဇ်ဂီတလို့ခေါ်တဲ့ သီချင်းအမျိုး အစားတွေ အများဆုံး ပါဝင်ပါတယ်။ 'ဂျပ်ဇ်ဂီတ' ဆိုတဲ့ အမျိုးအစားရဲ့ အဓိပ္ပာယ်ကတော့ အလွန်စိတ်လှုပ် ရှားစရာကောင်းခြင်း၊ လွတ်လပ်ခြင်း လို့ ပြောနိုင်ပါတယ်။ ဒီဂျပ်ဇ်ဂီတဟာ အမေရိကန် ပြည်ထောင်စုထဲက နယူးအော်လန်မြို့ကြီးရဲ့ ပါဒီဒိုလမ်းမ ကြီးပေါ်မှာ စိတ်ထင်ရာလျှောက်သွား နေတဲ့ 'လူးဝစ်အမ်စ်ထရောင်း'ရယ်၊ သတင်းစာလက်ပွေ့ရောင်းတဲ့ 'ဒစ်ပါး' ရယ် အပါအဝင် ၁၃ နှစ်အရွယ် နီဂရိုးကောင်လေးငါးယောက်က စတင်ခဲ့တာပါ။ ဒီထက်ပိုပြီး သေချာ အောင်ပြောရရင် 'လူးဝစ်အမ်စထရောင်း' ဆိုတဲ့ အမေရိကန်လူမည်း လေးတစ်ယောက်က နယူးအော်လန်ရဲ့ ပါဒီဒိုလမ်းမကြီးပေါ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့အားလုံးမှာ တစ်ယောက် နဲ့တစ်ယောက် ဘာသာဗေဒမတူညီ ကြပါဘူး။ စိတ်ကူးအိပ်မက်တွေ လည်း မတူကြပါဘူး။ အဲဒီ သူတို့ ကြားမှာ စကားပြော ဆက်စပ်လို့ ရနိုင်တဲ့ ဘာသာဗေဒဆိုလို့ 'ဂီတ' ဆိုတဲ့ အရာတစ်ခုတည်းပဲ ရှိပါတယ်။ စန္ဒရားဂီတကို စိတ်ကူးရှိသူကလည်း သူ့စိတ်ကူးနဲ့သူ ရွက်လွှင့်။ 'ဒရမ်' ကို စိတ်ကူးရှိသူကလည်း သစ်သား သေတ္တာအဟောင်းလေးကို ဖြည်း ဖြည်းတီးခတ်ရင်း သူ့စိတ်ကူးနဲ့သူ ရွက်လွှင့်။ ထရမ်းပက်မှုတ်ချင်သူကလည်း သူ့စိတ်ကူးနဲ့သူ ရွက်လွှင့်။ နောက်ဆုံး သူတို့အားလုံးပေါင်းမိကြ တဲ့အခါ ဂျပ်ဇ် Jazz ဂီတဆိုတာ ဖြစ် လာခဲ့ပါတော့တယ်။

အခု အဲဒီဂီတကို ရူးသွပ်တဲ့ နယူးယောက်မြို့ကြီးက လူဖြူ လူငယ် လေးတစ်ယောက်ပေါ်ပေါက်လာခဲ့ပါ တယ်။ သူ့နာမည်က 'စီဘက်စတိန်း'။ ဂျပ်ဇ်ဂီတကို အလွန်အမင်း ရူးသွပ်သူ၊ အပြင်းအထန်ဆာလောင်သူအ ဖြစ်နဲ့ လူသားအားလုံးအတွက် လွတ်လပ်တဲ့ ကိုယ်ပိုင်ဂျပ်ဇ်တေးဂီတ အဖွဲ့နဲ့ ကိုယ်ပိုင်ကလပ်တစ်ခုကို တည်ထောင်ပိုင်ဆိုင်ပြီး ဘဝတစ်ခုကို နေထိုင်သွားချင်တဲ့သူ။

'မီရာ' ဆိုတဲ့ ကောင်မလေးကတော့ ကောလိပ်ကျောင်းကို ဆက်မ တက်တော့ပဲ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ချင်သူ။ ဒါပေမယ့် ဘဝတွေက ကယ်လ်ဖိုးနီးယား ပြည်နယ်ထဲမှာ ကျဆုံးမှုပေါင်းများစွာနဲ့ ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေကို  လုပ်နေကြရ တယ်။ ကောင်လေး 'စီဘက်စတိန်း'က စားသောက်ဆိုင်တွေမှာ စန္ဒရား လိုက်တီးရတယ်။ ကံမကောင်းချင်တော့ ခရစ္စမတ် ညတစ်ညမှာ လူတွေကို ဖျော်ဖြေနေရင်း ပွဲနဲ့လိုက် ဖက်အောင် ခရစ္စမတ်သီချင်းကို တီးနေရင်းက  စိတ်ကူးအတွေးအာရုံက မိမိစွဲလမ်း လေ့ကျင့်နေတဲ့ ဂျပ်ဇ်ဂီတ ရောက်သွားပြီး စန္ဒရား ခလုတ်တွေက  မိမိရဲ့ လက်ချောင်းတွေဟာ ဂျပ်ဇ်တေးသွားကို တီးမိလျက်သားဖြစ်သွား ပါတော့တယ်။ အဲဒီအတွက် ပိုင်ရှင်သူဌေးက စိတ်ဆိုးပြီး ချက်ချင်းနှင်ထုတ်လို့ အလုပ်ပြုတ်သွားပါတော့ တယ်။

