14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

သူငယ်တော် နှင့် အခြားဝတ္ထုတိုများ

မောင်ဒီ

လူတွေသည် လူတစ်ယောက်ကို  အထင်သေးကြပြီဆိုလျှင် တစ်ဇွတ်ထိုးသာ ဖြစ်သည်။ ဘာကိုမျှ မမြင်ကြတော့။ ကိုယ်ဝါသနာပါတာကလေးကိုမှ လွတ်လွတ်လပ်လပ် မလုပ်ကြရ။ ရိုးရိုးသားသား လုပ်ကိုင် စားသောက်သူကိုမှ အထင်သေးကြသည်။ နောက်ပြီး ကိစ္စကြီးငယ်ရှိလျှင် သူတို့အထင်သေးကြသည့် အလုပ်မျိုးကို လုပ်သည့် ကိုဆိုးပေကိုသာလျှင် အသုံးချကြ ပြန်ပါသည်။ လူတွေသည် မတရား။ သူတို့စိတ်တွေနှင့် သူတို့ လုပ်နေကြပုံတွေကလည်း မကိုက်ညီကြ။ တခြားစီသာ ဖြစ်သည်။

ကိုဆိုးပေ ဝတ္ထုတိုထဲက ကောက် နုတ်ချက်ဖြစ်ပြီး ကလေးတွေချစ်တဲ့ ကိုဆိုးပေကို နှိမ်ချင်ကြတဲ့ လူကြီးတွေအပေါ် ကလေးတွေရဲ့ ခံစားချက်၊ အမြင်ကို ဖော်ပြထားတဲ့ စာပိုဒ်ဖြစ်ပါတယ်။ စာရေးသူက သူကလေး ဘဝက ကြုံတွေ့ခဲ့ရတဲ့ ပတ်မတီး ဆရာ ကိုဆိုးပေအကြောင်း ငယ်စဉ်ကလေးဘဝ ခံစားချက်နဲ့ ပုံဖော်ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

အညာရွာကလေးတစ်ရွာက ခံ့ညားလှပတဲ့ ပတ်မကြီး၊ ပတ်မတီး ဆရာကိုဆိုးပေ၊ တထီ(န်) ထီ(န်) မြည်အောင် တီးနေတဲ့ ပတ်မကြီး ဘေးမှာ စိတ်ဝင်တစား ဝိုင်းအုံနေတဲ့ ကလေးတစ်သိုက်ကို မြင်ယောင်မိစေမှာ ဖြစ်ပါတယ်။ ကလေးတစ်သိုက်ဟာ ပက်မကြီးကို ကြည့်ငေး၊ ပတ်မကြီး အသံနားဆင်ရင်း အမျိုးအမည် မဖော်ပြနိုင်တဲ့ အရသာကြီးနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှား ကြည်နူးနေသလို ပတ်မတီးဆရာ ကိုဆိုးပေကိုလည်း ချစ်ခင်ကြ၊ တကယ့်အနုပညာရှင်ကြီးလို့ တညီတညွတ် သတ်မှတ်ကြပါသတဲ့။ ဒါပေမယ့် လူကြီးတွေက ကိုဆိုးပေကို အရက်သမားမို့ တစ်မျိုး၊ ပတ်မတီးမို့တစ်ဖုံ အထင်သေးကြပါသတဲ့။ ဒါပေမယ့် အရေးဟဲ့ဆိုရင် သူတို့အထင်သေးတဲ့ ကိုဆိုးပေကိုပဲ သွားခေါ်ကြရပုံအကြောင်း ရေးဖွဲ့ထားပုံက လူတန်းစားခွဲခြားလိုသူ၊ ဟန်ဆောင်ပန်ဆောင် ယဉ်ကျေးမှု မျက်နှာဖုံး စွပ်ထားသူ၊ တင်စီးသူ လူတချို့ရဲ့ စရိုက်သဘာဝကို ပေါ်လွင်စေသလို အညာကျေးလက် ဓလေ့လေးကိုလည်း ကြည်နူးဖွယ် မြင်ယောင်မိစေမယ့် အရေးအဖွဲ့ ဖြစ်တာကို တွေ့ရမှာပါ။ မိုးခေါင်လို့ လွန်ဆွဲပွဲလုပ်ပြီဆိုရင်လည်း ကိုဆိုးပေရဲ့ ပတ်မသံကြီး တထီ(န်)ထီ(န်)နဲ့။ ချောတိုင်တက်ပွဲ၊ ခြင်းလုံးခတ်ပွဲ၊ လက်ဝှေ့ပွဲတွေမှာလည်း ကိုဆိုးပေ မပါမပြီး။ ဘုရား ဆွမ်းလုံးချ ပွဲတော်မှာ လှည်းပြဇာတ်ကတော့ 'အင်္ဂုလိ မာလတဲ့ဟေ့' ဆိုရင်  ကိုဆိုးပေရဲ့ တထီ(န်)ထီ(န်) ပတ်မသံကြီးကို ကြားရပြန်ပြီလို့ ရေးဖွဲ့တင်ပြထားပါတယ်။