အဲဒီခရစ္စမတ်ပါတီပွဲထဲက လူတွေကလည်း သူတီးခတ်မိသွားတဲ့ ဂျပ်ဇ်တေးသွားကို သဘောကျကြပါတယ်။ အဲဒီပါတီပွဲထဲကနေ အမှတ်မထင် သူ့ဂီတကို သဘောကျပြီး ပြေး ဖက်ကာ အနမ်းနဲ့ နှုတ်ဆက်သူက 'မီရာ' ဆိုတဲ့ ကောင်မလေးပါပဲ။ ဒါပေမယ့် နှင်ထုတ်ခံရလို့ စိတ်ဇောတွေ ဟုန်နေတဲ့အတွက် သူသတိမထားမိခဲ့ဘူး။ ကောင်မလေး 'မီရာ'က ဝါသနာတူရာ မိန်းကလေး သူငယ်ချင်းတွေနဲ့ အခန်းတစ်ခုမှာ စုပြီးငှားနေရတယ်။ အဲဒီကနေ ကော်ဖီဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မိမိအလွန်အမင်း ဝါသနာပြင်းပြပြီး ဖြစ်ချင်လွန်းတဲ့ ရုပ်ရှင်သရုပ်ဆောင်အလုပ်တွေကို ဝင်လျှောက်တယ်။ သရုပ်ပြတယ်။ အပယ်ခံရတယ်။ မအောင်မြင်ဘူး။

တစ်ညမှာတော့ ပါတီပွဲအပြီး နှစ်ယောက်သားဆုံဖို့ ဖန်တီးလာတယ်။ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ရင်း မအောင်မြင်ဘဲ ကျဆုံးမှုတွေနဲ့ ကြုံနေရသူ နှစ်ယောက်ပေါင်းမိသွားကြတယ်။  မအောင်မြင်တဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း မိမိတို့ရဲ့ အိပ်မက်စိတ်ကူးတွေ ခေါ်ဆောင်ရာ နောက်ကိုလိုက်ဖို့၊ ကြိုးစားဖို့ပေါ့။ ဒီလိုနဲ့ နောက်တော့ သူတို့တွေ ရည်းစားဖြစ်သွားကြတယ်။ တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာ ချစ်သွားကြတယ်။

'ကြယ်တွေရဲ့ မြို့' ဆိုတဲ့သီချင်းကို အတူတူဆိုဖြစ်ကြတယ်။ 'ကြယ် တွေရဲ့ မြို့ရေ ငါမမြင်နိုင်တဲ့ အရာတွေကလည်း အများကြီးပါ'တဲ့။ စန္ဒရားက ထွက်ပေါ်လာတဲ့ ဂျပ်ဇ်ဂီတ သံတွေက သူတို့နှစ်ယောက်ကြားထဲကို  ခပ်ဖြည်းဖြည်း စိမ့်ဝင်ပြန့်နှံ့လာ တယ်။  ဟိုရောက်ဒီရောက်နဲ့ ဘဝတွေ မတည်မငြိမ်ဖြစ်နေတုန်းမှာ သူငယ်ချင်း တစ်ယောက်ရဲ့ ကမ်းလှမ်းမှု နဲ့ ဂီတဝိုင်းတစ်ခုမှာ အလုပ်ရတယ်။

ကောင်လေး 'စီဘက်စတိန်း'က စဉ်းစားတယ်။ ခုတစ်ခါရတဲ့ ဒီအလုပ်ကိုပဲ တည်တည်ငြိမ်ငြိမ် စွဲစွဲမြဲမြဲလုပ်ပြီး အိပ်မက်တွေကို မေ့ပစ်လိုက်ရမလား။ အိပ်မက်တွေကို လိုက်ဖမ်းရင်း ဘဝတွေကို အချိန်တစ်ခု လောက်ယူပြီး စတေးလိုက်ကြမလား ဆိုပြီးတော့ပေါ့။ သေချာတာ တစ်ခုကတော့ သူတို့နှစ်ယောက်တစ် ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး ချစ်နေကြတယ်ဆိုတာပါပဲ။