လူကြီးတွေဆီက ချီးမွမ်းသံ မကြားရပေမယ့် သူ့အလုပ်သူ အေးအေးဆေးဆေးလုပ်ပေးတဲ့ ကိုဆိုးပေ၊ ဘယ်သူတွေက အထင်သေး သေး ဘယ်တော့မှ မနာကြည်းတတ် ဘယ်တော့မှ မညည်းတွားတတ်တဲ့ ကိုဆိုးပေ၊ ကလေးတို့ရဲ့ ဇာတ်လိုက်ကြီး ကိုဆိုးပေ၊ အရက်သောက် တတ်ပေမယ့် ဘယ်သူ့မှ မရမ်းကား၊ သူ့ခံစားမှုနဲ့သူ နေတတ်တဲ့ ကိုဆိုးပေဟာ ရွာမှာ အသုဘရှိပြီဆိုရင်တော့ အရက်အလွန်အကျွန်သောက်တတ်ပါသတဲ့။ ကိုဆိုးပေရဲ့ ပတ်မသံကြီးနဲ့အတူ အညာကျေးလက်ဓလေ့ အသုဘ မြင်ကွင်းကိုလည်း လွမ်းမောဖွယ်ကောင်းအောင် ရေးဖွဲ့ထားတာကို တွေ့ရမှာပါ။

ပတ်မတီးဆရာ ကိုဆိုးပေရဲ့ဘဝ၊ သူ့ရုပ်သွင်နဲ့သူ့ခံစားမှုကို ပီပြင်အောင်ရေးပြရင်း အညာကျေးလက်ရဲ့ လွမ်းမောဖွယ် ဓလေ့လေးတွေကို ရောစွက်တင်ပြထားတဲ့ ဝတ္ထုဖြစ်ပါတယ်။

ကျွန်တော်၏မိထွေး ဝတ္ထုတိုကတော့ သူတို့က မိခင်လိုချစ်ရပြီး မိထွေးက သူတို့ကို သားသမီးအရင်းတွေလို ချစ်သူ မိထွေးအကြောင်း ရေးဖွဲ့တင်ပြထားတာ ဖြစ်ပါတယ်။ ဖခင်ဟာ စိတ်ကြီးသူ၊ မဟုတ်မခံစိတ်ရှိသူ၊ သတ္တိကောင်းသူ ဖြစ်ပေမယ့် မိထွေးကတော့ မဟုတ်ရင်လည်း ငုံ့ခံတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မိထွေးဟာ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတဲ့သတ္တိရှိသူ၊ သူတစ်ပါးနဲ့ ခွန်း ကြီးခွန်းငယ် ရန်မဖြစ်ဖူးသူ၊ ဒေါသ မထွက်တတ်သူ၊ အလွန်သိမ်မွေ့ယဉ်ကျေးသူ၊ အလွန်လည်း ရှက်တတ်သူ စသဖြင့် သူ့မိထွေးရဲ့ ဂုဏ်ပုဒ်၊ သူ့မိထွေးရဲ့စိတ်ဓာတ်ကို ဖော်ကြူးရင်း သူ့မိထွေးရဲ့ ရုပ်သွင်ဟန်ပန်ကို စာဖတ်သူ မြင်လာအောင် စာပန်းချီ ခြယ်ထားတာကို တွေ့ရမှာပါ။

စာရေးသူက သူဟာ သူ့မိခင်အကြောင်း ကောင်းကောင်း မသိပေမယ့် သူ့မိထွေးအကြောင်းကိုတော့ ကောင်းကောင်းသိတယ်လို့ ရေးဖွဲ့ပြရင်း မိထွေးမကောင်းတဲ့အကြောင်း ရေးဖွဲ့တဲ့ပုံပြင်တွေဟာ သူ့မိထွေးနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ဆိုထားပါ တယ်။