တစ်နေ့မှာတော့  ကောင်မလေး 'မီရာ' ဟာ သူလျှောက်ထားတဲ့ ကုမ္ပဏီတစ်ခုရဲ့ အသံစစ်ဆေးမှုနဲ့ အမူအရာသရုပ်ဆောင်ပြရတဲ့ အင်တာဗျူးတစ်ခုမှာ မအောင်မြင်ဘဲ အပယ်ခံရတဲ့အပြင် အရှက်ပါရခဲ့တဲ့အတွက် ဒီအလုပ်ကို သူမအတော် နားကြည်းသွားပါတယ်။ သူတို့ချစ်သူ နှစ်ယောက်တိုင်ပင်ကြတယ်။ ဘယ် လိုလုပ်ကြမလဲပေါ့။ ကောင်မလေး 'မီရာ'က ''ကျွန်မကတော့ အဖေ အမေရှိတဲ့မြို့ကို ပြန်မယ်။ ပြီးတော့ ကျောင်းပြန်တက်မယ်။ ရှင်ကော ဘာဆက်လုပ်မလဲ''ဆိုတော့ ကောင်လေးက ''ငါကိုယ်ပိုင် ကလပ်တစ်ခုနဲ့ ကိုယ်ပိုင်ဂျပ်ဇ်ဂီတဝိုင်းတစ်ခုကို ပိုင်ဆိုင်ချင်တယ်။ ဒါကြောင့် ငါတော့ ဒီလမ်းကိုပဲ ဆက်လျှောက်နေရ ဦးမှာပဲ'' တဲ့။ နှစ်ယောက်သားရင်ထဲမှာ ဆို့နစ်ပြီး မျက်ရည်တွေ ဝဲနေကြ တယ်။ ''ကျွန်မ ရှင့်ကို အမြဲတမ်း ချစ်သွားမှာပါ''ဆိုတော့ ကောင်လေးကလည်း ''ငါလည်း မင်းကို အမြဲတမ်း ချစ်နေပါတယ်''တဲ့။    

ဒီလိုနဲ့ သူတို့နှစ်ယောက် ကွဲကွာသွားလိုက်ကြတာ အချိန်ကာလတွေ ငါးနှစ်ကျော်ကြာသွားခဲ့တယ်။ အဲဒီကာလအတွင်းမှာ ကောင်မလေးက ချမ်းသာတဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သုံးနှစ်အရွယ် သမီးကလေးတစ်ယောက် မွေးဖွားခဲ့ပါပြီ။

တစ်နေ့တော့ ကောင်မလေး မီရာဟာ သူမရဲ့ ယောက်ျားနဲ့အတူ ကားတစ်စီးနဲ့ ခရီးထွက်လာရာမှာ ကားလမ်းမှာ ကားတွေပိတ်နေလို့ ညနေစာစားပြီးမှ ခရီးဆက်မယ်ဆိုပြီး ဆိုင်တစ်ဆိုင်မှာ ညနေစာဝင်စားပြီး ထွက်အလာ ကလပ်တစ်ခုဆီမြား ပြထားတာတွေ့လို့ ဝင်ကြည့်လိုက်တော့ စတိတ်စင်ပေါ်မှာ တစ်ချိန်က သူမကိုယ်တိုင်ရေးဆွဲခဲ့တဲ့ 'လိုဂို' (အမှတ်တံဆိပ်စာသား) လေးကို လှမ်းမြင်လိုက်ရပါတယ်။ ‘Sebs’တဲ့။

ဂျပ်ဇ်ဂီတအဖွဲ့တစ်ခုပါလား။ ယောက်ျားနဲ့အတူ ရှေ့ဆုံးခုံမှာ ထိုင်နေမိတဲ့ သူမရဲ့ ရင်ထဲထိတ်ခနဲဖြစ်သွားတယ်။

ခဏကြာတော့ ကောင်လေး စီဘက်စတိန်းစင်ပေါ်တက်လာပြီး တီးဝိုင်းအဖွဲ့သားတစ်ယောက်ချင်းစီရဲ့ နာမည်တွေပြောပြပြီး ပရိတ်သတ်နဲ့ မိတ်ဆက်ပေးနေရင်း ဖြတ်ခနဲ သူမနဲ့အတူ အမျိုးသားကိုပါ မြင်သွားပါတယ်။ ရုတ်တရက် အရမ်းခံ စားသွားရတဲ့ မျက်နှာကို အမြန်ပြင်လိုက်ပြီး သူမတစ်ချိန်က သိပ်ကြိုက် တဲ့ သီချင်းကို တီးခတ်သီဆိုလိုက်ပါတယ်။  သီချင်းပြီးလို့ ထပြန်အထွက်မှာ နှစ်ယောက်သားကြည့်မိတဲ့ အကြည့်တွေနဲ့ ရုပ်ရှင်ကို အဆုံးသတ်သွားပါတယ်။ အဲဒီအကြည့်တွေရဲ့ အတွင်းမှာ ဘာတွေပါမယ်ထင်ပါသလဲ။

 

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.