ဒုတိယကမ္ဘာစစ်ကာလ စာရေးသူ နှစ်နှစ်သားအရွယ်လောက်မှာ သူ့မိခင်အရင်း ဆုံးပုံတွေ၊ စစ်ကြောင့် ပြေးလွှားကြရတဲ့ စစ်ရှောင်မြင်ကွင်းတွေ၊ သူ့အမေရဲ့ ညီမဝမ်းကွဲတစ်ဦးနဲ့ သူ့အဖေကို လက်ထပ်ဖို့ အဘွားက စီစဉ်တာကြောင့် အမေရင်းကိုယ်စား မိထွေးတစ်ယောက်ရရှိခဲ့ပုံတွေ စတဲ့ သူတို့ ညီအစ်ကိုမောင်နှမတွေရဲ့ဘဝထဲ  မိခင်အရင်းပမာ ချစ်ရတဲ့မိထွေး တစ်ယောက် ရောက်ရှိလာပုံအကြောင်း ရေးဖွဲ့ပြရင်း ဒုတိယကမ္ဘာ စစ်ကာလ၊ စစ်ပြီးကာလ၊ ရဲဘော်ဖြူ၊ အလံနီခေတ်ကာလတွေကို မြင်ယောင်လာအောင်၊ နိုင်ငံရေးသမား တဖြစ်လဲ ကုန်သည်ဖခင်ရဲ့ ဘဝကို မြင်ယောင်လာအောင်၊ သောင်းကျန်းသူနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ သူ့အဖေ ထောင်ကျသွားပြီး မိထွေးခမျာ ကလေးခုနစ်ယောက်နဲ့ လုံးချာ လည် ကျန်ရစ်ခဲ့ပုံကို မြင်ယောင်လာအောင်၊ မိထွေးရဲ့ မိခင်မေတ္တာပေါ် လွင်လာအောင် ရေးဖွဲတင်ပြထားတာကို တွေ့ရမှာပါ။

မိထွေးရဲ့အကြောင်းကို ဦးတည် ရေးသားရင်း အဲဒီခေတ်ကာလ နိုင်ငံရေး အခြေအနေတွေအကြောင်း၊ ဖခင်ရဲ့ဘဝ ဖြတ်သန်းမှု အထွေထွေအကြောင်း၊ အညာကျေးလက် ရွာကလေးရဲ့ ရပ်ဓလေ့ရွာဓလေ့တွေအကြောင်း၊ ဘုန်းကြီးကျောင်းပညာ ရေးဓလေ့နဲ့ အတန်းကျောင်း ပညာရေးတွေအကြောင်း မွှေနှောက်ရေးသား တင်ပြထားတဲ့ ဝတ္ထုဖြစ်ပါတယ်။

ဒီစာအုပ်မှာ သူငယ်တော်ဝတ္ထုတို အပါအဝင် ဝတ္ထုတို ခုနှစ်ပုဒ်ပါဝင်ပါတယ်။ ပန်းချီဆရာ မောင်ဒီရဲ့ သူ့ဘဝကို အခြေခံရေးဖွဲ့တဲ့ ရှားပါး လက်ရာ ဝတ္ထုတွေလို့ ဆိုနိုင်ပါတယ်။

The Key Collection ကနေ တန်ဖိုး ၁၅ဝဝ ကျပ်နဲ့ ဖြန့်ချိ လိုက်ပါပြီ။

 

ခေါင်းဆောင်မှုဟူသည်နှင့် HR ဆောင်းပါးများ

အောင်သူရ

မနေ့က ရပ်မိတဲ့နေရာမှာ ဒီကနေ့ဆက်ပြီး ရပ်တည်နိုင်ဖို့နဲ့ ရှေ့ကို ပိုပြီး ခရီးဆက်နိုင်ဖို့ မနေ့ကထက် ပိုပြီးပြေးနေရတဲ့ ခေတ်ကြီးမှာ၊ တစ်နည်းအားဖြင့် ဦးဆောင်မှုချင်း၊ စီမံခန့်ခွဲမှုချင်းပြိုင်ဆိုင်နေရတဲ့ ခေတ်ကြီးမှာ လူငယ်တွေ နောက်ကျမကျန်ရစ်စေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရေးသားထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။

လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ မြင့်မားလာအောင်၊ ကမ္ဘာနဲ့ယှဉ်နိုင်တဲ့အထိ ဘဝအောင်မြင်မှုတွေရအောင် နည်းပေးလမ်းပြ အကြံပြုတင်ပြထားတဲ့ ဆောင်းပါးတွေ စုစည်းထားခြင်းဖြစ်ပါတယ်။

ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်ဖို့ ဆက်ဆံရေးစွမ်းရည် မြှင့်တင်ကြစို့ ဆောင်းပါးမှာဆိုရင် ရုပ်ချောနဲ့ အပြောကောင်းမှာ အပြောကောင်းသူကို လူတွေ ပိုမိုခင်မင်နှစ်ခြိုက်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ပေမယ့် ဒီကနေ့ခေတ် စီမံခန့်ခွဲမှု နယ်ပယ်မှာတော့ အပြောကောင်းရုံတစ်ခုတည်းနဲ့ မလုံလောက်တော့ကြောင်း၊ ပေါင်း သင်း ဆက်သွယ်ဆက်ဆံမှု စွမ်းရည် မြင့်မားဖို့လိုကြောင်း နိဒါန်းချီရေးသား ရင်း ကိုယ်ဟာ ကျွမ်းကျင်ထိရောက် တဲ့ ဆက်ဆံဆက်သွယ်ရေးသမား တစ်ဦး ဟုတ်၊ မဟုတ် ကိုယ့်ကိုယ် ကိုယ် ဆန်းစစ်ရမယ့် နည်းလမ်းတွေ အကြောင်း၊ ကိုယ့်ရဲ့ ပေါင်းသင်း ဆက်ဆံမှု စွမ်းရည် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာကို သိရင် စွမ်း ဆောင်ရည်မြှင့်တင်ဖို့ လိုက်နာကျင့်ကြံရမယ့် နည်းလမ်းတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။

သူ အကြံပြုတင်ပြတဲ့ နည်းလမ်းတွေကို အချိန်မဆိုင်းဘဲ သင့်ရဲ့ ပေါင်း သင်းဆက်ဆံရေး နယ်ပယ်မှာ လက်တွေ့အသုံးချနိုင်ခဲ့မယ်ဆိုရင် မကြာခင်အချိန် အတွင်း အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်လာမှု၊ ပေါင်းသင်းဆက်ဆံရေး နယ်ပယ် ကျယ်ဝန်းချောမွေ့လာမှု၊ ရည်မှန်းချက်ကြီးပြီး မြောက်အောင်မြင်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်လာမှု စတဲ့ အပြုသဘောဆောင်တဲ့ ပြောင်း လဲမှုတွေကို ထင်ထင်ရှားရှားတွေ့မြင် လာရပါလိမ့်မယ်လို့ စာရေးသူက ဆို ထားပါတယ်။

အောင်မြင်ထိရောက်သော ခေါင်းဆောင်တို့၏ စရိုက်လက္ခဏာများ ဆောင်းပါးမှာတော့ ခေါင်း ဆောင်ဆိုတာ သီးခြားမွေးဖွားလာတဲ့ ပါရမီရှင်တွေလား၊ လေ့ကျင့်ကြိုးပမ်း သင်ယူရင် ခေါင်းဆောင်ဖြစ်နိုင်သလား၊ သူတစ်ပါးထက် ကျွမ်းကျင် သာလွန်တဲ့ ခေါင်းဆောင်မှု အရည်အချင်းကို လေ့ကျင့်သင်ယူရနိုင်သလား ဆိုတာတွေကို တိတိကျကျ အဖြေပေးဖို့ မလွယ်ကူပေမယ့် ဘယ်အဖွဲ့အစည်းအတွက်မဆို အောင်မြင် တဲ့ ဦးဆောင်မှုကိုဖြစ်စေတဲ့၊ ခေါင်း ဆောင်ကောင်းတွေမှာ ရှိသင့်တဲ့ အပြုအမူအကျင့်စရိုက်တွေကိုတော့ ညွှန်းဆိုပြနိုင်တယ်လို့ နိဒါန်းချီရင်း ခေါင်းဆောင်ကောင်းတွေမှာ ရှိသင့် တဲ့ အရည်အချင်းတွေအကြောင်း တင်ပြထားတာကို တွေ့ရမှာပါ။

ဒီစာအုပ်မှာ ခေါင်းဆောင်မှု ဟူသည် အပါအဝင် ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ HR ဆောင်းပါး ၁၄ ပုဒ် ပါဝင်ပါတယ်။

လင်းလွန်းခင် စာပေကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.